အပိုင်း ( ၇၈ ) - လေ့ကျင့်ပြီးနောက် အဆင့်တိုးခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat
ဆေးအမယ်များကို ရရှိသွားကာ စိတ်ကျေနပ်စွာဖြင့် ဧည့်သည် လက်ခံရာအခန်းကနေ ထွက်ခွာသွားသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးကိုကြည့်နေလိုက်ရင်း မိန်းကလေးရဖေးသည် ပခုံးကို ဖြေလျော့လိုက်တော့သည်။ သူမခန္ဓာကိုယ်သည် ထိုင်ခုံပေါ်တွင် ပူးကပ်ကွေးပြီး ထိုင်နေလေရာ ခွေထိုင်နေသောမြေခွေးတစ်ကောင်နှင့် ပင်တူနေတော့သည်။ အားမရှိသလို ထိုင်နေသော ပုံစံမှာ တမူထူးခြားသော စိတ်တိမ်းညွတ်အောင် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေ၏။
“ အဲ့ဒီ လူကြီးမင်းကတော့ တကယ့်ကို စွန့်စားရဲတာပဲ.. ”
ရဖေးသည် သူမခေါင်းကို လှန်ချလိုက်ကာ အေးစက်နေသော ထိုင်ခုံနောက်ကျောကို မှီချလိုက်သည်။
ဘေးနားတွင်ရှိ ကုနီသည်လည်း နဖူးကို ကုတ်နေရင်း အသက်ပြင်းချလိုက်ပြီး..
“ ချီစုစည်းဆေးလုံး ၅ လုံး.. အင်း… သူက တကယ့်ကို အဆင့်၎ မှော်ဆေးပညာရှင်ပေပဲ.. ဒါပေမဲ့ သူ စီးပွားရေးလုပ်တဲ့ပုံက နည်းနည်းတော့ ဟိတ်ဟန်များတယ်.. ”
ရဖေးသည်လည်း ခေါင်းကို ညိတ်လိုက်ကာ
“ အစတုန်းက တောင့်ခံနိုင်မယ်လို့ တွေးလိုက်မိသေးတယ်.. ဒါပေမဲ့ ၅ လုံးတောင် ပေးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ.. ? ”
ထိုသို့ ပြောပြီးနောက် သူမ၏ သေးငယ်နီစွေးသော နှုတ်ခမ်းလေးကို စုထားလိုက်သည်။
ကုနီသည် ရယ်မောကာ ပြန်ပြောလေသည်။
“ ငါသာ မင်းနေရာမှာဆိုရင် သူ ဆေး ၃ လုံးပေးမယ်လို့ ပြောကတည်းက ငါခေါင်းညိတ်နေလောက်ပြီး.. မင်းကတော့ ငါထင်တာထက်ကို ကျော်ပြီး ဆေး ၅လုံးအထိ နေနိုင်ခဲ့တယ်.. အရမ်းဂုဏ်ယူစရာပဲ.. ”
“ ဘယ်ကလာ နေနိုင်ရမှာလဲ.. သူကမ်းလှမ်းတာ ကြားပြီးကတည်း က စိတ်က လွတ်ထွက်နေပြီး.. ခေါင်းကတောင် ကောင်းကောင်း မတွေးနိုင်တော့ဘူး.. ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ.. သူက နောက် ထပ် ဆေး၂ လုံး ထပ်တိုးပေးလိမ့်မယ်လို့…. ”
ရဖေးသည် မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြောလိုက်သည်။ ယခုလိုအခြေအနေကြောင့် သူမ ရွှင်မြူးစွာ မရယ်ဘဲ မနေနိုင်တော့ ပါဘူး။
“ ကဲပါလေ.. အမှန်တရားက အမှန်တရားပဲ.. မင်း စိတ်လွတ်ထွက် သွားတာက ပထမတန်းလေလံအိမ်ကို နောက်ထပ် ရွှေဒင်္ဂါး ၄သိန်း လောက်ကို အမြတ်ထွက်စေခဲ့တာပဲ.. ”
သူမ ရှင်းပြတာကို ကြားလိုက်ရသည့်အခါမှာ ကုနီသည်လည်း ရယ်ကာမောကာဖြင့် နောက်လိုက်ပြန်သည်။
ရဖေးသည်လည်း ပါးစပ်ကို ဖုံးကွယ်ကာ အသံသာသာဖြင့် ရယ်မော လိုက်ပြန်သည်။ ထို့နောက် ထိုင်ခုံကနေ ထဖို့ ဟန်ပြင်လိုက်ကာ အသက်ပြင်းချရင်း..
