64 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 64: ဒိုချီစုစည်းဆေးလုံးဖော်စပ်ခြင်း
" အရိုးအေးစိမ့်မီးတောက်ကို ရဖို့အတွက် ငါဟာ မှောင်မဲတဲ့ နေရာတစ်ခုမှာ အလင်းရောင်မရှိဘဲ ၈ နှစ်တိတိစောင့်နေခဲ့ရတယ်.. ပြီးတော့ မီးတောက်ကို လက်ခံယူသွင်းတဲ့အချိန်မှာလည်း ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားပေးမဲ့ ငါဟာ ပြာဖြစ်လုနီးပါးကို လောင်ကျွမ်းခံခဲ့ရတယ်.. "
ရွဲ့လော် အသက်ပြင်းချပြီး ခေါင်းကို ယမ်းလိုက်မိသည်။ အမြဲလိုလို တည်ငြိမ်ဆေးအေးသည့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့်အရိပ်အယောင်ကို ရှားရှားပါးပါး မြင်တွေ့နေရသည်။ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်သည် ယခုထိ ရွဲ့လော်အပေါ် နက်နက်ရှိုင်းရှိုင်းကို လွှမ်းမိုးနေဆဲဟု မြင်ရသည်။
" ဟားဟား.. အရိုးအေးစိမ့်မီးတောက်ကို ယူရတာ အရမ်းကို အန္တရာယ်များပေမဲ့လည်း နောက်ဆုံးတော့ ငါ ရခဲ့တာပဲ... ပေးဆပ်ရတာနဲ့ ထိုက်တန်ပါတယ်လေ..."
ရွဲ့လော် လက်ထဲက အဖြူရောင်မီးတောက်ကို ဂုဏ်ယူစွာဖြင့် ဝှေ့ယမ်းမြှောက်လိုက်ပြီးနောက် ပြုံးလိုက်သည်။
" ကောင်းကင်ဘုံမီးတောက်သာ ရှိမယ်ဆိုရင် ဆေးလုံးကို ပိုပြီး အရည်အသွေးကောင်းအောင် ဖော်စပ်နိုင်သလို အဆင့်ချင်းတူတဲ့ ရန်သူတစ်ယောက်နဲ့ ယှဉ်ပြိုင်မယ်ဆိုရင်တောင် အဲ့ဒီလူက မင်းကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး.. "
အဲ့ဒီစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင်တစ်ယောက် အဖြူမှိုင်းမှိုင်းအရောင်ဖြင့် တောင်လောင်နေသော မီးတောက်ကို ကြည့်ပြီး သူ့မျက်နှာမှာ မနာလိုခြင်းတွေ ဖြစ်ပေါ်လာခဲ့သည်။
ရှောင်ယွင်မျက်နှာပေါ်က မနာလိုခြင်းတွေကို မြင်လိုက်သည့်အခါမှာ ရွဲ့လော် တစ်ချက်ရယ်မောလိုက်လေသည်။ ထို့အပြင် သူ့မျက်နှာမှာလည်း ခပ်ညစ်ညစ်အမူအရာအချို့ ဖျတ်ခနဲ ဖြစ်ပေါ်လာခဲ့သည်။ လေသံမှာလည်း ပြောင်းလဲသွားကာ ..
" ကောင်းကင်ဘုံမီးတောက်ဆိုတာ မင်းနဲ့ အလှမ်းဝေးနေသေးတယ်.. အခုလောလောဆယ် အရေးကြီးဆုံးက မင်း ဒိုကျဲအဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်ဖို့ပါပဲ.. "
ရှောင်ယွင် စိတ်မကောင်းဖြစ်စွာနဲ့ပဲ ခေါင်းညိတ်လိုက်သည်။ လောလောဆယ် ကောင်းကင်ဘုံမီးတောက်အား သွားရည်ယိုနေခြင်းကို နောက်ဆုတ်ပြီး တကယ့်လက်တွေ့ဘဝကို ရင်ဆိုင်ဖို့ စိတ်ကို ပြင်ဆင်ထားလိုက်သည်။
