အပိုင်း ( 70 )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ရှောင်ယွင်သည် ရှင်းအာကို နှုတ်ဆက်လမ်းခွဲထွက်လာခဲ့ပြီးနောက် ကလန်ကနေ တိတ်တခိုးလေး ပြန်ထွက်လာခဲ့သည်။ ခြေလှမ်းရပ်ပြီး လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် ဂျားလီကလန်ပိုင်ဆိုင်သည့် အနီးဆုံးဈေးနေရာကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ကလန်အကြီးအကဲတွေ ရင်ဆိုင်နေရသည့် ပြဿနာတွေကို ကူညီပေးဖို့ သူ စိတ်မ၀င်စားပေမဲ့ သူ့အဖေကိုတော့ တတ်နိုင်သလောက်တော့ ကူညီချင်သည်။ အကူအညီပေးနိုင်ဖို့အတွက် သူ ပထမဆုံးစဉ်းစားလိုက်သည့်အရာက ဂျားလီဈေးကို သွားလေ့လာရန်ဖြစ်သည်။
ဂျားလီကလန် ပိုင်ဆိုင်ထားသည့် ဈေးငယ်မှာ အစွန်းအဖျားကျပြီး လူအနည်းငယ်လောက်သာ စည်းကားတတ်သည့် နေရာသာ ဖြစ်သည်။ ဒါပေမဲ့ ရှောင်ယွင် ဈေးထဲကို လျှောက်ဝင်သွားသည့် အချိန်မှာတော့ ဈေးလမ်းမှာ လူများ ပြည့်ကျပ်နေလျက်ရှိပြီး ဆူညံအော်ဟစ်သံများ နားမခံအောင် ဆူညံလို့နေသည်။
လမ်းမကျယ်တွင် လူများ တွန်းတွန်းတိုက်တိုက်ဖြင့် တိုးဝှေ့နေကြသည်။ တချို့ ဗလတောင့်တောင့်နှင့် လူတွေကျတော့ အော်ဟစ်ပြီးတော့ လူအုပ်ကြားထဲကို အတင်းပင် လမ်းဖယ်ခိုင်းပြီး တိုးဝင်နေကြပြန်သည်။ ထိုလူကြီးတွေထံမှ သွေးစိမ်းနံ့ ခပ်ပြင်းပြင်းလေး ရနေ၍ သူတို့သည် သေချာပေါက် ကြေးစားအမဲလိုက်မုဆိုးများ ဖြစ်ကြမည်။ အသက်အန္တရာယ်နှင့် အမြဲတစေ ကြုံတွေ့နေကြသူမို့ သူတို့သည် အသက်ကယ်ဆေးများကို အရမ်းသဘောကျကြသည်။ အန္တရာယ်ကြီးမားသော နယ်မြေတွင် သူတို့၏ ရဲဘော်တွေ၏ အသက်ဘေးအတွက် အနာကျတ်ဆေးဆိုသည်မှာ အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
ဈေးအ၀င်ပေါက်နေရာတွင် မတ်တပ်ရပ်နေရင်း ရှောင်ယွင်သည် အချို့သော အမဲလိုက်သူများ သစ်သေတ္တာငယ်များကို ပိုက်ပြီး လူအုပ်ကြားထဲကနေ မြူးတူးစွာ တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
“ အင်း အဲ့ဒီ သေတ္တာတွေက နွေဦးပြန်လာခြင်း ဆေးကို ထည့်ထားတာဖြစ်ရမယ်.. ”