“ ဒီတကြိမ်တော့ ဂျားလီကလန် ဒုက္ခရောက်ရတော့မယ် ထင်တယ်..”
သဘောတူဟန်ဖြင့် ကုနီလည်း ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ နည်းနည်းတော့ သံသယဖြစ်စရာ မကောင်းဘူးလား ရှောင်ကလန်နဲ့ အစိမ်းသက်သက်လို ဖြစ်နေတဲ့ လူကြီးမင်းက ကူညီထောက်ပံ့ပေးမယ်ဆိုတော့.. သူ ဘာဖြစ်လို့ ရှောင်ကလန်ကို ဒီလောက် ကူညီချင်ရတာလဲ.. ပြီးတော့ ဂျားလီကလန်ရဲ့ ဆေးအမယ်အထောက်အပံ့တွေ ဖြတ်တောက်ပစ်ဖို့ ချီစုစည်းဆေး လုံး ၅ လုံးတောင်ကိုမှ ရင်းရဲတယ်.. ”
ရဖေးက သံသယအရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်နေ သော မျက်ဝန်းများဖြင့် ပြောလိုက်ချေသည်။
“ ဘယ်သူက သိမှာလဲ..?.. လေးစားရတဲ့ မှော်ဆေးပညာရှင် ကတော့ တကယ့်ကို ထူးခြားတဲ့သူပဲ.. မဟုတ်ဘူးလား.. ဂျားမာအင်ပါယာမှာ သူ့လိုလူမျိုးရှိနေတယ်ဆိုတာ ငါ မသိခဲ့ဘူးလေ ”
ကုနီက မတွေးဆတတ်စွာ ပြောလိုက်သည်။
ရဖေးသည် ခေါင်းကို အသာညိတ်လိုက်သည်။ သို့သော် သူမမျက်လုံးတွေက အတွေးပေါင်းစုံဖြင့် ဘယ်ညာ ပြေးလွှားနေ လျက်ရှိသည်။ ခဏအကြာမှာ စကားဆက်ပြော၏
“ ကြည့်ရတာ ရှောင်ကလန်နဲ့ မထင်မှတ်ထားလောက်တဲ့ ထူးခြားတဲ့ ဆက်ဆံမှုမျိုး ရှိနေပါလိမ့်မယ်..ပြီးတော့ အခု ဆေးလုံးတွေနဲ့ ဆိုရင် လေလံအိမ်ရဲ့ အကျိုးအမြတ်ကို လေးဆလောက် တိုးပေး နိုင်လိမ့်မယ်..လာမယ့် အလုပ်သမားအကဲဖြတ်ခြင်းမှာ ဘယ်သူ ငါတို့ကို ကျော်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..”
ထိုစကားကို ပြောလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်စွမ်းများ တွန့်ကွေးလာကာ အပြုံးတစ်ခု ဖန်ဆင်းဖြစ်ပေါ်လာခဲ့သည်။ လက်နှစ်ဖက်ကို တင်ပါးနောက်ပစ်လိုက်ကာ သီချင်းတစ်ပုဒ်အား ညည်းညူလျက် ဧည့်ခန်းမကနေ ထွက်ခွာသွားလိုက်သည်။
…………………..
လေလံအိမ်ကနေ လမ်းလျှောက်ထွက်လာခဲ့ပြီးနောက် ရှောင်ယွင် သည် အသက်ပြင်းရှည်ကို ချလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက် သည်။
“ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်.. ”
“ ဘာကို ကျေးဇူးတင်ရမှာလဲ.. ဂျားလီကလန်ကို မြေကြီးပေါ် ဆောင့်နင်းပြီး မချန်ထားခဲ့သရွေ့ ငါခေါ်သွားမဲ့ လေ့ကျင့်ရေးခရီး ရှည်မှာ မင်း စိတ်ဖြောင့်ဖြောင့်နဲ့ လေ့ကျင့်နိုင်ဦးပါ့မလား..”
