Chapter. 71
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အချိန်တစ်နာရီလောက် ထိုင်နေပြီးနောက် လှပတဲ့ အစေခံမိန်းမပျိုလေးက နောက်ဆုံး ပြန်ရောက်လာခဲ့သည်။ သူမ၏ လက်နှစ်ဖက်က ငွေလင်းဗန်တစ်ချပ်ကို ကိုင်ဆောင်လာခဲ့သည်။ ငွေလင်ဗန်းပေါ်မှာ အနီလဲ့လဲ့ လက်စွပ်တစ်ကွင်း ပါလာခဲ့သည်။
ငွေလင်ဗန်းကို လှမ်းယူလိုက်ပြီးနောက် မိန်မပျိုလေးကို ပြန်လွှတ်လိုက်သည်။ ထို့နောက် သူမကိုယ်တိုင် လက်စွပ်ကို ကမ်းပေးလိုက်ကာ ပြုံးပြီ ပြောလိုက်သည်။
“ ဆရာကြီးရှင့်.. ဆေးမီးအိုးရော .. ဆေးအမယ်တွေပါ ဒီလက်စွပ်ထဲမှာ အကုန်ထည့်ထားပါတယ်ရှင့်”
ရှောင်ယွင် လက်ကို လှမ်းပြီး သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ လက်ဝါးပြင်ပေါ်မှာ ဆော့ကစားလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရွဲ့လော်၏ အသံက ထွက်ပေါ်လာခဲ့သည်။
“ ကောင်းပြီလေ.. ချီစုစည်းဆေးလုံးကို ဖော်စပ်ပြီးရင်တော့ လာပို့လိုက်မယ်.. ”
ရဖေး၏ မျက်နှာမှာ ၀င်းပစွာ ၀မ်းသာသွားပြီး ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။
“ ကဲ .. လိုက်မပို့ကြနဲ့တော့.. ကိုယ့်ဘာသာပဲ ပြန်ထွက်တော့မယ်… ”
လက်ကို ဝှေ့ယမ်းလိုက်ပြီနောက် ရှောင်ယွင်က လက်စွပ်ကို ယူပြီး လက်ချောင်းမှာ ၀တ်ဆင်လိုက်သည်။ ပြီးနောက် အနောက်လှည့်မကြည့်တော့ဘဲ ဧည့်ခန်းကို ကျောခိုင်းကာ တစ်ခါတည်း ထွက်သွားလိုက်တော့သည်။ စားပွဲခုံပေါ်မှာတော့ အပြာရောင် ကျောက်စိမ်းကတ်က ကျန်လျက်သား ကျန်ခဲ့သည်။ ရှောင်ယွင်က သူတို့အပေါ် အကြွေးများစွာ အတင်မခံချင်သူမို့ ဒီအတိုင်းပဲ ထားခဲ့လိုက်ခြင်း ဖြစ်သည်။
တံခါးပေါက်နေ ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်နေကာ ရဖေးသည် သူမ နှုတ်ခမ်းသားကို ဖိကိုက်လိုက်သည်။ ထို့နောက် အရှေ့ကို တိုးသွားလိုက်ပြီးနောက် အပြာရောက် ကျောက်စိမ်းကတ်ကို ကောက်ယူလိုက်သည်။ အနည်းငယ် ပြန်ပြောင်းစဉ်းစားလိုက်ပြီးနောက် ကြည်လင်သော အသံဖြင့် မေးလိုက်သည်။
“ ဦးလေးကုနီ… ချီစုစည်းဆေးကို ဖော်စပ်ဖို့ဆိုတာ အောင်မြင်မှုရာခိုင်နှုန်းက သိပ်မများဘူးဆို.. ?”
