69. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
×××××××××××××××××××××××
Chapter 69. စိတ်ဆိုးနေတဲ့ ရှင်းအာ
အားလုံးနေသားတကျဖြစ်ပြီးမှ ရှောင်ယွင်သည် ဂူထဲကနေ ထွက်လာခဲ့တော့သည်။ တောင်ပတ်လမ်းအတိုင်း ပတ်လျှောက်လိုက်ပြီးနောက် တောင်ထိပ်ပေါ်ကို ခိုးကြောင်ခိုးဝှက်ဖြင့် တက်လိုက်သည်။ ထို့နောက် အနီးပတ်ဝန်းကျင်တွင် လူအရိပ်အယောင်များ ရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။ လူသူတစ်ယောက်မှ မတွေ့၍ သက်သာရာ ရစွာ အသက်ပြင်းချလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် တောင်အောက်ရှိ မျိုးနွယ်ဝင်းဆီကို ဆင်းလာခဲ့သည်။
အေးအေးဆေးဆေးပင် မျိုးနွယ်အိမ်ဆီကို ပြန်နေသည့်အချိန်တွင် ရှောင်ယွင်သည် ခြံဝင်းအရှေ့တွင် အလောတကြီးထွက်လာသော မျိုးနွယ်အကြီးအကဲနှင့် အမှတ်မထင်ပင် တွေ့ဆုံ၍ ပခုံးချင်းပင် တိုက်မိသွားခဲ့သည်။ ရှောင်ယွင်သည် ခြေလှမ်းရပ်လိုက်ကာ မျက်နှာများ သုန်မှုန်၍ ဒေါသထွက်နေသော မျိုးနွယ်အကြီးအကဲ သုံးယောက် ထွက်ခွာသွားတာကို ကြည့်ပြီး ခေါင်းထဲမှာ အတွေး များသွားခဲ့သည်။
“ ဘယ်သူကများ သူတို့ကို ရန်စသွားပါလိမ့်.. ”
ရှောင်ယွင် အံ့သြစွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး အနောက်လှည့်လိုက်ရာ လမ်းတစ်ဖက်တွင် မတ်တပ်ရပ်နေသော ကျစ်လစ်သွယ်လျပြီး ကျက်သရေနှင့် ပြည့်စုံသည့် အစိမ်းရောင်အ၀တ်နှင့် မိန်းမပျိုလေးကို တွေ့လိုက်သည်။
မျက်နှာတွင် အပြုံးများ ပန်ဆင်ထားသော ချစ်စရာကောင်းသည့် ရှင်းအာကို မြင်လိုက်ရသည့်အခိုက်တွင် ရှောင်ယွင်၏ နှလုံးသားသည် ဒိန်းခနဲ တစ်ချက် ဆောင့်ခုန်သွားလေသည်။ ဂူငယ်ထဲတွင် ရွဲ့လော် မေးထားသည့် အကြောင်းကို ပြန်စဉ်းစားမိသည့်အခါတွင် သူ့မျက်နှာသည် တရှိန်းရှိန်းဖြစ်လာပြီး မလုံမလဲဖြစ်စွာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တစ်ခုခု အတွေးဝင်ဟန် ပုံဖမ်းလိုက်သည်။
ရှောင်ယွင်၏ မူမမှန်သော အပြုအမူကြောင့် ရှင်းအာမှာ တစ်ချက်ကြောင်သွားကာ ခေါင်းကို ခါယမ်းလိုက်ပြီး ဘာကြောင့် ရှောင်ယွင် ဗြုန်းစားကြီး ဒီလိုဖြစ်သွားရခြင်းအကြောင်းကို မတွေးတတ်တော့သည်။ အရှေ့ကို တိုးလျှောက်လာပြီး ရှောင်ယွင်ကို သေချာကြည့်လိုက်ရာ သူမ၏ နုနယ်ချောမွေ့သော မျက်နှာပြင်ပေါ်ဝယ် အံ့သြခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ သူမ လက်နှစ်ဖက်ကို တင်ပါးနောက်ဘက်ကို ပို့ထားလိုက်ပြီးနောက် အရှေ့ကို ဆက်တိုးလာခဲ့ရာ ရှောင်ယွင်နှင့် တစ်လက်မပင် မပြည့်တော့သည့် နီးနီးလေး အကွာအထိ ရောက်ပြီးမှ သူမသည် ပြုံးလိုက်ကာ မေးလိုက်သည်။
