အပိုင်း ( ၇၇ ) - ဆေးအမယ်ထောက်ပံ့မှုကို ဖြတ်ချခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
Translated by Kaung Myat
ပထမတန်းလေလံအိမ်… ဧည့်သည်လက်ခံရာ ဧည့်သည်စောင့်ခန်း တွင် ဖြစ်သည်။
စားပွဲခုံ၏ ထိပ်နေရာတွင် ကျောက်စိမ်းပုလင်းဗူးလေးတစ်လုံး ရှိနေ ကာ ၎င်းအတွင်းတွင် ဆေးလုံးတစ်လုံးက ငြိမ်သက်စွာ ရှိနေသည်။ ချောမွတ်ကာ လုံးဝန်ပြီး တောက်ပသော ဆေးလုံးတစ်လုံး ဖြစ်ပြီး မွှေးပျံ့သော ရနံ့က အခန်းအတွင်းတွင် မွှေးကြိုင်နေရာ အခန်းအတွင်းရှိ လူအားလုံး၏ စိတ်အာ၇ုံကို ဆွဲဆောင်နေလျက် ရှိသည်။
ပထမတန်းလေလံအိမ်၏ ခေါင်းဆောင်နှစ်ယောက်ဖြစ်သော ရဖေးနှင့် ကုနီတို့ နှစ်ယောက်သည်လည်း ဆေးလုံးကို ငေးကြည့် နေရင်း မျက်နှာများတွင်လည်း ဝမ်းသာပျော်မြူးနေသည့်ဟန်က ထိန်းမရလောက်အောင် ဖြစ်ပေါ်နေသည်။
အနက်ရောင်ဝတ်ရုံအတွင်းမှာ ရှိနေသည့် ရှောင်ယွင်သည် သူအရှေ့တွင် ရှိနေပြီး သူ့ကိုပင် မေ့လုနီပါးဖြစ်နေသော ရဖေးနှစ်ယောက်ကို ကြည့်ပြီး သဘောမကျသလိုဖြစ်ကာ စိတ်ထဲမှာလည်း သရော်လိုက်မိသည်။
“ ဟားဟား.. ရွဲ့လော်က ချီစုစည်းဆေးလုံးကို ဖော်စပ်ထားတဲ့နေရာမှာ အရည်အသွေးလျှော့ထားတဲ့ ဆေးအမယ်တွေပဲ သုံးထားတာ သိကြရင် ဒီမျက်နှာတွေ ဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ မသိဘူး.. ”
အခု ရှောင်ယွင်ယူလာသည့် ချီစုစည်းဆေးလုံးသည် သူကိုယ်တိုင် သုံးစွဲသည့် ဆေးလုံးထက် တော်တော်လေးကို အရည်အသွေးနိမ့် ပါသည်။ ရွဲ့လော် စိတ်မပါ့တပါ့ ဖော်စပ်ထားသော ဤဆေးလုံးက ရဖေးနှင့်ကုနီတို့ နှစ်ယောက်ကို အတော်လေး အံ့သြမင်သက်စေသည်မှာ ရယ်ချင်စရာကောင်းနေသည်။
“ အိုး.. လူကြီးမင်း.. ခင်ဗျားရဲ့ မှော်ဆေးပညာရပ်ကတော့ တကယ့် ကို အံ့မခန်းပါပဲ.. လူကြီးမင်းဖော်စပ်ထားတဲ့ ချီစုစည်းဆေးလုံး ကတော့ အဆင့်၅ မှော်ဆေးပညာရှင်ဖော်စပ်ထားတာနဲ့တောင် ယှဉ်လို့ ရနေပြီး.. ”
ကုနီတစ်ယောက် အစိမ်းဖျော့ဖျော့အရောင် ဖြစ်နေသော ဆေးလုံးကို စိတ်ပါလက်ပါဖြင့် ချီးကျူးနေသည်။