“ ဟုတ်တယ်.. ဆေးဘုရင်ကုဟီ ကတောင် ချီစုစည်းဆေးလုံးဖော်စပ်တာ အောင်မြင်မှုအချိုးကတော့ ၁၀ လုံးမှာ ၇ လုံးပဲ အောင်မြင်တယ်.. သာမန် အဆင့် ၄ မှော်ဆေးပညာရှင်ကတော့ ၁၀ လုံးမှာ ၅ လုံးပဲ အောင်မြင်တယ်. ”
ကုနီက အသံကို နှိမ့်ပြီး ဖြေလိုက်လိုက်သည်။
“ ဒါပေမဲ့ ဒီဆရာကြီးကတော့ ပထမတစ်ခေါက်နဲ့ အောင်မြင်သွားတယ်.. ”
ရဖေးက မျက်ခုံးများ တွန့်ချိုးပြီ ပြောလိုက်ပြန်သည်။
“ ဘယ်သူသိမှာလဲ.. သူ ကံကောင်းတာ ဖြစ်ရင် ဖြစ်မှာပေါ့.. ”
ကုနီက ခေါင်းကို ခါယမ်းလိုက်သည်။ ဒီအကြောင်းနှင့် ပတ်သတ်ပြီး သိပ်အလေးမထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှော်ဆေးပညာရှင်တွေအတွက် ကံကောင်းခြင်းက ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ခြင်းမှာ အကြီးဆုံး သော့ချက်ဖြစ်နေလို့ပါပဲ..။ တကယ်၍ တစ်ယောက်ယောက်က ကံကောင်းနေခဲ့ရင် အကြိမ်များစွာ ဆက်တိုက် ဖော်စပ်နေခဲ့ရင်တောင် ရှုံးနိမ့်မှုကို ကြုံတွေ့မှာ မဟုတ်ပါဘူး။
“ ကြည့်ရတာ သူက အဆင့် ၄ မှော်ဆေးပညာရှင်ထက် အဆင့်မြင့်နေမလားဘဲ "
ရဖေးသည် အနည်းငယ် တွေးလိုက်ပြီးနောက် မရဲတရဲ ဆိုလိုက်သည်။
“ ဟားဟား.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဂျားမာအင်ပါယာမှာ အဆင့်၅ မှော်ဆေးပညာရှင်ဆိုတာ လက်တစ်ဖက်တည်းနဲ့တောင် ရေလို့ ရတယ်.. ဒီလိုဂုဏ်ဒြပ်နဲ့ဆို အင်ပါယာ ဒါမှမဟုတ် တိမ်မြူဂိုဏ်းလို အင်အားကြီး အဖွဲ့အစည်းတွေက အဲဒီလူကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို့ မြင်ကြမှာ.. အဲလို လူတစ်ယောက်က ဘာလို့ ငါတို့ လေလံအိမ်ကို လာပြီး ဆေးလုံးတွေ လေလံတင်နေရမှာလဲ..”
ကုနီက ရယ်မောကာ ပြောလိုက်သည်။
ထိုအခါမှ ရဖေးလည်း ခေါင်းကို အသာညိတ်လိုက်ကာ အသက်ပြင်းချလိုက်သည်။ မချိတင်ကဲ ရယ်မောလိုက်ပြီး ပြောသည်။
“ ကြည့်ရတာ ကျွန်မမှာ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးထင်တယ်.. ကျွန်မရဲ့ တွေဝေနေခြင်းက ထူးခြားတဲ့ မှော်ဆေးပညာရှင်ရဲ ကျွန်မတို့အပေါ် အလေးထားတဲ့စိတ်က ပြောင်းလဲသွားမှာကို ကြောက်နေမိတယ်.. ”
“ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့.. ဒီလောက်များပြားတဲ့ ငွေပမာဏက ငါတောင်မှ လွယ်လွယ်လေးနဲ့ ပြန်မဖြေနိုင်ပါဘူး.. ဒီလောက်အထိ မင်းလုပ်နိုင်တာ တကယ်ကို ကောင်းပါတယ်.. မှော်ဆေးပညာရှင်နဲ့ ပတ်သတ်ပြီး ငါတို့ ရေရှည်မှာ အချိန်ပေးပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်..သူ့ဘက်က ဘာပြဿနာမှ မပေးလာတဲ့အထိတော့ ဒါက အဆင်ပြေပါတယ်.. ”
ကုနီက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
သူမသည် အပြုံးတစ်ခုကို အတင်းပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ကုလားထိုင်ပေါ် အားမရှိစွာ ထိုင်ချလိုက်လေရာ သူမ၏ ခန္ဒာကိုယ်ကောက်ကြောင်းမှာ တစ်ချက်လှစ်ဟ ပေါ်လွင်သွားခဲ့သည်။ သူမ၏ ချစ်ဖွယ်ကောင်းသော မျက်ဝန်းက တဖျတ်ဖျတ်ခတ်နေရင်း သံသယအနည်းငယ် ရှိနေသေးသည့်ပုံစံဖြင့် မေးလိုက်သည်။
“ သူက ဘာဖြစ်လို့ အဆင့်နိမ့်တဲ့ ဆေးအမယ်တွေ အများကြီး လိုချင်နေရတာလဲ.. ”
“ ဒီဆေးအမယ်တွေက သွေးတိတ်စေတဲ့ အာနိသင်ရှိပြီးတော့ အရိုးတွေကိုလည်း သန်မာစေတယ်.. ငါထင်တာတော့ သူ အနာကျက်ဆေးတွေကို ထုတ်လုပ်မလို့ ထင်တယ်.. ”
ကုနီသည် ရေရွတ်လိုက်သလို မျက်ခုံးနှစ်ဖက်ကလည်း အလယ်မှာ ကျုံ့ဝင်သွားသည်။
ထို့အတူ စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်ပြန်သည်။
“ ဒါပေမဲ့ သူရဲ့ ဂုဏ်ဒြပ်နဲ့ဆို ဘာလို့ ဒီလို ဈေးပေါ်တဲ့ အနာကျက်ဆေးတွေကို ထုတ်လုပ်ချင်တာလဲ.. ?”
ဒါကို ကြားရသည့်ချိန်မှာ ရဖေး၏ မျက်လုံးလှလှလေးသည် အနည်းငယ် မှေးကျဉ်းသွားသည်။ သူမ၏ လက်သည်းရှည်ရှည်က စားပွဲခုံပေါ်ကို အသာလေး ခေါက်နေရင်း
“ ကြည့်ရတာ အဲ့ဒီ ဆရာကြီးက ရှောင်ကလန်ကို ကူညီချင်လို့နဲ့ တူတယ်. ”
ကုနီသည်လည်း မျက်ခုံးများ တွန့်ကွေးသွားသည်။ မျက်နှာမှာလည်း အံ့သြသွားသည့် အမူအရာများ ဖြစ်ပေါ်လာကာ…
“ သူက ရှောင်ကလန်ကို အနာကျက်ဆေးပေးချင်တယ်လို့ မင်း ပြောချင်တာလား.. ”
“ မကြာသေးခင်က ဂျားလီကလန်က အဆင့်၁ မှော်ဆေးပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်လို့ ကျွန်မ သတင်းကြားထားတယ်.. ဈေးပေါတဲ့ နွေဦးပြန်လာခြင်းဆေးတွေက မြို့လူထုကို တစ်ဝက်လောက် ဆွဲဆောင်ထားပြီးပြီ.. တကယ်လို့ ရှောင်ကလန်က အချိန်မှီ မဖြေရှင်းနိုင်ခဲ့ရင် သူတို့ရဲ့ ဈေးနေရာတွေမှာ လူမရှိတော့မှာကို ကျွန်မစိုးရိမ်မိတယ်.. ”
ရဖေးက ဘေးဘီပတ်လည်ကို အကဲခတ်ကြည့်ရင်း သူမ၏ အမြင်ကို သုံးသပ်ပြလိုက်သည်။ ထို့နောက် ဘ၀င်ခိုက်စွာ ပြုံးလိုက်ပြီး ဆက်ရှင်းပြလိုက်သည်။