“ အကိုရှောင်ယွင်က ဒိုကျဲအဆင့်ကို ရောက်သွားပြီးလား.. ”
“ ငါ့ကိုယ်ငါ အထင်ကြီးပြီ စိတ်ကျေနပ်သွားအောင် ဘာလို့ ငါကို အရင်ပြောပြခွင့် မပေးရတာတုန်း.. ”
ဒါကို ကြားလိုက်သည့်အခါမှာ ရှင်းအာမှာ မျက်လုံးများ မှိတ်ကျသွားသည်အထိ ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ ချောမွေ့ပျော့ပျောင်းသော လက်ဖြင့် ရှောင်ယွင် အ၀တ်ပေါ်က ခေါက်ကျိုးရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်ချပေးသည်။
အရင်တုန်းကလည်း ရှောင်ယွင်ကို ရှင်းအာက ဒီလိုမျိုးလုပ်ပေးခဲ့သည်အခါတိုင်း သူ စိတ်ထဲသိပ်မတွေးဖြစ်ခဲ့..။ သို့သော် ဒီနေ့တွင် သူ့နှလုံးသားထဲက ခံစားချက်ကို ရွဲ့လော်က နှိုးဆွပေးထား၍ ယခု ရှင်းအာ အပြုအမူကြောင့် ရှောင်ယွင်မှာ ရုတ်တရက် နည်းနည်း စိတ်လှုပ်ရှားသွားမိသည်။
ရှောင်ယွင်တို့ ရပ်နေသာ လမ်းမှာ မျိုးနွယ်လူတွေ မကြာခဏ ဖြတ်သန်းသွားလာနေသာ လမ်းပင် ဖြစ်သည်။ ရှင်းအာက ရှောင်ယွင်၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ဇနီးမယားသဖွယ် ပြုပြင်နေသည်ကို မြင်ကြလေရာ သူတို့သည် မနာလိုခြင်းတွေနှင့် ပြည့်နှက်သွားကြလေသည်။
ရှောင်ယွင်သည် ခေါင်းကို ငုံ့လိုက်ပြီး ချောမောပြီး အပြစ်မထင်သည့် မျက်နှာလေးကို ကြည့်လိုက်သည်။ အနက်ရောင် ဆံနွယ်တွေက သူမ၏ နဖူးပြင်မှာ ၀ဲကျလို့နေသည်။ ရေပြင်လေးကဲ့သို့ ကြည်လဲ့နေသော မျက်ဝန်းဝိုင်းဝိုင်းလေးကို ပို၍ပင် ကြည့်မိလိုက်သည်။
ရှင်းအာကို မျက်တောင်မခတ်မိဘဲ ငေးမောကြည့်နေရင်း ရှောင်ယွင်၏ အသက်ရှုသံများ တဖြည်းဖြည်းမြန်ဆန်လာသလို ပါးနှစ်ဖက်မှာလည်း အပူရှိန်များ မြင့်တက်လို့ လာသည်။
“ အကိုရှောင်ယွင်.. ဘာလို့ အဲလိုကြည့်နေရတာလဲ.. ”
ရှင်းအာသည် ရှောင်ယွင်အ၀တ်ကို သပ်သပ်ရပ်ရပ် ပြုပြင်ပေးနေရင်း တိုးတိုးလေး ညည်းညူပြောလိုက်သည်။ သူမသည်လည်း ရှောင်ယွင်၏ စိတ်လှုပ်ရှားနေသော အကြည့်ကို ရိပ်မိသွားလေရာ သူမ ပါးနှစ်ဖက်တွင်လည်း နီရဲလာခဲ့သည်။
“ ဟမ်… အော်.. ”
အသိတချက်လွတ်ရာကနေ ပြန်သတိရလာ၍ ရှောင်ယွင်မျက်နှာသည် ပန်းရောင်သန်းသွားသည်။ တော်သေးသည်.. သူမျက်နှာအရေးပြားက ရှင်းအာလို ပါးပါးလေး မဟုတ်၍ တော်သေးသည်။ ချောင်းနှစ်ခါလောက် ဟန့်လိုက်ပြီး ခပ်တည်တည်ဖြင့်
