Followers

Chapter 138

138 နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေ

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း 
Battle Through The Heavens
ဘာသာပြန် - ကောင်းမြတ်

ဂူပေါက်ဝတွင် စောင့်ကြပ်နေကြသည့် မှော်သားရဲတော်တော်များများသည် ယွင်ချီကြောင့် အပြောင်ရှင်းသွားခဲ့ပြီး။ သို့သော် အနောက်တန်းက အဆင့်၃ မှော်သားရဲနှစ်ကောင်ကတော့ ကျန်နေပါသေးသည်။ ထိုနှစ်ကောင်သည် ကောင်းကင်ထက်က တိုက်ပွဲကို စိတ်ပူပန်စွာဖြင့် စောင့်ကြည့်လို့နေသည်။ ကောင်းကင်ထက်မှ တိုက်ပွဲကနေ ကျဆင်းလာသည့် အရှိန်အဝါကြောင့် မြေပြင်တစ်ခုလုံး ဖိနှိပ်တုပ်နှောင်ထားလို အဆက်မပြတ် တုန်လှုပ်လို့နေသည်။ 

ဂူအပေါက်ဝကနေ ဆယ်မီတာအကွာတွင် စောင့်ကြပ်နေသည့် အဆင့်၃ မှော်သားရဲကောင်နှစ်ကောင်ကို ရှောင်ယွင် အကဲခတ်ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့သိုလှောင်လက်စွပ်ကနေ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပါသည်။ ပြီးလျှင် သူ့တစ်ကိုယ်လုံးအား သုတ်လိမ်းလိုက်သည်။ ထိုဆေးကို သူကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်ပြီး ဆေးအစွမ်းမှာလည်း သူ့ကိုယ်အနံ့အား ဖျောက်ထားပေးပြီးလျှင် အနံ့ခံအားကောင်းသည့် မှော်သားရဲတို့၏ ရန်ကနေလည်း ကာကွယ်ပေးသည်။ 

ခပ်အုပ်အုပ်ရှိနေသည့် တောအုပ်အတွင်း အားလုံးပြင်ဆင်ထားပြီးလျှင် ရှောင်ယွင်သည် ကျောက်တုံးတွေအား အကာအကွယ်ယူ၍ ပုန်းလျှိုးကွယ်လျှိုးဖြင့်  ဂူအပေါက်ဝဆီသို့ ဝပ်တွားတက်လာခဲ့သည်။ ထို့နောက် ဂူအထက်က နေရာတစ်ခုဆီကို တိတ်တဆိတ်ဖြင့် အရောက်တက်လာခဲ့သည်။ တစ်စက္ကန့်လောက် ငြိမ်နေလိုက်ပြီးလျှင် သိုလှောင်လက်စွပ်မှ အဝတ်ပျော့ပျော့တချို့ကို ထုတ်ယူလိုက်ကာ သူ့ခြေထောက်ကို စည်းထုပ်လိုက်သည်။ 

ပြင်ဆင်ပြီးသွားသောအခါ ရှောင်ယွင် အသက်ပြင်းတစ်ခါ ရှိုက်လိုက်ရင်း ဂူအထက်က ထိုနေရာမှ ခုန်ဆင်းလိုက်သည်။ လေထဲတွင် ကျွမ်းတပတ်ပစ်လိုက်ပြီးမှ မြေပြင်ပေါ် ပေါ့ပါးစွာ သက်ဆင်းလိုက်သည်။ 

မြေကြီးနှင့် ခြေထောက်ထိပြီးသည်နှင့် ကိုယ်ကို ငုံ့ပြီး ဂူအတွင်းသို့ အလျင်အမြန် ဝင်သွားလိုက်သည်။ 

-----

ဂူအတွင်းသို့ ရောက်သည့်အခါတွင် သူထင်ထားသည်ထက် ပို၍ လင်းကျင်းတောက်ပနေမှန်း တွေ့လိုက်ရသည်။ ဂူပတ်ပတ်လည်က နံရံတွေတွင် ခရမ်းရောင် သလင်းကျောက်များ တွယ်ကပ်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုသလင်းကျောက်တွေသည် သဘာဝအတိုင်း ရှိနေကြခြင်းဖြစ်ကာ လူတွေအတွက် အရမ်းကို တန်ဖိုးကြီးသည့် အသုံးအဆောင်အလှဆင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ 

