Followers

Chapter 139

အပိုင်း (၁၃၉ ) နီလာခရမ်းအမြုတေကို ရယူခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle through the Heavens
++++++++++++++++

“ အဆင့် ၃.. ဟုတ်လား.. ”

ထိုစကားကို ကြားရမှ ရှောင်ယွင်လည်း နဖူးက ချွေးကို ကောင်းကောင်း သုတ်နိုင်တော့သည်။ သူ့ကိုယ်ထဲမှာ ယွင်ချီထည့်ပေးထားသည့် ဒိုစွမ်းအင်တွေက ရှိနေသေးသော်လည်း ထို ခုခံအားကောင်းသည့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်ကို ရှင်းပစ်ဖို့က သူ့အတွက် မလွယ်ကြောပင်။

မြေပြင်မှာ လှဲအိပ်နေသည့် နီလာခရမ်းတောင်ပံခြင်္သေ့ကို ရှောင်ယွင် မျက်မှောင်ကြုတ်ပြီ ကြည့်နေ၏။ အချိန်အတော်ကြာအထိ စဉ်းစားနေပြီးမှ ရွဲ့လော်ဘက်ကို လှည့်ပြီ မေးကြည့်လိုက်သည်။

“ ဆရာ.. ဆရာက ဘာလို့ ဒီကောင်လေးကို မသတ်တာလဲ.. ”

“ အေးလေ.. မှော်သားရဲတောင်တန်းကို မဝင်ခင်ကတည်းက မင်းကို ငါ ပြောထားပြီးပြီလေ..၊ မင်းဘာသာ မင်းအားကိုးရမှာလေ..၊ မင်းအတွက် အသက်အန္တရာယ်မရောက်သရွေ့တော့ ငါက မင်းကို ဝင်ကူညီမှာ မဟုတ်ဘူး.. ”

ရွဲ့လော်က ပြုံးလိုက်ပြီ ရှောင်ယွင်ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ ဟောဗျာ.. ဆရာက အကြင်နာမဲ့တာပဲဗျာ.. ”   ရှောင်ယွင် မျက်မှောင်ကုတ်ပြီ ရွဲ့လော်ကို လက်ခလယ် ထောင်ပြလိုက်သည်။ ထို့နောက် စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်ပြန်သည်။

“ ကဲလေ.. ဒီကောင်ကို မနိုင်ဘူးလို့ ငါကိုယ့်ငါ မယုံဘူးကွာ.. ”

“ ဒီကောင်ကို မင်းတစ်ခါတည်း ရှင်းဖို့ မရည်ရွယ်ထားပါဘူးနော်.. ဟုတ်တယ်မလား.. ၊ ဒီကောင်က အရွယ်အစားသာ မကြီးတာ.. အဆင့်၃ မှော်သားရဲအထဲမှာတော့ အသန်မာဆုံးပဲ..၊ မင်းရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ဆိုရင်တော့ ဒီအဆင့်ရှိတဲ့ ဒိုသိုင်းကို သုံးမယ်ဆိုရင်တောင် မင်း သူ့ကို သတ်ဖို့ ခဲယဉ်းနေဦးမှာပဲ.. ”

ရွဲ့လော်က စိတ်ပူသော လေသံဖြင့် ပြောလိုက်သည်။ 

“ ဒီကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရင်တော့ အဲဒါ ကျနော် ရူးနေလို့ပဲ.. ”    ရှောင်ယွင်မှာ ကျောက်တုံးကြီးတစ်တုံးအား မှီပြီ ထိုင်ချလိုက်သည်။ ထို့နောက် သူ့လက်စွပ်အထဲကနေ ပစ္စည်းအစုံပလုံများစွာတို့ကို ထုတ်ယူပြီ လှန်လှောရှာဖွေလိုက်သည်။ နောက်ဆုံးတွင်တော့ ခရမ်းရောင်ခပ်ဖျော့ဖျော့ သစ်သီးတစ်လုံးနှင့် အစိမ်းရောင်အရည်ပါသည့် ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“ ခရမ်းမီးခိုးသစ်သီးလား. ”

