Followers

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ်
ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း


သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှောင်ယွင်တို့ တိတ်ဆိတ်စွာဖြင့် လေ့ကျင့်လာခဲ့ကြသည်မှာ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာခဲ့သည်။ ရှောင်ယွင်လည်း ခရမ်းရောင်မီးတောက်အား သန့်စင်ခြင်းအစပြုခဲ့သည့်နေ့ရက်မှ ရေတွက်လျှင် လတစ်ဝက်နီးပါး ရောက်ရှိလာခဲ့ပါပြီ။

လတစ်ဝက်အချိန်အတွင်း ရှောင်ယွင်သည် ဒိုချီစွမ်းအင်လေ့ကျင့်ခြင်းအား ရပ်တန့်ထားသလို ဖြစ်နေခဲ့သည်။ ခန္ဓာကိုယ်ကနေ စုပ်ယူထားသော စွမ်းအင်တို့အား ခရမ်းရောင်မီးတောက်ထံသို့သာ အကုန်ပို့လွှတ်နေခဲ့သည်။ ခရမ်းရောင်မီးတောက်သည် အဆုံးမဲ့သော တွင်းနက်တစ်ခုလို ဖြစ်နေခဲ့၏။ သဲသဲမဲမဲ လေ့ကျင့်လာခဲ့မှုက အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယွင်၏ အကျိုးရလဒ်သည်လည်း သိသာထင်ရှားလာခဲ့သည်။

အစပထမတွင် လက်သန်းအရွယ်လောက်သာ ရှိသော ခရမ်းရောင်မီးတောက်သည် ယခုအခါ ဆယ်ဆမက ကြီးထွားလာပြီ ဖြစ်၏။ တဖြည်းဖြည်း ကြီးထွားလာသည့် ခရမ်းရောင်မီးတောက်ကို ကြည့်တိုင်း ရှောင်ယွင်မှာ ကျေနပ်အားရခဲ့သည်။ ဒီလိုနှုန်းထားဖြင့်ဆိုလျှင် သူ့ရဲ့ ချီကျင့်စဉ်ကို အဆင့်တိုးစေဖို့အတွက် လိုအပ်သော အတိုင်းအတာကို ခရမ်းရောင်မီးတောက် ရောက်ဖို့က နောက်ထပ် လတစ်ဝက်လောက် လိုလိမ့်မည်။

နောက်တစ်နေ့တွင် နေပူအောက်တွင်  ရှောင်ယွင်သည် ကျောက်တုံးထက်တွင် ထိုင်လျက် လေ့ကျင့်သည်။ အဝတ်အစားမှာလည်း ချွေးတွေနှင့် စိုရွဲနေပြီ ဖြစ်၏။ နေပူအောက်တွင် အချိန် နှစ်နာရီမျှ တောင့်ခံလေ့ကျင့်လိုက်ပြီနောက်တွင် ဘေးပတ်ဝန်းကျင်က အပူအချိန်တို့က တဖြည်းဖြည်းလျော့ကျလာ၍ သူလည်း လေ့ကျင့်ခြင်းကို ရပ်နားလိုက်သည်။ ခေါင်းကို ငုံ့ကြည့်လိုက်ရာ ချွေးများ စိုရွှဲနေသည့် အဝတ်အစားကို တွေ့လိုက်ပြီနောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

ထို့နောက် ကိုယ်ကို မတ်မတ်ထားလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီ ခန္ဓာကိုယ်အတွင်းသို့ ကြည့်လိုက်သည်။ ခရမ်းရောင်မီးတောက်က အနည်းငယ်ကြီးထွားလာပြန်သည်ကို မြင်သည့်အခါ ရှောင်ယွင် ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီ မတ်တတ်ရပ်လိုက်ကာ ခုန်ဆွခုန်ဆွ လုပ်လိုက်သည်။

လတစ်ဝက်နီးပါး နေရောင်အောက်၌ လေ့ကျင့်လာခဲ့ခြင်းကြောင့် ရှောင်ယွင်၏ အသားအရေမှာလည်း အမည်းဘက်သို့ပင် ရောက်နေပါပြီ။ နုနယ်ချောမောသည့် မျက်နှာမှာလည်း လေ့ကျင့်ခန်းများကြောင့် အနည်းငယ် ရင့်ကျက်လာသယောင် ရှိလာ၏။

ခုန်ဆွခုန်ဆွလုပ်လိုက်ပြီးတဲ့အခါ ထုံကျင်နေသော ခြေထောက်က ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ လက်ကိုလည်း ဆန့်ထုတ်၍ လက်ချောင်းကို ဖျစ်တွက်လိုက်သည့်အခါမှာ ဘောလုံးအရွယ်အစားလောက်ရှိသည့် ခရမ်းရောင်မီးတောက်က သူ့လက်ဝါးပြင်ကနေ တိုးထွက်လာကာ လက်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

လတစ်ဝက်လောက် လေ့ကျင့်ပြီးသည့်အခါမှာတော့ သေးငယ်သော ခရမ်းရောင်မီးတောက်ငယ်မှ ယခုအခါ လက်တစ်ခုလုံးကို ဖုံးလွှမ်းလာနိုင်သည်အထိ အားကောင်းလာခဲ့သည်။

လက်တစ်ခုလုံးက ခရမ်းရောင်မီးတောက်အတွင်း မြုပ်နေလျက် ရှိနေတာကို ကြည့်ပြီ ရှောင်ယွင်မှာ ပြုံးဖြီးဖြီးဖြင့် ရှိနေတော့၏။ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်၍ လျှပ်တပြက်အတွင်း ထိုးလိုက်သည်။ ချက်ချင်းပဲ ဘေးပတ်ဝန်းကျင်က လေထုမှာ အပူရှိန်မြင့်သွားပြီ အနည်းငယ် တွန့်ခါသွားသည်။

“ အားပါးပါး.. လူတစ်ယောက်ကိုသာ ထိုးလိုက်ရင်.. အင်း အကျိုးဆက်က သိပ်မညံ့သွားလောက်ဘူး.”

ရှောင်ယွင်သည် ပြုံးလိုက်ပြီ ခပ်တိုးတိုး ပြောလိုက်ကာ လက်ထဲက ခရမ်းရောင်မီးတောက်ကို မီးအားကို တဖြည်းဖြည်း မြှင့်တင်လိုက်သည်။

ရှောင်ယွင်သည် တောင်ထိပ်တွင် ခရမ်းရောင်မီးတောက်နှင့် လေ့ကျင့်လိုက်ပြီနောက် ကိုယ်ထဲတွင် ပြန်ထည့်လိုက်သည်။ ခန္ဓာကိုယ်အား တစ်ချက် လှုပ်လိုက်သည်နှင့် ခရမ်းတိမ်တောင်ပံက ကျောပြင်ထက်ကနေ ထွက်ပေါ်လာသည်။ ခေါင်းကို အနောက်လှည့်လိုက်ပြီ ခရမ်းအရောင်များဖြင့် တောက်ပနေသာ တောင်ပံကို ကြည့်လိုက်ကာ ပြုံးလိုက်မိသည်။ ထို့နောက် ချိုင့်ဝှမ်းအတွင်းသို့ ခုန်ဆင်းလိုက်သည်။

ရှောင်ယွင်နားထဲတွင် စူးရှသော လေတိုးသံများ တိုးဝင်လာလေသည်။ မြေပြင်ထက် မီတာနှစ်ဆယ်အကွာလောက်သို့ ရောက်သည့်အခါတွင် တောင်ပံကို ခတ်လိုက်ပြီ အရှိန်လျော့အောင် လုပ်လိုက်သည်။ လက်ဝါးပြင်ကိုလည်း မြေကြီးထံ ရိုက်ထုတ်လိုက်သည်။ ထိုအခါ တွန်းကန်အားတစ်ခုက ပေါက်ကွဲထွက်လာပြီ ထိုတွန်းကန်အားဖြင့် ရှောင်ယွင်သည် လေထဲတွင် ကိုယ်ကို တစ်ပတ် လှည့်လိုက်သည်။ ထိုအခိုက်တွင် ခရမ်းရောင်တောင်ပံက သူ့နောက်ကျောပြင်တွင် ဆေးမှင်ကြောင်အသွင် ပြောင်းလဲဝင်သွားပြီ သူလည်း မြေပြင်ထက် ခြေထောက်ထောက်လိုက်သည်။ ခန္ဓာကိုယ်ကိုလည်း အနည်းငယ်လှုပ်ခါလိုက်ပြီ ခန္ဓာကိုယ်တွင် သက်ရောက်နေသော အားအကြွင်အကျန်တို့အား ဖြေဖျောက်လိုက်သည်။ ခဏအကြာတွင် ကိုယ်ကို မတ်လိုက်ပြီ တဲအိမ်ငယ်ထံသို့ အပြုံးဖြင့် လျှောက်သွားလိုက်သည်။

တဲအိမ်ဘက်သို့ ဆက်လျှောက်သွားနေရင်း ရှောင်ယွင် မျက်မှောင်ကြုတ်မိလိုက်သည်။ ဒီအချိန်ဆိုရင် ရှောင်ယိရှန်က ဆေးပင် ခူးဆွတ်ရာမှ ပြန်လာနေလောက်ပါပြီ။ ဘာကြောင့် ဒီနေ့မှ တိတ်ဆိတ်နေရတာလဲ။

ရှောင်ယွင်စိတ်ထဲတွင် သင်္ကာမကင်းဖြစ်လာခဲ့သည်။ တဲအိမ်တံခါးအရှေ့ရောက်သွားသည့်အခါမှာ တံခါးကို ခေါက်ကြည့်လိုက်သည်။ သို့သော် မည့်သည့် တုန့်ပြန်မှုအသံမှ မကြားရချေ။ နောက်ထပ် ထပ်ခေါက်ကြည့်လိုက်ပြန်သည်။ သို့သော် ဘာအသံမှ မထွက်ပေါ်လာချေ။

ရှောင်ယွင် မျက်မှောင်တွန့်လိုက်ရင်း သူ့စိတ်ထဲမှာလည်း စိတ်ပူစ ပြုလာသည်။ တံခါးအရှေ့တွင် မတ်တတ်ရပ်နေရင်း တွေဝေနေမိပြန်သည်။ နောက်ဆုံးတွင်  အံကို ကြိတ်လိုက်ပြီနောက် သစ်သားတံခါးကို ခပ်ကြမ်းကြမ်း ဆောင့်ကန်လိုက်သည်။

တံခါးကို ခပ်ပြင်းပြင်း ကန်ဖွင့်လိုက်ပြီးနောက် အတွင်းသို့ အမြန်ဝင်ကြည့်လိုက်ရာ အထဲတွင် မီးခိုးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီ သူလည်း ချောင်း အနည်းငယ် ဆိုးလိုက်သည်။ ညာဘက်လက်ဝါးပြင်ကို ကမန်းကတ်း ဖွင့်ထုတ်ပြီ အားကောင်းသော လေအားများ လက်ဝါးပြင်ကနေ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို ကောက်ရိုးတဲအိမ်အတွင်း ရှိသမျှသော မီးခိုးများ လွင့်စင်သွားကုန်သည်။

မီးခိုးများ လွင့်ပြယ်သွားသည့်အချိန်တွင် ရှောင်ယိရှန်သည် မျက်လုံးပိတ်လျက်သားဖြင့် ခုတင်ပေါ်တွင် ရှိနေသည်ကို ရှောင်ယွင် တွေ့လိုက်သည်။ သူမ၏ အရင်ပုံစံဖြစ်သည့် နီရဲစိုစွတ်သည့် မျက်နှာပြင်ထက်တွင် အရောင်ခုနှစ်မျိုးဖြင့် ထူးဆန်းစွာ ဖြစ်ပေါ်နေသည်ကိုလည်း ထပ်မံ တွေ့ရှိလိုက်သည်။

ရှောင်ယိရှန်က အသက်ရှုသည့်ပုံ မပြ၍ ရှောင်ယွင် စိုးရိမ်စိတ်များသွားသည်။ သူမဆီ အပြေးသွားမည့်အပြုတွင် သူ့လက်စွပ်ကနေ အလင်းဖျော့ဖျော့ သဏ္ဍာန်ပုံရိပ်တစ်ခုက ထွက်ရှိလာပြီ တစ်ဆက်တည်းမှာပဲ အော်ပြောလိုက်သည်။

“ မသွားနဲ့.. “

ရွဲ့လော် အော်ဟစ်သံကြောင့် ရှောင်ယွင်လည်း တုံ့ခနဲ ရပ်တန့်လိုက်ရသည်။ အတော်ကြာမှ နားကွဲမတတ် အော်ဟစ်လိုက်သော အသံကြောင့် ထုံထိုင်းသွားရာမှ သက်သာရာ ရသွားသည်။ ရှောင်ယွင် ရွဲ့လော်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ မင်းသေချင်ရင်တော့ ကောင်မလေးကို သွားထိလိုက်ပေါ့..”

ရှောင်ယိရှန် မျက်နှာထက်က အရောင်ခုနှစ်မျိုးကို စိုက်ကြည့်ရင်း ရွဲ့လော်က လေးနက်သော အသံဖြင့် ထပ်မံ ပြောလိုက်သည်။

“ ဘာဖြစ်လို့လဲ”

ဤသို့သော ရွဲ့လော်၏ အမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်လိုက်ရ၍ ရှောင်ယွင်မှာ အတော်လေး အံ့အားသင့်နေသည်။ ထို့နောက် ရှောင်ယိရှန်ဘက်ကို တစ်ခါ ပြန်ကြည့်လိုက်ကာ ရတက်မအေးစွာဖြင့် မေးလိုက်၏။

ရွဲ့လော်က ချက်ချင်း မဖြေသေးချေ။ သတိမေ့လျော့နေသည့် ရှောင်ယိရှန်ကိုသာ အနားတစ်ဝိုက် လှည့်ပတ်ကြည့်နေလိုက်သည်။ အတန်ကြာမှ ခေါင်းကို ခါယမ်းလိုက်ကာ အသက်ပြင်း ချလိုက်သည်။

“ ဒါက တကယ်ပဲ.. ဖြစ်နေတာလား..”

အိုစာသွားသည့် ရွဲ့လော်၏ မျက်နှာကို ကြည့်ပြီ ရှောင်ယွင်မှာ စိတ်နှလုံးမအေးလာတော့သည်။ ရွဲ့လော်ကိုလည်း သေသေချာချာ ထပ်မေးလိုက်သည်။

“ သူက ဘာဖြစ်နေတာလဲ.. ဆရာ..”

“ သူ့လက်ကို ကြည့်လိုက်စမ်း..”

ရှောင်ယိရှန်၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ကျောက်စိမ်းပုလင်းငယ်ကို ရွဲ့လော် ညွန်ပြလိုက်သည်။

ရှောင်ယွင်လည်း လက်ညိုးညွန်ရာဘက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ ထိုအခါ သူတွေ့လိုက်ရသည်က သူမ၏ လက်ထဲတွင် အနက်ရောင်ဆေးအမှုန့်များထည့်ထားသော ပုလင်းငယ်တစ်လုံးအား ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။ ရှောင်ယွင်၏ မျက်ဝန်းတွင် သံသယအရိပ်များ ဖျတ်ခနဲ ဖြစ်သွားသည်။ သူက အရှေ့ကို တိုးသွားကာ သူမနှင့် ပေအနည်းငယ်အကွာတွင် ရပ်လိုက်ပြီ ဆေးပေါင်ဒါအမှုန့်မှ ထွက်ရှိလာသည့် ဆေးရနှံ့ကို ရှိုက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ခေါင်းမူးနောက်သွားကာ ရင်ထဲတွင် အူအသည်းများ ဗြောင်ဆန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လူတစ်ကိုယ်လုံးကလည်း အားလျော့သွားသလို ခံစားလိုက်ရကာ မြေကြီးပေါ် ဟန်မဆောင်နိုင်လောက်အောင်ဖြင့် ထိုင်ချလိုက်ရသည်။ အတန်ကြာသည်အထိ ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်နေပါသေးသည်။  နောက်ဆုံးအခါကျမှ မတ်တတ်ရပ်လိုက်နိုင်ကာ အံ့အားသင့်သည့် အသံဖြင့် ပြောလိုက်သည်။

“ ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ အဆိပ်လဲ.. ဒီအဆိပ်က ဒိုရှီအဆင့်တစ်ယောက်ကိုတောင် သေချာဂရုမစိုက်မိရင် သေသွားစေနိုင်တာပဲ..”

“ မှန်တယ်.. ဒီမိန်းကလေးက အဆိပ်လုပ်တဲ့နေရာမှာ အရမ်းကို ထူးချွန်တယ်ဆိုတာ ငါ ဝန်ခံရလိမ့်မယ်..”

ရွဲ့လော်က ခေါင်းညိတ်ရင်း ပြုံးလိုက်လေသည်။ သူ့လေသံထဲတွင် ချီးမွမ်းနေခြင်းလား ဒါမှမဟုတ် တခြားသော ခံစားချက်တွေလားဆိုတာ မမှန်းဆနိုင်ချေ။

ရှောင်ယွင်လည်း ခါးသီးစွာ ပြုံးလိုက်ရင်း ခေါင်းညိတ်လိုက်လေသည်။ ရှောင်ယိရှန်က အဆိပ်ပညာရပ်တွင် အထူးကျွမ်းကျင်သူတစ်ယောက်ဆိုတာကို သူလည်း ထင်မြင်နေသည်။ သူမကို အဆိပ်နတ်သမီးလေးဟု ခေါ်ခြင်းက ပိုသင့်တော်ပေလိမ့်မည်။

“ သူ့ရဲ့ နှုတ်ခမ်းထောင့်ကိုလည်း ကြည့်လိုက်ဦး..”   တဲအိမ်အတွင်းမှာ မျောလွင့်နေသည့် ရွဲ့လော်က ထပ်မံ လက်ညိုးညွန်ပြလိုက်ပြန်သည်။

ရှောင်ယွင်လည်း သူမ၏ လက်ကနေ နှုတ်ခမ်းဆီကို အကြည့်ရွှေ့လိုက်သည်။ ထိုအခါ သူ့မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။ နီထွေးသာ သူမ၏ နှုတ်ခမ်းတွင် အနက်ရောင် ဆေးအမှုန့်က ကပ်ကျံနေသည်။ အရောင်အဆင်းအရ သူမကိုင်ဆောင်ထားသော ဆေးပုလင်းငယ်မှ အဆိပ်မှုန့်တို့နှင့် ထပ်တူညီနေလေ၏။

“သူက အဆိပ်ကို ယူသောက်ပြီ သေကြောင်းကြံလိုက်တာလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. အကြောင်းမရှိဘဲ သူက ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေရမှာလဲ..”

အနက်ရောင်အမှုန့်ကို သေချာကြည့်လိုက်ပြီနောက် ရှောင်ယွင်က ဦးနှောက်ခြောက်သွားကာ ထိုသို့ ရေရွတ်ဆိုလိုက်သည်။

“ သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာလို့ ဘယ်သူက ပြောလဲ.. လူသေတစ်ယောက်က ဒီလို လှနေတာကို မြင်ဖူးလို့လား..”
ရွဲ့လော်က စိတ်ပျက်သွားဟန်ဖြင့် နှုတ်ခမ်းရွဲ့လိုက်ကာ ပြောလိုက်သည်။

“ သူ့ရဲ့ အင်အားက ဒိုကျဲအဆင့် ကြယ်တစ်လုံးပဲလေ..  ဒိုရှီအဆင့်ကိုတောင် သတ်နိုင်တဲ့အဆိပ်ကို သူက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ..”
ရှောင်ယွင်မှာ အရှေ့သို့ ပြေးသွားပြီ သူမ၏ အသက်ရှုလေကို စမ်းသပ်ကြည့်ချင်ပါသော်လည်း အစောပိုင်းက ရွဲ့လော်၏ အော်ဟစ်ထားမှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိသည်။

“ တကယ်လို့ သူက သာမန်လူဆိုရင်တော့ သေရလိမ့်မယ်.. ဒါပေမဲ့.. “   ရွဲ့လော်၏ အကြည့်က ခုတင်ထက်မှာ လှလှပပ အိပ်စက်နေသယောင်ရှိနေသည့် ရှောင်ယိရှန်ကို စိုက်ကြည့်လိုက်ကာ လေသံဖွဖွဖြင့် ပြောလိုက်သည်။

“ သူကတော့ သေမှာ မဟုတ်ဘူး..”

“ ဆရာပြောတဲ့ အဓိပ္ပါယ်က..”  ရှောင်ယွင်က ခြေလှမ်းကို တုံ့ခနဲ ရပ်ပြီ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ သူက ဘာကွဲပြားနေလို့လဲ.. သူ့ရဲ့ ပညာရပ်က အဆိပ်ပညာရှင်ဖြစ်နေလို့လား.. အဆိပ်ပညာရှင်လည်း သူတို့ရဲ့အဆိပ်နဲ့ ပြန်သေသွားကြတာ ဆန်းမှ မဆန်းပဲ.. သူတို့က အဆိပ်ပြီးနေတဲ့ လူတွေမှ မဟုတ်ကြတာ..”

“ မှန်တယ်.. အရမ်းကို အဆင့်မြင့်တဲ့ အဆိပ်ပညာရှင်တွေလည်း သူတို့ရဲ့ အဆိပ်နဲ့ သေနိုင်ကြတာပဲ..”
ရွဲ့လော်က ခေါင်းညိတ်လိုက်ပြီးနောက် လေးနက်သည့် လေသံဖြင့်

“ ဒါပေမဲ့ တချို့တွေက အဲဒီအထဲမှာ မပါကြဘူး.. ဒိုချီကုန်းမြေဒေသကြီးမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်မျိုး ရှိတယ်.. အဲဒီ ခန္ဓာကိုယ်မျိုးကို နာမည်ပေးထားတာက  ပင်ကိုယ်အဆိပ်ခန္ဓာကိုယ် ဒါမှမဟုတ် အဆိပ်ဆိုးခန္ဓာကိုယ်..  ဘာလို့ဆိုတော့  ဒီခန္ဓာကိုယ်က တစ်ခြားသူတွေကို ဆိုးရွားတာတွေ သယ်ဆောင်လာတတ်တဲ့ သဘောသဘာဝရှိလို့ပဲ..”