အနက်ရောင်ဝတ်ရုံအတွင်းမှ အိုမင်းသော အသံက ထွက်ပေါ် လာသည်။
“ ကဲပါလေ.. ဒီချီစုစည်းဆေးလုံးကို လက်ခံပေးပါ.. အကူအညီတွေ အများကြီး ယူထားပြီးတော့ ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ပါ.. မဟုတ်ရင် ကျုပ်တော့ ကိုယ့်လိပ်ပြာကိုယ်လုံမှာ မဟုတ်ဘူး.. ”
“ ဟားဟား လူကြီးမင်ကတော့ အရမ်းကို ကြင်နာတတ်တာပဲ.. လူကြီးမင်းက ဒီမှာ ဧည့်သည်တစ်ယောက်ပါ.. ကျွန်မတို့နဲ့ လူကြီးမင်းကြားထဲက အပေးအယူဆိုတာကလည်း မိတ်ဆွေ အချင်း ချင်းကြားထဲက အပေးအယူမျိုးပါ.. .. ”
ရဖေးသည် ပြုံးရင်း ကျေးဇူးတင်စကားဆိုကာ ကျောက်စိမ်းလက်ကလေးလို လှပသည့် သူမလက်က ဆေးဗူးလေးကို လှမ်းယူလိုက်သည်။
ထိုအခါ ရွဲ့လော်သည် စကားမပြောမိအောင် အောင့်အည်းနေလိုက် သည်။ ရွဲ့လော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှောင်ယွင်သည် လည်း စိတ်ထဲမှာ တော်တော်လေးကို ချဉ်သွားသည်။ သူမပြော သည့်အတိုင်းသာ တကယ်ဆိုရင် ပထမတန်းလေလံအိမ် သည် ယခုအချိန်တွင် မွဲပြာကျသွားနေလောက်ပါပြီး။
ထို့နောက် ရှောင်ယွင်သည် စာရွက်အပိုင်းတစ်ခုကို ထုတ်လိုက်ပြီး ရဖေးကို ကမ်းပေးလိုက်ပြီး အိုမင်းသော လေသံဖြင့်
“ ငါ့အတွက် ဒီဆေးအမယ်တွေ ကူရှာပေးပါဦး.. ” ဟု ပြောလိုက်သည်။
ရဖေးသည် စာရွက်အပိုင်းကို သွက်လက်စွာ ယူလိုက်ကာ အလျင်အမြန်ပင် ဖတ်ရှုလိုက်ပြီးနောက် ပြုံးပြီး ခေါင်းညိတ်လိုက် သည်။ ပထမအကြိမ်ပြီးနောက် သူမသည် နောက်တစ်ခါ တုံ့ဆိုင်းနေခြင်း မရှိတော့ပါဘူး။
ရဖေးသည် အစေခံကောင်းမလေးတစ်ယောက်ကို လက်ယပ်ခေါ် လိုက်ကာ စာရွက်ကို သူမအား ပေးလိုက်သည်။ ဆေးအမယ်တွေကို ဖြစ်နိုင်သမျှ မြန်မြန်စုဆောင်းပေးဖို့လည်း မှာကြားလိုက်သည်။
ရှောင်ယွင်သည် လက်ထဲက လက်ဖက်ရည်ပန်းကန်ထဲက ရေနွေးကို စုပ်သောက်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ရွဲ့လော်၏ အသံက ထွက်ပေါ်လာသည်။
“ မိန်းကလေးရဖေး.. ငါ့မှာ မေးစရာ မေးခွန်းတစ်ခုရှိတယ်..”
