အပိုင်း ( ၇၆ ) - အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း..
Battle Through The Heavens
တိတ်ဆိတ်နေသော အစည်းအဝေးခန်းမတွင် ပူလောင်တောက် လောင်နေသော အကြည့်များဟာ စားပွဲပေါ်ရှိ ဆေးပုလင်း ငယ်ပေါင်း တစ်ထောင်ကျော်အား မမှိတ်မသုန် ငေးကြည့် နေကြသည်။ ခန်းမ အတွင်းရှိ မည်သူမှ ထိုလောက်များပြားသော ဆေးပုလင်ပေါင်းများ စွာကို မြင်ဖူးကြသည်မဟုတ်ပေ။
ရှောင်ယုမှာ သူမဘာသာ မသိလိုက်ဘဲ ပန်းနုရောင်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ အများနည်းတူစွာ သူမလည်း ဆေးပုလင်းကို ငေးကြည့်နေသည်။ မကြာခင်မှာပဲ သူမဟာ ခေါင်း ကို ယမ်းခါလိုက်ပြီး တောက်ပသော မျက်လုံးဖြင့် အနက်ရောင်ဝတ် ရုံနှင့်လူကို တစ်ခါ ပြောင်းကြည့်လိုက်ပြန်သည်။
ပြတင်းပေါက်အနားတွင် ထိုင်နေသာ အစိမ်းရောင်ဝတ် မိန်မပျိုလေး ဟာ သူမ၏ ဆောင်းဦးရေကြည်လို ကြည်လဲ့နေသော မျက်ဝန်းတွင် အံ့သြခြင်းများစွာဖြင့် စားပွဲပေါ်ရှိ ဆေးပုလင်းများကို ကြည့်နေပါ သည်။ အနက်ရောင်အ၀တ်နှင့်လူကြီးကိုလည်း တဖန် ပြန်ကြည့် လိုက်သည်။ သံသယဖြစ်စရာ အရိပ်အယောင်တစ်ခုကိုမှ မတွေ့၍ ရှင်းအာသည် လက်ထဲက စာအုပ်ကိုပဲ ပြန်ကြည့်လိုက်တော့သည်။
ခန်းမသည် အတော်လေး တိတ်ဆိတ်နေဆဲ ရှိနေတုန်းပင်။ အနက် ရောင်အ၀တ်လူကြီးသည် ချောင်းကို အသာလေးဟန့်လိုက်ကာ ချောင်းဟန့်အသံဖြင့် သူအနားရှိ ရှောင်ကျန်းကို လှုပ်နှိုးလိုက်သည်။
“ အာ.. ”
ရှောင်ကျန်းလည်း မျက်နှာပူသွားကာ အနေရခက်စွာဖြင့် ရယ်လိုက် သည်။ အနက်ရောင်မှော်ဆေးပညာရှင်ကို ကြည့်သည့် သူ့အကြည့် မှာလည်း လေးစားသည့်အရိပ်အယောင်မှာက ပိုလေးနက်လာ သယောင် ရှိလာသည်။ ဘယ်မှော်ဆေးပညာရှင်တိုင်းကမှ ဒီလောက် များပြားသော ဆေးပုလင်းပေါင်းထောင်ကျော်လောက်ကို အေးအေးဆေးဆေး ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။
“ လူကြီးမင်း.. ရှောင်ကလန်ရဲ့ လက်ရှိအခြေအနေကိုလည်း လူကြီးမင်းသိသင့်ပါတယ်.. ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ စီးပွားရေးအခြေအနေကို ပြန်ဆွဲတင်နိုင်ဖို့ အနာကျက်ဆေးကို ကျွန်တော်တို့ လိုအပ်ပါတယ်.. အခု ကျွန်တော်တို့ အလိုအပ်ဆုံး ဖြစ်နေတဲ့ အနာကျက်ဆေးကို ပေးလိုက်တဲ့ လူကြီးမင်းရဲ့ အကူအညီက တကယ်ကို မထင်မှတ်စရာပါပဲ..”
