Followers

Chapter 80

အပိုင်း ( ၈၀ )  -  မှော်ဆေးပညာရှင် လျိုစီး

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated By Kaung Myat

အလင်းရောင်များ တောက်ပနေသာ ခန်းမအတွင်းမှာ ပတ်ဝန်းကျင် အခြေအနေက အသက်ရှုပ်ကြပ်ချင်စရာ စိတ်ဖိစီးစရာ ဖြစ်နေသည်။

ခန်းမအလယ်တွင် စာပွဲခုံတစ်လုံးနှင့် ၎င်းအပေါ်တွင် ကျောက်စိမ်းပုလင်းတစ်လုံးကို တင်ထားသည်။ ယင်းဆေးပုလင်း ကနေ ဆေးရနံ့သင်းသင်းလေး မွှေးကြိုင်လို့နေသည်။ 

ခန်းမအတွင်းတွင် လူများစွာ ထိုင်နေကြလျက် ရှိသည်။ ထိုသူတွေ၏ ဝတ်စားထားပုံအရ ဂျားလီကလန်၏ အကြီးပိုင်း ပုဂ္ဂိုလ် တွေမှန်း သိသာထင်ရှားသည်။ ထိုအထဲတွင် ဂျားလီကူလည်း ထိုင်နေလျက်ရှိသည်။ 

ခန်းမအထဲတွင် ဘယ်ဘက်အစွန်ဆုံးရှိ နေရာတွင် အဖြူရောင်ဝတ် လူငယ်တစ်ယောက်သည် ထိုင်ခုံနောက်ကျောကို ပျင်းရိစွာဖြင့် မှီထိုင်နေလျက်ရှိသည်။ အမှန်ပြောရမည်ဆိုလျှင် ထိုလူငယ်၏ ပုံဟန်မှာ အတော်လေးကို ဆွဲဆောင်မှုရှိသည်ဟု ပြောရမည်။ သို့သော် သူ့မျက်လုံးတွင် တချက်ချက် ဖြတ်သန်းသွားသော ရမ္မက်သွေးကြွသည့် အရိပ်အယောင်က သူ့ပုံရိပ်ကို အောက်တန်း ကျစေသည်။ ထိုင်ခုံနောက်ကျောတွင် မှီထိုင်နေရင်း သူ့လက်တစ် ဖက်က ဘေးနားတွင် ထိုင်နေသော လှပသည့် အစေခံမလေး၏ အဝတ်အောက်ကို ဖြည်းဖြည်းဖြင့် တိုးဝင်နေသည်ကို ကောင်းစွာ မြင်ရသည်။ သူ့ဘေးနားတွင် လူများစွာ ရှိနေသည်မှာ မှန်သော် လည်း ထိုလူငယ်က ထိုကဲ့သို့ ပြုမူနေသည်ကို  မည်သူမှ ဂရုမစိုက်ကြချေ။

ထိုလူငယ်၏ ရဲတင်းသော အပြုအမူကြောင့် လှပသည့် အစေခံမလေး၏ ပါးပြင်မှာ နီရဲတွက်လျက်ရှိသည်။ သို့သော် သူမက အသံတစ်ချက်ပင် မထွက်ရဲပေ။ ဒါပေမဲ့ သူမမျက်ဝန်းတွင် စိုးရိမ်ထိတ်လန့်နေပြီး ချုပ်တည်းထားသည့် အကြည့်များ ရောပြွမ်းနေလျက် ရှိကာ တစ်ကိုယ်လုံးမှာလည်း တစ်သိမ့်သိမ့် တုန်ယင်နေလျက်ရှိသည်။ 

" ဒီဆေးက ရှောင်ကလန်ကနေ ရုတ်တရက် ထုတ်ပြလိုက်တဲ့ သွေးတိတ်ဆေးပဲ.. အခု ငါတို့ ဈေးတွေမှာ ဆေးဝယ်လိုအားတွေ ဇောက်ထိုးကျနေပြီး.."

ဂျားလီဘီ၏ အကြည့်က စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းငယ်ဆီကို ရောက်နေသည်။ သူ့မျက်နှာက အလိုမကျနေသည်။  သူ့ပုံစံက အဖြူရောင်ဝတ်လူငယ်၏ ရိုင်းစိုင်းသော အပြုအမူကို မမြင်သကဲ့သို ပြုမူနေသည်။ 

" ရှောင်ကလန်က အနာကျတ်ဆေးတွေ ဘယ်လိုရလာသလဲ? သူတို့ဆီမှာလည်း မှော်ဆေးပညာရှင်တစ်ယောက် ရှိနေပြီးလား.. "

ရှောင်ယွင်နှင့် မကြာခဏ ထိပ်တိုက်ဖြစ်ဖူးသည့် ဂျားလီယောင်က သူ့ဘေးနားရှိ အဖြူရောင်ဝတ်လူကို တစ်ချက် မျက်စောင်းထိုးကြည့် ပြီး မျက်မှောင်ကုတ်၍ မေးလိုက် သည်။

ဂျားလီဘီက အရေးအကြောင်းထင်နေသော မျက်လုံးကို စွေကြည့် လိုက်ပြီး သူ့မျက်နှာကလည်း တင်းမာစွာဖြင့်.. 

" လေလံအိမ်မှာတုန်းက ထူးခြားတဲ့ မှော်ဆေးပညာရှင်တစ်ယောက် နဲ့ ဆုံတွေ့ခဲ့ဖူးတာ မှတ်မိကြသေးလား.. အဲ့ဒီအချိန်တုန်းက ရှောင်ကလန်ကို သူ မျက်နှာသာပေးချင်တဲ့ပုံပဲ.. တကယ်လို့  သွေးတိတ်ဆေးကိုသာ အဲ့ဒီမှော်ဆေးပညာရှင်က ဖော်စပ်ပေးထား တယ်ဆိုရင် ငါတို့အတွက် တကယ့်ပြဿနာကြီးတစ်ခုပဲ.. မင်းတို့လည်း သိကြမှာပါ.. အဲဒီပုဂ္ဂိုလ်က အဆင့်၃ မှော်ဆေးပညာ ရှင်ဆိုတာ.. "

အဆင့်၃ မှော်ဆေးပညာရှင်ဆိုသော စကားကို ကြားလိုက်ရသည် နှင့် အဖြူရောင်ဝတ်လူငယ်သည် အစေခံမလေး၏ ခန္ဓာကိုယ်အား ဆော့ကစားနေသော သူ့လက်အား ရပ်ချလိုက်သည်။ ထို့နောက် အရှေ့တိုးလိုက်ကာ စာပွဲခုံပေါ်က ကျောက်စိမ်းပုလင်းအား ကောက်  ယူလိုက်သည်။ အဖုံးဖွင့်ခါ အနံရှုလိုက်ပြီးနောက် ဆေးအနှစ်အနည်း ငယ်အားလည်း လက်ဝါးပြင်ပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် လက်ချောင်းကြားထဲတွင် ပွတ်သပ်လိုက်ပြီး နှာခေါင်း တစ်ချက် ရှုံ့လိုက်ကာ မှတ်ချက်ချလိုက်သည်။ 

" အဆင့်၃ မှော်ဆေးပညာရှင်?  ရယ်စရာပဲ.. ဒီသွေးတိတ်ဆေးက နွေဦးပြန်လာခြင်းဆေးမှုန့်ထက် ပိုအစွမ်းထက်တယ်ဆိုပေမဲ့ အရည်အသွေးကို ကြည့်လိုက်မယ်ဆိုရင် ဒီဆေးဖော်စပ်တဲ့သူက ကျွန်တော်ထက်တောင် အဆင့်နိမ့်တဲ့သူပဲ.. ပြီးတော့ ဒီဆေးအစွမ်းထက်တယ်ဆိုတာလည်း သူ့ရဲ့ ထူးခြားတဲ့ ဆေး အညွန်းကြောင့်ပဲ.. "

ဒါကို ကြားလိုက်ရတဲ့အခါမှာ ထိုင်နေကြသူများဟာ ပေါ့ပါးစွာ အသက်ပြင်းချလိုက်ကြသည်။ ရှောင်ကလန်ကသာ အဆင့်၃ မှော်ဆေးပညာရှင်အကူအညီသာရခဲ့လျှင် ဂျားလီကလန်မှာ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ 

" ကျွန်တော့်အတွေ့အကြုံအရ ရှောင်ကလန်က မှော်ဆေးပညာရှင် ဟာ လုံးဝကို လူသစ်ဖြစ်ဖို့များတယ်.. ပြီးတော့ ဆေးအညွန်းကို လည်း တစ်နေရာရာကနေ ချေးငှားလာတာလည်း ဖြစ်ဖို့များတယ်.. သွေးတိတ်ဆေးထုတ်လုပ်တဲ့နေရာကိုတော့ ဘုရားမှပဲ သိနိုင်မယ်.."

အဖြူရောင်ဝတ်လူငယ်၏ မျက်နှာမှာ စိတ်မဝင်စား၍ မထီမဲ့မြင် အမူအရာသာ ရှိသည်။ 

" ဟီဟီ.. ဆေးပုလင်းငယ်လေး တစ်လုံးကနေပြီးတော့ ဆေးဖော်စပ်တဲ့သူရဲ့ ကျွမ်းကျင်မှုကိုပါ ခန့်မှန်းလို့နိုင်တယ်ဆိုတော့ အကိုကြီးလျိုစီးရဲ့ အမြင်ကတော့ တကယ့်ကို အံ့မခန်းပါပဲ.. "

မျက်နှာချိုသွေးသည့် အမူအရာဖြင့် ဂျားလီယောင် ပြုံးလိုက်သည်။ 

" ဒါက မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ အခြေခံကျွမ်းကျင်မှု သာသာလေး တစ်ခုပါပဲ.. "

လျိုစီးနာမည်ကို အထင်ကြီးစွာဖြင့် မြှောက်ပင့်နေသည်ရာ အဖြူရောင်ဝတ်လူငယ်သည် အိနြေ္ဒရစွာဖြင့် ခေါင်းကို ယမ်းခါလိုက်သည်။ သို့ပေမဲ့ သူ့မျက်နှာပေါ်တွင် မထင်မရှား ဖြစ်နေသော ကျေနပ်ခြင်းအရိပ်အယောင်ကိုသည် သူ့ဘေးနားတွင် ထိုင်နေကြသော မြေခွေးစဉ်းလဲအိုတွေ၏ အကြည့်အောက်မှာ မလွတ်မြောက်နိုင်ပါချေ။ 

" အရည်အသွေးအရဆိုရင် ငါတို့နွေဦးပြန်လာခြင်းဆေးက သွေးတိတ်ဆေးထက် ကွာဟမှုက သိပ်အများကြီး မရှိပါဘူး.. ငါတို့ ဈေးကွက်ဝယ်လိုအားကျဆင်းသွားရခြင်းရဲ့ အဓိကအကြောင်း အရင်းက ငါတို့ ဆေးဈေးနှုန်းကို အများကြီး တိုးမြှင့်လိုက်လို့ပဲ.. ဝယ်လိုအားတက်လာလို့ ဈေးနှုန်းကို တိုးမြှင့်လိုက်ပေမဲ့ ဈေးပြန်ချ ဖို့ကတော့ စိန်ခေါ်မှုတစ်ရပ်ပဲ.. ပြီးတော့ သွေးတိတ်ဆေးက ဖောက်သည်တော်တော်များများကို ငါတို့ကနေ ထွက်ခွာသွားစေ တယ်.. ကြည့်ရတာ အနာဂတ်မှာ ရှောင်ကလန်က ဝူတန်မြို့ရဲ့ ဆေးဈေးကွက်မှာ ခြေကုပ်ရတော့မယ်တူပါတယ်.. "

ဂျားလီဘီ အသံနိမ့်နိမ့်ဖြင့် ပြောဆိုရေရွတ်နေခြင်း ဖြစ်သည်။

" ဈေးနှုန်းကို ပြန်ပြင်မယ်.. " 

ဒီစကားကြောင့် လျိုစီးက မျက်မှောင်ကြုတ်လိုက်ပါသည်။ ဆေးလုံးတန်ဖိုးအား ကြီးကြီးမားမားရပြီးကတည်းက သူ့အနေဖြင့် ဈေးနှုန်းပြန်ချဖို့ကို မလိုလားပါဘူး။ လျိုစီး၏ မျက်နှာအမူအရာအား ကြည့်ရင်း ဂျားလီဘီ အတွင်းကြိတ်ပြီး လှောင်ရယ်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ လိုက်လိုက်လျောလျောဖြင့် ရှင်းပြလိုက် သည်။ 

" ဆရာလျိုစီး.. အခု ဈေးကွက်အခြေအနေက အရင်လိုမဟုတ် တော့ဘူး.. အရင်ကဆို ဝူတန်မြို့ရဲ့ ဆေးဈေးကွက်တစ်ခုလုံးကို တစ်ဦးတည်းအပိုင်သိမ်းထားလို့ရတယ်.. ဒါပေမဲ့ အခုတော့ အဲလိုမဟုတ်တော့ဘူး.. အဲဒါကြောင့် ဈေးနှုန်းလျှော့ချပြီးတော့ ဝယ်လိုအားကို ပြန်ထိန်းရမယ်.. "

လျိုစီးသည် တွန့်တိုဟန်ဖြင့် ခေါင်းကို ယမ်းခါလိုက်သည်။ နှုတ်ခမ်းအား ကိုက်လိုက်ရင်း ပြောလိုက်သည်။

" စိတ်ကြိုက်သာ လုပ်တော့.. ဒါပေမဲ့ တစ်ခုမှတ်ထားပါ.. ဈေးနှုန်းကို လျှော့လိုက်ရင်တောင် အရင်တုန်းက ဈေးနှုန်း ရွှေဒင်္ဂါး ၃၀၀ ဖြစ်တုန်းကအတိုင်း ဝေပုံကျကို ကျွန်တော့်ကို ပေးရမယ်.. "

ဂျားလီဘီ၏ မျက်နှာသည် ကွက်ခနဲပျက်သွားကာ ဒေါသမိုးတိမ်များ စတင်ဆင်းသက်လာခဲ့သည်။ သို့သော် အသက်ပြင်း ရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ မျက်နှာမှာ အပြုံးကို မပျက်စေအောင် ထားသည်။ သို့သော် အနည်းငယ်တော့ အေးစက် နေသည်။ 

" ဟဟ.. ကောင်းပါပြီ.. ကျွန်တော်တို့ ပြောထားတဲ့အတိုင်း လျိုစီးရဲ့ ဝေပုံကျအတိုင်း ပေးပါ့မယ်.. "

" အင်း.. " 

ကျေနပ်သွားသော အမူအရာဖြင့် လျိုစီး ခေါင်းညိတ်လိုက်သည်။ တဖန် သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ အရင်ပုံစံအတိုင်းပင် အစေခံမလေးကို သူ့ပေါင်ပေါ်တွင် ဆွဲတင်ထားလိုက်သည်။ 

" ဆရာလျိုစီး.. ငါတို့မှာ နွေဦးပြန်လာခြင်းဆေးက သိပ်မကျန်တော့ ဘူး.. စောစောကပဲ ပထမတန်းလေလံအိမ်ကို ဆေးအမယ်ဝယ်ဖို့ လူလွှတ်လိုက်တယ်.. အဲဒီအချိန်ကျရင် ဆရာလျိုစီးကို ဒုက္ခပေးရဦး မှာပေါ့.." 

ဂျားလီဘီက ထပ်ပြုံးလိုက်ကာ.. 

" ပြီးတော့ တန်ဖိုးကြီးတဲ့ တာကောအာကန္တာရမြွေမိန်းမနှစ်ယောက် ကိုလည်း မနေ့က ဝယ်ခိုင်းထားပြီးပြီ.. ပြီးတော့ ဆရာ့အခန်းကို လည်း ပို့ဆောင်ထားပြီးပြီ.. "

ဆေးဖော်စပ်ပေးရမည့်အကြောင်းကို ကြားသည်နှင့် လျိုစီးမျက်နှာ မှာ စိတ်မရှည်သည့်အမူအရာက ဖျတ်ခနဲ ဖြတ်သန်းသွားသည်။ တဖန် မြွေမိန်းမဟူသော စကားနှစ်လုံးကို ကြားလိုက်ရပြန်သော အခါ စိတ်မရှည်သည့်အမူအရာက ချက်ချင်းပင် ပြောင်းလဲသွား သည်။ မျက်လုံးအတွင်းတွင် တဏှာရမ္မက်မီးတောက်က ဟုန်းခနဲ ထတောက်သွားသည်။ ထို့နောက် ခေါင်းကို ညိတ်လိုက်ကာ 

လက်ခံလိုက်သည်။ 

" ဆေးအမယ်သာ လုံလုံလောက်လောက်ရှိရင် နွေဦးပြန်လာခြင်း ဆေးကို ဖော်စပ်ဖို့ကို ကလန်ခေါင်းဆောင် စိတ်ပူစရာမလိုပါဘူး.. "

သိမ်းသွင်းရလွယ်ကူသော လျိုစီးကို ကြည့်ကာ ဂျားလီဘီ၏ နှုတ်ခမ်းထောင့်သည် အထင်အမြင်သေးဟန်သို့ တွန့်ကွေးသွား၏။ စိတ်အတွင်းမှာလည်း လှောင်ပြောင်လိုက်၏

" ခေါင်းထဲမှာ တဏှာကာမအကြောင်းပဲ သိတယ်.. မှော်ဆေး ပညာရပ်သိတာကလွဲရင် ဘာမှကောင်းတဲ့အချက်မရှိဘူး.."

ဂျားလီဘီ ခေါင်းကို ယမ်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ပန်းကန်ကို ယူကာ သောက်လိုက်ရင်း လျိုစီး အင်မတန် စိတ်ဝင်စားသော ဖိုမရမ္မက်အကြောင်းကို တွေးလိုက်ကာ ခဏမျှ ပြုံးလိုက်မိသည်။ 

ထို့နောက် လျိုစီး နှင့် စကားစမြည်ဆက်လက်ပြောဆိုနေဆဲအချိန် တွင် မျိုးနွယ်အဖွဲ့သားတစ်ယောက်က ခန်းမအထဲကို ခပ်သုတ်သုတ် ဝင်ရောက်လာခဲ့သည်။ ထို့နောက် ဂျားလီဘီအနားသို့ သွားပြီး ခေါင်းကို နှိမ့်၍ အသံတိုးတိုးဖြင့် နားအနားကပ်ခါ ပြောလိုက်သည်။ 

မျက်နှာက ပြုံးပြုံးဖြင့် အဖွဲ့သား သတင်းပို့ထားကို နားထောင်နေ သည့် ဂျားလီဘီ၏ မျက်နှာသည် ခဏအကြာတွင် မာကြောလာ ခဲ့သည်။ ခွမ်း.. ဆိုသော အသံနှင့်အတူ လက်တွင်းက လက်ဖက်ရည်ပန်းကန်ခွက်ကိုလည်း အမှုန့်ခြေလိုက်ရာ ရေနွေးနှင့် အမှုန့်များက လက်ချောင်းကြားထဲကနေ ကြမ်းပြင်ပေါ် ယိုစီးသွား သည်။ 

" ဒီ သောက်သုံးမကျတဲ့ ပထမတန်းလေလံအိမ်.. ငါ့ကို ဒီလို လှည့်စားတာပေါ့လေ.. "  

ဒေါသထွက်နေသော မျက်နှာဖြင့် ဂျားလီဘီသည် ရုတ်ခနဲ ထရပ် လိုက်ပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။ ပေါက်ကွဲထွက်လာ သော ချီစွမ်းအင်များအာ သူ့ကိုယ်တွင်းကနေ အပြင်ပွင့်ထွက်လာ ကာ လေထဲတွင် လေပွေအသေးစားလေး ဖြစ်လာပြီး တရှူးရှူးအသံ ဖြင့် မြည်နေလျက်ရှိသည်။ 

ဂျားလီဘီနှင့် အနီးဆုံးထိုင်နေသာ ဂျားလီယောင်လည်း သူ့အဖေ ထံမှ ထွက်ပေါ်နေသော အရှိန်အဝါပြင်းသည့် ချီစွမ်းအင်ကြောင့် အသက်ရှုရန်ပင် ခက်ခဲလာကာ အနောက်ဘက်ကို ကမန်းကတန်း ဆုတ်လိုက်သည်။ စိုးရိမ်တကြီးဖြင့်လည်း အော်ဟစ်လိုက်သည်။ 

" အဖေ.. "

ဂျားလီယောင်၏ အော်ဟစ်သံက ဂျားလီဘီကို ဆွဲလှုပ်လိုက်သလို ဖြစ်သွားသည်။ သူ့မျက်နှာက အနည်းငယ် တင်းမာနေကာ ထိုင်ခုံပေါ် တောင့်တောင့်ကြီး ပြန်ထိုင်ချလိုက်သည်။ 

" ပထမတန်းလေလံအိမ်က ငါတို့ ဂျားလီကလန်ကို ဘာဆေးအမယ်မှ မရောင်းတော့ဘူးလို့ ငြင်းလိုက်တယ်.. "

ထိုစကားအား သူပြောလိုက်ပြီးပြီးချင်းမှာပဲ ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသသည်။ တစ်ယောက်ကို တစ်ယောက်လည်း ကြောက်လန့်တကြားဖြင့် ကြည့်လိုက်မိကြ သည်။ သူတို့မျက်နှာပေါ်တွင်လည်း စိုးထိတ်မှုတွေ အထင်းသား ပေါ်လွင်နေကြသည်။ 

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?.. ပထမတန်းလေလံအိမ်ဆိုတာ အမြဲတမ်းကြားနေတာပဲ မဟုတ်လား.. ရုတ်တရက်ကြီး ဘာဖြစ်လို့ သူတို့က ဂျားလီကလန်နဲ့ ဆန့်ကျင်ဘက်ကို ရွေးလိုက်တာလဲ.. ? "

ဂျားလီဘီစကားကြောင့် ဂျားလီကူ၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ယင်းအတွေးများက သူ့စိတ်ထဲမှာ အသံတိတ် မြည်ဟည်းနေခြင်းပေ။

" ကောင်းကောင်းလေ မြူဆွယ်ထားရင် ဘယ်သူက အကျိုးမရှိဘဲ အကြာကြီး ကြားနေဦးမှာလဲ..? "

ဂျားလီဘီက နှာတစ်ချက်မှုတ်လိုက်ရင်း ပြောလိုက်ပြီး ဖြည်းလေးစွာ အသက်ပြင်းချလိုက်သည်။ ထို့နောက် သူ ထုတ်လွှတ်လိုက်သော ချီစွမ်းအင်ကြောင့် ဒုက္ခရောက်သွားသော လျိုစီးကိုလည်း တစ်ချက် ကြည့်လိုက်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။

" ဒီကိစ္စမှာ ရှောင်ကလန်နဲ့ ဆက်နွယ်နေတယ်လို့ ငါထင်တယ်.. "

" ဟင်.. ပထမတန်းလေလံအိမ်က ကျွန်တော်တို့ကို ဆေးအမယ် ရောင်းပေးဖို့ ငြင်းပယ်ရလောက်အာင် ရှောင်ကလန်က အဲလို တွန်းအားပေးနိုင်တဲ့ အခြေအနေမရှိပါဘူး.. "

ဂျားလီယောင်က ရေရွတ်ပြောဆိုလိုက်သည်။

" ဟွန့်..ပထမတန်းလေလံအိမ်နဲ့ သူတို့ ဘယ်လိုအခြေအနေ ရှိနေပြီးလဲဆိုတာ ဘယ်သူသိမှာလဲ.. "

ဂျားလီဘီက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ့စိတ်အတွင်းမှာ လည်း အကြောင်းပြချက်ရေရေရာရာ မရှိဘဲ မသက်မသာ ခံစားနေရသည်။ 

" ငါတို့ ဘာလုပ်ကြမှာလဲ.. ဆေးအမယ်တွေ လုံလုံလောက်လောက် မရှိရင် မကြာခင်မှာပဲ နွေဦးပြန်လာခြင်းဆေးက ကုန်မှာပဲ..အဲ့ဒီ အချိန်ကျရင်. လူသူမရှိတဲ့ ဈေးဆိုင်မျိုးကို ငါတို့ ကြုံရမဲ့ အလှည့် ရောက်တော့မယ်. "

ဂျားလီကူက ပူပန်စွာဖြင့် ပြောသည်။ 

ဂျားလီဘီက အံကိုကြိတ်ကာ အေးစက်စက်ဖြင့် ပြောသည်။ 

" ငါတို့ဘက်မှာ ရပ်တည်ပေးမဲ့ တချို့ပရဆေးဆိုင်တွေ ရှိသေးတယ် ပထမဆုံး လူလွှတ်ပြီး ဆေးအမယ်တွေ အကုန်ဝယ်ရမယ်.. ဒီအချိန်အတောအတွင်း ငါတို့ကို တတ်နိုင်သမျှ ထောက်ပံ့ခိုင်းရမယ် တကယ်လို့ ငါတို့ မတောင့်ခံနိုင်သေးရင် တခြားမြို့ဆီကို သွားပြီး ဆေးအမယ်တွေ ဈေးကြီးကြီးနဲ့ ဝယ်ရလိမ့်မယ်.. ရှောင်ကလန်ရဲ့ သက်ရောက်မှုက အဲ့ဒီမြို့အထိရောက်နိုင်မှာ မဟုတ်ဘူး.. "

ထိုစကားအား ပြောလိုက်ပြီးနောက် ဂျားလီဘီသည် နောက်ထပ် လက်ဖက်ရည်ခွက်အား လှမ်းယူလိုက်သည်။ ဒါပေမဲ့ သူလက်က အနည်းငယ် တုန်ယင်နေသည်ကိုပါ မြင်လိုက်သည်။ ပါးစပ်အပြည့် မှုတ်သောက်လိုက်ရင်း သူ့စိတ်ထဲတွင် မဖော်ပြတတ်သော ခံစားချက်အား ခံစားလိုက်ရသည်။ 

ငါ့ရဲ့ ဂျားလီကလန်တော့ ဘယ်တော့မှ မကြုံဖူးခဲ့တဲ့ အဖြစ်မျိး ကြုံရတော့မှာလား......

