အပိုင်း ( ၁၅၂ ) ထူးဆန်းစွာ စဉ်းစားရခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်ပြီနောက် ရှောင်ယွင်သည် ဂူအထဲကနေ ခုန်ထွက်လာခဲ့သည်။ အပြင်တွင် မွန်းတည့်အချိန်ပင် ရောက်ရှိနေလေပြီ။ စူးရှတောက်ပသော နေရောင်များ ဖြာဆင်းနေ၍ တောတောင်တခွင်မှာ အပူဓာတ်များဖြင့် လွှမ်းခြုံနေလေ၏။
ဂူကနေ ခုန်ဆင်းလိုက်ပြီးနောက် သိပ်မလျှောက်လိုက်ရ။ ပန်းခြင်းတောင်းကို ကိုင်လျက် ဆေးပင်စိုက်ခင်းမှ ပြန်လာဟန် တူသည့် ရှောင်ယိရှန်နှင့် ပက်ပင်း တွေ့ ရလေ၏။ သူမသည် အစိမ်းရောင်အဝတ်တစ်ထည်ကို ခေါင်းတွင် ပေါင်းထားရာ တကယ့်ကို တောသူမလေးနှင့် တူလှလေသည်။ ရှောင်ယွင်သည် အနည်းငယ်တော့ ရယ်ချင်မိ ဖြစ်သွား၏။ ထို့နောက် ခေါင်းကို ခါယမ်းကာ ပြုံးရွှင်၍ သူမကို နှုတ်ဆက်လိုက်သည်။
ရှောင်ယိရှန်လည်း ချိုသာစွာ ပြန်လည် ပြုံးပြလိုက်ကာ အပေါ်က ဂူကိုလည်း မသိမသာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ သူမသည် ဂူအကြောင်းကို မေးရလောက်သည့် အသိဉာဏ်နည်းနေသူတစ်ဦး မဟုတ်ပါချေ။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည် မဟုတ်လား။ သူမမှာလည်း ရှိပေ၏။ ထို့ကြောင့်လည်း သူမသည် ရှောင်ယွင် ဂူထဲတွင် ဘာလုပ်နေတာကို သိဖို့ မကြိုးစားခဲ့သလို ဘာမှ မမြင်သလိုသာ ဟန်ဆောင်နေခဲ့သည်။ သူမ၏ တုံ့ပြန်မှုကို ရှောင်ယွင် မည်သည့်မှတ်ချက်မှ မပေးလိုသော်လည်း စိတ်ထဲမှာတော့ အတော်သဘောကျသွားလေ၏။
“ ဆာနေပြီလား.. ငါ နေ့လည်စာ လုပ်ပေးမယ်လေ.. ”
ရှောင်ယွင်နှင့်အတူ တဲအိမ်လေးဘက်သို့ အေးအေးလူလူ လျှောက်လှမ်းသွားရင်း သူမသည် ရှောင်ယွင်ဘက် ခေါင်းလှည့်ကာ ခပ်ရွှင်ရွှင်လေး မေးလိုက်၏။ ပြီးနောက်မှာတော့ သူမသည် အင်္ကျီလက်ရှည်ကို ခေါက်ကာ ကျောက်တုံးများဖြင့် မီး စတင်မွှေးလေသည်။ ပါဝင်ပစ္စည်းများကိုလည်း စနစ်တကျဖြင့် ထုတ်ယူခင်းကျင်းလေ၏။
ရှောင်ယွင်လည်း ကျောက်တုံးတစ်တုံးတွင် ထိုင်ချကာ ရှောင်ယိရှန်က သီချင်းတညည်းညည်းဖြင့် အလုပ်လုပ်နေတာကို ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ရှိနေလေ၏။ ကျောက်စိမ်းကဲ့သို့ ဖြူနုသော လက်ချောင်းကလေးဖြင့် ချက်ပြုတ်နေသော ထိုမိန်းကလေးသည် အလွန်ကို လှပ၍ ဖြူစင်လွန်းသူတစ်ယောက်ဖြစ်နေပေမဲ့ ထိုလက်ချောင်းကလေးများဟာ အဆိပ်ကို အသုံးပြုရာတွင်လည်း ကျွမ်းကျင်လိမ္မာသည်ကို ရှောင်ယွင် မေ့မနေရဲချေ။