ရှောင်ယွင်လက်ထဲက သစ်သီးကို မြင်လျှင် ရွဲ့လော်က တိုးသက်စွာ မေးလိုက်သည်။ 

“ ဟ.. မီးအမျိုးအစားမှော်သားရဲတွေ ကြိုက်တတ်တဲ့အရာကို မင်းကောင်းကောင်း သိသေးတာပဲ.. ”

ခရမ်းမီးခိုးသစ်သီးဆိုတာ မှော်သားရဲတောင်တန်းအထဲမှာပဲ ရှိသည့် ရှားပါးသစ်သီး ဖြစ်သည်။ သစ်သီးအထဲမှာ မီးစွမ်းအင်အချို့ ပါဝင်နေသည်။ ထို့ကြောင့် မီးအမျိုးအစားမှော်သားရဲတွေက ထိုသစ်သီးမျိုးကို ကြိုက်နှစ်သက်ကြခြင်း ဖြစ်သည်။ 

ရွဲ့လော်ပြောတာကို ရှောင်ယွင် လျစ်လျူရှုလိုက်ပြီနောက် ဖန်ကဲ့သို့ အပ်ပါဝင်သည့် ပြွန်ချောင်းတစ်ခုကို ထပ်ထုတ်ပြီ အစိမ်းရောင်အရည်ပါသည့် ပုလင်းအထဲသို့ နှစ်လိုက်သည်။ ထို့နောက်တွင်တော့ အစိမ်းရောင်အရည်ကို စုပ်ယူလိုက်ပြီးလျှင် သစ်သီးအထဲသို့ ဂရုတစိုက်ဖြင့် ထိုးသွင်းလိုက်သည်။

“ အိုး.. မင်းက အဆိပ်သုံးမလို့လား.. ၊ နီလာခရမ်းတောင်ပံခြင်္သေ့က အဆိပ်ဒဏ်ကို အတော်လေး ခံနိုင်ရည်ရှိတယ်နော်..၊ အခု မင်းဖန်တီးထားတဲ့အဆိပ်နဲ့ အဲဒီကောင်ကို သတ်နိုင်မယ်လို့ ထင်နေတာလား.. ”

ရှောင်ယွင်၏ လုပ်ပုံကိုင်ပုံကို မြင်လျှင် ရွဲ့လော်က သင်္ကာမကင်းဖြစ်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။ 

“ ဒါက အဆိပ်လို့ ဘယ်သူပြောသတုန်း.. ”    ရှောင်ယွင် နှုတ်ခမ်းသပ်ပြီ ကောက်ကျစ်သည့်အသံဖြင့် ရယ်လိုက်လေသည်။

“ ဒါက ကျနော်ဖော်ထားတဲ့ အစွမ်းထက်ဝမ်းနုတ်ဆေးဗျ..၊ ဒီဆေးကို စားလိုက်မယ်ဆိုရင် အဲ့ဒီကောင်က ဘယ်လိုပဲ ကိုယ်ခံအားကောင်းနေပါစေ.. အိမ်သာတက်နေရာကနေ လုံးဝ မပြန်စေရဘူးလို့ ကျနော် လောင်းရဲတယ်ဗျာ.. ”

“ ကျွတ်စ်.. ကျွတ်စ်.. မင်းမှာ ဖွက်ထားတဲ့ဟာတွေ တယ်များသကိုး..၊ဒါပေမဲ့ အဆင့်၃ မှော်သားရဲကောင်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုတော့ မင်း မလျှော့တွက်သင့်ဘူး..၊ အပြင်ဘက်က အကောင်ကြီးလောက်တော့ ဥာဏ်မမှီပေမဲ့ ဒီကောင်လေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးက အဆင့်၁ အဆင့်၂ မှော်သားရဲကောင်တွေထက် သာပါတယ်..၊ သူတို့ မသိတဲ့အစားဆို စားမှာ မဟုတ်ဘူး.. ”