=======================================

Chapter 79

အပိုင်း ( ၇၉ ) - ရှောင်ကလန်၏ တန်ပြန်တိုက်စစ်

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat

ရှောင်ယွင်၏ လှျှို့ဝှက်အကူအညီဟုလည်း ဆိုနိုင်သော အနာကျက်ဆေးပုလင်းမြောက်များစွာကို တိုးတိုတ်စွာ ရရှိထား ပြီးဖြစ်သည့်အပြင် ရှောင်ကလန်သည် ဆေးပုလင်းသတင်းအား လုံးဝ အပြင်ကို မပေါက်ကြားစေဘဲ လျှို့ဝှက်ထားကြသည်။ ဂျားလီကလန်အား တန်ပြန်တိုက်စစ်ဆင်ရန်အတွက် ပြင်ဆင်စရာရှိ သည်များကို လျှို့ဝှက်စွာဖြင့် စတင်လုပ်ဆောင်ထားကြသည်။ 

အစည်းအဝေးခန်းမအတွင်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စအား လျှို့ဝှက်ချက်တစ်ခုအဖြစ်  ထိန်းသိမ်းထားကြဖို့ကိုလည်း ရှောင်ကျန်း နှင့် အကြီးအကဲသုံးယောက်က အမိန့်ပေးထားသည်။ အထူးသဖြင့် အနာကျက်ဆေးနှင့် ပတ်သတ်သည့် အရာအားလုံးကို ပြင်ပလူတစ်ယောက်ယောက်ကိုအား လုံးဝကို  ပြောပြမိခြင်း မပြုရပါဘူး။ ပြောခဲ့မိ၍ သတင်းပေါက်ကြားသွားခဲ့လျှင် ထိုလူကိုယ်တိုင်အား မျိုးနွယ်စည်းမျဉ်းနှင့်အညီ အပြစ်ဒဏ် စီရင်ခြင်းခံရမည်။ 

 ရှောင်ကလန်က တိတ်ဆိတ်ငြိမ်ဝပ်နေလေ ဂျားလီကလန်၏ အပြုအမူတွေက ပိုပိုပြီး မောက်မာလာခဲ့သည်။ ရှိသမျှနည်းလမ်း ပေါင်းစုံတွေအား အသုံပြုကာ ရှောင်မျိုးနွယ်၏ ဖောက်သည်မျာကို ပင် သိမ်းသွင်းဖြားယောင်းကြလေသည်။ သို့ပေမဲ့ ရှောင်ကလန်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ရှောင်ကလန်က လှုပ်ရှားမှုမရှိဘဲ ထိုင်ကြည့်နေသည်ကို မြင်သည့် အခါ တချို့သော စီးပွားရေးမိတ်ဖက်ငယ် တို့သည် စိတ်ပျက်လာကြ ကာ သူတို့ကိုယ်သူတို့ စီးပွားရေး ကာထေမိရန်အတွက် တိတ်တဆိတ်စွာ အကွက်တွေ ရွှေ့လာကြတော့သည်။ 

အနေအထားမှာ ပုံမှန်ထက် အနည်းငယ်ထူးဆန်းနေသည်ဟုဆိုရ မည်။ နောက်ထပ် နေ့ရက်နှစ်ရက်သည် တိတ်ဆိတ်စွာဖြင့် ကုန်လွန် သွားပြန်သည်။ 

နောက်နေ့မနက်တွင် နေရောင်များ ထွန်းလင်းတောက်ပနေကာ နေသာသော နေ့တစ်နေ့ဟုပင် ဆိုနိုင်သည်။ ဂျားလီကလန်၏ ဈေးဆိုင်နေရာများတွင် ထုံးစံအတိုင်းပင် ပူပူအိုက်အိုက်ဖြင့် ဈေးဝယ်သမားများ ပြည့်နှက်နေလျက်ရှိသည်။ ဈေးလမ်းမကြီးတွင် လူများ တိုးဝှေ့နေကြပုံမှာ ရေစီးဆင်းနေသည့်အလား ထင်မှတ်ရ တော့သည်။ နွေဦးပြန်လာခြင်းဆေးကို ရောင်းသည့်ဈေးတန်းတွင်မူ လူတွေမှာ ပို၍ပင် များပြားကြပ်သိပ်နေလျက်ရှိသည်။ အော်ဟစ်သံ၊ အော်ငေါက်သံများ လုံးထွေးသတ်ပုတ်သံများပင် တစ်နေရာထဲတွင် ပဲ စုဝေးထွက်ပေါ်နေသကဲ့သို့ ရှိ၏။ နားကွဲလုမတတ် ဆူညံသံများ သည် အထက်ဘဝဂ်တိုင်အောင် ထိုးဖောက်ပျံ့နေသည်အလား ရှိနေသည်။ 

အညိုရောင်ဆေးရောင်းကောင်တာ၏ အနောက်တွင် ဂျားလီကလန် လူယုံဖြစ်သော ဆေးရောင်းသမားတစ်ယောက်သည် ဆေးလုံးရရန် အတွက် ဆေးဆိုင်အဝင်ဝတွင် ငြင်းခုံအခြေအတင်ဖြစ်နေကြသော ကြေးစားအမဲလိုက်သမားများကို ကြည့်နေလေသည်။ သူ့၏ မျက်နှာတွင် ပြုံးနေသော အပြုံးမှာ ဂုဏ်ယူနေသည့်ဟန် ရှိနေပေ၏၊ ဆေးလုံးကို ရောင်းပေးမဲ့သူတစ်ယောက်အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ သူသိပြီးသား ဖြစ်ပေလိမ့်မည်။

ဂျားလီကူ ဆိုသည်မှာ ဂျားလီကလန်၏ အတွင်းလူစစ်စစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ဂျားလီကလန်၏ လူအစည်ကားဆုံး ဈေးဆိုင်နေရာမှာ တာဝန်ချထားခြင်း ခံရသည်။ 

ဆေးဆိုင်ခန်းမ၏ ဒုတိယအထပ်မှာ မတ်တပ်ရင်နေရင်း ဂျားလီကူသည် လမ်းမကြီပေါ်တွင် စည်းကားစွာ ရှိနေသော လူအုပ် ကို အပေါ်စီးကနေ ကြည့်နေလျက်ရှိသည်။ အဆီတဝင်းဝင်းနှင့် အစ်ထနေသော မျက်နှာမှာလည်း အားရကျေနပ်နေသော အပြုံးများက ပြည့်တင်းနေလျက် ရှိသည်။

အခုတလောမှာ နွေဦးပြန်လာခြင်းဆေးလုံးမှာ သူတို့တွက်ချက်ထား သည်ထက်ပင် ပို၍ ရောင်းကောင်းနေသည်။ အမြတ်အစွန်းများစွာ ရရှိလာ၍ ဂျားလီကလန်သည် လောဘအတောမသတ်နိုင်လောက် အောင် ဖြစ်လာကာ ဆေးလုံးဈေးနှုန်းကိုလည်း ရွှေဒင်္ဂါး တစ်ရာက နေ သုံးရာအထိ တိုးမြှင့်ရောင်းချလိုက်ခဲ့ကြသည်။ 

ပထမတော့ ကြေးစားအမဲလိုက်သူတို့သည် ဈေးနှုန်းတိုးသွားခြင်း ကြောင့် မကျေမနပ်ဖြစ်သွားကြပေမဲ့လည်း နွေဦးပြန်လာခြင်း ဆေးကို ရောင်းချပေးသူ တခြားမရှိ၍  အချိန်တစ်ခုလောက်သာ စီစိညံညံ ဖြင့် အတွန့်တက်ခဲ့ကြသည်။ နောက်တွင်တော့ သူတို့သည် ဈေးနှုန်း ကို လက်မခံချင်ဘဲ လက်ခံလိုက်ရတော့သည်။ 

ဂျားလီကူသည် သံစဉ်တစ်ခုကို တိုးတိုးလေး ညည်းညူနေရင်း လူအုပ်ကြီးအား မျက်စိတဆုံးကြည့်လိုက်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ 

“ မင်းမဝယ်ရင်လည်း တခြားသူတွေက ဝယ်ကြမှာပဲလေ.. ”

ဂျားလီကူသည် နေရောင်ကို အဆီများဖြင့် ဝတစ်နေသော လက်တံတိုဖြင့် ကာလိုက်ရင်း ဆေးဆိုင်ဒုတိယအထပ်မှာ ဆက်လက် မနေနိုင်တော့ပါဘူး။ နဖူးပြင်က ချွေးအား သုတ်လိုက်ရင်း ညည်းလိုက်သည်။ 

“ အမလေး.. ပူလိုက်တဲ့ နေ့တစ်နေ့ပါလား.. ဒီညတော့ အေးမြသွားအောင် ငါ့ရဲ့ ပူလောင်စိတ်တွေကို ထုတ်လွှတ်ဦးမှပါ.. ဟိဟိ.. ပြီးခဲ့တဲ့အခေါက်က မိန်းကလေးငယ်ငယ်ချောချော တွေ ငယ်ရွယ်တက်ကြွပြီး ကျေနပ်စရာပဲ.. ”

ဂျားလီကူ ထိုနေရာအကြောင်းကို ပြန်တွေးမိလိုက်ရာ စိတ်မရှည်သလိုပင် ဖြစ်လာသည်။ နဖူးက ချွေးစက်များကို တစ်ခါ ပြန်သုတ်လိုက်သည်။ ထိုစဉ် ဆေးဆိုင်အ၀င်တွင် ရုတ်တရက် ဆူဆူညံညံ ဖြစ်ပွားခဲ့ရာ သူ မျက်မှောင်ကြုတ်လိုက်သည်။ 

“ အာ.. ချကြပြန်ပြီးလား..? ဒီကောင်တွေတော့ ဗလပဲရှိပြီး ဦးနှောက်လည်း မရှိကြဘူး..ဒီပစ္စည်းတွေ ကျိုးပဲ့သွားခဲ့ရင် ဘယ်လောက် လျော်ရမလဲဆိုတာ မသိကြဘူးလား.. ”

ရုတ်ရုတ်သဲသဲ ဖြစ်နေသောနေရာဆီကို ကြည့်ရင်း ဒေါသတကြီး ဖြင့် ဆဲရေးလိုက်သည်။

“ ရှောင်ကလန်ရဲ့ ဈေးဆိုင်တွေမှာလည်း အနာကျက်ဆေးတွေ စရောင်းနေပြီးကွ  ”

ဂျားလီကူတစ်ယောက် ရုတ်ရုတ်သဲသဲ ဖြစ်နေရာဆီကို အစောင့်များ အား လွှတ်ပြီး ထိန်းခိုင်းရန် ဟန်ပြင်လိုက်သည့်အချိန်၌ လမ်းမကြီး ပေါ်ကနေ ကျယ်လောင်သော အော်သံတစ်ခုကို ရုတ်တရက် ကြား လိုက်ရသည်။ 

ရုတ်တရက်အော်လိုက်သော အသံကို ဂျားလီကူ ကြားလိုက်ရသည့် အချိန်တွင် သူ့တစ်ကိုယ်လုံးရှိ အဆီပြင်များ ပင်လယ်ရေလှုပ်ခတ် သည့်အခါ တုန်ခါသွားသည်။ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့ပေမဲ့ ခဏမျှအကြာတွင် သူသည် လှောင် ပြောင်ကာ ပြောလိုက်သည်။ 

“ ကြည့်ရတာ ရှောင်ကလန်မှာ မျှော်လင့်ချက်ကုန်နေပြီးပုံပဲ.. ဒီလိုလှည့်ကွက်နဲ့ လုပ်ရဲတယ်.. သေချင်နေကြတာ ဖြစ်မယ်.. ”

ထိုသို့သော အော်သံကြောင့် လမ်းမထက်က ပူညံလှုပ်ရွနေသော လူအုပ်ကြီးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။ ထို့နောက် တုန်လှုပ်ချောက်ချားဟန်ဖြင့် တစ်ယောက်ချင်းစီကို ကြည့်လိုက်ကြ ကာ လူအုပ်ကြီးသည် တဖန် အော်ဟစ်ဆဲရေးလိုက်ကြသည်။ 

“ ခွေးသားတွေ ဒီလိုညစ်ပတ်တဲ့ နည်းလမ်းနဲ့ ငါ့နေရာကို လုဖို့ ကြံစည်နေတာလားဟေ့ ငါတန်းစီနေရတာ နေ့တစ်ဝက်ရှိနေပြီးကွ ”

အော်ဟစ်ဆဲဆိုလိုက်ကြပြီးနောက် လူအုပ်ကြီးသည် နွေဦးပြန်လာ ခြင်းဆေးလုံးအား တိုးကြိတ်စောင့်ဆိုင်းနေကြပြန်သည်။ 

ဒါပေမဲ့ လူတိုင်းတော့ ထိုအတွေးမျိုး မရှိပါဘူး။ ဂျားလီကလန်၏ တင်စီးသော လုပ်ရပ်တွေကြောင့် ဖျားနာပြီး ပင်ပန်းနေသော ကြေးစားအမဲလိုက်သအချို့က သွားကြည့်ကြဖို့ ဆုံးဖြတ်ကြသည်။ ခနတာမျှ တွေဝေနေကြပြီးနောက် သူတို့သည် လမ်းမဘက်ကို တိုးထွက်ကာ ရှောင်ကလန်၏ ဈေးဆိုင်ဘက်ကို သွားကြသည်။ တချို့က မယုံသင်္ကကာ ဖြစ်နေကာ တချို့ကတော့ ယုံကြည်ကြသည်။ 

အပေါ်ထပ်ကနေ ရပ်ကြည့်နေသော ဂျားလီကူသည် လမ်းမပေါ် တွင် ယခုအထိ တိုးကြိတ်များပြားနေဆဲ ရှိနေသာ လူအုပ်ကို ကြည့်ကာ ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ပြီး ပြောသည်။ 

“ ရှောင်ကလန်.. ဟားဟား.. မင်းတို့ဘယ်လောက်အထိ ကြိုးစားဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့.. နောက်ဆိုရင် ဝူတန်မြို့မှာ ငါတို့ ဂျားလီကလန်ကပဲ အကြီးဆုံးကလန် ဖြစ်လာ တော့မှာကွ.. ဘာတဲ့ အင်အားတူ ကလန်ကြီးသုံးခု.. ဟားဟား… အဲ့ဒါတွေ အတိတ်မှာ ကျန်ခဲ့တော့မှာဟ.. ”

ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကြားထဲမှာ အော်ဟစ် သွားသောအသံ၏ အကျိုးသက်ရောက်မှုကား ကျယ်ပြောလှသော ပင်လယ်ထဲကို သစ်ခက်တစ်ခက် ပြုတ်ကျသွားသည့်နှယ်ပင်။ ဂျားလီကလန်၏ ရောင်းကောင်းနေမှုကို တုတ်တုတ်မျှပင် လှုပ်ခတ် စေခြင်းငှား မတတ်စွမ်းနိုင်ခဲ့ပါဘူး။

အော်ဟစ်လိုက်သည့်အသံ ပြီးနောက် နောက်နာရီဝက်အကြာတွင် ကြေးစားအမဲလိုက်ဝတ်စုံ ဝတ်ဆင်ထားသော တုတ်ခိုင်သန်မာသည့် လူအနည်းငယ်တို့သည် ဂျားလီကလန်ဈေးဆိုင် နေရာဝင်ပေါက်ဆီကို ရောက်လာကြသည်။ ကြမ်းတမ်းစွာဖြင့် ဈေးထဲကို တရကြမ်းတိုးဝင်သွားကြပြီး အစောင့်တွေဆီကိုလည်း တိုးဝင်တွန်းတိုက်လိုက်ကြသည်။ ထို့နောက် ရွှင်မြူးနေသာ မျက်နှာဖြင့် လက်ထဲက ကျောက်စိမ်းပုလင်းများကို လေထဲမြှင့် မြှောက်လိုက်ကြပြီး တစ်ပြိုင်နက်လိုလိုပင် အသံတူ အော်ဟစ် လိုက်ကြရာ လူအများ၏ ဆူညံပွက် လော်ရိုက်ခတ်သံတို့အား ကျော်လွန်ဖုံးလွှမ်းသွားချေသည်။ 

“ ရှောင်ကလန်မှာလည်း အနာကျက်ဆေးတွေ ရောင်းနေပါပြီး.. ”
ညီညီညာညာ ပြိုင်တူအော်ဟစ်လိုက်သံက ဈေးတစ်ခုလုံးကို တိတ်ကျသွားစေခဲ့သည်။ လူအားလုံးတို့သည် အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြပြီနောက် သူတို့မျက်ဝန်းတွင် နားလည်လိုက် သည့် အငွေ့အသက်များ ဖြတ်သန်းသွားခဲ့ကြသည်။ 

အစောပိုင်းက တရကြမ်းတိုးဝင်လာကြသော ကြေးစားအမဲလိုက် သမားများထဲမှ တစ်ယောက်သည် ဘေးနားရှိ ကျောက်တုံးကြီး တစ်တုံး အပေါ်ဆီကို ခုန်တက်လိုက်သည်။ ချွင်း ဆိုသော အသံနှင့်တူ ခါးဘေးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်ယူ လိုက်ကာ အံကို ကြိတ်ပြီး သူ့လက်မောင်းအား ဓားဖြင့် လှီးချ လိုက်သည်။ ထိုအခါ သွေးစိမ်းရှင်ရှင်များသည် လက်မောင်းကနေ တစ်ဆင့် သွေးစီးကြောင်းများ ဖြစ်ကာ တရစပ် စီးကျလာခဲ့သည်။ 

ထို့နောက် သွေးထွက်နေသာ လက်မောင်းကို လူအများအား မြင်သာအောင် မြှောက်ပြလိုက်ပြီးနောက် တခြားလကတစ်ဖက်တွင် ဆုပ်ကိုင်ထားသော ကျောက်စိမ်းပုလင်းအား စောင်းငဲ့လိုကှ်ု ပျစ်နှစ်စေးကပ်သော ကြက်သွေးအရောင်အရည်အား သူ့ဒဏ်ရာ အပေါ်ကို တဖြည်းဖြည်း လောင်းချလိုက်သည်။

လူအများ စောင့်ကြည့်နေသော အကြည့်အောက်မှာပဲ ပျစ်နှစ်စေး ကပ်သော ကြက်သွေးရောင် အရည်သည် ဒဏ်ရာအား ဖုံးလွှမ်း သွားသည်။ မကြာမီမှာပဲ တိုးထွက်နေသော သွေးစီးကြောင်းသည် တဖြည်းဖြည်း အထွက်နှေးလာကာ အများ၏ အံ့သြနေသော အကြည့်များအောက်မှာပဲ ထွက်ရှိနေသော သွေးများသည် ဓားဒဏ်ရာအပေါ်တွင် အလွှာတစ်ခုလို ခြောက်ကပ်သွားသည်။  

လမ်းမကြီးပေါ်တွင် ယင်းအဖြစ်ကို မျက်လုံးဖြင့် တပ်အပ်မြင်လိုက် သူအပေါင်းတို့သည် ရုတ်ခြည်းပင် စိတ်အားထက်သန်သွားကုန် ကြသည်။ ဒီလို အနာကျတ်နှုန်း မြန်ဆန်နေခြင်းက ဘယ်တိုက်ပွဲ မှာမဆို  လိုအပ်တဲ့ အရာပဲ။ 

“ ဒီဆေးက ရှောင်ကလန်ရဲ့ ဈေးဆိုင်နေရာတွေမှာ ရောင်းချနေတဲ့ ဆေးအသစ်ပဲ.. သွေးတိတ်ဆေးလို့ခေါ်တယ်.. ဆေးအစွမ်းက လည်း ပိုထက်တယ်.. ဈေးနှုန်းကလည်း နွေဦးပြန်လာခြင်းဆေးလုံး ထက် တစ်ဝက်သက်သာတယ်.. ဟေ့ မင်းတို့ ဘာရပ်စောင့်နေကြ ဦးမှာလဲ.. အရူးတွေလို ငွေညှစ်ခံနေရတာကို ပျော်နေကြတာလား.. မသွားကြသေးဘူးလား.. ”

သန်မာတောင့်တင်းသော ကြေးစားအမဲလိုက်သူတွေဟာ ကျောက်စိမ်း ပုလင်းကို ကိုင်ပြထားပြီး ပါးစပ်အကျယ်ကြီးဖြင့် အားပါတရ ရယ်မောလိုက်ကြသည်။ 

လမ်းမကြီးတစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ 

ဈေးထဲသို့ ဝင်လာခါစ ကြေးစားအမဲလိုက်သူတစ်ယောက်ဟာ သန်မာတောင့်တင်းသော ကြေးစားအမဲလိုက်သမားလက်ထဲက ကျောက်စိမ်းပုလင်းကို ငေးကြည့်ရင်းက ရုတ်ခြည်းပင် အနောက်လှည့်ပြီး ပြေးထွက်သွားလေသည်။ 

ဈေးကနေ ရုတ်ခြည်းပင် ပြေးထွက်သွားသော လူ၏နောက်ကျော ကို ငေးကြည့်ရင်း ဈေးထဲက လူအုပ်သည် လှုပ်လှုပ်ရွရွဖြစ်လာကြ ပြီး ထို့နောက် ကျယ်လောင်စွာဖြင့် တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက် ကြသည်။ သူတို့ ခပ်သုတ်သုတ် ခြေလှမ်းများက မြေပြင်ကိုပင် တုန်ခါစေလျက် ဈေးဆိုင်နေရာကနေ ဆောင့်နင်း၍ ထွက်သွားကြ သည်။ 

ကသုတ်ကရိုက်ဖြင့် ထွက်သွားကြသော လူအုပ်ကြီးကို ကြည့်ရင်း ကျောက်တုံးကြီးပေါ်ရှိ သန်မာတောင့်တင်းသော ကြေးစားအမဲလိုက် သမား၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးက ဖြစ်ပေါ်လာ၏။ ထိုစဉ် လေပြေကလည်း ထိုအမဲလိုက်သမား၏ အင်္ကျီကြားထဲကို တချက်ချက် တိုးဝင်တိုက်ခတ်နေရာ အင်္ကျီကြားထဲရှိ ရှောင်ကလန် တံဆိပ်က မသိမသာ ပေါ်နေလျက်ရှိသည်။ 

များပြားလှသော လူအုပ်.. ဆူညံပွက်လောရိုက်နေသော ဈေး..ယခုတော့ တိတ်ဆိတ်လျက်..။ တုံဏှိဘာဝေ ဖြစ်နေဆဲ ကုန်သည်တချို့နှင့် ဈေးလမ်းမကြီးပေါ်မှာ လူတစ်ယောက်တလေ သာ ရှိနေတော့သည်။ 

“ ရှောင်ကလန်… သူတို့ တန်ပြန်တိုက်စစ် စလိုက်ပြီးဟ ”

ဈေးလမ်းမကြီးပေါ်မှာ ကျီးဖုတ်ဖုတ် ရုတ်ခြည်းဖြစ်သွားသော အဖြစ်ကို ကြည့်ရင် ယင်းအတွေးတွေက ကုန်သည်တွေခေါင်းထဲကို ဝင်လာခြင်းဖြစ်သည်။ 

အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ထို့နောက် ခေါင်းကိုမော့ကာ အပေါ်ထပ်ရှိ ဂျားလီကူ ကို ကြည့်လိုက်သည်။ အမြဲတမ်း ရွှင်မြူနေသည့် ဖတ်တီးကြီးက ယခုတော့ ရပ်နေသော နေရာတွင် မလှုပ်မယှက်ဖြင့် မျက်နှာမှာ လည်း လူသေကောင်လို့ ဖြူဖျော့နေသည်။ 

ထိုအချိန်အတောအတွင်းမှာလည်း တခြားသော ဂျားလီကလန်ပိုင် ဈေးဆိုင်နေရာတွေမှာလည်း ထိုအဖြစ်မျိုး အလားတူ ဖြစ်ပွားနေကြ သည်။ 

++++++++

Chapter 78

အပိုင်း ( ၇၈ ) - လေ့ကျင့်ပြီးနောက် အဆင့်တိုးခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat

ဆေးအမယ်များကို ရရှိသွားကာ စိတ်ကျေနပ်စွာဖြင့် ဧည့်သည် လက်ခံရာအခန်းကနေ ထွက်ခွာသွားသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးကိုကြည့်နေလိုက်ရင်း မိန်းကလေးရဖေးသည် ပခုံးကို ဖြေလျော့လိုက်တော့သည်။ သူမခန္ဓာကိုယ်သည် ထိုင်ခုံပေါ်တွင် ပူးကပ်ကွေးပြီး ထိုင်နေလေရာ ခွေထိုင်နေသောမြေခွေးတစ်ကောင်နှင့် ပင်တူနေတော့သည်။ အားမရှိသလို ထိုင်နေသော ပုံစံမှာ တမူထူးခြားသော စိတ်တိမ်းညွတ်အောင် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေ၏။

“ အဲ့ဒီ လူကြီးမင်းကတော့ တကယ့်ကို စွန့်စားရဲတာပဲ.. ”

ရဖေးသည် သူမခေါင်းကို လှန်ချလိုက်ကာ အေးစက်နေသော ထိုင်ခုံနောက်ကျောကို မှီချလိုက်သည်။ 

ဘေးနားတွင်ရှိ ကုနီသည်လည်း နဖူးကို ကုတ်နေရင်း အသက်ပြင်းချလိုက်ပြီး..