ဒိုချီကုန်းမြေဒေသတွင် အဆိပ်ပညာရှင်တို့၏ ကျော်ကြားမှုသည် သိပ်တော့ မကြီးကျယ်ချေ။ သို့ပေမဲ့ လူအများစုသည် အဆိပ်ပညာရှင်တို့နှင့် ပေါင်းသင်းဆက်ဆံရမည်ကို အလွန်ကြောက်ရွံ့ကြသည်။ အဆိပ်ပညာရှင်တို့ အဆိပ်ကို အသုံးပြုလိုက်လျှင် ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်ဖို့က မဖြစ်နိုင်၍ ရန်သူ မဆိုထားနှင့် မိတ်ဆွေဖြစ်နေလျှင်ပင် စိုးကြောက်ရသေး၏။
ထိုအတိုင်းပင် ရှောင်ယွင်မှာ ရွဲ့လော်ကဲ့သို့ မှော်ဆေးပညာရှင် ဆရာကြီးတစ်ပါး မရှိနေလျှင် ရှောင်ယိရှန် ချက်ပြုတ်သော အစားအသောက်များကို စားသောက်ဖို့ ရဲမှာ မဟုတ်ချေ။ နောက်ပြီး လူတိုင်းမှာလည်း အသက်တစ်ချောင်းပဲ ပါတာမို့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ကာမှ တော်ကာကျပေလိမ့်မည်။
လတစ်ဝက်ဟူသော အချိန်ကာလအတွင်း ရှောင်ယွင်သည် သူမချက်ပြုတ်ထားသော အစားအသောက်ဟူသမျှ ငြင်းဆန်ခြင်း မပြုဘဲ စားသောက်ခဲ့ရာ သူမသည်လည်း ရှောင်ယွင်အပေါ် ရင်းနှီးလာ ကြင်နာလာခဲ့သည်။ သို့သော် ထိုနွေးထွေးမှုတွင် အချစ်ဟူ၍ အငွေ့အသက်များ ပါဝင်မှု မရှိသည်ကို ရှောင်ယွင် ကောင်းကောင်း ခံစားရသည်။ သူမသည် သူ့အပေါ်အား တကယ့်သူငယ်ချင်းအရင်းကဲ့သို့ ဆက်ဆံနေခြင်းလည်း ဖြစ်သည်။
ထို့အပြင် ထိုမိန်းကလေး၏ ကြင်နာလွယ်သော နှလုံးသားကြောင့်လည်း သူမ တကယ်လိုအပ်သောအရာများမှာလည်း များစွာမရှိလှ။ အနည်းငယ်လေးသော သူမအပေါ် ယုံကြည်ခြင်းသည် သူမ၏ မျက်နှာထက်တွင် လှပသော အပြုံးများ ဖြစ်ပေါ်စေသည်။ ဒါပေမဲ့.. သူမရဲ့ အတတ်ပညာ..။ ဟူးးး သူမ၏ ကံကြမ္မာက ထိုကဲ့သို့ လက်ခံရမည့်မလိုလို ရှိနေတော့လေ၏။
ထိုကိစ္စနှင့်ပတ်သတ်၍ ရှောင်ယွင်သည် အနည်းငယ်တော့ ရှက်ခဲ့ရသည်။ တကယ်၍ ရွဲ့လော်၏အကူအညီသာ မရှိခဲ့လျှင် ရှောင်ယိရှန်နှင့် မိတ်ဆွေဖွဲ့ခဲ့မှာ မဟုတ်ချေ။
လူနှစ်ယောက်စာအတွက် နေ့လည်စာ ချက်ပြုတ်အလုပ်ရှုပ်နေပါသော အချောအလှလေး ရှောင်ယိရှန်အား ကျောက်တုံးမှာထိုင်ရင်း ရှောင်ယွင် ငေးကြည့်နေမိသည်။ ရှောင်ယွင် အသက်ပြင်း ရှိုက်လိုက်ပြီးနောက် သူမအား ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။
“ ဒီကနေ ဘယ်တော့ ထွက်မယ်လို့ စိတ်ကူးထားလဲ.. “
“ ဟမ် “ ရှောင်ယွင်၏ အမေးစကားကြောင့် သူမက အနောက်လှည့်ကာ ကြည့်လိုက်သည်။ သူမ၏ လက်မ နဖူးဆံစကို သပ်ဖယ်လိုက်ရင်း ရှောင်ယွင်အား သံသယအကြည့်ဖြင့် ကြည့်လိုက်ကာ ပြန်မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ “
“ အာ.. အထင်မလွဲလိုက်ပါနဲ့.. ဒါက မင်းနေရာလေ.. မင်းကို မမောင်းထုတ်ရဲပါဘူးကွာ.. “
ရှောင်ယွင်က လက်ကို ဆုပ်နယ်ရင်း စနောက်လိုက်၏။
“ ငါ့မှာ အကြောင်းကိစ္စ ရှိလို့ ဒီမှာ နောက်ထပ် လတစ်ဝက်လောက် နေရလိမ့်မယ်.. မင်းမှာလည်း အရေးကိစ္စရှိရင် မင်းလည်း.. “
“ အဆင်ပြေပါတယ်.. အချိန်ကြာကြာ ကြိုက်သလောက်အထိ နေလို့ ရပါတယ်.. ငါ့မှာတော့ အရေးကြီးကိစ္စ မရှိသေးဘူး.. ငါလည်း စဉ်းစားမိတာ ရှိပါတယ်.. အချိန်ရရင် ဒိုချီကုန်းမြေဒေသတကို တစ်ခါလောက် စွန့်စားသွားကြည့်ရင်းကောင်းမလားလို့.. ဒါလည်း အရေးကြီးကိစ္စ မဟုတ်သေးပါဘူး.. ငါ့မှာ လောစရာမှ မရှိတာ.. “
ရှောင်ယိရှန်သည် အသက်ပြင်းကျိတ်ချလိုက်ပေမဲ့ အရှေ့ဘက်ပြန်လှည့်ပြီ ပေါ့ပေါ့ပါးပါးဖြင့် ရယ်မောလိုက်သည်။
“ ဒိုချီကုန်းမြေဒေသကို စွန့်စားခရီးထွက်မှာလား... ဒီစိတ်ကူးက မဆိုးဘူး.. “ ရှောင်ယွင်သည် ထောက်ခံရင်း ခေါင်းညိတ်လိုက်လေသည်။ ဒိုချီကုန်းမြေတခွင်အနှံ့ လှည့်လည်သွားလာ စွန့်စားခရီးထွက်ဖို့က သူ့အိမ်မက်ထဲကတစ်ခု ဖြစ်နေသည်မဟုတ်လား။
“ နင် စိတ်ဝင်စားလား.. ဒါဆို ငါတို့နှစ်ယောက် အတူတူ ခရီးသွားလို့ ရတာပေါ့.. “ မီးပုံထဲ သစ်ချောင်း ပစ်ထည့်ရင်း ရှောင်ယိရှန်က ရယ်မောကာ ပြောလိုက်သည်။
“ အာ.. အချို့ကိစ္စတွေ ပြီးမြောက်အောင် လုပ်ရဖို့ ရှိသေးတယ်.. လောလောဆယ်တော့ အဲလိုသွားဖို့ စိတ်မရှိသေးသလို အချိန်ကလည်း မရသေးဘူး.. “ ရှောင်ယွင်က ခေါင်းကို ခါယမ်းကာ ဆိုလိုက်သည်။
“ စိတ်မကောင်းစရာပါပဲ.. ဒီလို စိတ်တူကိုယ်တူ ခရီးသွားဖော်တစ်ယောက်ကို ရှာတွေ့ဖို့က မလွယ်ဘူးနော်..” ရှောင်ယိရှန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ မကျေမနပ်ဖြင့် ဆိုလေသည်။
“ စွန့်စားခရီးသွားဖို့ဆိုတာ မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံပေးရရင် အဆိပ်ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သိုဝှက်ထားသင့်တယ်.. မဟုတ်လို့ရှိရင် ခရီးလမ်းတစ်လျှောက်မှာ မင်းတစ်ယောက်တည်းပဲ ဖြစ်နေလိမ့်မယ်..” ရှောင်ယွင်သည် အတော်လေး ချိန်ဆနေပြီးနောက် အလေးအနက်ဖြင့် ပြောလိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေကာ ရှောင်ယိရှန်သည် ဟင်းအိုးထဲ အဆိပ်မရှိသော မှိုပွင့်တို့ကို ပစ်ထည့်ရင်း ပွက်ပွက်ဆူနေသော ဟင်းအိုးကို ငေးစိုက်ကြည့်နေလေသည်။ သူမသည် ခပ်ဖွဖွ အသက်ပြင်းချလိုက်သည်။ သူမအား အကြောက်တရားနှင့် ခြောက်လှန့်နေခဲ့သော အခြေအနေတစ်ခုကို သူမ ရှင်းလင်းစွာ သိလေ၏။
