Followers

Chapter 147

အပိုင်း ( ၁၄၇ ) ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း××××××××××××××××
မျက်နှာစာကွင်းပြင်တွင် ကြေးစားစစ်သည်များ တဖွဲဖွဲ စုရုံးရောက်ရှိလာသည်ကို ကြည့်ရင်း ရှောင်ယွင် ခပ်ဖွဖွလေး ပြုံးလိုက်မိ၏။ သူဟာ အရှေ့ကို တိုးလျှောက်လာပြီးလျှင် လူအုပ်စုကြီး၏ အရှေ့တွင် ရပ်လိုက်သည်။ 
“  ဝမ်းနည်းပါတယ်.. ဒီနေရာကို ရောက်လာခြင်းက အားလုံးကို ဖျက်ဆီးပစ်မလို့ပဲ.. ”
“ ချာတိတ်လေး.. မင်းက သတ္တိရှိသားပဲ.. ”
ရှောင်ယွင်၏ ပမာမခန့်သော အပြုအမူကို မြင်လျှင် မူရှီ၏ ဒေါသများသည် အပြုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ မူရှီက လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မူလက ကျိုးကြေပျက်စီးသော တံခါးနေရာအစား ထုထည်ထူထဲခိုင်မာသော တံခါးတစ်ခုက လျှို့ဝှက်အံကြားကနေ ထွက်ကျလာကာ ဘုန်းခနဲ အသံများထွက်လာပြီးလျှင် ဝင်ပေါက်ကို လုံးဝ ပိတ်ချသွားလေသည်။ 
တံခါးမကြီးက ပိတ်ကျသွားသည်နှင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့သားများသည် အလျှိုလျှိုထွက်ရှိလာကြပြီးလျှင် ရှောင်ယွင်အား တင်းမာသော မျက်နှာထားဖြင့် ဝိုင်းရံလိုက်ကြသည်။ နေရောင်အလင်းအောက်မှာ သူတို့၏ လက်နက်တွေတွေလည်း အေးစက်စက်အလင်းများ ဖြာထွက်နေသည်။ 
ဝိုင်းရံလာကြသော ကြေးစားစစ်သည်တို့ကို ကြည့်ပြီး ရှောင်ယွင် စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။ 
“  မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်လိမ့်မယ်လို့ မတွက်ဆထားနဲ့ကွ.. ငါကတော့ မင်းကို ရှင်းပစ်ဖို့ စိတ်အချရဆုံးနည်းလမ်းကိုပဲ သုံးရမယ်.. ”
သူ၏ မျက်နှာထားနှင့် အကြည့်ကို ကြည့်ပြီး မူရှီက လှောင်လိုက်လေ၏။
ထိုစကားကို ကြားရသည့်အခါ ရှောင်ယွင်က ခေါင်းကို အေးဆေးပဲ ညိတ်လိုက်သည်။ မူရှီသည် ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်နေမှတော့ ဘယ်နည်းနဲ့မှ အဆင်ခြင်မဲ့ အရူးတစ်ယောက်လို လုပ်လိမ့်မယ်မဟုတ်..။ တကယ်၍ မူရှီနေရာမှာဆိုလျှင်လည်း တစ်ယောက်ချင်း ထိပ်တိုက်ခြင်းနည်းလမ်းကို ရှောင်ယွင်လည်း ရွေးမှာ မဟုတ်ချေ။ လောကကြီးတွင် မည်သည့်အရာမှ အစစ်အမှန်မျှတမှု ရှိလိမ့်မည်နည်း..။  ဘယ်လိုပင် စက်ဆုပ်စရာကောင်းသည့် နည်းလမ်းဖြစ်နေပါစေ..၊ ပန်းတိုင်သို့ အဆင်ပြေပြေ ရောက်သည့်နည်းလမ်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။  အနိုင်ရသူသည် ထာဝရမှန်ကန်သူဖြစ်သွားကာ ရှုံးနိမ့်သူမှာ အရှုံးတရားနှင့်သာ ငိုပွဲဆင်သွားရမည်။   ထိုသဘောတရားကို ရှောင်ယွင် ကောင်းစွာ သဘောပေါက်သည်။ 