“ အရင်တုန်းက အဲ့ဒီဆရာကြီးက ပြောခဲ့ဖူးပါတယ်.. သူ့မှာ အခွင့်အလမ်းရှိခဲ့ရင် ရှောင်ကလန်နဲ့ အကျိုးတူပူးပေါင်းလုပ်ချင်ပါတယ်တဲ့.. အခုလည်း ဆေးအမယ်အများကြီးဝယ်လိုက်ပြန်တယ်..ဒီအချိန်မှာ သူ့ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းမြင်နိုင်ပါပြီ.. ”
“ ဟင်းး… ကြည့်ရတာ ရှောင်ကလန်တော့ ဒီတစ်ကြိမ်တော့ တကယ်ကံကောင်းပြီးထင်တာပဲ.. ဂျားလီကလန်တော့ ဒုက္ခရောက်တော့မှာ.. ”
ရဖေး၏ သုံးသပ်ချက်ကို နားထောင်ရင်း ကုနီသည် ပြုံးရယ်သွားသည်။ မနာလိုသော အရိပ်အယောင်လည်း သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသည်။ အဆင့် ၄ မှော်ဆေးပညာရှင်တစ်ယောက်၏ အကူအညီသည် ကလန်တိုင်းအတွက် လွယ်လွယ်ရသည့်အရာ မဟုတ်ပါဘူး။
ရဖေးသည် အေးဆေးစွာ ပြုံးလိုက်ပြီး
“ ကျွန်မတို့ ရှောင်ကလန်နဲ့ မကြာခင်မှာ ဆက်သွယ်ရတော့မယ်.. လက်ကောက်တစ်ခုမှာ ပန်းတစ်ပွင့် ထပ်ထည့်ပေးလိုက်ခြင်းက တစ်စုံတစ်ဦးကို ပျော်ရွှင်စေပါတယ်.. တစ်စုံတစ်ယောက်က အကူအညီအရမ်းလိုနေတဲ့အချိန်မှာ အကူအညီပေးတာက နှစ်ဖက်စလုံးကို ဆက်ဆံရေးခိုင်မာစေပါတယ်လေ.. ”
ကုနီလည်း ခေါင်းတညိတ်ညိတ်ဖြင့်..
အဆင့် ၄ မှော်ဆေးပညာရှင်တစ်ယောက်လုံး အနောက်မှာ ရှိနေမှတော့ ရှောင်ကလန်သည်လည်း အရေးကြီးလာခဲ့ပါပြီး။
……………….
လေလံအိမ်ကနေ ထွက်လာခဲ့ပြီးနောက် ရှောင်ယွင်မှာ ပြုမြဲအတိုင်းပင် တစ်လမ်းဝင် တစ်လမ်းထွက်ကာ နေ့တစ်ဝက်လောက်ကို အချိန်ဖြုန်းလိုက်ပြီးနောက် နောက်ဆုံးတွင် လူအသွားအလာပြတ်သော လမ်းကြားတစ်ခုမှာ ရုပ်ဖျက်ထားတာကို ဖျက်ပစ်လိုက်သည်။
လက်ထဲက အနီလဲ့လဲ့ လက်စွပ်ကို မြှောက်လိုက် ဖမ်းလိုက် လုပ်ကာ ရှောင်ယွင် တစ်မျိုးတမည် ပျော်နေမိသည်။ ဤ သိုလှောင်လက်စွပ်မျိုးကို ထူးခြားသော သိုလှောင်ကျေက်တုံးဖြင့် လုပ်ထားသည်။ ထိုကျောက်တုံး၏ ဂုဏ်ရည်မှာ သေးငယ်တဲ့နေရာလေးမှာ အသက်မဲ့ပစ္စည်းများစွာ သိုလှောင်နိုင်ခြင်းပင်ဖြစ်သည်။ သိုလှောင်လက်စွပ်၏ သိုလှောင်နိုင်သည့်နေရာကြောင့် အင်မတန်ကို အဆင်ပြေလေရာ ၎င်း၏ တန်ဖိုးမှာလည်း အင်မတန်ကို တန်ဖိုးရှိလေသည်။ ရှောင်ယွင်လက်ထဲက အဆင့်နိမ့် သိုလှောင်လက်စွပ်သည် သုံးလေးမီတာပတ်လည်လောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ရွှေဒင်္ဂါး ၁၀၀၀၀၀ လောက် ကုန်ပါသည်။ ရှောင်ကလန်မှာဆိုရင် ဒီလက်စွပ်မျိုးကို သူ့အဖေနဲ့ အကြီးအကဲတွေဆီမှာပဲ မြင်ဖူးတာပါ။