“ ဘာမှတော့ မဟုတ်ပါဘူး.. ရှင်းအာက တစ်နေ့တခြား ပိုပိုပြီး လှပလာနေလို့လေ.. ”
ဒီစကားကြောင့် ရှင်းအာ စကားပင် မပြောနိုင်တော့ဘဲ ချစ်စရာကောင်းအောင် နှာခေါင်းလေးကို ရှုံ့လိုက်သည်။ ဒါပေမဲ့ သူမ၏ နှင်းဆီဖူး နှုတ်ခမ်းလေးက ကျေနပ်သည့်အမူအရာဖြင့် ထော်ထားသည်
“ အော် ဒါနဲ့.. ”
တစ်စုံတစ်ခုကို သတိရလိုက်၍ ရှင်းအာက ရှောင်ယွင် ခန္ဓာကိုယ်ကို တစ်ချက် ပြန်ကြည့်လိုက်ပြန်ကာ ညင်သာစွာဖြင့် မေးလိုက်သည်။
“ အကိုရှောင်ယွင်က ဒိုကျဲအဆင့်ကို ရောက်သွားပြီဆိုတော့ ချီကျင့်စဉ်လည်း လိုလာပြီးပေါ့.. ”
ရှောင်ယွင်အမူအရာမှာ မာတောင့်သွားပြီး ရှက်တက်တက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရှင်းအာသည် သူမ၏ နှင်းပွင့်လို ဖြူဆွတ်သည့် မေးဖျားလေးကို လက်ချောင်းသွယ်သွယ်လေးဖြင့် ပွတ်သပ်လိုက်ကာ မေးလိုက်သည်။
“ အင်း ချီကျင့်စဉ်က ဘယ်အဆင့်လဲဆိုတာ ရှင်းအာကို ပြကြည့်ပါလား..”
“ အဟမ်း.. အာ ချီကျင့်စဉ်ဆိုတာ.. ပစ္စည်းတစ်ခုပဲလေ.. အဲ ပြီးတော့ ကြိုးစားလေ့ကျင့်ရင်လည်း ဖြစ်တာပဲ.. အဆင့်ဆိုတာ လိုလို့လား.. ”
ရှောင်ယွင်မှာ ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဖြေလိုက်သည်။
ရှောင်ယွင်၏ အမူအရာကို အကဲခတ်ကြည့်ကာ ရှင်းအာ၏ မျက်ဝန်းမှာ အန္တရာယ်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဒါပေမဲ့လည်း သူမလေသံက ညင်သာနေဆဲပင်.. ။
“ အကိုရှောင်ယွင်.. ရှင်းအာကို တစ်ချက်လောက် ပေးကြည့်ပါ.. ”
ခေါင်းမာတတ်ပြီး အလျှော့မပေးတတ်သော ရှင်းအာကို ကြည့်ပြီး ရှောင်ယွင် ကူကယ်ရာမဲ့စွာဖြင့် ပခုံးကို တွန့်လိုက်သည်။ ထို့နောက် လက်ကို ဆန့်တန်းပြလိုက်သည်။ မကြာခင်မှာပဲ .. အားနည်းသော အ၀ါဖျော့ဖျော့အလင်းက ထွက်ပေါ်လာခဲ့သည်။
“ အကိုရှောင်ယွင်.. ဒါက အကိုပြောဖူးတဲ့ ပိုကောင်းတယ်ဆိုတဲ့ ကျင့်စဉ်ဆိုတာက ဒါလား.. ”
အချိန်မရွေး ငြိမ်းသေသွားနိုင်သည်ဟု ထင်ရသည်အထိ အားနည်းလှသော အ၀ါရောင်ဖျော့ဖျော့အလင်းကို ကြည့်ရင်း ရှင်းအာ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူမ၏ နှင်းဆီရောင် နှုတ်ခမ်းဖူးမှာ စူထားပြီးတော့ ဒေါသထွက်နေသည့်ပုံစံကို လုပ်ပြထားသည်။
ရှောင်ယွင်မှာ အားတောင့်အားနာဖြင့် ရယ်မောလိုက်သည်။ ရှင်းအာကို မည်ကဲ့သို့ ရှင်းပြရမည်နည်း..