နက်မှောင်ပြီး ကျယ်ဝန်းသည့် ဂူအတွင်းပိုင်အား ယခုကဲ့သို့ ခရမ်းရောင်သလင်းကျောက်များဖြင့် အလှဆင်ထားသည်က အလွန်ကို သဘာဝကျကျ ပသာဒ ရှိလွန်းလှသည်။ ယခုကဲ့သို့ သဘာဝဆန်စွာ ဖြစ်ပေါ်နေသည်ကို ကြည့်ပြီးလျှင် နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆိုတာကို သိနိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးပိုင်ဆိုင်ထားသည်ကိုလည်း ရှောင်ယွင် တွေးပြီ အံ့သြနေမိသည်။ 

ဂူအတွင်းသို့ ရှောင်ယွင် ဂရုတစိုက်ဖြင့် ဆက်လက်လှမ်းဝင်လာခဲ့သည်။ ယွင်ချီ ပြောထားသလိုပင် ဂူအထဲတွင် မည်သည့်မှော်သားရဲကောင်ကိုမှ မတွေ့ရှိခဲ့ချေ။ ဂူအထဲသို့ ဝင်လာခဲ့သည့် တလျှောက်လုံးတွင်လည်း သူ့ခြေသံမှတပါး တခြားသော အသံများ မထွက်ခဲ့ချေ။

ရည်လျားသော ဂူလမ်းကြောင်းကို ဖြတ်ဝင်လာပြီးနောက် ဂူလမ်းကြောင်းနှစ်ကြောင်းက သူ့အရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ 

ရှောင်ယွင် မျက်မှောင်တွန့်ထားရင်း ထိုဂူလမ်းကြောင်းနှစ်ကြောင်းကို ကြည့်လိုက်သည်။ တစ်ခဏတော့ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ခြေလှမ်းကျဲကျဲဖြင့် ဘယ်ဘက်က ဂူလမ်းကြောင်းကို ရွေးချယ်ဝင်သွားလိုက်သည်။ ထိုလမ်းကြောင်းမှာ အတော်လေး ကွေ့ကွေ့ကောက်ကောက် ရှိရာ ရှောင်ယွင် မကြာမကြာဆိုသလို ကွေ့ဝင်နေရသည်။ အရှေ့သို့ ဆက်သွားနေရာမှ ဂူအတွင်းက အပူချိန်သည် တဖြည်းဖြည်း များလာနေသည်ကို သတိထားမိလိုက်သည်။ 

ထိုသို့ သတိပြုလိုက်သဖြင့် ခြေလှမ်းရပ်လိုက်ပြီး နဖူးက ချွေးစက်ကိုလည်း သုတ်လိုက်သည်။ အရှေ့မနီးမဝေးနေရာမှ ထွက်ပေါ်လာနေသည့် ခရမ်းရောင်အလင်းကိုလည်း ကြည့်လိုက်သည်။ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီ အသက်ပြင်းချလိုက်ကာ ယွင်ချီ လွှဲပြောင်းပေးထာသည့် လေဓာတ်အထူးပြုချီစွမ်းအင်ကို တဖြည်းဖြည်း ခန္ဓာကိုယ်အတွင်း လှည့်ပတ်လိုက်သည်။ ထိုသို့ ပြင်ဆင်ခြင်း ပြီးသွားသည့်အခါတွင် ရှောင်ယွင် အရှေ့သို့ ဆက်သွားလိုက်သည်။ 

ဂူအဆုံးအနားသို့ နီးကပ်လာသဖြင့် ရှောင်ယွင် အတတ်နိုင်ဆုံး ခြေလှမ်းကို ဖွဖွလေး လှမ်းလာသည်။ ထို့နောက် ခေါင်းကို တစ်ဝက်လောက်ပဲ ပြူထုတ်ပြီး ဂူအတွင်းဆုံးက ကျယ်ဝန်းသည့် အခန်းကျယ်ကြီးကို ချောင်းကြည့်လိုက်သည်။ 