ရှောင်ယွင်သည် လက်စွပ်ကို ဆော့ကစားနေလိုက်ပြီးနောက် သေသေချာချာ စဉ်းစားလိုက်သည်။ ထို့နောက် လက်စွပ်ကို မ၀တ်တော့ဘဲ အင်္ကျီရင်ဘက်ထဲမှာပဲ ဂရုတစိုက်ဖြင့် သိမ်းလိုက်သည်။ သိုလှောင်လက်စွပ်မှာ ဈေးကြီးသည့်အရာ ဖြစ်၍ လက်စွပ်ကို သူ့အဖေနှင့် တခြားသူတွေက တွေ့လာခဲ့ရင် ရှင်းပြရခက်ပေလိမ့်မည်။
ရှောင်ယွင်သည် အနက်ရောင်ဝတ်ရုံကို ရေမြောင်းထဲ ကန်ထုတ်ပစ်လိုက်ကာ လမ်းကြားထဲကနေ ထွက်လာခဲ့သည်။ ထို့နောက် ရှောင်ကလန်အိမ်တော်ဆီကို အပြေးပြန်လာခဲ့သည်။
သူ့အခန်းကို သွားသည့် လမ်းအား ဖြတ်လျှောက်လာခဲ့စဉ် အစည်းအဝေးအခန်းကနေ သူ့အဖေ၏ ဒေါသအသံကို ကြားလိုက်ရချေသည်။ ရှောင်ယွင် မျက်မှောင်ကုတ်သွားမိကာ အရှေ့တိုးပြီး အခန်းတံခါးကြားထဲနေ ချောင်းကြည့်လိုက်သည်။
“ ဒီခွေးမသား.. ဂျားလီဘီဆိုတဲ့ အကောင်က တော်တော်များနေပြီ.. ငါတို့ရဲ့ ဈေးကွက်ဝေစုကို လာလုရဲတယ်ပေါ့လေ.. ”
အခန်းထဲမှာ ရှောင်ကျန်းမှာ ဒေါသတကြီး ဖြစ်နေသလို စားပွဲခုံကိုလည်း ပြောနေရင်း တဒုန်းဒုန်း ထုနေသည်။ စားပွဲခုံပေါ်ရှိ ရေနွေးခွက်ထဲက ရေနွေးများပင် စင်ထွက်ကုန်သည်။
“ အခုလောလောဆယ်… ငါတို့ ရှောင်ကလန်ရဲ့ ဈေးနေရာတွေမှာ လူအ၀င်တော့ တော်တော်ကျဲပါးသွားပြီ.. ကုန်သည်တွေ ငါတို့ ဈေးနေရာကို ထွက်ခွာသွားတာ အရမ်းကို စိုးရိမ်စရာကောင်းနေပြီ.. တချို့ကတော့ ဂျားလီကလန်ရဲ့ ဈေးနေရာမှာသွားရောင်းကြဖို့ တိတ်တိတ်လေးတောင် ထွက်ခွာသွားကြတယ်.. ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် နောက်လ၀က်ဆို ကျွန်တော်တို့ ဈေးနေရာတွေက စီးပွားပျက်သွားလိမ့်မယ်.. ”
ဒုတိယအကြီးအကဲက စိတ်ဓာတ်ကျနေသော မျက်နှာထားဖြင့် သွားကိုလည်း ဒေါသတကြီးဖြင့် ကြိတ်ကာ ပြောလိုက်သည်။
“ ငါတို့ကလန်မှာ ရှိတဲ့ အကောင်းဆုံးတွေနဲ့ အဲ့ဒီကလန်က မှော်ဆေးပညာရှင်ကို ငါတို့ တိတ်တဆိတ် အပေးအယူသွားလုပ်မယ်ဆိုရင်ရော.. ”
တတိယအကြီးအကဲ၏ အကြည့်ဟာ ရက်စက်နေပြီး ယုတ်မာသော လေသံမျိုးဖြင့် အကြံကို ထုတ်ပြောလိုက်သည်။
“ မှော်ဆေးပညာရှင်ကို အနည်းဆုံး ဒဒီုရှိ အဆင့် နှစ်ယောက်တောင် စောင့်ရှောက်ပေးနေတာ.. အဲ့လောက် မလွယ်ဘူး.. ”