ရှောင်ကျန်းက အံ့အားသင့်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် စကားကို ဆက်ပြောနိုင်ခဲ့သည်။
“ ဒီလိုဆို ဘယ်လိုသဘောရလဲ.. ဆေးရောင်းမဲ့ကိစ္စကို ကျွန်တော် တို့ ရှောင်ကလန်က တာဝန်ယူမယ်.. ရောင်းရတဲ့ငွေကို လူကြီးမင်း က ၉၀ ရာခိုင်နှုန်းယူ.. ကျွန်တော်တို့က ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို ယူမယ်.. ဒီလိုလုပ်တာဟာ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုနေသလို ဖြစ်နေမယ် ဆိုပေမဲ့ ကျွန်တော်တို့အတွက် လည်း တချို့အရာတွေ ဆောင်ရွက်ဖို့အတွက် ပိုက်ဆံ နည်းနည်း လိုနေလို့ပါ.. လူကြီးမင်း ဘယ်လိုသဘောရလဲ.. ”
သူ့ရဲ့ အဆိုပြုချက်ကို အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် ရှောင် ကျန်းသည် အနက်ရောင်ဝတ်ရုံနှင့်လူကြီးကို စိတ်လှုပ်ရှားစွာ ကြည့် နေမိသည်။ သူပြောလိုက်သည့် သတ်မှတ်ချက်နှင့် ပတ်သတ်ပြီး မှော်ဆေးပညာရှင် စိတ်ကျေနပ်မှု မရှိမှာကို စိုးရိမ်နေသည်။ အခုလက်ရှိ ရှောင်ကလန်အနေဖြင့် ဤ ထူးခြားသော မှော်ဆေးပညာရှင်ကိုသာ အပြည့်အ၀ အားကိုးနေရပြီ မဟုတ်လား။
“ ဟားဟား.. ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ရယ်မောလိုက်ပြီး ခေါင်းကိုလည်း ခါယမ်းလိုက်သည်။
ထိုအပြုအမူကို မြင်သောအခါ ရှောင်ကျန်းသည် မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် ၁၀ ရာခိုင်နှုန်းကို လက်လွှတ်ဆုံးရှုံးရတော့မည်ဟန် ရှိနေသည်။ ထိုလူကြီး၏ ရယ်မော သံသည် သူ့ကို တွေဝေသွားစေကာ စိတ်ဓာတ်လုံးဝ ကျသွားစေခဲ့သည်။
“ ရှောင်ခေါင်ဆောင်းကတော့ အရမ်းကို သဘောကောင်းတာပဲ.. ဆေးကို ကျွန်တော်က ဖော်စပ်ထားတယ်ဆိုတာ မှန်ပေမဲ့ ဆေးရောင်းတာကလည်း လွယ်တဲ့အလုပ်မှ မဟုတ်တာ.. အဲ့ဒါကိုမှ ငါဘာလို့ အမြတ်များများယူရမှာလဲ.. ဒီလိုလုပ်..၅၀-၅၀ စီယူကြမယ်.. ဘယ်လိုလဲ..ဟားဟား.. ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးအသံဆုံးသွားသောအခါ မူလက စိုးရိမ်ကြောင့်ကြနေသော အကြီးအကဲသုံးယောက်နှင့် အခြားသော ကလန်ထဲက လူများသည် အထိတ်တလန့်ဖြစ်ကြကာ ပါးစပ်ကြီးဟ အံ့သြသွားကုန်ကြသည်။ အချိန်အတော်ကြာမှ နားရွက်ကို ဆွဲဆိတ် လိုက်ကြပြန်သည်။ သူတို့ ကြားလိုက်ရသည်မှာ အကယ်ပဲလား.. ၅၀-၅၀ တဲ့လား..? ဒီလူကြီးမင်းက.. သူက တကယ်ပဲ ရှောင်ကလန် ကို တကယ်အရေးထားတာပါလား.. အခုလို အခြေအနေမှာ သူက အကျိုးအမြတ်ရောင်းရငွေ အကုန်လုံးကို ယူမယ်ဆိုရင်တောင် ရှောင်ကလန်အနေနဲ့ ဘာမှာ အတွန့်တက်ရဲမှာ မဟုတ်ပါဘူး။
“ ဒါက မိုးကောင်းကင်ကနေ အသားတုံးကျလာတာပဲ.. ”