ရှောင်ယွင်၏ အသိသတိပြန်ဝင်လာသည်ကို ကြည့်၍ ရွဲ့လော် အသာအယာပြုံးလိုက်သည်။ ထို့နောက် သူ့လက်ဖဝါးပြင်ကနေ အဖြူရောင်မီးတောက်သည်တဟူးဟူး အုံကြွ တိုးထွက်လာပြန်ပြီး မီးတောက်စငယ်များ လေထဲ ကွယ်ပျောက်သွားခဲ့သည်။
သူ့၏ တခြားလက်တစ်ဖက်က မင်နက်အရောင် ကြာပင်ခိုင်ကို ယူလိုက်ပြီး မီးတောက်ထဲကို ညင်သာစွာ ထည့်လိုက်သည်။ အရိုးအေးစိမ့်မီးတောက်နှင့် ထိတွေ့လိုက်သည့် ခဏအတွင်းမှာပဲ ကြာပင်မှာ ချက်ချင်း လောင်ကျွမ်းသွားပြီး မီးတောက်ကြားထဲမှာ မင်ရည်လုံးကဲ့လို့ နက်မှောင်ရွှန်းစိုသော အရည်လုံးသဏ္ဍာန်ပြောင်းလဲသွားသည်။
အဖြူရောင်မီးတောက်မှာ တဖြည်းဖြည်း သိပ်သိပ်သည်းသည်းဖြင့် လှုပ်ရှားထကြွလာခဲ့သည်။ အဖြူရောင်မီးတောက် ပတ်ဝန်းကျင်မှာလည်း ထူးဆန်းစွာ တဖြည်းဖြည်းအေးစိမ့်လာသည်ကို ရှောင်ယွင် သတိထားမိသည်။
ရွဲ့လော်သည် သူ၏စိတ်အာရုံအားလုံးကို စုစည်းလိုက်ပြီး လက်ဝါးပြင်က မီးတောက်၏အပူချိန်ကို ကိုင်တွယ်ထိန်းချုပ်နေသည်။ မီးတောက်အပူအချိန်သာ အနည်းငယ် မြင့်တက်သွားပါက မင်ရည်ကဲ့သို့ အနက်ရောင် အရည်အလုံးမှာ ဘာမှမကျန်တော့သည်အထိ အငွေ့ပြန်သွားပေလိမ့်မည်။
မီးတောက်၏ အပူချိန်သည် တိကျသောအမှတ်တစ်ခု၌
အချိန်တစ်ခုအထိ တည်ငြိမ်စွာ ရှိနေပြီးနောက် ရုတ်တရက် အဝါရောင်အညစ်အမှုန်တွေဟာ အနက်ရောင် အရည်အလုံးပ်ါတွင် ထွက်ပေါ်လာခဲ့သည်။ အဝါရောင်အညစ်အမှုန်တွေကို စူးစိုက်ကြည့်ရင် ရွဲ့လော် ခေါင်းကို သာသာလေး ညိတ်လိုက်သည်။ လက်ဖျောက်တချက် တွက်လိုက်ရာ အဝါရောင်အညစ်အမှုန်တွေဟာ အနက်ရောင်အရည်အချို့နှင့်အတူ သေးငယ်သော အရည်အလုံးအဖြစ်သို့ စုစည်းခံလိုက်ရပြီး မူလအရည်အလုံးထံကနေ ဖယ်ရှားပစ်လိုက်သည်။
ယင်းအဝါရောင်အညစ်အကြေးတွေကို ဖယ်ရှားပြီးသည်နှင့် နောက်ထပ် အဝါအမှုန်ငယ်လေးတွေ ထပ်ထွက်လာခဲ့ပြန်သည်။ ရွဲ့လော်လည်း ပထမနည်းတူစွာ အညစ်အမှုန်တွေကို စုစည်းပြီး ဖယ်ရှားလိုက်ပြန်သည်။
အဖြူရောင်မီးတောက်သည် ဆက်လက်လောင်ကျွမ်းလို့နေသည်။ မီးတောက်အတွင်းမှာ အနက်ရောင်အရည်အလုံးသည်လည်း မူလသည် လက်သီးဆုပ်ထက်ဝက် အရွယ်အစားလောက်ရှိရာမှ ယခုအခါ လက်မ သာသာလောက်ပဲ ကျန်တော့သည်။
အဖြူရောင်မီးတောက်အတွင်းရှိ နက်မှောင်ရွှန်းစိုသော အရည်အလုံးမှာ တည်ငြိမ်ထူးခြားပြီ ပုလဲနက်တစ်လုံးကဲ့သို့ ထင်မှတ်ရသည်။
ပထမဆုံး မည်းနက်သော ကြာပင်အရွက်ခိုင်သည် လက်မအရွယ်အစားလောက် ရောက်သည့်အခါမှာ ရွဲ့လော် မီးပြင်းတိုက်တာကို ရပ်လိုက်သည်။ ထို့နောက် နောက်ထပ် အရွက်ခိုင် ၄ ခိုင်ကို မီးတောက်ထဲ ဆက်ထည့်လိုက်သည်။ အားလုံးကို မီးဖြင့်အပူပေးလိုက်ပြီးအခါမှာတော့ ပုလဲနက်လုံးကဲ့သို့ နောက်ထဲ အနက်ရောင် အရည်အလုံး ရလာခဲ့သည်။
