Followers

Chapter 19

အခန်း ၁၉   ရက်စက်တဲ့ လေ့ကျင့်ခန်း
     မိုးသောက်စအချိန် တောင်ထိပ်၏ဘေးပတ်ဝန်းကျင်မှာ ဆီးနှင်းမြူတွေ ရစ်သိုင်းအုပ်ဆိုင်းလို့  အဝေးကိုပင် မမြင်ရလောက်အောင် ထူထပ်လှသည်။ လေညှင်းကလေးကလည်း ခပ်သော့သော့လေး တိုက်ခတ်နေသည်။နာကျင်စွာ အော်လိုက်တဲ့ လူအသံကိုလည်း တချက်ချက် ကြားရသည်။ 
      မြူနှင်းထုရဲ့အနောက်ဘက်က လျှိမြောင်းလေးတခုမှာရှောင်ယွင်ခြေထောက်နှစ်ဖက်လုံး မြေသားထဲ သစ်လုံးစိုက်ထူထားသကဲ့သို့ နစ်ဝင်နေသည်။ အံကို တင်းတင်းကြိတ်ကာခြေချောင်းကလည်း မြေကြီးကို ကုတ်၍ ကျားကန်ထား၏။ချွေးစီးကြောင်းတွေ နဖူးကနေ စီးကျနေလျက် ရှိနေသည်။ ဘောင်းဘီတို ဝတ်ဆင်ထားပြီး အင်္ကျီမဝတ်ထားတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာဒဏ်ချက်တွေလည်း မြင်မကောင်းအောင် ရှိနေသည်။
  ရှောင်ယွင်၏ နောက်ကျောဘက်က ကျောက်တုံးကြီးတတုံးပေါ်မှာ ရွဲ့လော် ထိုင်လျက်ရှိပြီး ခန္ဓာကိုယ်မှာလည်း ဝိညာဉ်သဏ္ဌာန်သကဲ့သို့ ဖြစ်နေ၏။ မျက်နှာမှာ တည်ငြိမ်စွာရှိပြီး နာကျင်မှုကို အံကြိတ်ကာ တောင့်ခံနေတဲ့ ရှောင်ယွင်ကို စူးစိုက်ကြည့်နေ၏။ ထို့နောက် လက်ဝါးကို အပေါ်ဘက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
  ဝှေ့ယမ်းလိုက်သည်နှင့် ရွဲ့လော်လက်ဖဝါးပေါ်ထက် အနီရောင်ဒိုစွမ်းအင်   ထွက်ပေါ်လာသည်။ ပြီးနောက်ကျာပွတ်ကို လွှဲရိုက်သကဲ့သို့   ရှောင်ယွင်ကျောပြင်ဆီကိုရိုက်ထုတ်လိုက်ရာ ရက်စက်စွာ အရှိန်ပြင်းပြင်းနှင့် ပခုံးပြင်ထက် ထိမှန်သွားပြီး ရှည်လျားတဲ့ဒဏ်ရာချက်တခု ဖြစ်ပေါ်သွားသည်။ 
     ရှောင်ယွင်၏ နှုတ်ခမ်းမှာ တဆတ်ဆတ်တုန်ခါသွားပြီး နာကျင်မှုကြောင့် ဖြေသိမ့်မရစွာ သွားကြားထဲနေ လေကိုစုပ်သွင်းပြီး အံကို တင်းတင်းကြိတ်ကာ အောင့်ခံလိုက်၏။ သူ့ပခုံးဟာ ထုံကျင်နေပြီး နာကျင်မှုဟာ နှလုံးသားအထိတဆစ်ဆစ် ရိုက်ခတ်လျက်ရှိသည်။ ကြမ်းတမ်းတဲ့နာကျင်မှုကြောင့် သူ့ခြေထောက်ဟာ ပျော့ခွေမတတ်ဖြစ်ကာ ယိုင်လဲလုနီးပါး ဖြစ်နေ၏။ 
  အသည်းခိုက်လုနီးပါး နာကျင်မှုကြောင့် ခန္ဓာကိုယ်အတွင်းနဂိုအားနည်းနေတဲ့ ဒိုစွမ်းအင်ဟာ ရုန်းကန်နှိုးထလာပြီး အတွင်းစွမ်းအင်လမ်းကြောင်းတလျှောက် စီးဝင်သွားကာပခုံးထက်က ဒဏ်ရာဆီကို စုရုံးရောက်ရှိလာကြကာ ဖိအားပေးပါတော့သည်။ အေးစက်တဲ့ခံစားမှုဟာ အရိုးအတွင်းထိစိမ့်ဝင်လာပြီး တဖြည်းဖြည်း အားဖြည့်ပေးပြီး သန်မာလာအောင် လုပ်ဆောင်ပေးလေသည်။ 