အာမေဋိတ်အသံများ အားလုံးကိုယ်စီရဲ့ ရင်ထဲမှာ မြည်ဟီနေခြင်း ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက်လည်း ကြည့်လိုက်ကြ၏။
အချိန်ကလေး အတော်ကြာမှ ရှောင်ကျန်းလည်း သတိလက်လွတ် ဖြစ်နေရာကနေ ပြန်လည်တည်ငြိမ်လာခဲ့သည်။ အသက်ပြင်းတစ် ချက်ကို မှုတ်ထုတ်လိုက်ကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
“ လူကြီးမင်း.. ခင်ဗျားရဲ့ စကားက ကျွန်တော်တို့ကို တကယ်ကို စိတ်ချမ်းသာစေခဲ့တာပဲ.. အခုလို အချိန်ကိုက်ရောက်လာတဲ့ အကူအညီအတွက်ကြောင့်လည်း ကျွန်တော်တို့အားလုံး အထူးကို ကျေးဇူးတင်နေမှာပါ..ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ခင်ဗျားဆီ ကနေ ဘာလို့ အမြတ်ကို နောက်ထပ် ပိုယူနေရဦးမှာလဲ.. ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် အရေးမကြီးဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ မခိုးမခန့်လေး ရယ်မောလိုက်ပြီး
“ ဒီလောက် အမြတ်ငွေနည်းနည်းက ငါ့အတွက် စိတ်ဝင်စားစရာ မကောင်းပါဘူးလေ.. အမှန်တိုင်းပြောရရင် အမြတ်ငွေ ၅၀ရာခိုင်နှုန်းကို တောင်ယူဖို့တောင် ပျင်းသေးတယ်.. ”
လေလုံထွားလွန်းသောစကားကြောင့် ရှောင်ကျန်းသည် ခေါင်းကို အသာယမ်းပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ ကဲ.. ဆေးတွေကို ရောင်းဖို့အတွက် ဒီမှာ ထားခဲ့လိုက်တော့မယ်.. တကယ်လို့ အချိန်ရရင် ၀င်လာခဲ့ဦးမယ်..”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ပြောလည်းပြော မတ်တပ်လည်း ရပ်ကာ ပြုံးရင်း ပြောလိုက်ပြန်သည်။
“ ငါ့မှာ တခြားကိစ္စတွေ ရှိနေသေးတယ်.. အကြာကြီးတော့ မနေနိုင်တော့ဘူး.. ရှောင်ခေါင်းဆောင်လည်း လိုက်မပို့နဲ့တော့.. စီစဉ်စရာရှိတာတော့သာ စီစဉ်ပြီး ဆေးရောင်းဖို့ပဲ လုပ်ကြတော့.. ဟား..ဟား ”
မည်သူကိုမှ အရေးမထားသော လေသံဖြင့် ပြောလိုက်ကာ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် အများအရှေ့မှာပဲ ခန်းမတံခါးဆီသို့ လျှောက်ထွက်သွားပါတော့သည်။
ခန်းမကနေ မထွက်ခင်မှာ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် လှမ်းနေသော ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သည်။ ခပ်ပေါ့ပေါ့လေးလည်း ရယ်မောလိုက်ကာ ပြောလိုက်သည်။
“ မသွားခင်မှာ စကားနည်းနည်းလေးတော့ ပြောသွားဦးမယ်.. ရှောင်ယွင်က တကယ်ကို အရည်အချင်းမဆိုးတဲ့ ကောင်လေး တစ်ယောက်ပဲ.. ဟား.. ဟား ဟား.. ”
