အပိုင်း ( ၇၅ ) - စီပွားရေးကိစ္စအကြီးစား
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Batte Through The Heavens
++++++++++++++++++++
အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူတစ်ဦးဝင်လာသည် ကို ငေးကြည့်နေရင်း ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်သည် ချက်ချင်းပင် ထကာ ခရီးဦးကြိုပြုလိုက်သည်။ သွက်လက်သော ခြေလှမ်းများဖြင့် အရှေ့တိုးလာကာ ရှောင်ကျန်းသည် လေးစား သည့်အပြုံးဖြင့် မေးလိုက်သည်။
“ ဂုဏ်သရေရှိသော ဧည့်သည်ကြီး.. ကျွန်တော် မျိုးနွယ်ကိစ္စတွေ နဲ့အလုပ်ရှုပ်နေမိလို့ အပြင်ထွက်ပြီး မကြိုလိုက်ရတာ တောင်းပန် ပါတယ်.. စိတ်မရှိပါနဲ့ဗျာ.. ”
“ ဟားဟား..အဲ့လောက်အထိ မလိုပါဘူး.. ”
အနက်ရောင်ဝတ်ရုံအောက်ကနေ လူကြီးအသံက ထွက်ပေါ်လာ သည်။
ရှောင်ကျန်းသည် ခေါင်းကို သွက်သွက်ညိတ်လိုက်ပြီး အကြီးအကဲ သုံးယောက်ကိုလည်း အဓိပ္ပါယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့် လိုက်သည်။ အကြီးအကဲသုံးယောက်လည်း ကမန်းကတန်း လမ်းဖွင့် ပေးလိုက်ကာ ပြုံးရွှင်စွာဖြင့် နေရာထိုင်ခင်း ပေးလိုက်ကြ၏
“ ဂုဏ်သရေရှိ ဧည့်သည်ခင်ဗျာ..ထိုင်ပါခင်ဗျ.. ”
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူလည်း ခေါင်းညိတ်လိုက်ပြီး အပြင်ပန်းဟန်ဆောင်ခြင်းမရှိဘဲ စားပွဲထိပ်ခုံဘေးနားတွင်ရှိ ထိုင်ခုံဆီကို တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီ ၀င်ထိုင် လိုက်လေသည်။
အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို ရှောင်ကျန်း လေးလေးစားစား ဆက်ဆံနေသည်ကို မြင်ရသောအခါ မျိုးနွယ်လူငယ်များ အချင်းချင်း တီးတိုးဆိုကြမိသည်။ စူးစမ်းသည့် အကြည့်များစွာတို့သည်လည်း အနက်ရောင်ဝတ်ရုံနှင့် လူကြီးအပေါ်ကို ဝေ့၀ဲကြည့်နေကြသည်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က ထိုလူကြီးသည် မှော်ဆေးပညာ ရှင် တစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်သည့်အခါတွင် သူတို့၏ မျက်လုံးတွေမှာ တောက်ပလာကာ ရိုသေလေးစားခြင်းတွေနှင့် ပြည့် နှက်လာခဲ့ကြသည်။ မည်သည့်နေရာတွင်မဆို မှော်ဆေးပညာရှင်ဆို သည်မှာ တခြားသူတွေ၏ အမြင်မှာ အင်မတန်လေးစားစရာကောင်း သည့် ပညာရှင်များ ဖြစ်ကြသည်မဟုတ်လား။
“ အစ်မ.. အဲ့ဒီထူးခြားတဲ့ မှော်ဆေးပညာရှင်က ဟိုနေ့က လေလံအိမ်မှာ တွေ့ခဲ့တယ် လူကြီး မဟုတ်လား.. ”
ရှောင်နင်သည် အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို စူးစူးစိုက်စိုက် ကြည့်ရင်း ရှောင်ယုကို တံတောင်နှင့် တွက်လိုက်ကာ စိတ်ဝင်တစား ဖြင့် မေးလိုက်သည်။
“ ဟုတ်တယ်.. ”
ရှောင်ယု ဖြည်းလေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ လှပလွန်းသော မျက်ဝန်းတွေက အနက်ရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသည့် လူကို ငေးကြည့်နေသည်။ ချောမောသော မျက်နှာပြင်ပေါ်မှာလည်း အံ့သြသည့် အမူရာကလည်း ဖြစ်ပေါ် နေသည်။
“ ဒီဂုဏ်သရေရှိ လူကြီးမင်းက ငါတို့ရှောင်ကလန်ကို လာလိမ့်မယ် လို့ မတွေးထားခဲ့မိဘူး.. တစ်ခါ ပြောဖူးတဲ့ ငါတို့ကလန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောသွားတာ လောကွက်စကား မဟုတ်ပေဘူးပဲ.. သူ့ဆီက အကူအညီကိုသာ ငါတို့ရခဲ့ရင် ငါတို့ကလန်အနေနဲ့ ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်မှာပဲ..”