“ ချီစုစည်းဆေးလုံး ၅ လုံး.. အင်း… သူက တကယ့်ကို အဆင့်၎ မှော်ဆေးပညာရှင်ပေပဲ.. ဒါပေမဲ့ သူ စီးပွားရေးလုပ်တဲ့ပုံက နည်းနည်းတော့ ဟိတ်ဟန်များတယ်.. ”

ရဖေးသည်လည်း ခေါင်းကို ညိတ်လိုက်ကာ

“ အစတုန်းက တောင့်ခံနိုင်မယ်လို့ တွေးလိုက်မိသေးတယ်.. ဒါပေမဲ့ ၅ လုံးတောင် ပေးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ.. ? ”

ထိုသို့ ပြောပြီးနောက် သူမ၏ သေးငယ်နီစွေးသော နှုတ်ခမ်းလေးကို စုထားလိုက်သည်။ 

ကုနီသည် ရယ်မောကာ ပြန်ပြောလေသည်။ 

“ ငါသာ မင်းနေရာမှာဆိုရင် သူ ဆေး ၃ လုံးပေးမယ်လို့ ပြောကတည်းက ငါခေါင်းညိတ်နေလောက်ပြီး.. မင်းကတော့ ငါထင်တာထက်ကို ကျော်ပြီး ဆေး ၅လုံးအထိ နေနိုင်ခဲ့တယ်.. အရမ်းဂုဏ်ယူစရာပဲ.. ”

“ ဘယ်ကလာ နေနိုင်ရမှာလဲ.. သူကမ်းလှမ်းတာ ကြားပြီးကတည်း က စိတ်က လွတ်ထွက်နေပြီး.. ခေါင်းကတောင် ကောင်းကောင်း မတွေးနိုင်တော့ဘူး.. ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ.. သူက နောက် ထပ် ဆေး၂ လုံး ထပ်တိုးပေးလိမ့်မယ်လို့…. ”

ရဖေးသည် မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြောလိုက်သည်။ ယခုလိုအခြေအနေကြောင့် သူမ ရွှင်မြူးစွာ မရယ်ဘဲ မနေနိုင်တော့ ပါဘူး။ 

“ ကဲပါလေ.. အမှန်တရားက အမှန်တရားပဲ.. မင်း စိတ်လွတ်ထွက် သွားတာက ပထမတန်းလေလံအိမ်ကို နောက်ထပ် ရွှေဒင်္ဂါး ၄သိန်း လောက်ကို အမြတ်ထွက်စေခဲ့တာပဲ.. ”

သူမ ရှင်းပြတာကို ကြားလိုက်ရသည့်အခါမှာ ကုနီသည်လည်း ရယ်ကာမောကာဖြင့် နောက်လိုက်ပြန်သည်။ 

ရဖေးသည်လည်း ပါးစပ်ကို ဖုံးကွယ်ကာ အသံသာသာဖြင့် ရယ်မော လိုက်ပြန်သည်။ ထို့နောက် ထိုင်ခုံကနေ ထဖို့ ဟန်ပြင်လိုက်ကာ အသက်ပြင်းချရင်း.. 

“ ဒီတကြိမ်တော့ ဂျားလီကလန် ဒုက္ခရောက်ရတော့မယ် ထင်တယ်..”

သဘောတူဟန်ဖြင့် ကုနီလည်း ခေါင်းညိတ်လိုက်သည်။

“ ဒါပေမဲ့ နည်းနည်းတော့ သံသယဖြစ်စရာ မကောင်းဘူးလား ရှောင်ကလန်နဲ့ အစိမ်းသက်သက်လို ဖြစ်နေတဲ့ လူကြီးမင်းက ကူညီထောက်ပံ့ပေးမယ်ဆိုတော့.. သူ ဘာဖြစ်လို့ ရှောင်ကလန်ကို ဒီလောက် ကူညီချင်ရတာလဲ.. ပြီးတော့ ဂျားလီကလန်ရဲ့ ဆေးအမယ်အထောက်အပံ့တွေ ဖြတ်တောက်ပစ်ဖို့ ချီစုစည်းဆေး လုံး ၅ လုံးတောင်ကိုမှ ရင်းရဲတယ်.. ” 

ရဖေးက သံသယအရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်နေ သော မျက်ဝန်းများဖြင့် ပြောလိုက်ချေသည်။

“ ဘယ်သူက သိမှာလဲ..?.. လေးစားရတဲ့ မှော်ဆေးပညာရှင် ကတော့ တကယ့်ကို ထူးခြားတဲ့သူပဲ.. မဟုတ်ဘူးလား..  ဂျားမာအင်ပါယာမှာ သူ့လိုလူမျိုးရှိနေတယ်ဆိုတာ ငါ မသိခဲ့ဘူးလေ ”

ကုနီက မတွေးဆတတ်စွာ ပြောလိုက်သည်။ 
ရဖေးသည် ခေါင်းကို အသာညိတ်လိုက်သည်။ သို့သော် သူမမျက်လုံးတွေက အတွေးပေါင်းစုံဖြင့် ဘယ်ညာ ပြေးလွှားနေ လျက်ရှိသည်။ ခဏအကြာမှာ စကားဆက်ပြော၏ 

“ ကြည့်ရတာ ရှောင်ကလန်နဲ့  မထင်မှတ်ထားလောက်တဲ့ ထူးခြားတဲ့ ဆက်ဆံမှုမျိုး ရှိနေပါလိမ့်မယ်..ပြီးတော့ အခု ဆေးလုံးတွေနဲ့ ဆိုရင် လေလံအိမ်ရဲ့ အကျိုးအမြတ်ကို လေးဆလောက် တိုးပေး နိုင်လိမ့်မယ်..လာမယ့် အလုပ်သမားအကဲဖြတ်ခြင်းမှာ ဘယ်သူ ငါတို့ကို ကျော်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..”

ထိုစကားကို ပြောလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်စွမ်းများ တွန့်ကွေးလာကာ အပြုံးတစ်ခု ဖန်ဆင်းဖြစ်ပေါ်လာခဲ့သည်။ လက်နှစ်ဖက်ကို တင်ပါးနောက်ပစ်လိုက်ကာ သီချင်းတစ်ပုဒ်အား  ညည်းညူလျက် ဧည့်ခန်းမကနေ ထွက်ခွာသွားလိုက်သည်။ 

…………………..

လေလံအိမ်ကနေ လမ်းလျှောက်ထွက်လာခဲ့ပြီးနောက် ရှောင်ယွင် သည် အသက်ပြင်းရှည်ကို ချလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက် သည်။ 

“ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်.. ”

“ ဘာကို ကျေးဇူးတင်ရမှာလဲ.. ဂျားလီကလန်ကို မြေကြီးပေါ် ဆောင့်နင်းပြီး မချန်ထားခဲ့သရွေ့  ငါခေါ်သွားမဲ့ လေ့ကျင့်ရေးခရီး ရှည်မှာ မင်း စိတ်ဖြောင့်ဖြောင့်နဲ့ လေ့ကျင့်နိုင်ဦးပါ့မလား..”

“ ဟီ.. ”

ရှောင်ယွင်သည် စပ်ဖြီးဖြီးဖြင့် ရယ်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထုံးစံအတိုင်းပင် လမ်းကြိုလမ်းကြား တွေမှာ ကွေ့ကောက်သွားလိုက်ကာ နောက်ဆုံး လူမရှိသည့် ထောင့်ကွယ်နေရာတွင် ၀တ်ရုံနက်ကို ချွတ်လိုက်သည်။ ထို့နောက် သတိထားကာ ထောင့်ကွယ်ကနေ ထွက်လာခဲ့ပြီးနောက် ရှောင်ကလန်ဆီကို ဦးတည်ကာ ပြန်လာခဲ့လိုက်တော့သည်။ 

ရှောင်ကလန်ကို ပြန်လာသည့် လမ်းတွင်လည်း ရှောင်ယွင်သည် ကလန်က လူတွေနှင့် တွေ့ခဲ့ပါသေးသည်။ သူတို့၏ အကြည့်တွေ သည် မနာလိုမှုများ ပိုပြင်းထန်နေသလို သူ ခံစားမိသည်။ ခန်းမအတွင်း ဖြစ်ပျက်သွားသော အကြာင်းအရာများသည် သူတို့ ကြားထဲတွင် ပျံနှံ့နေပြီးမှန်း သိသာထင်ရှားလှသည်။ 

ရှောင်ယွင်သည် ထိုအကြည့်များကို လျစ်လျူရှုလိုက်ကာ အပြန်ခရီး ကိုပဲ ဆက်လှမ်းသွားသည်။ သူ့အခန်းဆီကို မရောက်မီ ထောင့်တစ် ခုကို ချိုးဝင်လိုက်သည့်အချိန်တွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေး တစ်ယောက် ရုတ်တရက်ထွက်ပေါ်လာကာ ခေါင်းချင်းတိုက်လု မတတ်ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရှောင်ယွင် အချိန်မှီ ဘရိတ်အုပ်လိုက်နိုင်ခဲ့သည်။ သို့မဟုတ်ရင် ဖြေရှင်းရခက်မည့် မလိုလားအပ်သော ကိစ္စများ ဖြေရှင်းရကိန်းဆိုက်သွားလိမ့်မည်။ 

“ အကိုရှောင်ယွင်..? အကိုကို နောက်ဆုံးတော့ ရှာတွေ့ပြီး.. ”

အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် အနောက်ကို ခြေတစ်လှမ်း ဆုတ်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။ သူမ မျက်နှာသည် ငယ်ရွယ်သည် ဖြူစင်သည် ဆွဲဆောင်မှုအပြည့်ရှိသည်။  ဆန့်ကျင် ဘက်အရာများ ပေါင်းစုကာ ဖြစ်ပေါ်လာသော ဖွဲ့ဆိုလို့ မဖော်ပြသာ သော တင့်တယ်ခြင်း လှပခြင်းက ထိုမိန်းမပျိုလေးကို အရွယ်တူ မိန်းကလေးတွေထက် ပို၍ ကျက်သရေ ရှိစေသည်။ ထိုသို့သော အလှအပမျိုးက ရှောင်ယွင်ကိုပင် ခပ်ကြာကြာအထိ ငေးမောကြည့်စေလောက်သည်အထိ ဖြစ်သွားခဲ့ရသည်။ 

အပျော်တွေနှင့် ပြည့်လွှမ်းနေသော မျက်နှာပိုင်ရှင်မလေးက ရှောင်မိန်က လွဲလို့ တခြားဘယ်သူ ရှိဦးမည်နည်း။
ရှောင်မိန်၏ လှပလွန်းသော မျက်နှာလေးကို ငေးကြည့်မိရင်း ရှောင်ယွင်သည် နှာခေါင်းကို ပွတ်လိုက်ပြီးနောက် မထူးခြားသော လေသံဖြင့် မေးလိုက်သည်။ 

“ ကိစ္စတစ်ခုခု ရှိလို့လား.. ”

သူစိမ်းဆန်လှသော ခွန်းတုံ့သံကြောင့် ဝင်းပနေသော ရှောင်မိန်၏ မျက်နှာလေးမှာ အနည်းငယ် မှိန်ကျသွားခဲ့သည်။ အသံတိုးတိုးဖြင့် လည်း ပြန်ပြောလေသည်။ 

“ ကလန်ခေါင်းဆောင်က အကိုရှောင်ယွင်ကို သူ့စာဖတ်ခန်းကို လာခဲ့ပါလို့ မှာထားလို့ပါ.. ”

“ အော်..? ”

ရှောင်ယွင်က အနည်းငယ် ငေးကြည့်ပြီးမှ ခေါင်းညိတ်ကာ အပြုံး ဖြင့် ပြောသည်။ 

“ အင်း သိပြီး ကျေးဇူးပဲ.. ” 

ထို့နောက် နှုတ်ဆက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ အနောက်လှည့်ပြီး စာဖတ်ခန်းရှိရာနေရာဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားလိုက်သည်။ 

“ အကိုရှောင်ယွင် အရင်တစ်ခေါက်ကအတွက် ကျေးဇူးတင်ပါတယ်.. ”

ခြေလှမ်းကျဲကျဲဖြင့် တစ်လှမ်းချင်း ပြတ်သားစွာ ထွက်ခွာသွားသော ရှောင်ယွင်ကို ကြည့်ကာ ရှောင်မိန် တိုးတိတ်စွာ လှမ်း ပြောလိုက်ခြင်းပါ။ သူမမျက်ဝန်းမှာ စိတ်ပျက်ခြင်းတွေက တစ်စွန်းတစနှင့် နှုတ်ခမ်းသားကိုလည်း ကိုက်ထားလျက် ရှိသည်။ 

ရှောင်ယွင်သည် သွားနေသော ခြေလှမ်းများ ရပ်လိုက်ကာ အနောက်ကို မလှည့်ဘဲ ခပ်တောင့်တောင့် လက်ကိုဝှေ့ယမ်း လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ 

“  ရပါတယ်.. ကိစ္စမရှိပါဘူး.. ”

ထွက်ခွာပြန်တော့မည်ဆဲဆဲ ရှိနေသော ရှောင်ယွင်ပုံရိပ်ကို ကြည့်ရင်း ရှောင်မိန်က ရှိသမျှ သတ္တိအားလုံးကို စုပြီး မေးလိုက်သည်။ 

“ အကိုရှောင်ယွင်.. ဂျားနန်ကျောင်းတော်ဝင်ခွင့်စစ်ဆေးခြင်းမျာ ဝင်ဖြေမှာလား.. ? ”

“ အင်း ဖြေမှာပေါ့.. ”

လက်နှစ်ဖက်ကို ခေါင်းနောက် ပစ်ထားရင်း ရှောင်ယွင် တဖြည်းဖြည်းဖြင့် ပြန်ထွက်ခွာသွားသည်။ 

ရှောင်ယွင် ပြန်ဖြေလိုက်သော စကားကို ကြားလိုက်ရသည့်အခါတွင် အုံ့မှိုင်းနေသော ရှောင်မိန်မျက်နှာသည် တစ်ခါ ပြန်လည် တောက်ပ သွားခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တဖြည်း ဖြည်း ပျောက်ကွယ်သွားပါသော ရှောင်ယွင်ကို တစ်ဆုံးအထိ ကြည့် နေပြီးနောက် အသက်ပြင်းလေး ချကာ နောက်ပြန်လှည့်ထွက်သွား တော့သည်။ 

……………….

ရှောင်ယွင်တစ်ယောက် ကလန်ထဲတွင် အေးအေးလူလူ လှမ်းလာခဲ့ပြီးမှ နောက်ဆုံးတွင် ကျယ်ဝန်းသော အခန်းတစ်ခန်း အရှေ့ကို ရောက်ရှိလာပါတော့သည်။ တံခါးကို အသာအယာ ခေါက်လိုက်ပြီးနောက် ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အထဲကို လှမ်း ဝင်လိုက်သည်။ 

အခန်းထဲတွင် ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်သည် တစ်စုံတစ်ခုကို အသည်းအသန် ဆွေးနွေးနေကြဟန်ရှိသည်။ သို့သော် သူဝင်လာသည်ကို မြင်သည်နှင့် လေးယောက်စလုံး ပါးစပ်ကို တစ်ပြိုင်နက်လိုလို ပိတ်သွားခဲ့ကြသည်။ 

“ အဖေ… သားကို ရှာနေတယ်ဆို..”
ရှောင်ယွင် အပြုံးတစ်ခု ဖြင့် မေးလိုက်ကာ အရှေ့တိုးလှမ်းလာခဲ့ သည်။ 

ရှောင်ကျန်းလည်း ပြန်လည် ပြုံပြလိုက်ပြီးနောက် ခေါင်းကို ညိတ် လိုက်သည်။ အကြီးအကဲသုံးယောက်ကိုလည်း တစ်ချက်ကြည့် လိုက်ပြန်သည်။ ထိုနောက် ခဏမျှ အချိန်ယူဟန်ဖြင့် ရှိနေပြီးမှ အသံကို နှိမ့်ကာ မေးလိုက်သည်။ 

“ သားက ဆရာအိုတစ်ယောက်ကို တွေ့ခဲ့ရတယ်မလား.. ”

“ ဟုတ်ကဲ့.. ”  
သူ ခေါင်းညိတ်လိုက်သည်။ ရှောင်ကျန်း ဘယ်သူ့ကို ပြောမှန်း သူသိပါသည်။ 

“ သူ ဘယ်ကလာတာလဲဆိုတာရော သားသိလား..? ”
ရှောင်ကျန်း တိုးတိုး မေးလိုက်ပြန်သည်။

“ သူ့ကို သားက သိတာ အချိန်မကြာသေးပါဘူး.. သူရဲ့ ဇစ်မြစ်ကို သား ဘယ်လိုလုပ်သိမှာလဲ.. ”

ဒါကတော့ ရှောင်ယွင် အရိုးသားဆုံး ပြောလိုက်တာပါ။ တကယ်လည်း ရွဲ့လော် ဘယ်ကလာသလဲဆိုတာ သူ မသိသေးပါဘူး။ 

“ ဒါပေမဲ့ သူက မှော်ဆေးပညာရှင်ဆိုတာတော့ သားသိပါတယ်.. ”

ရှောင်ယွင် ပြုံးလိုက်ကာ ထပ်ဖြည့် ပြောလိုက်သည်။ 

“ ပေါက်ကရတွေ.. ”

ရှောင်ကျန်း စိတ်ပျက်သွားဟန်ဖြင့် ရှိသွားပြီး ရှောင်ယွင်ကို အပျော်သဘောဖြင့် ဆူလိုက်သည်။

ထို့နောက် ရှောင်ကျန်း ခေါင်းကို ယမ်းခါကာ ရယ်မောလိုက်သည်။ စိတ်ကောင်းဝင်နေသည်ဖြစ်ဆဲဖြစ်၍  ရှောင်ယွင်ကို ရွဲ့လော်အကြောင်း မေးခွန်းများ ထပ်မေးပြန်သည်။ ရှောင်ယွင်ကလည်း ပေါသလို ကြောင်သလို လုပ်၍ မေးခွန်းများကို ရေရေရာရာ မဖြေလေရာ နောက်ဆုံးတွင် ရှောင်ယွင်ထံမှ ဘာအဖြေမှ  မရလိုက်ကြချေ။ 

“ ခွေးကောင်လေး.. မင်းဟန်ဆောင်နေတာလားဆိုတာတောင် ငါမမှန်းတတ်တော့ဘူး.. ”

လုံးဝကြီးကို မာနကြီးသူတစ်ယောက်လို လုပ်ဆောင်ထားသော ရှောင်ယွင်ကို ကြည့်ကာ ရှောင်ကျန်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်း ဘယ်ညာ ယမ်းနေမိတော့သည်။ ထို့နောက် လက်ကို ဟန်ပါပါဖြင့် ရှောင်ယွင်ကို ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။ 

“ထားလိုက်တော့.. သွားပြီး လုပ်စရာရှိတာ ဆက်လုပ်ချေတော့.. အဲ့ဒီဆရာသမားနဲ့ တွေ့သေးရင် လုံးဝ စိတ်အနှောင့်အယှက်ဖြစ် အောင် မလုပ်လာနဲ့ဦး.. ရှောင်ကလန်ရဲ့ အနာဂတ်က အဲ့ဒီဆရာ အပေါ်မှာ မူတည်နေတယ်..”

ရှောင်ယွင်လည်း ပခုံးကို တွန့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ ဟမ်… ရှောင်ယွင်.. မင်းရဲ့ အရှိန်အဝါတွေက ဘာလို့ အားကောင်းနေသလို ဖြစ်နေပါလိမ့်..”

ရှောင်ယွင်ကို ငေးကြည့်နေသော ပထမအကြီးအကဲသည် ရုတ်တရက် မေးလိုက်သည်။

ပထမအကြီးအကဲ၏ စကားကြောင့် ရှောင်ကျန်းလည်း ရှောင်ယွင်ကို ပြန်ကြည့်လိုက်သည်။ သူသည် ရှောင်ယွင်ကို သေသေချာချာ စူးစိုက်ကြည့်နေကာ ထို့နောက် သူ့ပါးစပ်က တဖြည်းဖြည်း ဟသွားပြီး အံ့သြနေသော လေသံဖြင့် မေးလိုက်သည်။ 

“ မင်း.. ဒိုကျဲအဆင့်ကို ရောက်နေပြီးလား.. ”

ဒီစကားကြောင့် ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့မှာ ပါးစပ်မေးရိုးများ အောက်ပြုတ်ကျသွားသည့်အလား အဟောင်းသား ဖြစ်သွားသည်။ သူတို့အရှေ့က လူငယ်ကိုလည်း မယုံနိုင်စွာ ကြည့်လိုက်ကြသည်။ 

“ အဟမ်း.. ”
ရှောင်ယွင်လည်း ခေါင်းကို ကုတ်လိုက်မိပြီး လက်နှစ်ဖက်ကိုလည်း ပွတ်သပ်မိပြန်သည်။း 

“ ကျွန်တော်ထင်တာက ပုံမှန်လေ့ကျင့်ခန်းလုပ်နေလို့ အဆင့်တက်သွားတာ ဖြစ်ပါလိမ့်မယ်.. ”

ရှောင်ကျန်း မျက်လုံးပြူးသွားပြန်သည်။ ရှောင်ယွင်၏ တိုးတက်မှု ကိုလည်း အံ့သြလွန်းမက ရှိနေဆဲပါ။ ရယ်ရမလို ငိုရမလိုလို ဖြစ်နေမိကာ ရှောင်ယွင်၏ လေ့ကျင့်ခန်းက ဘယ်လို လေ့ကျင့်ခန်းမျိုးများ ဖြစ်နေမလဲဆိုတာ ကိုပင်  တွေးမိလိုက်၏။

အရင်တစ်ချိန်ကလည်း ရှောင်ယွင်၏ မယုံနိုင်စရာ လုပ်ဆောင်ချက်များကြောင့် ရှောင်ကျန်း အံ့သြမှင်သက်ခဲ့ဖူးသည်။ 

ထို့နောက် ရှောင်ကျန်းလည်း မျက်နှာကို အတင်းပြုံးလိုက်ပြီး လက်ကိုလည်း ဝှေ့ကာယမ်းကာဖြင့် ပြောလိုက်သည်။ 

“ အင်း .. အဆင့်တက်သွားတာ ကောင်းတယ်.. အချိန်ရရင် အဆင့်စစ်ဆေးတဲ့ အဖွဲ့ဆီသွားပြီး အဆင့်တံဆိပ် သွားယူလိုက်ဦး ”

ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်သည် ကျီစယ်လိုဟန်ဖြင့် ကော့ညွတ်တက်လာကာ 

“ ဒါဆို သား အခု သွားလို့ရပြီးလား.. တကယ်ပြောရရင် သားက လေ့ကျင့်ခန်းပဲ လုပ်နေပြီးတော့ အဆင့်က တက်သွား..သွား…  ”

“ မင်းသွားလို့ ရပြီး.. ” 

ရှောင်ကျန်း စိတ်ပျက်ဟန်ဖြင့် တမင်တကာ ဆူငေါက်ပြောလိုက် သည်။ 

ဒီကောင်လေးကတော့ လူတွေကို တကယ်ပဲ ဒေါပွလာအောင် လုပ်တတ်တယ်..မင်းအရှေ့မှာ ရှိနေတဲ့ အကြီးအကဲသုံးယောက်က ဒိုကျဲအဆင့်တက်ဖို့ ချီဝဲကတော့ပုံစံဖြစ်အောင် စုစည်းရတာကို နှစ်ခါတိတိ ရှုံးနိမ့်ခဲ့ဖူးတယ်ဆိုတာ မင်း တကယ်မသိတာလားဟ

မျက်နှာခပ်တည်တည်ဖြင့် ရှိနေကြသော အကြီးအကဲသုံးယောက်ကို ကြည့်ကာ ရှောင်ယွင်က ပြုံးဖြီးဖြီးဖြင့် သွားပေါ်အောင် ရယ်လိုက် သည်။ ရှောင်ကျန်းက နောက်တစ်ကြိမ်အော်ငေါက်မှသာ စာဖတ်ခန်းကနေ ကမန်းကတန်း ပြေးထွက်သွားတော့သည်။

လူငယ်လေး၏ ရယ်သံများ တဖြည်းဖြည်းပျောက်ကွယ်သွားမှသာ အကြီးအကဲသုံးယောက်သည် ခပ်တည်တည်လုပ်ထားသော မျက်နှာကို ဖြေလျော့လိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက် လည်း ကြည့်လိုက်ကြကာ မအီမသာ ဖြစ်နေသော မျက်နှာများဖြင့် ရယ်မောလိုက်ကြသည်။

Chapter 77

အပိုင်း ( ၇၇ ) - ဆေးအမယ်ထောက်ပံ့မှုကို ဖြတ်ချခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
Translated by Kaung Myat

 ပထမတန်းလေလံအိမ်… ဧည့်သည်လက်ခံရာ ဧည့်သည်စောင့်ခန်း တွင် ဖြစ်သည်။ 

စားပွဲခုံ၏ ထိပ်နေရာတွင် ကျောက်စိမ်းပုလင်းဗူးလေးတစ်လုံး ရှိနေ ကာ ၎င်းအတွင်းတွင် ဆေးလုံးတစ်လုံးက ငြိမ်သက်စွာ ရှိနေသည်။ ချောမွတ်ကာ လုံးဝန်ပြီး တောက်ပသော ဆေးလုံးတစ်လုံး ဖြစ်ပြီး မွှေးပျံ့သော ရနံ့က အခန်းအတွင်းတွင် မွှေးကြိုင်နေရာ အခန်းအတွင်းရှိ လူအားလုံး၏ စိတ်အာ၇ုံကို ဆွဲဆောင်နေလျက် ရှိသည်။ 