“ ပင်ကိုယ်အဆိပ်ခန္ဓာကိုယ်ဆိုတာ.. နောက် အဆိပ်ဆိုးခန္ဓာကိုယ်ဆိုတာလည်း..” ထူးဆန်းသော နာမည်၏ အဓိပ္ပါယ်ကို ရှောင်ယွင် ကောင်းကောင်း သဘောပေါက် မနေပါဘူး။

“ မင်းက ဝူတန်မြို့မှာ ငယ်စဉ်ကတည်းက ကြီးပြင်းလာတယ်ဆိုတော့ ဒိုချီကုန်းမြေဒေသကြီးရဲ့ လျှို့ဝှက်ချက်ကို မင်းမသိသေးတာက သဘာဝကျပါတယ်.. အရင်တုန်းက ငါ့ရဲ့ ခန္ဓာကိုယ် ရှိနေအချိန်တုန်းက  အဆိပ်ဆိုးခန္ဓာကိုယ်ရှိတဲ့ မိန်းမတစ်ယောက်က ဒိုချီကုန်းမြေဒေသကြီးမှာ ထွက်ပေါ်လာခဲ့တယ်.. ဒီမိန်းမဟာ ဒေါသထွက်တဲ့ အခိုက်အတန့်မှာ အင်ပါယာတစ်ခုလုံးရဲ့ မြေပြင်ကို အဆိပ်သင့်စေခဲ့တယ်.. အဲလို အဆိပ်သင့်နေတဲ့ ကုန်းမြေမှာ လူပေါင်းတစ်သိန်းလောက် သေဆုံးခဲ့ရတယ်.. “

“ ဟမ်..” ထိုစကားကို ကြားလိုက်ရသည့် အခါမှာတော့ ရှောင်ယွင်မှာ ပင့်သက်ရှိုက်လိုက်ရသည်။ ထိုမိန်းမက နည်းနည်းတော့ ရက်စက်ရာမကျနေဘူးလား..။ လူပေါင်းတစ်သိန်းလောက်က အညှာတာမဲ့စွာဖြင့် သေဆုံးခံခဲ့ရသည်လား..။ ဒါက ကြက်သတ်ငှက်သတ်သလို မဖြစ်နေဘူးလား..။

" မင်းသိထားရမှာက ဒိုချီကုန်းမြေဒေသကြီးမှာ စွမ်းအားကြီးတဲ့သူတွေကြားထဲက ဥပဒေတစ်ခုရှိတယ်ဆိုတာကိုပဲ.. အဲဒီမိန်းမရဲ့ အပြုအမူက အဲဒီဥပဒေကို ချိုးဖောက်လိုက်တယ်ဆိုတာ သံသယမရှိပါဘူး.. နောက်ဆုံးမှာတော့ အင်ပါယာအနှံ့က အင်အားကြီးသူတွေဟာ ဒီဒေသကနေ မွေးဖွားလာကြသူတွေဖြစ်လို့ အားလုံးက ပေါက်ကွဲကုန်ကြတာပေါ့.. တစ်ယောက်ပြီတစ်ယောက် အင်အားကြီးတဲ့သူတွေက အဲဒီမိန်းမကို ရှာပြီ လက်စားချေကြတာပေါ့.. ဒါပေမဲ့ တစ်ယောက်ပြီတစ်ယောက် ရှုံးနိမ့်ခဲ့ကြတယ်.. အော် ဒါနဲ့ လက်စားချေတဲ့ လူတွေထဲမှာ အားအနည်းဆုံးက ဒိုလင်အဆင့်ပဲ.. အဆင့်မြင့်ဆုံးကတော့ ဒိုဝှမ်းအဆင့် ကြယ်ကိုးလုံးပေါ့..ဒိုကျုံအဆင့်ကို ရောက်ခါနီးအဆင့်ပေါ့.. “

ရွဲ့လော်က အကြောင်စုံပြန်လှန်လေသည်။ ထို့နောက် သူ့လက်ကို ရုတ်တရက် ယမ်းခါလိုက်ကာ ဆက်ပြောလိုက်သည်။

“ သူတို့အားလုံးက ကံမကောင်းစွာနဲ့ အဲဒီမိန်းမလက်ထဲမှာပဲ သေသွားကုန်ကြတယ်လေ.. “

" ဂလု.." 

ရှောင်ယွင်မှာ တံတွေးကို ခက်ခက်ခဲခဲဖြင့် မျိုချလိုက်ရသည်။ မျက်နှာက ချွေးစက်များကိုလည်း သုတ်ချလိုက်ရသည်။ ထိုမိန်းမက အရမ်းကို စွမ်းအားကြီးတယ်ပါလား.. လူတွေကို ကြက်သတ် ခွေးသတ်သလိုပဲ တကယ်ကြီးကို သတ်လိုက်တာပါလား..။

" အဲဒီပဋိပက္ခရဲ့ အဆုံးသတ်မှာ အရူးလင်မယားနှစ်ယောက်ကလည်း ပါဝင်လာခဲ့တယ်.. အပြင်လူတွေ မသိလိုက်တဲ့ တိုက်ပွဲကြီးအပြီးမှာ ဒိုဝှမ်းအဆင့် ကြယ်ငါးလုံး ဖြစ်တဲ့ အဲဒီအမျိုးသမီးက ဒဏ်ရာရပြီ ထွက်ေပြေးသွားတယ်.. ကျန်တဲ့ အရူးလင်မယားထဲက ဒိုကျုံအဆင့်ရှိတဲ့တစ်ယောက်က အဆိပ်မိခဲ့တာကို ဆယ်နှစ်ကြာအောင် အဆိပ်ဖြေပြီမှ အပြည့်အဝ ပြန်ကောင်းလာခဲ့ရတယ်.."

" မယုံနိုင်လောက်ပါပဲ.."

ရှောင်ယွင်မှာ တစ်ခဏတာတော့ ဆွံ့အနေမိသည်။ ဒိုဝှမ်းအဆင့်လောက်နှင့် သူမသည် ဒိုကျုံအဆင့်တစ်ယောက်အရှေ့မှာ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ရုံသာမက ဒဏ်ရာရထားလျက်နဲ့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ဘယ်လိုလူမျိုးပါလဲ..? ရှောင်ယွင်မှာ မယုံနိုင်စရာပါပဲ ဆိုသော စကားကိုသာ ပြောနိုင်တော့သည်။

" အဲဒီမိန်းမက ထွက်ပြေးသွားလို့ နောက် အနှစ်နှစ်ဆယ်အကြာမှာ ပြန်ထွက်လာခဲ့တယ်.. အဲဒီအချိန်မှာ သူက ဒိုကျုံအဆင့်ကို ရောက်နေပြီ.. အဲဒီအချိန်မှာ သူ့ကို ဒဏ်ရာရစေခဲ့တဲ့ အရူးအိုနှစ်ယောက်က အပြင်ကို မထွက်လာရဲတော့ဘဲ သူမကို ရှောင်ပြေးကြရတယ်.. နားပင်းနေသူတစ်ယောက်လိုပဲ ဟန်ဆောင်နေလိုက်ကြပြီ သူရဲ့သတင်းတွေကို လျစ်လျူရှုနေလိုက်ကြတယ်.."

" အနှစ်နှစ်ဆယ်တည်းနဲ့ ဒိုဝှမ်းအဆင့် ကြယ်၅လုံးကနေ ဒိုကျုံအဆင့်ကို ရောက်သွားတယ်.. ဒီအမြန်နှုန်းက အရမ်းကို ပုံမှန်မဟုတ်နေပါလား.. "
ရှောင်ယွင်မှာ ခေါင်းကို ခါယမ်းလိုက်ရင်း မှတ်ချက်ပြုလိုက်သည်။

" အင်.. အဲဒီမိန်းမက တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်စွမ်းရည်လည်း ရှိတယ်.."

ရွဲ့လော်က ခေါင်းညိတ်လိုက်ရင်း ခုတင်ထက်က ရှောင်ယိရှန်ဘက်ကို ကြည့်ကာ ဆိုလိုက်သည်။

" အဲဒါပြီးတော့ ငါလည်း စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို အကြောင်းပြုပြီ အဲဒီမိန်းမနဲ့ ဆုံခဲ့တယ်.. အဲ့မှာ စပြီ ပြဿနာတက်ခဲ့တာပဲ.. နောက်ဆုံးမှာ ငါတို့ရဲ့တိုက်ပွဲက အဆုံးသတ်ခဲ့တယ်.."

ရှောင်ယွင်မှာ မျက်လုံးက တဖြည်းဖြည်း ပြူးကျယ်လာသည်။ ဒါသည် ဆရာရွဲ့လော်၏ အတိတ်အကြောင်းအချို့ ဖြစ်လေ၏။ ချက်ချင်းဆိုသလို  ရှောင်ယွင်က အမြန်မေးလိုက်မိသည်။

" နောက်တော့ ဘာဆက်ဖြစ်သွားလဲ.."

" ဘာဆက်ဖြစ်လဲဆိုတော့..."

ရွဲ့လော်သည် ပြုံးလိုက်ပြီ ခေါင်းကို မော့ထားလိုက်သည်။ သူ့ရဲ့ ရီဝေနေသည့် မျက်ဝန်းက အတိတ်အမှတ်တရတွေကို တမ်းတနေသည့်အလားပင်။ အတော်ကလေးကြာမှ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီ ပြောလိုက်သည်။

" ငါက သူ့ကို နှာတဖျားအသာနဲ့ အနိုင်ရသွားတယ်လို့ ဆိုရမှာပေါ့.."

ရှောင်ယွင်မှာ ပင့်သက်ရှိုက်လိုက်မိသည်။ သူ့မျက်နှာမှာလည်း အလန့်တကြားဖြစ်သွားသည့် အမူအရာများ ဖြစ်ပျက်သွားသည်။

----

Chapter 152

အပိုင်း ( ၁၅၂ ) ထူးဆန်းစွာ စဉ်းစားရခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်ပြီနောက် ရှောင်ယွင်သည် ဂူအထဲကနေ ခုန်ထွက်လာခဲ့သည်။ အပြင်တွင် မွန်းတည့်အချိန်ပင် ရောက်ရှိနေလေပြီ။ စူးရှတောက်ပသော နေရောင်များ ဖြာဆင်းနေ၍  တောတောင်တခွင်မှာ အပူဓာတ်များဖြင့် လွှမ်းခြုံနေလေ၏။

ဂူကနေ ခုန်ဆင်းလိုက်ပြီးနောက် သိပ်မလျှောက်လိုက်ရ။ ပန်းခြင်းတောင်းကို ကိုင်လျက် ဆေးပင်စိုက်ခင်းမှ ပြန်လာဟန် တူသည့် ရှောင်ယိရှန်နှင့် ပက်ပင်း တွေ့ ရလေ၏။ သူမသည် အစိမ်းရောင်အဝတ်တစ်ထည်ကို ခေါင်းတွင် ပေါင်းထားရာ တကယ့်ကို တောသူမလေးနှင့် တူလှလေသည်။ ရှောင်ယွင်သည် အနည်းငယ်တော့ ရယ်ချင်မိ ဖြစ်သွား၏။ ထို့နောက် ခေါင်းကို ခါယမ်းကာ ပြုံးရွှင်၍ သူမကို နှုတ်ဆက်လိုက်သည်။ 

ရှောင်ယိရှန်လည်း ချိုသာစွာ ပြန်လည် ပြုံးပြလိုက်ကာ အပေါ်က ဂူကိုလည်း မသိမသာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။  သူမသည် ဂူအကြောင်းကို မေးရလောက်သည့် အသိဉာဏ်နည်းနေသူတစ်ဦး မဟုတ်ပါချေ။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည် မဟုတ်လား။ သူမမှာလည်း ရှိပေ၏။ ထို့ကြောင့်လည်း သူမသည် ရှောင်ယွင် ဂူထဲတွင် ဘာလုပ်နေတာကို သိဖို့ မကြိုးစားခဲ့သလို ဘာမှ မမြင်သလိုသာ ဟန်ဆောင်နေခဲ့သည်။ သူမ၏ တုံ့ပြန်မှုကို ရှောင်ယွင် မည်သည့်မှတ်ချက်မှ မပေးလိုသော်လည်း စိတ်ထဲမှာတော့ အတော်သဘောကျသွားလေ၏။

“ ဆာနေပြီလား.. ငါ နေ့လည်စာ လုပ်ပေးမယ်လေ.. ” 

ရှောင်ယွင်နှင့်အတူ တဲအိမ်လေးဘက်သို့ အေးအေးလူလူ လျှောက်လှမ်းသွားရင်း သူမသည် ရှောင်ယွင်ဘက် ခေါင်းလှည့်ကာ ခပ်ရွှင်ရွှင်လေး မေးလိုက်၏။ ပြီးနောက်မှာတော့ သူမသည် အင်္ကျီလက်ရှည်ကို ခေါက်ကာ ကျောက်တုံးများဖြင့် မီး စတင်မွှေးလေသည်။ ပါဝင်ပစ္စည်းများကိုလည်း စနစ်တကျဖြင့် ထုတ်ယူခင်းကျင်းလေ၏။

ရှောင်ယွင်လည်း ကျောက်တုံးတစ်တုံးတွင် ထိုင်ချကာ ရှောင်ယိရှန်က သီချင်းတညည်းညည်းဖြင့် အလုပ်လုပ်နေတာကို ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ရှိနေလေ၏။ ကျောက်စိမ်းကဲ့သို့ ဖြူနုသော လက်ချောင်းကလေးဖြင့် ချက်ပြုတ်နေသော ထိုမိန်းကလေးသည် အလွန်ကို လှပ၍ ဖြူစင်လွန်းသူတစ်ယောက်ဖြစ်နေပေမဲ့ ထိုလက်ချောင်းကလေးများဟာ အဆိပ်ကို အသုံးပြုရာတွင်လည်း  ကျွမ်းကျင်လိမ္မာသည်ကို ရှောင်ယွင် မေ့မနေရဲချေ။ 

ဒိုချီကုန်းမြေဒေသတွင် အဆိပ်ပညာရှင်တို့၏ ကျော်ကြားမှုသည် သိပ်တော့ မကြီးကျယ်ချေ။ သို့ပေမဲ့ လူအများစုသည် အဆိပ်ပညာရှင်တို့နှင့် ပေါင်းသင်းဆက်ဆံရမည်ကို အလွန်ကြောက်ရွံ့ကြသည်။ အဆိပ်ပညာရှင်တို့ အဆိပ်ကို အသုံးပြုလိုက်လျှင် ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်ဖို့က မဖြစ်နိုင်၍ ရန်သူ မဆိုထားနှင့် မိတ်ဆွေဖြစ်နေလျှင်ပင် စိုးကြောက်ရသေး၏။

ထိုအတိုင်းပင် ရှောင်ယွင်မှာ ရွဲ့လော်ကဲ့သို့ မှော်ဆေးပညာရှင် ဆရာကြီးတစ်ပါး မရှိနေလျှင် ရှောင်ယိရှန် ချက်ပြုတ်သော အစားအသောက်များကို စားသောက်ဖို့ ရဲမှာ မဟုတ်ချေ။ နောက်ပြီး လူတိုင်းမှာလည်း အသက်တစ်ချောင်းပဲ ပါတာမို့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ကာမှ တော်ကာကျပေလိမ့်မည်။ 

လတစ်ဝက်ဟူသော အချိန်ကာလအတွင်း ရှောင်ယွင်သည် သူမချက်ပြုတ်ထားသော အစားအသောက်ဟူသမျှ ငြင်းဆန်ခြင်း မပြုဘဲ စားသောက်ခဲ့ရာ သူမသည်လည်း ရှောင်ယွင်အပေါ် ရင်းနှီးလာ ကြင်နာလာခဲ့သည်။ သို့သော် ထိုနွေးထွေးမှုတွင် အချစ်ဟူ၍ အငွေ့အသက်များ ပါဝင်မှု မရှိသည်ကို ရှောင်ယွင် ကောင်းကောင်း ခံစားရသည်။ သူမသည် သူ့အပေါ်အား တကယ့်သူငယ်ချင်းအရင်းကဲ့သို့ ဆက်ဆံနေခြင်းလည်း ဖြစ်သည်။ 

ထို့အပြင် ထိုမိန်းကလေး၏ ကြင်နာလွယ်သော နှလုံးသားကြောင့်လည်း သူမ တကယ်လိုအပ်သောအရာများမှာလည်း များစွာမရှိလှ။  အနည်းငယ်လေးသော သူမအပေါ် ယုံကြည်ခြင်းသည် သူမ၏ မျက်နှာထက်တွင် လှပသော အပြုံးများ ဖြစ်ပေါ်စေသည်။ ဒါပေမဲ့.. သူမရဲ့ အတတ်ပညာ..။ ဟူးးး  သူမ၏ ကံကြမ္မာက ထိုကဲ့သို့ လက်ခံရမည့်မလိုလို ရှိနေတော့လေ၏။

ထိုကိစ္စနှင့်ပတ်သတ်၍ ရှောင်ယွင်သည် အနည်းငယ်တော့ ရှက်ခဲ့ရသည်။ တကယ်၍ ရွဲ့လော်၏အကူအညီသာ မရှိခဲ့လျှင် ရှောင်ယိရှန်နှင့် မိတ်ဆွေဖွဲ့ခဲ့မှာ  မဟုတ်ချေ။ 

လူနှစ်ယောက်စာအတွက် နေ့လည်စာ ချက်ပြုတ်အလုပ်ရှုပ်နေပါသော အချောအလှလေး ရှောင်ယိရှန်အား ကျောက်တုံးမှာထိုင်ရင်း ရှောင်ယွင် ငေးကြည့်နေမိသည်။ ရှောင်ယွင် အသက်ပြင်း ရှိုက်လိုက်ပြီးနောက် သူမအား ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။ 

“ ဒီကနေ ဘယ်တော့ ထွက်မယ်လို့ စိတ်ကူးထားလဲ.. “

“ ဟမ် “  ရှောင်ယွင်၏ အမေးစကားကြောင့် သူမက အနောက်လှည့်ကာ ကြည့်လိုက်သည်။ သူမ၏ လက်မ နဖူးဆံစကို သပ်ဖယ်လိုက်ရင်း ရှောင်ယွင်အား သံသယအကြည့်ဖြင့် ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။ 
 
“  ဘာဖြစ်လို့လဲ  “

“  အာ.. အထင်မလွဲလိုက်ပါနဲ့.. ဒါက မင်းနေရာလေ.. မင်းကို မမောင်းထုတ်ရဲပါဘူးကွာ.. “  
ရှောင်ယွင်က လက်ကို ဆုပ်နယ်ရင်း စနောက်လိုက်၏။ 

“  ငါ့မှာ အကြောင်းကိစ္စ ရှိလို့ ဒီမှာ နောက်ထပ် လတစ်ဝက်လောက် နေရလိမ့်မယ်.. မင်းမှာလည်း အရေးကိစ္စရှိရင် မင်းလည်း..  “

“ အဆင်ပြေပါတယ်.. အချိန်ကြာကြာ ကြိုက်သလောက်အထိ နေလို့ ရပါတယ်.. ငါ့မှာတော့ အရေးကြီးကိစ္စ မရှိသေးဘူး.. ငါလည်း စဉ်းစားမိတာ ရှိပါတယ်.. အချိန်ရရင် ဒိုချီကုန်းမြေဒေသတကို တစ်ခါလောက် စွန့်စားသွားကြည့်ရင်းကောင်းမလားလို့.. ဒါလည်း အရေးကြီးကိစ္စ မဟုတ်သေးပါဘူး.. ငါ့မှာ လောစရာမှ မရှိတာ.. “ 
ရှောင်ယိရှန်သည် အသက်ပြင်းကျိတ်ချလိုက်ပေမဲ့ အရှေ့ဘက်ပြန်လှည့်ပြီ ပေါ့ပေါ့ပါးပါးဖြင့် ရယ်မောလိုက်သည်။ 

“ ဒိုချီကုန်းမြေဒေသကို စွန့်စားခရီးထွက်မှာလား... ဒီစိတ်ကူးက မဆိုးဘူး.. “ ရှောင်ယွင်သည် ထောက်ခံရင်း ခေါင်းညိတ်လိုက်လေသည်။ ဒိုချီကုန်းမြေတခွင်အနှံ့ လှည့်လည်သွားလာ စွန့်စားခရီးထွက်ဖို့က သူ့အိမ်မက်ထဲကတစ်ခု ဖြစ်နေသည်မဟုတ်လား။ 

“ နင် စိတ်ဝင်စားလား.. ဒါဆို ငါတို့နှစ်ယောက် အတူတူ ခရီးသွားလို့ ရတာပေါ့.. “  မီးပုံထဲ သစ်ချောင်း ပစ်ထည့်ရင်း ရှောင်ယိရှန်က ရယ်မောကာ ပြောလိုက်သည်။ 

“ အာ.. အချို့ကိစ္စတွေ ပြီးမြောက်အောင် လုပ်ရဖို့ ရှိသေးတယ်.. လောလောဆယ်တော့ အဲလိုသွားဖို့ စိတ်မရှိသေးသလို အချိန်ကလည်း မရသေးဘူး.. “   ရှောင်ယွင်က ခေါင်းကို ခါယမ်းကာ ဆိုလိုက်သည်။ 

“ စိတ်မကောင်းစရာပါပဲ.. ဒီလို စိတ်တူကိုယ်တူ ခရီးသွားဖော်တစ်ယောက်ကို ရှာတွေ့ဖို့က မလွယ်ဘူးနော်..” ရှောင်ယိရှန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ မကျေမနပ်ဖြင့် ဆိုလေသည်။ 

“ စွန့်စားခရီးသွားဖို့ဆိုတာ  မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံပေးရရင် အဆိပ်ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သိုဝှက်ထားသင့်တယ်.. မဟုတ်လို့ရှိရင် ခရီးလမ်းတစ်လျှောက်မှာ မင်းတစ်ယောက်တည်းပဲ ဖြစ်နေလိမ့်မယ်..” ရှောင်ယွင်သည် အတော်လေး ချိန်ဆနေပြီးနောက် အလေးအနက်ဖြင့် ပြောလိုက်သည်။ 

သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေကာ ရှောင်ယိရှန်သည် ဟင်းအိုးထဲ အဆိပ်မရှိသော မှိုပွင့်တို့ကို ပစ်ထည့်ရင်း ပွက်ပွက်ဆူနေသော ဟင်းအိုးကို ငေးစိုက်ကြည့်နေလေသည်။ သူမသည် ခပ်ဖွဖွ အသက်ပြင်းချလိုက်သည်။ သူမအား အကြောက်တရားနှင့် ခြောက်လှန့်နေခဲ့သော အခြေအနေတစ်ခုကို သူမ ရှင်းလင်းစွာ သိလေ၏။ 

“အာ.. တကယ်တမ်းတော့ မင်းက အဆိပ်ပညာရှင်လို့ သတ်မှတ်လို့ မရသေးပါဘူး.. အင်.. ခရီးထွက်ရင် သမားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးလို့ ရတာပဲလေ.. သမားတော်တွေက လူတွေရဲ့ လေးစားမှုကို လွယ်လွယ် ရနိုင်တာပေါ့.. “    ရုတ်ချည်း ငြိမ်တိတ်သွားသော ရှောင်ယိရှန်ကို ကြည့်ရင်း ရှောင်ယွင် အတင်းရယ်လိုက်ရလေသည်။ 

“ အဆိပ်ပညာရှင် ဖြစ်လာမှာက အနှေးနဲ့ အမြန်ပဲလေ.. အများတကာကို ကြောက်လန့်စေပြီ မုန်းတီးစေသူတစ်ယောက်တော့ ငါဖြစ်လာလိမ့်မယ်.. ” ရှောင်ယိရှန်သည် အသက်ပြင်းချကာ ခပ်တိုးတိုးလေး ပြောလိုက်၏။ 

" အဆိပ်ပညာရှင်ဖြစ်လာဖို့ဆိုတာ မင်းအပေါ်မှာ မူတည်နေတာပဲ.. ဒီလိုဖြစ်လာဖို့ မင်းကို ဘယ်သူက ဖိအားပေးလို့လဲ "   ရှောင်ယိရှန်စကားကြောင့် ရှောင်ယွင် အနည်းငယ်တော့ စိတ်မကြည်မလင် ဖြစ်သွားသည်။ 

" အာ .. နားလည်မှုမလွဲလိုက်ပါနဲ့ "    သူမ၏ ဆံပင်က ပျော့ကျလာကာ မျက်နှာအား ဖုံးကွယ်သွားလေ၏။ ရှောင်ယိရှန်သည် ခပ်တိုးတိုးဖြင့်  " အနာဂတ်မှာ ဆုံတွေ့ခဲ့ကြရင် ငါ့ကို သူငယ်ချင်းတစ်ယောက်လိုမျိုး ဆက်ဆံပေးနိုင်ဖို့ ငါ မျှော်လင့်လိုက်ပါတယ်.. "

ရှောင်ယွင်လည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။  သူမ၏ ထူးခြားသော စကားကြောင့် လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။ 

" ဟင်.. ဟင်းချိုက ကျက်နေပြီပဲ.. "  ရှောင်ယိရှန်သည် ခေါင်းကို ခါယမ်းလိုက်ရင်း ဟင်းအိုးကို ကြည့်လိုက်ရာ ရုတ်တရက် ပြုံးရွှင်သွားလေသည်။ ထို့နောက် ပန်းကန်လုံးကို ယူကာ မှိုဟင်းချိုအား ခပ်ထည့်၍ ရှောင်ယွင်ကို ဂရုတစိုက်ဖြင့် ကမ်းပေးလိုက်သည်။ 

ရှောင်ယွင်လည်း ပန်းကန်လုံးကို လက်လှမ်းယူလိုက်သည်။ မွှေ့ပျံ့နေသည့် ဟင်းရနှံ့ကြောင့် ရှောင်ယွင် သွားရည်ယိုလာကာ တံတွေးကို မျိုချလိုက်မိသည်။ ရှောင်ယိရှန်အား လက်မထောင်ပြလိုက်ကာ ဟင်းချိုပူလောင်နေတာကို ဂရုမထားဘဲ စတင် စားသောက်လိုက်၏။