အဲလိုပြောသွားသည်ကို ကြားလိုက်ရသည်အခါ ရှောင်ကျန်းသည် သူ့ခေါင်းကိုပင် ယောင်ယမ်းကုတ်လိုက်သည်။ တစ်ခုခု ပြန်ပြောမည် ကြံလိုက်သော်လည်း အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ခန်မကနေ ထွက်ခွာသွားနှင့်နေပြီးကာ တဖြည်းဖြည်းနှင့် ထောင့်ချိုးကွယ်တစ်ခု အရောက်မှာ မမြင်ရတော့ချေ။
ပျောက်ကွယ်သွားနှင့်သော အနက်ရောင်ဝတ်ရုံနှင့်လူကြီးကို ငေးကြည့်ကာ ရှောင်ကျန်းသည် အသက်ပြင်း ခပ်ပေါ့ပေါ့လေး ချလိုက်ပြီး ခဏအကြာမှာ အောင့်သက်သက်ဖြင့် ရယ်မောလိုက် သည်။
“ ကြည့်ရတာ ယွင်အာနဲ့ အဲဒီလူကြီးမင်းတို့ ဆက်ဆံရေးက သာမန်ထက်တော့ ပိုနေပြီးထင်တယ်.. မဟုတ်ရင် အဲလိုလူမျိုးက ငါတို့နဲ့လည်း မရင်းနှီးဘဲနဲ့ ဘာလို လာကူညီရမှာလဲ.. ? ”
အကြီးအကဲသုံးယောက်ကလည်း တစ်ယောက်ကို တစ်ယောက် အပြန်ပြန်အလှန်လှန် ကြည့်လိုက်ကြကာ အသက်ပြင်းကိုယ်စီချပြီး ခေါင်းညိတ်လိုက်ကြသည်။ မှော်ဆေးပညာရှင်အိုကြီး၏ ရှောင်ယွင် အပေါ် ချီးကျူးနေခြင်းသည်က ရှောင်ယွင်ကို အလေးထားလိုဟန် ရှိနေကာ ရှောင်ကလန်ကို ကူညီခြင်းဖြင့် ရှောင်ယွင်နှင့် ရင်းနှီးမှု ရလိုသည့်သဘောမှာ အတော်လေးကို ထင်ရှားနေသည်မဟုတ် လား။
အစည်းအဝေးခန်းမအတွင်းရှိ ရှောင်ယွင်နှင့် အသက်တူအရွယ်တူ လူငယ်များကလည်း အနက်ရောင်ဝတ်ရုံနှင့်လူကြီး ပြောသွားသည့် စကားကို ကြားလိုက်သည့်အခါမှာလည်း သူတို့မျက်နှာမှာ သိသိသာ သာပင် မနာလိုကြသည့်အမူအရာများ ပြသကြလေသည်။
ပြတင်းပေါက်အနားတွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် ခေါင်းကို စောင်းငဲ့လျက် ထောင့်ချိုးကွယ်တစ်ခု တွင် ချိုးဝင်သွားသော အနက်ရောင်ပုံရိပ်ကို ပြတင်းပေါက်ကနေ တစ်ဆင့် စူးစိုက်ကြည့်လျက်ရှိသည်။ သူမ၏ ကော့ညွတ်ရှင်းသန့် သော မျက်ခုံးကလည်း တွန့်ချိုးထားလျက်ရှိသည်။ ဖူးမှုန်နေသာ သူမမျက်နှာပေါ်မှာ သံသယအရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်နေလျက်ရှိသည်။
ရှောင်ကလန်ပြင်ပမှာတွင်တော့ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ဖြည်းလေးစွာဖြင့် လူသူနည်းပါးသော နေရာကို မရောက်မချင်း အရှေ့ကို ဆက်လျှောက်လာခဲ့သည်။ အနက်ရောင်ဝတ်ရုံအောက် ကနေ လူငယ်တစ်ယောက်၏ ညည်းညူအသံက တိုးတိတ်စွာ ထွက်ပေါ်နေ သည်။
“ ဆရာ.. အဲလို ကွန်တော့်ကို ပွဲထုတ်တဲ့ စကားတွေ ပြောဖို့ မလိုပါဘူး.. တကယ်လို့ သူတို့ ရိပ်မိသွားခဲ့ရင် ကျွန်တော်လည်း ဆရာ့ကို မကယ်နိုင်တော့ဘူး.. ”
“ ဟီဟီ.. ငါက ငါ့ခံစားချက်ကို ထုတ်ပြရုံလေးတင်ပါ.. ရှေုာင်ကျန်း သာ မင်းကို ငယ်ငယ်ကတည်းက ကောင်းကောင်း မဆက်ဆံထား ခဲ့ဘူးဆိုရင် ငါက ဘယ်လိုလုပ်ပြီ ဒီလို တပည့်ကောင်းကောင်း ရမှာလဲ.. အဲ့ဒါကြောင့်မို့ ငါက သူ့ကို ကျေးဇူးတင်နေတာ.. ”