“ ဟီ.. ”
ရှောင်ယွင်သည် စပ်ဖြီးဖြီးဖြင့် ရယ်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထုံးစံအတိုင်းပင် လမ်းကြိုလမ်းကြား တွေမှာ ကွေ့ကောက်သွားလိုက်ကာ နောက်ဆုံး လူမရှိသည့် ထောင့်ကွယ်နေရာတွင် ၀တ်ရုံနက်ကို ချွတ်လိုက်သည်။ ထို့နောက် သတိထားကာ ထောင့်ကွယ်ကနေ ထွက်လာခဲ့ပြီးနောက် ရှောင်ကလန်ဆီကို ဦးတည်ကာ ပြန်လာခဲ့လိုက်တော့သည်။
ရှောင်ကလန်ကို ပြန်လာသည့် လမ်းတွင်လည်း ရှောင်ယွင်သည် ကလန်က လူတွေနှင့် တွေ့ခဲ့ပါသေးသည်။ သူတို့၏ အကြည့်တွေ သည် မနာလိုမှုများ ပိုပြင်းထန်နေသလို သူ ခံစားမိသည်။ ခန်းမအတွင်း ဖြစ်ပျက်သွားသော အကြာင်းအရာများသည် သူတို့ ကြားထဲတွင် ပျံနှံ့နေပြီးမှန်း သိသာထင်ရှားလှသည်။
ရှောင်ယွင်သည် ထိုအကြည့်များကို လျစ်လျူရှုလိုက်ကာ အပြန်ခရီး ကိုပဲ ဆက်လှမ်းသွားသည်။ သူ့အခန်းဆီကို မရောက်မီ ထောင့်တစ် ခုကို ချိုးဝင်လိုက်သည့်အချိန်တွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေး တစ်ယောက် ရုတ်တရက်ထွက်ပေါ်လာကာ ခေါင်းချင်းတိုက်လု မတတ်ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရှောင်ယွင် အချိန်မှီ ဘရိတ်အုပ်လိုက်နိုင်ခဲ့သည်။ သို့မဟုတ်ရင် ဖြေရှင်းရခက်မည့် မလိုလားအပ်သော ကိစ္စများ ဖြေရှင်းရကိန်းဆိုက်သွားလိမ့်မည်။
“ အကိုရှောင်ယွင်..? အကိုကို နောက်ဆုံးတော့ ရှာတွေ့ပြီး.. ”
အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် အနောက်ကို ခြေတစ်လှမ်း ဆုတ်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။ သူမ မျက်နှာသည် ငယ်ရွယ်သည် ဖြူစင်သည် ဆွဲဆောင်မှုအပြည့်ရှိသည်။ ဆန့်ကျင် ဘက်အရာများ ပေါင်းစုကာ ဖြစ်ပေါ်လာသော ဖွဲ့ဆိုလို့ မဖော်ပြသာ သော တင့်တယ်ခြင်း လှပခြင်းက ထိုမိန်းမပျိုလေးကို အရွယ်တူ မိန်းကလေးတွေထက် ပို၍ ကျက်သရေ ရှိစေသည်။ ထိုသို့သော အလှအပမျိုးက ရှောင်ယွင်ကိုပင် ခပ်ကြာကြာအထိ ငေးမောကြည့်စေလောက်သည်အထိ ဖြစ်သွားခဲ့ရသည်။
အပျော်တွေနှင့် ပြည့်လွှမ်းနေသော မျက်နှာပိုင်ရှင်မလေးက ရှောင်မိန်က လွဲလို့ တခြားဘယ်သူ ရှိဦးမည်နည်း။
ရှောင်မိန်၏ လှပလွန်းသော မျက်နှာလေးကို ငေးကြည့်မိရင်း ရှောင်ယွင်သည် နှာခေါင်းကို ပွတ်လိုက်ပြီးနောက် မထူးခြားသော လေသံဖြင့် မေးလိုက်သည်။
“ ကိစ္စတစ်ခုခု ရှိလို့လား.. ”
သူစိမ်းဆန်လှသော ခွန်းတုံ့သံကြောင့် ဝင်းပနေသော ရှောင်မိန်၏ မျက်နှာလေးမှာ အနည်းငယ် မှိန်ကျသွားခဲ့သည်။ အသံတိုးတိုးဖြင့် လည်း ပြန်ပြောလေသည်။