ပထမတန်းလေလံအိမ်၏ ခေါင်းဆောင်နှစ်ယောက်ဖြစ်သော ရဖေးနှင့် ကုနီတို့ နှစ်ယောက်သည်လည်း ဆေးလုံးကို ငေးကြည့် နေရင်း မျက်နှာများတွင်လည်း ဝမ်းသာပျော်မြူးနေသည့်ဟန်က ထိန်းမရလောက်အောင် ဖြစ်ပေါ်နေသည်။ 

အနက်ရောင်ဝတ်ရုံအတွင်းမှာ ရှိနေသည့် ရှောင်ယွင်သည် သူအရှေ့တွင် ရှိနေပြီး သူ့ကိုပင် မေ့လုနီပါးဖြစ်နေသော ရဖေးနှစ်ယောက်ကို ကြည့်ပြီး သဘောမကျသလိုဖြစ်ကာ စိတ်ထဲမှာလည်း သရော်လိုက်မိသည်။ 

“ ဟားဟား.. ရွဲ့လော်က ချီစုစည်းဆေးလုံးကို ဖော်စပ်ထားတဲ့နေရာမှာ အရည်အသွေးလျှော့ထားတဲ့ ဆေးအမယ်တွေပဲ သုံးထားတာ သိကြရင် ဒီမျက်နှာတွေ ဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ မသိဘူး.. ”

အခု ရှောင်ယွင်ယူလာသည့် ချီစုစည်းဆေးလုံးသည် သူကိုယ်တိုင် သုံးစွဲသည့် ဆေးလုံးထက် တော်တော်လေးကို အရည်အသွေးနိမ့် ပါသည်။ ရွဲ့လော် စိတ်မပါ့တပါ့ ဖော်စပ်ထားသော ဤဆေးလုံးက ရဖေးနှင့်ကုနီတို့ နှစ်ယောက်ကို အတော်လေး အံ့သြမင်သက်စေသည်မှာ ရယ်ချင်စရာကောင်းနေသည်။ 

“ အိုး.. လူကြီးမင်း.. ခင်ဗျားရဲ့ မှော်ဆေးပညာရပ်ကတော့ တကယ့် ကို အံ့မခန်းပါပဲ.. လူကြီးမင်းဖော်စပ်ထားတဲ့ ချီစုစည်းဆေးလုံး ကတော့ အဆင့်၅ မှော်ဆေးပညာရှင်ဖော်စပ်ထားတာနဲ့တောင် ယှဉ်လို့ ရနေပြီး.. ”

ကုနီတစ်ယောက် အစိမ်းဖျော့ဖျော့အရောင် ဖြစ်နေသော ဆေးလုံးကို စိတ်ပါလက်ပါဖြင့် ချီးကျူးနေသည်။ 

အနက်ရောင်ဝတ်ရုံအတွင်းမှ အိုမင်းသော အသံက ထွက်ပေါ် လာသည်။ 

“ ကဲပါလေ.. ဒီချီစုစည်းဆေးလုံးကို လက်ခံပေးပါ.. အကူအညီတွေ အများကြီး ယူထားပြီးတော့ ဒါကို  ကျေးဇူးတင်တဲ့အနေနဲ့ပါ.. မဟုတ်ရင် ကျုပ်တော့ ကိုယ့်လိပ်ပြာကိုယ်လုံမှာ မဟုတ်ဘူး.. ”

“ ဟားဟား လူကြီးမင်ကတော့ အရမ်းကို ကြင်နာတတ်တာပဲ.. လူကြီးမင်းက ဒီမှာ ဧည့်သည်တစ်ယောက်ပါ.. ကျွန်မတို့နဲ့ လူကြီးမင်းကြားထဲက အပေးအယူဆိုတာကလည်း မိတ်ဆွေ အချင်း ချင်းကြားထဲက အပေးအယူမျိုးပါ.. .. ” 

ရဖေးသည် ပြုံးရင်း ကျေးဇူးတင်စကားဆိုကာ ကျောက်စိမ်းလက်ကလေးလို လှပသည့် သူမလက်က ဆေးဗူးလေးကို လှမ်းယူလိုက်သည်။ 

ထိုအခါ ရွဲ့လော်သည် စကားမပြောမိအောင် အောင့်အည်းနေလိုက် သည်။ ရွဲ့လော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှောင်ယွင်သည် လည်း စိတ်ထဲမှာ တော်တော်လေးကို ချဉ်သွားသည်။ သူမပြော သည့်အတိုင်းသာ တကယ်ဆိုရင် ပထမတန်းလေလံအိမ် သည် ယခုအချိန်တွင် မွဲပြာကျသွားနေလောက်ပါပြီး။ 

ထို့နောက် ရှောင်ယွင်သည် စာရွက်အပိုင်းတစ်ခုကို ထုတ်လိုက်ပြီး ရဖေးကို ကမ်းပေးလိုက်ပြီး အိုမင်းသော လေသံဖြင့်

“ ငါ့အတွက် ဒီဆေးအမယ်တွေ ကူရှာပေးပါဦး.. ”  ဟု ပြောလိုက်သည်။ 

ရဖေးသည် စာရွက်အပိုင်းကို သွက်လက်စွာ ယူလိုက်ကာ အလျင်အမြန်ပင် ဖတ်ရှုလိုက်ပြီးနောက် ပြုံးပြီး ခေါင်းညိတ်လိုက် သည်။ ပထမအကြိမ်ပြီးနောက် သူမသည် နောက်တစ်ခါ တုံ့ဆိုင်းနေခြင်း မရှိတော့ပါဘူး။

ရဖေးသည် အစေခံကောင်းမလေးတစ်ယောက်ကို လက်ယပ်ခေါ် လိုက်ကာ စာရွက်ကို သူမအား ပေးလိုက်သည်။ ဆေးအမယ်တွေကို ဖြစ်နိုင်သမျှ မြန်မြန်စုဆောင်းပေးဖို့လည်း မှာကြားလိုက်သည်။

ရှောင်ယွင်သည် လက်ထဲက လက်ဖက်ရည်ပန်းကန်ထဲက ရေနွေးကို စုပ်သောက်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ရွဲ့လော်၏ အသံက ထွက်ပေါ်လာသည်။

“ မိန်းကလေးရဖေး.. ငါ့မှာ မေးစရာ မေးခွန်းတစ်ခုရှိတယ်..”

အနက်ရောင်လူကြီးက စကားစပြောလာသောကြောင့် ရဖေးသည် ပြုံးလိုက်ကာ ချိုသာစွာဖြင့် ပြန်ဖြေလိုက်သည်။ 

“ ပြောပါရှင်.. ”

“ ဂျားလီကလန်က ဆေးအမယ်တွေကို ဒီမှာပဲ လာဝယ်တယ် မလား..? ”

ဒီမေးခွန်းကို ကြားလိုက်ရသည့်အခါတွင် ရဖေး၏ ရင်ထဲတွင် အနည်းငယ်တင်းကြပ်သွားကာ သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာမှာတွင်လည်း အနည်းငယ်ပြောင်းလဲသွားချေ၏။ ကုနီဆီကို လည်း မသိမသာ ကြည့်လိုက်ပြန်သည်။ ထို့နောက် တိုးတိတ်စွာ တွေဝေနေပြီးနောက် ပြန်ကာ ဖြေလေ၏

“ အရင်ရက်တုန်းကပဲ ဂျားလီကလန်ကနေ အနာကျတ်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်တဲ့ ဆေးအမယ်တွေ တစ်သိန်းဖိုးလောက် လာဝယ်သွားပါသေးတယ်.. ”

ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီးနောက် ရွဲ့လော်၏ အသံကား ရုတ်တရက် တိတ်ဆိတ်သွားသည်။ 

အနက်ရောင်လူကြီး၏ ရုတ်တရက် တိတ်ဆိတ်သွားသော အနေအထားကြောင့် ရဖေး၏ ရင်ထဲတွင် အနည်းငယ် တင်းကြပ်မှု များ ခံစားရလေ၏။ သူမအရှေ့က လူကြီးသည် ရှောင်ကလန်ကို ကူညီဖို့ လုပ်ဆောင်နေမှန်း..သူမ အစောကတည်းက ရိပ်မိနေပြီး သားပါ။ တဖန် သူမတို့ လေလံအိမ်ကလည်း ဂျားလီကလန်ကို ဆေးအမယ်အမြောက်အများ ရောင်းနေခဲ့သည် မဟုတ်လား.. ။ ထိုလူကြီး၏ စိတ်နေသဘောထားကို သူမ မသိပေမဲ့လည်း ကြည့်ရသည့်ပုံမှာ ထိုလူကြီးသည် လေလံအိမ်ကိုပင် မကျေမနပ် ဖြစ်လာမည့် သဘောရှိသည်။ 

ခန်းမအတွင်းရှိ အနေအထားမှာ တဖြည်းဖြည်းဖြင့် စိတ်လေးလံစရာ ကောင်းလာတော့သည်။ တိတ်ဆိတ်စွာ ထိုင်နေသည့် အနက်ရောင် လူကြီးကို ကြည့်ကာ ရဖေး စိတ်ထဲ ဂယောက်ဂယက် စတင်ဖြစ်လာ သည်။ ကုနီသည် အကြည့်ဖြင့်သာ သူမ အဆက်မပြတ် မတားနေဘူး ဆိုရင် သူမ အစောကြီးကတည်းက ဖွင့်မေးလိုက်နေပြီး ဖြစ်သည်။ 

“ ပြီးခဲ့တဲ့ အခေါက်က ကျုပ် ဆေးအမယ်တွေ အများကြီးဝယ်သွား တာ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ နှစ်ယောက်လည်း ရိပ်တော့ ရိပ်မိနေမှာပါ.. ”

အချိန်အတော်ကြာအထိ တိတ်ဆိတ်နေမှုကို ရွဲ့လော်၏အသံက ဖြိုခွဲကာ ထွက်ပေါ်ခဲ့သည်။ 

နီရဲံသွေးလွှမ်းသော သူမနှုတ်ခမ်းကို အသာလေး ဖိကိုက်ထားရင် ရဖေးသည် ခေါင်းကို အသာညိတ်လိုက်ကာ အသံကို နှိမ့်ပြီး ပြန်ဖြေလိုက်သည်။ 

“ ဆရာက.. ဆေးအမယ်တွေကို သန့်စင်ဖော်စပ်ပေးပြီး ရှောင်ကလန်ကို အနာကျက်ဆေးတွေ အကူအညီပေးချင်လို့ မဟုတ်လား.. ? ”

“ ငါ ဒီကို မလာခင်တုန်းက ရှောင်ကလန်ဆီကို ဝင်ပြီး အနာကျတ် ဆေးတွေ လွှဲအပ်ခဲ့တယ်.. ”

ရွဲ့လော် ခေါင်းကို ညိတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက် သည်။ 
“ နောက်နှစ်ရက်ကျရင် ဝူတန်မြို့ထဲမှာ ရှောင်ကလန်နဲ့ ဂျားလီ ကလန်တို့ အနာကျက်ဆေးတွေနဲ့ တိုက်ပွဲ အပြိုင်အဆိုင် ဖြစ်လာ ကြတော့မယ်. ”

ရွဲ့လော်ပြောလိုက်သည့် စကားကြောင့် ရဖေးလည်း အဘယ်ကဲ့သို့ စကားပြောရမှန်း မသိ၍ကာ ခပ်မဆိတ်ပဲ ဆက်နေလိုက်သည်။ 

“ အသက်ကယ်ဆေးတွေ အနာကျတ်ဆေးတွေ ထုတ်လုပ်ရောင်းချဖို့ ဆိုတာ အဆင့်နိမ့် ဆေးအမယ်တွေ အများကြီးလိုတယ်.. ဝူတန်မြို့ မှာ ဘယ်ဆေးဆိုင်ကမှ ပထမတန်းလေလံအိမ်လို ဆေးအမယ် အမြောက်အများကို ထုတ်ရောင်းပေးနိုင်ကြမှာ မဟုတ်ဘူးလေ..  ”

စကားတစ်ခွန်းမှ မဆိုသော ရဖေးကို ကြည့်ပြီး ရွဲ့လော်သည်လည်း သူ့ကိုယ်သူ ပြောသည့်ဟန်ဖြင့် ဆက်ဆိုလိုက်သည်။  

“ အနာကျက်ဆေးပြိုင်ပွဲတွေမှာ နောက်ပိုင်းအခါကျရင် ဆေးအမယ်တွေ ဈေးနှုန်းနဲ့ အရည်အသွေးကို အသာထား.. ဆေးအမယ်တွေ လုံလုံလောက်လောက်ရဖို့ကိစ္စက အချက်အချာ ဖြစ်လာလိမ့်မယ်. ”

“ အဲဒါကြောင့် အခုအချိန်ကစပြီး ပထမတန်းလေလံအိမ်အနေနဲ့ ဂျားလီကလန်ကို ဆေးအမယ်တွေ ရောင်းနေတာကို ငြင်းလိုက်ပါ..”

ရွဲ့လော်က ထိုစကားကို ပြောလိုက်သလို ရှောင်ယွင်ကလည်း  အနက်ရောင်ဝတ်ရုံကို ဖောက်ထွင်းကာ မြေခွေးမဝိညာဉ်ကဲ့ သို့ လှပစွာသော ရဖေးကို စူးစိုက်ကြည့်လိုက်သည်။ နောက်ထပ် နှစ်လအချိန်အတွင်းမှာ သူသည် ၀ူတန်မြို့ကနေ ထွက်ခွာရတော့ မည်။ ထိုအချိန်အတောအတွင်း ဂျားလီကလန်ကို အနိုင်ယူဖို့ အတွက် သူ့အဖေကို ကူညီသွားရမည်။ ထို့မှသာ ရွဲ့လော်နှင့်အတူ လေ့ကျင့်ရေးခရီးရှည်ကို စိတ်အေးချမ်းစွာဖြင့် ထွက်ခွာလို့ နိုင်မည်။ 

ရွဲ့လော်၏ စကားများကို ကြားရသည့်အခါ ရဖေး၏ ဆွဲဆောင်မှုရှိ သောမျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားလေ၏။ ထို့နောက် အခက်တွေ့ဟန်ဖြင့် သူမက ပြန်ပြောလိုက်သည်။ 

“ ဆရာရယ်.. ကျွန်မတို့ ပထမတန်းလေလံအိမ်က စည်းကမ်းတစ်ခု ရှိပါတယ်.. ကလန်အချင်းချင်းကြားထဲက ပြဿနာတွေထဲမှာ ဝင်မပါဖို့ တားမြစ်ထားတာပါပဲ.. ဆရာ့ရဲ့ တောင်းဆိုချက်ကို ကျွန်မ တို့ သဘောတူလိုက်မယ်ဆိုရင် ဒါက ရှောင်ကလန်ကို ကျွန်မတို့ သွယ်ဝိုက် ဘက်လိုက်သွားသလို ဖြစ်သွားမှာပဲ.. ဒါဆိုရင် စည်းကမ်း နဲ့ မညီတော့ဘူး… ”

“ မင်းအတွက် ချီစုစည်းဆေးလုံး နှစ်လုံးကို အလကား သန့်စင်ဖော်စပ်ပေးမယ်.. ”

ရွဲ့လော်သည် သည်အတိုင်းပင် ပြောလိုက်သည်။ 

“ ဆရာရယ်.. ဆေးက ပြဿနာမဟုတ်ပါဘူး.. တကယ့်ကို.. ”

ချီစုစည်းဆေးလုံး၏ ဆွဲဆောင်မှုကတော့ ရဖေး၏ ဖြူဖွေးသော လက်ကိုပင် တုန်ယင်သွားစေခဲ့သည်။ သို့ပေမဲ့ သူမက ဆက်လက်ပြီး ငြင်းနေလိုက်သည်။ 

“ ၃ လုံးဆိုရင်ရော…? ”

“ ဆရာ.. ” 

ရဖေးသည် အတင်းပင် ပြုံးထားနေရတော့သည်။ ဘေးနားတွင်ရှိ ကုနီ၏ မျက်နှာသည် အတော်ပင် ပျက်ယွင်းနေပါပြီး။ 

ချီစုစည်းဆေးလုံး သုံးလုံးတောင်မှလား..? အနည်းဆုံး ရွှေဒင်္ဂါး ၅ သိန်းလောက် တန်ဖိုး ရှိနေပြီးမလား.. ?

“ ၅ လုံး. ”

ပေါ့ပါးအေးဆေးသော အသံသည် ရဖေး၏ နှလုံးသားအောက်ခြေ ကို အောက်ကနေ လှန်ပစ်လိုက်သလို အကြင်နာမဲ့စွာ ရိုက်ချလိုက် သကဲ့သို့  ရှိနေပေသည်။ 

“ ဟူးး..”

ရဖေး၏ ကြီးမားလှပသော မျက်ဝန်းကို မှိတ်ချလိုက်ကာ လေအေးအေးအား တဝရှုသွင်းလိုက်သည်။ ထို့နောက် အချိန် အတော်ကြာအထိ ရှိနေပြီးမှ သူမမျက်လုံးအား ရုတ်ခြည်းဖွင့်လိုက်ကာ မချိသာစွာ ရယ်လိုက်ပြီးနောက် ပြောလိုက်သည်။ 

“ ဆရာရယ်.. ဆရာကို အနိုင်ပေးလိုက်ပါပြီး.. ဒီနေ့ကစပြီး.. ပထမတန်းလေလံအိမ်က ဂျားလီကလန်ကို ဘယ်ဆေးအမယ်ကိုမှ မရောင်းပေးတော့ပါဘူး.. ”

“ မိန်းကလေးရဖေးရဲ့ ဆုံးဖြတ်ချက်ကတော့ ငါထင်ထားတာထက် တောင် အတော်လေးကို ကောင်းမွန်တာပဲ.. နောက်တစ်လကျရင်
ဆေးလုံးကို ယူလာခဲ့ပေးမယ်.. ပထမတန်းလေလံအိမ်ကသာ ငါ့ကို စိတ်မပျက်ပါစေနဲ့..”

“ ဆရာ.. စိတ်အေးအေးသာ ထားပါ.. ဘယ်သူက အရေးကြီးလဲ .. ဘယ်သူက အရေးမကြီးဘူးလဲ ဆိုတာ ရဖေး ကောင်းကောင်းသိပါ တယ်.. ”

ရဖေးသည် လေလံအိမ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် လာခဲ့သည်မို့ မည်သည့်ကိစ္စတွင်မဆို သူမသည် အလျင်အမြန် တည်ငြိမ်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။ ဂျားလီကလန်နှင့် အဆင့်၎ မှော်ဆေးပညာရှင်ဟု အနိမ့်ဆုံး  ယူဆရသော လူတို့၏ နှစ်ယောက်ကြားမှာ နှိုင်းယှဉ်တွေးစရာ မလိုပါဘူး။ ရွေးချယ်မှုက ခက်ခဲသော အရာမဟုတ်ပေမဲ့ ဘယ်အချိန်မှာ အကျိုးအမြတ်အများဆုံးရအောင် ရွေးချယ်ရသည်က အခက်အခဲဆုံးဖြစ်သည်။ ယခုလို အကျိုးအမြတ် ရလိုက်၍ ရဖေးသည် အင်မတန်ကို စိတ်ကျေနပ်သွားခဲ့သည်။

Chapter 76

အပိုင်း ( ၇၆ ) - အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း..
Battle Through The Heavens

တိတ်ဆိတ်နေသော အစည်းအဝေးခန်းမတွင် ပူလောင်တောက် လောင်နေသော အကြည့်များဟာ စားပွဲပေါ်ရှိ  ဆေးပုလင်း ငယ်ပေါင်း တစ်ထောင်ကျော်အား မမှိတ်မသုန် ငေးကြည့် နေကြသည်။ ခန်းမ အတွင်းရှိ မည်သူမှ ထိုလောက်များပြားသော ဆေးပုလင်ပေါင်းများ စွာကို မြင်ဖူးကြသည်မဟုတ်ပေ။

ရှောင်ယုမှာ သူမဘာသာ မသိလိုက်ဘဲ ပန်းနုရောင်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ အများနည်းတူစွာ သူမလည်း ဆေးပုလင်းကို ငေးကြည့်နေသည်။ မကြာခင်မှာပဲ သူမဟာ ခေါင်း ကို ယမ်းခါလိုက်ပြီး တောက်ပသော မျက်လုံးဖြင့် အနက်ရောင်ဝတ် ရုံနှင့်လူကို တစ်ခါ ပြောင်းကြည့်လိုက်ပြန်သည်။ 

ပြတင်းပေါက်အနားတွင် ထိုင်နေသာ အစိမ်းရောင်ဝတ် မိန်မပျိုလေး ဟာ သူမ၏ ဆောင်းဦးရေကြည်လို ကြည်လဲ့နေသော မျက်ဝန်းတွင် အံ့သြခြင်းများစွာဖြင့် စားပွဲပေါ်ရှိ ဆေးပုလင်းများကို ကြည့်နေပါ သည်။ အနက်ရောင်အ၀တ်နှင့်လူကြီးကိုလည်း တဖန် ပြန်ကြည့် လိုက်သည်။ သံသယဖြစ်စရာ အရိပ်အယောင်တစ်ခုကိုမှ မတွေ့၍  ရှင်းအာသည် လက်ထဲက စာအုပ်ကိုပဲ ပြန်ကြည့်လိုက်တော့သည်။ 
ခန်းမသည် အတော်လေး တိတ်ဆိတ်နေဆဲ ရှိနေတုန်းပင်။ အနက် ရောင်အ၀တ်လူကြီးသည် ချောင်းကို အသာလေးဟန့်လိုက်ကာ ချောင်းဟန့်အသံဖြင့် သူအနားရှိ ရှောင်ကျန်းကို လှုပ်နှိုးလိုက်သည်။
“ အာ.. ”

ရှောင်ကျန်းလည်း မျက်နှာပူသွားကာ အနေရခက်စွာဖြင့် ရယ်လိုက် သည်။ အနက်ရောင်မှော်ဆေးပညာရှင်ကို ကြည့်သည့် သူ့အကြည့် မှာလည်း လေးစားသည့်အရိပ်အယောင်မှာက ပိုလေးနက်လာ သယောင် ရှိလာသည်။ ဘယ်မှော်ဆေးပညာရှင်တိုင်းကမှ ဒီလောက် များပြားသော ဆေးပုလင်းပေါင်းထောင်ကျော်လောက်ကို အေးအေးဆေးဆေး ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။

“ လူကြီးမင်း.. ရှောင်ကလန်ရဲ့ လက်ရှိအခြေအနေကိုလည်း လူကြီးမင်းသိသင့်ပါတယ်.. ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ စီးပွားရေးအခြေအနေကို ပြန်ဆွဲတင်နိုင်ဖို့ အနာကျက်ဆေးကို ကျွန်တော်တို့ လိုအပ်ပါတယ်.. အခု ကျွန်တော်တို့ အလိုအပ်ဆုံး ဖြစ်နေတဲ့ အနာကျက်ဆေးကို ပေးလိုက်တဲ့ လူကြီးမင်းရဲ့ အကူအညီက တကယ်ကို မထင်မှတ်စရာပါပဲ..”