“အာ.. တကယ်တမ်းတော့ မင်းက အဆိပ်ပညာရှင်လို့ သတ်မှတ်လို့ မရသေးပါဘူး.. အင်.. ခရီးထွက်ရင် သမားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးလို့ ရတာပဲလေ.. သမားတော်တွေက လူတွေရဲ့ လေးစားမှုကို လွယ်လွယ် ရနိုင်တာပေါ့.. “ ရုတ်ချည်း ငြိမ်တိတ်သွားသော ရှောင်ယိရှန်ကို ကြည့်ရင်း ရှောင်ယွင် အတင်းရယ်လိုက်ရလေသည်။
“ အဆိပ်ပညာရှင် ဖြစ်လာမှာက အနှေးနဲ့ အမြန်ပဲလေ.. အများတကာကို ကြောက်လန့်စေပြီ မုန်းတီးစေသူတစ်ယောက်တော့ ငါဖြစ်လာလိမ့်မယ်.. ” ရှောင်ယိရှန်သည် အသက်ပြင်းချကာ ခပ်တိုးတိုးလေး ပြောလိုက်၏။
" အဆိပ်ပညာရှင်ဖြစ်လာဖို့ဆိုတာ မင်းအပေါ်မှာ မူတည်နေတာပဲ.. ဒီလိုဖြစ်လာဖို့ မင်းကို ဘယ်သူက ဖိအားပေးလို့လဲ " ရှောင်ယိရှန်စကားကြောင့် ရှောင်ယွင် အနည်းငယ်တော့ စိတ်မကြည်မလင် ဖြစ်သွားသည်။
" အာ .. နားလည်မှုမလွဲလိုက်ပါနဲ့ " သူမ၏ ဆံပင်က ပျော့ကျလာကာ မျက်နှာအား ဖုံးကွယ်သွားလေ၏။ ရှောင်ယိရှန်သည် ခပ်တိုးတိုးဖြင့် " အနာဂတ်မှာ ဆုံတွေ့ခဲ့ကြရင် ငါ့ကို သူငယ်ချင်းတစ်ယောက်လိုမျိုး ဆက်ဆံပေးနိုင်ဖို့ ငါ မျှော်လင့်လိုက်ပါတယ်.. "
ရှောင်ယွင်လည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ သူမ၏ ထူးခြားသော စကားကြောင့် လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။
" ဟင်.. ဟင်းချိုက ကျက်နေပြီပဲ.. " ရှောင်ယိရှန်သည် ခေါင်းကို ခါယမ်းလိုက်ရင်း ဟင်းအိုးကို ကြည့်လိုက်ရာ ရုတ်တရက် ပြုံးရွှင်သွားလေသည်။ ထို့နောက် ပန်းကန်လုံးကို ယူကာ မှိုဟင်းချိုအား ခပ်ထည့်၍ ရှောင်ယွင်ကို ဂရုတစိုက်ဖြင့် ကမ်းပေးလိုက်သည်။
ရှောင်ယွင်လည်း ပန်းကန်လုံးကို လက်လှမ်းယူလိုက်သည်။ မွှေ့ပျံ့နေသည့် ဟင်းရနှံ့ကြောင့် ရှောင်ယွင် သွားရည်ယိုလာကာ တံတွေးကို မျိုချလိုက်မိသည်။ ရှောင်ယိရှန်အား လက်မထောင်ပြလိုက်ကာ ဟင်းချိုပူလောင်နေတာကို ဂရုမထားဘဲ စတင် စားသောက်လိုက်၏။