ဟင်းချိုပန်းကန်လုံးအား ကိုင်ထားပြီ မတွန့်မဆုတ်ဘဲ အားပါးတရ စားသောက်နေသည့် ရှောင်ယွင်ကိုကြည်ပြီ ရှောင်ယီရှန်၏ မျက်နှာထက်တွင် ပျော်ရွှင်သွားသည့်အမူအရာက ဖြစ်ပေါ်သွားသည်။ ရှောင်ယွင်က သူမအပေါ် ယုံကြည်နေတာကို သူမ တကယ်ပင် သဘောကျလှသည်။ 

ကျောက်တုံးမှာ ထိုင်ပြီ ဟင်းချိုသုံးလေးခွက်လောက် အားပါးတရ စားသောက်လိုက်ပြီနောက် ရှောင်ယွင်သည် ပန်းကန်အား ကျေနပ်သွားသည့် အမူအရာဖြင့် သူမထံ ပေးလိုက်သည်။ လုံးတင်းသွားသည့် ဗိုက်ကို ပွတ်ရင်း ရှောင်ယွင်သည် ပြုံးရွှင်စွာဖြင့်  " ကောင်းလိုက်တဲ့ လက်ရာပဲ.. မင်းနဲ့ လက်ထပ်တဲ့သူက တကယ်ကို ကံကောင်းမှာပဲ "

" ငါ့ကို လက်ထပ်ဖို့ "  ရှောင်ယွင်၏ စကားကြောင့် ရှောင်ယိရှန် ပြုံးလိုက်ကာ "  ရှင်သိထားဖို့က အဆိပ်ပညာရှင်ဆိုတာ ဒိုချီကုန်းမြေဒေသမှာ လက်ထပ်တာအနည်းဆုံးပညာရှင်ဆိုတာပဲ.. ဘယ်သူက သတ္တိကောင်းပြီတော့ တစ်ခဏအတွင်း သေစေနိုင်တဲ့အဆိပ်ငွေ့ထုတ်နိုင်တဲ့ ဇနီးမျိုးနဲ့ အတူတူအိပ်ရဲမှာလဲ.. " 

ရှောင်ယွင် အားလျော့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ရှောင်ယိရှန်က နည်းနည်းလေးတော့ အဆိုးမြင်နေသလို သူ ခံစားရသည်။ အဆိပ်ပညာရှင်က လူတွေကို ကြောက်ရွံ့ထိတ်လန့်စေပေမဲ့ သူမရဲ့ စွမ်းရည်က အဲဒီအဆင့်ကို ရောက်ဖို့က အဝေးကြီး ရှိနေသေးသည်မဟုတ်လား။ 

အဆိပ်ပညာရှင်ကြီးတွေဆိုတာ သိပ်မကျော်ကြားကြပေမဲ့ လူတိုင်းကို အနားမကပ်ရဲရလောက်အောင် ကြောက်ရွံ့ထိတ်လန့်စေတဲ့အဆင့်က လူတိုင်း ဖြစ်လာနိုင်တဲ့ အဆင့်လည်း မဟုတ်ဘူးလေ။ 

" မှတ်ထားပေးနော်.. နောင်တစ်ချိန် ဒိုချီကုန်းမြေဒေသမှာ ငါတို့ ပြန်ဆုံတွေ့ဖြစ်ခဲ့ရင် ငါ့ကို မုန်းတီးလို့ မရဘူးနော်.. အဲလိုဆို ငါတွေးမိတိုင်း ဝမ်းနည်းနေရတော့မှာ.. " 

ရှောင်ယိရှန်က ပစ္စည်းပစ္စယတွေကို သိမ်းဆည်းလိုက်ပြီ သူမ၏ တဲအိမ်ဘက်ကို သွားလိုက်သည်။ တဲအိမ်အတွင်း မဝင်မီ ရှောင်ယွင်ဘက် လှည့်ကာ ချိုသာသော အပြုံးဖြင့် ထိုစကားကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ထိုစကားကို ပြောပြီးသည်နှင့် အထဲသို့ ဝင်သွားလိုက်ရာ ရှောင်ယွင်တစ်ယောက်တည်း ကျောက်တုံးပေါ်မှာ စိတ်ရှုပ်ထွေးစွာနဲ့ ကျန်ရစ်ခဲ့လေ၏  

သူမဝင်သွားသော တဲအိမ်လေးကို ရှောင်ယွင် ငေးကြောင်ကြောင်ဖြင့် ငေးကြည့်ရင်း အသက်ပြင်းချပြီ ပြုံးလိုက်သည်။ 

သူက အဆိပ်ပညာရှင်ဖြစ်တော့ရော ဘာအရေးလဲ သူမရဲ့ ပညာရပ်ကြောင့် ဘာလို့ သူ့ကို မုန်းရမှာလဲ

အတွေးများက ဟိုခုန်ဒီပေါက်နှင့် အတော်ကြာတဲ့အထိ အတွေးများပြီးနောက် ရှောင်ယွင်သည် ပျင်းရိစွာနှင့် မတ်တတ်ရပ်လိုက်သည်။ တောင်တစ်လုံး၏ အောက်ဘက်က မြေနေရာကို ရောက်သည့်အခါ ရှောင်ယွင် ခေါင်းမော့ပြီ ကောင်းကင်က ချစ်ချစ်တောင် နေလုံးကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကို ကွေးညွတ်ပြီ မြေပြင်ကို အားပါပါဖြင့် ဖိနင်းလိုက်သည်။ ထိုအခါ ဗြုန်းစားကြီး ထွက်ပေါ်လာသော ပေါက်ကွဲအသံနှင့်အတူ ရှောင်ယွင်သည် အမြောက်ဆန်ကဲ့သို့ ချောက်ကမ်းပါးအထက် ခုန်တက်သွားသည်။ အားလျော့သွားလျှင် တဖန် ချောက်ကမ်းပါးနံရံကို ထပ်နင်း၍ ခုန်လိုက်ပြန်သည်။ ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ရှိလာကာ ချောက်ကမ်းပါးအပေါ်သို့ ဆက်တိုက် တက်သွားလေသည်။ 

၅ ကြိမ်မြောက်တွင် ရှောင်ယွင်သည် တစ်ကိုယ်လုံး လိမ်လှည့်လိုက်ကာ မြဲမြံစွာဖြင့် ချိုင့်ဝှမ်းငယ်ထဲက တောင်တစ်လုံး၏ အထွတ်တွင် ခြေချရပ်လိုက်၏  ထိုနေရာမှ ကြည့်လျှင် ချိုင့်ဝှမ်းထဲက တဲအိမ်မှာ လက်သီးဆုပ်အရွယ်လောက်သာ ရှိတော့သည်။

အချိန်က မွန်းလွဲပိုင်းသို့ ရောက်နေပြီဖြစ်ရာ ကောင်းကင်ထက်က နေလုံးကြီးကြောင့် ပူပြင်းသော နေရောင်ခြည်အလင်းတန်းများ မညှာမတာ ဖြာလင်းနေရာ ထိုနေရောင်အောက်တွင်ရှိသော ကျောက်တုံးတို့အား မည်သူမှ အရဲစွန့်ပြီ ကိုင်ရဲမှာ မဟုတ်ချေ။ 

ရှောင်ယွင်ရပ်နေသော နေရာသည်  ငေါထွက်နေသော ကျောက်ဆောင်ပြားတစ်ခုပင် ဖြစ်သည်။ ထိုနေရာသည် နေပူစာလှုံဖို့အတွက် အကောင်းဆုံးနေရာလည်း ဖြစ်၏။ 

နဖူးပေါ်က ချွေးစက်တွေကို သုတ်ချလိုက်ပြီနောက် ခါးသီးစွာ ပြုံးလိုက်ကာ ခေါင်းကို ခါယမ်းလိုက်လေသည်။ သူရဲ့ ပြင်းထန်လှတဲ့ လေ့ကျင့်ခန်းကြောင့် ညည်းညည်းညူညူနဲ့ ပူလောင်လှတဲ့ ကျောက်ချပ်တစ်ခုအပေါ်မှာ ထိုင်ချလိုက်သည်။ ခဏအကြာတွင် ဖင်ကနေ ပူတက်လာခြင်းကြောင့် ရှောင်ယွင် အံကိုပင် ကြိတ်ထားလိုက်ရသည်။ ထို့နောက် အဆက်မပြတ် မြင့်တက်လာသော အပူရှိန်တို့ကို လျစ်လျူရှုလိုက်ပြီ လက်နှစ်ဖက်ကို ကျင့်ကြံသည့် လက်နေဟန်ထားအတိုင်း ထားလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ 

ကိုယ်နေဟန်ထား အားလုံးပြီးသွားတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က မီးသဘာဝစွမ်းအင်တွေ သူ့ကိုယ်ထဲ တိုးဝင်လာတာကို ရှောင်ယွင် သတိပြုလိုက်မိသည်။ သူ့စိတ်ကလည်း အကျွမ်းတဝင်ဖြင့် ထိုစွမ်းအင်တို့ကို သန့်စင်လိုက်ကာ ချီလမ်းကြောင်းအတိုင်း ဖြတ်သန်းသွား၍ နောက်ဆုံး ချီဝဲကတော့အတွင်း ဝင်ရောက်သွားသည်။ ချီဝဲကတော့မှာ လှည့်လည်စီးဝင်နေရင်းမှ အလယ်ဗဟိုရှိ ခရမ်းရောင်မီးတောက်ငယ်သို့ ဆက်လက်ဝင်ရောက်သွားလေသည်။ 

နေအပူ၏ အငွေ့အသက်ပါဝင်သော မီးသဘာဝစွမ်းအင်ကို စုပ်ယူမိသောအခါ ခရမ်းရောင်မီးတောက်သည် ရုတ်ချည်း နိုးကြားလာပြီ စွမ်းအင်တို့အား ဝါးမျိုလိုက်သည်။ယင်းမီးတောက်ငယ်သည် အနည်းငယ် ကြီးထွားလာသယောင် ရှိလာခဲ့သည်။ 

စိတ်အာရုံကို စုစည်းထား၍ မီးတောက်ငယ်၏ တစ်ဖြည်းဖြည်း ကြီးထွားလာသည့်ပုံစံအား ရှောင်ယွင်မှာ အသေးစိတ်ကအစ အကုန်တွေ့ရှိလေသည်။ အတော်အသင့် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို တွေ့လိုက်ရတဲ့ ရှောင်ယွင်မှာ အတော်လေး ဝမ်းမြောက်သွားသည်။ ထိုသို့ အချိန်တစ်ခုအထိ စုပ်ယူနေလိုက်ပြီးနောက် ရှောင်ယွင် တစ်ဖြည်းဖြည်း မျက်လုံးဖွင့်လိုက်ကာ သူ့ရဲ့ သိုလှောင်လက်စွပ်ကနေ နီလာခရမ်းအဆီအနှစ်ပါဝင်တဲ့ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကိုလည်း ထုတ်ယူလိုက်သည်။ ထိုအဆီအနှစ်ကို လက်ချောင်းထိပ်ဖြင့် အသာအယာ တို့ထိလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီနောက် ခပ်ဖြေးဖြေး အရသာ ခံလိုက်သည်။ ထို့နောက် တံထွေးနှင့်အတူ ဗိုက်ထဲသို့ ရောက်ရှိသွားလေသည်။ 

နီလာခရမ်းအဆီအနှစ်က ဗိုက်ထဲ ရောက်သွားသည်နှင့် ရှောင်ယွင်၏ မျက်နှာသည် နီရဲတက်လာခဲ့သည်။ ပုံမှန်အသားအရေကလည်း တစ်ဖြည်းဖြည်း နီမြန်းလာသည်။ ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို သတိထားလိုက်သည်နှင့် ရှောင်ယွင်သည် စိတ်အာရုံကို စုစည်းထားလိုက်ကာ စွမ်းအားကောင်းပြီ  အရိုင်းဆန်တဲ့ စွမ်းအင်ကို ချေဖျက်ဖို့ လုပ်လိုက်သည်။ 

ကျောက်တောင်ထိပ်.. နေပူပူပြင်းပြင်းအောက်မှာ လူငယ်တစ်ယောက် ချွေးသီးချွေးပေါက်တွေနှင့် နာကျင်မှုကို အံကြိတ်သည်းခံရင်း ကိုယ်တွင်းက အပူတွေကိုပါ တောင့်ခံနေလေရာ လိပ်ပြာဖြစ်ဖို့ ပိုးအိမ်အထဲကနေ နာနာကျင်ကျင်နှင့် တိုးထွက်လာနေသော ပိုးတုံးလုံးကောင်ကဲ့သို့ တူနေပါတော့သည်။ 

နာကျင်မှု ပြီဆုံးတဲ့အခါမှာတော့ ပြန်လည် မွေးဖွားလာသလို ဖြစ်သွားလိမ့်မည်။ ပြောင်းလဲခြင်းခရီးလမ်းတစ်ခုမှာ နာကျင်ခြင်း ကြမ်းတမ်းခြင်းတို့နဲ့ ရှေ့ဆက်သွားဖို့ အမှန်ပင် လိုအပ်လှသည်။

Chapter 151

အခန်း ( ၁၅၁ )  မီးတောက်သစ်စေ့ သန့်စင်ခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

ရွဲ့လော်၏ စကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် အနည်းငယ်တော့ ကြက်သေသေသွားမိသည်။ ပြီးနောက် ငိုသံပါသော အသံဖြင့်  “ ဆရာ ပြောတဲ့ပုံစံကလည်း တိရစ္ဆာန်တစ်ကောင်ကို အိမ်မှာမွေး..၊ အသားတိုးတဲ့အချိန်ကိုစောင့်..၊  ပြီးရင် သတ်စားလိုက်လို့ ပြောနေတာနဲ့ တူနေသလိုပဲဗျာ.. ” 

“ ဟီ…၊ ဟုတ်တယ်.. အဲ့ဒီသဘောအတိုင်းပဲ.. ဟီ.. ”  ရွဲ့လော်မှာ ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ 

ရှောင်ယွင်လည်း ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်မိသည်။ ထို့နောက် သူ့ရဲ့ ချီကျင့်စဉ်ကို အဆင့်တိုးစေနိုင်မည့် မျှော်လင့်ချက်တစ်ခုဖြစ်သော သူ့လက်ချောင်းထိပ်က ခရမ်းရောင်မီးတောက်ကို ငေးစိုက်ကြည့်နေလိုက်သည်။ ကောင်းကင်ဘုံမီးတောက်သည် သူနှင့် အလှမ်းဝေးနေသေးသည်မို့ အခု ဒီခရမ်းရောင်မီးတောက်ကသာ လက်ရှိသူ့အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်နေသည်မဟုတ်လား။ 

“ ဒါဆို ဒီမီးတောက်ကို ဘယ်လို သန့်စင်ရမလဲ.. ”   ရှောင်ယွင် အသက်ပြင်းချလိုက်ပြီတော့ ခေါင်းမော့ပြီး ရွဲ့လော်ကို မေးလိုက်သည်။ 

“ နေပါဦး..၊  ခရမ်းရောင်မီးတောက်က သခင်မရှိနေဘူးဆိုတော့ မင်းကိုတော့ ခုခံနေမှာ မဟုတ်ဘူး..၊ ခရမ်းရောင်မီးတောက်ကို မီးတောက်သစ်စေ့ပြောင်းပြီ ချီကျင့်စဉ်အဆင့်တိုးဖို့က အန္တရာယ်တော့ များလောက်မှာ မဟုတ်ဘူး.. ”   ရွဲ့လော်သည် ပါးစပ်ကနေ ပြောလည်း ပြော လက်ကလည်း ရှောင်ယွင်ခေါင်းကို ထိကပ်ထားလိုက်ပြီးနောက်  “  ငါ့ညွန်ကြားချက်အတိုင်း လိုက်လုပ်.. ”  ဟု ပြောလိုက်သည်။ 

ရှောင်ယွင် ခေါင်းထဲသို့ များပြားလှသော အချက်အလက်များ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာတွေကို သေချာစွာ လေ့လာလိုက်ရင်း သူ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်လုံးတွေကို တစ်ဖြည်းဖြည်းဖြင့် မှိတ်ချလိုက်ပြီး ခြေချင်းချိတ် ထိုင်ချလိုက်သည်။ ထို့နောက် သူ့မျက်လုံး၊နှာခေါင်း၊ နှလုံးအိမ် စသည်တို့ကို စိတ်ဖြင့် ကြည့်ရင်း တစ်ဖြည်းဖြည်းဖြင့် သူ့စိတ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ 

ချီလမ်းကြောင်းတစ်လျှောက် သူ့စိတ်က လိုက်ပါလည့်ပတ်သွားပြီး နောက်ဆုံးတွင် ဝမ်းဗိုက်အောက်နားတွင် ရှိသော ဒိုချီဝဲကတော့ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဒိုချီဝဲကတော့သည် အရင်ကထက် အရွယ်အစား သေးငယ်နေသယောင် ရှိနေသည်။ သို့သော် သေချာစွာ အသေးစိတ်လေ့လာကြည့်လျှင်  ထိုဝဲကတော့အတွင်းတွင် သိပ်သိပ်သည်းသည်းဖြင့် အရင်ကထက် ပို၍ စုစည်းနေတာကို တွေ့ရပါလိမ့်မည်။ 

ရှောင်ယွင်၏ စိတ်သည် ဝဲကတော့ ဘေးပတ်လည်တွင် တစ်ပတ်လည်လိုက်သည်။  မည်သည့်ပြဿနာမှ မတွေ့ရသည့်အခါ ရွဲ့လော်၏ ညွန်ကြားချက်အတိုင်း စတင်လုပ်ဆောင်လိုက်သည်။ 

ရှောင်ယွင်၏ စိတ်သည် ဝဲကတော့အနားသို့ သွားလိုက်ပြီးနောက် တစ်ဖြည်းဖြည်းဖြင့် အထဲ ဝင်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဉ်အာရုံဖြင့် သူထိန်းချုပ်နေသော ခရမ်းရောင်မီးတောက်ကို အဆက်မပြတ် ရှာဖွေနေသည်။ 

ချီဝဲကတော့အတွင်းအထိ ရှောင်ယွင် သေချာ ဂရုတစိုက်ဖြင့် ဆက်လက် ရှာဖွေကြည့်သည်။ အချိန်အတော်ကြမှ ခရမ်းရောင်စွမ်းအင်အမျှင်တန်းများ တစ်ဖြည်းဖြည်း ထွက်ပေါ်လာလေသည်။ ခရမ်းရောင်စွမ်းအင်ထွက်ပေါ်လာသည်နှင့် ရှောင်ယွင်သည် လျှပ်တစ်ပြက်အတွင်း စိတ်ဝိညာဉ်အာရုံကို ထိန်းချုပ်ကာ မိုးကြိုးပစ်ချလိုက်သည်သကဲ့သို့ အလွန်သွက်လက်စွာဖြင့် ခရမ်းရောင်စွမ်းအင်ကို လွှမ်းခြုံပစ်လိုက်သည်။ 

“  ဝဲကတော့အထဲမှာ ခရမ်းရောင်မီးတောက် ထည့်ထားနိုင်မဲ့ အပေါက်ငယ်တစ်ပေါက် ဖွင့်ရမယ်.. ”

စိတ်ထဲတွင် ရွဲ့လော်၏ အသံကို ကြားယောင်သွားရင်း ရှောင်ယွင်သည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ချီဝဲကတော့ကို လျင်မြန်စွာ ဝိုင်းရံထားလိုက်သည်။ တစ်ခဏလောက်သာ တိတ်ဆိတ်သွားပြီးနောက် စိတ်ဝိညာဉ်အာရုံသည် ချီဝဲကတော့အား အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် မောင်းနှင်လေ၏။ 

ချီဝဲကတော့အတွင်း လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်လာသည့်အခါတွင် ချီလမ်းကြောင်းမှာ ရှိသည့် ဒိုချိစွမ်းအင်တို့သည်လည်း သွက်လက်လျင်မြန်လာကာ အရှိန်အဟုန်ဖြင့် လှည့်ပတ်လာကြသည်။ သို့သော် ထိုအရာတို့ကို လိုက်မကြည့်နေဘဲ လျင်မြန်စွာ လှည့်ပတ်နေခြင်းကြောင့် ဖြစ်ပေါ်လာသော ချီဝဲကတော့အတွင်းရှိ အလယ်ဗဟိုက နေရာငယ်ကိုသာ အပြည့်အဝ အာရုံသွင်းထားလိုက်သည်။ 

လုပ်ဆောင်မှုအောင်မြင်သွားသည်ကို ကြည့်တဲ့အခါ ရှောင်ယွင်သည် ချီဝဲကတော့ကို ဝိုင်းရံထားသည့် စိတ်ဝိညာဉ်အာရုံကို ပို၍ အားစိုက်လိုက်သည်။ စိတ်ဝိညာဉ်အာရုံတို့ ပို၍ အားကောင်းလာသည့်အခါ ချီဝဲကတော့အတွင်း လှည့်ပတ်နေသည့် အလျင်နှုန်းတို့သည်လည်း ပို၍ မြန်ဆန်လာခဲ့သည်။ နောက်ဆုံးတွင် ချီဝဲကတော့အတွင်းက အဝါရောင်ဖျော့ဖျော အဝိုင်းစက်လေးကို မမြင်ရတော့ဘဲ အတွင်းမှ ရိုက်ခတ်ထွက်လာသော အသွင်မဲ့ အသံတို့သာ ပဲ့တင်ထပ်နေလေ၏။ ရှောင်ယွင်လည်း စိတ်ကို ချီဝဲကတော့အတွင်းက အလယ်ဗဟိုကိုသာ စိတ်ထည့်ထားလျက် ရှိသည်။ ချီဝဲကတော့အတွင်းက ဟင်းလင်ပြင်နေရာသာ တစ်ဖြည်းဖြည်းဖြင့် ကျယ်ပြန့်လာသည်။ လက်သီးဆုပ်အရွယ်လောက် ကျယ့်ပြန့်လာသည့်အခါမှာ ရှောင်ယွင်လည်း စိတ်သက်သာရာ ရသွားပြီးနောက် ချီဝဲတော့ကနေ သူ့၏ စိတ်ဝိညာဉ်အာရုံကို တစ်ဖြည်းဖြည်း အနောက်ပြန်ဆုတ်လေ၏။

စိတ်ဝိညာဉ်အာရုံလည်း အကုန်လုံး အနောက်ဆုတ်သွားသည့်အခါတွင် ချီဝဲတော့အတွင်း လည်ပတ်နေသည့် အရှိန်နှုန်းမှာလည်း တစ်ဖြည်းဖြည်း နှေးလာခဲ့သည်။ သို့ပေမဲ့ ရှောင်ယွင်၏ ထိန်းချုပ်မှုကြောင့် ချီဝဲကတော့အတွင်းရှိ အလယ်ဗဟိုက အတွင်းလေးသည် ဘေးပတ်ဝန်းကျင်နှင့် ဟန်ချက်ညီမျှသလို ဖြစ်လာကာ ၎င်း၏ အလျင်နှုန်းကလည်း လုံးဝ မနှေးသွားခဲ့ပေ။ 

 အလယ်ဗဟိုက ဟင်းလင်ပြင်တွင်းနေရသည် မပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှောင်ယွင် နောက်တစ်ခါ အသက်ပြင်းချလိုက်၏။ ထို့နောက် သူ့၏ စိတ်အာရုံသည် ခရမ်းရောင်စွမ်းအင်အမျှင်တန်းများကို ဝိုင်းရံလိုက်ကာ ဒိုချီစွမ်းအင်များဖြင့် ပိတ်ဆို့၍ လမ်းကြောင်းအတိုင်း မောင်းသွင်းကာ အလယ်ဗဟိုက ဟင်းလင်းပြင်နေရာသို့ မောင်းပို့လိုက်သည်။ 

ချီဝဲကတော့ အလယ်ဗဟိုက ဟင်းလင်းပြင်တွင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ချီဝဲကတော့ တစ်ခုလုံး တုန်ခါသွားသည်ဟု ရှောင်ယွင် ခံစားလိုက်ရသည်။ ချက်ချင်းပဲ စိတ်ဝိညာဉ်အာရုံဖြင့် ချီဝဲကတော့ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ 