ရှောင်ကျန်းက အံ့အားသင့်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် စကားကို ဆက်ပြောနိုင်ခဲ့သည်။

“ ဒီလိုဆို ဘယ်လိုသဘောရလဲ.. ဆေးရောင်းမဲ့ကိစ္စကို ကျွန်တော် တို့ ရှောင်ကလန်က တာဝန်ယူမယ်.. ရောင်းရတဲ့ငွေကို လူကြီးမင်း က ၉၀ ရာခိုင်နှုန်းယူ.. ကျွန်တော်တို့က ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို ယူမယ်.. ဒီလိုလုပ်တာဟာ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုနေသလို ဖြစ်နေမယ် ဆိုပေမဲ့ ကျွန်တော်တို့အတွက် လည်း တချို့အရာတွေ ဆောင်ရွက်ဖို့အတွက် ပိုက်ဆံ နည်းနည်း လိုနေလို့ပါ.. လူကြီးမင်း ဘယ်လိုသဘောရလဲ.. ”

သူ့ရဲ့ အဆိုပြုချက်ကို အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် ရှောင် ကျန်းသည် အနက်ရောင်ဝတ်ရုံနှင့်လူကြီးကို စိတ်လှုပ်ရှားစွာ ကြည့် နေမိသည်။ သူပြောလိုက်သည့် သတ်မှတ်ချက်နှင့် ပတ်သတ်ပြီး မှော်ဆေးပညာရှင် စိတ်ကျေနပ်မှု မရှိမှာကို စိုးရိမ်နေသည်။ အခုလက်ရှိ ရှောင်ကလန်အနေဖြင့် ဤ ထူးခြားသော မှော်ဆေးပညာရှင်ကိုသာ အပြည့်အ၀ အားကိုးနေရပြီ မဟုတ်လား။ 

“ ဟားဟား.. ”

အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ရယ်မောလိုက်ပြီး ခေါင်းကိုလည်း ခါယမ်းလိုက်သည်။

ထိုအပြုအမူကို မြင်သောအခါ ရှောင်ကျန်းသည် မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူသည် ၁၀ ရာခိုင်နှုန်းကို လက်လွှတ်ဆုံးရှုံးရတော့မည်ဟန် ရှိနေသည်။ ထိုလူကြီး၏ ရယ်မော သံသည် သူ့ကို တွေဝေသွားစေကာ စိတ်ဓာတ်လုံးဝ ကျသွားစေခဲ့သည်။ 

“ ရှောင်ခေါင်ဆောင်းကတော့ အရမ်းကို သဘောကောင်းတာပဲ.. ဆေးကို ကျွန်တော်က ဖော်စပ်ထားတယ်ဆိုတာ မှန်ပေမဲ့ ဆေးရောင်းတာကလည်း လွယ်တဲ့အလုပ်မှ မဟုတ်တာ.. အဲ့ဒါကိုမှ ငါဘာလို့ အမြတ်များများယူရမှာလဲ.. ဒီလိုလုပ်..၅၀-၅၀ စီယူကြမယ်.. ဘယ်လိုလဲ..ဟားဟား.. ”

အနက်ရောင်ဝတ်ရုံနှင့်လူကြီးအသံဆုံးသွားသောအခါ မူလက စိုးရိမ်ကြောင့်ကြနေသော အကြီးအကဲသုံးယောက်နှင့် အခြားသော ကလန်ထဲက လူများသည် အထိတ်တလန့်ဖြစ်ကြကာ ပါးစပ်ကြီးဟ အံ့သြသွားကုန်ကြသည်။ အချိန်အတော်ကြာမှ နားရွက်ကို ဆွဲဆိတ် လိုက်ကြပြန်သည်။ သူတို့ ကြားလိုက်ရသည်မှာ အကယ်ပဲလား.. ၅၀-၅၀ တဲ့လား..? ဒီလူကြီးမင်းက.. သူက တကယ်ပဲ ရှောင်ကလန် ကို တကယ်အရေးထားတာပါလား.. အခုလို အခြေအနေမှာ သူက အကျိုးအမြတ်ရောင်းရငွေ အကုန်လုံးကို ယူမယ်ဆိုရင်တောင် ရှောင်ကလန်အနေနဲ့ ဘာမှာ အတွန့်တက်ရဲမှာ မဟုတ်ပါဘူး။

“ ဒါက မိုးကောင်းကင်ကနေ အသားတုံးကျလာတာပဲ.. ”
အာမေဋိတ်အသံများ အားလုံးကိုယ်စီရဲ့ ရင်ထဲမှာ မြည်ဟီနေခြင်း ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက်လည်း ကြည့်လိုက်ကြ၏။
အချိန်ကလေး အတော်ကြာမှ ရှောင်ကျန်းလည်း သတိလက်လွတ် ဖြစ်နေရာကနေ ပြန်လည်တည်ငြိမ်လာခဲ့သည်။ အသက်ပြင်းတစ် ချက်ကို မှုတ်ထုတ်လိုက်ကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ 

“ လူကြီးမင်း.. ခင်ဗျားရဲ့ စကားက ကျွန်တော်တို့ကို တကယ်ကို စိတ်ချမ်းသာစေခဲ့တာပဲ.. အခုလို အချိန်ကိုက်ရောက်လာတဲ့ အကူအညီအတွက်ကြောင့်လည်း ကျွန်တော်တို့အားလုံး အထူးကို ကျေးဇူးတင်နေမှာပါ..ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ခင်ဗျားဆီ ကနေ ဘာလို့ အမြတ်ကို နောက်ထပ် ပိုယူနေရဦးမှာလဲ.. ”

အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် အရေးမကြီးဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ မခိုးမခန့်လေး ရယ်မောလိုက်ပြီး 

“ ဒီလောက် အမြတ်ငွေနည်းနည်းက ငါ့အတွက် စိတ်ဝင်စားစရာ မကောင်းပါဘူးလေ.. အမှန်တိုင်းပြောရရင် အမြတ်ငွေ ၅၀ရာခိုင်နှုန်းကို တောင်ယူဖို့တောင် ပျင်းသေးတယ်.. ”

လေလုံထွားလွန်းသောစကားကြောင့် ရှောင်ကျန်းသည် ခေါင်းကို အသာယမ်းပြီး ခါးသီးစွာ ပြုံးလိုက်သည်။

“ ကဲ.. ဆေးတွေကို ရောင်းဖို့အတွက် ဒီမှာ ထားခဲ့လိုက်တော့မယ်.. တကယ်လို့ အချိန်ရရင် ၀င်လာခဲ့ဦးမယ်..”

အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ပြောလည်းပြော မတ်တပ်လည်း ရပ်ကာ ပြုံးရင်း ပြောလိုက်ပြန်သည်။

“ ငါ့မှာ တခြားကိစ္စတွေ ရှိနေသေးတယ်.. အကြာကြီးတော့ မနေနိုင်တော့ဘူး.. ရှောင်ခေါင်းဆောင်လည်း လိုက်မပို့နဲ့တော့.. စီစဉ်စရာရှိတာတော့သာ စီစဉ်ပြီး ဆေးရောင်းဖို့ပဲ လုပ်ကြတော့.. ဟား..ဟား ”

မည်သူကိုမှ အရေးမထားသော လေသံဖြင့် ပြောလိုက်ကာ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် အများအရှေ့မှာပဲ ခန်းမတံခါးဆီသို့ လျှောက်ထွက်သွားပါတော့သည်။ 

ခန်းမကနေ မထွက်ခင်မှာ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် လှမ်းနေသော ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သည်။ ခပ်ပေါ့ပေါ့လေးလည်း ရယ်မောလိုက်ကာ ပြောလိုက်သည်။

“ မသွားခင်မှာ စကားနည်းနည်းလေးတော့ ပြောသွားဦးမယ်.. ရှောင်ယွင်က တကယ်ကို အရည်အချင်းမဆိုးတဲ့ ကောင်လေး တစ်ယောက်ပဲ.. ဟား.. ဟား ဟား.. ”

အဲလိုပြောသွားသည်ကို ကြားလိုက်ရသည်အခါ ရှောင်ကျန်းသည် သူ့ခေါင်းကိုပင် ယောင်ယမ်းကုတ်လိုက်သည်။ တစ်ခုခု ပြန်ပြောမည် ကြံလိုက်သော်လည်း အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ခန်မကနေ ထွက်ခွာသွားနှင့်နေပြီးကာ တဖြည်းဖြည်းနှင့် ထောင့်ချိုးကွယ်တစ်ခု အရောက်မှာ မမြင်ရတော့ချေ။ 

ပျောက်ကွယ်သွားနှင့်သော အနက်ရောင်ဝတ်ရုံနှင့်လူကြီးကို ငေးကြည့်ကာ ရှောင်ကျန်းသည် အသက်ပြင်း ခပ်ပေါ့ပေါ့လေး ချလိုက်ပြီး ခဏအကြာမှာ အောင့်သက်သက်ဖြင့် ရယ်မောလိုက် သည်။ 

“ ကြည့်ရတာ ယွင်အာနဲ့ အဲဒီလူကြီးမင်းတို့ ဆက်ဆံရေးက သာမန်ထက်တော့ ပိုနေပြီးထင်တယ်.. မဟုတ်ရင် အဲလိုလူမျိုးက ငါတို့နဲ့လည်း မရင်းနှီးဘဲနဲ့ ဘာလို လာကူညီရမှာလဲ.. ? ”

အကြီးအကဲသုံးယောက်ကလည်း တစ်ယောက်ကို တစ်ယောက် အပြန်ပြန်အလှန်လှန် ကြည့်လိုက်ကြကာ အသက်ပြင်းကိုယ်စီချပြီး ခေါင်းညိတ်လိုက်ကြသည်။ မှော်ဆေးပညာရှင်အိုကြီး၏ ရှောင်ယွင် အပေါ် ချီးကျူးနေခြင်းသည်က ရှောင်ယွင်ကို အလေးထားလိုဟန် ရှိနေကာ ရှောင်ကလန်ကို ကူညီခြင်းဖြင့် ရှောင်ယွင်နှင့် ရင်းနှီးမှု ရလိုသည့်သဘောမှာ အတော်လေးကို ထင်ရှားနေသည်မဟုတ် လား။

အစည်းအဝေးခန်းမအတွင်းရှိ ရှောင်ယွင်နှင့် အသက်တူအရွယ်တူ လူငယ်များကလည်း အနက်ရောင်ဝတ်ရုံနှင့်လူကြီး ပြောသွားသည့် စကားကို ကြားလိုက်သည့်အခါမှာလည်း သူတို့မျက်နှာမှာ သိသိသာ သာပင် မနာလိုကြသည့်အမူအရာများ ပြသကြလေသည်။ 
ပြတင်းပေါက်အနားတွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် ခေါင်းကို စောင်းငဲ့လျက် ထောင့်ချိုးကွယ်တစ်ခု တွင် ချိုးဝင်သွားသော အနက်ရောင်ပုံရိပ်ကို ပြတင်းပေါက်ကနေ တစ်ဆင့် စူးစိုက်ကြည့်လျက်ရှိသည်။ သူမ၏ ကော့ညွတ်ရှင်းသန့် သော မျက်ခုံးကလည်း တွန့်ချိုးထားလျက်ရှိသည်။ ဖူးမှုန်နေသာ သူမမျက်နှာပေါ်မှာ သံသယအရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်နေလျက်ရှိသည်။ 

ရှောင်ကလန်ပြင်ပမှာတွင်တော့ အနက်ရောင်ဝတ်ရုံနှင့်လူကြီးသည် ဖြည်းလေးစွာဖြင့် လူသူနည်းပါးသော နေရာကို မရောက်မချင်း အရှေ့ကို ဆက်လျှောက်လာခဲ့သည်။ အနက်ရောင်ဝတ်ရုံအောက် ကနေ လူငယ်တစ်ယောက်၏ ညည်းညူအသံက တိုးတိတ်စွာ ထွက်ပေါ်နေ သည်။ 

“ ဆရာ.. အဲလို ကွန်တော့်ကို ပွဲထုတ်တဲ့ စကားတွေ ပြောဖို့ မလိုပါဘူး.. တကယ်လို့ သူတို့ ရိပ်မိသွားခဲ့ရင် ကျွန်တော်လည်း ဆရာ့ကို မကယ်နိုင်တော့ဘူး.. ”

“ ဟီဟီ.. ငါက ငါ့ခံစားချက်ကို ထုတ်ပြရုံလေးတင်ပါ.. ရှေုာင်ကျန်း သာ မင်းကို ငယ်ငယ်ကတည်းက ကောင်းကောင်း မဆက်ဆံထား ခဲ့ဘူးဆိုရင် ငါက ဘယ်လိုလုပ်ပြီ ဒီလို တပည့်ကောင်းကောင်း ရမှာလဲ.. အဲ့ဒါကြောင့်မို့ ငါက သူ့ကို ကျေးဇူးတင်နေတာ.. ”

အိုမင်းသော အသံပိုင်ရှင်က ကျီစယ်ဟန်ဖြင့် ရယ်မောလိုက်သည်။ 
“ တကယ်လို့ ငါက မင်းအဖေကို ဆေးတွေ ပေးရုံလေးတင် ပေးခဲ့လိုက်မယ်ဆိုရင် ငါက အကြံအစည်နဲ့ လာချဉ်းကပ်တယ်လို့ တောင် ထင်သွားနိုင်တယ်ကွ.. ”

ရှောင်ယွင်သည်လည်း မတတ်သာစွာ ခေါင်းကို ယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ မေးလိုက်သည်။ 

“ အခု ဘယ်ကို သွားကြမှာလဲ.. ? ”

“ လေလံအိမ်ကို သွားရမယ်ကွ.. ချီစုစည်းဆေးလုံးတွေကိုကို သွားပေးရမယ်.. ငါက အကြွေးဆိုတာကို တော်တော်မုန်းတာကွ.. ပြီးတော့ မင်းအတွက် လေ့ကျင့်ဖို့ ဆေးအမယ်တွေကို မီးရှို့ပစ်ဖို့လိုတယ်လေ.. အဲ့ဒီအတွက် တခြားဆေးအမယ်တွေကို ၀ယ်ဖို့ လိုအပ်နေပြီး..”       ဟု ရွဲ့လော်က ရွေရွတ်ပြောလိုက်ပြီး နောက် ပြုံးလိုက်သည်။

ရှောင်ယွင်သည်လည်း နားလည်သဘောပေါက်စွာ ခေါင်းညိတ် လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို မျှော်လင့်နေသည့် မျက်နှာ ကို ချိုသာစွာ ပြုံးလိုက်ကာ မေးလိုက်ပြန်သည်။ 

“ ဆရာ… အခုဆိုရင် ကျွန်တော့်ကို ကျွန်တော် အဆင့်၁ မှော်ဆေးပညာရှင်လို့ သတ်မှတ်လို့ ရနေပြီးလား…? ”

“ ကျွတ်စ်.. ကွတ်စ်.. ရက်နည်းနည်းလောက်ပဲ ဆေးအမယ်တွေ သန့်စင်ရရုံနဲ့ အဆင့်၁ ဖြစ်ပြီးလို့ ထင်နေတာလား.. အသက်ကယ် ဆေးဆိုတာ အရိုးစင်းဆုံးဆေးအမျိုးအစားပဲ.. ဒီလိုဆေးမျိုး ဖော်စပ်တတ်ရုံနဲ့ ဘာမှ အထင်ကြီးစရာ မရှိဘူးကွ.. ”

ရွဲ့လော်၏ လှောင်ပြောင်သံက ရှောင်ယွင်မျက်နှာကို အကြင်နာမဲ့စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ရှိပေသည်။ 

ရှောင်ယွင်မှာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် မျက်နှာမှာလည်း အနည်းငယ် မှုန်ကုတ်သွားကာ..

“ ဒါဆိုရင် ဘယ်တော့လောက် အဆင့်၁ မှော်ဆေးပညာရှင် တစ်ယောက်လို့ သတ်မှတ်လို့ ရမှာလဲ.. ”

“ မှော်ဆေးပညာရှင်လောကမှာဆိုရင်.. အဆင့်၁ မှော်ဆေးပညာ ရှင်ဖြစ်ဖို့ အနိမ့်ဆုံးလိုအပ်ချက်ကတော့ ဆေးလုံးအမျိုးအစား တွေကို သန့်စပ်ဖော်စပ်ပြနိုင်မှ ဖြစ်မှာ.. အခု မင်းလုပ်နေတဲ့ ဆေးအမယ်အနှစ်တွေကို ရောစပ်ပြီး ဆေးအနှစ်ရည် ဖြစ်အောင် လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူးကွ. ”

“ ကြည့်ရတာ.. အဆင့်၁ ရောက်ဖို့ အဝေးကြီးလိုသေးတာပဲ.. ”
လိုအပ်ချက်တွေကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ယမ်းလိုက်မိသည်။ ထို့နောက် မြို့ထဲရှိ လေလံအိမ်ဆီကို ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလိုက်တော့ သည်။

Chapter 75

အပိုင်း ( ၇၅ ) - စီပွားရေးကိစ္စအကြီးစား

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Batte Through The Heavens

++++++++++++++++++++

အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူတစ်ဦးဝင်လာသည် ကို ငေးကြည့်နေရင်း ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်သည် ချက်ချင်းပင် ထကာ ခရီးဦးကြိုပြုလိုက်သည်။ သွက်လက်သော ခြေလှမ်းများဖြင့် အရှေ့တိုးလာကာ ရှောင်ကျန်းသည် လေးစား သည့်အပြုံးဖြင့် မေးလိုက်သည်။ 

“ ဂုဏ်သရေရှိသော ဧည့်သည်ကြီး.. ကျွန်တော် မျိုးနွယ်ကိစ္စတွေ နဲ့အလုပ်ရှုပ်နေမိလို့ အပြင်ထွက်ပြီး မကြိုလိုက်ရတာ တောင်းပန် ပါတယ်.. စိတ်မရှိပါနဲ့ဗျာ.. ”

“ ဟားဟား..အဲ့လောက်အထိ မလိုပါဘူး.. ”

အနက်ရောင်ဝတ်ရုံအောက်ကနေ လူကြီးအသံက ထွက်ပေါ်လာ သည်။ 

ရှောင်ကျန်းသည် ခေါင်းကို သွက်သွက်ညိတ်လိုက်ပြီး အကြီးအကဲ သုံးယောက်ကိုလည်း အဓိပ္ပါယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့် လိုက်သည်။ အကြီးအကဲသုံးယောက်လည်း ကမန်းကတန်း လမ်းဖွင့် ပေးလိုက်ကာ ပြုံးရွှင်စွာဖြင့် နေရာထိုင်ခင်း ပေးလိုက်ကြ၏

“ ဂုဏ်သရေရှိ ဧည့်သည်ခင်ဗျာ..ထိုင်ပါခင်ဗျ.. ”

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူလည်း ခေါင်းညိတ်လိုက်ပြီး အပြင်ပန်းဟန်ဆောင်ခြင်းမရှိဘဲ စားပွဲထိပ်ခုံဘေးနားတွင်ရှိ ထိုင်ခုံဆီကို တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီ ၀င်ထိုင် လိုက်လေသည်။ 

အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို ရှောင်ကျန်း လေးလေးစားစား ဆက်ဆံနေသည်ကို မြင်ရသောအခါ မျိုးနွယ်လူငယ်များ အချင်းချင်း တီးတိုးဆိုကြမိသည်။ စူးစမ်းသည့် အကြည့်များစွာတို့သည်လည်း အနက်ရောင်ဝတ်ရုံနှင့် လူကြီးအပေါ်ကို ဝေ့၀ဲကြည့်နေကြသည်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က ထိုလူကြီးသည် မှော်ဆေးပညာ ရှင် တစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်သည့်အခါတွင် သူတို့၏ မျက်လုံးတွေမှာ တောက်ပလာကာ ရိုသေလေးစားခြင်းတွေနှင့် ပြည့် နှက်လာခဲ့ကြသည်။ မည်သည့်နေရာတွင်မဆို မှော်ဆေးပညာရှင်ဆို သည်မှာ တခြားသူတွေ၏ အမြင်မှာ အင်မတန်လေးစားစရာကောင်း သည့် ပညာရှင်များ ဖြစ်ကြသည်မဟုတ်လား။

“ အစ်မ.. အဲ့ဒီထူးခြားတဲ့ မှော်ဆေးပညာရှင်က ဟိုနေ့က လေလံအိမ်မှာ တွေ့ခဲ့တယ် လူကြီး မဟုတ်လား.. ”

ရှောင်နင်သည် အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို စူးစူးစိုက်စိုက် ကြည့်ရင်း ရှောင်ယုကို တံတောင်နှင့် တွက်လိုက်ကာ စိတ်ဝင်တစား ဖြင့် မေးလိုက်သည်။ 

“ ဟုတ်တယ်.. ” 

ရှောင်ယု ဖြည်းလေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ လှပလွန်းသော မျက်ဝန်းတွေက အနက်ရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသည့် လူကို ငေးကြည့်နေသည်။ ချောမောသော မျက်နှာပြင်ပေါ်မှာလည်း အံ့သြသည့် အမူရာကလည်း ဖြစ်ပေါ် နေသည်။ 

“ ဒီဂုဏ်သရေရှိ လူကြီးမင်းက ငါတို့ရှောင်ကလန်ကို လာလိမ့်မယ် လို့ မတွေးထားခဲ့မိဘူး.. တစ်ခါ  ပြောဖူးတဲ့ ငါတို့ကလန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောသွားတာ လောကွက်စကား မဟုတ်ပေဘူးပဲ.. သူ့ဆီက အကူအညီကိုသာ ငါတို့ရခဲ့ရင် ငါတို့ကလန်အနေနဲ့ ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်မှာပဲ..”

ရှင်းအာသည်လည်း သူမဘေးနားရှိ လူတွေ၏ တီးတိုးအသံကို ကြည့်လိုက်ရသည့်အခါ သူမ မျက်ခုံးကို တွန့်ချိုးလိုက်ပြီး ဖန်လုံးလို ကြည်လဲ့သော မျက်ဝန်းက အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို မမှိတ်မသုန် ငေးကြည့်သည်။ ဘာကြောင့်မှန်းတော့မသိ.. ထိုလူကြီး ၏ လက်ဟန်ခြေဟန်..အမူအရာနှင့် ပြေပုံဆိုပုံတွေက လိုက်ဖက်မညီသလို သူမ ခံစားနေရသည်။ 

မျက်ခုံးကို တွန့်ချိုးကာ အချိန်အတော်ကြာမျှ တစိမ့်တစိမ့် တွေးဆ နေရာမှ ရှင်းအာသည် နောက်ဆုံးမှာ တွေးဆမရတော့၍ အတွေးကို ဖြတ်ချလိုက်သည်။ 

“ ဟားဟား.. လူကြီးမင်းက ဘယ်လိုဖြစ်လို့ ဒီကိုဝင်လာတာလဲ.. ” 
ရှောင်ကျန်းသည် ကိုယ်တိုင်ပင် လက်ဖက်ရည်ခွက်ကို ငှဲ့ပေးကာ အပြုံးဖြင့် မေးလိုက်သည်။ 

“ ဒီဘက်နားကို ဖြတ်လာတာနဲ့  ခင်ဗျားကလန်ဆီကို အလည်ဝင်ဖို့ စိတ်ကူးမိလိုက်တာပါပဲ.. ခင်ဗျားကလေးအတွက် အခြေခံဆေးလုံး နည်းနည်းပါးပါးတောင် ယူလာခဲ့သေးတယ်.. ”
 
အနက်ရောင်ဝတ်ရုံအောက်က လူကြီးအသံသည် အနည်းငယ် ပျော်မြူးနေဟန်ရှိသည်။ 

ရှောင်ကျန်းလည်း ကမန်းကတန်းပင် ခန်းမပတ်လည်ကို ဝေ့၀ိုက်  လှည့်ပတ်ကြည့်လိုက်သည်။ ဒါပေမဲ့ ရှောင်ယွင်၏ အရိပ်အယောင် ကို တစိုးတစိပင် မတွေ့၍ မအီမအာဖြင့် ပြန်ကာ ပြုံးလိုက်သည်။ 

“ ဟားဟား.. ရှောင်ခေါင်းဆောင်.. သူ့ကို မခေါ်ပါနဲ့တော့.. သခင်လေးနဲ့ ဆုံပြီးပါပြီ.. အတော်လေးကို နှစ်လိုဖွယ်ကောင်းတဲ့ ကောင်လေးပဲ.. ငါအဖိုးကြီးတော့ သဘောကျတယ် ”

သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ရှောင်ယွင်ကို သွားခေါ်ဖို့ တစ်ယောက်ယောက်အား အမိန့်ပေးတော့မည့် ရှောင်ကျန်းအား တားလိုက်သည်။

ရွဲ့လော်၏ ပြောလိုက်သည့်စကားမှာ သဘောကျသည့်ဟန်က ရှင်းလင်းစွာ ပေါ်လွင်နေရာ ၀တ်ရုံအောက်တွင် ပုန်းကွယ်နေသော ရှောင်ယွပင် အတော်လေး အနေရခက်သွားသည်။ 

သဘောကျလေးစားသည့် လေသံမျိုး ဖြစ်နေသော ရွဲ့လော်၏ စကားကို ကြည့်လိုက်ရသည့်အခါမှာ ခန်းမထဲရှိ လူအားလုံး၏ မျက်ဝန်းတွေမှာ မနာလိုခြင်းတွေဖြင့် ပြည့်နှက်သွားသည်။ အဆင့်မြင့်မှော်ဆေးပညာရှင်တစ်ယောက်ထံမှ ဒီလို ချီးကျူး တန်ဖိုးထားသည့် စကားမျိုး ထွက်လာဖို့ဆိုတာ လွယ်ကူသည့် အရာမဟုတ်ချေ။ 

“ ကောင်းတဲ့ဟာတွေက ဟိုကောင်ကပဲ ရရနေတယ်.. ”

မကျေမနပ်ဖြင့် ပါးစပ်ကို ရွဲ့လိုက်ကာ ပြောလိုက်သည့် ရှောင်နင်အသံမှာ မနာလိုခြင်းတွေက အပြည့်အ၀ပင်။

ရှောင်ယုမှာလည်း လုံးဝကို အကူအညီမဲ့သလို ခံစားနေရသည်။ ကျောက်စိမ်းလို ဖြူနုသည့် လက်ပေါ်ကို မေးထောက်ထားလိုက်ကာ အသံမထွက်ဘဲ ရေရွတ်လိုက်မိသည်။ 

“ ဟိုခွေးကောင်က ဘာကောင်းလို့လဲ.. ဘာတွေ  ကောင်းမှန်း တောင် ငါမသိလိုက်ဘူး.. ”

ရွဲ့လော်၏ ချီမွမ်းသည့်စကားကြောင့် ရှောင်ကျန်းမှာ အပြည့်အ၀ကို ပြုံးသွားမိသည်။ သူ့မျက်ဝန်းတွင်လည်း မြင်တွေ့ရခဲသည့် ဂုဏ်ယူ နေခြင်းတို့သည် ပြည့်လျှမ်းနေလျက်ရှိသည်။ 

“ ရှောင်ခေါင်းဆောင်.. ခင်ဗျားတို့ ကလန်မှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကြားမိတယ်.. ဟုတ်လား.. ”

ရွဲ့လော် မေးလိုက်သော မေးခွန်းကြောင့် ရှောင်ကျန်း၏ အပြုံးမျက်နှာသည် အနည်းငယ် ယိုင်နဲ့သွားသည်။ 

ခေါင်းညိတ်ကာ ၀န်ခံလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ကာ 
“ လူကြီးမင်းက ကျွန်တော်တို့ ရှောင်ကလန်အခြေအနေကို ကောင်းကောင်းသိနေတယ်မလား.. ”

“ အင်း.. နည်းနည်းပါးပါးလောက်ပါ.. ”
ရွဲ့လော် ခေါင်းညိတ်လိုက်ကာ ပြုံးလိုက်သည်။ 

“ ဟုတ်တယ်.. အခု ရှောင်ကလန်ရဲ့ စီးပွားရေးအခြေအနေက အရင်တုန်းကထက် တစ်ဝက်လောက်တောင် မကောင်းတော့ပါဘူး ရှင်းရှင်းပြောရရင် ကျွန်တော်တို့ကလန်က ဒုတိယအတန်းကလန် အဆင့်ဆီကိုတောင် ပြုတ်ကျသွားမှာကို စိုးရိမ်မိတယ်.. ”

ရှောင်ကျန်းမှာ စိတ်မကောင်းစွာဖြင့် အသက်ပြင်းချလိုက်သည်။ မျက်မှောင်ကြုံ့ထားလေရာ သူ့ပုံစံသည် နှစ်အနည်းငယ်လောက် အိုစာသွားသလို ရှိသည်။ 

“ ဟားဟား.. ငါက ရှောင်ကလန်နဲ့ သိပ်မရင်းနှီးပေမဲ့လည်း ခင်ဗျားသားနဲ့ စကားတော်တော် ပြောထားပြီးပါပြီ.. ရှောင်ခေါင်းဆောင်.. တကယ်လို့ ငါ့အပေါ်မှာ သံသယမရှိဘူးဆိုရင် ငါတို့ အကျိုးတူစီးပွားရေး လုပ်လို့ရပါတယ်.. ဘယ်လိုသဘော ရလဲ..?”

အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် ပြုံးတုံ့တုံြ့ဖင့် မေးလိုက်သည်။

ကမ်းလှမ်းစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ကျန်းက ပထမတော့ ငေးကြောင်သွားမိသည်။ နောက် မျက်နှာသည် ၀င်းပလာခဲ့သည်။ သူသည် ဤစကားကို စောင့်မျှော်နေခြင်းပဲ မဟုတ်လား..။ သူသည် အကြီးအကဲသုံးယောက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် ခပ်သွက်သွက်ပင် ခေါင်းကို ညိတ်လိုက်ကာ 

“ လူကြီးမင်း… ကျွန်တော်တို့လည်း အကျိုးတူစီးပွားရေးလုပ်ဖို့ သဘောတူပါတယ်.. ”

အဆင့်၂ အထက်ရှိ မှော်ဆေးပညာရှင်တစ်ယောက်၏ အကူအညီကို ရဖို့ဆိုတာ ရှောင်ကလန်အနေဖြင့် အိမ်မက်ပင် မမက်ဖူးသော အရာဖြစ်သည်။ ရှောင်ကျန်းအနေဖြင့်လည်း အဆင့်၂ မှော်ဆေးပညာရှင်တစ်ယောက်က ရှောင်ကလန်ကို စိတ်ဝင်တစားဖြင့် လာကမ်းလှမ်းမှာကို မထင်မှတ်ထားပါဘူး။ နောက်ပြီး မှော်ဆေးပညာရှင်မှ လာကမ်းလှမ်းတာကလည်း သူ့သား ရှောင်ယွင်ကြောင့်ဆိုတာ ရှောင်ကျန်းတွေးလိုက်မိသည်။ ဤအခွင့်အရေးဖြင့် ရှောင်ကလန်သည် ပြန်နာလံထူနိုင်တော့မည် ဖြစ်၍ ရှောင်ကျန်း ဤအခွင့်အလမ်းကို လက်လွှတ်မခံနိုင်ပါဘူး။ 

ရှောင်ကျန်း၏ သဘောတူစကားကို ကြားလိုက်ရသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် ခေါင်းကို ညိတ်ကာ ပြုံးလိုက်သည်။ ထို့နောက် ၀တ်ရုံနက်အောက်ကနေ ရှောင်ယွင်၏ လက်ဝါးပြင်က ထွက်ပေါ်လာခဲ့သည်။ ၎င်း လက်ဝါးပြင်ထက်တွင် အနီရောင်လက်စွပ်က ပါလာခဲ့သည်။ ယင်းလက်စွပ်ကို လက်ထိပ် ဖြင့် တို့ထိလိုက်ကာ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ 

လူငယ်တစ်ယောက်၏ လက်ကဲ့သို့ ဖြူနုသည့် လက်ဝါးပြင်ကို ငေးကြည့်မိသော ရှောင်ကျန်းက အံ့အားသင့်သွားခဲ့သည်။ ထိုလက်ဝါးပြင်ကို ရှောင်ကျန်း ရင်းရင်နှီးနှီး ခံစားနေရသည်။ 

သို့ပေမဲ့ ထိုရင်းနှီးသော ခံစားချက်ကို အဖြေရှာဖို့ အချိန်ပင် မရှိလိုက်။ ရုတ်တရက် စားပွဲအပြည့် ပေါ်လာသော ကျောက်စိမ်းပုလင်းများကြောင့် သူ့မှာ အံ့သြသွားခဲ့ရသည်။ 

ကြီးမားသော စားပွဲကြီးပေါ်တွင် မျက်စိတမှိတ်အတွင်း ကျောက်စိမ်းပုလင်းငယ်များဖြင့် နေရာလွတ်ပင် မကျန်လောက် သည်အထိ ပြည့်ဖုံးသွားခဲ့သည်မဟုတ်လော။

ပြတင်းပေါက်နားတွင် ထိုင်နေသော ရှင်းအာမှလွဲ၍  ကျန်သည့် လူများသည် စားပွဲခုံကြီးပေါ်ရှိ များပြားလှသော ကျောက်စိမ်းပုလင်း ငယ်များအား ကြည့်ပြီး အထိတ်တလန့်ဖြစ်သွားကြသည်။ အံ့သြ လွန်း၍ အသက်ကို ရှုဖို့ပင် မေ့နေကြသည်။ 

“ ဒီဟာတွေက သွေးတိတ်ဆေး လို့ခေါ်တဲ့  အနာကျက်ဆေး ပုလင်းတွေပဲ… ပုလင်းပေါင်း ၁၂၈၃ ပုလင်းရှိတယ်.. အကောင်းဆုံး အနာကျတ်ဆေးလို့ ပြောမရပေမဲ့ ဂျားလီကလန်က ဆေးလုံး နဲ့ ယှဉ်လို့၇တယ်.. ဆေးအစွမ်းကလည်း ပိုကောင်းတယ်. ”

ခန်းမအတွင်းရှိ ကြက်သေသေနေသော လူအများကို ကြည့်ရှုပြီး အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် အေးဆေးစွာဖြင့် သွေးတိတ်ဆေးအကြောင်းကို မိတ်ဆက်ပေးလိုက်သည်။ 

ပါးစပ်ကြီးဟလျက် မင်သက်နေသော ရှောင်ကျန်းသည် ဘေးပတ် ၀န်းကျင်ရှိ လေအေးအား စုပ်သွင်းရှုရှိုက်လိုက်ကာ ပြောလိုက်သည်။ 

“ ဒါမှ တကယ့် စီးပွားရေး အကြီးစားပဲ… ” 

+++++++++++++

Chapter 74

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

အပိုင်း ( ၇၄ )  -  မတောင်းဘဲ ကမ်းလင့်သော

နောက်ထပ် နေ့ရက်များ ဖြတ်ကျော်သွားခဲ့ပြီး.. ရှောင်ယွင်မှာ နေ့ရက်နီးပါးတိုင်းကို ဆေးမီးအိုးအနားမှာပဲ ကုန်ဆုံးခဲ့ရသည်။ နေ့တိုင်းမှာ အရမ်းပင်ပန်းခဲ့ပေမဲ့လည်း သိုလှောင်လက်စွပ်ထဲက အနာကျက်ဆေးများ အပြည့်ဖြစ်နေတာကို ကြည့်ပြီး အားရကျေနပ်စွာဖြင့် အမောပြေခဲ့ရတာချည်းပင်။

တဖန် နောက်ထပ်ပြောစရာဖြစ်ခဲ့တာက ငါးရက်တိုင်တိုင် မှော်ဆေးပညာကို အဆက်မပြတ် လေ့ကျင့်ခဲ့လို့လား မပြောတတ်ပေ.. ရှောင်ယွင်၏ ခန္ဓာကိုယ်အတွင်းက ဒိုချီစွမ်းအင် တွေဟာ ပိုပို၍ စွမ်းအားထက်လာသည်။ သူ့၏ အခြေအနေကို အကဲဖြတ်ရလျှင် သူသည် ဒိုကျဲအဆင့် ကြယ်တစ်ပွင့် အနေအထား ကို ရောက်လုနီးပါးဟု ဆိုနိုင်သည်။ 

ရလဒ်ကောင်းနှစ်ခုကြောင့် ရှောင်ယွင် အံကိုခဲ စိတ်ဓာတ်ကြံခိုင်စွာ ဖြင့် ဒုက္ခခံကြိုးစားနိုင်ခဲ့သည်။ 

ဂူလေးအတွင်းမှာ ရှောင်ယွင်တစ်ယောက် အပင်ပန်းခံလျက် ဆေးဝါးများ သန့်စင်ဖော်စပ်နေသည့်အချိန်တွင် ၀ူတန်မြို့ထဲ အခြေအနေတွေမှာ ဆက်လက်ပြီး အကျပ်အတည်းဖြစ်နေဆဲပါ။ ရှောင်ကလန်နှင့် ဂျားလီကလန်တို့ နှစ်ခုကြား အခြေအနေမှာ ပိုပိုပြီ တင်းမာနေသည်။ လွန်ခဲ့သည့် နှစ်ရက်တွင် ဂျားလီကလန်သည် ခြေလှမ်းဦးယူကာ ကုန်သည်များကို ဆွဲဆောင်မက်လုံးပေးသည့် အခွင့်အလမ်းကို ထုတ်ပြန်ခဲ့ရာ မူလက ကြားဝင်မပါဘဲ ဘေးရပ်ကြည့်နေကြသည့် ကုန်သည်တို့မှာ ဂျားလီကလန်ပိုင် ဈေးနေရာများ ဆီကို ရွှေ့ပြောင်းလာခဲ့ကြသည်။ 

ရှောင်ကလန်၏ အုတ်မြစ်ကိုပင် ဖြိုခွဲမည့် အရိပ်အယောင်ကို အထင်အရှားမြင်နေသောကြောင့် ရှောင်ကလန်ရှိ အကြီးပိုင်းလူကြီး တွေမှာ အကြီးအကျယ်ဒေါသူပုန်ထွက်ကုန်ကာ အကြမ်းဖက်လို သည့် ဆန္ဒများပင် အစိုင်အခဲဖွဲ့တည်လာခဲ့ကြသည်။

………………

“ ဒီကောင်တွေတော့ကွာ.. ငါ သည်းမခံနိုင်တော့ဘူး.. ၅ရက်ပဲ ရှိသေးတယ်..ငါတို့ အမြတ်ငွေဆုံးရှုံးတာ အနည်းဆုံး ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိနေပြီးကွ.. ဒီအတိုင်းဆို ငါတို့ ဈေးဆိုင်နေရာတွေ
က မွဲပြာကျသွားလိမ့်မယ်ကွ.. ”

မျိုးနွယ်အစည်အဝေးခန်းမအတွင်း တတိယအကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောနေပြီး မျက်လုံးမှာလည်း မီးဝင်းဝင်းတောက် နေသည်။ 

မျိုးနွယ်အကြီးပိုင်းတွေသည်ကလည်း ခန်းမကျယ်ထဲမှာ ထိုင်နေကြ သည်။ စိတ်နှလုံး မသာမယာ ဖြစ်နေကြကာ မျက်နှာတွေမှာလည်း စိတ်ဓာတ်ကျနေသည့် အမူအရာများ ရှိနေကြသည်။ 

“ တကယ်ကို အချိန်ဆွဲလို့ မရတော့ဘူး.. ”

ပထမအကြီးအကဲက ယင်းစကားကို ဆိုလိုက်ခြင်းဖြစ်သည်။ 

“ ပထမတန်းလေလံအိမ်က အကြီးအကဲကုနီဟာ ငါတို့ကို အနာကျက်ဆေးပုလင်း ၁၀၀ ကူညီပေးမယ်ဆိုပေမဲ့ ဒီပမာဏက အရမ်းကို နည်းပါးလွန်းတယ်.. ဂျားလီကလန်ရဲ့ များပြားလှတဲ့  ဆေးပုလင်းတွေကို ဘယ်လိုမှ မယှဉ်နိုင်သေးဘူး.. ရေတိုမှာ ငါတို့က ဂျားလီကလန်ကို ခဏထိန်းထားနိုင်ပေမဲ့ ရေရှည်ကျရင် ငါတို့မှာလည်း အနာကျက်ဆေးတွေ ကုန်သွားမယ်… ဒါဆိုရင် ဒီအခြေအနေကိုပဲ ပြန်ရောက်နေမှာပဲ.. ”

ပထမအကြီးအကဲဟာ အသက်ပြင်းချလိုက်ပြီ ခါးသီးစွာ တစ်ချက်ရယ်မောလိုက်ပြီးနောက်… 

“ အကယ်၍ ကုနီက အပြည့်အ၀ကူညီပေးမယ်ဆိုရင် ဆေးပုလင်းအရေအတွက်အရ ဂျားလီကလန်က အဆင့်၁ မှော်ဆေးပညာရှင်ကို သေချာပေါက်ယှဉ်နိုင်မှာပဲ.. ဒါပေမဲ့ ကုနီက ပထမတန်းလေလံအိမ်ကလည်း ဖြစ်တယ် ပြီးတော့ ကလန်နှစ်ခုကြားထဲက အရှုပ်အရှင်းမှာ ၀င်ပါဖို့ စိုးရွံ့နေမှာပဲ.. ဒီလိုကူညီပေးမယ်ဆိုတာကတောင် ငါတို့ တော်တော်ကို မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုပဲ.. ”

ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသော ရှောင်ကျန်းသည် ခေါင်းကို ညိတ်လိုက်သည်။ သူမျက်နှာကတော့ မှုန်မှိုင်းနေသည်။ ဂျားလီကလန်က ရောင်းချသည့် အနာကျက်ဆေးမှာ အရည်အသွေးနိမ့်ကျပေမဲ့လည်း ဖောဖောသီသီရသည်.. ဈေးကလည်း ချိုသည်။ ဒီအချက်တွေက ကုန်သည်တွေကို စိတ်ဝင်စားစေသည်။

“ ငါတို့မှာလည်း အဆင့်၁ မှော်ဆေးပညာရှင်တစ်ယောက်ရှိနေရင် သူတို့ကို ပြန်ယှဉ်နိုင်တယ်..”

ခန်းမထဲက တစ်ယောက်ဟာ တိုးတိတ်စွာ ညည်းညူးလိုက်လေ သည်။ 

ဒီအသံကို ရှောင်ကျန်း ကြားလိုက်ရာ သူလည်း ကူကယ်ရာမဲ့စွာ ခေါင်းကို ဘယ်ညာယမ်းခါနေမိသည်။ ၀ူတန်မြို့တွင် မှော်ဆေးပညာရှင် အနည်းငယ်ရှိနေပေမဲ့လည်း ကိုယ့်ကိုယ်ကို မာနကြီး ဘ၀င်ခေါင်ခိုက်ကြသည်မို့ ဖိတ်ခေါ်ရသည်မှာ မလွယ်လှ ချေ။ ဒီအချိန်မှာ ဂျားလီကလန်မှာ ထီပေါက်ကိန်းဆိုက်နေကာ မှော်ဆေးပညာရှင်တစ်ယောက်၏ အကူအညီကို အမှန်တကယ် ရနေသည်။ 

ခန်းမ၏ထောင့်စွန်းနေရာမှာ ရှောင်ယု၊ ရှောင်နင်နှင့် တခြားကလန်လူငယ်များလည်း ရှိနေပါသည်။ အကြီးအကဲများ၏ မျက်နှာ မသာမယာဖြစ်နေကြတာကို ကြည့်ပြီး မဆင်မခြင် အနှောင့် အယှက်ပင် မပြုရဲကြချေ။ မွန်းကြပ်စရာ အခြေအနေအောက်မှာ တိုးတိတ်စွာဖြင့် နေနေကြရသည်။ 

“ အစ်မ.. အဆင့်၁ မှော်ဆေးပညာရှင်ဆိုတာ တကယ်စွမ်းတာလား ရှောင်ကလန်ကိုတောင် ဒီလိုအခြေအနေဖြစ်အောင် သူဘယ်လိုလုပ် လိုက်တာလဲ.. ?”

ပတ်ဝန်းကျင်အနေအထားကို ကြည့်ကာ အနေရခက်စွာ သည်းမခံနိုင်တော့၍ ရှောင်နင်သည် သူ့ဘေးနားတွင် ထိုင်နေသာ ရှောင်ယုကို မေးမြန်းလိုက်သည်။ 

ရှောင်ယုသည် တိုးတိတ်စွာ အသက်ပြင်းချလိုက်သည်။ ခါးသီးစွာ တစ်ချက်ရယ်လိုက်ပြန်သည်။ ထို့နောက် ညင်သာသော လေသံဖြင့် ပြောပြလိုက်သည်။ 

“ ဟုတ်တယ်.. မှော်ဆေးပညာရှင်ဆိုတာ ထူးခြားတဲ့ ပညာရှင်တွေ ပေါ့.. အဆင့်၁ မှော်ဆေးပညာရှင်တွေရဲ့ ခွန်းအားက ဒိုကျဲအဆင့် လောက်ပဲ ရှိတာ.. ကလန်ထဲက ဘယ်အကြီးအကဲမဆို သူ့ကို ကောင်းကောင်း သတ်ပစ်လို့ရတာပေါ့.. မှော်ဆေးပညာရှင် တစ်ယောက်ရဲ့ တကယ့်အစစ်အမှန် ကြောက်စရာက တိုက်ပွဲမှာ မဟုတ်ဘူး.. သူတို့က လူတွေ အရူးအမူးဖြစ်စေတဲ့ ဆေးလုံး တွေကို ဖန်တီးနိုင်တဲ့အစွမ်းပဲ.. ဆေးလုံးတွေနဲ့ဆို လူတွေ သူတို့ကို ကူညီချင်လာအောင် သိမ်းသွင်းနိုင်တယ်.. စွမ်းအားကြီးတဲ့ ဒိုချီလေ့ကျင့်သူတွေက ဆေးလုံးတွေရဖို့အတွက်ကို  မှော် ဆေးပညာရှင် အောက်မှာ တာဝန်ထမ်းဆောင်ချင်ကြတယ်လေ.. ”

“ ဒိုချီကုန်းမြေမှာဆိုရင် လူတွေဟာ မှော်ဆေးပညာရှင်ကို အဆိပ်ရှိတဲ့ နကျယ်ကောင်နဲ့ နှိုင်းယှဉ်ကြတယ်.. တစ်ယောက်ယောက်က လာဆွတာနဲ့ မှော်ဆေးပညာရှင်တွေက မရေတွက်နိုင်လောက်တဲ့ တိုက်ခိုက်ရေးသမားကို ချက်ချင်း စုဆောင်းနိုင်တယ်.. ဒီလို တိုက်ခိုက်ရေးသမားတွေနဲ့ဆိုရင်  သူကိုယ်တိုင် မင်းကို မသတ်နိုင်ပေမဲ့လည်း သေခြင်းတရားဆီကို တွန်းပို့ပေးနိုင်တယ်။

ရှောင်နင်သည် တိုက်ခိုက်ရေးသမား အမြောက်အများ ၀ိုင်းထားခြင်းခံရသည့် မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်လေရာ တစ်ကိုယ်လုံး တုန်တက်သွားပြီး မနာလိုသည့် အရိပ်အယောင် လည်း မျက်နှာမှာ ဖြစ်ပေါ်လာသည်။ 

“ သိပ်ပြီးတော့လည်း အလွယ်မတွေးလိုက်နဲ့.. မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲတဲ့ လိုအပ်ချက်တွေအကြောင်း မင်းသိသင့်တယ်.. မှော်ဆေးပညာရှင်ဖြစ်ဖို့ အခွင့်အလမ်းက ကောင်းကင်က ကျလာတဲ့ ပိုင်မုန့်ထက်တောင် သေးငယ်တယ်.. ”

ရှောင်နင်ကို စိတ်ပျက်စွာဖြင့် ကြည့်လိုက်ကာ ရှောင်ယု အကြင်နာမဲ့စွာဖြင့် မျက်နှာကို ရေအေးအေးဖြင့် ပက်ချလိုက်သကဲ့သို့ အသိတရားဝင်အောင် ပြောပစ်လိုက်သည်။ 

ရှောင်ယုစကားကြောင့် ရှောင်နင်မှာ မျက်နှာညိုးနွမ်းသွားကာ စိတ်ဓာတ်ကျသော လေသံဖြင့်
“ ကြည့်ရတာ ကျွန်တော့်တို့ ရှောင်မျိုးနွယ်မှာ မှော်ဆေးပညာရှင် တစ်ယောက်ရှိလာဖို့ ကံမပါလာဘူးထင်တယ်.. ”

ဤစကားကို ရှောင်ယု သဘောတူလိုက်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပေမဲ့လည်း သူမစိတ်ထဲတွင် အနက်ရောင်ဝတ်စုံ နှင့် လူငယ်တစ်ယောက်ပုံရိပ်က ရုတ်ခနဲ ပေါ်လာသည်။ သေချာစွာ ဆန်းစစ်ကြည့်လိုက်ရာ ရှောင်ယွင်နှင့် တူလှသည်။ 

ထိုအတွေးကို အညှာတာမဲ့စွာ မောင်းထုတ်လိုက်ရင်း ရှောင်ယု သူမစိတ်ထဲတွင် တိုးညှင်းစွာ ရေရွတ်မိသည်။ 

“ ငါ ဘာလို့ ဒီကောင်ကို တွေးမိရတာလဲ..? ဟွန့်.. ဒီလိုကောင်မျိုးလိုမျိုးက မှော်ဆေးပညာရှင် ဖြစ်နိုင်တယ်ဆိုရင် တစ်လောကလုံးက မှော်ဆေးပညာရှင်တွေတော့ အသုံးမကျဖြစ်တော့မှာပဲ.. ”

ရှောင်ယွင်ကို သူမစိတ်ထဲတွင် ကျိန်ဆဲလိုက်မိပြီးနောက် သူမ အကြည့်သည် ပြတင်းပေါက်ထောင့်စွန်းနေရာတွင် ထိုင်နေသော တဖန် စာအုပ်ထူထူ တစ်အုပ်ကိုလည် ပိုက်ထားကာ စိတ်ဝင်တစား စာဖတ်နေသာ အစိမ်းရောင်အ၀တ်နှင့် ကောင်မလေးတစ်ယောက် ဆီကို ရောက်သွားသည်။ တည်ငြိမ်အေးချမ်းကာ ကျက်သရေရှိ သည့် ဟန်ပန်သွင်ပြင်သည် အရွယ်တူကောင်လေးများ၏ အကြည့် တွေကို ဆွဲဆောင်နိုင်လွန်းသည်။ 

“ ဒီလို ချောလှတဲ့ မိန်းမကောင်းလေးတစ်ယောက် ဘာလို့ ဟို အစုတ်ပလုတ်ကောင်ကို သဘောကျနေရတာလဲ.. စဉ်းစားလို့တောင် မရဘူး.. ?” 

ရှောင်ယုသည် ခေါင်းကို ခပ်သွက်သွက် ခါယမ်းလိုက်ပြီး တိတ်တိတ် ဆိတ်ဆိတ် ပြန်နေလိုက်သည်။ 

ပြတင်းပေါက်ဘေးနားတွင် ထိုင်ကာ ရှင်းအာသည် စာအုပ်ထဲကို အာရုံစိုက်ပေမဲ့လည်း ခန်းမထဲက အခြေအနေကို ကြားသိနေရ သည်။ သူမ၏ နွဲ့လျသော မျက်ခုံးနှစ်ဖက်သည်လည်း တွန့်ချိုးထား မိသည်။ ဘယ်လိုပဲပြောပြောပါ.. ရှောင်ကလန်မှာ သူမနေလာသည် မှာ ဆယ်နှစ်တိုင်တိုင်ရှိခဲ့ပါပြီး။ ပြီးတော့ ရှောင်ယွင်အတွက် မဟုတ်ရင်တောင်မှ ဂျားလီကလန်မှ ရှောင်ကလန်အား ဆိုးဆိုးဝါးဝါး အနိုင်ကျင့်မည်ကို သူမ သည်းခံမည်မှာတော့ မဟုတ်ချေ။ 

“ ဟန့်.. အဲ့ဒီလူတွေတော့ တရားမလွန်လာစေနဲ့လို့ပဲ မျှော်လင့်ထားမယ်..  ” 

ရှင်းအာသည် သူမရင်ထဲမှာ ပင့်သက်ရှိုက်လိုက်ပြီးနောက် သူမစာအုပ်ဆီကို အာရုံပြန်သွင်းလိုက်သည်။ သူမဘေးနားတွင် ရှောင်ယွင်မရှိနေ၍ သူမသည်လည်း စကားပြောဖို့ အကြောင်းမရှိပါဘူး။ 

ထို့နောက် ခန်းမထဲတွင် အစီအစဉ်များကို ဆက်လက်ဆွေးနွေး နေဆဲအချိန်တွင် အစောင့်တစ်ယောက်သည် ပြေးဝင်လာကာ ရိုသေလေးစားသည့်အသံဖြင့်.. 