ဟင်းချိုပန်းကန်လုံးအား ကိုင်ထားပြီ မတွန့်မဆုတ်ဘဲ အားပါးတရ စားသောက်နေသည့် ရှောင်ယွင်ကိုကြည်ပြီ ရှောင်ယီရှန်၏ မျက်နှာထက်တွင် ပျော်ရွှင်သွားသည့်အမူအရာက ဖြစ်ပေါ်သွားသည်။ ရှောင်ယွင်က သူမအပေါ် ယုံကြည်နေတာကို သူမ တကယ်ပင် သဘောကျလှသည်။
ကျောက်တုံးမှာ ထိုင်ပြီ ဟင်းချိုသုံးလေးခွက်လောက် အားပါးတရ စားသောက်လိုက်ပြီနောက် ရှောင်ယွင်သည် ပန်းကန်အား ကျေနပ်သွားသည့် အမူအရာဖြင့် သူမထံ ပေးလိုက်သည်။ လုံးတင်းသွားသည့် ဗိုက်ကို ပွတ်ရင်း ရှောင်ယွင်သည် ပြုံးရွှင်စွာဖြင့် " ကောင်းလိုက်တဲ့ လက်ရာပဲ.. မင်းနဲ့ လက်ထပ်တဲ့သူက တကယ်ကို ကံကောင်းမှာပဲ "
" ငါ့ကို လက်ထပ်ဖို့ " ရှောင်ယွင်၏ စကားကြောင့် ရှောင်ယိရှန် ပြုံးလိုက်ကာ " ရှင်သိထားဖို့က အဆိပ်ပညာရှင်ဆိုတာ ဒိုချီကုန်းမြေဒေသမှာ လက်ထပ်တာအနည်းဆုံးပညာရှင်ဆိုတာပဲ.. ဘယ်သူက သတ္တိကောင်းပြီတော့ တစ်ခဏအတွင်း သေစေနိုင်တဲ့အဆိပ်ငွေ့ထုတ်နိုင်တဲ့ ဇနီးမျိုးနဲ့ အတူတူအိပ်ရဲမှာလဲ.. "
ရှောင်ယွင် အားလျော့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ရှောင်ယိရှန်က နည်းနည်းလေးတော့ အဆိုးမြင်နေသလို သူ ခံစားရသည်။ အဆိပ်ပညာရှင်က လူတွေကို ကြောက်ရွံ့ထိတ်လန့်စေပေမဲ့ သူမရဲ့ စွမ်းရည်က အဲဒီအဆင့်ကို ရောက်ဖို့က အဝေးကြီး ရှိနေသေးသည်မဟုတ်လား။
အဆိပ်ပညာရှင်ကြီးတွေဆိုတာ သိပ်မကျော်ကြားကြပေမဲ့ လူတိုင်းကို အနားမကပ်ရဲရလောက်အောင် ကြောက်ရွံ့ထိတ်လန့်စေတဲ့အဆင့်က လူတိုင်း ဖြစ်လာနိုင်တဲ့ အဆင့်လည်း မဟုတ်ဘူးလေ။
" မှတ်ထားပေးနော်.. နောင်တစ်ချိန် ဒိုချီကုန်းမြေဒေသမှာ ငါတို့ ပြန်ဆုံတွေ့ဖြစ်ခဲ့ရင် ငါ့ကို မုန်းတီးလို့ မရဘူးနော်.. အဲလိုဆို ငါတွေးမိတိုင်း ဝမ်းနည်းနေရတော့မှာ.. "
ရှောင်ယိရှန်က ပစ္စည်းပစ္စယတွေကို သိမ်းဆည်းလိုက်ပြီ သူမ၏ တဲအိမ်ဘက်ကို သွားလိုက်သည်။ တဲအိမ်အတွင်း မဝင်မီ ရှောင်ယွင်ဘက် လှည့်ကာ ချိုသာသော အပြုံးဖြင့် ထိုစကားကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ထိုစကားကို ပြောပြီးသည်နှင့် အထဲသို့ ဝင်သွားလိုက်ရာ ရှောင်ယွင်တစ်ယောက်တည်း ကျောက်တုံးပေါ်မှာ စိတ်ရှုပ်ထွေးစွာနဲ့ ကျန်ရစ်ခဲ့လေ၏
သူမဝင်သွားသော တဲအိမ်လေးကို ရှောင်ယွင် ငေးကြောင်ကြောင်ဖြင့် ငေးကြည့်ရင်း အသက်ပြင်းချပြီ ပြုံးလိုက်သည်။
သူက အဆိပ်ပညာရှင်ဖြစ်တော့ရော ဘာအရေးလဲ သူမရဲ့ ပညာရပ်ကြောင့် ဘာလို့ သူ့ကို မုန်းရမှာလဲ