“ ကလန်ခေါင်းဆောင်က အကိုရှောင်ယွင်ကို သူ့စာဖတ်ခန်းကို လာခဲ့ပါလို့ မှာထားလို့ပါ.. ”
“ အော်..? ”
ရှောင်ယွင်က အနည်းငယ် ငေးကြည့်ပြီးမှ ခေါင်းညိတ်ကာ အပြုံး ဖြင့် ပြောသည်။
“ အင်း သိပြီး ကျေးဇူးပဲ.. ”
ထို့နောက် နှုတ်ဆက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ အနောက်လှည့်ပြီး စာဖတ်ခန်းရှိရာနေရာဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားလိုက်သည်။
“ အကိုရှောင်ယွင် အရင်တစ်ခေါက်ကအတွက် ကျေးဇူးတင်ပါတယ်.. ”
ခြေလှမ်းကျဲကျဲဖြင့် တစ်လှမ်းချင်း ပြတ်သားစွာ ထွက်ခွာသွားသော ရှောင်ယွင်ကို ကြည့်ကာ ရှောင်မိန် တိုးတိတ်စွာ လှမ်း ပြောလိုက်ခြင်းပါ။ သူမမျက်ဝန်းမှာ စိတ်ပျက်ခြင်းတွေက တစ်စွန်းတစနှင့် နှုတ်ခမ်းသားကိုလည်း ကိုက်ထားလျက် ရှိသည်။
ရှောင်ယွင်သည် သွားနေသော ခြေလှမ်းများ ရပ်လိုက်ကာ အနောက်ကို မလှည့်ဘဲ ခပ်တောင့်တောင့် လက်ကိုဝှေ့ယမ်း လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
“ ရပါတယ်.. ကိစ္စမရှိပါဘူး.. ”
ထွက်ခွာပြန်တော့မည်ဆဲဆဲ ရှိနေသော ရှောင်ယွင်ပုံရိပ်ကို ကြည့်ရင်း ရှောင်မိန်က ရှိသမျှ သတ္တိအားလုံးကို စုပြီး မေးလိုက်သည်။
“ အကိုရှောင်ယွင်.. ဂျားနန်ကျောင်းတော်ဝင်ခွင့်စစ်ဆေးခြင်းမျာ ဝင်ဖြေမှာလား.. ? ”
“ အင်း ဖြေမှာပေါ့.. ”
လက်နှစ်ဖက်ကို ခေါင်းနောက် ပစ်ထားရင်း ရှောင်ယွင် တဖြည်းဖြည်းဖြင့် ပြန်ထွက်ခွာသွားသည်။
ရှောင်ယွင် ပြန်ဖြေလိုက်သော စကားကို ကြားလိုက်ရသည့်အခါတွင် အုံ့မှိုင်းနေသော ရှောင်မိန်မျက်နှာသည် တစ်ခါ ပြန်လည် တောက်ပ သွားခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တဖြည်း ဖြည်း ပျောက်ကွယ်သွားပါသော ရှောင်ယွင်ကို တစ်ဆုံးအထိ ကြည့် နေပြီးနောက် အသက်ပြင်းလေး ချကာ နောက်ပြန်လှည့်ထွက်သွား တော့သည်။
……………….
ရှောင်ယွင်တစ်ယောက် ကလန်ထဲတွင် အေးအေးလူလူ လှမ်းလာခဲ့ပြီးမှ နောက်ဆုံးတွင် ကျယ်ဝန်းသော အခန်းတစ်ခန်း အရှေ့ကို ရောက်ရှိလာပါတော့သည်။ တံခါးကို အသာအယာ ခေါက်လိုက်ပြီးနောက် ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အထဲကို လှမ်း ဝင်လိုက်သည်။
အခန်းထဲတွင် ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်သည် တစ်စုံတစ်ခုကို အသည်းအသန် ဆွေးနွေးနေကြဟန်ရှိသည်။ သို့သော် သူဝင်လာသည်ကို မြင်သည်နှင့် လေးယောက်စလုံး ပါးစပ်ကို တစ်ပြိုင်နက်လိုလို ပိတ်သွားခဲ့ကြသည်။
“ အဖေ… သားကို ရှာနေတယ်ဆို..”