“ မျိုးနွယ်ခေါင်းဆောင်.. အပြင်မှာ အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ လူတစ်ယောက်ရောက်နေတယ်.. သူပြောတာက ခေါင်းဆောင်နဲ့ အချို့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်စရာရှိတယ်လို့ ပြောတယ်.. ”

အစောင့်၏ အကြောင်းကြားစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ကျန်းနှင့် တခြားအကြီးအကဲများဟာ အံ့သြသွားခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက်လည်း အပြန်အလှန် ကြည့်လိုက်ကြ ပြီနောက် စိတ်ဓာတ်ကျကာ မှုန်မှိုင်းနေသည့် မျက်နှာတွေမှာ တက်ကြွခြင်းတွေဖြင့် ပြည့ှ်နှက်လာခဲ့ကြသည်။ တချို့ကတော့ ချက်ချင်းပဲ ပြိုင်တူရပ်လိုက်ကြမိကာ အစောင့်ကို အလောတကြီးနိုင် စွာ အမိန့်ပေးလိုက်ကြသည်။ 

“ သွား.. အထဲကို မြန်မြန်ဖိတ်လာခဲ့.. ”

ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်ဆီကို အကြည့်ရောက် နေကြသော လူအားလုံးဟာ အံ့အားသင့်သွားကြသလို တစ်ယောက် နှင့် တစ်ယောက်လည်း အကြည့်ခြင်း ဖလှယ်မိကြသည်။  

“ ဟားဟား.. ငါ့ကို ခေါ်စရာမလိုတော့ပါဘူး.. ဟားဟား.. ခေါင်းဆောင်ရှောင်. အဆင်ပြေရဲ့လား.. ဒီအဖိုးကြီးတော့ မဖိတ်ဘဲ လာမိခဲ့ပြီး.. ”

ရွဲ့လော်၏ ကြည်လင်ပြတ်သားသော အသံက တံခါးပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာကာ ရှောင်ကျန်း၏ အမိန့်သံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ 

ရယ်မောသံနှင့်အတူ အနက်ရောင်ဝတ်ရုံကြီးနှင့်အတူ လူပုံရိပ်တစ်ခု
ဟာ လူအများကြီး၏ ငေးကြည့်နေသည့် အကြည့်အောက်မှာ အေးဆေးစွာဖြင့် ခန်းမထဲကို လျှောက်ဝင်လာခဲ့သည်။ 
အနက်ရောင်ဝတ်ရုံ ၀တ်ဆင်ထားသော လူသည် တံခါးကို ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် စာအုပ်ထဲတွင် အာရုံနှစ်ထားသော ရှင်းအာသည် ချက်ချင်းပင် မျက်ခုံးများ ပင့်တက်သွားခဲ့သည်။ မျက်နှာလေးကို တဖြည်းဖြည်းမော့လိုက်သည်။ သူမ၏ ဆောင်းနှင်းရေကြည်လို မျက်ဝန်းလေးက လျှောက်ဝင်လာသော အနက်ရောင်ဝတ်ရုံနှင့်လူကို စူးစူးစိုက်စိုက် ငေးကြည့်နေမိသည်။

Chapter 73

Chapter 73
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potatos

ကျဉ်းမြောင်းသော ဂူထဲတွင် ဆေးမီးအိုးမှ အလျှံတညီးညီး မီးတောက်တွေကြောင့် ဂူနံရံတွင် အရိပ်များ လူးလွန့်ထင်ကျနေ၏။ လှုပ်ရှားနေသော ယင်းအရိပ်များသည် အစွယ်တငေါငေါနှင့် တောရိုင်းကောင်များ၏ လက်သည်းစွယ်ပုံရိပ်များနှင့်ပင် အလားသဏ္ဍာန် တူနေချေတော့သည်။ 

ရှောင်ယွင် စိတ်ရောကိုယ်ပါ အာရုံနှစ်ပြီး ထိုးထွက်နေသော မီးလျှံကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လို့ နေသည်။ ဖြူဖျော့သော သူ့၏ မျက်နှာပြင်တွင် ချွေးသီးများယိုစီးကျလျက် ရှိသည်။ အချိန် ကြာရှည်စွာ ဆေးလုံးဖော်စပ်ခြင်းသည် ဒိုချီစွမ်းအင်အမြောက်အများကို ကုန်ဆုံးစေနိုင်သော ကိစ္စတစ်ခု ဖြစ်၏။ ရှောင်ယွင်၏ ချီကျင့်စဉ်သည် အဆင့်နိမ့် ရွှင်းအဆင့် ဖြစ်နေ၍ သူ့၏ ချီအခြေခံ နှင့် တောင့်ခံနိုင်မှုမှာလည်း အထူးအခြားမဟုတ်ပါချေ။ ထို့ကြောင့်၍ ဆေးမီးအိုးအရှေ့တွင် အချိန်နှစ်နာရီမျှ ထိန်းထားနိုင်ဖို့ဆိုတာ သူ့အတွက် လွယ်ကူလှသည့် မဟုတ်ရာ..။ 

ရွဲ့လော်သည် မျက်လုံးကို ကျဉ်းပြီး သွေးခဲမြက်ပင်ကို အဖြူမှုန့်နုနု ဖြစ်အောင် နောက်တစ်ကြိမ် သန့်စင်နိုင်ခဲ့သည့် ရှောင်ယွင်ကို ဝေ့ကြည့်လိုက်သည်။ ရှောင်ယွင်၏ စွမ်းဆောင်နိုင်မှုသည် ဂိတ်ဆုံးရောက်နေပြီးမှန်းသိ၍ ရွဲ့လော်သည် ခေါင်း အသာညိတ်လိုက်၍ ညင်သာစွာ ဆိုလိုက်သည်။ 

“ တော်တယ်.. အနားယူလိုက်ဦး.. ”

စကားခွန်းကို ကြားလိုက်ရသည့်အခါ ရှောင်ယွင်၏ ပခုံးနှစ်ဖက်သည် လျော့ရဲကျသွားကာ သူ့၏ ခန္ဓာကိုယ်သည်လည်း စွမ်းအင်လုံးဝ မကျန်တော့သည့်အလား ရေခဲတမျှအေးစက်သော မြေသားပြင်ပေါ် လှဲချလိုက်တော့သည်။ အသက်ကို တဝရှုလိုက်ရင်း သူ့ရင်ဘတ်သည်လည်း နိမ့်မြင့် တလှည့်စီဖြင့် မောဟိုက်၍ နေသည်။ ယခုအချိန်မှာ သူသည် လက်ညိုးကိုပင် မြှောက်နိုင်စွမ်း မရှိတော့ပါဘူး။ 

“ လေ့ကျင့်ခြင်းက အကျိုးများစေနိုင်တယ်.. ”
ရွဲ့လော်သည် အေးဆေးစွာ ဆိုလိုက်ရင်း မြေပြင်ပေါ် လဲအိပ်နေသော ရှောင်ယွင်ကို ဝေ့ကြည့်လိုက်သည်။ 

ရှောင်ယွင်၏ စိတ်ထဲတွင် ပျင်းရိခြင်းနှင့် လုံ့လရှိခြင်းတို့ ခဏတာမျှ လွန်ဆွဲနေပြီးနောက် စိတ်ထဲမှာ မချိတင်ကဲ အော်ဟစ်လိုက်ပြီး ထချင်မထချင်ဖြင့် ထလိုက်လိုက်သည်။ သူ့၏ တုန်ယင်နေသော လက်နှစ်ဖက်ကို လေ့ကျင့်သည့် လက်ဟန်ပုံစံကို ဖော်လိုက်ကာ မျက်လုံးနှစ်ဖက်ကိုလည်း မှိတ်လိုက်သည်။ 

ရှောင်ယွင်၏ ကိုယ်ဟန်အနေအထားကို မြင်သည့်အခါ ရွဲ့လော် ရယ်မောလိုက်ချေသည်။ တဖန် ဆေးမီးအိုး အရှေ့ရှိ ကျောက်စိမ်းဘူး ၁၀ ဘူးကျော်ကိုလည်း ကြည့်လိုက်ပြန်သည်။ ထိုကျောက်စိမ်းဘူးတွေမှာ ရှောင်ယွင် သန့်စင်ထားသော သွေးခဲမြက်၏ အဖြူမှုန့်တွေက နှုတ်ခမ်းအပြည့်ရှိနေသည်။ ဒါတွေဟာ ရှောင်ယွင် ကြိုးစားပမ်းစား အားထုတ်ထားသော အရာတွေသာ ဖြစ်ပေသည်။ 

ဘယ်မှ ညာ တန်းစီထားသော ကျောက်စိမ်းဘူးအထဲတွင် အဖြူမှုန့် အရောင်တွေသည်လည်း ဘယ်မှ ညာသို့ တစ်ဆင့်ထက်တစ်ဆင့် အရောင်များ ပြည့်ဝ၍ လာသည်။ နောက်ဆုံးဘူးတွင် အဖြူမှုန့်အရောင်ကာလာသည့် လုံးဝကို အဖြူဆွတ်ဆွတ် ဖြစ်လုနီးပါး ရှိနေပါပြီး။ 

အင်မတန်ကို မြင်သာသော တိုးတက်မှုကို ကြည့်ရင်း ရွဲ့လော်သည် ကျေနပ်သွားသလို အံ့လည်း အံ့သြမိသည်။ ကျေနပ်သဘောတူစွာ ခေါင်းကို ညိတ်လိုက်ရင်း ရှောင်ယွင်၏ ထက်မြက်သော စိတ်ဝိညာဉ်အာရုံခံစားနိုင်စွမ်းကို ရင်ထဲမှာ ချီးကျူးမိလေသည်။ 

ကျောက်သားနံရံကို မှီကာ တင်ပျဉ်ချိတ်ထိုင်ပြီး ဆုံးရှုံးသွားသော ဒိုချီစွမ်းအင်ကို ပြန်ဖြည့်တင်းနေသည့် ရှောင်ယွင်ဆီကို တချက် လှမ်းကြည့်လိုက်သည်။ ရှောင်ယွင်မှာ ပထမအမျိုးအစား ဆေးအမယ် ကိုသာ သန့်စင်နိုင်ခဲ့နေပြီ.. နောက်ထပ် ဆေးအမယ်နှစ်မျိုးကျော်တို့က လေ့ကျင့်ဖို့ သူ့အတွက် ကျန်နေပါသေးသည်။ 

……

မျက်လုံးကို မှိတ်ကာ အချိန် တစ်နာရီမျှ လေ့ကျင့်ပြီးနောက်မှာတော့ ရှောင်ယွင်၏ ကိုယ်တွင်းမှ ချီဝဲကတော့မှာ ချီကုန်ဆုံးမှုကြောင့် မဲမှောင်နေရာကနေ နောက်တစ်ကြိမ် ပြန် တောက်ပနေပါပြီး။ တဖန် ယခုတောက်ပမှုသည် အရင်ကထက် အနည်းငယ် ပို၍ကြည်လင်နေသည်။ 

ရှောင်ယွင်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စွမ်းအင်မရှိသလောက် ဖြစ်သွားသည့် ခံစားမှုသည် ယခုအချိန်မှာ တစ်ဝက်လောက် ပြန်သက်သာလာခဲ့သည်။ လည်ပင်းကို အကြောဆန့်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့် အရိုးဆန့်သံတွေက ရှောင်ယွင်ကို ပျော်ရွှင်စေသည်။ 

“ လေ့ကျင့်လို့ ပြီးပြီလား.. ဒါဆို ဆက်လုပ်လေ.. “ 

ရွဲ့လော်သည်လည်း မျက်လုံးဖွင့်လိုက်ကာ ဖျတ်လတ်တက်ကြွလာပြန်သည့် ရှောင်ယွင်ကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။ 

ရှောင်ယွင်မှာ မအီမသာဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။ စိတ်မချမ်းသာစရာ ဆေးဖော်စပ်ခြင်းအရသာကို သိသွားပြီးမို့  ရှောင်ယွင်သည် ရွဲ့လော်၏ အချိုသပ် ကလိမ်ကျခြင်းကို သဘောပေါက်လိုက်သည်။ ရွဲ့လော် ဆေးဖော်စပ်သည့်အချိန်တွင် သူ့လက်နှစ်ဖက်ကို လှည့်ပတ်ပုံစံဖော်ပြီ လူတိုင်း ရူးမတတ်လိုချင်သည့် ဆေးလုံးကို ဖော်စပ်ပြခဲ့သည်။ ရိုးရှင်းသည့် ဆေးဖော်စပ်နည်းလမ်းပုံစံက ရှောင်ယွင်စိတ်ထဲတွင် မှော်ဆေးပညာရပ်သည် အင်မတန် လွယ်ကူပေတကား ဟု မှတ်ထင်စေခဲ့သည်။ အခုအခါမှာတွင် ကိုယ်တိုင်ကိုယ်ကျ ကိုယ့်လက်ကိုယ့်ခြေဖြင့် လုပ်ကြည့်သည့်အခါ မှော်ဆေးဖော်စပ်သည့်အလုပ်သည့် သူထင်ထားသည်ထက် ပိုခက်ခဲမှန်း သိသွားခဲ့လေသည်။ 

ဒါပေမဲ့ ယခု သိလိုက်ရခြင်းသည် အတော် နောက်ကျသွားပေပြီး။ ရှောင်ယွင်မှာ အသက်ပြင်းကို အသာချကာ နောက်တစ်ကြိမ် ဆေးမီးအိုးအရှေ့တွင် ထိုင်လိုက်သည်။ နောက်ထပ် ဆေးအမယ်နှစ်မျိုးကို သန့်စင်ပြီး အဆီအနှစ်ထုတ်ရန် ဟန်ပြင်လိုက်သည်။ 

သွေးခဲမြက်ကို သန့်စင်ထားပြီးသည့် အတွေ့အကြုံကြောင့် ယခုအခါတွင်တော့ ရှောင်ယွင် ပထမတစ်ကြိမ်ထက် ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။ အသက်ဝင် သစ်သီး ၈ လုံးနှင့် ဘိန်းပွင့် ၁၀ ပွင့်ကို မီးရှို့ သန့်စင်ပြီးနောက်မှာတော့ အသက်ကယ်ဆေးဖော်စပ်ရန် လိုအပ်သော ဆေးအမယ်များ စုံလင်သွားလေသည်။ 

အသက်ဝင်သစ်သီးမှာ အနက်အရောင်အပြည့်ဖြစ်နေကာ အစေ့သေးသေးလေးများ ရှိနေသည်။ ယင်းအစေ့သည် သွေးလှည့်ပတ်ခြင်းအတွက် ကောင်းမွန်သော အာနိသင် ရှိသည်။ အကယ်၍ အတွေ့အကြုံရှိသော စစ်သည်တစ်ယောက်သည် စစ်မြေပြင်တွင် ဒဏ်ရာ ရခဲ့လျှင် အသက်ကယ်ဆေးလည်း မရှိခဲ့လျှင် အသက်ဝင်သစ်သီးကို ကြိတ်ကာ အနာသက်သာဆေးအဖြစ် လှည့်သုံးနိုင်သည်။ 

ဘိန်းပွင့်မှာလည်း အနီပျော့ပျော့သတ္တုရည် ပါဝင်သည်။ ထိုသတ္တုရည်မျိုးမှာ ထုံထိုင်းစေသော အာနိသင်ရှိကာ နာကျင်မှုကို သက်သာစေရန်အတွက် အသုံးပြုနိုင်သည်။ 

ရှောင်ယွင်အနားတွင် စီကာချထားသော ဆေးအမယ်သုံးမျိုးကို ကြည့်ကာ ရွဲ့လော်သည် ခေါင်းကို အသာညိတ်ပြလိုက်ကာ တိုးတိတ်စွာဖြင့် ပြောလိုက်သည်။ 

“ လိုအပ်တဲ့ ဆေးအမယ်တွေကို သန့်စင်ထားပြီးပြီ.. အခု ဆေးအမယ်တွေရဲ့ အာနိသင်အားလုံးကို အတူတူ ပေါင်းစပ်ရမယ်.. ဒီအဆင့်က ဆေးပညာရပ်မှာ အရေးကြီးဆုံးအဆင့်ပဲ.. ”

အသက်ပြင်းကြီး ချလိုက်ပြီး ရှောင်ယွင် ရိုသေလေးစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဖြူနုနေသည့် ဆေးပေါင်ဒါမှုန့်များကို ဆေးမီးအိုးထဲသို့ ကျွမ်းကျင်လိမ္မာစွာ ထည့်လိုက်ကာ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့်မျှ အပူပေးလိုက်သည်။ အဖြူနုနု ဆေးပေါင်ဒါမှုန့်သည် နီကျင်ကျင်အရောင် ပြောင်းလာသည့်အချိန်တွင် ဘိန်းပွင့်၏ သတ္တုရည်ကို အလျင်အမြန်လောင်းထည့်လိုက်သည်။ 

သတ္တုရည်သည် ဆေးမီးအိုးအတွင်းသို့ ရောက်သွားသည်နှင့် ဆေးပေါင်ဒါအဖြူမှုန့်များနှင့် ရောနှောကပ်ညှိသွားသည်။ မီးတောက်ဖြင့် အချိန်အနည်းငယ်မျှ ဆူပွက်စေသည့်အခါတွင် ဆေးအမယ်နှစ်မျိုးမှာ တဖြည်းဖြည်းဖြင့် အနီဖျော့ဖျော့ အရည်ပျစ် အဖြစ်သို့  ပေါင်းစပ်ရောနှောသွားသည်။ 

သူ့၏ စိတ်ဝိညာဉ်အာရုံခံစားနိုင်စွမ်းကို အသုံးပြုကာ မီးတောက်အပူချိန်ကို ထိန်းချုပ်ထားလိုက်သည်။ အနီဖျော့ဖျော့ ပျစ်နှစ်သည့် အရည်မှာ တဖြည်းဖြည်းဖြင့် အခိုးထွက်လာသည်။ 

မီးတောက်ဖြင့် အဆက်မပြတ်အပူပေးနေပြီးနောက်မှာ အရည်ပျစ်ပျစ်မှာ တဖြည်းဖြည်းဖြင့် အနီရင့်ရင့် ဆေးအနှစ်ပုံစံ ပြောင်းသွားခဲ့သည်။ 

ရှောင်ယွင်သည် မှန်အကြည်ကနေပြီးတော့ ဆေးမီးအိုးအတွင်းရှိ အနီရင့်ရင့် ဆေးအနှစ်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ အနည်းငယ် စောင့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် အသက်ဝင်သစ်သီး အစေ့နက်ငယ်ကိုလည်း ပစ်သွင်းလိုက်သည်။ 

အစေ့နက်ငယ်သည် ဆေးမီးအိုးအတွင်းထဲသို့ ဝင်ရောက်သွားခဲ့ပေမဲ့လည်း ဘာမှတော့ မဖြစ်လာခဲ့ပါဘူး။ အစေ့နက်ငယ်ဟာ မီးတောက်လျှံကြားမှာ ခုန်ပေါက်နေပြီ အနီရင့်ဆေးအနှစ်ဖြင့် ပေါင်းစပ်ဖို့ကို ငြင်းဆန်နေသည်။ 

“ ကွဲပြားတဲ့ ဆေးအမယ်တွေက အပူဒဏ်ခံနိုင်ခြင်းမှာလည်း ကွဲပြားကြတယ်..ဒါကြောင့်မီးတောက်တစ်ခုရဲ့ ဘယ်အစိတ်အပိုင်းကိုပဲ ဖြစ်ဖြစ် အပူချိန်ကို ထိန်းချုပ်နိုင်ရမယ်.. ဒီနေရာတစ်ကွက်ပဲ အပူချိန် နိမ့်နိမ့်လိုချင်ရင် အဲ့ဒီနေရာကိုပဲ မီးတောက်အပူချိန်ကို ဖိနှိပ်နိုင်ရမယ်.. မီးတောက်ပြင်းပြင်းလိုတဲ့ နေရာမှာ မီးအပူချိန်ကို အေးဆေး မြင့်တင်ပြီး ထိန်းချုပ်နိုင်ရမယ်.. ”

စိုးရိမ်ပြီး ချွေးပြန်နေသော ရှောင်ယွင်ကို ကြည့်ကာ သင်ပြပို့ချလိုက်သည်။ 

ရှောင်ယွင်သည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ချက်ချင်းပင် စိတ်ဝိညာဉ်အသိအမြင်ကို အနည်းငယ် ခွဲဝေလိုက်ကာ အစေ့နက်ငယ်အောက်ရှိ မီးတောက်ထံ ပို့လိုက်ပြီး ယင်းမီးတောက်အပူချိန်ကို တဖြည်းဖြည်း တိုးမြှင့်လိုက်သည်။ 

“ ဘန်း.. ”

စိတ်ဝိညာဉ်အသိအမြင်ဖြင့် မီးတောက်အပူချိန်ကို ထိန်းချုပ်နေရာမှ လျော့ပေါ့မှုကြောင့် မထိန်းချုပ်လိုက်မိသည့် မီးတောက်တစ်ခုက ပြင်းထန်စွာဖြင့် ထိုးတက်သွားခဲ့ရာ အစေ့နက်ငယ်၏ တစ်ခြမ်းမှာ ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။ ရှောင်ယွင်မှာ ချွေးစေးပြန်သွားကာ ကတိုက်ကရိုက်ဖြင့် မီးတောက်ကို ကြံမိကြံရာ ဖိကွပ်လိုက်သည်။ 

စိတ်ဝိညာဉ်အသိအမြင်တစ်ခြမ်းက မီးတောက်၏ အခြားတစ်ခြမ်းကို တည်ငြိမ်အောင် ထိန်းချုပ်ထားရကာ ကျန်သည့်တစ်ခြမ်းက မီးတောက် နောက်တစ်ခြမ်းအပူချိန်ကို တိုးမြှင့်ပေးရမည်။ အလုပ်နှစ်ခု တစ်ပြိုင်နက်လုပ်ရသည့် အဖြစ်က ရှောင်ယွင်ကို ခေါင်းကိုက်စေခဲ့သည်။ 

သို့ပေမဲ့ ဤ အဖြစ်မျိုး အနည်းငယ် ကြုံတွေ့လိုက်ရပြီးနောက် ရှောင်ယွင် ပျာယာခတ်ခြင်းက ငြိမ်သက်လာခဲ့သည်။ နဖူးပြင်က ချွေးများကို သုတ်ချလိုက်ပြီး ရှိသမျှ ဒိုချီစွမ်းအင်တွေအား မီးထွက်ပေါက်ဆီကို အပြည့်အဝ အာရုံစူးစိုက်လိုက်သည်။ 

ဆေးမီးအိုးအတွင်းတွင် အစေ့နက်ငယ်မှာ ကြာရှည်စွာ တောင့်မခံမနိုင်တော့ဘဲ နောက်ဆုံးတွင် မီးတောက်၏ အပူချိန်ပြင်းပြင်းအောက်တွင် ပေါက်ကွဲလာခဲ့သည်။ ပိတုန်းနက်ရောင် အစေ့အမှုန့်များသည် တဖြည်းဖြည်းဖြင့် အနီရင့်ရင့် ဆေးအနှစ်အဖတ်အပေါ်သို့ ဝဲလွင့်ကျကြကာ အရောင်ကာလာမှာလည်း ပိုပို၍ နက်ရင့်လာခဲ့သည်။ 

ပိတုန်းနက်ရောင် အစေ့မှုန့်များအားလုံး ဆေးအနှစ်ပေါ်သို့ အကုန်ရောက်သွားသည့်အခါမှ ရှောင်ယွင်သည်လည်း အသက်ပြင်းရှည် ချနိုင်တော့သည်။ လက်နှစ်ဖက်ကို မီးထွက်ပေါက်ကနေ ဖြည်းညှင်းစွာ ဖယ်လိုက်သည့်အခါ မီးဆေးအိုးအတွင်းမှ မီးတောက်သည်လည်း နှေးကွေးစွာဖြင့် ငြိမ်းသေသွားတော့သည်။ 

မောဟိုက်နေသော ရှောင်ယွင်ကြောင့် ရွဲ့လော်သည် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးမီးအိုးအဖုံးကို မကာ မြေကြီးပေါ် ချထားလိုက်သည်။ ညာဘက်လက်ဖြင့် အနီရင့်ရင့် ဆေးအနှစ်လုံးကို လေပေါ် ပေါလောပေါ်စေလိုက်သည်။ 

ရွဲ့လော်သည် ဆေးအနံ့ပြင်းထန်စွာ ထွက်နေသောကြက်သွေးရင့်ရောင် ဆေးအနှစ်လုံးကို စူးစိုက်ကြည့်လိုက်သည်။ တဖန် သူ့လက်သည် ပိုင်းဖြတ်သည့် ပုံစံကို ပြုလုပ်လိုက်ရာ အနီရင့်ရင့် ဆေးအနှစ်လုံးသည် အပိုင်းအစ တစ်ရာနီးပါးမျှ ကွဲထွက်သွားသည်။ 

ရှောင်ယွင်ဆီမှ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး ရွဲ့လော်သည် လက်ဖျစ်တစ်ချက် တွက်လိုက်သည့်အခါတွင် ကျောက်စိမ်းပုလင်းငယ်ပေါင်း တစ်ရာကျော်တို့သည် ဂူကျဉ်းကျဉ်းလေးထဲတွင် နေရာအပြည့်  ရုတ်တရက် ထွက်ပေါ်လာသည်။ 

ကျောက်စိမ်းပုလင်းငယ်များကို နေရာချလိုက်ပြီးနောက် ရွဲ့လော်သည် လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ အရည်ကဲ့သို့ ဆေးအနှစ်များသည် တိကျစွာဖြင့် ကျောက်စိမ်းပုလင်းများဆီသို့ ကိုယ်စီ ဝင်သွားကြသည်။ 

ရွဲ့လော်သည် ဆေးပုလင်းတစ်လုံးကို ကောက်ယူလိုက်ကာ ရှောင်ယွင်ကို ပြုံးကြည့်ပြီ ကမ်းပေးလိုက်ရင်း ကျီစယ်ကာ ပြောလိုက်သည်။ 

“ ဂုဏ်ယူပါတယ်.. ပထမဆုံး ဆေးဖော်စပ်မှု အောင်မြင်သွားပါပြီး.. ”

အလောတကြီးနိုင်စွာ ဆေးပုလင်းကို လှမ်းယူလိုက်ပြီး ရှောင်ယွင်သည် အနည်းငယ် အညစ်ပါနေသည့် ကြက်သွေးရောင် ဆေးအနှစ်ရည်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူခြင်း ကိုပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ 

“ ဟဟ.. ဒီနေ့က စပြီး.. ငါဟာ မှော်ဆေးပညာရှင်တစ်ယောက်လို့ ပြောလို့ရပြီးကွ.. ”

…….