အတွေးများက ဟိုခုန်ဒီပေါက်နှင့် အတော်ကြာတဲ့အထိ အတွေးများပြီးနောက် ရှောင်ယွင်သည် ပျင်းရိစွာနှင့် မတ်တတ်ရပ်လိုက်သည်။ တောင်တစ်လုံး၏ အောက်ဘက်က မြေနေရာကို ရောက်သည့်အခါ ရှောင်ယွင် ခေါင်းမော့ပြီ ကောင်းကင်က ချစ်ချစ်တောင် နေလုံးကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကို ကွေးညွတ်ပြီ မြေပြင်ကို အားပါပါဖြင့် ဖိနင်းလိုက်သည်။ ထိုအခါ ဗြုန်းစားကြီး ထွက်ပေါ်လာသော ပေါက်ကွဲအသံနှင့်အတူ ရှောင်ယွင်သည် အမြောက်ဆန်ကဲ့သို့ ချောက်ကမ်းပါးအထက် ခုန်တက်သွားသည်။ အားလျော့သွားလျှင် တဖန် ချောက်ကမ်းပါးနံရံကို ထပ်နင်း၍ ခုန်လိုက်ပြန်သည်။ ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ရှိလာကာ ချောက်ကမ်းပါးအပေါ်သို့ ဆက်တိုက် တက်သွားလေသည်။
၅ ကြိမ်မြောက်တွင် ရှောင်ယွင်သည် တစ်ကိုယ်လုံး လိမ်လှည့်လိုက်ကာ မြဲမြံစွာဖြင့် ချိုင့်ဝှမ်းငယ်ထဲက တောင်တစ်လုံး၏ အထွတ်တွင် ခြေချရပ်လိုက်၏ ထိုနေရာမှ ကြည့်လျှင် ချိုင့်ဝှမ်းထဲက တဲအိမ်မှာ လက်သီးဆုပ်အရွယ်လောက်သာ ရှိတော့သည်။
အချိန်က မွန်းလွဲပိုင်းသို့ ရောက်နေပြီဖြစ်ရာ ကောင်းကင်ထက်က နေလုံးကြီးကြောင့် ပူပြင်းသော နေရောင်ခြည်အလင်းတန်းများ မညှာမတာ ဖြာလင်းနေရာ ထိုနေရောင်အောက်တွင်ရှိသော ကျောက်တုံးတို့အား မည်သူမှ အရဲစွန့်ပြီ ကိုင်ရဲမှာ မဟုတ်ချေ။
ရှောင်ယွင်ရပ်နေသော နေရာသည် ငေါထွက်နေသော ကျောက်ဆောင်ပြားတစ်ခုပင် ဖြစ်သည်။ ထိုနေရာသည် နေပူစာလှုံဖို့အတွက် အကောင်းဆုံးနေရာလည်း ဖြစ်၏။
နဖူးပေါ်က ချွေးစက်တွေကို သုတ်ချလိုက်ပြီနောက် ခါးသီးစွာ ပြုံးလိုက်ကာ ခေါင်းကို ခါယမ်းလိုက်လေသည်။ သူရဲ့ ပြင်းထန်လှတဲ့ လေ့ကျင့်ခန်းကြောင့် ညည်းညည်းညူညူနဲ့ ပူလောင်လှတဲ့ ကျောက်ချပ်တစ်ခုအပေါ်မှာ ထိုင်ချလိုက်သည်။ ခဏအကြာတွင် ဖင်ကနေ ပူတက်လာခြင်းကြောင့် ရှောင်ယွင် အံကိုပင် ကြိတ်ထားလိုက်ရသည်။ ထို့နောက် အဆက်မပြတ် မြင့်တက်လာသော အပူရှိန်တို့ကို လျစ်လျူရှုလိုက်ပြီ လက်နှစ်ဖက်ကို ကျင့်ကြံသည့် လက်နေဟန်ထားအတိုင်း ထားလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ကိုယ်နေဟန်ထား အားလုံးပြီးသွားတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က မီးသဘာဝစွမ်းအင်တွေ သူ့ကိုယ်ထဲ တိုးဝင်လာတာကို ရှောင်ယွင် သတိပြုလိုက်မိသည်။ သူ့စိတ်ကလည်း အကျွမ်းတဝင်ဖြင့် ထိုစွမ်းအင်တို့ကို သန့်စင်လိုက်ကာ ချီလမ်းကြောင်းအတိုင်း ဖြတ်သန်းသွား၍ နောက်ဆုံး ချီဝဲကတော့အတွင်း ဝင်ရောက်သွားသည်။ ချီဝဲကတော့မှာ လှည့်လည်စီးဝင်နေရင်းမှ အလယ်ဗဟိုရှိ ခရမ်းရောင်မီးတောက်ငယ်သို့ ဆက်လက်ဝင်ရောက်သွားလေသည်။