စိတ်ဝိညာဉ်အာရုံဖြင့် အားထည့်၍ တည်ငြိမ်အောင် ထိန်းလိုက်သည့်အခါ ချီဝဲကတော့သည်လည်း တစ်ဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ချီဝဲကတော့အတွင်းတွင် ဗဟိုချက်နေရာ၌ နေရာယူထားသော ခရမ်းရောင်စွမ်းအင်နေရာသို့ အပြင်ပတ်လည်ရှိ ချီဝဲကတော့မှ ဒိုချီစွမ်းအင်တို့ အဆက်မပြတ် တိုးဝင်လာသည်ကို ရှောင်ယွင် မြင်နေရ၏။

ရှောင်ယွင်၏ အတွေးအာရုံတို့သည် သေးငယ်သွားသည့် ခရမ်းရောင်စွမ်းအင်တို့ကို စိတ်လှုပ်ရှားစွာ လေ့လာကြည့်သည်။ မီးဓာတ်ဒိုချီစွှမ်းအင်တို့ တစ်ဖြည်းဖြည်း တိုးဝင်လာသည့်အခါ ခရမ်းရောင်စွမ်းအင်တို့သည် အော်ဟစ်သံ ပြုကြသည်။  ခဏအကြာတွင်  ရှောင်ယွင် ကြည့်နေဆဲမှာပဲ ၎င်းစွမ်းအင်တို့သည် စတင်အသွင်ပြောင်းလာကြသည်။ 

ခရမ်းရောင်စွမ်းအင်တို့သည် အရင့်ရောင်သို့ ပြောင်းလဲလာကြသည်။ ရင့်မှောင်လာပြီး အဆင့်တစ်ခုအထိ ရောက်သည့်အခါမှာ ခရမ်းရောင်စွမ်းအင်တို့ ရုတ်တရက် တုန်ခါလာပြီး မီးတောက်ဖန့်ဖန့်တစ်ခုက ခရမ်ရောင်စွမ်းအင်အစုကနေ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ခရမ်ရောင်စွမ်အင်တို့သည် ထိုခရမ်းရောင်မီးတောက်ငယ်၏ စုပ်ယူမှုကို ခံလိုက်ရ၏။ 

ထိုကဲ့သို့ နက်မှောင်သော အလယ်ဗဟိုဟင်းလင်းပြင်တွင်းပေါက်တွင် ခရမ်းရောင်မီးတောက်ငယ်တစ်ခု အထီးတည်း ထွန်းလင်းနေ၏။ ခပ်နွေးနွေး ပူနွေးနေသည်က ပျံ့နှံ့လာပြီး ဒိုချီဝဲကတော့အပြင်ဘက်သို့တိုင် ရောက်ရှိသွားသည်။ 

ဒိုချီဝဲကတော့အတွင်း ပူနွေးမှုများ ပျံ့နှံ့သွားသည့်အခါ ချီဝဲကတော့အတွင်း လည်ပတ်နှုန်းများ မြန်ဆန်လာသည်ကို ရှောင်ယွင် ခံစားလိုက်ရသည်။ ထိုအခါ ရှောင်ယွင်မှာ အလွန်အံ့သြသွားပြီ စိတ်မထိန်းနိုင်လောက်အောင် ပျော်ရွှင်သွားသည်။ တကယ်၍ ချီဝဲကတော့သည် ၎င်းဘာသာ လျင်လျင်မြန်မြန် လည်ပတ်နေပါက ရှောင်ယွင်အနေဖြင့် ကိုယ်တိုင် လုပ်စရာမလိုတော့သည့် အဓိပ္ပါယ် ဖြစ်နေသည်မဟုတ်လား။ ထိုသို့ဖြစ်နေပါက ဘေးပတ်ဝန်းကျင်မှ ဒိုချီစွမ်းအင်တို့ သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စုပ်ယူနေမည်မဟုတ်လား။ ထိုအခါ သူ့ခန္ဓာကိုယ်သည်လည်း ဒိုချီစွမ်းအင်တို့ဖြင့် အဆက်မပြတ် သန့်စင်နေတော့မည်။ ဒီလိုအကျိုးရလဒ်က သူ လေ့ကျင့်သည့်နေရာမှာ အလွန်အသုံးဝင်နေမှာ မေးနေစရာပင် မလိုချေ။ 

ခရမ်းရောင်မီးတောက် ထွက်ပေါ်လာပြီးနောက်တွင် ၎င်းသည် လည့်ပတ်စေသည့် စက်ကြီးတစ်လုံးအလား တစ်ဖြည်းဖြည်း စတင်လည်ပတ်လေ၏။

ခရမ်ရောင်မီးတောက်သည် အပူကို ထုတ်လွှတ်ရန်အလို့ငှား ဒိုချီဝဲကတော့မှ ဒိုချီစွမ်းအင်တို့ကို စုပ်ယူနေလေရာ အကျိုးဆက်အားဖြင့် ချီဝဲကတော့၏ ဒိုချီစွမ်းအင်စုပ်ယူအားကိုပါ မြင့်တက်စေခဲ့၏။ ထိုကဲ့သို့ အပြန်အလှန် အကျိုးပြုစေခြင်းက ခရမ်းရောင်မီးတောက်နှင့် ချီဝဲကတော့တို့အား မျာစွာ အကူအညီဖြစ်စေသည်။ 

ချီဝဲကတော့ကို ရှောင်ယွင် နောက်တစ်ကြိမ် လေ့လာလိုက်ပြန်သည်။ တစ်စုံတရာ ပြဿနာမတွေ့သည်နှင့် သူ့ခန္ဓာကိုယ်ကနေ အတွေးအာရုံကို ပြန်လည်ထွက်ခွာလိုက်သည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည့်အခါတွင် ခရမ်းရောင်အလင်းက မျက်ဆံနက်အတွင်း လင်းလက်သွားသည်။ ခဏအကြာတွင် ခရမ်ရောင်အလင်းက ပျောက်ကွယ်သွားပြီ မူလ အနက်ရောင်သာ ကျန်ခဲ့သည်။ 

“  ဘယ်လိုရှိမလဲ..?  အောင်မြင်တယ်မလား.. ? ”    ရှောင်ယွင် မျက်လုံးဖွင့်လာသည်ကို မြင်သည့်အခါ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည့် ရွဲ့လော်က မေးမြန်းလိုက်သည်။ 

“ ဟုတ်ကဲ့..၊ မီးတောက်သစ်စေ့ဖြစ်တဲ့အထိ လုပ်နိုင်ခဲ့ပြီး.. ”   ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ ညင်သာစွာဖြင့် လက်ဖျောက်တွတ်လိုက်သည့်အခါတွင် ကြည်လင်သော အသံနှင့်အတူ ခရမ်းရောင်မီးတောက်ငယ်တစ်ခုက လက်ချောင်းထိပ်တွင် ထွက်ပေါ်လာသည်။ 

ရှောင်ယွင်လည်း ခရမ်းမီးတောက်အား စပ်စုသော အကြည့်ဖြင့် ကြည့်ကာ ကစားနေကြည့်လိုက်သည်။ အတန်ကြာလျှင် ဘေးနားရှိ ကျောက်နံရံအား တို့ထိလိုက်သည့်အခါတွင် ယင်းနံရံသည် တစ်ခဏအတွင်း မဲတူးသွားသည်။ 

“ ဒါက ဆရာ့ရဲ့ အရိုးအေးစိမ့်မီးတောက်ထက် အားမကောင်းတဲ့ပုံပဲ.. ”   မဲတူးသွားသည့် နေရာကို ကြည့်ပြီး ရှောင်ယွင် ခါးသီးစွာ ပြုံးလိုက်ကာ ဆိုလိုက်သည်။ 

“ ဟုတ်တာပေါ့..၊ အရိုးအေးစိမ့်မီးတောက်က ကောင်းကင်ဘုံမီးတောက်လေ..၊ ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက်စာရင်းထဲမှာဆို အဆင့်ဆယ့်တစ်မှာမှာ ရှိတယ်..၊ မင်းရဲ့ အစုတ်အပဲ့မီးတောက်နဲ့တောင် ယှဉ်လို့ရနေတယ်ဆိုရင် ငါက ဘာလို့ ပြာပုံဖြစ်နိုင်လောက်တဲ့ အန္တရာယ်ကြီးကို ရင်းပြီး ကောင်းကင်ဘုံမီးတောက်ကို စွန့်စားရှာဖွေနေတော့မလဲ.. ”  ရှောင်ယွင်စကားကြောင့် ရွဲ့လော်က စိတ်ပျက်သွားဟန်ရှိကာ ခပ်ပြုံးပြုံးဖြင့် အော်ငမ်းလိုက်လေသည်။ 

ရှောင်ယွင်လည်း စိတ်ပျက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်လေ၏။ ၇ွဲ့လော်၏ စကားလုံးသည် သူအား အတော်ပင် ထိခိုက်လေသည်။ သူ ဒီလောက် ကြိုစားပမ်းစာ အားထုတ်ကာမှ ကံကောင်းထောက်မ၍ ရရှိလာသည့်အရာတစ်ခုကို အစုတ်အပဲ့ဟုပင် ရွဲ့လော်က ပြောလိုက်သေးသည်။ 

“  ကဲပါလေ…၊ စိတ်ဓာတ်ကျနေသလို မကြည့်နေနဲ့တော့..၊ အခု ခရမ်းရောင်မီးတောက်ကို ပိုင်ပြီးဆိုတော့ သူ့ရဲ့ စွမ်းအားက ဘယ်လောက်ရှိနေမလဲ..၊ မင်းက သခင်ဖြစ်နေပြီးဆိုတော့ သူ့စွမ်းအားက အားမကောင်းဆိုတာ မဖြစ်သင့်ဘူး..၊  နီလာခရမ်းတောင်ပံခြင်္သေံ့က ခရမ်းရောင်မီးတောက်နဲ့ တိုက်ခိုက်လိုက်တာကို တွေ့တယ်မလား..၊ ဘယ်လောက်ကောင်းတဲ့ အင်အားမျိုးလဲ..၊ ယွင်ချီဆိုတဲ့ ကလေးမတောင် ဒိုဝှမ်းအဆင့်နဲ့ ကာတောင် မကာလိုက်နိုင်ဘူးမလား..၊ အဲဒါပဲကြည့်.. ဒီမီးတောက်က သာမန်တော့ မဟုတ်လောက်ဘူး..”

စိတ်ပျက်နေပါသော ရှောင်ယွင်ကို ကြည့်ပြီး ရွဲ့လော်က အားပေးစကား ပြောလိုက်ပြန်သည်။ 

ရှောင်ယွင်လည်း အသက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခါးသက်သော အပြုံးဖြင့် “ ဒီခရမ်းရောင်မီးတောက်လေးကို နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ အင်အားမြှင့်တင်စေချင်ရင်တော့ နောက်ထပ် ဆယ်နှစ်လောက် ကြာလိမ့်မယ်ထင်တယ်.. ”

“ အင်း..ပုံမှန်နည်းလမ်းနဲ့ဆိုရင်တော့ အဲဒီစကားက မှန်တယ်လို့ ပြောရမှာပေါ့.. ” ရွဲ့လော် ခေါင်းညိတ်လိုက်ပါသည်။ 
ထို့အခါ စိတ်ဓာတ်ကျသွားရှာသော ရှောင်ယွင်အမူအရာကို ကြည့်ပြီး ရွဲ့လော်က အားမလို အားမရဟန်ဖြင့် ပြောလေ၏။

“ မင်းမှာ နီလာခရမ်းမွေးရာပါအမြုတေအဆီအနှစ် ရှိတယ်မဟုတ်ဘူးလား..၊ အဲါဒက ခရမ်းရောင်မီးတောက်အစွမ်းကို မြင့်ဖို့ အကောင်းဆုံး အကူပစ္စည်းပဲ..၊ အဆီအနှစ်ကို သုံးလိုက်လို့ နာကျင်သွားမှာကို မင်းတောင့်ခံနိုင်ရင်တော့ မင်းရဲ့ ခရမ်းရောင်မီးတောက်က အလွန့်လွန်ကို တိုးတက်သွားလိမ့်မယ်ကွ.. ”

“ နီလာခရမ်းမွေးရာပါအမြုတေအဆီအနှစ်လား.. ”

ရှောင်ယွင် တစ်ချက်တော့ ကြောင်အသွားသည်။ ထို့နောက် မဖုံးကွယ်ထားနိုင်လောက်အောင် ပျော်ရွှင်သွားကာ သိုလှောင်လက်စွပ်ကနေ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်လေသည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါတွင် နွေးထွေးပြီး ထူးခြားသည့် အနံ့အသက်တစ်ခုက ပျံ့သင်းလာသည်။ 

သိပ်သည်းလှသော မီးဓာတ်စွမ်းအင်များ ပါဝင်နေသော ထိုရနှံ့ကို ရှုရှိုက်လိုက်သည့်အခါတွင် သူ့လက်ချောင်းထိပ်က ခရမ်းရောင်မီးတောက်သည် ပိုတောက်ပလာသည်ကို ရှောင်ယွင် သတိပြုလိုက်မိသည်။ 

“ အင်မတန်ကို သိပ်သည်းတဲ့ မီးဓာတ်စွမ်းအင်တွေပါလား.. ”    ခရမ်းရောင်မီးတောက်၏ ပြောင်းလဲမှုကို ကြည့်ပြီး ရှောင်ယွင်မှာ အလိုလို ပင့်သက်ရှိုက်လိုက်မိသည်။ 

“  နောက်ဆိုင်ရင် နေရောင်ခြည်အောက်မှာပဲ လေ့ကျင့်ရင် အကောင်းဆုံးပဲ..၊ နောက်ပြီးတော့ နီလာခရမ်းခြင်္သေ့မွေးရာပါအဆီအနှစ်တွေကို အများကြီး သောက်လို့ မရဘူး..၊ အဲ.. နောက်ဆုံးတစ်ခေါက်လို နာကျင်တာမျိုး ခံစားချင်ရင်တော့ ငါ့စကားကို နားမထောင်နဲ့ပေါ့ကွာ.. ”   ရွဲ့လော်က အရွှန်းဖောက်၍ ဆိုလိုက်သည်။ 

ပြီးခဲ့သည့်အခေါက်က တစ်ကိုယ်လုံး လောင်ကျွမ်းတော့မည့်မတတ် ခံစားလိုက်ရသည့် နာကျင်မှုကို စဉ်းစားလိုက်သည့်အခါ ရှောင်ယွင် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထိုနာကျင်မှုမျိုး  နောက်တစ်ကြိမ် ထပ်ပြီး မခံစားချင်တော့ပေ။ 

“ အခု မင်းရဲ့ ခွန်အားနဲ့ဆိုရင် လေ့ကျင့်တဲ့အခါမှာ လက်တစ်တို့စာလောက်ပဲ မျိုလိုက်..၊ အများကြီး မျိုလိုက်မယ်ဆိုရင်တော့ မင်းတစ်ကိုယ်လုံး လောင်သွားလိမ့်မယ်.. ”    ရွဲ့လော်က အလေးအနက်ဖြင့် သတိပေးလိုက်၏။ 

“ အင်း.. ”  ရှောင်ယွင် ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။ ဒါကို သူ အရွှန်းမဖောက်ရဲချေ။ ခံရခက်သော နာကျင်မှုက သူ့အတွက် လုံလောက်နေပါပြီး။ 

“  နီလာခရမ်းခြင်္သေ့မွေးရာပါအဆီအနှစ်က ခရမ်းရောင်မီးတောက်ကို ကြီးထွားနှုန်းမြန်စေတယ်ဆိုရင် ဘယ်လောက်ကြာတဲ့အထိ မျိုပေးနေရမလဲ.. ”

ကျောက်စိမ်းပုလင်းက တင်းတင်းဆုပ်ထားပြီး ရှောင်ယွင် ခေါင်းမော့ကာ စိတ်နာနာဖြင့် မေးလိုက်သည်။ “  နှစ်အနည်းငယ်လောက်လား..? အဲလို စောင့်နေရမယ်ဆိုရင် ကောင်းကင်ဘုံမီးတောက်ကိုပဲ သွားရှာတော့မယ်.. ” 

“  နီလာခရမ်းအဆီအနှစ်နဲ့ဆိုရင် အဲ့လောက်အထိ အချိန်မလိုပါဘူး..၊ နောက်တစ်ခုက နီလာခရမ်းတောင်ပံခြင်္သေ့ ပိုင်ဆိုင်ထားတဲ့ စွမ်းအားအထိ ခရမ်းရောင်မီးတောက်ကိုလည်း ရောက်ရှိစေရမယ်လို့ မဆိုလိုပါဘူး..၊ တကယ်လို့ အဲ့လောက်အထိ စွမ်းအား မြင့်တင်နိုင်ခဲ့မယ်ဆိုရင်လည်း မင်းရဲ့ လက်ရှိခွန်အားနဲ့ဆို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းခံရမှာ အသေအချာပဲ..၊ ခွန်အား လုံလုံလောက်လောက် မရှိဘဲ မီးနဲ့ ကစားမယ်ဆိုရင် လောင်ကျွမ်းခံရဖို့ပဲ ရှိလိမ့်မယ်.. ”   ရွဲ့လော်သည် ခေါင်းကို ခါယမ်းလိုက်ရင်း သူ့အတွေးကို ထုတ်ပြောလေ၏။ 

“ ကဲလေ..၊မင်း  ဒီနေ့ကစပြီး နောက်တစ်လကျရင် မီးတောက်မန္တရားကျင့်စဉ်ကို သုံးပြီ ခရမ်းရောင်မီးတောက်ကို မျိုချကြည့်လို့ ရနေပြီ ”

“ တစ်လပဲလား.. ”  ရှောင်ယွင် နှုတ်ခမ်းသပ်ကာ ခပ်တိုးတိုးဖြင့် သံယောင်လိုက်ကြည့်သည်။ ထို့နောက် အလေးအနက်ဖြင့် ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်တော့လေ၏။

“ ကောင်းပြီ..၊ နောက်တစ်လဆိုရင် ငါဟာ ခရမ်းရောင်မီးတောက်ကို မျိုပြီ ငါရဲ့ မီးတောက်မန္တရားကျင့်စဉ်ကို အဆင့်တက်နိုင်အောင် လုပ်မယ်.. ”

Chapter 150

အခန်း ( ၁၅၀ )  ခရမ်းရောင်မီးတောက်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

သီးသန့်ဆန်စွာ ရှိနေသည့် ချိုင့်ဝှမ်းငယ်လေးတွင် ရှောင်ယွင်နှင့် ရှောင်ယိရှန်တို့မှာ အေးချမ်းစွာဖြင့် နေလာခဲ့ကြသည်။ တစ်ယောက်က ဒိုချီစွမ်းအင်ကို ကြိုးကြိုးစားစား လေ့ကျင့်နေသည့်အချိန်မှာ နောက်တစ်ယောက်က အဆိပ်စာအုပ်ကို စိတ်ဝင်တစား လေ့လာသည်။ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်လည်း မပေးကြဘဲ သာယာငြိမ်းချမ်းသော နေ့ရက်များက လွတ်လပ်ပြီး စိတ်ချမ်းသာဖို့ကောင်းလေ၏။ 

ဒိုချီအဆင့်ကို တက်လှမ်းနိုင်ဖို့ကိစ္စသည်  ရှောင်ယွင် တွေးထင်ထားသည်ထက် ပို၍ ခက်ခဲနေလေ၏။  ချိုင့်ဝှမ်းငယ်နေရာတွင် လေ့ကျင့်လာခဲ့သည်မှာ  လတစ်ဝက်နီးပါး ရောက်ရှိလာခဲ့သော်လည်း သူ့ကိုယ်ထဲက ဒိုချီစွမ်းအင်တို့သည်သာ များပြားလာပြီး အားကောင်းလာရုံသာ ရှိခဲ့သည်။ ဒိုရှိအဆင့်သို့ တက်လှမ်းချင်နေသည့် ခံစားချက်များက လုံးဝ မထွက်ပေါ်လာသေးချေ။ ထိုကိစ္စနှင့်ပတ်သတ်၍ ရွဲ့လော်က ကံကြမ္မာ၏ အလိုတိုင်းသာ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းဖို့သာ ပြောလေသည်။ 

လျှို့ဝှက်ပြီး အသိခက်သည့် ရွဲ့လော်စကားကြောင့် ရှောင်ယွင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ထိုနောက်ပိုင်းတွင် ရှောင်ယွင်သည် ဒိုချီစွမ်းအင်ကျင့်ကြံခြင်းကို တစ်ဖြည်းဖြည်း လျှော့ချလိုက်ပြီ ရံဖန်ရံခါ ဒိုသိုင်းပညာရပ်ကို လေ့ကျင့်ခြင်း၊ တစ်ခါတရံတွင် ရွဲ့လော်၏ သင်ကြားပြသမှုနှင့်အတူ ချိုင့်ဝှမ်းအတွင်းမှာ ရှိသည့် ထူးခြားသည့် ဆေးပင်အမျိုးမျိုးကို လေ့လာခွဲခြမ်းခြင်းတို့ကိုပါ လေ့လာခဲ့သည်။ 

ချိုင့်ဝှမ်းနေရာတွင် အင်မတန် တန်ဖိုးကြီး ရှားပါးသည့် ဆေးပင်အမျိုးမျိုးတို့၏ ပေါက်ရောက်နေခြင်းက ဆွဲဆောင်အားကောင်းလွန်းနေရာ ရှောင်ယွင်လည်း မှော်ဆေးပညာရပ်ကို ပြန်လေ့လာဖို့ စိတ်အားထက်သန်လာသည်။ ထို့နောက်မှာတော့ ရှောင်ယွင်သည် အချိန်တစ်ခု သက်သက်ခွဲလိုက်ပြီး မှော်ဆေးပညာရပ်ကို နေ့တိုင်းလေ့ကျင့်တော့သည်။ 

မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို မသိစေလို၍   မှော်ဆေးပညာရပ် လေ့ကျင့်ဖို့ နေရာကို  ချိုင့်ဝှမ်းနေရာတွင် မြေပြင်ကနေ ခြောက်၊ ခုနှစ်မီတာလောက် မြင့်သည့် ဂူတစ်လုံးအား  ရှာဖွေရွေးချယ်ထားလိုက်သည်။ နေ့တိုင်းတွင် နေပူပြင်းလာသည်နှင့် ဂူအတွင်းသို့ ခုန်ဝင်သွားလိုက်ပြီးနောက် စတင်လေ့ကျင့်အဆင့် ရှိသည့် ဆေးလုံးအမျိုးအစားများစွာကို တိတ်တဆိတ်ဖြင့် လေ့ကျင့်နေတော့သည်။ 

ထိုသို့ မှော်ဆေးဝါးဖော်စပ်သည့်အခါမှာလည်း ဆေးမီးအိုးအတွင်း လောင်ကျွမ်းစေသည့် အဝါရောင်မီးတောက်သည် အရင်တုန်းကထက် ပို၍ ပူပြင်းနေသည်ကို ရှောင်ယွင် အံ့သြစွာဖြင့် တွေ့ရှိခဲ့၏။ သေချာစွာ ထပ်လေ့လာကြည့်သည့်အခါမှာ ဆေးမီးအိုးအထဲက အဝါရောင်မီးတောက်မှာ ခရမ်းအရောင်ဖန့်ဖန့်လေးပါ ရောစွက်နေသည်ကို မြင်လိုက်ရ၏။

ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ခရမ်းရောင်မီးတောက်ကို ငေးကြောင်ကြည့်ရင်း ရှောင်ယွင်က ရန်ခုန်မြန်လာကာ  “  ဒါ.. ဒါက   နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့  ခရမ်းမီးတောက်မလား..!!  ”  ဟု အံ့အားတကြီးဖြင့် မေးလိုက်သည်။ 

“ ဘယ်လိုလုပ်.. ငါ့ကိုယ်ထဲ ဝင်နေရတာလဲ.. ”  ရှောင်ယွင်သည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်ကာ စဉ်းစားကြည့်သည်။ အတ်ကြာသည်အထိ မျက်မှောင်ကုတ် စဉ်းစားနေရင်းမှ    “  ဒါက နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေအဆီအနှစ်တွေကြောင့်လား.. ”   ဟူ၍ ရေရွတ်လိုက်သည်။ 