ရွဲ့လော်က လက်မထောင်ပြပြီးမှ ထိုစကားကို ဆိုလိုက်သည်။ 

“ စားမှာ မဟုတ်ဘူး..? ဟားဟား..  မဖြစ်နိုင်တာ.. ဘယ်လိုပဲပြောပြော.. မှော်သားရဲဆိုတာ မှော်သားရဲပါပဲလေ.. ” 

ထို့နောက် ရှောင်ယွင်က စပ်ဖြီးဖြီး မျက်နှာပေးဖြင့် နောက်ထပ် အနီရောင်အရည်ပါသည့် ပုလင်းတစ်လုံးကို သူ့သိုလှောင်လက်စွပ်ကနေ ထုတ်ယူလိုက်ပြန်သည်။ ထိုပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါတွင် မွှေးပျံ့သော ရနှံ့တစ်ခုက ကြိုင်လှိုင်သင်းပျံ့လာကာ ရှုရှိုက်လိုက်မိသူအား အစာအိမ်ခုန်ထွက်လာမတတ်ကို ဆာလောင်စေနိုင်အစွမ်းရှိပေသည်။

ထိုသို့ အနံ့လေး ထွက်ပေါ်လာသည့်နှင့် ရှောင်ယွင်မှာ ပုလင်းအဖုံးအား ကမန်းကတန်း ပိတ်လိုက်ကာ တိုးတိုးလေး ရေရွတ်ဆိုလိုက်သည်။

“ ဒါက အစားပျက် ခံတွင်းပျက်ရင် သုံးဖို့အတွက် ခံတွင်းပျက်ပျောက်ပန်းပွင့်ကနေ လုပ်ထားတဲ့အရည်ပဲ..၊ ဒီအရည်ကို ခရမ်းမီးခိုးသစ်သီးအထဲ ထိုးသွင်းလိုက်မယ်..၊ ဟင်းဟင်း.. ဒီဆေးအစွမ်းကို ဟိုခြင်္သေ့ကောင် ခံနိုင်ရည်ရှိလိမ့်မယ်လို့ ကျနော် မယုံဘူးဗျ.. ”

ရှောင်ယွင်က သူ့သိုလှောင်လက်စွပ်ကနေ တစ်ခုပြီး တစ်ခု ထုတ်ပြနေသည်ကို ကြည့်ပြီ ရွဲ့လော်မှာ ဆွံ့အနေမိတော့သည်။ ဆေးဝါးသန့်စင်ခြင်းကို လေ့ကျင့်ရန်အတွက် ရှောင်ယွင် ရွေးချယ်ပြုလုပ်ထားသည့် ဆေးအမယ်တွေက ရယ်စရာလည်းကောင်းသလို စိတ်ပျက်စရာလည်း ကောင်းသည်။ ထို့နောက် ရွဲ့လော်ခန္ဓာကိုယ်မှာ အနည်းငယ်မျောလွင့်ပါသလို ဖြစ်ကာ ရှောင်ယွင်ကို နောက်တစ်ကြိမ် မေးမြန်းလိုက်သည်။

“ သစ်သီးကို ခြင်္သေ့က စားလိုက်တယ်ဆိုဦးတော့..၊ ဒီမှာပဲ ကျင်ကြီးစွန့်မယ်ဆိုရင် မင်းအကြံအစည်က မအောင်မြင် ဖြစ်နေဦးမှာပဲ.. ”

“ ကျနော် အထဲဘက်ကို ကြည့်ထားပြီးပြီ..၊ ဒီအထဲမှာ မစင်အညစ်အကြေးပုံတွေ မတွေ့ခဲ့ရဘူးဗျ..၊ လာခဲ့တဲ့ ဂူလမ်းကြောင်းတစ်လျှောက်မှာလည်း မမြင်ရဘူး..၊ ဆိုတော့ နီလာခရမ်းတောင်ပံခြင်္သေ့တွေက သန့်ရှင်းစွာ နေတတ်တဲ့ အကျင့် ရှိတယ်လို့ ယူဆလိုက်တယ်..၊ မှော်သားရဲကောင်ဆိုတာ သန့်ရှင်းမှုဆိုတာ သိတယ်တဲ့လား.. ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ..၊ ထားတော့… ကျနော်ကို မေးခွန်းတွေ ထပ်မမေးနဲ့တော့..၊ ဒါက ကျနော်ခေါင်းထဲကနေ ပေါက်ကရထွက်ကျလာတဲ့ အတွေးလေ.. ဘယ်လိုလုပ် ပြီးပြည့်စုံမှာလဲ..၊ ဒီတော့ ဒါက အလုပ်ဖြစ်လား မဖြစ်လားဆိုတာ ပြောဖို့ ခက်သေးတယ်.. ”