“ သွားကြ… သူ့ကို သွားသတ်ကြ.. ”     နောက်ထပ် အဓိပ္ပါယ်မရှိတာတွေနှင့် အချိန်မဆွဲလိုတော့၍ မူရှီက ရှောင်ယွင်ကို လက်ညိုးညွန်လိုက်သည်။ သူ့၏ အေးစက်မာကျောသော အသံက သတ်ဖြတ်ခြင်းအငွေ့အသက်အပြည့်ဖြင့် ဟိန်း၍ ထွက်လာသည်။ 
ခေါင်းဆောင်၏ အမိန့်အာဏာကြောင့် ဝိုင်းရံနေကြသည် ကြေးစားလက်အောက်ငယ်သားတို့သည် ဓားကို ကျစ်ကျစ်ဆုပ်ကာ ညာသံပေး၍ ရှောင်ယွင်ဆီသို့ တိုးဝင်ကြသည်။ 
မူရှီမှာတော့ လှေကားထစ်ထိပ်တွင် ရပ်ပြီးနောက် အလွန်ကို တည်ငြိမ်နေသည့် ရှောင်ယွင်ကို စိုက်ကြည့်လိုက်ကာ လက်သီးကို ဆုပ်ပြီး ပြောလိုက်သည်။ 
“   ဒီကနေ့ ဘာပဲဖြစ်ဖြစ်.. မင်းကတော့ သေကိုသေရလိမ့်မယ်.. ”
“ ဂစ်… ဂစ်.. ”
အားလုံးက ရှောင်ယွင်ဆီကို ဦးတည်ပြေးဝင်နေသည့်အခိုက်တွင် သိမ်းငှက်အော်သံတစ်ခုက ကောင်းကင်ယံကနေ မြည်ဟီးလာသည်။  အရိပ်မည်းကြီးတစ်ခုက ကောင်းကင်ကနေ သက်ဆင်းလာပြီးလျှင် အဖြူရောင်ပေါင်ဒါအမှုန့်များက ပမာဏများပြားစွာဖြင့် အပေါ်က ကျဆင်းလာသည်။ ကွက်လပ်ပြင်ကြီးအပေါ်က လေထုသည် ကျဆင်းလာသော ပေါင်ဒါအမှုန့်များဖြင့် စတင်ဖုံးလွှမ်းလာသည်။ 
“  အဲဒါကို ဂရုမစိုက်နဲ့… သူ့ကိုပဲ အရင်သတ်.. ”    ရုတ်တရက် ပြောင်းလဲသွားကြောင့်  မူရှီသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာဖြင့် ဆက်ပြီး အမိန့်ပေးသည်။ 
အနည်းငယ် တုံ့ဆိုင်းသွားကြသည့် ကြေးစားစစ်သည်တို့သည် သူ့အမိန့်ကြောင့် ရှောင်ယွင်ဆီကို ချက်ချင်း ပြေးဝင်သွားကြသည်။ ရှောင်ယွင်အနားသို့ နီးကပ်လာပြီးမို့ သတ်ကြဖို့ကိုပဲ ကြီုးစားလိုက်ကြသည်။ 
နေရာအစုံမှ ပြေးဝင်လာကြသည့် ကြေးစားစစ်သည်တို့အား ကြည့်ပြီးနောက် ရှောင်ယွင် ခေါင်းကို မော့ကြည့်လိုက်သည်။ အဖြူရောင် ပေါင်ဒါအမှုန့်တွေက သူတို့နှင့် နီးကပ်လာနေသည်။ 
 ရှောင်ယွင် အသက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စတင်လှုပ်ရှားသည်။ ခြေထောက်ကို နှိမ့်ပြီး ကျောက ရွှင်းပေတံဓားကြီးကို ဆွဲထုတ်လိုက်သည်။ ရှောင်ယွင်က တစ်ချက် မာန်သံသွင်းလိုက်ကာ ရွှင်းပေတံဓားကြီးကို ဆွဲကိုင်လိုက်သည်။ ရှောင်ယွင်ကိုယ်အနားမှာ အရိပ်မည်းက ဝဲခနဲ လှည့်ပတ်သွားလေသည်။ အရှေ့ကနေ ပြေးဝင်လာသည့် ကြေးစားစစ်သည်တို့သည် ချက်ချင်းဆိုသလို ရွှင်းပေတံဓားကြီး၏ ရိုက်ချကို ထိသွားကြပြီးလျှင် ပါးစပ်ကနေ သွေးများ ထွက်လာကာ သူတို့ ခန္ဓာကိုယ်ကလည်း အနောက်သို့ လွင့်စင်သွားကြသည်။ 
“ ဘန်း.. ”