ရှင်းအာသည်လည်း သူမဘေးနားရှိ လူတွေ၏ တီးတိုးအသံကို ကြည့်လိုက်ရသည့်အခါ သူမ မျက်ခုံးကို တွန့်ချိုးလိုက်ပြီး ဖန်လုံးလို ကြည်လဲ့သော မျက်ဝန်းက အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို မမှိတ်မသုန် ငေးကြည့်သည်။ ဘာကြောင့်မှန်းတော့မသိ.. ထိုလူကြီး ၏ လက်ဟန်ခြေဟန်..အမူအရာနှင့် ပြေပုံဆိုပုံတွေက လိုက်ဖက်မညီသလို သူမ ခံစားနေရသည်။
မျက်ခုံးကို တွန့်ချိုးကာ အချိန်အတော်ကြာမျှ တစိမ့်တစိမ့် တွေးဆ နေရာမှ ရှင်းအာသည် နောက်ဆုံးမှာ တွေးဆမရတော့၍ အတွေးကို ဖြတ်ချလိုက်သည်။
“ ဟားဟား.. လူကြီးမင်းက ဘယ်လိုဖြစ်လို့ ဒီကိုဝင်လာတာလဲ.. ”
ရှောင်ကျန်းသည် ကိုယ်တိုင်ပင် လက်ဖက်ရည်ခွက်ကို ငှဲ့ပေးကာ အပြုံးဖြင့် မေးလိုက်သည်။
“ ဒီဘက်နားကို ဖြတ်လာတာနဲ့ ခင်ဗျားကလန်ဆီကို အလည်ဝင်ဖို့ စိတ်ကူးမိလိုက်တာပါပဲ.. ခင်ဗျားကလေးအတွက် အခြေခံဆေးလုံး နည်းနည်းပါးပါးတောင် ယူလာခဲ့သေးတယ်.. ”
အနက်ရောင်ဝတ်ရုံအောက်က လူကြီးအသံသည် အနည်းငယ် ပျော်မြူးနေဟန်ရှိသည်။
ရှောင်ကျန်းလည်း ကမန်းကတန်းပင် ခန်းမပတ်လည်ကို ဝေ့၀ိုက် လှည့်ပတ်ကြည့်လိုက်သည်။ ဒါပေမဲ့ ရှောင်ယွင်၏ အရိပ်အယောင် ကို တစိုးတစိပင် မတွေ့၍ မအီမအာဖြင့် ပြန်ကာ ပြုံးလိုက်သည်။
“ ဟားဟား.. ရှောင်ခေါင်းဆောင်.. သူ့ကို မခေါ်ပါနဲ့တော့.. သခင်လေးနဲ့ ဆုံပြီးပါပြီ.. အတော်လေးကို နှစ်လိုဖွယ်ကောင်းတဲ့ ကောင်လေးပဲ.. ငါအဖိုးကြီးတော့ သဘောကျတယ် ”
သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ရှောင်ယွင်ကို သွားခေါ်ဖို့ တစ်ယောက်ယောက်အား အမိန့်ပေးတော့မည့် ရှောင်ကျန်းအား တားလိုက်သည်။
ရွဲ့လော်၏ ပြောလိုက်သည့်စကားမှာ သဘောကျသည့်ဟန်က ရှင်းလင်းစွာ ပေါ်လွင်နေရာ ၀တ်ရုံအောက်တွင် ပုန်းကွယ်နေသော ရှောင်ယွပင် အတော်လေး အနေရခက်သွားသည်။
သဘောကျလေးစားသည့် လေသံမျိုး ဖြစ်နေသော ရွဲ့လော်၏ စကားကို ကြည့်လိုက်ရသည့်အခါမှာ ခန်းမထဲရှိ လူအားလုံး၏ မျက်ဝန်းတွေမှာ မနာလိုခြင်းတွေဖြင့် ပြည့်နှက်သွားသည်။ အဆင့်မြင့်မှော်ဆေးပညာရှင်တစ်ယောက်ထံမှ ဒီလို ချီးကျူး တန်ဖိုးထားသည့် စကားမျိုး ထွက်လာဖို့ဆိုတာ လွယ်ကူသည့် အရာမဟုတ်ချေ။