  " နောက်တကြိမ်!!! "ပခုံးထက်က နာကျင်မှုလျော့နည်းလာသည်နှင့် ရှောင်ယွင်ဆက်လက် အံကြိတ်ထားပြီး အော်လိုက်ပြန်၏။ ခေါင်းမာသလောက် မလျှော့စတမ်း ပေပြီး လုပ်တတ်တဲ့ အမူအရာဟာ ရှောင်ယွင်မျက်နှာမှာ ပေါ်လွင်နေ၏။
   ဇွဲကောင်းလှတဲ့ ရှောင်ယွင်ကို ကြည့်ပြီး ကျေနပ်အားရတဲ့အပြုံးတွေ ရွဲ့လော်မျက်နှာမှာ ဖြစ်ပေါ်လာပြီး ခေါင်းကို အသာညိတ်လိုက်သည်။ လက်ဝါးထက်မှာ အနီရောင်ဒိုစွမ်းအင် နောက်တကြိမ် ထွက်ပေါ်လာပြန်၏။
" ဗုန်း... ဗုန်း.. ဗုန်း... "တောအုပ်ငယ်လေးထဲမှာ ရိုက်ခတ်သံတွေ ဆင့်ကာဆင့်ကာ ထွက်ပေါ်လာသလို ထိချက်တိုင်းမှာလည်း ရှောင်ယွင်ပါးစပ်ကနေ အင့်ခနဲ အင့်ခနဲမြည်သံတွေ ဆက်တိုက်ထွက်လာသည်။ 
   ရွဲ့လော်၏ ပစ်ချက်တိုင်းဟာ ရှောင်ယွင်ခံနိုင်ရည်အများဆုံးရှိတဲ့ နေရာကိုသာ ထိမှန်သည်။ ပစ်ချက်တွေဟာ ရှောင်ယွင်ကို အရမ်းကြီးဒဏ်ရာမရစေပေမဲ့ အသည်းခိုက်လောက်အောင် နာကျင်မှု ပေးလေ၏။ 
  ဒိုစွမ်းအင်ဖြင့် ရိုက်ချက်တိုင်းဟာ အသက်ရူမှားလောက်အောင် နာကျင်စေပြီး မချိမဆန့်နာကျင်မှုကြောင့် ရှောင်ယွင် မျက်နှာ ရှံ့မဲ့လျက်ရှိသည်။ 
   အသက်ကို ပြင်းပြင်းရှု၍ နဖူးက ချွေးကို သုတ်လိုက်ကာခေါင်းမော့လိုက်သည်။ ထို့နောက် ခက်ခက်ခဲခဲပြုံးလိုက်ပြီး ရွဲ့လော်ကို မေးလိုက်သည်။   " ဆရာ... အခြေအနေဘယ်လိုရှိလဲ.. "
  " မဆိုးဘူး.. ဒီနေ့မဆိုးဘူး.. ဒိုစွမ်းအင် ၈၄ ချက်တောင် ခံနိုင်တယ်.. အများကြီးကောင်းလာပြီး... ပြီးခဲ့တဲ့ လတဝက်ကဆို ၉ချက်ပဲ ခံနိုင်တယ်.. "
     ရွဲ့လော် ကျေနပ်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြောလိုက်သည်။ အံ့သြနေတဲ့ အရိပ်အယောင်လည်း မျက်လုံးမှာ ဖြစ်ပေါ်လျက်ရှိ၏ ရှောင်ယွင်၏ ကျားကုတ်ကျားခဲ ဇွဲကောင်းမှုဟာ သူထင်မှတ်ထားသည့်ထက် ပိုဇွဲကောင်းလှသောကြောင့်ဖြစ်၏။ ရွဲ့လော် မူလ တွေးထင်ထားသည်မှာ ရှောင်ယွင်အများဆုံး အချက် ၇၀ သာခံနိုင်မည် ဖြစ်ပြီး ယခု ရှောင်ယွင် အချက်၇၀ ထက် ကျော်လွန်ကာ အချက် ၈၄ချက် အထိ တောင့်ခံပြသွားသည်။ ရွဲ့လော်မှာ  ရှောင်ယွင်၏စိတ်ဓာတ်ကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ခဲ့သည်။