ထိုသို့ အဖြေကို ကောက်ချက်ချလိုက်ပြီးနောက် ရှောင်ယွင်သည် တစ်ဖြည်းဖြည်းနှင့် စိတ်က ပြန်တည်ငြိမ်လာခဲ့သည်။  နီလာခရမ်းအဆီအနှစ်သည် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်နှင့် အရင်းအမြစ်တစ်ခုတည်းက ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း နီလာခရမ်းအဆီအနှစ်တွင် နီလာခရမ်းတောင်ပံခြင်္သေ့၏ ခရမ်းရောင်မီးတောက်က ပါဝင်နေတယ်ဆိုတာ အထူးအဆန်း မဟုတ်တော့ချေ။ 

ရှောင်ယွင် ခန့်မှန်းချက်က အတော်ပင် မှန်ကန်မှု ရှိ၏။ မိခင်သားရဲ၏ ဝမ်းကြာတိုက်တွင် နှစ်ပေါင်းများစွာ သန္ဓေယူလာခဲ့သည့် အချိန်ကာလအတွင်း နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေနှင့် နီလာခရမ်းတောင်ခြင်္သေ့တို့ အတူတူ ရှိနေခဲ့ရာ အမြုတေသည် ၎င်းထံမှ ခရမ်းရောင်မီးတောက်အနည်းငယ်ကို စုပ်ယူလိုက်ခဲ့မှာ သဘာဝကျသည်။ တဖန် ရှောင်ယွင်သည်လည်း အသည်းအသန်လုပ်ဆောင်ရမည့် အခြေအနေမျိုးမှာ နီလာခရမ်းအဆီအနှစ်ကို မတော်တဆဖြင့် မျိုချခဲ့မိသည်။ ထို့ကြောင့်မို့ ရှောင်ယွင်က ဆေးမီးအိုးအား အပူပေးသည့်အချိန်မှာ သူ့၏ ဒိုချီမီးတောက်ထဲတွင် ခရမ်းရောင်မီးလျှံအနည်းငယ်က ရောစွက်ပါဝင်နေခြင်း ဖြစ်၏။

ခရမ်းရောင်မီးတောက်က အနည်းငယ်မျှသာ ပါဝင်နေသော်လည်း ရှောင်ယွင်၏ ပုံမှန် ဒိုချီမီးတောက်ထက် ပိုအစွမ်းထက်နေ၏။ ထို့ကြောင့် ခရမ်းရောင်မီးတောက် ရသွားခြင်းကလည်း ကံကောင်းမှုတစ်ခုဟုပင် ဆိုနိုင်လေသည်။ 

ထို့နောက် ရှောင်ယွင်သည် သူ့၏ စိတ်အာရုံသိမြင်စွမ်းကို ဆေးမီးအိုးအတွင်း ထိုးသွင်းလိုက်ကာ တစ်ဖြည်းဖြည်းဖြင့် ခရမ်းရောင်မီးတောက်ကို စုယူလိုက်ပြီး အဝါရောင်မီးတောက်များ ဝန်းရံထားရာကနေ ဖယ်ထုတ်လိုက်သည်။ 

ဆေးမီးအိုးအထဲတွင် တစ်သီးတခြားတည်းဖြစ်သွားပြီးနောက်  အလင်းတောက်ပနေသည့် ခရမ်းရောင်မီးတောက်ကို အဖန်ဖန် လေ့လာကြည့်ရင်း ရှောင်ယွင် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် စိတ်အာရုံသိမြင်အစွမ်း၏ အင်အားကို ထပ်တိုးလိုက်ကာ မီးတောက်အပူချိန်ကို ထိန်းညှိဖို့ လုပ်ဆောင်လိုက်သည်။ 

မီးတောက်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်နှင့် ခရမ်းရောင်မီးတောက်ငယ်က ခုခံရုန်းထွက်လိုသည့် စိတ်သဘာဝကို ထုတ်ဖော်ပြသလေ၏။ 

ထိန်းချုပ်လို့ မရလိုက်ခြင်းကြောင့် ရှောင်ယွင်မှာ အံ့အားသင့်သွားသည်။ သို့သော် မျက်မှောင်ကြုတ်ပြီး ခရမ်းရောင်မီးတောက်ကို အသေစိုက်ကြည့်ထားလိုက်သည်။ စိတ်အာရုံသိမြင်အစွမ်းကို ထပ်တိုးလိုက်ကာ ခရမ်းရောင်မီးတောက် ခုခံနိုင်စွမ်း၏  ဂိတ်ဆုံးအမှတ်ကို စမ်းသပ်ဖို့ ကြိုးစားလိုက်ပြန်သည်။ 

ခရမ်းရောင်မီးတောက်သည် အကြမ်းပတမ်းဆန်ကာ သန်မာလှသလို ခေါင်းလည်း မာလွန်းနေသော်လည်း ရှောင်ယွင်မှာ စိတ်မပူမိပေ။ ခရမ်းရောင်မီးတောက်သည် ဘယ်လိုပင် ငြင်းဆန်နေပေမဲ့ ၎င်းသည် သခင်မဲ့မီးတောက်ဖြစ်နေရာ တစ်ဖြည်းဖြည်းဖြင့် သိမ်းသွင်း၍ ရနိုင်မည်ဟု ရှောင်ယွင် ယုံကြည်၏။ 

ဆေးမီးအိုးအတွင်း ရှောင်ယွင်နှင့် ခရမ်းရောင်မီးတောက်တို့ အားစမ်းပွဲ ဖြစ်ပွားနေလေ၏။ နှစ်ဖက်စလုံးကလည်း ပထမအချီမှာပဲ အရှုံးမပေးလိုကြချေ။ 

မတိုးသာ မဆုတ်သာ အခြေအနေက ဆယ်မိနစ်အထိ ကြာမြင့်သွားသည်။ ရှောင်ယွင်လည်း မောပန်းလာလေကာ အရှုံးပေးတော့မည့်ဆဲဆဲတွင် သူ့၏ စိတ်အာရုံသိမြင်စွမ်းဖြင့် ဝိုင်းရံထားသည့် ခရမ်းရောင်မီးတောက်သည် ရုတ်တရက် တုန်ခါလာသည်။  ထို့နောက်တွင် မီးတောက်အတွင်း ရုတ်ချည်းဆိုသလို လှိုင်းရေကြီးသလို တိုးထွက်လာကာ အရာအားလုံးအား လျင်မြန်စွာ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်လာသည်။ 

 ခရမ်းရောင်မီးတောက်အား စိတ်အာရုံသိမြင်စွမ်းဖြင့် ထိန်းချုပ်နေသည့် ရှောင်ယွင်မှာ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ခါသွားသည်။ ထိုတုန်ခါမှုက စိတ်ဝိညာဉ်အတွင်း အနက်ရှိုင်းဆုံးနေရာမှ ထွက်ရှိလာခြင်းဖြစ်ကာ တစ်ကိုယ်လုံးထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားလေ၏။ ထိုအခိုက်အတန့်တွင် သူ့စိတ်ဝိညာဉ်က အဆင့်တိုးတက်သွားသလို ခံစားလိုက်ရပြီ တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များ အကုန်ပွင့်ထွက်သွားကုန်သည်။ ထိုခံစားချက်မှာ အလွန်ကို ထူးခြားကာ သက်တောင့်သက်သာ ရှိလှသည်။ 

ကောင်းမွန်သည့် ခံစားချက်ကြောင့် ရှောင်ယွင်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ခါသွားပြီးနောက် မျက်လုံးက ပိတ်ထားရာမှ တဖြည်းဖြည်း ဖွင့်လိုက်၏။  သူ့ မျက်ဝန်းနက်နက်တွင် ခရမ်းရောင်အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားကာ ပြန်လည်ပျောက်ကွယ်သွားသည်။ ရှောင်ယွင်လည်း ဆေမီးအိုးထံ အကြည့်ရွှေ့လိုက်၏။ စိတ်အာရုံသိမြင်စွမ်းကလည်း ဖရိုဖရဲဖြစ်သွားခဲ့ခြင်းကြောင့် ဆေးမီးအိုးအထဲက အဝါရောင်မီးတောက်လည်း ယခုတွင် အစအနပင် မရှိတော့ချေ။ သို့သော် ခရမ်းရောင်မီးတောက်ငယ်လေးတစ်ခုမှာတော့ ဆက်လက်ကျန်ရှိနေကာ တောက်ပစွာဖြင့် လင်းလက်နေလေ၏။

ခရမ်းရောင်မီးတောက်ကို စိုက်ကြည့်လိုက်ရင်း ရှောင်ယွင် လျင်မြန်စွာ အမိန့်ပေးစေခိုင်းလေရာ ၎င်းမီးတောက်သည် လျှပ်တပြက်အတွင်း ဆေးမီးအိုးပြောင်းဝကနေ ထွက်ရှိလာကာ လက်ဖဝါးကနေတစ်ဆင့် ရှောင်ယွင်ကိုယ်တွင်းသို့  ဝင်ရောက်သွားလေ၏။

ရှောင်ယွင်လည်း ဆေးမီးအိုးကို ဆုပ်ကိုင်ထားရာမှ လက်ဖဝါးကို ပြန်လွှတ်လိုက်ပြီးနောက် အသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ့ညာဘက်လက်ကိုလည်း တစ်ဖြည်းဖြည်းဖြင့် ကွေးထားလိုက်ပြီ လက်ခလယ်တစ်ချောင်းကို ညွန်ထုတ်လိုက်ကာ အသံတိုးတိုးဖြင့်   “ ထွက်လာစမ်း.. ”

ရှောင်ယွင် အသံထွက်လာသည်နှင့် လက်ခလယ်က စတင်တုန်ခါလာသည်။ ခဏအကြာတွင် ခရမ်းရောင်မီးတောက်ငယ်တစ်ခုက လက်ထိပ်ဖျားကနေ ပွင့်ထွက်လာကာ တောက်တောက်ပပဖြင့် လင်းလက်နေလေသည်။ 

တကယ့်မီးပဲ.. ဒါ တကယ့်မီးတောက်ပဲ..၊   ရှောင်ယွင်သည် အဆင့်၁ မှော်ဆေးပညာရှင်စွမ်းရည် ရှိသော်လည်း အဆင့်၎ မှော်ဆေးပညာရှင်အဆင့်လောက်မှ လုပ်နိုင်မည့် တကယ့်မီးအစစ်အမှန်ကို ဖန်တီးနိုင်ခဲ့ပြီး။ 

မှော်ဆေးပညာရှင် အဆင့်၎ ထက် နည်းသည့် မှော်ဆေးပညာရှင်တို့မှာ ကိုယ်တွင်းက မီးဓာတ် ဒိုချီစွမ်းအင်ကို ထုတ်ယူကာ တကယ့်မီးတောက်သို့ ပြောင်းလဲပစ်နိုင်ဖို့အတွက် ဆေးမီးအိုးကို အသုံးပြုရသည်။ အဆင့်၎နှင့်အထက်ကို ရောက်မှ ဆေးမီးအိုးကို အသုံးပြုစရာမလိုပဲ မီးတောက်ကို ချက်ချင်း ထုတ်သုံးနိုင်သည်။ 

မှော်ဆေးပညာရှင်အများစုသည် ထိုအဆင့်သို့ ရောက်သွားခဲ့သည့်အခါမှာ တိုက်ပွဲယှဉ်ပြိုင်စဉ်အတွင်း မီးတောက်ကို ဆင့်ခေါ်၍ တိုက်ခိုက်နိုင်ကြသည်။ ထို့အပြင် မှော်ဆေးပညာရှင်တို့၏ မွေးရာပါ ဓာတ်သဘာဝဖြစ်သည့် မီးဓာတ်နှင့်အတူ သစ်သားဓာတ်ကြောင့်လည်း အဆင့်တူသိုင်းပညာရှင်များနှင့် ယှဉ်သည့်အခါ သူတို့၏ မီးတောက်က ပို၍ စွမ်းအားကောင်းကာ ပို၍လည်း ပူပြင်းသည်။ 

ထို့ကြောင့်မို့ ပြင်ပအကူအညီမပါဘဲ မီးတောက်ကို ဆင့်ခေါ်နိုင်ခြင်းက အဆင့်၎ မှော်ဆေးပညာရှင် ဟုတ်သလား မဟုတ်သလားဆိုတာကို ခွဲခြားနိုင်သည့် အရေးကြီး အချက်တစ်ချက် ဖြစ်ခဲ့သည်။ 

သို့သော် ထိုအချက်မှာ ခြွင်းချက်တော့ ရှိသည်။ အပေါ်က ပြောသွားသည့် အချက်များသည် သာမန်အခြေအနေတွင် မှော်ဆေးပညာရှင်အဆင့်ကို ခွဲခြားခြင်း ဖြစ်သည်။ တကယ်၍ တစ်စုံတစ်ဦးက ကံကောင်း၍ ကောင်းကင်ဘုံမီးတောက်ကို ပိုင်ဆိုင်နိုင်ခဲ့လျှင် မှော်ဆေးပညာရှင် မဖြစ်သော်ငြားလည်း မီးတောက် ဆင့်ခေါ်နိုင်သည်။ တဖန် ဆင့်ခေါ်လိုက်သည့် မီးတောက်ကလည်း သာမန်မှော်ဆေးပညာရှင် ဆင့်ခေါ်သည့် မီးတောက်ထက် သာလွန်နေပြန်သည်။  အချုပ်ဆိုရလျှင် ကောင်းကင်ဘုံမီးတောက်သည်သာ အဖျက်စွမ်းအားအကောင်းဆုံး မီးတောက် ဖြစ်လေ၏

ထို့ကြောင့်လည်း ကောင်းကင်ဘုံမီးတောက်သည် မှော်ဆေးပညာရှင်တွေအတွက် အစားထိုးမရသည့် ကြောက်မက်ဖွယ် နတ်ဘုရားအသုံးအဆောင်သဖွယ် ဖြစ်နေတော့သည်။ ထို့ကြောင့်လည်း ကောင်းကင်ဘုံမီးတောက်၏ အဖျက်စွမ်းအားသည် မရေတွက်နိုင်သော မှော်ဆေးပညာရှင်တွေအတွက် လိုချက်တပ်မက်ဖွယ် တနည်း မီးပုံထဲ တိုးဝင်ကြသော ပိုးဖလံသဖွယ် ငမ်းငမ်းတက် လိုချင်တပ်မက်ပျက်စီးကြလေသည်။ 

လက်ချောင်းထိပ်တွင်ရှိ ခရမ်းရောင်မီးတောက်သွယ်သွယ်လေးကို ကြည့်ရင်း ကြက်သေသေနေသည့် ရှောင်ယွင်သည် လေအေးတစ်ချက် ရှုသွင်းလိုက်ကာ တုန်ခါနေသည့် အသံဖြင့်  “ ဆရာ..၊ မြန်မြန်လာကြည့်ပါဦး.. ”  

“ ဟမ်! ”  လက်စွပ်အတွင်းကနေ ရွဲ့လော်၏ သံသယအသံက ထွက်ပေါ်လာသည်။ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်စွပ်ကနေ လူပုံရိပ်တစ်ခုက ဖျတ်ခနဲ ထွက်ရှိလာကာ ရှောင်ယွင်အရှေ့တွင် မျောလွင့်နေရင်း ခရမ်းရောင်မီးတောက်ကို ငေးကြည့်လေ၏

“ ကောင်းကင်ဘုံမီးတောက်??.. မဟုတ်ဘူး.. ဒါက အားနည်းနေသေးတယ်..၊ အော်.. ဟုတ်တယ်..၊ ဒါက နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ ခရမ်းရောင်မီးတောက်ပဲ.. ”    ဇဝေဇဝါအကြည့်နှင့် အံ့သြခြင်းများ ရောယှက်လျက် ကြည့်နေရင်းမှ ရွဲ့လော်သည် ထူးဆန်းစွာ ပြောလေသည်။ 

“ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာတောင် နီလာခရမ်းတောင်ပံခြင်္သေ့ မူလမီးတောက်ကို ဖြစ်တည်စေနိုင်တယ်ဆိုတာ့ နီလာခရမ်းအဆီအနှစ်က ဒီလောက်အထိ အစွမ်းရှိတယ်ပေါ့.. ”  

“ ဒါကို ကောင်းကင်ဘုံမီးတောက်လို့ ပြောလို့ ရနိုင်လား.. ”     အချိန်မရွေး ငြိမ်းသေသွားနိုင်သည့် ခရမ်းရောင်မီးတောက်ကို စိတ်လှုပ်ရှားစွာ အာရုံနှစ်၍ ငေးကြည့်နေရင်း ရှောင်ယွင်သည် အလျင်စလိုဖြင့် မေးလိုက်သည်။ 

“ ဟမ်…မဟုတ်ပါဘူး.. ”   ပထမတစ်ချက်တော့ ကြောင်အမ်းသွားပေမဲ့ ရွဲ့လော်သည် ခေါင်းကို ခါယမ်းလိုက်ရင်း   “  ဒါက ထူးခြားဆန်းပြားတဲ့ မီးတောက်တစ်ခုဆိုပေမဲ့ ကောင်းကင်ဘုံမီးတောက်နဲပ ယှဉ်ရင်တော့ အများကြီး လိုနေပါသေးတယ်..၊ အင်း.. သားရဲမီးတောက်လို့ ခေါ်ရင် ပိုသင့်တော်လိမ့်မယ်.. ”

အသံမဲ့ ခေါင်းကို ခါယမ်းလိုက်ရင်း ရှောင်ယွင် ထပ်မေးလိုက်သည်။  “  ဒါက ကောင်းကင်ဘုံမီးတောက်ပဲ ဖြစ်ဖြစ် သားရဲမီးတောက်ပဲဖြစ်ဖြစ်.. မေ့ထားလိုက်ဦး..၊ မေးချင်တာက ဒီမီးတောက်က ကျနော် ဆေးမီးအိုးကို သုံးပြီး ဆင့်ခေါ်တဲ့ ဒိုချီမီးတောက်ထက် ပိုအစွမ်းထက်တယ်မလား.. ”  

“  ဒါပေါ့..၊ ငြင်းလို့ မရတဲ့ အချက်ပဲ.. ” 

“ ဒါဆို.. ကျနော်က ဒီမီးတောက်ရဲ့ သခင်ဖြစ်နေပြီးမလား..၊ ဒီမီးတောက်ကြောင့် ကျနော် မလောင်ကျွမ်းနိုင်ပါဘူးနော်.. ”   ရှောင်ယွင်က စေ့စပ်စွာဖြင့် ထပ်မေးလိုက်သည်။ 

“ ဒီမီးတောက်က အရမ်းငယ်တာ..၊ မင်းကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး.. ”

“ ဒါဆိုရင်.. ဒီမီးတောက်ကို ဝါးမျိုလိုက်မယ်ဆိုရင်တော့ ကျနော်ရဲ့ မီးတောက်မန္တရားကျင့်စဉ်က အဆင့်တက်သွားနိုင်မလား.. ”   အသက်ပြင်းတစ်ချက် ရှိုက်လိုက်ပြန်ကာ ရှောင်ယွင် အလျင်စလိုဖြင့် ထပ်မေးလိုက်၏။

“ အာ.. ”  အကျပ်ရိုက်သွားဟန်ဖြင့် ရွဲ့လော် မျက်မှောင်တွန့်သွားသည်။ အတန်ကြာအထိ တွေဝေနေရင်းနောက် မသေချာစွာဖြင့် ဖြေလိုက်သည်။   “  ရကောင်း ရနိုင်လိမ့်မယ်..ဒါပေမဲ့ အဆင့်တက်မယ်ဆိုရင်တောင် အများကြီး တက်လိမ့်မှာ မဟုတ်ဘူး..၊ နောက်ပြီး ခရမ်းရောင်မီးတောက်က ကောင်းကင်ဘုံမီးတောက်နဲ့ အဆင့်အများကြီးကွာတာ..၊ ပြီးတော့ ခရမ်းရောင်မီးတောက်က အရမ်းကို သေးလွန်းနေတယ်..၊ ဝါးမျိုးလိုက်မယ်ဆိုရင်လည်း အများကြီး ရမှာ မဟုတ်ဘူးလို့ ငါထင်တယ်.. ”

ရှောင်ယွင် ခေါင်းကို ခပ်လေးလေး ညိတ်ချလိုက်သည်။ အားမလို အားမရသည့် အမူအရာကလည်း သူ့မျက်နှာတွင် ထွက်ပေါ်နေ၏။ မီးတောက်မန္တရား ကျင့်စဉ်ည် အလွန်ကို ထူးခြားသည့် ကျင့်စဉ်ဖြစ်သော်လည်း စတင်ရမည့်အဆင့်ကလည်း အလွန်ကို ခက်ခဲလွန်းသည်။ ဒိုချီစွမ်းအင် သန့်စင်ယူခြင်းနှင့် သိုလှောင်ထားနိုင်သည့် စွမ်းရည်တို့က ရှောင်ယွင်အတွက် စိတ်ကျေနပ်မှု မရနေသေးချေ။ ထို့အပြင် ရှောင်ယွင် တတ်ကျွမ်းသည့် ဒိုသိုင်းပညာရပ်တို့မှာလည်း ရွှင်းအဆင့်ဖြစ်နေလေရာ ထိုသိုင်းပညာတို့ကို ထုတ်သုံးလိုက်တိုင်း စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးတို့ကို မြန်မြန်သောက်သုံးရသည်။ ထိုသို့ ဆေးလုံး မသောက်သုံးဘဲ ဟွာင်းအဆင့်သာ ရှိသည့် ချီကျင့်စဉ်၏ စွမ်းအင်ဖြည့်တင်းပေးနိုင်သည့် အမြန်နှုန်းကိုသာ မှီခိုနေပါက  ဒိုချီစွမ်းအင် မလောက်မငသည့် အဖြစ်မျိုးကို ခဏခဏ ကြုံနေရလိမ့်မည်။ 

တကယ်၍ မီးတောက်မန္တရားကျင့်စဉ်၏ အဆင့်သည် ရွှင်းအဆင့်သို့ တိုးတက်သွားနိုင်ခဲ့လျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ဆီကို သွားဖို့အတွက် ရှောင်ယိရှန်၏ အကူအညီကို လိုအပ်မှာ မဟုတ်ပေ။ သူတစ်ယောက်တည်းဖြင့် လူအယောက်တစ်ရာကျော်ကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်။ 

ထိုအရာသည် ရွှုင်းအဆင့် ချီကျင့်စဉ်နှင့် ဟွာင်းအဆင့်ချီကျင့်စဉ်တို့၏ ကြီးမားသော ကွာခြားချက် ဖြစ်လေသည်။ ထို့ကြောင့်ပဲ ရှောင်ယွင်သည် သူ့ရဲ့ ချီကျင့်စဉ်ကို မြန်မြန်အဆင့်တက်နိုင်ဖို့ အကြီးအကျယ် မျှော်လင့်နေခြင်းဖြစ်သည်။ ကောင်းကင်ဘုံမီးတောက်မှာလည်း ရှားပါးသည့်အပြင် ၎င်း၏ အဖျက်စွမ်းအားကြောင့်လည်း ရှောင်ယွင်အတွက် အောင်မြင်စွာ မဝါးမျိုစေနိုင်ပါဘူး။ 

ထို့ကြောင့်လည်း ခရမ်းရောင်မီးတောက် ထွက်ပေါ်လာခြင်းသည် ရှောင်ယွင်အတွက် သဲကန္တာရအတွင်းဝယ် ရေတွင်းတစ်တွင်း တွေ့ရှိခြင်းနှင့် တူနေသည်ဖြစ်ရာ သူအတွက် အလွန်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရသည်။ 

“ တကယ်လို့ ခရမ်းရောင်မီးတောက်ကို ဝါးမျိုပြီး မီးတောက်မန္တရားကျင့်စဉ်ကို အဆင့်တက်စေချင်ရင်တော့ နည်းလမ်းတစ်ခုတော့ ရှိတယ်.. ”   အချိန်အတန်ကြာအထိ ငြိမ်နေရင်းမှ ရွဲ့လော်က ရုတ်တရက် ပြောလိုက်လေ၏။

“ ဘာနည်းလမ်းလဲ.. ”  ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင်သည် ပြန်လည်တက်ကြွလာပြီး အလျင်စလိုဖြင့် မေးလိုက်သည်။ 