ရှောင်ယွင် အပြုံးတစ်ခု ဖြင့် မေးလိုက်ကာ အရှေ့တိုးလှမ်းလာခဲ့ သည်။
ရှောင်ကျန်းလည်း ပြန်လည် ပြုံပြလိုက်ပြီးနောက် ခေါင်းကို ညိတ် လိုက်သည်။ အကြီးအကဲသုံးယောက်ကိုလည်း တစ်ချက်ကြည့် လိုက်ပြန်သည်။ ထိုနောက် ခဏမျှ အချိန်ယူဟန်ဖြင့် ရှိနေပြီးမှ အသံကို နှိမ့်ကာ မေးလိုက်သည်။
“ သားက ဆရာအိုတစ်ယောက်ကို တွေ့ခဲ့ရတယ်မလား.. ”
“ ဟုတ်ကဲ့.. ”
သူ ခေါင်းညိတ်လိုက်သည်။ ရှောင်ကျန်း ဘယ်သူ့ကို ပြောမှန်း သူသိပါသည်။
“ သူ ဘယ်ကလာတာလဲဆိုတာရော သားသိလား..? ”
ရှောင်ကျန်း တိုးတိုး မေးလိုက်ပြန်သည်။
“ သူ့ကို သားက သိတာ အချိန်မကြာသေးပါဘူး.. သူရဲ့ ဇစ်မြစ်ကို သား ဘယ်လိုလုပ်သိမှာလဲ.. ”
ဒါကတော့ ရှောင်ယွင် အရိုးသားဆုံး ပြောလိုက်တာပါ။ တကယ်လည်း ရွဲ့လော် ဘယ်ကလာသလဲဆိုတာ သူ မသိသေးပါဘူး။
“ ဒါပေမဲ့ သူက မှော်ဆေးပညာရှင်ဆိုတာတော့ သားသိပါတယ်.. ”
ရှောင်ယွင် ပြုံးလိုက်ကာ ထပ်ဖြည့် ပြောလိုက်သည်။
“ ပေါက်ကရတွေ.. ”
ရှောင်ကျန်း စိတ်ပျက်သွားဟန်ဖြင့် ရှိသွားပြီး ရှောင်ယွင်ကို အပျော်သဘောဖြင့် ဆူလိုက်သည်။
ထို့နောက် ရှောင်ကျန်း ခေါင်းကို ယမ်းခါကာ ရယ်မောလိုက်သည်။ စိတ်ကောင်းဝင်နေသည်ဖြစ်ဆဲဖြစ်၍ ရှောင်ယွင်ကို ရွဲ့လော်အကြောင်း မေးခွန်းများ ထပ်မေးပြန်သည်။ ရှောင်ယွင်ကလည်း ပေါသလို ကြောင်သလို လုပ်၍ မေးခွန်းများကို ရေရေရာရာ မဖြေလေရာ နောက်ဆုံးတွင် ရှောင်ယွင်ထံမှ ဘာအဖြေမှ မရလိုက်ကြချေ။
“ ခွေးကောင်လေး.. မင်းဟန်ဆောင်နေတာလားဆိုတာတောင် ငါမမှန်းတတ်တော့ဘူး.. ”
လုံးဝကြီးကို မာနကြီးသူတစ်ယောက်လို လုပ်ဆောင်ထားသော ရှောင်ယွင်ကို ကြည့်ကာ ရှောင်ကျန်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်း ဘယ်ညာ ယမ်းနေမိတော့သည်။ ထို့နောက် လက်ကို ဟန်ပါပါဖြင့် ရှောင်ယွင်ကို ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။
“ထားလိုက်တော့.. သွားပြီး လုပ်စရာရှိတာ ဆက်လုပ်ချေတော့.. အဲ့ဒီဆရာသမားနဲ့ တွေ့သေးရင် လုံးဝ စိတ်အနှောင့်အယှက်ဖြစ် အောင် မလုပ်လာနဲ့ဦး.. ရှောင်ကလန်ရဲ့ အနာဂတ်က အဲ့ဒီဆရာ အပေါ်မှာ မူတည်နေတယ်..”
ရှောင်ယွင်လည်း ပခုံးကို တွန့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ ဟမ်… ရှောင်ယွင်.. မင်းရဲ့ အရှိန်အဝါတွေက ဘာလို့ အားကောင်းနေသလို ဖြစ်နေပါလိမ့်..”