သို့သော် ရှောင်ယွင် ထင်ထားသလို မှော်သားရဲကောင်တစ်ကောင်မှ အခန်းကျယ်ထဲတွင် မတွေ့ရချေ။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် နောက်တစ်ကြိမ် ထပ်မံ လေ့လာကြည့်လိုက်ပြီးနောက် စိတ်ချစွာဖြင့် အထဲသို့ ဝင်လျှောက်လာခဲ့သည်။ 

အခန်းကျယ်အလယ်နေရာသို့ ချဉ်းကပ်လာသည့်အခါတွင်လည်း ဂူပတ်လည်အား သတိမပျက် ကြည့်လာခဲ့သည်။ ရုတ်တရက် သူ့အကြည့်က အခန်းကျယ်အလယ်နေရာဆီသို့ ရောက်ရှိသွားသည်။ ထိုအလယ်နေရာတွင် နီလာခရမ်းကျောက်တုံးများဖြင့် စုဖွဲ့ဖြစ်တည်လာသည့် တစ်မီတာအမြင့်ရှိသည့် စားပွဲသဏ္ဍာန်တစ်ခုကို တွေ့လိုက်သည်။ ထိုစားပွဲအထက်တွင် ရှောင်ယွင်ဦးခေါင်းလောက် အရွယ်ရှိသည့် ခရမ်းရောင်ဘောလုံးသဏ္ဍာန်အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ 

ဂူအတွင်းမှ ပျံ့နှံ့နေသည့် အပူများမှာ ထိုအရာမှ ထုတ်လွှင့်နေမှန်း ထို ခရမ်းရောင်ဘောလုံးအား ငေးကြည့်ရင်းမှ ရှောင်ယွင် သဘောပေါက်လိုက်သည်။ 

သူသည် အံ့သြစွာဖြင့် ကြည့်လိုက်သည်။ ထိုအရာသည် ပမာဏကြီးမားလွန်းသည့် စွမ်းအင်ကို ပိုင်ဆိုင်ထားမှန်း သူ မထင်ထားခဲ့ပေ။ ထို့နောက် အခန်းပတ်လည်ကို နောက်တစ်ခါ လှည့်ပတ်ကြည့်လိုက်ကာ အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်သည်။ 

“ ဒါက မဟုတ်မှလွဲရော.. ခရမ်းဝိညာဉ်သလင်းကျောက်များလား… ဒါပေမဲ့.. ယွင်ချီပေးထားတဲ့ သလင်းကျောက်က ဘာလို့ မပူလာတာပါလိမ့်.. ”

ထိုသို့ပြောလိုက်ပြီးနောက် မှန်ကူကွက်သဏ္ဍာန် သလင်းကျောက်ကို သူ့ရင်ဘက်ထဲနေ ရှောင်ယွင် ထုတ်လိုက်ပြီး လေထဲထားကြည့်လိုက်သည်။ အချိန်အတော်ကြာအထိ သလင်းကျောက်မှာ အေးစက်မြဲ အေးစက်နေဆဲပင်။ 

ထို့ကြောင့် သလင်းကျောက်ကို သိမ်းလိုက်ပြီး ပက်ကျိအလား နှေးကွေးသော ခြေလှမ်းများဖြင့် ခရမ်းဝိညာဉ်ကျောက်စားပွဲဆီသို့ အနားကပ်သွားသည်။ အနားနီးလေ အပူလှိုင်းပျော့ပျော့တစ်ခုက ရိုက်ခတ်လာသည်ကို ခံစားမိသည်။  ရှောင်ယွင်မှာ ထိုအရာကနေ ထွက်လာသည့် အပူလှိုင်းကြောင့် နောက်တစ်ကြိမ် အံ့သြသွားမိပြန်သည်။