ရှောင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ဈေးလမ်းထဲ ၀င်ပြီး လူအုပ်ကြားထဲကို အစွမ်းကုန်ပဲ တိုးဝင်သွားလိုက်သည်။ နွေဦးပြန်လာခြင်းဆေးကို ရွှေဒင်္ဂါး ၁၀၀ တိတိသုံးပြီး တစ်သေတ္တာစာ ၀ယ်လာခဲ့လိုက်သည်။
ဆေးသတ္တာကို ပိုက်ပြီး နောက်တဖန် လူအုပ်ကြားထဲကနေ တစ်ခါ ဒုက္ခသုက္ခခံပြီး တိုးထွက်လာခဲ့ပြန်သည်။ နောက်ဆုံးမှာတော့ ရှောင်ယွင် ပေါ့ပါးစွာ အသက်ရှုလို့ ရသွားခဲ့သည်။ မျက်နှာက မာကျောပြီး စိတ်မရှည်လှသော ဆေးရောင်းသမားမျက်နှာကို ပြန်တွေးပြီး ရှောင်ယွင် စိတ်ထဲကနေ ဒေါပွပွဖြင့် ဆဲပေးလိုက်သည်။
“ ခွေးမသားတွေ.. နေရာယူပြီးတော့ သူများကို အနိုင်ကျင့်တဲ့ကောင်တွေ ”
ဆေးသေတ္တာကို ပိုက်ပြီး ရှောင်ယွင် ဈေးကနေ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ထို့နောက် ဆေးသေတ္တာအဖုံးကို ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။ အထဲတွင် အကြမ်းထည်ဆန်သော ပစ္စည်းဖြင့် လုပ်ထားသော ပုလင်းငယ် ၁၀ လောက်ကို တွေ့လိုက်ရသည်။ အရည်အသွေးနိမ့်သော ကျောက်စိမ်းအသားဖြင့် လုပ်ထားသော ပုလင်းမှန်း သိသာသည်။ ဒီလို ပစ္စည်းမျိုးဖြင့် လုပ်ထားသော ပုလင်းဖြင့် ဆေးအစွမ်းကို အကောင်းဆုံး အချိန်ကြာကြာ ထိန်းပေးနိုင်မှာ မဟုတ်ပါဘူး။
ပုလင်းတစ်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ အထဲမှာ အလွန်အားနည်းသော ဆေးအနံ့ထွက်နေသည့် အစိမ်းပျော့ပျော့အရောင် ဆေးအရည်ကို တွေ့လိုက်ရသည်။
“ ဆရာရေ.. ဒီလိုဟာကို ဆေးလို့ နာမည်တပ်ခေါ်လို့ ရလို့လား.. ”
အာနိသင်ပင် သိပ်မရှိလှသော ဆေးကို ကြည့်ပြီး ရှောင်ယွင် မနေနိုင်ဘဲ ရင်ထဲမှာ မေးလိုက်မိသည်။
“ အင်း.. ဒဏ်ရာကျက်စေတဲ့ အာနိသင် နည်းနည်းပဲပါတဲ့ အဆင့်နိမ့် အနာကျတ်ဆေးလို့ သတ်မှတ်ရမှာပဲ.. ဒီလိုဆေးမျိုးက ဖော်ရတာ ဘာမှ မခက်ဘူး.. ရိုးရှင်းတယ်.. ဈေးပေါပေါနဲ့ပဲ ရောင်းလို့ရမယ်... အဲဒါကြောင့် အချို့ အဆင့် ၁ မှော်ဆေးပညာရှင်တွေတောင် ဒီလိုဆေးမျိုး ဖော်စပ်ရောင်းချဖို့တောင် စိတ်မပါကြဘူး.. ”
“ ဟုတ်တယ်.. ဒါက တကယ်ကို ဈေးပေါတာပဲ.. ဆယ်ပုလင်းကို ရွှေဒင်္ဂါး ၁၀၀ ဆိုတော့ တစ်ပုလင်းမှ ၁၀ ပဲ.. ဒီလို ဈေးနှုန်းက မှော်ဆေးပညာရှင်တစ်ယောက်အတွက် ရှက်စရာပါပဲ.. ”