“ အစောပိုင်းအဆင့်တွေမှာ အဆင့်မြင့်ချီကျင့်စဉ်တွေကို လေ့ကျင့်ထားနိုင်ခဲ့ရင် အနာဂတ်မှာ အကိုရဲ့ လေ့ကျင့်ခြင်းတွေမှာ အရမ်းအကျိုးရှိစေတယ်ဆိုတာ အကိုရှောင်ယွင်လည်း ကောင်းကောင်းသိနေတာပဲ.. ဟုတ်တယ် အကိုရှောင်ယွင်က ရှင်းအာပေးတဲ့ ကျင့်စဉ်ကို ငြင်းခဲ့တယ်.. ရှင်းအာကလည်း နောက်ထပ် ပေးဖို့ မစဉ်းစားတော့ဘူး.. နောက် ကျင့်စဉ်က မှားခဲ့ရင်လည်း အကိုရှောင်ယွင်က နောက်ထပ်အသစ်တစ်ခုရခဲ့ရင် ပြောင်းကျင့်လို့ရတာပဲ.. အဲလိုပဲ တွေးခဲ့တာ.. ဒါပေမဲ့ အကိုရှောင်ယွင်က အဆင့်အနိမ့်ဆုံးကျင့်စဉ်ကို ကျင့်နေတယ်.. ဒါက ရှင်းအာကို မုန်းလို့ တမင်တကာ လုပ်နေတာမလား.. ”
ရှင်းအာသည် မျက်လုံးပြူးပြီး ရှောင်ယွင်ကို ဒေါသဖြင့် ကြည့်နေလိုက်သည်။ သူမ၏ ရှည်လျားကော့ညွတ်သော မျက်တောင်စွန်းတွေမှာ မျက်ရည်စများ စိုစွတ်စ ပြုနေပါပြီး။
ပင်ကိုသဘာဝကိုက အေးဆေးတည်ငြိမ်သော ရှင်းအာသည် ယခုလို အပြုအမူနှင့် ပြောဆိုနေပုံအရ ရှောင်ယွင်၏ အပြုအမူက ရှင်းအာကို မည်မျှအထိ စိတ်ဆိုးဒေါသထွက်စေခဲ့သလဲဆိုတာ တွေးကြည့်လို့ ရသည်။
နှုတ်ခမ်းဖူးဖူးလေးကို ဖိကိုက်ရင်း သူ့ဆီက အဖြေကို ခေါင်းမာစွာ စောင့်မျှော်နေသည့် ရှင်းအာကို ကြည့်ကာ ရှောင်ယွင် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ ထို့နောက် အတင်းပြုံးလိုက်ကာ လေသံတိုးတိုးဖြင့်
“ ငါတို့တွေ အတူတူနေလာခဲ့ကြတာ ဆယ်နှစ်ကျော်ပြီး အခုထိ ငါ့ကို နားမလည်သေးဘူးလား… ငါက အဆင့်မြင့်ကျင့်စဉ်တစ်ခုကို မယူဘဲ အဆင့်နိမ့်ကျင့်စဉ်ကိုပဲ ယူကျင့်တဲ့ ငတုံးတစ်ကောင်လို့ ငါ့ကို ထင်နေလား.. ”
“ ဒါပေမဲ့လည်း အကိုရဲ့ ကျင့်စဉ်ကလည်း လုံးဝကို အဆင့်နိမ့် ဟွာင်းအဆင့်ကျင့်စဉ်ပဲလေ.. ရှင်းအာ အဲဒါကို ခံစားလိုက်ရတယ်လေ.. ”
ရှင်းအာမှာ ရှောင်ယွင်အဖြေကို ကြားရပြီးသော်လည်း ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောသည်။ သူမမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တော့ အနည်းငယ် ပြေလျော့သွားသည်။
“ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီးတော့ မဆုံးဖြတ်လိုက်ပါနဲ့တဲ့.. လောလောဆယ်မှာတော့ အကြောင်းပြချက်တွေကို အသေးစိတ်ပြောပြဖို့ကတော့ အဆင်မပြေသေးဘူး..ဒါပေမဲ့ တစ်နေ့ကျရင် ရှင်းအာ နားလည်သွားမှာပါ.. အကိုက ဆုံးဖြတ်ချက်ကို ခံစားချက်သက်သက်နဲ့ မချပါဘူး.. ”