အရိုးအေးစိမ့်မီးတောက်ဖြင့် အချိန်အတော်အကြာအထိ အပူပေးသန့်စင်ပြီးအခါမှာတော့ အရည်လုံး ၅ လုံးသည် အတူတကွ ပေါင်းစပ်သွားခဲ့သည်။ ပေါင်းစပ်သွားသည့်အခါမှာ ၎င်း၏ အရွယ်အစားမှာ ချက်ချင်းပင် ကြီးကားသွားပေမဲ့ တစ်စက္ကန့်အချိန်အတွင်းမှာပဲ လက်မအရွယ်အစားလောက်ကို ပြန် ကျုံ့ဝင်သွားခဲ့သည်။
အဖြူရောင်မီးတောက်အတွင်းတွင် အချိန် နောက်ထပ် အတော်ကြာအထိ အပူပေးမီးပြင်းတိုက်ပြီးတဲ့အခါတွင် မင်ရည်ကဲ့သို့ အရည်နက်နက်အထဲတွင် အဖြူရောင်မီးတောက်ငယ်လေးတစ်ခု ကခုန်နေသည်ကို တွေ့ရလေသည်။
ဒါကို မြင်လိုက်သည့်နှင့် ရွဲ့လော်သည် စားပွဲပေါ်က မြွေအဆိပ်အသီးကို လျင်မြန်စွာဖြင့် ကောက်ယူလိုက်ပြီး မီးတောက်အထဲကို ပစ်ထည့်လိုက်သည်။
မြွေအဆိပ်အသီးသည် မီးတောက်ထဲ ဝင်သွားသည်နှင့် ချက်ချင်းပင် အစိမ်းရင့်အရည်အဖြစ်သို့ ပြောင်းလဲသွားပြီ အေးစိမ့်သော အငွေ့များထွက်လာသည်။ အစိမ်းရောင်အရည်အတွင်းမှ အညစ်အကြေးများကို ဖယ်ထုတ်လိုက်ပြီး ရွဲ့လော်သည် အစိမ်းရောင်အရည်လုံးအပေါ်ကနေ အနက်ရောင်အရည်လုံးကို ဖုံးလွှမ်းကာကွယ်ပေးထားလိုက်သည်။
" ဖျစ်... ဖျစ်.. "
မတူညီကွဲပြားသော ဂုဏ်သတ္တိကိုယ်စီရှိကြသည့် အရည်အလုံး နှစ်ခု တွေ့ဆုံသွားသည့်အချိန်မှာ ထူးဆန်းသည့် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီ အဖြူရောင်အခိုးအငွေ့များကလည်း မီးတောက်ကနေ ထွက်လာခဲ့သည်။
အဖြူရောင်အခိုးအငွေ့များ တဖြည်းတဖြည်း လျော့ပါးသွားအချိန်မှာတော့ ဆေးလုံးကဲ့သို့ အရာတစ်ခု မီးတောင်အတွင်းမှာ ဖြစ်ပေါ်လာခဲ့သည်။
ဆေးလုံးပုံစံ ဖြစ်ပေါ်လာခဲ့သည်ကို တည်ငြိမ်စွာ စူးစိုက်ကြည့်ရင်း ရွဲ့လော် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် ဝိညာဉ်ပေါင်းစည်းမြက်ပင်နှင့် ရေဂုဏ်သတ္တိပါဝင်သော မှော်ကျောက်တုံးကိုလည်း မီးတောက်အတွင်း ထည့်လိုက်ပြန်သည်။
အရည်အဖြစ်သို့ ပြောင်းလဲခြင်း၊ အညစ်အကြေးများကို ဖယ်ရှားခြင်း၊ အားလုံးပေါင်းစည်းခြင်း ဤသုံးမျိုးသည် အရမ်းကို ခက်ခဲရှုပ်ထွေးသည် အဆင့် ၃ ဆင့်ဖြစ်ပြီး အရမ်းကို အသေးစိတ်အားထုတ်ရသည်။ ဒါပေမဲ့ ရွဲ့လော်သည် ဤအဆင့်များကို တစ်ချက်မှပင် မနားဘဲ အေးဆေးသက်သာစွာ လုပ်သွားခဲ့သည်။ ရွဲ့လော်၏ ရှင်းလင်းတိကျစွာ လုပ်ဆောင်သွားတာကို မြင်သည့်အခါ မှော်ဆေးပညာရပ်နှင့် အစိမ်းသက်သက်ဖြစ်နေသော ရှောင်ယွင်ပင် စိတ်ထဲမှာ ချီးကျူးမိနေတော့သည်။