ရှောင်ယွင်သည် ကိုယ်ကို ညွတ်လိုက်ကာ ထူးခြားဆန်းကျယ်သည့် ခရမ်းရောင်အလုံးကို စူးစိုက်ကြည့်လိုက်သည်။ ထိုစဉ် အတွေးတစ်ခုကို တွေးလိုက်မိတာ ရင်ထဲတွင် လှမ်းအော်လိုက်သည်။ 

“ ဆရာရေ… ထွက်လာပြီ လာကြည့်ပါဦး.. ”

ရှောင်ယွင် အော်သံကို ကြားရသည့်အခါ ရွဲ့လော်လည်း လက်စွပ်ကနေ အသာအယာ မျောလွင့်ထွက်လာခဲ့သည်။ သူ့အကြည့်က ခရမ်းရောင်အလုံးထံ ရောက်ရှိသွားပြီးလျှင် မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားသည်။  အံ့သြသွားသည့် အရိပ်တစ်ခုက မျက်ဝန်းအတွင်း ဖြတ်သန်းသွားပြီ သူက ဖြည်းညှင်းစွာ ဆိုလိုက်သည်။ 

“ ဒါက နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေများလား..  ဒါဆိုရင် တော်တော်ကံကောင်းတဲ့ကောင်ပဲ.. မင်း ဒါကို တကယ်တွေ့ရှိခဲ့ပြီးပေါ့.. ”

“ နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေ?? ဟုတ်လား..  အဲဒါက ဘာကို ပြောတာလဲ.. ? ”   ရှောင်ယွင် မျက်မှောင်ကြုတ်ရင်း စပ်စုမေးလိုက်သည်။

“ကျွတ်စ်.. ကျွတ်စ်.. အင်းး.. ဒါက တကယ့်ကို အံ့မခန်းဖို့ကောင်းတဲ့ ပစ္စည်းပေါ့.. ”

လေထဲမှာ မျောလွင့်နေသည့် ရွဲ့လော်သည် စုတ်သပ်လိုက်ကာ ချီးကျူးလိုက်သည်။

“ နီလာခရမ်းတောင်ပံခြင်္သေ့ကလည်း မွေးရာပါအစွမ်းနဲ့ မှော်သားရဲကြီးတစ်ကောင်ပဲလေ.. ဆိုတော့.. သူအနေနဲ့ အဆင့်၆ မှော်သားရဲအဆင့်ကို ရောက်ဖို့ ခက်ခဲတယ်ပေါ့.. ။ နီလာခရမ်းခြင်္သေ့မတစ်ကောင်က မီးဖွားတဲ့အခါမှာဆိုရင် မှော်သားရဲလေးနဲ့အတူ ဒီ မွေးရာပါအမြုတေပါ ထွက်လာဖို့ အင်မတန်ကို ကြုံတောင့်ကြုံခဲ အဖြစ်တစ်ခုပဲ.. ”

“ နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေက ခြင်္သေ့ဘုရင်ရဲ့ သားအိမ်ထဲမှာ အချိန်အကြာကြီးကတည်းက နေလာခဲ့တာ.. ။ ဒါကြောင့် အမြုတေမှာ အံ့မခန်းလောက်တဲ့ သန့်စင်တဲ့ ဖိုစွမ်းအင်တွေ စုပြီး ရှိနေခဲ့တာပေါ့..။  တကယ်လို့ ငယ်ရွယ်တဲ့ ခြင်္သေ့ဘုရင်က ဒီအမြုတေကို မျိုချလိုက်မယ်ဆိုရင် အဆင့်၅ ကို ချက်ချင်း ခုန်တက်သွားလိမ့်မယ်..။ နောက်ပြီး သူ့ကိုယ်မှာရှိတဲ့ ခရမ်းမီးလျှံက  နီလာခရမ်းခြင်္သေ့အမြုတေမမျိုဖူးတဲ့ နီလာခရမ်းတောင်ပံခြင်္သေ့ထက်ကိုလည်း  ပိုအားကောင်း ပိုပြင်းစေတယ်။  ”