ရှောင်ယွင် ပြုံးရင်း ဆိုလိုက်သည်။
“ တကယ်လား.. ”
ရှောင်ယွင်ကို တည်တည်တံ့တံ့လေး ကြည့်ပြီး ရှင်းအာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မယုံမရဲဖြင့် မေးလိုက်သည်။
“ ဒါပေါ့… တကယ်ပါ.. တကယ်ကြီးပါ.. ”
ရှောင်ယွင် ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။ သူမ နောက်ထပ် မေးမြန်းလာမည်ကို စိုးရိမ်လာ၍ မြန်မြန်ပင် ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။
“ အခု ကလန်မှာ ဘာဖြစ်နေကြတာလဲ..? ဘာဖြစ်လို့ အမျိုးအနွယ်အကြီးအကဲတွေက မျက်နှာ မသာမယာ ဖြစ်နေကြတာလဲ..”
“ အော်.. သိပ်မကြာခင်တုန်းက ဂျားလီကလန်က ဘယ်ကမှန်းမသိတဲ့ အဆင့် ၁ မှော်ဆေးပညာရှင်တစ်ယောက်ကို ရအောင် ဖိတ်နိုင်ခဲ့တယ်လေ.. လောလောဆယ် သူတို့ရဲ့ ဈေးဆိုင်တွေမှာ နွေဦးပြန်ရောက်ခြင်းဆေးလုံးအသစ်တစ်မျိုး တင်ပြီးရောင်းချနေတယ်.. အဲဒီဆေးက ဈေးလည်းပေါတယ် အစွမ်းလည်းထက်တယ်.. ၀ူတန်မြို့က စစ်သည်တွေတော့ ဒီဆေးကို အရမ်းကို သဘောကျပြီး ၀ယ်လည်း ၀ယ်သုံးကြတယ်.. ”
ရှင်းအာက ခေါင်းညိတ်လိုက်ပြီး မျက်ခုံးကို တွန့်ချိုးထားလျက် ဆက်လက်ပြီး ရှင်းပြနေပြန်သည်။
“ နွေဦးပြန်လာခြင်းဆေးလုံးကြောင့် ရှောင်ကလန်ရဲ့ ဈေးတွေမှာ လူအသွားအလာ ကျဲသွားတယ်.. အဲဒါကြောင့်မို့ ကုန်သည် ဈေးဆိုင်ရှင်တွေကလည်း ဂျားလီကလန်ပိုင် ဈေးနေရာတွေဆီကို ရွှေ့သွားကြတယ်လေ.. ဒါက ရက်အနည်းငယ်ပဲ ရှိသေးတယ် ရှောင်ကလန်အနေနဲ့ အတော်လေးကို ထိခိုက်နေပြီး… ဦးလေးရှောင်ကလည်း ဒီအဖြစ်အပျက်ကြောင့် အတော်လေးကို စိုးရိမ်နေတယ်.. ”
ရှင်းအာ ရှင်းပြတာကို နားထောင်ပြီ ရှောင်ယွင် သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါကြောင့်မို့ အကြီးအကဲ မျက်နှာတွေက မသာမယာ ဖြစ်နေကြတာကိုး..
ရှောင်ယွင် မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ရင်း နှာခေါင်းကို ပွတ်လိုက်သည်။ စိတ်ထဲမှာလည်း တိုးတိုလေး ရေရွတ်လိုက်မိသည်။
“ အဆင့် ၁ မှော်ဆေးဆရာတစ်ယောက်လောက်နဲ့များ… ဂျားလီမျိုးနွယ် ကတော့ ပြန်တိုက်ခိုက်လို့ ရနေပြီးလို့ ထင်နေတယ်ပေါ့လေ.. ”
……………..
No comments:
Post a Comment