ထိုသို့ ပြန်လည်ဖြေပေးလိုက်ပြီးနောက် ရွဲ့လော်၏ မေးခွန်းကို ရှောင်ယွင် လျစ်လျူရှုလိုက်ကာ ဆက်လက်ပြီ ခရမ်းမီးခိုးသစ်သီးအထဲသို့ ခံတွင်းပျက်ပျောက်ပန်းပွင့်ကနေ ထုတ်ယူထားသည့် အစိမ်းရောင်အရည်များကို ထိုးသွင်းလိုက်သည်။ ပြီးစီးသွားသည့်အခါတွင် ရှောင်ယွင်သည် သစ်သီးလုံးကို ပင့်မြှောက်ကာဖြင့် ရယ်ပြုံးလိုက်သည်။ ထို့နောက် ပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်အထဲ အားလုံး ပြန်သိမ်းလိုက်ပြီးနောက် ခရမ်းမီးခိုးသစ်သီးတို့ကို ဂူအပေါက်ဝတွင် နေရာချလိုက်သည်။

ရှောင်ယွင်သည် သစ်သီးတို့ကို နေရာတကျ ထားလိုက်ပြီးနောက် မြေပြင်ကနေ ခုန်တက်လိုက်ကာ အပေါ်က ဂူမျက်နှာကြက်သို့ ထိုးတက်သွားသည်။ ထို့နောက် လက်နှစ်ဖက်ကနေ စုပ်ငင်အားကို အသုံးပြုကာ ကျောက်ဂူမျက်နှာကြက်တွင် သံမှိုစွဲထားသလို ကပ်နေလိုက်သည်။ 

ဂူအပေါက်ဝတွင် ခရမ်းမီးခိုးသစ်သီးကို နေရာချလိုက်ပြီးသည်နှင့် သစ်သီးသင်းရနှံ့က တအိအိ ပျံ့လွင့်လာသည်။ လေပြည်ညှင်းကြောင့် ထိုရနှံ့က ဂူအတွင်းဝယ် စတင် ဖြန့်ကျက်သွားသည်။

နီလာခရမ်းတောင်ပံခြင်္သေ့ငယ်ကား နှာခေါင်းကို ပွချည်ရှုံ့ချည်လုပ်ရင်း ခပ်ပြင်းပြင်းလေး အနံ့ရှုလိုက်သည်။

ပထမဆုံး တစ်ရှိုက်စာ ရှုသွင်းလိုက်မိပြီးသည်နှင့် ၎င်း၏ အစာအိမ်တွင် ဗိုက်ဆာသည့်အသံများ ကျယ်လောင်စွာ မြည်လာပါတော့သည်။ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးလျှင် ခေါင်းကိုလှည့်၍ ဂူအတွင်း လှည့်ကြည့်ကာ မွှေးရနှံ့ စတင်ထွက်ရှိလာသည့်နေရာကို ရှာကြည့်သည်။ 

အချိန်အနည်းငယ် လိုက်ကြည့်ရင်းမှ နောက်ဆုံးတွင် ခရမ်းမီးခိုးသစ်သီးအား နီလာခရမ်းတောင်ပံခြင်္သေ့ငယ် ရှာတွေ့ရှိသွားသည်။ ပျင်းရိစွာ ထရပ်လိုက်ပြီ ပါးစပ်ကိုဖွင့်ကာ အနည်းငယ် ဟိန်းဟောက် သမ်းဝေပြီးမှ အေးအေးလူလူဖြင့် ဂူအပေါက်ဝသို့ လျှောက်သွားလေသည်။ 