ရှောင်ကျန်းသည် ကူရာကင်းမဲ့သောလေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ဘက်က အတော်လေး ဆုံးရှုံးမှုများသွားလိမ့်မယ်.. ၀ူတန်မြို့မှာ ရှိတဲ့ ကျွန်တော်တို့ ဈေးနေရာကနေ ရတဲ့အကျိုးအမြတ်က အများဆုံးပဲလေ.. ”
တတိယအကြီးအကဲကလည်း အလျှော့မပေးလိုသည့်ဟန် ရှိနေသည်။
ရှောင်ကျန်း၏ နှုတ်ခမ်းစွန်း တွန့်သွားသည်။ ဒီအချိန်မှာ သူသည်လည်း အကြံမထွက်ချေ။
“ ဟိုနေ့က လေလံပွဲမှာ ထူးခြားတဲ့ မှော်ဆေးပညာရှင်က အခွင့်အခါသင့်ရင် ငါတို့နဲ့ အလုပ်အတူတူလုပ်မယ်လို့ ပြောသွားတယ်မလား.. ကုနီတောင် သူ့ကို အရမ်းကို လေးစားပြနေတယ်မလား.. သူ့ရဲ့ အဆင့်က သိပ်နိမ့်မှာ မဟုတ်ဘူး.. အဲ့ဒီလူကသာ ငါတို့ကို ကူညီမယ်ဆိုရင် ဂျားလီကလန်က လုံးဝကို ရှုံးမှာ သေချာတယ်.. ”
စကားတစ်ခွန်းမှ မပြောသေးသည့် ပထမအကြီးအကဲက ရုတ်တရက် လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
“ ဟာ… သူ ဒီလိုပဲ ကြုံရာ ပြောမိတာနေမှာပေါ့ … ဒီလိုဂုဏ်ဒြပ်ရှိတဲ့လူက ငါတို့နဲ့ အကျိုးတူလုပ်ရင် သူ့အတွက် ဘာအကျိုးရှိမှာလဲ အကျိုးအမြတ်နည်းနည်းလေးလောက်နဲ့ သူက ဂရုစိုက်ပါ့မလား.. ”
ရှောင်ကျန်းက ခါးသီးစွာ ရယ်မောလိုက်ပြီ ခေါင်းကို ခါယမ်းလိုက်ကာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး အသက်ပြင်းချလိုက်သည်။
အကြီးအကဲ သုံးယောက်လည်း ငြိမ်ကျသွားသည်။ ဟုတ်တော့ ဟုတ်သည်။ ဂုဏ်ဒြပ်ရှိတဲ့ အဲလိုလူတွေနဲ့ ဆက်ဆံမှုတည်ဆောက်ဖို့ဆိုတာ ရှောင်ကလန်အနေဖြင့် အနည်းငယ် စိန်ခေါ်မှုဆန်သည်။
“ သောက်ကွာ.. ငါတို့ ရက်နည်းနည်းလောက် ထပ်စောင့်လိုက်ရအောင်.. အကယ်လို့ ဂျားလီကလန်က မရပ်သေးဘူးဆိုရင်တော့ ငါတို့ အစွမ်းကုန် လက်တုံ့ပြန်မှာကို လာအပြစ်မတင်နဲ့တော့ဟေ့.. ”
ရှောင်ကျန်းသည် ကုလားထိုင်လက်ရန်းကို တင်းတင်းဆုပ်ထားသည်။ သူ့မျက်လုံးတွင် မိုက်ရဲဆန်သည့် အရောင်များ ဖြတ်ပြေးနေသည်။
အပြင်တံခါးတွင် ခိုးနားထောင်နေသေးသော ရှောင်ယွင်သည် ပခုံးကို တချက်တွန့်လိုက်ပြီ ရင်ဘက်မှာ သိမ်းထားသော သိုလှောင်လက်စွပ်ကို စမ်းလိုက်သည်။ အေးစက်သော လှောင်ပြုံးကို ပြုံးလိုက်ပြီ နှေးကွေးစွာ ပြန်ဆုတ်ထွက်သွားလိုက်သည်။
.....
No comments:
Post a Comment