ထိုအခါ ရွဲ့လော်သည် ခရမ်းရောင်မီးတောက်ငယ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။ 

“  မီးတောက်သစ်စေ့ဖြစ်တဲ့အထိ သန့်စင်မယ်.. ၊ တစ်ဖြည်းဖြည်းနဲ့ ကြီးထွားစေမယ်..၊ သင့်တော်တဲ့ အဆင့်အထိ ရောက်ရင် မီးတောက်မန္တရားကျင့်စဉ်ကို သုံးပြီး ဝါးမျိုပြီးတော့ အဆင့်တက်ရမယ်.. ”

Chapter 149

အပိုင်း ( ၁၄၉ )  ချိုင့်ဝှမ်းငယ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

သုသာန်တစ်စပြင်အလား အလုံးစုံ ပြောင်းလဲသွားသည့် ခြံဝန်းကို ရှောင်ယိရှန် အံ့အားသင့်စွာဖြင့် ငေးကြောင်ကြည့်နေသည်။ ရွှင်းပေတံဓားကြီးအား ထမ်းထားသည့် လူငယ်လေးကို မြင်တဲ့အခါ သူမ၏ မျက်ဝန်းတွေက အရောင်တောက်ပသွားသည်။ ထို့နောက် သူမသည် အပြာရောင်သိမ်းငှက်ကြီး၏ အမွှေးတောင်ကို ညင်ညင်သာသာဖြင့် ပွတ်သပ်လိုက်ကာ ခြံဝန်းအတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ 

သူမသည် အပြာရောင်သိမ်းငှက်ကြီးအပေါ်မှ သွက်လက်စွာ ခုန်ဆင်းလိုက်ပြီး ရှောင်ယွင်အနားသို့ လျှောက်သွားလိုက်သည်။ မူရှိလွင့်စင်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးသည့်အသံဖြင့် မေးလိုက်၏

“ သူ အခြေအနေ ဘယ်လိုရှိမလဲ.. ”  

“ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ပေါ့.. ”    ရှောင်ယွင်လည်း သည်းသည်းထန်ထန်  ချောင်းဆိုးလိုက်ပြီးနောက် တစ်ချက် ပြုံးလိုက်ရင်း ပြောလိုက်၏။ ပါးစပ်ကို လက်ဖြင့် အုပ်ထားပေမဲ့ မကြာခင်မှာပဲ လက်ကြားထဲကနေ သွေးတွေ ယိုစီးကျလာသည်။ 

“ အဆင်ပြေရဲ့လား.. ”  ဖြူဖျော့လာသည့် ရှောင်ယွင်မျက်နှာကို ကြည့်ပြီး ရှောင်ယိရှန်က ကမန်းကတန်းဖြင့် နောက်ကျောကို ထုပုတ်ပေးကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ 

“ သိပ်တော့ မပြင်းထန်ပါဘူး..၊ အားတွေ အလွန်အကြူး သုံးလိုက်လို့ပါ.. ”    ရှောင်ယွင်က အရေးမကြီးသလိုဟန်ဖြင့် လက်ကို ကာပြလိုက်သည်။ ထို့နောက် နံရံထောင့်တွင် ဖုန်ထနေသည်ကို ကြည့်ပြီ သူ့လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ လေပြေတစ်ခုက တိုက်ခတ်လာပြီး ဖုန်မှုန့်တွေကို ရှင်းထုတ်လိုက်ကာ အပျက်အစီးပုံက မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့သည်။ 

အပျက်အစီးပုံအောက်တွင် မပီမပြင်ဖြင့် မသဲမကွဲရှိနေသော တွန့်လိမ်နေသည့် ခန္ဓာကိုယ်တစ်ခုကို ရှောင်ယွင် လှမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်သာသာလေး ချောင်းဆိုးလိုက်ပြီးနောက် ရွှင်းပေတံဓားကြီးကို တရွတ်တိုက် ဆွဲကိုင်ကာ အပျက်အစီးပုံထံသို့ လျှောက်သွားသည်။ ဒုန်းခနဲ ထွက်ပေါ်သွားသည့် အသံနှင့်အတူ ပေတံဓားကြီးသည် ကျောက်တုံးအပိုင်းတစ်တုံးကို ထိုးစိုက်လိုက်သည့်အခါ အခြေအနေဆိုးနေသည့် မူရှီ၏ ဖြူဖျော့ဖျော့ မျက်နှာက ထွက်ပေါ်လာသည်။ 

“ ခွေးကောင်စုတ်..၊ ငါ မင်းကို လျှော့တွက်လိုက်မိပြီး.. ”   အားနည်းလှသော ကြမ်းရှရှ စကားအသံက မုရှီ၏ လည်ချောင်းကနေ ထွက်ရှိလာသည်။ စကားပြောအသံက အားနည်းသော်လည်း မုန်းတီးခြင်းက နည်းနည်းလေးပင် အားနည်းမနေချေ။ 

ရှောင်ယွင်က ဒီအတိုင်းလေးသာ ပြုံးလိုက်ပြီ စကားတစ်ခွန်းမှ မပြောတော့ပေ။ သူ့မျက်ဝန်းကတော့ ပုံမှန်အတိုင်းသာ ရှိနေသည်။ မုရှီ၏ အခုလက်ရှိ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး နည်းနည်းလေးပင် သနားသည့်အသွင်လည်း မရှိနေချေ။ 

“ ဟေ့ကောင်..၊ နောင်တစ်ချိန် ငါ အခွင့်အရေး ရလာခဲ့ရင် မင်းကို  သေတာထက် ပိုဆိုးတာ ခံစားစေရမယ်ကွ.. ”

ရှောင်ယွင်၏ အသွင်က နည်းနည်းလေးပင် သနားညှာတာခြင်း မရှိတာကို သဘောပေါက်သွားလိုက်သည့် မုရှီသည် အသနားခံဖို့အတွက်လည်း မပြောနေတော့ချေ။ ထို့အစား သူ့စကားလုံးတို့တွင် သတ်ဖြတ်လိုသည့်ဆန္ဒတို့ဖြင့်သာ ထုံးမွှမ်းထားသည်။ 

“  ခင်ဗျားမှာ အဲလိုလုပ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး ထင်တယ်.. ”  

အေးဆေးစွာဖြင့် ရှောင်ယွင် ပြောလိုက်၏။ ထို့နောက် ခေါင်းကို ငုံ့၍ မူရှီ၏ ကိုယ်ပေါ်တွင် လိုက်လုံရှာဖွေကြည့်လိုက်သည်။ ခဏအကြာတွင် ဘာမှမတွေ့ရ၍ ရှောင်ယွင် ခေါင်းကုတ်လိုက်ရင်း မူရှီအား မေးခွန်း မေးလိုက်သည်။ 

“ ဘယ်မှာလဲ ခင်ဗျား ကျောက်သေတ္တာကနေ ရလာတဲ့ ရွှင်းအဆင့် ဒိုသိုင်းပညာကျမ်း ” 

“ ဟားဟား..၊ မင်း အဲဒီသိုင်းကို စိတ်ဝင်စားတယ်ပေါ့..၊ စိတ်မကောင်းလိုက်တာဟေ့..၊ ငါ သေသွားရင်တောင် မင်း ဘယ်တော့မှ ရမှာ မဟုတ်ဘူး.. ”    ခေါင်းကို ခက်ခက်ခဲခဲဖြင့် မော့ပြီး ပြောလိုက်သော မူရှီ၏ မျက်နှာတွင် အလွန်ကို ဝင့်ကြွားသည့်အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ ရှောင်ယွင် ရှာဖွေလိုက်သည်ကို ကြည့်ပြီ တစ်ဖက်လူနှင့် အပေးအယူလုပ်လို့ ရနိုင်မည်ဟု မူရှီ ထင်မြင်သွားခြင်း ဖြစ်သည်။ 

ရှောင်ယွင်က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီ ဖြည်းလေးစွာ မတ်တတ်ပြန်ရပ်လိုက်သည်။ ထို့နောက် စိတ်ပျက်ဟန်ဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်အကြောဖြေလိုက်ပြန်သည်။ အတန်ကြာအထိ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရှောင်ယွင် ပြုံးလိုက်သည်။  

“ ကဲ .. ဒီလိုမှဖြင့် ခင်ဗျား သေနိုင်ပါပြီး.. ”

ထိုစကားလုံးကို ပြောလိုက်ပြီးသည်နှင့် ရှောင်ယွင်၏ မျက်နှာ ရုတ်ချည်း အေးစက်လာခဲ့၏။ လက်ထဲက ရွှင်းပေတံဓားကြီးသည် အင်အားကောင်းစွာဖြင့် ဒေါသတကြီး လွှဲရမ်းလိုက်ကာ မူရှီ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။ 

စိတ်ပိုင်းဖြတ်ထားသည့် ရှောင်ယွင်ကို ကြည့်ပြီး မူရှီ၏ မျက်ဝန်းတွင် အံ့အားသွားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောယှက်ကာ ဖျတ်ခနဲ လက်သွားသည်။ ရွှင်းအဆင့် ဒိုသိုင်းပညာကျမ်းဖြင့် ဖြားယောင်းလိုက်သော်လည်း ရှောင်ယွင်က ငြင်းဆန်မည်ကို မူရှီ မထင်ထားမိခဲ့။

“ ငါ့ကို လွှတ်ပေးပါ..၊ ရွှင်းအဆင့်ဒိုသိုင်းပညာရပ်ကျမ်း ဖွက်ထားတဲ့ နေရာကို ပြောပြပေးမယ်..၊ ဒီအချိန်က စပြီး မင်းနဲ့ငါ ဘာအကြွေးမှ မကျန်တော့ဘူး..”    သေခြင်းတရားက အရိပ်မိုးထိုးလာသောအခါ မူရှီက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ 

“ မေ့ထားလိုက်တော့..၊ ရွှင်းအဆင့်ဒိုသိုင်းပညာနဲ့ စာရင် အဆိပ်ပြင်းမြွှေတစ်ကောင်လို သွေးအေးတိရစ္ဆာန်တစ်ကောင်ကို ပြန်သတိမရနေချင်ဘူး.. ”   ရှောင်ယွင် ခနဲ့အပြုံးလိုက်ရင်း မူရှီ၏ ရင်ဘက်ကို ရွှင်းပေတံဓားကြီးဖြင့် နောက်တွန့်ခြင်းမရှိဘဲ ရိုက်ချလိုက်တော့သည်။ 

“ ဘန်းး ”

ခပ်အုပ်အုပ်အသံထွက်လာပြီးနောက် မူရှီ၏ မျက်လုံးများ ပြူးကျယ်ထွက်လာကာ တစ်ကိုယ်လုံးကလည်း မြေအောက်သို့ ကျွံဆင်းသွားသည်။ အတွင်းဒဏ်ရာများကြောင့် ပါးစပ်ကနေ သွေးများ တစ်ပွက်ပွက်ဖြင့် အန်ထွက်လာသည်။ 

 ကွဲကြေနေသည့် အုတ်ခဲအကျိုးအပိုင်းတို့၏ အောက်တွင် တစ်ဖြည်းဖြည်း တောင့်တင်းသွားသည့် အလောင်းကို ကြည်ပြီး ရှောင်ယွင် သူ့မျက်လုံးတွေကို အသာ ပိတ်ချလိုက်သည်။ အသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် အနောက်လှည့်ကာ ရှောင်ယိရှန်ဆီသို့ လျှောက်လိုက်သည်။ 

“ သွားစို့..၊ မူရှီ သေသွားပြီး..၊ အပင်လဲတဲ့အခါ မျောက်လွှဲကျော်တွေ ထွက်ပြေးပါလိမ့်မယ်..၊ ခေါင်းဆောင်မရှိရင် ဝံပုလွေခေါင်းကြေးစားအဖွဲ့လည်း အလိုလို ပျက်စီးသွားလိမ့်မယ်.. ”    ရှောင်ယွင်က တိုးသက်သာစွာ ပြောလိုက်ပြီးနောက် ရှောင်ယိရှန် ဘေးနားတွင် ရပ်လိုက်သည်။ ရှောင်ယွင်ပုံပန်းက အနည်းငယ် မောဟိုက်နေပုံ ရသည်။ 

“ ဟုတ်တယ်..”

နူးညံ့ချိုသာသည့်အသံက တုန့်ပြန်လာခဲ့၏။  ရှောင်ယိရှန်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။   မူရှီ သေဆုံးသွားပြီးနောက်တွင် ကျန်ရှိနေသည့် ကြေးစားစစ်သည်တို့မှာ ဆက်လိုက်တိုက်ခိုက်လိုခြင်း မရှိတော့ချေ။ ရှောင်ယွင်က လိုက်သတ်မည်ကိုစိုး၍ အားလုံးသည် သွေးဆုတ်နေသည့်မျက်နှာဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကြကုန်သည်။ 

ထိုအဖြစ်ကို ကြည့်ပြီ ရှောင်ယိရှန် သက်ပြင်း အသာအယာ ချလိုက်သည်။  သုံးယောက်စလုံး၏ အမုန်းတရားများ ပျောက်ကွယ်သွားလေပြီး။ စိုစွတ်နီထွေးသော နှုတ်ခမ်းဖူးကို လျှာသပ်လိုက်ပြီးနောက် သူမက ညင်သာစွာ ပြောလိုက်၏။

“ ထွက်သွားဖို့ အချိန်သင့်ပြီး.. ”

နှစ်ယောက်စလုံး အနောက်လှည့်သွားလိုက်သည်။ အပြာရောင်သိမ်းငှက်ကြီးပေါ်သို့ ရှောင်ယွင်တက်နိုင်ရန် သူမ ကူညီပေးလိုက်သည်။ ရှောင်ယွင် တက်ပြီးမှ သူမလည်း လိုက်တက်လိုက်ပြီးနောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။  သိမ်းငှက်ကြီးကလည်း အော်မြည်သံတစ်ချက် ပေးလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ခတ်ပျံတက်သွားလိုက်၏။

အပြာရောင်သိမ်းငှက်သည် ကောင်းကင်ယံတွင် တစ်ပတ် လှည့်လည်ပျံသန်းပြီးကာမှ တောင်ပံကို လျင်မြန်စွာခတ်၍ ပျံသန်းသွားလိုက်သည်။ မကြာခင်..၊ အပြာရောင်ကောင်းကင်တွင် ၎င်းတို့ ပျောက်ကွယ်သွားလေသည်။ 

 ****

ရှောင်ယွင်နှင့် ရှောင်ယိရှန်တို့ ထွက်သွားပြီး မကြာချေ..၊ မူရှီ သေဆုံးသွားသည့် သတင်းကား ကျွင်းရှန်တစ်မြို့လုံး ပျံ့နှံ့သွားလေ၏။ ထိုသတင်းနှင့်ကြားသူတိုင်း အကြီးအကျယ် ထိတ်လန့်ကြသည်။ မှော်သားရဲကောင်တောင်တန်းအတွင်းအထိ လိုက်လံဖမ်းဆီးခံရသည် လူငယ်လေးသည် မူရှီအား သတ်လိုက်သူဖြစ်ကြောင်း သိလိုက်ရသည့်အခါမှာတော့ သူတို့အားလုံး ထိတ်လန့်ရာကနေ ကြောက်လန့်လာကြသည်။ 

 ထိုလူငယ်သည် အသက်နှစ်ဆယ်လောက်ပဲ ရှိသေးသည့်အပြင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ခေါင်းဆောင် သုံးယောက်စလုံးကို တကယ်ပင် သတ်နိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ထူးခြားလှသည့် အမှန်တရားသည် လူအများစုအား အရှက်ရစေခဲ့သည်။ 

ထို့အတူ မူရှီ သေဆုံးသွားသည့်သတင်းသည် ဝံပုလွေခေါင်းကြေးစားအဖွဲ့ ပြိုကွဲသွားကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် အတူတူပင် ဖြစ်လေ၏။ မူရှီ၏ ခေါင်းဆောင်မှု မရှိသည်နှင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့သည်  အရင်တုန်းက ကျွင်းရှန်မြို့တွင် ထောင်လွှားမော်ကြွားခဲ့သမျှ တစ်ဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။ ထိုအရာအားလုံးသည် လူငယ်တစ်ယောက်ကြောင့်ဟု ဆိုလည်း မမှားပေ။

တကယ်တမ်းဆိုလျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ ကျဆုံးမှုသည် ရှောင်ယွင်အတွက် ဘာမှ မဟုတ်ချေ။ ကျွင်းရှန်မြို့သည် သူ့အတွက် ပထမဆုံး ခြေလှမ်အစသာ ဖြစ်သည်။ ပြင်းထန်လှသည့် လေ့ကျင့်ခန်းများ ပြီးဆုံးသွားသည့်အခါမှာတော့ အနာဂတ်မှာ ဤမှော်သားရဲကောင်တောင်တန်းအနားက ကျွင်းရှန်မြို့လေးကို သူ အမှတ်ရကောင်း မှတ်မိနေပါလိမ့်မည်။ ဤနေရာတွင် ပထမဆုံးအကြိမ်အဖြစ် သူ့အသက်ကို အလိုရှိသည့် လူအုပ်ကြီးတစ်အုပ်၏ လိုက်လံဖမ်းဆီးခြင်းကို တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ 

****

ကျွင်းရှန်မြို့ကနေ ထွက်ခွာလာပြီးနောက် မှော်သားရဲတောင်တန်းကြီးကို ဖြတ်ကျော်သွားဖို့ ရှောင်ယွင် စိတ်မကူးသေးချေ။ ထို့အစား ရှောင်ယိရှန် ဦးဆောင်မှုဖြင့် စွမ်းအင်များ အလွန်သိပ်သည်းလျက် ရှိနေသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ 

ထိုနေရာသည် ရှောင်ယွင်နှင့် အစိမ်းသက်သက် ဖြစ်နေသည့် နေရာတစ်ခု မဟုတ်နေချေ။ ရှောင်ယိရှန်တို့ ဆေးပင်ဆေးမြစ် လာရောက်တူးဖော်ခဲ့ကြဖူးသည့် ၊ မှော်သားရဲကောင်တောင်တန်းအပြင်ဘက်အဝိုင်းနေရာက ဆေးဖက်ဝင်အပင်များ စုစည်းပေါက်ရောက်နေသည့် ချိုင့်ဝှမ်းနေရာပင် ဖြစ်လေ၏ သို့သော် ယခုတစ်ခေါက်မှာတော့ ရှောင်ယိရှန်၏ ဦးဆောင်မှုဖြင့် ထိုနေရာကို ဖြတ်ကျော်ကာ တောင်တန်းအတွင်းပိုင်းနေရာအထိ ဝင်သွားကြသည်။ 

တောင်တန်းအတွင်းပိုင်းတစ်နေရာမှာ ရှိသည့် ချိုင့်ဝှမ်းငယ်တစ်ခုတွင် သက်ဆင်းလိုက်သည့်အခါ ရှောင်ယွင်သည် ထိုနေရာတွင် သိပ်သည်းစွာ ရှိနေသည့် စွမ်းအင်ကြောင့် အလွန်ပျော်မြူးသွားသည်။ ချက်ချင်းဆိုသလို သူ့စိတ်ဝိညာဉ်သည်လည်း တိုးတက်လာသည်။ 

ရှောင်ယွင် ပျော်မြူးနေသည်ကို မြင်လျှင် ရှောင်ယိရှန်သည် အလွန်ကျေနပ်သွားကာ ဂုဏ်ယူဝင့်ကြွားသည့် အသံဖြင့် 

" ဘယ်လိုထင်လဲ.. ၊ ဒီနေရာက အရမ်းကောင်းတယ်မလား..၊ အပြင်ဘက်ကမ္ဘာနဲ့လည်း သီးခြားစီ ရှိနေတယ်..၊ အပေါ်မှာလည်း မြူတွေနဲ့ ဖုံးကွယ်ထားပေးတယ်..၊ တကယ်လို့ ရှောင်လန်ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ဒီလိုထူးဆန်းတဲ့ နေရာမျိုးကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူးရှင် "   ဟု ရယ်မောရင်းဖြင့်  ပြောလိုက်သည်။ 

" ဒီနေရာက တကယ်ကို ကောင်းတာပဲ "

ရှောင်ယွင်က ခေါင်းညိတ်ရင်း ဆက်လက် ချီးမွှမ်းနေပါတော့သည်။ မြူကဲ့သို့ ခပ်ပါးပါးရှိနေသည့် စွမ်းအင်ထုနှင့် အံ့အားသင့်ဖွယ် အမျိုးအမည်စုံလင်လှသော ဆေးပင်ဆေးဝါးများက ချိုင့်ဝှမ်းအတွင်း ပေါက်ရောက်နေကြသည်။ ဝေ့ခနဲ ဝေ့ခနဲ ပျံ့လွင့်လာသော အမွှေးရနှံ့များ မြူထုထဲတွင် ပေါင်းစပ်နေလျက်.. ရှုမိသူတိုင်းအား  အင်အားပြည့်ဝစေနိုင်စွမ်း ရှိလေ၏။ 

" ငါတို့ ဒီနေရာမှာ ယာယီစခန်းချ နေလို့ရမလား.. ၊ အရောင်ခုနှစ်ထွေအဆိပ်စာအုပ်ထဲမှာပါတဲ့ ဆေးအညွန်းအရ ဆေးအမယ်တွေကို ဒီမှာ ရှာလို့ရတယ် "    ရှောင်ယိရှန်က သူ့ကို ကြည့်လိုက်သည်။ ဒီအကြောင်းအရာကို ဆွေးနွေးလိုသည့် သဘောက သူမလေသံတွင် ပေါ်လွင်နေသည်။ 

" ကိစ္စ မရှိပါဘူး " 

ရှောင်ယိရှန် အကြံပြုလာသည့်စကားကို ရှောင်ယွင် ခပ်သွက်သွက်ပဲ သဘောတူလိုက်သည်။ ဒီလို ကောင်းမွန်သည့် နေရာတစ်ခုကို သူ့အနေဖြင့် လွယ်လွယ်ကူကူ ရောက်လာနိုင်သည့် နေရာတစ်ခု မဟုတ်တာလည်း ပါသည်။ ဒီနေရာမှာပဲ ဒိုရှိအဆင့်ကို တက်လှမ်းနိုင်ဖို့ ရှောင်ယွင် မျှော်လင့်လိုက်မိသည်။ 

ချိုင့်ဝှမ်းငယ်သည် အပြင်လောကနှင့် သီးခြားစီ ရှိနေသော်လည်း အပြာရောင်သိမ်းငှက်ကြီးနှင့် အပြင်ထွက်နိုင်သည်မို့ ရှောင်ယွင် အရမ်းစိတ်မပူလိုက်ချေ။ ရွဲ့လော်အပြင် ခရမ်းတိမ်တောင်ပံလည်း ရှိနေ၍ အန္တရာယ်ကြုံကြိုက်ခဲ့ရင် သူ ပျံသန်းထွက်နိုင်သေးတာကြောင့်လည်း ဖြစ်သည်။

ရှောင်ယွင် သဘောတူလိုက်သောကြောင့် ရှောင်ယိရှန်လည်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အပြာရောင် သိမ်းငှက်ဘက်ကို လှည့်ကာ ဝါးပုလွေဖြင့် မှုတ်သံပြုလိုက်ပြီးနောက် လွတ်လပ်စွာ ပျံသန်းခွင့်ပြုလိုက်သည်။ ထို့နောက် သူမသည် ရှောင်ယွင်အား ချိုင့်ဝှမ်းအထဲက ထောင့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာသို့ ရောက်လျှင် ကောက်ရိုးအိမ်တစ်လုံးကို သေးသွယ်သော လက်ညိုးဖြင့် ညွန်ပြလိုက်ကာ ပြောလိုက်သည်။ 

" ဒါက ကျွန်မဆောက်ထားတာ.. ဒီမှာနေတဲ့ အချိန်အတွင်း ဒီမှာ နေထိုင်လို့ရတာပေါ့ "

ရှောင်ယွင်လည်း ကောက်ရိုးတဲလေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ခေါင်းကို စောင်းငဲ့ကြည့်လိုက်တဲ့အခါမှာ ရှောင်ယိရှန်၏ ချောမွတ်သော မျက်နှာလေးကို တွေ့လိုက်ရသည့်အခါမှာ ရှောင်ယွင်က နောက်တီးနောက်တောက်ဖြင့် စနောက်လိုက်သည်။ 