ရှောင်ယွင်က ခေါင်းတညိတ်ညိတ်ဖြင့်.. နေပြီးနောက် ခနအကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
“ ဆရာ.. ဒီဆေးထက် နည်းနည်းပိုကောင်းတဲ့ ဆေးမျိုး ရှိလား.. ”
“ အများကြီး.. ဒါပေမဲ့ ဒီဆေးတွေက အဆင့်အများကြီး နိမ့်နေလို့ ဒါမျိုးကို ဖော်စပ်ပြီး မရောင်းဖူးပေါင်.. ”
ရွဲ့လော်က ခနရပ်လိုက်ပြီး ဆက်ပြောသည်။
“ အဲ့ဒီဆေးတွေကို ရှောင်ကလန်အတွက် ဖော်စပ်ပေးချင်လို့လား.. ကောင်းတယ် မင်းက ဒိုကျဲအဆင့်ရောက်နေပြီးဆိုတော့ အဆင်ပြေတာပေါ့.. ကဲ ဆေးအချို့တွေကို မင်းလက်နဲ့ ဖော်စပ်ကြည့်ဖို့ အချိန်ရောက်ပြီးပေါ့… ”
“ ဟမ်… ကျွန်တော်ဖော်ရမှာလား..?”
ရွဲ့လော်စကားကြောင့် ရှောင်ယွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ ဒီလိုဆေးမျိုးတွေကိုတောင် မင်းက ငါ့ကို ကိုယ်တိုင်လုပ်စေချင်လို့လား. ”
ရွဲ့လော်က မပျော်ရွှင်စွာဖြင့် မျက်နှာကို ရှုံ့မဲ့လိုက်ပြီးနောက် ညွန်ကြားချက်တွေကို ပြောပြလိုက်သည်။
“ ပထမဆုံး.. လေလံအိမ်ကိုသွား.. အရည်အသွေးကောင်းတဲ့ ဆေးမီးအိုးတွေ သွားရှာလာခဲ့.. ပြီးတော့ အခြေခံဆေးအမယ်တွေကို အများကြီး ၀ယ်ဖို့လိုတယ်. မှော်ဆေးပညာရှင်အသစ်တစ်ယောက်အနေနဲ့ အစပိုင်းမှာ အတွေ့အကြုံရဖို့ ဆေးတွေ များများ ဖော်စပ်စီရင်ရမယ်… ”
ရှောင်ယွင်သည် စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်လာကာ နှုတ်ခမ်းကို သပ်လိုက်သည်။ ဆေးသေတ္တာကိုလည်း မြောင်းဘေးထဲ လွှင့်ပစ်လိုက်သည်။ ထို့နောက် လေလံအိမ်ဆီကို ဦးတည်ကာ ခပ်သုတ်သုတ်ဖြင့် သွားလိုက်လေသည်။
လေလံအိမ်သို့ မရောက်ခင်မှာလည်း လူမမြင်ရသည့် ထောင့်ချိုးနေရာတစ်ခုကို ၀င်ကာ အနက်ရောင်ဝတ်ရုံကို ထုတ်ဝတ်လိုက်ပြန်သည်။ ထို့နောက် လေလံအိမ်ဆီကို ဖြေးလေးစွာဖြင့် သွားလိုက်သည်။
လေလံအိမ်မှာ ရှိနေသည့် အလုပ်သမားများသည် ရှောင်ယွင်၏ ပုံပန်းသဏ္ဍာန်နှင့် ရင်းနှီးနေပြီးသား ဖြစ်နေလေရာ အဝေးကနေ အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက် ဖြေးလေးစွာ လှမ်းလာနေသည်ကို မြင်သည်နှင့် အလုပ်သမားတစ်ယောက်က လေလံအိမ်ထဲကို လှစ်ခနဲ ပြေးဝင်သွားပြီ ကုနီနှင့် ရဖေးကို သွားအကြောင်းကြားလိုက်သည်။