ဂူအဝင်ပေါက်သို့ ရောက်သွားပြီးလျှင် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်သည် ခရမ်းမီးခိုးသစ်သီးအနားကပ်၍ နှာခေါင်းရှုံ့ အနံ့ခံလိုက်သည်။ ချက်ချင်းပင် ခေါင်းကို မော့၍ ဘေးပတ်ဝန်းကျင်ကို သတိထားသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့၏ ခြေဖဝါးဖြင့် ခရမ်းမီးခိုးသစ်သီးကို ညင်သာစွာ ပုတ်လိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးလျှင် အမြီးကိုယမ်းကာ လှည့်ထွက်သွားလိုက်သည်။

နီလာခရမ်းတောင်ပံခြင်္သေ့ငယ် အနောက်လှည့်ထွက်သွားသည်ကို ကျောက်တုံးကြားထဲကနေ ရှောင်ယွင် ကြည့်ပြီ စိတ်ပျက်အားလျော့စွာဖြင့် အသက်ပြင်းချလိုက်သည်။ သူတွေးထားတာထက် ခြင်္သေ့ငယ်၏ စဉ်းစားဥာဏ်က ပိုသာနေပုံရသည်။

ရှောင်ယွင် နောက်ထပ်အကြံတစ်ခုကို ထပ်တွေးနေလိုက်သည့်အချိန်တွင် လမ်းလျှောက်နေသည့် ခြင်္သေ့ငယ်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားကာ ရုတ်တရက် အနောက်ပြန်လှည့်လာခဲ့သည်။ ၎င်းသည် ခရမ်းမီးခိုးသစ်သီးရှိရာသို့ ပြေးလာပြီ လျှာထုတ်ကာ သစ်သီးကို တစ်ခါတည်း မျိုချလိုက်တော့သည်။

ထိုအရာကို မြင်မှ ရှောင်ယွင်လည်း စိတ်လက်ပေါ့ပါးလေတော့သည်။ လေသံတိုးတိုးဖြင့်

“ ဟွန့်.. ငါတောင် စားချင်စိတ်ပေါက်နေတာ.. ဒင်းက မစားဘဲ မနေဘူးဆိုတာ ငါသိတာပေါ့.. ”

ခရမ်းမီးခိုးသစ်သီးအား စားသောက်ပြီးသကာလ နီလာခရမ်းတောင်ပံခြင်္သေ့ငယ်မှာ နီလာခရမ်းကျောက်တုံးဖြင့် ခင်းထားသော မြေပြင်ထက်သို့ သွားအိပ်ပြန်လေသည်။ သို့သော် ခဏအကြာတွင် သူ့ဗိုက်ကနေ အသံစုံ ထွက်ပေါ်လာပြီးလျှင် ရုတ်တရက် ထရပ်လိုက်သည်။ ထို့နောက် ဂူအထဲကို လှည့်ကြည့်လိုက်ကာ နောက်ဆုံးတွင် လျင်မြန်သည့် အရှိန်ဖြင့် ဂူအပေါက်ဝသို့ ပြေးထွက်သွားကာ ဂူလမ်းကြောင်းအတိုင်း ဆက်လက်ပြေးသွားတော့သည်။ 

“ ဟား.. အောင်မြင်ပြီးကွ.. ”    နီလာခရမ်းတောင်ပံခြင်္သေ့ ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ ရှောင်ယွင်လည်း မနေနိုင်ဘဲ ပျော်ရွှင်စွာ အော်လိုက်တော့သည်။ ထို့နောက် ဂူမျက်နှာကြက်ကနေ ခုန်ဆင်းလိုက်သည်။ အချိန်မိနစ်တိုင်းက အရေးကြီးနေ၍ ချက်ချင်းပင် နီလာခရမ်းကျောက်တုံးများ ကာရံတည်ရှိနေသည့် ဂူအတွင်းဘက်သို့ ဝင်လိုက်သည်။