အိုမင်းသော အသံပိုင်ရှင်က ကျီစယ်ဟန်ဖြင့် ရယ်မောလိုက်သည်။
“ တကယ်လို့ ငါက မင်းအဖေကို ဆေးတွေ ပေးရုံလေးတင် ပေးခဲ့လိုက်မယ်ဆိုရင် ငါက အကြံအစည်နဲ့ လာချဉ်းကပ်တယ်လို့ တောင် ထင်သွားနိုင်တယ်ကွ.. ”
ရှောင်ယွင်သည်လည်း မတတ်သာစွာ ခေါင်းကို ယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ မေးလိုက်သည်။
“ အခု ဘယ်ကို သွားကြမှာလဲ.. ? ”
“ လေလံအိမ်ကို သွားရမယ်ကွ.. ချီစုစည်းဆေးလုံးတွေကိုကို သွားပေးရမယ်.. ငါက အကြွေးဆိုတာကို တော်တော်မုန်းတာကွ.. ပြီးတော့ မင်းအတွက် လေ့ကျင့်ဖို့ ဆေးအမယ်တွေကို မီးရှို့ပစ်ဖို့လိုတယ်လေ.. အဲ့ဒီအတွက် တခြားဆေးအမယ်တွေကို ၀ယ်ဖို့ လိုအပ်နေပြီး..” ဟု ရွဲ့လော်က ရွေရွတ်ပြောလိုက်ပြီး နောက် ပြုံးလိုက်သည်။
ရှောင်ယွင်သည်လည်း နားလည်သဘောပေါက်စွာ ခေါင်းညိတ် လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို မျှော်လင့်နေသည့် မျက်နှာ ကို ချိုသာစွာ ပြုံးလိုက်ကာ မေးလိုက်ပြန်သည်။
“ ဆရာ… အခုဆိုရင် ကျွန်တော့်ကို ကျွန်တော် အဆင့်၁ မှော်ဆေးပညာရှင်လို့ သတ်မှတ်လို့ ရနေပြီးလား…? ”
“ ကျွတ်စ်.. ကွတ်စ်.. ရက်နည်းနည်းလောက်ပဲ ဆေးအမယ်တွေ သန့်စင်ရရုံနဲ့ အဆင့်၁ ဖြစ်ပြီးလို့ ထင်နေတာလား.. အသက်ကယ် ဆေးဆိုတာ အရိုးစင်းဆုံးဆေးအမျိုးအစားပဲ.. ဒီလိုဆေးမျိုး ဖော်စပ်တတ်ရုံနဲ့ ဘာမှ အထင်ကြီးစရာ မရှိဘူးကွ.. ”
ရွဲ့လော်၏ လှောင်ပြောင်သံက ရှောင်ယွင်မျက်နှာကို အကြင်နာမဲ့စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ရှိပေသည်။
ရှောင်ယွင်မှာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် မျက်နှာမှာလည်း အနည်းငယ် မှုန်ကုတ်သွားကာ..
“ ဒါဆိုရင် ဘယ်တော့လောက် အဆင့်၁ မှော်ဆေးပညာရှင် တစ်ယောက်လို့ သတ်မှတ်လို့ ရမှာလဲ.. ”
“ မှော်ဆေးပညာရှင်လောကမှာဆိုရင်.. အဆင့်၁ မှော်ဆေးပညာ ရှင်ဖြစ်ဖို့ အနိမ့်ဆုံးလိုအပ်ချက်ကတော့ ဆေးလုံးအမျိုးအစား တွေကို သန့်စပ်ဖော်စပ်ပြနိုင်မှ ဖြစ်မှာ.. အခု မင်းလုပ်နေတဲ့ ဆေးအမယ်အနှစ်တွေကို ရောစပ်ပြီး ဆေးအနှစ်ရည် ဖြစ်အောင် လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူးကွ. ”
“ ကြည့်ရတာ.. အဆင့်၁ ရောက်ဖို့ အဝေးကြီးလိုသေးတာပဲ.. ”
လိုအပ်ချက်တွေကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ယမ်းလိုက်မိသည်။ ထို့နောက် မြို့ထဲရှိ လေလံအိမ်ဆီကို ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလိုက်တော့ သည်။
No comments:
Post a Comment