သူတို့၏ အလုပ်သမားထံမှ အကြောင်းကြားလိုက်သည်နှင့် ကုနီနှင့် ရဖေးတို့ နှစ်ယောက်စလုံး လုပ်လက်စအလုပ်များကို ချက်ချင်းပဲ ရပ်လိုက်ပြီ လေလံအိမ်တံခါးဆီကို သွားကြကာ ရှောင်ယွင်ကို အပြုံးဖြင့် ကြိုဆိုလိုက်ကြပြီ ဧည့်ခန်းဆီကို ခေါ်ဆောင်သွားလိုက်ကြသည်။
“ ဒီတစ်ခေါက်လာတာက အရည်အသွေးကောင်းတဲ့ ဆေးမီးအိုးတစ်လုံးလောက် လိုချင်လို့ပါပဲ.. ”
အိုမင်းသော အသံက အနက်ရောင် အ၀တ်အောက်ကနေ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လက်နှစ်ဖက်က ရေနွေးခွက်ကို ယူလိုက်ပြီး မှုတ်သောက်လိုက်သည်။
တစ်ဖက်လူ၏ ဂုဏ်ဒြပ်ကို သိနေပြီးမို့ ၎င်း တောင်းဆိုချက်ကို ရဖေး မအံ့သြတော့ပါဘူး။ ချိုသာစွာ ခေါင်းညိတ်လိုက်ပြီး အစေခံမလေးတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် အစေခံမလေးကို ခပ်တိုးတိုးလေး ညွန်ကြားပေးလိုက်ပြီး လက်ခါပြ သွားခိုင်းလိုက်သည်။
“ ဟားဟား.. လူကြီးမင်းကတော့ အချိန်အခါကောင်းကို ရောက်လာခဲ့တာပဲ.. မနက်တုန်းကပဲ မီးတောက်ပြင်းနဲ့ သန့်စင်ထားတဲ့ ဆေမီးအိုးတစ်လုံး လေလံအိမ်ကို ရောက်လာပါတယ်.. အဲ့ဒီဆေးမီးအိုးကို ဂျားမာအင်ပါယာမှာ နာမည်ကျော်ကြားတဲ့ ဆရာဟီအာ ဆိုတဲ့ ပန်းပဲဖိုဆရာတစ်ယောက်က ပြုလုပ်ထားတာ… ဒီဆေးမီးအိုးက ဒိုချီမီးတောက်ကို အားမြှင့်ပေးရုံတင်မကဘူး.. ရှားပါးတဲ့ သတ္တုမျိုးကို အသုံးပြုထားလို့ ဆေးဖော်စပ်တဲ့နေရာမှာ အောင်မြင်ဖို့အခွင့်အလမ်းလည်း ပိုများတယ်..အဲဒီနေ့ကဆို ဂျားမာအင်ပါယာ တော်ဝင်မှော်ဆေးပညာရှင်တွေတောင် တော်တော် ချီးကျူးကြသေးတာ.. ”
ရဖေးက ပြုံးကာ ရှင်းပြလိုက်၏၊ သူမမျက်လုံးတွေက ညှို့ဓာတ်အပြည့်ဖြင့် ဆွဲဆောင်လို့ နေသည်။
“ အင်းး.. ”
အိုမင်းတဲ့အသံမှာ အနည်းငယ်ကျေနပ်သွားသည့် လေသံပေါက်နေသည်။ အနည်းငယ်ဟန်ုပြင်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။
“ ဒါဆိုရင်..ကျွန်တော့်အတွက် အဆင့်နိမ့် သိုလှောင်လက်စွပ်လေးတစ်ခု လုပ်ပေးပါ.. အဲ့ဒီအထဲမှာ အခုပြောမဲ့ ဆေးအမယ်တွေ ထည့်ပေးပါ.. သွေးခဲမြက်ရိုး အခု ၅၀၀.. အရိုးကြိးထွားပန်းပွင့် က အပွင့် ၆၀၀ … ဘိန်းပန်းက အပွင့် ၅၀၀.. နောက် အသက်ဝင်သစ်သီး.. အလုံး ၅၀၀.. နောက်….”