အနက်ရောင်လူကြီးက စကားစပြောလာသောကြောင့် ရဖေးသည် ပြုံးလိုက်ကာ ချိုသာစွာဖြင့် ပြန်ဖြေလိုက်သည်။
“ ပြောပါရှင်.. ”
“ ဂျားလီကလန်က ဆေးအမယ်တွေကို ဒီမှာပဲ လာဝယ်တယ် မလား..? ”
ဒီမေးခွန်းကို ကြားလိုက်ရသည့်အခါတွင် ရဖေး၏ ရင်ထဲတွင် အနည်းငယ်တင်းကြပ်သွားကာ သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာမှာတွင်လည်း အနည်းငယ်ပြောင်းလဲသွားချေ၏။ ကုနီဆီကို လည်း မသိမသာ ကြည့်လိုက်ပြန်သည်။ ထို့နောက် တိုးတိတ်စွာ တွေဝေနေပြီးနောက် ပြန်ကာ ဖြေလေ၏
“ အရင်ရက်တုန်းကပဲ ဂျားလီကလန်ကနေ အနာကျတ်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်တဲ့ ဆေးအမယ်တွေ တစ်သိန်းဖိုးလောက် လာဝယ်သွားပါသေးတယ်.. ”
ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီးနောက် ရွဲ့လော်၏ အသံကား ရုတ်တရက် တိတ်ဆိတ်သွားသည်။
အနက်ရောင်လူကြီး၏ ရုတ်တရက် တိတ်ဆိတ်သွားသော အနေအထားကြောင့် ရဖေး၏ ရင်ထဲတွင် အနည်းငယ် တင်းကြပ်မှု များ ခံစားရလေ၏။ သူမအရှေ့က လူကြီးသည် ရှောင်ကလန်ကို ကူညီဖို့ လုပ်ဆောင်နေမှန်း..သူမ အစောကတည်းက ရိပ်မိနေပြီး သားပါ။ တဖန် သူမတို့ လေလံအိမ်ကလည်း ဂျားလီကလန်ကို ဆေးအမယ်အမြောက်အများ ရောင်းနေခဲ့သည် မဟုတ်လား.. ။ ထိုလူကြီး၏ စိတ်နေသဘောထားကို သူမ မသိပေမဲ့လည်း ကြည့်ရသည့်ပုံမှာ ထိုလူကြီးသည် လေလံအိမ်ကိုပင် မကျေမနပ် ဖြစ်လာမည့် သဘောရှိသည်။
ခန်းမအတွင်းရှိ အနေအထားမှာ တဖြည်းဖြည်းဖြင့် စိတ်လေးလံစရာ ကောင်းလာတော့သည်။ တိတ်ဆိတ်စွာ ထိုင်နေသည့် အနက်ရောင် လူကြီးကို ကြည့်ကာ ရဖေး စိတ်ထဲ ဂယောက်ဂယက် စတင်ဖြစ်လာ သည်။ ကုနီသည် အကြည့်ဖြင့်သာ သူမ အဆက်မပြတ် မတားနေဘူး ဆိုရင် သူမ အစောကြီးကတည်းက ဖွင့်မေးလိုက်နေပြီး ဖြစ်သည်။
“ ပြီးခဲ့တဲ့ အခေါက်က ကျုပ် ဆေးအမယ်တွေ အများကြီးဝယ်သွား တာ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ နှစ်ယောက်လည်း ရိပ်တော့ ရိပ်မိနေမှာပါ.. ”
အချိန်အတော်ကြာအထိ တိတ်ဆိတ်နေမှုကို ရွဲ့လော်၏အသံက ဖြိုခွဲကာ ထွက်ပေါ်ခဲ့သည်။
နီရဲံသွေးလွှမ်းသော သူမနှုတ်ခမ်းကို အသာလေး ဖိကိုက်ထားရင် ရဖေးသည် ခေါင်းကို အသာညိတ်လိုက်ကာ အသံကို နှိမ့်ပြီး ပြန်ဖြေလိုက်သည်။
“ ဆရာက.. ဆေးအမယ်တွေကို သန့်စင်ဖော်စပ်ပေးပြီး ရှောင်ကလန်ကို အနာကျက်ဆေးတွေ အကူအညီပေးချင်လို့ မဟုတ်လား.. ? ”
“ ငါ ဒီကို မလာခင်တုန်းက ရှောင်ကလန်ဆီကို ဝင်ပြီး အနာကျတ် ဆေးတွေ လွှဲအပ်ခဲ့တယ်.. ”
ရွဲ့လော် ခေါင်းကို ညိတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက် သည်။
“ နောက်နှစ်ရက်ကျရင် ဝူတန်မြို့ထဲမှာ ရှောင်ကလန်နဲ့ ဂျားလီ ကလန်တို့ အနာကျက်ဆေးတွေနဲ့ တိုက်ပွဲ အပြိုင်အဆိုင် ဖြစ်လာ ကြတော့မယ်. ”