  ရွဲ့လော် မှတ်ချက်ကို နားထောင်ပြီးနောက် ရှောင်ယွင်အသက်ကို ခပ်ရှည်ရှည် မှုတ်ထုတ်လိုက်ပြီး မြေကြီးပေါ်လှဲချလိုက်သည်။ နာကျင်မှု နည်းနည်းသက်သာလာပြီးနောက် ဖြည်းဖြည်းပြန်ကုန်းထလာပြီး ကျောက်တုံးတခုပေါ် ချွတ်ပြီး တင်ထားတဲ့ အဝတ်ကို ပြန်ယူ ဝတ်ဆင်လိုက်သည်။
    အဝတ်ကို ပြန်ဝတ်ဆင်ရာတွင် အဝတ်အသားနှင့် ဒဏ်ရာ တချက်ချက် မိတ်ဆက်ပွတ်တိုက်ခြင်းကြောင့် ရှုံ့မဲ့မဲ့ဖြစ်သွားကာ အံကြိတ်လိုက်မိသည်။ 
   ပြီးနောက် ဖန်သားပါးပါးလို ထွင်းဖောက်မြင်နေရတဲ့ရွဲ့လော်ခန္ဓာကိုယ်ဟာ အလင်းတန်းတခုလို အသွင်းပြောင်းသွားပြီးနောက် အနက်ရောင်လက်စွပ်ဆီ ပြေးဝင်ပျောက်ကွယ်သွားသည်။ လက်စွပ်ထဲမဝင်ခင် ယခင်ကလည်း အကြိမ်များစွာ ပြောခဲ့တဲ့စကားတခွန်းကိုလည်း ထပ်ပြောသွားပါသေး၏
 " အခန်းကို မြန်မြန်ပြန်ပြီး ဆေးရည်ထဲ ဝင်စိမ်လိုက်ဦး...သွေးတိတ်အောင် လုပ်ပြီး ဒဏ်ရာကနေ သွေး ထပ်မထွက်စေနဲ့တော့.. "     ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ အဝတ်အစားတွေကောက်သိမ်းလိုက်ပြီးနောက် တောအုပ်ကနေ ထွက်လာခဲ့သည်။ 
................ 
  လမ်းတလျှောက် ဒဏ်ရာဆီက နာကျင်မှုတွေကို အောင့်အည်းသည်းခံခဲ့ရင်း နောက်ဆုံး အခန်းဆီကို ပြန်ရောက်လာခဲ့သည်။ ရောက်လျှင်ရောက်ချင်း အဝတ်အစားချွတ်ကာ အစိမ်းရောင်ဆေးရည်ရှိနေတဲ့သစ်သားစည်ပိုင်းထဲကို ခုန်ဝင်လိုက်၏။
    ရေခဲလို အေးစိမ့်နေတဲ့ အစိမ်းရောင်ဆေးရည်ကြောင့်စုတ်ပြဲနေတဲ့အရေပြားက ဒဏ်ရာရဲ့ နာကျင်မှုကို ခံစားရသက်သာသွားစေခဲ့သည်။ ထို့နောက် စိတ်ကို လျှော့ချလိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းမှိတ်ချလိုက်ပြီးနောက်ဆေးရည်က သူ့ဒဏ်ရာကို သက်သာစေအောင် ကုသနေသည်ကို ကျေနပ်စွာ ခံယူနေလိုက်၏။ 
  ခနအကြာမှာတော့ ရှောင်ယွင်အသက်ရှုနေတာ နှေးကွေးလာပြီး တချက်ချက်ပင် ဟောက်သံထွက်လာသည်။နာကျင်အောင် အရိုက်ခံရပြီးနောက်မှာတော့ ရှောင်ယွင် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနွယ်နေပြီးမို့ မကြာခင်မှာပဲအိပ်ပျော်ခြင်းကို ရောက်ရှိသွားခဲ့၏။
  ရှောင်ယွင် အိပ်ပျော်နေစဉ်ကာလအတွင်း စည်ပိုင်းအထဲက ဆေးရည်ဟာ အနည်းငယ် ပလုံစီလာပြီး သန့်စင်တဲ့စွမ်းအင်အချို့ဟာ မွေးညှင်းပေါက်ကနေတဆင့် ကိုယ်ထဲ တဖြည်းဖြည်း စိမ့်ဝင်နေ၏။ ထို့နောက် သွေးပရပွ ပေကျံနေသော ဒဏ်ရာများကို သန့်စင်ပေးပြီး တချိန်တည်းမှာပဲ ပြန်လည်ကောင်းမွန်အောင် ကုသပေးကာ  ကြွက်သားစိုင်တွေကိုလည်း သန်မာတောင့်တင်းလာအောင် အစွမ်းကုန် အားဖြည့်ပေး၏။