တောင်းဆိုသည့်အရာတွေကို ကြားလိုက်သည့်အခါမှာတွင်တော့ ကုနီမှာ မျက်လုံး အနည်းငယ် ပြူးသွားလေသည်။ အဆင့်နိမ့် သိုလှောင်လက်စွပ်တစ်ခုသည် အနည်းဆုံး ရွှေဒင်္ဂါး ၇၀၀၀၀ ကနေ ၈၀၀၀၀ အထိ တန်ဖိုးရှိသည်။ တဖန် နောက်ဆက်တွဲ ပြောလိုက်သော ဆေးအမယ်တွေမှာ မရှားလှသည့် ဆေးအမယ်တွေ ဖြစ်သော်လည်း မမာဏများစွာ မှာယူသည့်အခါမှာတော့ ကုန်ကျမည့် ငွေကြေးအရေအတွက်က ရွေှ့ဒင်္ဂါး တစ်သိန်းအောက်ထက်တော့ လျော့နည်းမှာ မဟုတ်ပါဘူး။ နောက်ဆုံး ရဖေး လေလံဆွဲခဲ့သည့် ဆေးမီးအိုးတောင်မှ ရွှေဒင်္ဂါး တစ်သိန်းခွဲလောက် ကျသင့်မည်။ အားလုံးပေါင်းလိုက်ရင် ရွှေဒင်္ဂါး သုံးသိန်းမရှိဘဲနှင့် တာဝန်ယူ လုပ်ဆောင်ပေးဖို့ ခက်လှသည်။
ရဖေးသည်လည်း ၎င်းတောင်းဆိုချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒီလေလံအိမ်တော်ကို သူမတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူမမှာ အကျိုးအမြတ်များနှင့် အရောင်းအ၀ယ်စာရင်းများကို ဋ္ဌာနချုပ်သို့ သတင်းပို့ရချေသေးသည်။ အရံငွေထဲမှာ ရွှေဒင်္ဂါး သုံးသိန်းကို တစ်ဦးတည်းအတွက် သုံးဖို့က ဘယ်လိုမှ မဖြစ်နိုင်သည့်အရာပင်။ သုံးခဲ့ရင်လည်း သူမအထက်လူကြီးများက သေချာပေါက် တွေ့သွားပေလိမ့်မည်။
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ကာ အချိန်အနည်းငယ်ယူ စဉ်းစားလိုက်သည်။ အဆင့် ၄ မှော်ဆေးပညာရှင်တစ်ယောက်ဆီက ရရှိလာမည့် အကျိုးအမြတ်ကို ချိန်ထိုးစဉ်းစားလိုက်ပြီးနောက် ရဖေးသည် အေးဆေးသက်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ ဆရာကြီးရှင့်… တစ်နာရီအတွင်း အားလုံးကို ပြင်ဆင်လိုက်ပါ့မယ်ရှင့် ”
“ ဟားဟား .. ကောင်းတယ်.. ”
ဒါဟာ ပထမဆုံးအကြိမ် ရဖေးအရှေ့တွင် ရွဲ့လော်၏ ပြောင်းလဲခြင်းမရှိသည့် လေသံနေရာမှာ စိတ်ကျေနပ်သည့် ရယ်မောသံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နူညံ့သည့် လက်က အနက်ရောင်ဝတ်ရုံအောက်မှာ တိုးထွက်လာကာ အပြာရောင် ကျောက်စိမ်းကတ်တစ်ခုကို စားပွဲပေါ်တင်လိုက်သည်။ ရွဲ့လော်က ပြုံးရင်း ပြောလိုက်သည်။
“ ဒီပိုက်ဆံက လုံလောက်ရဲ့လား ဆိုတာ ငါလည်း သေချာမသိဘူး.. ဒါပေမဲ့ ချီစုစည်းဆေးလုံးအတွက် ဆေးအမယ်တစ်စုံကိုလည်း ပေါင်းထည့်ပေးပါဦး ”
ပြောလိုက်သည့်စကားကို ကြားလိုက်တော့ ကုနီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားချေသည်။ ချီစုစည်းဆေးလုံးအတွက် နောက်ထပ် ဆေးအမယ်တစ်စုံလား.. အဲဒါဆို နောက်ထပ် ရွှေဒင်္ဂါး ၅၀၀၀၀ ဖိုး မဟုတ်ဘူးလား..?