ဂူအတွင်းဘက်သို့ ရောက်လျှင် မတ်တတ်ရပ်နေရင်းမှ ရှောင်ယွင်သည် တဖြည်းဖြည်းပူလာသော သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ သလင်းကျောက်ကို လက်တွင် ကိုင်ထားကာ သူ့အပူချိန်ကို ဦးတည်ချက်ပြတစ်ခုအဖြစ် အသုံးချ၍ နီလာခရမ်းကျောက်တုံးများဖြင့်ပြည့်နေသည့် ဂူအတွင်းတွင် တဖြည်းဖြည်း လှည့်လျှောက်ရှာကြည့်လိုက်သည်။ 

ဂူအတွင်းတွင် အချိန်အတော်ကြာသည်အထိ ရှာဖွေနေရင်း နောက်ဆုံးတွင် နီလာခရမ်းခြင်္သေ့ငယ်အိပ်စက်သည့် ကျောက်တုံးနေရာသို့ ရောက်ရှိလာသည်။ ထိုနေရာသို့ ရောက်လျှင် ရှောင်ယွင် ကိုယ်ကိုကိုင်းပြီ အနီးအနားက နီလာခရမ်းကျောက်တုံးတစ်တုံးချင်းစီကို ခေါက်ကြည့်ကာ အသံစမ်း နားထောင်ကြည့်သည်။

ဘေးနားတွင် ရှိနေသည့် နီလာခရမ်းကျောက်တုံးတစ်တုံးကို လက်ခေါက်ဖြင့် ခေါက်ကြည့်လိုက်သည့်အခါတွင် လိုဏ်ခေါင်းအသံတစ်ခုက ချက်ချင်း ထွက်ရှိလာသည်။

ထိုအသံကို ကြားရသည့်အခါ ရှောင်ယွင် အံ့သြသွားသည်။  သူသည် ညာဘက်လက်ဖြင့် ကျောက်တုံးအား ထိုးလိုက်သည်။  ။ ထိုအခါ ခရမ်းအလင်းက စူးရှစွာ ထိုးထွက်လာလေသည်။ အလင်းရောင်စူးရှမှုကြောင့် ရှောင်ယွင်မှာ မျက်လုံးကို အမြန် ပိတ်လိုက်ရသည်။ 

မျက်လုံးက နာကျင်မှုက တဖြည်းဖြည်းသက်သာသွားသည်နှင့် ရှောင်ယွင် မျက်လုံးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။ အပေါက်ငယ်လေးကနေ အထဲသို့ ချောင်းကြည့်လိုက်သည့်အခါ အတွင်းတွင် လက်သီးဆုပ်အရွယ်ရှိသည့် ထူးခြားစွာ ချွန်ထက်နေသည့် ခရမ်းရောင်ဝိညာဉ်ကျောက်တုံးကို တွေ့ရှိလိုက်ရသည်။ တောက်ပသော အလင်းရောင်များက ကျောက်တုံးထိပ်ဝယ် စီးဆင်းနေကာ အလွန်ပင် လှပသည်။

ချွန်ထက်သည့် ခရမ်းရောင် ဝိညာဉ်ကျောက်တုံးထွက်ပေါ်လာသည့်အခါ ရှောင်ယွင်လက်ထဲက သလင်းကျောက်သည်လည်း မီးကဲ့သို့ ပူပြင်းလာသည်။ ထို့ကြောင့် သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ တဖန် အပေါက်ငယ်ကနေ ခရမ်းရောင်ဝိညာဉ်ကျောက်တုံးကို နှိုက်ယူလိုက်ကာ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြန်သည်။

ခရမ်းရောင်ဝိညာဉ်သလင်းကျောက်တုံးကို ယူလိုက်ပြီးသကာလ ရှောင်ယွင်လည်း ကျောက်တုံးအပေါက်ကို ပုံမှန်အနေအထားအတိုင်း ပြန်လည်ပြုပြင်ထားလိုက်သည်။ ပြီးသည်နှင့် မတ်တတ်ရပ်ပြီး ဂူလမ်းကြောင်းအဆုံးသို့ အသည်းအသန် ပြေးပါတော့သည်။ ဂူလမ်းကြောင်းအတိုင်း ပြေးလာကာ နောက်ဆုံးတွင် ဂူလမ်းကြောင်းနှစ်ကြောင်းဆုံရာသို့ ရောက်ရှိလာသည်။  