" ကောက်ရိုးမြက်ခြောက်တွေနဲ့ ဆောက်ထားတယ်ဆိုပေမဲ့  အခုလို အချောအလှလေးနဲ့ အတူတူနေရမှတော့ နေ့ရက်တိုင်းက ပျော်စရာအတိပါပဲလေ " 

သူ့စကားကြောင့် ရှောင်ယိရှန်ဧ မျက်နှာက နီရဲသွားလေသည်။ ရှောင်ယွင်ကိုလည်း စိတ်ပျက်ဟန်ဖြင့် ချစ်စဖွယ်ကောင်းလောက်အောင် မျက်စောင်းထိုးလိုက်ပြီး လက်သီးဆုပ်ပြလိုက်သည်။ ပြီးခါမှ အသံကို နှိမ့်ပြီး သတိပေးသည့် လေသံဖြင့် "  ရယ်စရာတွေ ပြောရဲတယ်ပေါ့လေ.. ငါ့ကို အားနည်းတယ်လို့ ထင်နေတာလား  " 

"  အာ...  ဘာမှန်းတောင် မသိလိုက်တဲ့ အဆိပ်တွေ မိကုန်မှာ မလိုချင်ပါဘူးဗျာ  "   ရှောင်ယွင်က လက်ကာပြရင်း ပြုံးရယ်လျက် ဆိုလိုက်သည်။ 

" ဟွန့်  " ရှောင်ယိရှန်၏ လှပလွန်းသော နှာတံလေးက ရှုံ့ခနဲ ဖြစ်သွားလေ၏။ ထို့နောက် ရှောင်ယွင်အား လက်ညိုးညွန်ပြလိုက်ရင်း 

"  ကျွန်မ ဆေးပင်တွေ သွားရှာတော့မယ်..၊ ရှင်လည်း ဒီနားတဝိုက် လိုက်ကြည့်ထားလို့ ရတယ်နော် "   

ထိုစကားကို ပြောလိုက်ပြီးနောက် သူမသည် အနောက်လှည့်လိုက်ကာ အဝေးမှာရှိနေသည့်ဆေးပင်တို့ကို ခူးဖို့အတွက် ဦးတည်သွားလိုက်သည်။ 

ရှောင်ယိရှန် တစ်ဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ပြီ ရှောင်ယွင်လည်း အနောက်လှည့်ထွက်လာခဲ့လိုက်သည်။  ရှောင်ယွင်က ပြုံးရင်း  လေသံတိုးတိုးဖြင့်   “ ဆရာ.. ဆရာ..၊ ဒီနေရာက ဘာမှ ပြဿနာမရှိလောက်ပါဘူးနော်… ”

“ ဒီနေရာက ပထဝီမြေအနေအထားရ အရမ်းကို ထူးဆန်းတဲ့ နေရာတစ်ခုပဲ..၊ အပြင်လောကနဲ့ မတူဘဲ ဒီနေရာမှာ တန်ဖိုးရှိတဲ့ ဆေးပင်တွေက ပြွတ်သိပ်လောက်အောင် ပေါက်နေတယ်..၊ နောက်ပြီး ဒီမှာ ရှိနေတဲ့ စွမ်းအင်တွေကလည်း အရမ်းကို သန့်စင်လွန်းနေတယ်..၊ မင်းရဲ့ လေ့ကျင့်ခြင်းတွေအတွက်တော့ အကောင်းဆုံးဖြစ်နေတယ်.. ”  

ရွဲ့လော်၏ အသံက လက်စွပ်ကနေ ထွက်လာသည်။ 

“  ဒီမှာ တစ်လ နှစ်လ လောက် လေ့ကျင့်လိုက်လို့ရှိရင် ဒိုရှိအဆင့်ကို ရောက်သွားနိုင်တယ်လို့ ငါထင်တယ်  ”

“ ဒိုရှိ.. ”

ရှောင်ယွင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကောင်းကင်ယံမှာ ရစ်ဖွဲ့နေသည့် မြုပါးပါးလေးကို မော့ကြည့်ရင်း ရေရွတ်ပြောလိုက်သည်။ 

“ အချိန်ကို ရေတွက်ကြည့်မယ်ဆိုရင် ကျနော်တို့ ထွက်လာတာ တစ်နှစ်ကျော်ခဲ့ပြီး..၊ သုံးနှစ်သဘောတူညီချက် မရောက်ခင် နောက်ထပ် တစ်နှစ်ခွဲလောက်ပဲ အချိန်ကျန်တော့တယ်.. ” 

“ အော်.. ဒါဆိုလည်း မြန်မြန် ကြိုးစားလေကွာ..၊ မှော်သားရဲကောင်တောင်တန်းမှာ လေ့ကျင့်ခြင်းက ဆုံးခန်းတိုင်တော့မယ်ကွ..၊ နောက်တစ်နေရာက ဒက်ကာကန္တာရပဲ ..၊ ဟားဟား.. အဲဒီနေရာမှာ လေ့ကျင့်ရတာက မှော်သားရဲကောင်တောင်တန်းမှာ လေ့ကျင့်တာထက်  ပိုပြီး အန္တရာယ်များ.. ပိုပြီး ခက်ခဲတယ်ကွ.. ”

ရယ်မောရင်း ပြောလိုက်သည့် ရွဲ့လော်ရယ်သံထဲတွင် ပီတိတစ်ဖွားဖွား ဖြစ်နေသလား ထင်ရသည်။ 

ရှောင်ယွင်လည်း ခေါင်းချရင်း ပြောလိုက်သည်။   “ ခက်ခဲတဲ့အရာတွေကိုတောင် တောင့်ခံကျော်လွန်နိုင်ခဲ့တာပဲဗျာ.. ”

“ ဟီဟီ..၊ အေးအေးဆေးဆေး လေ့ကျင့်လို့ ရပါတယ်..၊ ဒက်ကာကန္တာရက အန္တရာယ်များတယ်ဆိုတာကလည်း ဒိုချီကုန်းမြေဒေသကြီးရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ မြွေမိန်းမတွေ ရှိနေလို့ကွ..၊ မင်းလည်း ကံကောင်းရင် မြွေမိန်းမတစ်ယောက်လောက်ကို အစေခံမအနေနဲ့ ရရင် ရသွားမှာပေါ့.. ဟား..ဟား.. ”

ရှောင်ယွင်လည်း စိတ်ပျက်သွားလေသည်။ ထို့အပြင် ရွဲ့လော်သည် လူကြီးတစ်ဦးဖြစ်နေပါသော်လည်း ဂုဏ်သိက္ခာနှင့်  လျော်ညီအောင် မနေတတ်ခြင်းကြောင့် ရှောင်ယွင် စိတ်အတော်ကုန်သွားသည်။ ထို့နောက် ရှောင်ယွင်လည်း  လျှိုမြောင်၏ ပတ်ဝန်းကျင်အနေအထားကို လေ့လာကြည့်လိုက်သည်။ဒီနေရာမှာပဲ ဒိုရှိအဆင့်ရောက်တဲ့အထိ နေထိုင်ပြီး တိတ်ဆိတ်စွာနဲ့ လေ့ကျင့်နေရပါဦးမည်မဟုတ်လား။

---

Chapter 148

အပိုင်း ( ၁၄၈ ) - ဒိုရှီအဆင့် ကြယ်၂ပွင့်သမားကို သတ်ဖြတ်ခြင်း 
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
*************************

မထိတရိအပြုံးဖြင့် အေးဆေးစွာ ရပ်နေသည့် ရှောင်ယွင်ကို မျက်မှောင်ကြုတ် ကြည့်နေရင်း မူရှီသည် ဖြည်းလေးစွာဖြင့် သူ့လှံအား ပင့်မြှောက်လိုက်၏။ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ၏ လှုံ့ဆောင်ခြင်းကြောင့် တစ်ကိုယ်လုံးမှာ ရှိသမျှ ဒိုချီစွမ်းအင်တို့ကား မြန်ဆန်သော အလျင်နှုန်းဖြင့် အရှိန်တင်ကာ လှည့်ပတ်လာသည်။ သူ့ခန္ဓာကိုယ်အပြင်ပိုင်းမှာလည်း အစိမ်းဖျော့အရောင် ဒိုချီစွမ်းအင်တစ်ခုက တစ်ဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်ကနေ ထွက်ရှိလာပြီးလျှင် အစိမ်းရောင်ဝတ်ရုံအသွင် ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံးအား ဖုံးလွှမ်းထားချေ၏။

ဒိုချီစွမ်းအင်အား စွမ်းအင်ဝတ်ရုံအသွင် ဖန်တီးကာ ခန္ဓာကိုယ်အား အကာအကွယ်သဘော ပြုနိုင်ခြင်းသည် ဒိုရှီအဆင့်သမားတစ်ယောက်၏ အမှတ်လက္ခဏာပင် ဖြစ်သည်။ ထိုစွမ်းအင်ဝတ်ရုံသည် ပိုင်ရှင်ဖြစ်သူအား ခုခံကာကွယ်နိုင်စွမ်း၊ တိုက်ခိုက်ခြင်းနှင့် လျင်မြန်မှုတို့ကို မြင့်တက်စေရုံသာမက တိုက်ပွဲရင်ဆိုင်စဉ် ကုန်ဆုံးသွားသည့် စွမ်းအင်များအတွက် ဘေးပတ်ဝန်းကျင်ကနေ စွမ်းအင် ပြန်လည်စုပ်ယူသည့် အမြန်နှုန်းကိုလည်း တိုးတက်စေပါသေးသည်။ ထို့ကြောင့်မို့ ဒိုရှီအဆင့်သမားတိုင်း တိုက်ပွဲမဝင်ခင် အရင်ဆုံးပြုလုပ်ကြသည်က စွမ်းအင်ဝတ်ရုံကို အရင်ခေါ်ယူလိုက်ခြင်း ဖြစ်၏။

ရှောင်ယွင်၏ လက်ရှိအင်အားနှင့်ဆိုလျှင် သူ့၏ ဒိုချီစွမ်းအင်ဝတ်ရုံကို ထုတ်သုံးလိုက်မယ်ဆိုလျှင်လည်း တစ်ကိုယ်လုံးအား ပြည့်ပြည့်ဝဝ ဖုံးလွှမ်းထားစေနိုင်မှာ မဟုတ်ချေ။ ထို့အပြင် ဝတ်ရုံမှ ရရှိလာမည့် ခုခံခြင်းနှင့် လျင်မြန်သွက်လက်ခြင်းတို့မှာလည်း ပြောပလောက်မှာ မဟုတ်ချေ။ ထို့အပြင် ဒိုကျဲအဆင့်နှင့် ဒိုရှီအဆင့် နှစ်ခုတို့မှာ သီးခြား ရှိနေသည်ဟု ဆိုရနိုင်သည်။ ကွာဟမှုမှာလည်း အလွန်ကို ကြီးမားသည်။ ထို့ကြောင့် ရှောင်ယွင်က မုရှီလို ဒိုချီဝတ်ရုံ ထုတ်သုံးချင်ခဲ့လျှင် ဒိုရှီအဆင့်ကို သူ ရောက်ရှိနေဖို့ အရင်လုပ်ရမှာ ဖြစ်၏။

မူရှီက ဒိုချီဝတ်ရုံအား ဆင့်ခေါ်လိုက်သည်ကို ကြည်ပြီး ရှောင်ယွင် အသက်ပြင်း အသာပင့်ရှိုက်လိုက်၏ လေးနက်သော အမူအရာများလည်း မျက်နှာတွင် ပေါ်လွင်လာသည်။ ရှောင်ယွင်၏ စကားလုံးများက မည်မျှပင် ပြောင်မြောက်နေသော်လည်း သူ့ရန်သူမှာ ဒိုရှိအဆင့် အစစ်အမှန်တစ်ယောက် ဖြစ်နေသည်မဟုတ်လား..။ 

ရှောင်ယွင်သည် ကြီးမားလေးလံရွှင်းပေတံအား တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ စိတ်ကို စူးစိုက်ထားလိုက်သည့်အခါတွင် မရေတွက်နိုင်သော ဒိုချီစွမ်းအင်အမျှင်တန်းများက ဒိုချီဝဲကတော့မှ စီးဆင်းထွက်ရှိလာကာ တစ်ကိုယ်လုံးသို့ အလုံးအရင်းဖြင့် စီးဖြန့်သွားသည်။ တဖြည်းဖြည်းဖြင့် လုံလောက်သော စွမ်းအင်များ ပေးဆောင်ကာ ရှောင်ယွင်အား တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်စေ၏။

မူရှီသည် သူ့လှံအား ဖြည်းညှင်းစွာ ဆုပ်ကိုင်ထားရင်း တစ်ကိုယ်လုံးရှိ ဒိုချီစွမ်းအင်များ အလုံးအရင်းနှင့် မြင့်တက်လာတာကို စောင့်ရင်း ရုတ်တရက် ညာသံဟစ်လိုက်၏. ခြေထောက်က မြေကြီးကို အားနှင့် ဆောင့်ကန်ကာ ခန္ဓာကိုယ်အား အရှေ့သို့ ပြေးထွက်စေ၏။ လက်ထဲက လှံသည်လည်း အနည်းငယ် တုန်ခါသွားကာ နှင်းပွင့်ဖြူ ပုံရိပ်ယောင်များ တစ်ချက် နှစ်ချက် ပေါ်ထွက်လာ၏။

လှံဖျားမှာ နှင်းများကဲ့သို့ ပြောင်းလဲသွားသည်။ သိမ်မွေ့လှသော အရာတစ်ခု.. သို့သော် ရှောင်ယွင်၏ လည်ပင်းထက်သို့ ပြေးဝင်လာနေ၏။။ မကြာသေးခင်က မုလီ၏ ဓားချက်ကို တွေ့ထားပြီးမို့ ရှောင်ယွင်မှာ ကိုယ်ကြပ်အင်္ကျီဝတ်ဆင်ထားမှန်း မူရှီ အကြမ်းဖျင်း သဘောပေါက်ထားပြီး ဖြစ်၏။။ ထို့ကြောင့် သူ့တိုက်ခိုက်မှုက ရှောင်ယွင် ခေါင်းပိုင်းကိုသာ အဓိကထား တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

မူရှီက တရကြမ်းတိုက်ခိုက်လာ၍ ရှောင်ယွင် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏.။ ကြီးမားလေးလံ ရွှင်းပေတံ၏ မျက်နှာပြင်ကျယ်ကြီးကို အသုံးချ၍ လှံချက်များကို ခုခံကာကွယ်လိုက်၏။ 

“ ကလန်းးး.. ကလန်းးး ”

နှစ်ယောက်စလုံး ရွေ့လျားတိုက်ခိုက်လိုက်သည့်အခါ မီးပွားစများ ပွင့်ထွက်လာသလို ပီသကြည်လင်သော သတ္တုရိုက်ခတ်သံများကလည်း ပေတံဓားကြီးနှင့် လှံဆီကနေ အတူတူ ထွက်ရှိလာလေ၏။

သာမန်တိုက်ကွက်များဖြင့် ရှောင်ယွင်အား အစမ်းတိုက်ခိုက်လိုက်ပြီးနောက်တွင် ရှောင်ယွင်သည် ဒိုကျဲအဆင့် ကြယ်၉ပွင့်သမားမှန်း မူရှီ အတည်ပြုလိုက်၏။

ရန်သူ၏ အင်အားအမှန်ကို သိသွားသည်နှင့် မူရှီ၏ နှုတ်ခမ်းထောင့်မှာ အေးစက်စွာ တွန့်ကွေးသွား၏။ ရှောင်ယွင်သည် ဒိုရှီအဆင့်သမား မဟုတ်နေ၍ သူအနေဖြင့် ကြောက်နေစရာ မလိုတော့ချေ။ 

ထက်ရှသော မြည်သံနှင့်အတူ နွဲ့နှောင်းသော လှံသည် လေထု၏ ခုခံမှုအား ကျော်ဖြတ်၍ လျှပ်စီးလက်သည့်နှက် တိုးဝင်လာခဲ့၏။ တစ်ချိန်တည်းလိုလိုမှာပဲ ပေတံဓားကြီးမှာလည်း အလျားလိုက်အနေအထားဖြင့် ကန့်လန့်ဖြတ် ခုတ်လွှဲလာကာ လှံအား နောက်တစ်ကြိမ် တားဆီးလိုက်ပြန်၏။ သို့သော် လှံသည် ပေတံဓားကြီးအား ထိရိုက်သွားခဲ့သော်လည်း လှံရိုးမှာ တုန်ခါသွားကာ လှံထိပ်ဖျားမှာလည်း ကွေးညွတ်သွားပြီးလျှင် ပေတံဓားကြီးခုခံမှုအား ကျော်ဖြတ်သွားသည်။ ပေတံဓားကြီးအား ကျော်ဖြတ်သွားသည်နှင့် မူရှီ၏ မျက်ဝန်းက ကျဉ်းမြောင်းသွားကာ အေးစက်စက် ဖြစ်သွား၏။ သူ့လက်ဝါးက ရုတ်တရက် အရှေ့ထုတ်ပြီး လှံအား ဖနှောင့်ကနေ ရိုက်ထုတ်လိုက်၏။ လှံသည်လည်း ရှောင်ယွင်၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဝင်လေ၏။

“ ဘန်း.. ” လှံဖျားက တွ့န်လိမ်လှည့်စားလျက် သူ့ဆီ ဝင်လာသည်ကို ကြည့်ပြီး ရှောင်ယွင် အနောက်သို့ ကမန်းကတန်း ဆုတ်လိုက်၏ ခြေလှမ်းက မြေပြင်ပေါ် နင်းလိုက်သည်နှင့် ပေါက်ကွဲသံကျယ်တစ်ခုနှင့်အတူ ခန္ဓာကိုယ်က ချက်ချင်း အနောက်ဆုတ်သွား၏။

“ လေကိုဆန်တက်သတ်ဖြတ်ခြင်း.. ”

ရှောင်ယွင်၏ အလျင်နှုန်းက ရုတ်ချည်း ထိုးတက်သွားကို ကြည့်ပြီ မူုရှီလည်း အော်ဟစ်လိုက်၏။။ ခြေထိပ်ဖျားနှင့် မြေကြီးအား ညင်သာစွာ နင်းလိုက်သည့်အခါ တစ်ကိုယ်လုံးမှာ ရှိသည့် ဒိုချီစွမ်းအင်များ ရုန်းတက်လာသည်။ သူ့ခန္ဓာကိုယ်သည် လေမုန်တိုင်းအလယ် လွင့်ပြေးနေသော သစ်ရွက်သဖွယ် အလွန်ကို အားကောင်းသော အမြန်နှုန်းဖြင့် ရှောင်ယွင်ဆီသို့ ပြေးလွှားလေ၏။ တစ်ချိန်တည်းမှာပဲ လက်ထဲက လှံချောင်းမှာလည်း ပုံရိပ်ယောင်များ စတင်ဖြစ်ပေါ်လာ၏။

မူရှီက အလျှော့မပေးဘဲ လိုက်လာသည်ကို ကြည့်ပြီ ရှောင်ယွင် မျက်မှောင်တွန့်သွားသည်။ မျက်လုံးထောင့်ဖြင့် အနောက်သို့ စွေကြည့်လိုက်သည့်အခါတွင် နံရံထောင့်ဆီသို့ နီးကပ်နေသည်ကို မြင်လိုက်သည်။ အတွေးတစ်ခုက ရုတ်ချည်း ပေါ်လာသည်နှင့် ရှောင်ယွင်မှာ ကိုယ်အား အရှေ့သို့ အနည်းငယ် ညွတ်ထားလျက် ခြေထောက်ကလည်း အနည်းငယ် ကွေးထားလိုက်သည်။ အဝါဖျော့ဖျော့ဒိုချီစွမ်းအင်များက စုစည်းလာပြီးလျှင် ခြေထောက်သည် နံရံသို့ ထိလုထိခင်သို့ နီးကပ်သွားသည်နှင့် ရှောင်ယွင်သည် ခြေထောက်ကို အနည်းငယ် ကွေးပြီး နံရံအား ထပ်ကန်လိုက်သည်။ ပေါက်ကွဲသံတစ်ခုကလည်း ချက်ချင်း ထွက်ရှိလာ၏။ ထွက်ရှိလာသော အင်အားကြောင့် ရှောင်ယွင် အရှေ့သို့ ပြန်လည် တွန်းထုတ်ခြင်း ခံလိုက်ရသည်။ 

လေထဲမှာ.. ရှောင်ယွင်သည် လက်ထဲတွင် ပေတံဓားကြီးအား ကိုင်စွဲထားလျက် စက်ဝိုင်းပြတ်သဏ္ဍာန် လွှဲလိုက်ကာ ခြေလှမ်းပေါက်ကွဲခြင်းမှ ပြန်လည်းတွန်းပို့လိုက်သော အရှိန်အားဖြင့် မူရှီဆီသို့ အားပါးတရ ရိုက်ချလိုက်သည်။ 

“ ဆူးချွန်နှင့် ထိုးစိုက်ခြင်း.. !! ”

အပေါ်စီးကနေ တိုက်ရိုက်ကျလာသည့် အရိပ်နက်ကြီးထံမှ ဖိအားကြောင့် မူရှိမှာ မျက်မှောင်တွန့်သွား၏။ လက်ထဲက လှံအား အပြင်းအထန် လှည့်ပစ်လိုက်ပြီးနောက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် အစိမ်းရောင် လေဆင်နှာမောင်းက သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွား၏။ ထိုကဲ့သို့ လေဆင်နှာမောင်းမှာ တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်က လေထုသည် စုတ်ဖြဲလိုက်ဘိသကဲ့သို့ ဖြစ်သွား၏။ လှံမှာ အခိုက်အတန့်လေး တုံ့ဆိုင်းနေသယောင် ရှိသော်လည်း ထက်ရှသော အော်သံများဖြင့် လေထုကို ထိုးခွဲလာလေကာ အပေါ်စီးကနေ အရှိန်ဖြင့် ရိုက်ချလာသည့် အနက်ရောင် ပေတံဓားကြီးအား ပြန်လည်ခုခံတားမြစ်လိုက်၏။ 

" ကလန်းးးး " သံထည်အချင်းချင်း ရိုက်ခတ်ရာမှ ထွက်ရှိလာသော ပဲ့တင်သံကား ခြံဝင်းတစ်ခုလုံးသို့ အချိန်အတန်ကြာအထိ ဆက်လက် ပျံ့နှံ့နေတော့သည်။ 

ဒိုကျဲအဆင့်နှင့် ဒိုရျှီအဆင့်သမားနှစ်ယောက်တို့၏ ကွာဟချက်မှာ အလွန်ကြီးမားသည်ဟု ဆိုရနိုင်သည်။ ဒိုရှီအဆင့် ကြယ်၂ပွင့်သမားတစ်ယောက်အနေဖြင့် မူရှိ၏ ခွန်အားမှာ ရှောင်ယွင် လိုက်တုပ၍ ရနိုင်သည့် အရာတစ်ခုမဟုတ်ချေ။

မူရှိသည် သု့ ဒိုသိုင်းပညာဖြင့် ခုခံလိုက်သည့်အခါတွင် ပေတံဓားကြီးအား ကြည်လင်သော ရိုက်ခတ်အသံနှင့်အတူ ရှောင်ယွင်လက်ထဲမှ လွတ်ကျစေသည့်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ 

အနက်ရောင်ပေတံကား မိုးပေါ်သို့ လွင့်စင်သွား၏။ လက်ထဲကနေ လက်နက်လွတ်ထွက်သွား၍ ရှောင်ယွင် မျက်နှာပျက်သွားကာ ပြန်လည်ဖမ်းယူဖို့ ကိုယ်ကို လှုပ်ရှားလိုက်၏။ သို့သော် မူရှိက အေးစက်စက်ဖြင့် နှာခေါင်းမှုတ်လိုက်ပြီး မြေပြင်ကနေ ခုန်တက်လိုက်၏။ လေဓာတ်ဒိုချီစွမ်းအင်တွေကြောင့် မုရှိ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးနေ၍ တမုဟုတ်ချင်း ပေတံဓားကြီးအောက် ရောက်ရှိသွားကာ လက်ကို ဆန့်၍ ပေတံဓားကြီးအား ဆုပ်ကိုင်လိုက်၏။ 