မှော်ကျောက်တုံးအတွင်းမှ အရိုင်းဓာတ်ကို ဝိညာဉ်ပေါင်းစည်းမြက်ပင်ဖြင့် ထိန်းကွပ်ပြီးအခါတွင် အပြာနုနုစွမ်းအင်တစ်ရပ်သည် ထွက်ပေါ်လာပြီး ဆေးလုံးပုံစံ ဖြစ်ခါနီး အရည်လုံးအတွင်းသို့ ဝင်သွားလေသည်။
အပြာရောင်စွမ်းအင် နောက်ဆုံးလက်ကျန်တစ်စက်ဟာ ဆေးလုံးအတွင်းသို့ ဝင်သွားပြီးအချိန်မှာတော့ ကြမ်းတမ်းသည့် ဆေးလုံးပုံစံကနေ ချောမွေ့လုံးပြောင်သည့် ပုံစံသို့ ပြောင်းလဲသွားသည်။ တဖန် ဝင်းလက်တောင်ပသော အပြာရင့်အရောင်က ဆေးလုံးကို ဖုံးအုပ်သွားနေရာ အင်မတန်ကို ခန့်ညားပြီ ကြည့်လို့ မဝအောင် လှပသော ဆေးလုံးတစ်လုံးဖြစ်လာခဲ့သည်။
အဆင့် အားလုံးပြီးသွားပေမဲ့ ရွဲ့လော် မရပ်နားသေးပါဘူး။ ဆေးလုံးကို ဆယ်မိနစ်မျှ မီးတောက်ပင် အပူပေးလိုက်ပြီးနောက် လက်ဝါးပြင်က မီးတောက်ကို တဖြည်းဖြည်း ငြိမ်းသတ်လိုက်သည်။ မီးတောက် သေသွားသည်တစ်ပြိုင်နက် ရွဲ့လော် ဘယ်လက်ဖဝါးက စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းတစ်လုံးကို ဆွဲစုပ်ယူလိုက်ပြီး တစ်ဆက်တည်းမှာပဲ ဆေးလုံးကို ပုလင်းထဲ ထည့်သိမ်းလိုက်သည်။ ဆေးလုံး၏ အစိမ်းရင့်အရောင်နှင့် အပြာနုနုအရောင်များသည် ကျောက်စိမ်းပုလင်းအတွင်းတွင် အရောင်ပြန်ထွက်နေသည်။
" ဟူးးး "
ရွဲ့လော် အသက်ပြင်းချလိုက်ပြီးနောက် ရှောင်ယွင်ကို ကျောက်စိမ်းပုလင်းအား ပစ်ပေးလိုက်သည်။ တိုးဖျော့သောအသံဖြင့် ပြောလိုက်သည်။
" ကြည့်လိုက်.. "
ရှောင်ယွင် ပုလင်းအဖုံးကို သေချာစွာ ဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် နှာခေါင်းအောက် ထေ့လိုက်ပြီ အနံ့ကို ရှုသွင်းလိုက်သည်။ ရင်းနှီးနေသော ရနံ့က တိုးဝင်လာပြီ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ပုလင်းအတွင်းရှိ အစိမ်းတသွယ်အပြာတဖက် ရောယှက်နေသော ဆေးလုံးကို ကြည့်ရင်း သူ့၏ စိတ်ဝိညာဉ်အာရုံခံစားမှုကို အသုံးပြုလိုက်သည်။ သူ့၏ ထက်မြက်သော စိတ်ဝိညာဉ်အာရုံခံစားမှုကြောင့် ယခုဆေးလုံးသည် နာလန်ရိရွမ် ယူလာခဲ့သည့် ဆေးလုံးထက် အရည်အသွေးရော အစွမ်းထက်မြက်မှုမှာပါ သာလွန်နေကြောင်း သူ သိလိုက်သည်။
ဆေးလုံးကို ဟန်ပါပါ ကိုင်ထားသော နာလန်ရိရွမ်၏ အကြည့် အပြောအဆိုတွေကို ပြန်မြင်ယောင်လာ၍ ရှောင်ယွင် လှောင်ပြုံး ပြုံးလိုက်မိသည်။
ထို့နောက် ခေါင်းကို ခါလိုက်ပြီး ရှောင်ယွင်သည် ပူနွေးနေသည့် ကျောက်စိမ်းပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး လေးပင်စွာ အသက်ပြင်းချလိုက်သည်။ လေးနှစ်တောင်ရှိခဲ့ပြီး... အခုတော့ အရင်အဆင့်ကို နောက်တစ်ကြိမ် ပြန်ရောက်ရတော့မည်။
No comments:
Post a Comment