နေအပူ၏ အငွေ့အသက်ပါဝင်သော မီးသဘာဝစွမ်းအင်ကို စုပ်ယူမိသောအခါ ခရမ်းရောင်မီးတောက်သည် ရုတ်ချည်း နိုးကြားလာပြီ စွမ်းအင်တို့အား ဝါးမျိုလိုက်သည်။ယင်းမီးတောက်ငယ်သည် အနည်းငယ် ကြီးထွားလာသယောင် ရှိလာခဲ့သည်။
စိတ်အာရုံကို စုစည်းထား၍ မီးတောက်ငယ်၏ တစ်ဖြည်းဖြည်း ကြီးထွားလာသည့်ပုံစံအား ရှောင်ယွင်မှာ အသေးစိတ်ကအစ အကုန်တွေ့ရှိလေသည်။ အတော်အသင့် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို တွေ့လိုက်ရတဲ့ ရှောင်ယွင်မှာ အတော်လေး ဝမ်းမြောက်သွားသည်။ ထိုသို့ အချိန်တစ်ခုအထိ စုပ်ယူနေလိုက်ပြီးနောက် ရှောင်ယွင် တစ်ဖြည်းဖြည်း မျက်လုံးဖွင့်လိုက်ကာ သူ့ရဲ့ သိုလှောင်လက်စွပ်ကနေ နီလာခရမ်းအဆီအနှစ်ပါဝင်တဲ့ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကိုလည်း ထုတ်ယူလိုက်သည်။ ထိုအဆီအနှစ်ကို လက်ချောင်းထိပ်ဖြင့် အသာအယာ တို့ထိလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီနောက် ခပ်ဖြေးဖြေး အရသာ ခံလိုက်သည်။ ထို့နောက် တံထွေးနှင့်အတူ ဗိုက်ထဲသို့ ရောက်ရှိသွားလေသည်။
နီလာခရမ်းအဆီအနှစ်က ဗိုက်ထဲ ရောက်သွားသည်နှင့် ရှောင်ယွင်၏ မျက်နှာသည် နီရဲတက်လာခဲ့သည်။ ပုံမှန်အသားအရေကလည်း တစ်ဖြည်းဖြည်း နီမြန်းလာသည်။ ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို သတိထားလိုက်သည်နှင့် ရှောင်ယွင်သည် စိတ်အာရုံကို စုစည်းထားလိုက်ကာ စွမ်းအားကောင်းပြီ အရိုင်းဆန်တဲ့ စွမ်းအင်ကို ချေဖျက်ဖို့ လုပ်လိုက်သည်။
ကျောက်တောင်ထိပ်.. နေပူပူပြင်းပြင်းအောက်မှာ လူငယ်တစ်ယောက် ချွေးသီးချွေးပေါက်တွေနှင့် နာကျင်မှုကို အံကြိတ်သည်းခံရင်း ကိုယ်တွင်းက အပူတွေကိုပါ တောင့်ခံနေလေရာ လိပ်ပြာဖြစ်ဖို့ ပိုးအိမ်အထဲကနေ နာနာကျင်ကျင်နှင့် တိုးထွက်လာနေသော ပိုးတုံးလုံးကောင်ကဲ့သို့ တူနေပါတော့သည်။
နာကျင်မှု ပြီဆုံးတဲ့အခါမှာတော့ ပြန်လည် မွေးဖွားလာသလို ဖြစ်သွားလိမ့်မည်။ ပြောင်းလဲခြင်းခရီးလမ်းတစ်ခုမှာ နာကျင်ခြင်း ကြမ်းတမ်းခြင်းတို့နဲ့ ရှေ့ဆက်သွားဖို့ အမှန်ပင် လိုအပ်လှသည်။
No comments:
Post a Comment