အနက်ရောင် ပေတံဓားကြီးသည် မြေပြင်မာမာပေါ်တွင် လေးလံစွာ စိုက်ဝင်သွားသည်။ ပေတံဓားကြီး စိုက်ဝင်သွားသည့်နေရာကနေ အက်ကြောင်းရာများ လျင်မြန်စွာ ဖြန့်ထွက်သွားသည်။ ပေတံဓားကြီးကို ညာဘက်လက်ဖြင့် ကိုင်စွဲထားရင်း ဘယ်လက်အား မိုးပေါ်သို့ မြှောက်လိုက်သည်။ လက်ဖဝါးကို ကွေးညွတ်လိုက်သည့်အခါတွင် စုပ်ငင်အားတစ်ရပ်က ချက်ချင်းထွက်ပေါ်လာကာ မိုးပေါ်ရှိ အဖြူရောင် ပေါင်ဒါအမှုန့်ကို ဆွဲစုပ်ယူလိုက်သည်။ ပေါင်ဒါအမှုန့်များ စုစည်းကျဆင်းလာသည့်အခါ ရှောင်ယွင်၏ ဘယ်ဘက်လက်က လှုပ်ခါလိုက်ပြန်သည်။ ထိုအခါ တွန်းကန်အားတစ်ခုက ထွက်ရှိလာပြီးလျှင် အပေါ်ကနေ ကျဆင်းလာသည့် ပေါင်ဒါအမှုန့်တို့ကို ဘေးပတ်လည်ရှိ ကြေးစားစစ်သည်ဆီသို့ ပြန်လည် မှုတ်ပို့လိုက်သည်။ 
“ အဟွတ်.. ဟွတ်.. ”     မုန်တိုင်းတစ်ခုလို အဖြူရောင်ပေါင်ဒါအမှုန့်တို့သည် ရှောင်ယွင်ဆီကနေ ပြေးထွက်လာကြသည်။  ပေါင်ဒါအမှုန့်အား ရှုရှိုက်မိကြသည့် ကြေးစားစစ်သည်တို့မှာ ချက်ချင်းပင် အသည်းအသန် ချောင်းဆိုးကြလေသည်။ 
“  ပေါင်ဒါအမှုန့်က ထူးဆန်းနေတယ်.. အနောက်ပြန်ဆုတ်ကြ.. ”
ရှောင်ယွင်၏ ထိန်းချုပ်မှုကနေ အဖြူရောင်ပေါင်ဒါအမှုန့်များသည် မူရှီဆီကိုလည်း ပြေးဝင်လာခဲ့သည်။ မူရှီက တစ်ချက်ရှိုက်ရှုလိုက်သည့်အခါတွင် သူ့မျက်နှာကပြောင်းလဲသွားပြီး အနောက်ကို ခပ်မြန်မြန်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။ 
အဖြူရောင်ပေါင်ဒါအမှုန့်ကြားထဲမှာ မမြင်မကန်းဖြင့် တိုးဝင်လာနေကြသည့် ကြေးစားစစ်သည်တို့မှာ ခေါင်းဆောင်၏ အမိန့်သံကို ကြားလိုက်ရသည်နှင့် အနောက်သို့ ကမန်းကတန်း ဆုတ်ပြေးလေသည်။ သို့သော်လည်း အနောက်သို့ ခြေလှမ်းဆယ်လှမ်းမျှ ဆုတ်ရသည့်အခိုက်မှာ အားလုံးက ပြိုလဲကြကုန်သည်။ ပို၍ သန်မာသည့် ကြေးစားစစ်သည်အနည်းငယ်တို့သာလျှင် တောင့်ခံနိုင်ကြကာ ကွက်လပ်ပြင်အလယ်ကနေ အမြန် ဆုတ်ခွာနိုင်ခဲ့ကြသည်။ 
ဆေးအမှုန့်များ ပျံ့လွင့်နေသည့် ကွက်လပ်ပြင်ကနေ တချို့လောက်သာ ထွက်ခွာနိုင်လာသည်ကို ကြည့်ပြီး မူရှီ၏ မျက်နှာက အလွန်ပင် အရုပ်ဆိုးသွားသည်။  သူ့အရှေ့တွင် ပြင်းထန်လှုပ်ရှားသည့် လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီးလျှင် သူ့ဆီကို လွင့်ပျံ့လာသည့် ပေါင်ဒါအမှုန့်တို့အား မှုတ်ထုတ်ပစ်လိုက်သည်။ 
လေပြင်းဖြင့် မှုတ်ထုတ်လိုက်သည့်အခါမှ ပေါင်ဒါအမှုန့်တို့သည်လည်း တဖြည်းဖြည်း ကျဲပါးသွားသည်။ ထိုအခါမှ မြေကွက်လပ်မှာ လဲကျဲနေသည့် ကြေးစားစစ်သည်တို့ မြင်ကွင်းမှာ ထွက်ပေါ်လာခဲ့သည်။ မရေတွက်နိုင်သော ညည်းညူသံများ..မြည်တမ်းသံများက သူ့တို့ထံကနေ အဆက်မပြတ် ထွက်ရှိလာ၏။