“ ကောင်းတဲ့ဟာတွေက ဟိုကောင်ကပဲ ရရနေတယ်.. ”
မကျေမနပ်ဖြင့် ပါးစပ်ကို ရွဲ့လိုက်ကာ ပြောလိုက်သည့် ရှောင်နင်အသံမှာ မနာလိုခြင်းတွေက အပြည့်အ၀ပင်။
ရှောင်ယုမှာလည်း လုံးဝကို အကူအညီမဲ့သလို ခံစားနေရသည်။ ကျောက်စိမ်းလို ဖြူနုသည့် လက်ပေါ်ကို မေးထောက်ထားလိုက်ကာ အသံမထွက်ဘဲ ရေရွတ်လိုက်မိသည်။
“ ဟိုခွေးကောင်က ဘာကောင်းလို့လဲ.. ဘာတွေ ကောင်းမှန်း တောင် ငါမသိလိုက်ဘူး.. ”
ရွဲ့လော်၏ ချီမွမ်းသည့်စကားကြောင့် ရှောင်ကျန်းမှာ အပြည့်အ၀ကို ပြုံးသွားမိသည်။ သူ့မျက်ဝန်းတွင်လည်း မြင်တွေ့ရခဲသည့် ဂုဏ်ယူ နေခြင်းတို့သည် ပြည့်လျှမ်းနေလျက်ရှိသည်။
“ ရှောင်ခေါင်းဆောင်.. ခင်ဗျားတို့ ကလန်မှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကြားမိတယ်.. ဟုတ်လား.. ”
ရွဲ့လော် မေးလိုက်သော မေးခွန်းကြောင့် ရှောင်ကျန်း၏ အပြုံးမျက်နှာသည် အနည်းငယ် ယိုင်နဲ့သွားသည်။
ခေါင်းညိတ်ကာ ၀န်ခံလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ကာ
“ လူကြီးမင်းက ကျွန်တော်တို့ ရှောင်ကလန်အခြေအနေကို ကောင်းကောင်းသိနေတယ်မလား.. ”
“ အင်း.. နည်းနည်းပါးပါးလောက်ပါ.. ”
ရွဲ့လော် ခေါင်းညိတ်လိုက်ကာ ပြုံးလိုက်သည်။
“ ဟုတ်တယ်.. အခု ရှောင်ကလန်ရဲ့ စီးပွားရေးအခြေအနေက အရင်တုန်းကထက် တစ်ဝက်လောက်တောင် မကောင်းတော့ပါဘူး ရှင်းရှင်းပြောရရင် ကျွန်တော်တို့ကလန်က ဒုတိယအတန်းကလန် အဆင့်ဆီကိုတောင် ပြုတ်ကျသွားမှာကို စိုးရိမ်မိတယ်.. ”
ရှောင်ကျန်းမှာ စိတ်မကောင်းစွာဖြင့် အသက်ပြင်းချလိုက်သည်။ မျက်မှောင်ကြုံ့ထားလေရာ သူ့ပုံစံသည် နှစ်အနည်းငယ်လောက် အိုစာသွားသလို ရှိသည်။
“ ဟားဟား.. ငါက ရှောင်ကလန်နဲ့ သိပ်မရင်းနှီးပေမဲ့လည်း ခင်ဗျားသားနဲ့ စကားတော်တော် ပြောထားပြီးပါပြီ.. ရှောင်ခေါင်းဆောင်.. တကယ်လို့ ငါ့အပေါ်မှာ သံသယမရှိဘူးဆိုရင် ငါတို့ အကျိုးတူစီးပွားရေး လုပ်လို့ရပါတယ်.. ဘယ်လိုသဘော ရလဲ..?”
အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် ပြုံးတုံ့တုံြ့ဖင့် မေးလိုက်သည်။
ကမ်းလှမ်းစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ကျန်းက ပထမတော့ ငေးကြောင်သွားမိသည်။ နောက် မျက်နှာသည် ၀င်းပလာခဲ့သည်။ သူသည် ဤစကားကို စောင့်မျှော်နေခြင်းပဲ မဟုတ်လား..။ သူသည် အကြီးအကဲသုံးယောက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် ခပ်သွက်သွက်ပင် ခေါင်းကို ညိတ်လိုက်ကာ
“ လူကြီးမင်း… ကျွန်တော်တို့လည်း အကျိုးတူစီးပွားရေးလုပ်ဖို့ သဘောတူပါတယ်.. ”
အဆင့်၂ အထက်ရှိ မှော်ဆေးပညာရှင်တစ်ယောက်၏ အကူအညီကို ရဖို့ဆိုတာ ရှောင်ကလန်အနေဖြင့် အိမ်မက်ပင် မမက်ဖူးသော အရာဖြစ်သည်။ ရှောင်ကျန်းအနေဖြင့်လည်း အဆင့်၂ မှော်ဆေးပညာရှင်တစ်ယောက်က ရှောင်ကလန်ကို စိတ်ဝင်တစားဖြင့် လာကမ်းလှမ်းမှာကို မထင်မှတ်ထားပါဘူး။ နောက်ပြီး မှော်ဆေးပညာရှင်မှ လာကမ်းလှမ်းတာကလည်း သူ့သား ရှောင်ယွင်ကြောင့်ဆိုတာ ရှောင်ကျန်းတွေးလိုက်မိသည်။ ဤအခွင့်အရေးဖြင့် ရှောင်ကလန်သည် ပြန်နာလံထူနိုင်တော့မည် ဖြစ်၍ ရှောင်ကျန်း ဤအခွင့်အလမ်းကို လက်လွှတ်မခံနိုင်ပါဘူး။
ရှောင်ကျန်း၏ သဘောတူစကားကို ကြားလိုက်ရသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် ခေါင်းကို ညိတ်ကာ ပြုံးလိုက်သည်။ ထို့နောက် ၀တ်ရုံနက်အောက်ကနေ ရှောင်ယွင်၏ လက်ဝါးပြင်က ထွက်ပေါ်လာခဲ့သည်။ ၎င်း လက်ဝါးပြင်ထက်တွင် အနီရောင်လက်စွပ်က ပါလာခဲ့သည်။ ယင်းလက်စွပ်ကို လက်ထိပ် ဖြင့် တို့ထိလိုက်ကာ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူငယ်တစ်ယောက်၏ လက်ကဲ့သို့ ဖြူနုသည့် လက်ဝါးပြင်ကို ငေးကြည့်မိသော ရှောင်ကျန်းက အံ့အားသင့်သွားခဲ့သည်။ ထိုလက်ဝါးပြင်ကို ရှောင်ကျန်း ရင်းရင်နှီးနှီး ခံစားနေရသည်။
သို့ပေမဲ့ ထိုရင်းနှီးသော ခံစားချက်ကို အဖြေရှာဖို့ အချိန်ပင် မရှိလိုက်။ ရုတ်တရက် စားပွဲအပြည့် ပေါ်လာသော ကျောက်စိမ်းပုလင်းများကြောင့် သူ့မှာ အံ့သြသွားခဲ့ရသည်။
ကြီးမားသော စားပွဲကြီးပေါ်တွင် မျက်စိတမှိတ်အတွင်း ကျောက်စိမ်းပုလင်းငယ်များဖြင့် နေရာလွတ်ပင် မကျန်လောက် သည်အထိ ပြည့်ဖုံးသွားခဲ့သည်မဟုတ်လော။
ပြတင်းပေါက်နားတွင် ထိုင်နေသော ရှင်းအာမှလွဲ၍ ကျန်သည့် လူများသည် စားပွဲခုံကြီးပေါ်ရှိ များပြားလှသော ကျောက်စိမ်းပုလင်း ငယ်များအား ကြည့်ပြီး အထိတ်တလန့်ဖြစ်သွားကြသည်။ အံ့သြ လွန်း၍ အသက်ကို ရှုဖို့ပင် မေ့နေကြသည်။
“ ဒီဟာတွေက သွေးတိတ်ဆေး လို့ခေါ်တဲ့ အနာကျက်ဆေး ပုလင်းတွေပဲ… ပုလင်းပေါင်း ၁၂၈၃ ပုလင်းရှိတယ်.. အကောင်းဆုံး အနာကျတ်ဆေးလို့ ပြောမရပေမဲ့ ဂျားလီကလန်က ဆေးလုံး နဲ့ ယှဉ်လို့၇တယ်.. ဆေးအစွမ်းကလည်း ပိုကောင်းတယ်. ”
ခန်းမအတွင်းရှိ ကြက်သေသေနေသော လူအများကို ကြည့်ရှုပြီး အနက်ရောင်ဝတ်ရုံနှင့် လူကြီးသည် အေးဆေးစွာဖြင့် သွေးတိတ်ဆေးအကြောင်းကို မိတ်ဆက်ပေးလိုက်သည်။
ပါးစပ်ကြီးဟလျက် မင်သက်နေသော ရှောင်ကျန်းသည် ဘေးပတ် ၀န်းကျင်ရှိ လေအေးအား စုပ်သွင်းရှုရှိုက်လိုက်ကာ ပြောလိုက်သည်။
“ ဒါမှ တကယ့် စီးပွားရေး အကြီးစားပဲ… ”
+++++++++++++
No comments:
Post a Comment