      ရှောင်ယွင်၏ ဒဏ်ရာများကို ပြုပြင်ကုစားပေးပြီး သန်စွမ်းလာအောင် အားဖြည့်ပေးနေသည်နှင့်အမျှ သစ်သားစည်ပိုင်း အတွင်းက ဆေးရည်၏ အစိမ်းရောင်မှာလည်း တဖြည်းဖြည်း အရောင်ရင့်နေရာကနေ အရောင်ဖျော့ ဖျော့လာသည်။ ထို့အတူပင် ဆေးရည်ထဲက စွမ်းအင်ပမာဏလည်း လျော့လျော့လာသည်။ 
..................
         အချိန်မည်မျှကုန်လို့ ကုန်မှန်း သတိမထားမိလောက်အောင် စည်ပိုင်းအထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီးနောက် နိုးလာအချိန်မှာတော့ မိုးလင်းနေပြီး နေရောင်ခြည်တွေတောင် အခန်းထဲမှာ နေရာတော်တော်ယူထားပြီးဖြစ်၏။ 
  တကိုယ်လုံးကို ဆန့်ခါ၍ အညောင်းဆန့်လိုက်ရာ တကိုယ်လုံးမှာ ရှိတဲ့ အရိုးအဆစ်ပေါင်း  လှုပ်ခါသွားသည့်အလားတဂျွတ်ဂျွတ်အသံတွေနှင့် ဆန့်ထွက်ကုန်ကြ၏။ ရှောင်ယွင်မိမိခန္ဓာကိုယ်ကို ပြန်သုံးသပ်ကြည့်လိုက်ရာ တကိုယ်လုံး၌အတွင်းစွမ်းအင်နှင့်ခွန်းအားများ အံ့အားသင့်ဖွယ် ပြည့်ဝနေသည်ကို တွေ့လိုက်၍ မနေနိုင်ဘဲ တအားအော်လိုက်၏။
                        " မိုက်တယ်ဟ... "
  ထို့နောက် ရှောင်ယွင် သစ်သားစည်ပိုင်းကနေ ထထွက်လိုက်တဲ့အခါမှာတော့ စည်ပိုင်းအတွင်းထည့်ထားတဲ့နဂိုမူလ အစိမ်းရောင်ရှိနေတဲ့ ဆေးရည်ဟာ အခုအချိန်မှာ လုံးဝကြည်လင်နေပြီး ရိုးရိုးသာမန်ရေ ပြန်ပြောင်းသွားပြီးသည်ကို မမျှော်လင့်ထားဘဲ မြင်လိုက်ရသည်။ 
  " အိုးး ဆေးရည်တွေ အကုန် ကုန်သွားအောင် သုံးလိုက်တာလား.."     ရှောင်ယွင် နှာခေါင်းထိပ်ကိုကုတ်လိုက်ရင်း  ပင့်သက်ရှိုက်ကာ လေပူကို ဖြည်းဖြည်းပြန်မှုတ်ထုတ်လိုက်သည်။ စိတ်ဓာတ်ကျစွာ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် တခုခုကို သွားသတိရလိုက်၏။ ချက်ချင်းပင် မျက်လုံးကို မှိတ်လိုက်ပြီး သူ့၏ ဒိုစွမ်းအင်အဆင့်ကို ဂရုတစိုက် သေချာစွာ အာရုံခံလိုက်၏။ 
    သိပ်မကြာတဲ့အချိန်မှာပဲ  ရှောင်ယွင် မျက်လုံးကို ပြန်ဖွင့်လိုက်ကာ  ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။     "  နောက်ဆုံးတော့ အဆင့်၅ ရောက်သွားပြီးကွ.. "

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...