ရွဲ့လော် ရှင်းပြလိုက်ပြီးနောက် သူ့နှုတ်ခမ်းကို စုပ်ကိုက်လိုက်ကာ

“ အရင်တုန်းကဆို ငါဟာ နီလာခရမ်းတောင်ပံခြင်္သေ့ဂူ ရှစ်ဂူလောက်ကို ဝင်ရှာခဲ့ဖူးတယ်.. ။ ဒါပေမဲ့ မင်းကျတော့ ရှာတွေ့ခဲ့တာပဲ.. ”

“ ဝိုးး.. ဒါက အရမ်းကောင်းတာပေါ့.. ”

ရွဲ့လော်စကားကို နားထောင်ပြီး ရှောင်ယွင် မျက်ဝန်းများက တောက်ပလာခဲ့သည်။ ထို့နောက် နီလာခရမ်းစားပွဲကို ငေးကြည့်ရင်းမှ သူ့လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ 

“ အားးး ”

နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေကို ကိုင်လိုက်သည်နှင့် ရှောင်ယွင် နှုတ်ဖျားမှ နာကျင်သံများ ထွက်ကျလာသည်။ လေအေးအေး တစ်ချက် စုပ်သွင်းလိုက်ပြီးနောက် လက်ကို ပြန်ရုတ်လိုက်သည်။ မီးလောင်ဒဏ်ရာကို မြင်တဲ့အခါ ချက်ချင်း အနာကျတ်ဆေးကို ထုတ်ယူလိုက်ပြီး လိမ်းလိုက်သည်။ အံ့သြသည့်မျက်နှာဖြင့် 

“ တော်တော် ပူလောင်နေပါလား.. ဒါကို ဘယ်လိုယူရမလဲ.. ”

“ ဟဟ.. အပူချိန်မြင့်တာကတော့ ပုံမှန်ပဲလေ…။ နောက်ပြီး နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေက နီလာခရမ်းစားပွဲနဲ့ တစ်တွဲတည်း ဖြစ်နေပြီးလေ.. မင်းယူမယ်ဆိုရင် တူးထုတ်ယူမှ ရမယ်.. ”  

“ တူးထုတ်ယူရမယ်..?? ”  ရှောင်ယွင်၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။ မြေကြီးထဲကို အနက်မည်မျှ နစ်ဝင်နေမှန်း မသိသည့် နီလာခရမ်းစားပွဲကို ကြည့်လိုက်မိသည်။ သူ့တစ်ယောက်တည်းဆိုရင် နှစ်ပေါင်းကြာသွားရင်တောင် တူးထုတ်၍ ရနိုင်ဦးမှာ မဟုတ်ပေ။ 

“ ငါ့ကို လာမကြည့်နေနဲ့..။ ဒါကို ငါ ထုတ်ယူလို့ ရနိုင်တယ်.. ဒါပေမဲ့.. ဒီလိုတူးထုတ်လိုက်မယ်ဆိုရင် အပြင်က နီလာခရမ်းတောင်ပံခြင်္သေ့ကြီးက သိသွားမှာပဲ..။ နောက်တစ်ချက်က အပြင်ကို ယူထုတ်သွားနိုင်တယ်ပဲထား.. မင်း ဒါကို ဖွင့်လို့ ရနိုင်မှာ မဟုတ်ဘူး.. ”

“ ဆရာက ဘာကို ဆိုလိုချင်တာလဲ.. ”  ရှောင်ယွင် အလျင်အမြန် မေးလိုက်သည်။ သူ့အရှေ့ရောက်နေသည့် ရတနာတစ်ခုကို မဆုံးရှုံးချင်ပါဘူး။

“ ဒီတစ်ခုလုံး မျိုချနိုင်ရမယ်..။ နောက်နည်းလမ်းတစ်ခုက အားသုံးပြီး ဒီမွေးရာပါအမြုတေကို ရိုက်ခွဲ.. ပြီးရင် အထဲက နီလာခရမ်းအမြုတေကို ယူရမယ်..။ ခက်တာက ပြင်ပအားနဲ့ အမြုတေကို ရိုက်ခွဲဖို့ မလွယ်ဘူးကွ..။ အင်း.. ပြောချင်တာက အမြုတေရဲ့ အခွံက စုပ်ယူနိုင်တဲ့ အစွမ်းရှိတယ်..။ ရိုက်လိုက်တဲ့အားကို ဒီကောင်က ဝါးမျိုနိုင်တယ်လေ..။ ”