ပေတံဓားကြီးအား ဖမ်းမိလိုက်သည်နှင့် မုရှိ၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ ပေတံဓားကြီး၏ လေးလံလှသော အလေးချိန်ကြောင့် မုရှိကို မြေကြီးဆီသို့ ဆွဲချသွားရုံမက ၎င်း၏ အစွမ်းဖြစ်သော ဒိုချီစွမ်းအင် ဖိနှိပ်စေသည့် အစွမ်းကြောင့် မုရှိ၏ ကိုယ်ထဲက လှည့်ပတ်နေသည့် ဒိုချီစွမ်းအင်များကိုပါ နှေးကွေးသွားစေသည်။ 

ထိုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူး၍ မုရှိမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်ပင် လေးကန်သွား၏။ မုရှိသည် သူ့ကိုယ်ထဲရှိ ဒိုချီစွမ်းအင်တို့အား ခပ်မြန်မြန် လှည့်စေလိုက်သည်။ သူသည် ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုနှင့် အသားမကျသေးချေ။ 

" ဘာလဲဟ... ဘယ်ထူးဆန်းတဲ့ လက်နက်လဲဟ "

ထိုအတွေး ဖြစ်လာသည်နှင့် မုရှိသည် အားလူးပူပူတစ်လုံးအား ကိုင်ထားရသလို ခံစားလာရကာ ပေတံဓားကြီးအား ကိုင်ထားရာမှ လွှတ်ပစ်ဖို့ ကြံလိုက်၏။ သို့သော် ရှောင်ယွင်က ဘေးနားတွင် ရုတ်ချည်းပေါ်လာကာ သူ့၏ အေးစက်စက်ရယ်သံလေးကြောင့် မုရှီသည် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ 

" အရင်ပြေးပြီး လုတယ်ပေါ့လေ.. ဘယ်လိုလဲ ပျော်ရဲ့လား "

" ရှစ်ဆ ပြင်းထန် "

တစ်ဆက်တည်းမှာပဲ ရှောင်ယွင် စိတ်ထဲတွင် အေးစက်စွာဖြင့် အော်ဟစ်လိုက်ခြင်းနှင့်အတူ ကြောက်စရာကောင်းလွန်းသည့် အင်အားတစ်ရပ်က ရှောင်ယွင် လက်သီးတွင် စုစည်းလာသည်။ ရှောင်ယွင်သည် လက်သီးကို ဆုပ်ထားပြီးနောက်  လေးကန်နှေးကွေးနေသော မုရှိ၏ နောက်ကျောဆီသို့ အညှာတာမဲ့စွာဖြင့် ထိုးချလိုက်ရာ လေကိုထိုးခွဲလာသော အသံများ ထွက်ပေါ်လာသည်။

သူ့နောက်ကျောဆီကနေ တိုးဝင်လာသည့် အင်အားကြောင့် မုရှိ၏ မျက်နှာက ပြောင်းလဲသွား၏။ လက်ထဲက ပေတံဓားကြီးအား ကမန်းကတန်း လွှတ်ချကာ ခန္ဓာကိုယ်ထဲက ဒိုချီစွမ်းအင်တို့အား အမြန် လှည့်ပတ်လိုက်သည်။ ထိုအခါမှာ ခန္ဓာကိုယ်တွင် လွှမ်းခြုံထားသည့် ဒိုချီဝတ်ရုံမှာ ပြန်လည်ထူထဲသွားသည်။ 

ထိုအချိန်တိုလေးသည် မုရှိအတွက် ထိုအရာများကို လုပ်ဆောင်ဖို့ လုံလောက်ပေသည်။ ဒိုချီဝတ်ရုံအား ပြန်လည်ဖြည့်တင်းလိုက်ပြီးအချိန်တွင် ရှောင်ယွင်၏ လက်သီးက သူ့နောက်ကျောဆီကို အရှိန်ပြင်းစွာ ကျရောက်ခဲ့လေ၏။

“ ဘန်းး ”   

ခန္ဓာကိုယ်အပေါ် သက်ရောက်သွားသည့် ခပ်အုပ်အုပ်အသံက ခြံဝင်းအတွင်း ဟိန်းထွက်လာသည်။ အသံက မကျယ်လောင်လှ..၊ ခပ်နက်နက် သာ ဖြစ်သည်။ သို့သော် ထိုအသံတွင် အားအင်အစစ်အမှန် ပါဝင်သည်။ 

နောက်ကျောမှ တိုးဝင်လာသော ထိုအင်အားကြောင့် မုရှိမျက်နှာက ချက်ချင်း ဖြူဖျော့သွားကာ ခန္ဓာကိုယ်သည်လည်း အရှေ့သို့ တွန်းထုတ်ခံရသည်။ ကံကောင်းထောက်မ၍ မုရှီမှာ မြေကြီးပေါ် ကျတော့မည်ဆဲဆဲတွင် လက်ဖြင့် မြေကြီးကို ထောက်တွန်းလိုက်ပြီးနောက် လေထဲတွင် ကိုယ်ကို လှည့်လိမ်ကာ ခပ်ဝေးဝေးက မြေကြီးပေါ် ဆင်းလိုက်၏။  သို့သော် ယိုင်တိယိုင်တိုင်ဖြင့် ဟန်ချက်ထိန်းလိုက်ရ၏။

ခန္ဓာကိုယ်ကို ဟန်ချက်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အနောက်လှည့်၍ ပြန်လည်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည့်အချိန်တွင် မုရှီ၏ မျက်နှာသည် နောက်တစ်ကြိမ် ပြောင်းလဲသွားလေ၏။  သူ့ဒိုချီစွမ်းအင်အား ထိန်းချုပ်ကာ နောက်ကျောဆီသို့ အမြန်ပို့လိုက်ကာ ထိုနေရာတွင် ပုန်းကွယ်စွာ ရောက်ရှိနေသည့် ရှောင်ယွင်၏ လျှို့ဝှက်အားကို ပတ်လည်ဝိုင်းခိုင်းလိုက်သည်။ 

ဒိုချီစွမ်းအင်တွေသည် လျှို့ဝှက်အားကို ပတ်လည်ဝိုင်းထားပြီးသည့်အချိန်တွင် အဝေးမှာ ရပ်နေသည့် ရှောင်ယွင်က ခပ်ဖွဖွ အော်လိုက်၏။  

“ ပေါက်ကွဲစမ်း.. ”

“  ဘန်းးး ”

တိုးတိတ်ပြီး မကျယ်လောင်သည့် အသံတစ်ခုက နောက်တစ်ခါ ထွက်ရှိလာပြန်၏။  မုရှိ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ယိမ်းယိုင်သွားကာ လည်ချောင်းကနေ နာကျင်စွာ အော်ဟစ်မြည်တမ်းသွားလေသည်။ နှုတ်ခမ်းထောင့်တွင် သွေးစမျာ ထွက်နေသည်ကို သိသာစွာ မြင်ရသည်။ 

“ စိတ်မကောင်းစရာပဲ.. ”

မုရှိ၏ ဒဏ်ရာက သိပ်မပြင်းထန်သည်ကို ကြည့်ပြီ ရှောင်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းကို ယမ်းလိုက်သည်။ မုရှီမှာ တကယ့်ကို ဒိုရှီတစ်ယောက် ဖြစ်၏။ သူသည် ရှစ်ဆပြင်းထန် သိုင်းကွက်၏ လျှို့ဝှက်အားကို မြန်ဆန်စွာ ရှာတွေ့ရှိခဲ့၏။ တကယ်၍ အနည်းငယ်သာ နောက်ကျမှ ရှာတွေ့ခဲ့ပါလျှင် တိုက်ပွဲက ပြီးဆုံးနေလောက်ပြီး..။

သို့သော်လည်း မထင်မှတ်စွာဖြင့် ထိုလူ၏ တုံ့ပြန်သွားမှုက ရှောင်ယွင်ခန့်မှန်းထားသည်ထက် ပိုမြန်ဆန်နေသည်။ အချိန်တိုအတွင်း သူ့၏ ဒိုချီစွမ်းအင်ကို စုစည်းယူပြီးလျှင် ရှစ်ဆပြင်းထန်သိုင်းကွက်၏ လျှိ့ဝှက်အားကို ပတ်လည်ဝိုင်းထားနိုင်ခဲ့သည်။ ထိုသို့ကြောင့် လျှို့ဝှက်အား ပေါက်ကွဲထားသည့် အင်အားမှာ အတော်လေး အားပျော့သွားရခြင်း ဖြစ်သည်။ 

ရှောင်ယွင်သည် အရှေ့သို့ ခြေလှမ်းတက်ပြီးနောက် မြေကြီးထဲတွင် စိုက်ဝင်နေသည့် ပေတံဓားကြီးအား ဆွဲနှုတ်ယူလိုက်သည်။ ပေတံဓားအား ဆတ်ခနဲ တောက်လိုက်သည့်တွင် ဓားသည် သိုလှောင်လက်စွပ်အထဲ ဝင်ရောက်သွားလေ၏။ မုရှိ၏ ကြောက်လန့်နေသော အမူအရာကို မြင်သည့်အခါ ရှောင်ယွင်သည် ပြုံးလိုက်မိလေ၏။ မုရှိ အခု ခံစားနေရသည့် ဒဏ်ရာမှာ တစ်ချိန်တုန်းက သူလုပ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ တနည်းဆိုရသော် မိမိစိုက်ပျိုးခဲ့သည်ကိုသာ မိမိ ပြန်လည် ရိတ်သိမ်းရခြင်း ဖြစ်သည်။

“  ကောင်းတယ်.. ကောင်းတယ်… ငါ မင်းကို လုံးဝ လျှော့တွက်ခဲ့တာပဲ.. ”

နှုတ်ခမ်းထောင့်က သွေးအား သုတ်လိုက်ပြီးနောက် မုရှိ၏ မျက်နှာက အန္တရာယ်များလာသည့်အမူအရာ ဖြစ်ပေါ်လာ၏။ မဖြစ်လာလို့လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာအတွင်း ဒိုကျဲအဆင့်တစ်ယောက်ကြောင့် သူ ဤမျှအထိ အရှက်မကွဲဖူးချေ။  ထို့ကြောင့် မုရှိသည် အံကြိတ်၍ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ 

ရှောင်ယွင်မှာ အေးဆေးစွာ ပြုံးလိုက်ပြီ မုရှိအား အရေးမစိုက်ဘဲ နေလိုက်၏။ လျှာကို တစ်ချက်လှုပ်လိုက်ပြီးနောက် ပါးစောင်အတွင်း ငုံထားသည့် စွမ်းအင်အားဖြည့်ဆေးလုံးကို မျိုချလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်အတွင်း ကုန်ခမ်းသွားသည် ဒိုချီစွမ်းအင်တို့ တစ်ဖြည်းဖြည်း ပြန်လည်းများပြားလာသည်။ 

“ ရှောင်ယွင်.. ၊ မင်း ဒီလောက် လျှိုနေစရာမလိုပါဘူး..၊ မင်းမှာ အဆင့်မြင့်ဒိုသိုင်းပညာတစ်ချို့ရှိနေတာကို ငါသိပါတယ်.. ”

လှံသည် မြေကြီးတွင် ရုတ်တရက် စူးနစ်ဝင်သွားပြီးနောက် မုရှိက အေးစက်စက်ဖြင့် ရယ်မောလိုက်၏။ ကိုယ်ပေါ်က ဒိုချီဝတ်ရုံတို့မှာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကာ ထို့အစား လှံထိပ်ဖျားတွင်သာ အစိမ်းရောင်ဒိုချီအလွှာများ စတင်ဖုံးလွှမ်းလာခဲ့၏။

“  ဒါပေမဲ့.. ငါ့မှာတော့ မရှိဘူးလို့ မင်းထင်နေလား.. ”

မုရှိသည် လှံကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်ကာ ကောက်ကျစ်စွာဖြင့် ထပ်မံ ရယ်မောလိုက်လေ၏။ 

“ မင်းနဲ့ ရှောင်ယိရှန်ကို ကျေးဇူးတင်တယ်ဟေ့.. ၊ ဂူထဲကနေ ရလာတဲ့ တတိယမြောက် ကျောက်သေတ္တာကနေ အဆင့်မြင့်သိုင်းကျမ်းလိပ်တစ်လိပ် ပါလာတယ်..၊ ငါနဲ့ ကွက်တိပဲ.. ၊ ဒီနေ့.. မင်းကို ဒီမှာပဲ အသေသတ်ပေးမယ်..”

မုရှိ၏ ကောက်ကျစ်လှသော ရယ်သံကြောင့် ရှောင်ယွင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ မုရှိမှာ ကျောက်သေတ္တာအား ရိုက်ချိုး၍ ဖွင့်လိုက်လိမ့်မည်ဟု ရှောင်ယွင် မထင်မှတ်ထားခဲ့ပေ။

မုရှိလက်ထဲက လှံထိပ်ဖျားတွင် စုစည်းသိပ်သည်းနေသော အစိမ်းရောင်ဒိုချီစွမ်းအင်အား ကြည့်ရှုလိုက်သည့်အခါ ရှောင်ယွင်သည် အဆင့်မြင့်ဒိုသိုင်းပညာရပ်တွင် ကောင်းစွာ လေ့ကျက်ထားသူတစ်ယောက် ဖြစ်သည့်အလျောက် မုရှိ၏ သိုင်းသည် ရွှင်းအဆင့် ဒိုသိုင်းပညာတစ်ရပ်ဖြစ်မှန်း သိလိုက်၏။

" ဟူးး "

ရှောင်ယွင် ခေါင်းခါယမ်းလိုက်ပြီး အသက်ပြင်းချလိုက်၏။ လက်ချောင်းပေါ်က လက်စွပ်လေးကို အသာအယာ ထိကပ်လိုက်သည့်တွင် ကြီးမားလေးလံသည့် ပေတံဓားကြီးက နောက်တစ်ခါ ထွက်ပေါ်လာ၏။ ဤအခြေအနေအထိ ဆိုက်ရောက်နေမှ၍ သူ့အနေဖြင့် အနောက်ဆုတ်စရာ အကြောင်းမရှိတော့ချေ။

မုရှိသည် ရှောင်ယွင်အား အေးစက်စွာ စိုက်ကြည့်နေဆဲမှာပဲ လက်ထဲက လှံ၏ ထိပ်ဖျားတွင် အစိမ်းရောင်ဒိုချီစွမ်းအင်များ တစ်ဖြည်းဖြည်း သိပ်သည်းလာသည်။ နောက်ဆုံးတွင် ခြင်္သေ့ခေါင်းသဏ္ဍာန်ပုံရိပ်သည် တဟူးဟူးအုံကြွနေသည့် ဒိုချီစွမ်းအင်ထဲတွင် ခပ်ရေးရေး ပေါ်ထွက်လာလေ၏။ 

လှံထိပ်ဖျားတွင် စုစည်းပုံဖော်လာသည့် ခြင်္သေ့ခေါင်းပုံရိပ်ကို မြင်သည့်အခါ မုရှိမှာ ပျော်ရွှင်သွားဟန် ရှိသွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက တွန့်ကွေးသွားသည်။ မုရှိသည် လေဆန်ခြေလှမ်းသိုင်းအား အသုံးပြုလိုက်ဘိသကဲ့သို့  လက်ထဲက လှံမှာလည်း ထူးဆန်းစွာဖြင့် တစ်ဆတ်ဆတ် လှုပ်ခါလာ၏။

" ကောင်လေး.. ၊ ဒိုရှီအဆင့်သမားတစ်ယောက်က အသုံးပြုလိုက်တဲ့ အဆင့်မြင့် ရွှင်းသိုင်းတစ်ခုဟာ မင်းလို ဒိုကျဲအဆင့်ပဲ ရှိနေတဲ့သူမျိုး သုံးလိုက်တဲ့ ဒိုသိုင်းတစ်ခုနဲ့ ဘယ်လောက် အဆင့် ကွာခြားနေသလဲဆိုတာ ဒီနေ့ မင်းကို ငါ ပြသပေးမယ် " 

ထို့နောက် မုရှိသည် ခေါင်းမော့ကာ " ခြင်္သေ့ရိုင်းရဲ့ ဟိန်းအော်သံ "  ဟု အော်ဟစ်လိုက်ပြီး ရှောင်ယွင်ဆီသို့ ခုန်ဝင်လာခဲ့၏။ 

ထိုအော်သံနှင့်အတူ  လျင်မြန်စွာ လှုပ်ရှားနေသည့် ခြင်္သေ့ခေါင်းသဏ္ဍာန် စွမ်းအင်အစုသည် လှံထိပ်ဖျားတွင် လှည့်ပတ်လျက်..။ ထို့အပြင် ထိုခြင်္သေ့အော်ဟိန်းလိုက်သည့်အသံသည်လည်း ထိုနေရာငယ်အတွင်း ပဲ့တင်ဟိန်းထွက်သွားခြင်းကြောင့် ကောင်းကင်ထက်တွင်ရှိ ရှောင်ယိရှန်မှာလည်း မျက်နှာ ဖြူဖျော့သွားသည်။ 

လှံထိပ်တွင် အားကောင်းလှသည့် ခြင်္သေ့ခေါင်းသဏ္ဍာန် ဖြစ်နေသော ဒိုချီစွမ်းအင်ကို ပင့်ကြည့်လိုက်မိသော ရှောင်ယွင်မှာ မျက်နှာက စိုးရိမ်သွားသည့်နှယ် ဖြစ်လာ၏။ တစ်ဆက်တည်းမှာပဲ အသက်ကို ဖြည်းဖြည်းရှု၍ တစ်ကိုယ်လုံးတွင် ဒိုချီစွမ်းအင်ကို မြင့်တင်ထားလိုက်၏။ ထိုအခါ လက်ထဲရှိ ပေတံဓားကြီးတွင် တောက်ပသော အလင်းများ ရုတ်တရက် ထွက်ရှိလာ၏။ ထို့အတူ ပူပြင်းလာသော အပူရှိန်ကြောင့် လေထုမှာ လှိုင်းတွန့်သဖွယ် လှုပ်ခတ်လာသည်။ 

" မီးလျှံခွဲဆူနာမီ "

လူငယ်လေး၏ မတိုးမကျယ်သော အော်သံနှင့်အတူ ပတ်ဝန်းကျင်လေထု၏ အပူချိန်သည် ရုတ်တရက် ထိုးတက်လာသည်။ ပေတံဓာကြီးမှ ထွက်ရှိနေသည့် အလင်းများသည်လည်း ပိုတောက်ပလာသလို ကိုယ်ထည်ပေါ်ရှိ ထူးဆန်းသော လိုင်းမျဉ်းတွေမှာလည်း ထူးခြားစွာဖြင့် ပန်းချီကားတစ်ချပ်၏ အနားသတ်လိုင်းများအသွင် ထင်ထင်ရှားရှား လင်းတောက်လာ၏။

ဒိအဆင့် ဒိုသိုင်းပညာကို ထုတ်သုံးရာတွင် အရင်တစ်ခေါက်ကလို ခွန်အားပြတ်လပ်ခြင်း မဖြစ်တော့ပေ။ သူ့၏ လက်ရှိအင်အားနှင့် ဒိအဆင့် ဒိုသိုင်းပညာကို အသုံးပြုရာ၌ အပြည့်အဝ ထုတ်မသုံးနိုင်သေးသော်လည်း မုရှိကို သတ်ဖို့က လုံလောက်၏။

အနီရောင်အလင်းများ လေထုထဲ ကွဲထွက်လာနေစဉ် အနက်ရောင်ပေတံဓားကြီးသည် ရုတ်တရက်ဆိုသလို ဒေါသတကြီးဖြင့် ဒေါင်လိုက် ခုတ်ပိုင်းလိုက်လေ၏။ နီရဲထွန်းလင်းနေသော အလင်းများက ပေတံဓားကြီး၏ ထိပ်ဖျားတွင် စုစည်းလာသည်။ ပေတံဓားကြီးသည် မြေကြီးပေါ် ကျရောက်သွားလေရာ ၎င်း မြေပြင်သည် ငလျင်လှုပ်ဘိသကဲ့သို့ တုန်ခါမှု ဖြစ်သွားလေကာ နက်ရှိုင်းသော အက်ကြောင်းရာတစ်ခုက ရှောင်ယွင် ခြေထောင်အနားကနေ ကွဲအက်ထွက်သွားပြီးနောက် သူ့ဆီသို့ ပြေးဝင်လာနေသည့် မုရှီထံ ဦးတည်ကွဲအက်သွားလေသည်။ 

နှိုင်းဆမရသည့် ပြင်းအား..၊ လေထုကိုပင်အပူလှိုင်းရိုက်စေခြင်းတို့ကြောင့် မုရှိသည် နက်နက်ရှိုင်းရှိုင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။ ဒါမျိုး တွေ့ရလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။ နှစ်လဆိုသော အချိန်ခဏလေး၌  ထိုလူငယ် ထုတ်သုံးခဲ့ဖူးသည့် သိုင်းပညာရပ်ကား အဆင့်အသစ်တစ်ခုသို့ တိုးတက်သွားချေပြီး။ 

မုရှိ အံကို ကြိတ်ထားလိုက်သည်။ သူ့မှာ အနောက်ဆုတ်၍ မဖြစ်နိုင်တော့။ သို့မဟုတ်လျှင် သူသေရမည်မှာ မုချပင်။ ဒါကို ရှင်းလင်းစွာ သဘောပေါက်၍ မုရှိသည် ဒိုချီစွမ်းအင်အား အသက်စောင့်အတွက်ပင် မချန်တော့ပဲ လှံတွင် အကုန်ပုံအောသုံးလိုက်ကာ အနီရောင်အလင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။

" ဘုန်းးးး "

ပြင်းထန်သော ပေါက်ကွဲသံအလား အသံအကျယ်ကြီး ထွက်ရှိလာမှုကြောင့် ထိုခြံဝင်းတစ်ခုလုံး ကြားရနိုင်သည်။ ထိုအခိုက်အတန့်တွင် အနီရောင်အလင်းနှင့် လှံ ထိရိုက်သွားသည့်နေရာတွင် မရေတွက်နိုင်သော အက်ကြောင်းရာကြီးများ ပင့်ကူအိမ်သဖွယ် ဆက်ကာ ဆက်ကာဖြင့် အက်ကြောင်းရာများ ပြေးသွားလေရာ အဆုံးတွင် တချို့သော အဆောက်အအုံဆီသို့ ထိမှန်သွားခဲ့သည်။ ထိုအဆောက်အအုံတွေမှာလည်း အနည်းငယ် လှုပ်ခါသွားပြီးလျှင် ပြိုကျပျက်စီးလေ၏။ 

အနီရောင်အလင်းထဲမှာမူ တိတ်ငြိမ်နေသကဲ့သို့။ သို့သော် မကြာချေ.. ပေါက်ကွဲအားတွေကြောင့် လူရိပ်တစ်ခုက လွင့်စင်သွားပြီး နံရံတစ်ခုတွင် အရှိန်ပြင်းစွာ သွားရိုက်မိလေသည်။ နံရံမှာလည်း ချက်ချင်း အပျက်အစီးပုံ ဘဝရောက်ရှိသွားကာ ဖုန်အလိပ်လိပ်က ထောင်းခနဲ လွင့်လာသည်။ 

လေပြေညှင်းက သုတ်ခနဲ ရိုက်ခတ်သွားလျှင် ဖုန်တွေမှာလည်း တစ်ဖြည်းဖြည်း လွင့်ပါးသွားသည်။ ထိုအခါ ပေတံဓားကြီးတစ်လက်အား ကိုင်စွဲထားသည့် လူငယ်တစ်ဦး၏ ပုံရိပ်က တစ်ဖြည်းဖြည်း ပေါ်ထွက်လာသည်။ 

ထိုလူငယ်ကို မြင်လိုက်ရသောအခါ ကောင်းကင်ထက်တွင် သိမ်းငှက်ကျောပေါ်ရှိ ရှောင်ယိရှန်မှာ သူမ၏ စိုစွတ်နီထွေးသော ပါးစပ်ကလေးက အဟောင်းသားဖြစ်သွားပြီး မျက်နှာမှာလည်း အမူအရာက အံ့သြလွန်းမက အံ့သြနေတော့သည်။

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...