ရဖေး၏ နှုတ်ခမ်းသည် အနည်းငယ်ဟ သွားပြီ ဒေါသလည်း အနည်းငယ် ထွက်သွားခဲ့သည်။ ဒါပေမဲ့လည်း တောင်းဆိုသည့်သူက အဆင့် ၄ မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်နေသည်။ ဒါက အရမ်းကို လွန်လွန်းလှသည်။
သူမသည် ဒေါသထွက်သွားခဲ့ပေမဲ့ ခံစားချက်ကို ရင်ထဲ သိမ်းထားလိုက်သည်။ အနည်းငယ်ပင် သူမမျက်နှာပေါ်မှာ မပေါ်လွင်စေခဲ့ပါဘူး။ အပြုံးမျက်နှာကိုသာ ပန်ဆင်ထားလိုက်သည်။ သူမကိုယ် သူမပြန်တွေးလိုက်ကာ စိတ်ထဲ ခါးသီးစွာ ရယ်မောလိုက်ချေသည်။ တစ်ခါတစ်လေတော့ ကောင်းမွန်သည့် အရာအတွက် စွန့်လွှတ်ရသည်ဟု သူမကိုယ် သူမ သတိပေးနေလိုက်သည်။ သူမမှာ ရွေးချယ်စရာတော့ မရှိပါဘူး။ ပင့်သက်ရှိုက်ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဟဟ.. ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက် နားလည်မှုလွဲနေတယ် ထင်တယ်.. အဲဒီ ဆေးအမယ်တစ်စုံက ကျွန်တော့်အတွက် မဟုတ်ပါဘူး.. ခင်ဗျာတို့က ကူညီပေးတဲ့အတွက် ချီစုစည်းဆေးလုံးကို ဖော်စပ်ပေးဖို့ စဉ်းစားလိုက်တာပါ.. ဒီဆေးအမယ်တန်ဖိုးကို ခင်ဗျားတို့နှစ်ယောက် စိုက်ရတာ တန်ဖိုးသိပ်မများပါဘူးနော်.. ”
အိုမင်းသော ရယ်မောသံက အေးစက်စွာ ထွက်ပေါ်လာသည်။
အနည်းငယ် မှင်တက်သွားပြီးနောက် လှပသော မျက်နှာငယ်လေးမှာ ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်။ ကျေနပ်ဖွယ်ကောင်းသော အံ့သြစရာကြောင့် ရဖေး တစ်ချက်တော့ အသိစိတ်လွတ်သွားခဲ့သည်။ အချိန်အနည်းငယ်အတွင်းမှာပဲ ရဖေးသည် မြူးရွှင်သွားသည့် သူမမျက်နှာကို ထိန်းချုပ်လိုက်နိုင်ကာ ပြန်တည်လိုက်ခဲ့သည်။ သူမလိုပင် ပျော်ရွှင်နေသည့် ကုနီနှင့် မျက်လုံးချင်း တွေ့ဆုံလိုက်ကာ ထို့နောက် သာယာသော အသံဖြင့် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ ဒါဆိုရင် လူကြီးမင်းကို ကျေးဇူးအထူးတင်ရှိပါတယ်.. ”
No comments:
Post a Comment