ရွဲ့လော်ပြောလိုက်သည့် စကားကြောင့် ရဖေးလည်း အဘယ်ကဲ့သို့ စကားပြောရမှန်း မသိ၍ကာ ခပ်မဆိတ်ပဲ ဆက်နေလိုက်သည်။
“ အသက်ကယ်ဆေးတွေ အနာကျတ်ဆေးတွေ ထုတ်လုပ်ရောင်းချဖို့ ဆိုတာ အဆင့်နိမ့် ဆေးအမယ်တွေ အများကြီးလိုတယ်.. ဝူတန်မြို့ မှာ ဘယ်ဆေးဆိုင်ကမှ ပထမတန်းလေလံအိမ်လို ဆေးအမယ် အမြောက်အများကို ထုတ်ရောင်းပေးနိုင်ကြမှာ မဟုတ်ဘူးလေ.. ”
စကားတစ်ခွန်းမှ မဆိုသော ရဖေးကို ကြည့်ပြီး ရွဲ့လော်သည်လည်း သူ့ကိုယ်သူ ပြောသည့်ဟန်ဖြင့် ဆက်ဆိုလိုက်သည်။
“ အနာကျက်ဆေးပြိုင်ပွဲတွေမှာ နောက်ပိုင်းအခါကျရင် ဆေးအမယ်တွေ ဈေးနှုန်းနဲ့ အရည်အသွေးကို အသာထား.. ဆေးအမယ်တွေ လုံလုံလောက်လောက်ရဖို့ကိစ္စက အချက်အချာ ဖြစ်လာလိမ့်မယ်. ”
“ အဲဒါကြောင့် အခုအချိန်ကစပြီး ပထမတန်းလေလံအိမ်အနေနဲ့ ဂျားလီကလန်ကို ဆေးအမယ်တွေ ရောင်းနေတာကို ငြင်းလိုက်ပါ..”
ရွဲ့လော်က ထိုစကားကို ပြောလိုက်သလို ရှောင်ယွင်ကလည်း အနက်ရောင်ဝတ်ရုံကို ဖောက်ထွင်းကာ မြေခွေးမဝိညာဉ်ကဲ့ သို့ လှပစွာသော ရဖေးကို စူးစိုက်ကြည့်လိုက်သည်။ နောက်ထပ် နှစ်လအချိန်အတွင်းမှာ သူသည် ၀ူတန်မြို့ကနေ ထွက်ခွာရတော့ မည်။ ထိုအချိန်အတောအတွင်း ဂျားလီကလန်ကို အနိုင်ယူဖို့ အတွက် သူ့အဖေကို ကူညီသွားရမည်။ ထို့မှသာ ရွဲ့လော်နှင့်အတူ လေ့ကျင့်ရေးခရီးရှည်ကို စိတ်အေးချမ်းစွာဖြင့် ထွက်ခွာလို့ နိုင်မည်။
ရွဲ့လော်၏ စကားများကို ကြားရသည့်အခါ ရဖေး၏ ဆွဲဆောင်မှုရှိ သောမျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားလေ၏။ ထို့နောက် အခက်တွေ့ဟန်ဖြင့် သူမက ပြန်ပြောလိုက်သည်။
“ ဆရာရယ်.. ကျွန်မတို့ ပထမတန်းလေလံအိမ်က စည်းကမ်းတစ်ခု ရှိပါတယ်.. ကလန်အချင်းချင်းကြားထဲက ပြဿနာတွေထဲမှာ ဝင်မပါဖို့ တားမြစ်ထားတာပါပဲ.. ဆရာ့ရဲ့ တောင်းဆိုချက်ကို ကျွန်မ တို့ သဘောတူလိုက်မယ်ဆိုရင် ဒါက ရှောင်ကလန်ကို ကျွန်မတို့ သွယ်ဝိုက် ဘက်လိုက်သွားသလို ဖြစ်သွားမှာပဲ.. ဒါဆိုရင် စည်းကမ်း နဲ့ မညီတော့ဘူး… ”
“ မင်းအတွက် ချီစုစည်းဆေးလုံး နှစ်လုံးကို အလကား သန့်စင်ဖော်စပ်ပေးမယ်.. ”
ရွဲ့လော်သည် သည်အတိုင်းပင် ပြောလိုက်သည်။
“ ဆရာရယ်.. ဆေးက ပြဿနာမဟုတ်ပါဘူး.. တကယ့်ကို.. ”
ချီစုစည်းဆေးလုံး၏ ဆွဲဆောင်မှုကတော့ ရဖေး၏ ဖြူဖွေးသော လက်ကိုပင် တုန်ယင်သွားစေခဲ့သည်။ သို့ပေမဲ့ သူမက ဆက်လက်ပြီး ငြင်းနေလိုက်သည်။
“ ၃ လုံးဆိုရင်ရော…? ”
“ ဆရာ.. ”
ရဖေးသည် အတင်းပင် ပြုံးထားနေရတော့သည်။ ဘေးနားတွင်ရှိ ကုနီ၏ မျက်နှာသည် အတော်ပင် ပျက်ယွင်းနေပါပြီး။
ချီစုစည်းဆေးလုံး သုံးလုံးတောင်မှလား..? အနည်းဆုံး ရွှေဒင်္ဂါး ၅ သိန်းလောက် တန်ဖိုး ရှိနေပြီးမလား.. ?