ရှောင်ယွင်ကို ငေးကြည့်နေသော ပထမအကြီးအကဲသည် ရုတ်တရက် မေးလိုက်သည်။
ပထမအကြီးအကဲ၏ စကားကြောင့် ရှောင်ကျန်းလည်း ရှောင်ယွင်ကို ပြန်ကြည့်လိုက်သည်။ သူသည် ရှောင်ယွင်ကို သေသေချာချာ စူးစိုက်ကြည့်နေကာ ထို့နောက် သူ့ပါးစပ်က တဖြည်းဖြည်း ဟသွားပြီး အံ့သြနေသော လေသံဖြင့် မေးလိုက်သည်။
“ မင်း.. ဒိုကျဲအဆင့်ကို ရောက်နေပြီးလား.. ”
ဒီစကားကြောင့် ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့မှာ ပါးစပ်မေးရိုးများ အောက်ပြုတ်ကျသွားသည့်အလား အဟောင်းသား ဖြစ်သွားသည်။ သူတို့အရှေ့က လူငယ်ကိုလည်း မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
“ အဟမ်း.. ”
ရှောင်ယွင်လည်း ခေါင်းကို ကုတ်လိုက်မိပြီး လက်နှစ်ဖက်ကိုလည်း ပွတ်သပ်မိပြန်သည်။း
“ ကျွန်တော်ထင်တာက ပုံမှန်လေ့ကျင့်ခန်းလုပ်နေလို့ အဆင့်တက်သွားတာ ဖြစ်ပါလိမ့်မယ်.. ”
ရှောင်ကျန်း မျက်လုံးပြူးသွားပြန်သည်။ ရှောင်ယွင်၏ တိုးတက်မှု ကိုလည်း အံ့သြလွန်းမက ရှိနေဆဲပါ။ ရယ်ရမလို ငိုရမလိုလို ဖြစ်နေမိကာ ရှောင်ယွင်၏ လေ့ကျင့်ခန်းက ဘယ်လို လေ့ကျင့်ခန်းမျိုးများ ဖြစ်နေမလဲဆိုတာ ကိုပင် တွေးမိလိုက်၏။
အရင်တစ်ချိန်ကလည်း ရှောင်ယွင်၏ မယုံနိုင်စရာ လုပ်ဆောင်ချက်များကြောင့် ရှောင်ကျန်း အံ့သြမှင်သက်ခဲ့ဖူးသည်။
ထို့နောက် ရှောင်ကျန်းလည်း မျက်နှာကို အတင်းပြုံးလိုက်ပြီး လက်ကိုလည်း ဝှေ့ကာယမ်းကာဖြင့် ပြောလိုက်သည်။
“ အင်း .. အဆင့်တက်သွားတာ ကောင်းတယ်.. အချိန်ရရင် အဆင့်စစ်ဆေးတဲ့ အဖွဲ့ဆီသွားပြီး အဆင့်တံဆိပ် သွားယူလိုက်ဦး ”
ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်သည် ကျီစယ်လိုဟန်ဖြင့် ကော့ညွတ်တက်လာကာ
“ ဒါဆို သား အခု သွားလို့ရပြီးလား.. တကယ်ပြောရရင် သားက လေ့ကျင့်ခန်းပဲ လုပ်နေပြီးတော့ အဆင့်က တက်သွား..သွား… ”
“ မင်းသွားလို့ ရပြီး.. ”
ရှောင်ကျန်း စိတ်ပျက်ဟန်ဖြင့် တမင်တကာ ဆူငေါက်ပြောလိုက် သည်။
ဒီကောင်လေးကတော့ လူတွေကို တကယ်ပဲ ဒေါပွလာအောင် လုပ်တတ်တယ်..မင်းအရှေ့မှာ ရှိနေတဲ့ အကြီးအကဲသုံးယောက်က ဒိုကျဲအဆင့်တက်ဖို့ ချီဝဲကတော့ပုံစံဖြစ်အောင် စုစည်းရတာကို နှစ်ခါတိတိ ရှုံးနိမ့်ခဲ့ဖူးတယ်ဆိုတာ မင်း တကယ်မသိတာလားဟ
မျက်နှာခပ်တည်တည်ဖြင့် ရှိနေကြသော အကြီးအကဲသုံးယောက်ကို ကြည့်ကာ ရှောင်ယွင်က ပြုံးဖြီးဖြီးဖြင့် သွားပေါ်အောင် ရယ်လိုက် သည်။ ရှောင်ကျန်းက နောက်တစ်ကြိမ်အော်ငေါက်မှသာ စာဖတ်ခန်းကနေ ကမန်းကတန်း ပြေးထွက်သွားတော့သည်။
လူငယ်လေး၏ ရယ်သံများ တဖြည်းဖြည်းပျောက်ကွယ်သွားမှသာ အကြီးအကဲသုံးယောက်သည် ခပ်တည်တည်လုပ်ထားသော မျက်နှာကို ဖြေလျော့လိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက် လည်း ကြည့်လိုက်ကြကာ မအီမသာ ဖြစ်နေသော မျက်နှာများဖြင့် ရယ်မောလိုက်ကြသည်။
No comments:
Post a Comment