ရွဲ့လော်က လက်ကို ဝှေ့ယမ်းပြီး ရှင်းပြလိုက်သည်။

“ တစ်ခုလုံး မျိုချရမယ်..?? ”  ရှောင်ယွင် နှုတ်ခမ်းထောင့်က တွန့်ခနဲ ဖြစ်သွားသည်။ သူ့ခေါင်းလောက် ကြီးသည့် နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေကို ငေးကြည့်နေရင်းနှင့်ပါ။ ပြင်းထန်သည့်အပူချိန်ကို အပထား  သူ့အာခေါင်ကို စုတ်ပြဲသွားသည့်အထိ ဟလိုက်မယ်ဆိုရင်တောင် ထိုအရွယ်ကြီးကြီးမားမားကို မျိုဖို့ မတတ်နိုင်ပါဘူး။ 

“ ကျနော်တို့ ဘာလုပ်လို့ရနိုင်မလဲ..။ အရင်တုန်းက ဆရာလည်း ရှာဖူးခဲ့တယ်ဆိုတော့.. ဆရာ့မှာ နည်းလမ်းတော့ ရှိတယ်မလား.. ”  

အတန်ကြာအထိ ဦးနှောက်ခြောက်နေရင်းမှ ထိုအတွေးကို တွေးလိုက်မိ၍ ရှောင်ယွင်က ရွဲ့လော်ဘက် လှည့်၍ မေးလိုက်သည်။ 

“ ဒါပေါ့..။ အကြမ်းပတမ်းနည်းနဲ့ ဘယ်လိုမှ ဖွင့်လို့ ရမှာ မဟုတ်ဘူး..။  အောင်မြင်ဖို့က တစ်ခုပဲ ရှိတယ်.. ”    ရွဲ့လော်က ခန့်ညားဝင့်ထည်စွာဖြင့် ပြောလိုက်သည်။ 

“ အဲဒါက ဘာလဲ. ”  ရှောင်ယွင် အလောတကော မေးမြန်းလိုက်၏ သူ့မျက်ဝန်းတွင်ကား ပျော်ရွှင်ခြင်းများဖြင့် ပြည့်လာခဲ့သည်။ 

“ ဟားဟား.. ”  ရွဲ့လော် ရုတ်ချည်း အားပါတရ ရယ်မောလိုက်ပြီးနောက် ရှောင်ယွင်၏လည်ပင်းတွင် ဆွဲထားသည့် မှန်ကူကွက်သလင်းကျောက်ကို အကြည့်ပို့လိုက်သည်။ 

“ ဒီသလင်းကျောက်လား.. မဟုတ်ဘူး.. အဲဒါ ဆရာပြောတာက ခရမ်းဝိညာဉ်သလင်းကျောက်ကိုလား.. ”   ရှောင်ယွင် ကြောင်အမ်းနေပြီးမှ သဘောပေါက်လိုက်သည်။ 

“ မှန်တယ်..။ ခရမ်းဝိညာဉ်သလင်းကျောက်ကပဲ ဒီကောင်ကို ဖွင့်လို့ရမှာ .. ”  

ရွဲ့လော်ခေါင်းညိတ်ပြောလိုက်သည်။ ရှောင်ယွင်၏ အမူအရာကို ကြည့်ပြီ သူ အင်မတန်ကို ကျေနပ်နေသည်။ 

“ ကဲ.. ဘာကို စောင့်နေတာလဲ.. ။ ခရမ်းဝိညာဉ်သလင်းကျောက်ကို ရှာတော့လေ.. ”  

ရွဲ့လော် ပြောတာကို ကြားလိုက်သည်နှင့် ရှောင်ယွင် အနောက်လှည့်ပြေးသည်။ ခရမ်းဝိညာဉ်သလင်းကျောက်သည် ဤလမ်းကြောင်းတွင် မရှိနေ၍ နောက်လမ်းကြောင်းတစ်ခုမှာ ရှိနေပေလိမ့်မည်။ 