အချို့ချို့သော အသုံးအနှုန်းတွေ ပြောင်းသုံးထားတယ်.. သည်းခံ ဖြည့်တွေး ဖတ်ကြကုန်..

မကြာမီအချိန်အတွင်း အပိုင်း ၇၆ မှ ၁၀၀ အထိ ပါဝင်သော pdf ထွက်ရှိမည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ

Chapter 72

Chapter 72.
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato

ရှောင်ယွင်သည် အစည်းအဝေခန်းမကနေ ပြန်လှည့်သွားလိုက်ပြီ သူ့အခန်းကို ပြန်သွားလိုက်သည်။ အနာကျက်ဆေးကို ဖော်စပ်ရန်အတွက် ပြင်ဆင်စရာရှိသည်များကို လုပ်ထားလိုက်သည်။ အားလုံးပြင်ဆင်ပြီးသည်နှင့် သူ လေ့ကျင့်နေကျ ဂူဆီကို လူများ မမြင်တွေ့ရအောင် တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။

အရင်အခါက ရွဲ့လော်ပြောခဲ့သည့်အတိုင်းပင်.. ဆေးဝါးသန့်စင်ဖော်စပ်သည့် အချိန်များတွင် အနှောင့်အယှက်ရှိ၍ မရပါဘူး။ သူ့အခန်းတွင် လုပ်ဆောင်မည်ဆိုပါကလည်း ကလန်တွင် လူအများ သွားလာလှုပ်ရှားနေသည့်အတွက် အဆင်မပြေလှပါဘူး။ ရှောင်ယုကဲ့သို့ သူ့အခန်းကို ရုတ်တရက် ၀င်လာသူရှိလာခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်ကို သူလည်း တာဝန်ယူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ 

ဂူအတွင်းထိ ပုန်းလျှိုးကွယ်လျှိုးဖြင့် ရောက်လာခဲ့ပြီးနောက် ရှောင်ယွင်မှာ စတင်ဖို့ အင်မတန်ကို စိတ်လှုပ်ရှားနေပြီး ဖြစ်သည်။ ထို့ကြောင့် ရင်ဘက်ထဲမှာ ထည့်သိမ်းထားသော သိုလှောင်လက်စွပ်ကို ကမန်းကတန်း ထုတ်လိုက်ပြီး လက်စွပ်အထဲကို ဒိုချီစွမ်းအင်အချို့ကို ပို့လွှတ်လိုက်သည်။ အနီလဲ့လဲ့လက်စွပ်မှာ အလင်းတစ်ချက်လဲ့သွားကာ အကြမ်းဖျင်း တစ်ပေကျော်ရှည်သည့် အနီရောင်ဆေးမီးဖိုအိုးက ထွက်လာပြီး ဂူကြမ်းပြင်မှာ ထောက်လျက်သား ကျသွားသည်။ 

ဆေးမီးဖိုအိုးကိုယ်ထည်တစ်ခုလုံးကို ကြက်သွေးရောင် အနီရင့်ရင့်အရောင်များဖြင့် ပြည့်လွှမ်းနေကာ အလင်းပင် အနည်းငယ်တောက်ပ၍ နေသည်။ ဆေးမီးဖို၏ အောက်ခြေတွင် ကြီးမားသော မြွေခေါင်းနှစ်လုံးကို ထွင်းထုထားပြီး ၎င်းခေါင်းနှစ်လုံးမှာ လေ၀င်ခေါင်းပေါက်အဖြစ် ထွင်းထုထားခြင်းလည်း ဖြစ်သည်။ လေ၀င်ခေါင်းပေါက်ရှည်မှာ မီးဖိုအထဲရောက်လေ အချင်းမှာ တဖြည်းဖြည်းသေးငယ်လာလေ ဖြစ်ကာ တစ်စုံတစ်ယောက်က အထဲချောင်းကြည့်လျှင် ဘာမှ မြင်ရမှာ မဟုတ်ပါဘူး။ 

ဆေးကျိုအိုး၏ ထိပ်တွင် ကြက်သွေးရောင်အနီရင့်ရင့် အိုးအဖုံးကရှိနေပြီး ယင်းအဖုံးကို ကြီးမားသော မြွေတစ်ကောင်အသွင် ထုလုပ်ထားသည်။ အဖုံးဘေးတွင် ဆေးအမယ်များ ထည့်သွင်းရန်အတွက် အထူးပြုလုပ်ထားသော ထည့်ပေါက်တစ်ခုက ရှိနေသည်။ 

အဖုံးပေါ်တွင် ရေခဲငွေဖြင့် ပြုလုပ်ထားသော သေးငယ်သည့် အပေါက်များရှိနေသည်။ ယင်းအပေါက်များသည် ပေါက်ကွဲမှုဖြစ်စေနိုသည့် အပူလွန်ကဲမှုကို လျှော့ချပေးနိုင်စွမ်းရှိသည်။ တဖန် ဆေးအိုးအလယ်နေရာတွင် ကြည်လင်သော ရေခဲမှန်ကို တပ်ဆင်ထားသည်။ ထို့ကြောင့် သန့်စင်ဖော်စပ်သည့် အဆင့်ဆင့်များကို မှော်ဆေးပညာရှင်က အပြင်ကနေ ကောင်းကောင်းတွေ့မြင်ရသည်။ 

သုံးချောင်းထောက် ဆေးကျိုအိုး၏ ကိုယ်ထည်တွင် ကြမ်းကြုတ်ရက်စက်သည့် မိစ္ဆာတောရိုင်းကောင်ပုံကို ထွင်းထုထားသည်။ ၎င်းရုပ်ပုံမှာ ယခုပင် ခုန်ထထွက်မတတ်ကဲ့သို့ အသက်ဝင်လှပေသည်။ 

ဆေးကျိုမီးအိုး၏ လှပသော အပြင်ပုံပန်းသဏ္ဍာန်ကို သေချာစွာ လေ့လာကြည့်ပြီ ရှောင်ယွင် ကျေနပ်စွာ ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေသည်။ ထို့နောက် အနက်ရောင်လက်စွပ်ကို ပွတ်သပ်လိုက်ရာ အလင်းတစ်ချက် လင်းသွားခြင်းနှင့်အတူရွဲ့လော်က ထွက်ပေါ်လာခဲ့သည်။ 

“ အမ်.. မီးထွက်ပေါက်နှစ်ခုနဲ့ ဆေးမီးဖိုအိုး..အင်း.. မင်းလို မှော်ဆေးပညာသင်ကာစ အတွက်တော့ မဆိုးပါဘူး.. ”  

ရွဲ့လော်သည် ကြက်သွေးရင့်ရင့်အရောင် ဆေးမီးအိုးအပေါ်က မြွေခေါင်းသဏ္ဍာန်ထွင်းထားသော အပေါက်အ၀ကို ကြည့်ကာ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ 

“ မီးထွက်ပေါက်နှစ်ခုနဲ့ ဆေးမီးဖိုအိုး..?”

မကြားဖူးသော စကားလုံးအသစ်အဆန်းကို ကြားလိုက်ရ၍ ရှောင်ယွင်တစ်ယောက် မျက်လုံးက ပေကလတ်ပေကလတ် ဖြစ်သွားတော့သည်။

“ ဆေးမီးဖိုအိုးတွေမှာလည်း သူတို့အဆင့်နဲ့ သူတို့ ရှိကြတယ်ကွ.. ဆေးအိုးထဲက မီးဖိုရဲ့ ထွက်ပေါက်အရေအတွက်များလေ ဆေးမီးဖိုအိုးရဲ့ အဆင့်ကလည်း မြင့်လေပဲ.. ပြီးတော့ ရှားလည်းရှားတယ်.. အင်း ပြီးတော့ မီးထွက်ပေါက်တွေကို လိုသလို ပေါင်းထည့်လို့ရတယ်လို့ မတွေးလိုက်နဲ့ကွ… မီးထွက်ပေါက်ဆိုတာ ဆေးမီးဖိုအိုးရဲ့ အခရာပဲ.. ပြီးပြည့်စုံဖို့ဆိုတာ အရမ်းကိုအသေးစိတ် ခြယ်သရတယ်ကွ..တကယ်လို့ ဆေးမီးဖိုအိုးကို ပြုလုပ်နေတဲ့အချိန်မှာ အမှားအနည်းငယ်သာ ပါသွားကြည့်.. အဲဒီ မီးဖိုအိုးက သွားရောပဲ.. အဲဒါကြောင့် ဆေးမီးဖိုအိုးတစ်လုံးမှာ မီးထွက်ပေါက်များလေ..မှော်ဆေးပညာရှင်တစ်ယောက်အတွက် ဆေးသန့်စင်ဖော်စပ်ရတာ ပိုပြီး လွယ်ကူချောမွေ့လာလေပဲ.. ပြီးတော့လည်း ထွက်ပေါက်များတဲ့ ဆေးမီးဖိုအိုးကို သုံးချင်ရင် မင်းမှာ အားကောင်းတဲ့ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက လိုအပ်လာပြီး.. အခုကျတော့ မီးထွက်ပေါက်နှစ်ပေါက်ပါတဲ့ ဆေးမီဖိုအိုးက မင်းအတွက် တော်တော်များနေပြီး လို့တောင် ပြောလို့ရတယ် ”

ရွဲ့လော်က ရယ်မောရင်း ရှင်းပြလိုက်သည်။

“ မှော်ဆေးပညာရှင်တစ်ယောက်အတွက် ဆေးမီးဖိုအိုး အရေးကြီးပုံက ဘာနဲ့ ဆင်တူသလဲဆိုတော့ ဓားသမားတစ်ယောက်အတွက် ဓားကအရေးကြီးသလိုပဲ.. ”

ခေါင်းကို မသိမသာ ညိတ်လိုက်ရင်း အရှေ့က ဆေးမီးဖိုအိုးကြီးကို ငေးကြည့်ကာ ရှောင်ယွင် မရေမရာစွာဖြင့် မေးလိုက်သည်။
“ အခု ကျွန်တော် ဘာလုပ်ရမလဲ..?”

“ အခု မင်းက ဆေးမီးဖိုအိုးနဲ့ အကျွမ်းတ၀င်ဖြစ်နေဖို့က ပိုကောင်းတယ်.. မီးထွက်ပေါက်တစ်ဖက်ကို လက်တစ်ဖက်နဲ့ ဖိထားလိုက်.. ပြီးရင် ဒိုချီစွမ်းအင်ကို လက်ဝါးပြင်ကနေ နှိုးဆွလိုက်.. ပြီးရင် အဲဒါကို ဆေးမီးဖိုအိုးအတွင်းထဲကို သွင်းပို့ပေးလိုက်.. ” 

ရွဲ့လော်လည်း ဂူထဲမှာပဲ တင်ပျဉ်ချိတ်ထိုင်နေလိုက်ပြီး ရှောင်ယွင်ကို ညွန်ကြားလိုက်သည်။ 

ရှောင်ယွင်က ခေါင်းကို ညိတ်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်ကို မီးထွက်ပေါက်တစ်ဖက်မှာ ဖြည်းညှင်းစွာ တင်လိုက်ပြီးတော့ မျက်လုံးကို မှိတ်ချလိုက်သည်။ ရှောင်ယွင်၏ ခန္ဒာကိုယ်အတွင်းမှာ လည်ပတ်နေသော.. အ၀ါရောင်မှိန်မှိန် ချီစွမ်းအင်က အနည်းငယ် လှိုင်းထနေလျက်ရှိသည်။ အ၀ါရောင်မှိန်မှိန် ချီစွမ်းအင်တွေသည် အမျှင်တန်းများ တစ်မျှင်ပြီးတစ်မျှင် ပွက်ထ၍ လာသည်။ ရှောင်ယွင်၏ လက်ဝါးမှာသည်လည်း တဖြည်းဖြည်းနှင့် အ၀ါရောင်အလင်းများ သန်းလာသည်။ 

အ၀ါရောင်မှိန်မှိန် ဒိုချီစွမ်းအင်များ လက်ဝါးပြင်ကို ရောက်သွားပြီးအခါမှာလည်း ဆက်လက်ကြီးထွားနေသည်။ တဖန် ၎င်းစွမ်းအင်တွေဟာ ရုတ်ခြည်းပင် ပြင်းထန်လှသော ဆွဲငင်အားကြောင့် လက်ဝါးပြင်ကနေ လွတ်ထွက်သွားပြီး မီးထွက်ပေါက်ကနေတစ်ဆင့် ဆေးမီးဖိုအိုးအထဲကို လွန်ထိုးမွှေနောက်ရင်း တိုးဝင်သွားတော့သည်။

“ ဖူးးးး ”

ထိုစဉ်တွင် သဲသဲကွဲကွဲ မကြားရသော အသံတိုးတိုး ထွက်ပေါ်လာခဲ့သည်။ အ၀ါရောင်မှိန်မှိန် ချီစွမ်းအင်မှာ မီးထွက်ပေါက်ကို ဖြတ်သန်းဝင်သွားကာ မီးထွက်ပေါက်အဆုံးမှာ ယင်းစွမ်းအင်သည်  အ၀ါရောင်မှိန်မှိန် မီးတောက်တစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။ ဆေးမီဖိုအိုးအတွင်းတွင် ၎င်းမီးတောက်မှာ လှုပ်ကာယမ်းကာဖြင့် တောက်ပစွာ လင်းနေတော့သည်။ 

လက်ဝါးပြင်ကနေ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် ရှောင်ယွင်မှာ အထိတ်တလန့် ဖြစ်သွားချေကာ ဆတ်ခနဲ သူ့လက်ဝါးကို ရုတ်သိမ်းလိုက်မိသည်။ သူ့လက်ဝါးပြင်မှာ အပူမလောင်ဘဲ ပုံမှန်အတိုင်းပင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ဒါပေမဲ့ ရှောင်ယွင်မှာ ထိန်းမနိုင် သိမ်းမရလောက်အောင် ကြောက်စိတ်မွှန်သွားခဲ့သည်။ 

“ အင်း … မဆိုးပါဘူး.. ပထမဆုံးအကြိမ် ဖြစ်နေတာတောင် မီးတောက်ထုတ်နိုင်တဲ့အထိ ရခဲ့တာပဲ.. ”

ဆေးမီဖိုအိုးအတွင်းက မီးတောက်ကို ကြည့်ကာ ရွဲ့လော် ခေါင်းညိတ်လိုက်ပြိး ပြောလိုက်သည်။ 

“ အခု မင်း နှိုးဆွလိုက်တဲ့ မီးတောက်က ဆေးဝါးသန့်စင်လို့ ရတဲ့ မီးတောက် မဖြစ်သေးဘူး.. အခု မင်းရဲ့ ခန္ဒာကိုယ်အတွင်းက သစ်သားစွမ်းအင်ကိုလည်း ထိန်းချုပ်နိုင်ဖို့ အာရုံစူးစိုက်ထားလိုက်… ပြီးရင် အဲဒါကို ဆေးမီးဖိုအိုးထဲကို သွင်းထည့်ပေးရမယ်.. ”

ရှောင်ယွင်သည် သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်သည်။ တဖြည်းဖြည်းဖြင့် သူ့စိတ်ကို တည်ငြိမ်အောင် သက်တောင့်သက်သာနေလိုက်သည်။ သူ့၏ ထက်မြက်သော စိတ်ဝိညာဉ်အာရုံခံစားနိုင်စွမ်းကို အသုံးချကာ ခန္ဒာကိုယ်တစ်ခုလုံးကို နေရာအနှံ့ ထိုးထွင်းကြည့်ပြီး သစ်သားစွမ်းအင်ကို လိုက်ရှာဖွေနေလိုက်သည်။

ဆယ်မိနစ်အထက်လောက် ကြာသွားသည့်အချိန်တွင် ရှောင်ယွင်သည် နောက်ဆုံးတွင်  သစ်သားစွမ်းအင်ကို ပထမဆုံးအကြိမ်အဖြစ် ရှာတွေ့လိုက်သည်။ ပေါ့ပါးစွာ အသက်ပြင်းချလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်။  

“ ရှာတွေ့ပြီးလား…?”

ရှောင်ယွင် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ရွဲ့လော် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ ရှောင်ယွင် ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ရွဲ့လော် စိတ်ထဲကနေ ချီးကျူးနေမိတော့သည်။ ရွဲ့လော် ပထမဆုံး သူ့ကိုယ်ထဲက သစ်သားစွမ်းအင် ရှာတွေ့သည့်အချိန်က နာရီဝက် ဖြစ်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ရှောင်ယွင်၏ စိတ်ဝိညာဉ်အာရုံခံစားမှုသည် မည်မျှ ထက်မြက်သည်ကို သိနိုင်သည်။ 

ရှောင်ယွင်သည် လက်ညိုးတစ်ချောင်းကို ဆန့်တန်းပြီး နောက် မီးထွက်ပေါက်တစ်ဖက်ကို အသာလှမ်းဖိလိုက်သည်။ ထို့နောက် အစိမ်းရောင်ရှိပြီး အားနည်းလှသော ချီစွမ်းအင်က စမ်းချောင်းလို နည်းနည်းချင်းစီ စီးဝင်သွားလေသည်။ 

အစိမ်းရောင် ချီစွမ်းအင်သည် ဆေးမီးဖိုအိုးထဲကို စီးဝင်သွားသည်နှင့် အတွင်းက အ၀ါရောင်မှိန်မှိန် မီးတောက်မှာ ရုတ်ခြည်းပင် ငြိမ်သက်သွားသည်။ စွမ်းအင်နှစ်ခု ပေါင်းစပ်ဓာတ်ပြုသည့် ပုံနှယ်ဖြစ်သည်။ ထိုစဉ်တွင် ရှောင်ယွင်မှာ မီးတောက်ကို မထိန်းချုပ်နိုင်ပေမဲ့လည်း သစ်သားစွမ်းအင်ဖြင့် ထိန်းကွပ်ခြင်းခံနေရသော မီးတောက်၏ ရုန်းထွက်နေမှုကို ခံစားနေရသည်။ သစ်သားသည် မီးတောက်ကို လောင်စာပေးသည့် သဘောအရ မီးတောက်ကို ပိုပိုပြီး ထိန်းကွပ်နိုင်ခဲ့သလို ပထမတစ်ခါထက် ပိုပြီး အချိန်ကြာကြာ တောက်လောင်နေသည်။ 

“ ကောင်းတယ်… ”
ရွဲ့လော်သည် ကျေနပ်စွာဖြင့် ခေါင်းကို ညိတ်လိုက်သည်။ သူ့လက်ညိုးကိုလည်း ရှောင်ယွင်၏ နဖူးပြင်ကို သွားတို့ထိလိုက်ကာ အချက်အလက်များကို ရှောင်ယွင်ခေါင်းထဲသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်သည်။ 

“ ဒါက ငါ့ရဲ့ ကိုယ်ပိုင် အသက်ကယ်ဆေး ဖော်စပ်နည်းပဲ.. လေ့ကျင့်ဖို့ကို သုံးလိုက်.. ပြီးရင် ထားရမယ့် မီးတောက်ရဲ့ အပူချိန်နဲ့ ဆေးအမယ်တွေ ထည့်ရမဲ့ အချိန်အခါကို ငါ ဘေးကနေ နေပြီးတော့ လမ်းညွန်ပေးမယ်.. ”

ရှောင်ယွင်သည် ရထားပြီးသည့် အချက်အလက်များကို ပြန်ဖော်ကြည့်လိုက်ပြီးနောက် ခေါင်းကို အသာညိတ်လိုက်သည်။

“ သွေးတိတ်ဆေးအမှုန့်.. ဆေးအမယ်က .. သွေးခဲမြက်ရိုးက တစ်ခု.. အသက်ဝင်သစ်သီးက တစ်လုံး.. ဘိန်းပွင့်က နှစ်ပွင့်… ”

လိုအပ်သော ဆေးအမယ်များကို မှတ်ဥာဏ်ထဲကနေ ထုတ်နုတ်မှတ်သားလိုက်ပြီးနောက် ရှောင်ယွင်သည် သူ့၏ စိတ်ဝိညာဉ်အာရုံခံမှုကို ဆေးမီးဖိုအိုးထဲ တဖြည်းဖြည်း အာရုံနှစ်လိုက်ကာ အထဲမှ မီးတောက်ကို ထိန်းနိုင်ဖို့ ကြိုးစားလိုက်သည်။ 

ထို့နောက် သူသည် သိုလှောင်လက်စွပ် စွပ်ထားသော လက်ချောင်းကို ဖျစ်ခနဲ တွက်လိုက်ရာ အနီရင့်ရင့် သွေးခဲမြက်ရိုး တစ်ချောင်းက သူ့လက်ဝါးပြင်ပေါ်ကို ထွက်ပေါ်လာသည်။ ခနအကြာတွင် ရှောင်ယွင်သည် ဆေးမီးဖိုအိုးထိပ်တွင် ထွင်းထုထားသော မြွေရုပ်၏ ပါးစပ်ပေါက်ကနေတစ်ဆင့် အထဲကို ယင်းရိုးတံအား ထည့်သွင်းလိုက်သည်။

သွေးခဲမြက်ရိုးဟာ အထဲကို ရောက်သွားပေမဲ့လည်း ရှောင်ယွင် ချက်ချင်း မီးတောက်ကို မထိန်းသေးပါဘူး။ အထဲက မီးတောက်သည် ပုံမှန်အတိုင်းပင် အပေါ်ကို တောင်လောင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သွေးခဲမြက်ရိုးသည် ပြာပုံကျသွားလေသည်။ ၎င်းပြာပုံကို ဆေးမီးဖိုအိုး၏ ထူးခြားသော စက်ယန္တရားကနေ ချက်ချင်းပဲ  အပြင်ကို စွန့်ထုတ်လိုက်သည်။ 

ပထမဆုံးမအောင်မြင်ခြင်းကို ကြည့်ကာ ရှောင်ယွင် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။ 

“ ဆက်လုပ်.. ”
ရွဲ့လော်က ပုံမှန်အတိုင်းပဲ ပြောလိုက်သည်။

ရှောင်ယွင်သည် ပါးစပ်အပြည့် တံတွေးကို မျိုချလိုက်ကာ နောက်တစ်ကြိမ် သွေးခဲမြက်ရိုးကို ပစ်သွင်းလိုက်ပြန်သည်။ ဒီအချိန်မှာတော့ သွေးခဲမြက်ရိုးသည် မီးတောက်အထဲတွင် အချိန်အနည်းငယ်အထိ ရှိနေသေးသည်။ ဒါပေမဲ့ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ 

“ အပူချိန်က အရမ်းပြင်းလွန်းတယ်.. ”

ရှောင်ယွင် ချွေးသုတ်လိုက်ရချေသည်။ ယခုမှ ကိုယ်တိုင်ကိုယ်ကျ လုပ်ရသည့်အခါမှ ဤအလုပ်သည် သူထင်မှတ်ထားသလို လူတိုင်း လွယ်လွယ်ကူကူ လုပ်နိုင်သည့်အလုပ်မျိုး မဟုတ်မှန်း သဘောပေါက်လိုက်သည်။ 

နောက်ထပ် သွေးခဲမြက်ရိုး အချောင်း နှစ်ဆယ်ကျော်ကို ခက်ခက်ခဲခဲ မီးရှို့ပစ်လိုက်ပြီးမှ ရှောင်ယွင်သည် သွေးခဲမြက်ရိုးအတွက် သင့်တော်သော အပူချိန်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

သွေးခဲမြက်ရိုးကို နောက်တစ်ကြိမ် ပစ်သွင်းလိုက်သည့်အခါမှာ ရှောင်ယွင်၏ အမူအရာ တည်ငြိမ်လာခဲ့သည်။ သူ့၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းဖြင့် မီးတောက်၏ အပူချိန်ကို ကောင်းကောင်း ထိန်းချုပ်လာနိုင်ခဲ့သည်။ ရှောင်ယွင်၏ အကြည့်သည် ရေခဲမှန်ကို ဖောက်ထွင်းကာ မီးတောက်အတွင်းမှာ ရှိနေသာ သွေးခဲမြက်ရိုးကို စိုက်ကြည့်နေသည်။ 

အချိန်တစ်ခုအကြာတွင် မီးတောက်အတွင်းရှိ သွေးခဲမြက်ရိုးသည် တဖြည်းဖြည်းနှင့် အပေါ်လွှာများ ကျွတ်ထွက်ကာ အရည်များ ပွက်စီထလာသည်။ အရွက်တွေမှာလည်း တဖြည်းဖြည်း အငွေ့ပျံလာကာ အဖြူကျင့်ကျင့် အမှုန့်သို့ ပြောင်းသွားသည်။ နောက်ဆုံးတွင်တော့ ပညာသင် မောင်ရှောင်ယွင်တစ်ယောက် သွေးခဲမြက်ရိုးအဆီအနှစ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး။

×××××××××

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...