ရှောင်ယွင်သည် ထိုနေရာတွင် ရပ်ပြီ ဘေးပတ်ဝန်းကျင်ကို သတိထား အကဲခတ်ကြည့်လိုက်သည်။ မည်သည့်အန္တရာယ်ကိုမှ မမြင်သည်နှင့် ရှောင်ယွင်မျက်နှာက ပျော်ရွှင်စွာဖြင့် နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေရှိရာ နောက်ဂူလမ်းကြောင်းဆီသို့ အရှိန်ကုန် ပြေးသွားလိုက်သည်။ 

အချိန်အတော်ကြာ ပြေးလွှားလာပြီးလျှင် နောက်ဆုံးမှာ အရင်ရောက်ခဲ့ဖူးသည့် နေရာဆီသို့ ရောက်ရှိလာသည်။ ရှောင်ယွင်မှာ ပြေးနေတာကို ကမန်းကတန်းရပ်၊ အထဲကို သေချာ လေ့လာကြည့်ပြီးမှ အထဲဘက်ကို စိတ်ချလက်ချ ဝင်လာခဲ့သည်။

နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေရှိသည့် ကျောက်စားပွဲဆီကို လှမ်းလာကာ ခရမ်းရောင်အလုံးကို တပ်မက်စွာဖြင့် ငေးကြည့်လိုက်သည်။ ထိုအထဲတွင် နီလာခရမ်းခြင်္သေ့အား နောက်အဆင့်တစ်ခုသို့ တက်လှမ်းပေးနိုင်သည့် များပြားလှသော စွမ်းအင်များ ရှိနေပေသည်။ ထိုစွမ်းအင်အား သူ အပြည့်အဝ မစုပ်ယူနိုင်ရင်တောင်မှ သူ့ခွန်အားကို ကြယ်အနည်းငယ်လောက်အထိ တိုးစေနိုင်ပါလိမ့်မည်။ 

ထိုအကြောင်းကို စဉ်းစားလိုက်မိသည်နှင့် ရှောင်ယွင်မှာ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် လက်ဖဝါးကို လှန်လိုက်သည်အခါ ချွန်ထက်သည့် ခရမ်းရောင်ဝိညာဉ်ကျောက်တုံးက သူ့လက်ဖဝါးထက် ရောက်ရှိလာသည်။ 

ရှောင်ယွင် တံတွေးကို မျိုချလိုက်ကာ ကျောက်စားပွဲပေါ်က ခရမ်းရောင်အလုံးအား ကြည့်ပြီ စိတ်ထဲမှာ မသေချာသည့်လေသံဖြင့် မေးလိုက်သည်။

“ ဒါကြီးကို ရိုက်ခွဲရမှာလားဟင်.. ”

“ ငါတော့ အဲလိုတော့ ထင်တာပဲ.. ငါလည်း ဘယ်တုန်းက မလုပ်ခဲ့ဖူးဘူး.. ”  

ရွဲ့လော်၏ မသေချာ မရေရာသော အသံကလည်း လက်စွပ်ကနေ ထွက်ရှိလာသည်။ ( ဂျင်းဆရာ…😛😛 )

“ တစ်ခုခု ဖြစ်သွားရင် အဲဒါ ဆရာ့ကြောင့်ပဲ.. ” 

ရွဲ့လော်၏ မရေရာသည့် လေသံက ရှောင်ယွင်အား အနည်းငယ် တုန်လှုပ်သွားစေသည်။ ဒါပေမဲ့ သူ့မှာ ထပ်တွေးဖို့ အချိန်မရှိတော့ချေ။  လက်ထဲမှာ ခရမ်းရောင်ဝိညာဉ်သလင်းကျောက်ကို ဆုပ်ကိုင်ကာ ခရမ်းရောင်အလုံးကို ထိုးစိုက်ချလိုက်သည်။