“ ၅ လုံး. ”
ပေါ့ပါးအေးဆေးသော အသံသည် ရဖေး၏ နှလုံးသားအောက်ခြေ ကို အောက်ကနေ လှန်ပစ်လိုက်သလို အကြင်နာမဲ့စွာ ရိုက်ချလိုက် သကဲ့သို့ ရှိနေပေသည်။
“ ဟူးး..”
ရဖေး၏ ကြီးမားလှပသော မျက်ဝန်းကို မှိတ်ချလိုက်ကာ လေအေးအေးအား တဝရှုသွင်းလိုက်သည်။ ထို့နောက် အချိန် အတော်ကြာအထိ ရှိနေပြီးမှ သူမမျက်လုံးအား ရုတ်ခြည်းဖွင့်လိုက်ကာ မချိသာစွာ ရယ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ ဆရာရယ်.. ဆရာကို အနိုင်ပေးလိုက်ပါပြီး.. ဒီနေ့ကစပြီး.. ပထမတန်းလေလံအိမ်က ဂျားလီကလန်ကို ဘယ်ဆေးအမယ်ကိုမှ မရောင်းပေးတော့ပါဘူး.. ”
“ မိန်းကလေးရဖေးရဲ့ ဆုံးဖြတ်ချက်ကတော့ ငါထင်ထားတာထက် တောင် အတော်လေးကို ကောင်းမွန်တာပဲ.. နောက်တစ်လကျရင်
ဆေးလုံးကို ယူလာခဲ့ပေးမယ်.. ပထမတန်းလေလံအိမ်ကသာ ငါ့ကို စိတ်မပျက်ပါစေနဲ့..”
“ ဆရာ.. စိတ်အေးအေးသာ ထားပါ.. ဘယ်သူက အရေးကြီးလဲ .. ဘယ်သူက အရေးမကြီးဘူးလဲ ဆိုတာ ရဖေး ကောင်းကောင်းသိပါ တယ်.. ”
ရဖေးသည် လေလံအိမ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် လာခဲ့သည်မို့ မည်သည့်ကိစ္စတွင်မဆို သူမသည် အလျင်အမြန် တည်ငြိမ်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။ ဂျားလီကလန်နှင့် အဆင့်၎ မှော်ဆေးပညာရှင်ဟု အနိမ့်ဆုံး ယူဆရသော လူတို့၏ နှစ်ယောက်ကြားမှာ နှိုင်းယှဉ်တွေးစရာ မလိုပါဘူး။ ရွေးချယ်မှုက ခက်ခဲသော အရာမဟုတ်ပေမဲ့ ဘယ်အချိန်မှာ အကျိုးအမြတ်အများဆုံးရအောင် ရွေးချယ်ရသည်က အခက်အခဲဆုံးဖြစ်သည်။ ယခုလို အကျိုးအမြတ် ရလိုက်၍ ရဖေးသည် အင်မတန်ကို စိတ်ကျေနပ်သွားခဲ့သည်။
No comments:
Post a Comment