“ အိုး.. ဟုတ်ပြီ..  ငါပြောဖို့ တစ်ခုမေ့သွားတယ်..။ ဘာလဲဆိုတော့ နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေ ရှိနေမှတော့ ဒီဂူထဲမှာ နီလာခရမ်းတောင်ပံခြင်္သေ့ငယ်လေးတစ်ကောင် ရှိလိမ့်မယ်ကွ.. ” 

ရှောင်ယွင်အနောက်မှာ မျောလွင့်လိုက်ပါခဲ့သည့် ရွဲ့လော်က အပြုံးဖြင့် ဆိုလိုက်ပြန်သည်။ 

ပြေးလွှားနေသည့် ရှောင်ယွင် ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားကာ သူ့မျက်ဝန်းထောင့်က မှေးခနဲ ဖြစ်သွားသည်။  ခဏအကြာတွင် ပြတ်သားသည့် လေသံဖြင့်

“ တွေ့ကြတာပေါ့.. သူက လာတားဆီးရဲတယ်ဆိုရင် သူ့ကို သတ်မယ်.. ။ အပြင်က တစ်ကောင်ထက် ပိုကြမ်းမယ်လို့ ကျနော်တော့ မထင်ဘူးဗျ… ”  

ထိုသို့ ပြောလိုက်ပြီး ဂူအပြင်ဘက်ကို ခပ်မြန်မြန် ပြေးသွားလိုက်သည်။ 

“ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲလို့.. ”    ရှောင်ယွင်၏ နောက်ကျောပြင်ကို ကြည့်ပြီ ရွဲ့လော် ပြံးလိုက်သည်။ ချက်ချင်းပဲ သူ ထပ်ပြောလိုက်ပါသေးသည်။ 

“ ဒါပေမဲ့.. မင်းရဲ့ အရည်အချင်းကို မင်းအထင်ကြီးနေတာကွ..ဟား.. ဟား.. ”

ရှောင်ယွင်က လမ်းကြောင်းအဆုံးသို့ ရောက်သည့်အခါ နောက်လမ်းကြောင်းဘက်သို့ ပြေးဝင်သွားပြန်သည်။ ထိုလမ်းကြောင်းတွင် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်တစ်ကောင် ရှိနေမှန်းသိ၍ ရှောင်ယွင် အထူးသတိထားလိုက်သည်။  လမ်းလျှောက်သည့်အခါတွင် စိတ်ထင်သလို ခြေလှမ်းပင် ရဲရဲမလှမ်းခဲ့ပေ။ 

ထိုလမ်းကြောင်းအတိုင်း အတန်ကြာအထိ လျှောက်လာခဲ့ပြီးလျှင် မြင်ကွင်းကျယ်တစ်ခုက သူ့အရှေ့ရောက်ရှိလာသည်။ 

ဂူအပေါက်အဝတွင် နီလာခရမ်းကျောက်တုံးများဖြင့် ပိတ်ထားနေသည်ကို အကာအကွယ်ယူ၍ နံရံမှာ ပြားကပ်နေအောင် မှီထားရင်းမှ အတွင်းဘက်သို့ ရှောင်ယွင် လေ့လာကြည့်လိုက်သည်။ 

သူ့အကြည့်က အလယ်နေရာသို့ ရောက်သည့်အခါတွင် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထိုနေရာတွင် အရွယ်အစားငယ်သည့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်တစ်ကောင်က မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ အိပ်နေသည်ကို မြင်လိုက်သည်။ 

အိပ်ပျော်နေသည့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်ကို မြင်သည့်အခါ ရှောင်ယွင် တံတွေးမျိုချလိုက်ပြီး နဖူးက ချွေးစေးကိုလည်း သုတ်လိုက်သည်။ 

“ ဟ..ဟ.. ဒီကောင်က အဆင့်၃ ပဲ ရှိသေးတာကွ.. လုပ်လိုက်တော့ဟေ့.. ”

သူ့အနောက်ကနေ ရွဲ့လော်၏ ရယ်မောသည့်အသံက ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။ 
+++++++++++

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...