“ ခရက်.. ”   ခရမ်းရောင်ဝိညာဉ်သလင်းကျောက်ကား ခရမ်းရောင်အလုံးထိပ်ပေါ်သို့ ထိမှန်သွားသည်။ ခဏတာ တိတ်ဆိတ်သွားပြီနောက် ကွဲအက်ရာလမ်းကြောင်းများ စတင်ဖြစ်ပေါ်လာသည်။ သိပ်မကြာလိုက်..၊ လမ်းကြောင်းများ ဟပြဲလာကာ ဘန်းခနဲ အသံနှင့်အတူ အလုံးမှာ အပိုင်းအစအဖြစ် ကွဲအက်ပါတော့သည်။

နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေ ကွဲသွားသည်နှင့် ခရမ်းရောင်အရည်များ ယိုစီးထွက်ကျလာသည်။ ကျောက်စားပွဲတစ်ဝက်ကိုပင် စိုစွတ်သွားစေခဲ့၏။

“ မြန်မြန်လုပ်ပါဟ.. အဲဒီအရည်ကို ကျောက်စိမ်းပုလင်းထဲ အထဲထည့်လိုက်.. အဲဒါက နီလာခရမ်းအဆီအနှစ်ပဲ.. ”   

အရည်တွေက ထွက်ကျလာသည်နှင့် ရွဲ့လော်မှာ အသည်းအသန် အော်ပြောလိုက်လေ၏။

ရွဲ့လော်အသံဆုံးသည်နှင့် ရှောင်ယွင်မှာ ခေါင်းနားပန်းကြီးနေရာမှ ချက်ချင်း ကျောက်စိမ်းပုလင်းအချို့ကို သိုလှောင်လက်စွပ်မှ ထုတ်ယူလိုက်ပြီးလျှင် နီလာခရမ်းအဆီအနှစ်ကို ရနိုင်သမျှ အတတ်နိုင်ဆုံး ခပ်ယူပါတော့သည်။ 

နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေမှာ အင်မတန် ပူပြင်းသော်လည်း အထဲက အဆီအနှစ်မှာ ထူးခြားစွာ နွေးနွေးလေးသာ ရှိနေပါသည်။

အမြုတေ၏ အပြင်ခွံမှာ အရွယ်ကြီးသော်လည်း အထဲက အဆီအနှစ်ကိုတော့ ခြောက်ပုလင်းလောက်သာ ရှောင်ယွင် အရယူနိုင်ခဲ့သည်။ 

နီလာခရမ်းအဆီအနှစ် လက်ကျန် နောက်ဆုံးတစ်စက်ကို သိမ်းလိုက်ပြီးနောက် ရှောင်ယွင်သည် နီလာခရမ်းအဆီအနှစ် ပေလူးနေသည့် ကျောက်စားပွဲကို နှမြောတသစွာ ကြည့်လိုက်မိသည်။ အသည်းထဲကနေ နာကျင်ရသလို နှုတ်ခမ်းထောင့်သည်လည်း တွန့်ကွေးနေရလျက်..။ အချိန်အတော်ကြာအထိ ငေးကြည့်နေပြီးမှ ရုတ်တရက် ရှောင်ယွင်သည် ကျောက်စားပွဲကို ခုန်တက်ကာ ပေလူးကျန်နေသည့် နီလာခရမ်းအဆီအနှစ်တို့အား လျှာဖြင့် လိုက်လျက်ပါတော့သည်။ ရွဲ့လော်မှာ အံသြခြင်းကြီးစွာ ကြောင်ငေးမှင်တက်နေပါတော့သည်။ 
 
“ ဟာကွာ.. မင်းကတော့ တကယ့် ပေကတ်ကတ်ကောင်ပဲကွ.. ” 

ရှောင်ယွင်၏ အပြုအမူကို ကြည့်ပြီ ဆွံ့အသွားသည့် ရွဲ့လော်မှာ ရှောင်ယွင်ဆဲတတ်သည့်စကားလုံးအတိုင်း  အတုယူကာ သူ့တပည့်ကျော်အား ပီယဝါစာစကားဖြင့် ကောင်းကောင်း ဆဲဆိုပါတော့သည်။
+++++++++

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...