ထိုကြေးစားစစ်သည်တို့မှာ အသက်ဆုံးရှုံးမှုမရှိသေးသည်ကို တွေ့ရ၍ မူရှီသည် အသက်ပြင်းချလိုက်သည်။  ကွက်လပ်ပြင်အလယ်တွင် ရှိနေသည့် လူငယ်လေးကို မှူရှီ ခေါင်းမော့ကြည့်လိုက်သည်။ အံကြိတ်ထားသော လေသံဖြင့်    “ ခွေးကောင်လေး… မင်းက အဆိပ်ကို သုံးရဲတယ်လား.. ”
“ ခင်ဗျားတောင် လူအင်အားနဲ့ တိုက်သေးတာပဲ.. ကျုပ်က ဘာလို့ အဆိပ်မသုံးရမှာလဲ.. ”
ရှောင်ယွင်က ပြုံးရယ်ရင်း ဆိုလိုက်ကာ ရွှင်းပေတံဓားကြီးအား ညာဘက်ပခုံးတွင် ထမ်းကာ အရှေ့သို့ ခြေနှစ်လှမ်း တိုးတက်လာခဲ့သည်။  သို့သော် ဒုတိမြောက်ခြေလှမ်းအချတွင် မထင်မှတ်ထားသည့် အရာတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ 
မြေပြင်ပေါ်မှာ အဆက်မပြတ် လူးလိမ့်ညည်းညူနေသည့် ကြေးစားစစ်သည်တစ်ယောက်က ရုတ်တရက် ခုန်ထလာသည်။ လက်ထဲက ထက်မြသော ဓားရှည်ကလည်း ဒိုချီစွမ်းအင်အလွှာပါးပါးဖြင့် ဖုံးအုပ်ထားကာ ရှောင်ယွင်၏ ဝမ်းဗိုက်ဆီကို ရက်ရက်စက်စက်ဖြင့် အလစ်ငိုက်ဖမ်း ထိုးသွင်းလိုက်သည်။ 
ထိုသို့ အလစ်ငိုက်တိုက်ခိုက်မှုနှင့် ကြုံတွေ့လိုက်ရသော်လည်း ရှောင်ယွင်သည် နည်းနည်းလေးပင် ပျာယာခတ်သွားခြင်း မရှိချေ။ သူက ရွှင်းပေတံဓားကြီးကို ကိုင်ထားရင်း သူ့အရှေ့မှာ ပေတံဓားကို နေရာထားလိုက်သည်။ ထိုပေတံဓားကြီးက သူ့တစ်ကိုယ်စာ၏ တစ်ဝက်လောက်ကို ကာကွယ်ထားပေးသည်။ ထိုခုခံမျိုးမှာ ဓားရှည်ဖြင့် တိုက်ခိုက်လာမှုကို အလွယ်တကူ ခုခံနိုင်သည့် ခုခံမှုမျိုး ဖြစ်သည်။ 
“ ကလန်းးး ”    ဓားရှည်မှာ ပေတံဓားကြီးကိုသာ ထိုးမိသွားသည်။ ချက်ချင်းပင် မီးပွားမီးပွင့်လေးများ လွင့်စင်ထွက်သွားသည်။ သို့ပေလျက် ပေတံဓားကြီးတွင် အစင်းခြစ်ရာတစ်ခုလေးပင် မရရှိစေခဲ့ချေ။ 
အလစ်ငိုက်တိုက်ခိုက်မှုက မအောင်မြင်သည်နှင့် လုပ်ကြံတိုက်ခိုက်သည့်သူက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ တိုက်ခိုက်ရာမှ ပြန်ကန်ထွက်လာသည့် အားကို ယူကာ အနောက်သို့ အလျင်အမြန် ဆုတ်သည်။ 
“  အလစ်ချောင်းပြီးတော့လည်း တိုက်ခိုက်သေးတယ်..၊ အခု ဘာကြောင့် ထွက်သွားချင်ရတာလဲ.. ”
လုပ်ကြံသူက ဆုတ်ခွာသည်ကို ရှောင်ယွင် တွေ့ရှိသွားသည်။ ခပ်ဖွဖွ ရယ်သံဖြင့် မြေကြီးအား နင်းလိုက်သည်။ ပေါက်ကွဲသံတစ်ခုဖြင့် ရှောင်ယွင်ခန္ဓာကိုယ်က အရှေ့သို့ ရုတ်တရက် ပြေးထွက်သွားကာ တစ်ခဏအတွင်းမှာပဲ လုပ်ကြံသူနှင့် မီတာတစ်ဝက်အကွာသို့ ရောက်ရှိသွားသည်။ 
အလစ်ဝင်တိုက်ခိုက်လာသူကို ကောင်းကောင်းမြင်လိုက်သည့်အခါတွင် ရှောင်ယွင်၏ မျက်ဝန်းက အေးစက်သည့်အပြုံးသို့ ပြောင်းလဲသွားသည်။ အလစ်ချောင်းတိုက်ခိုက်ခဲ့သူက သူ့၏ ရန်သူတော်ဟောင်းဖြစ်သည့် မုလီ ဖြစ်နေသည်။ 
မုလီလည်း သူ့အနားကို ရှောင်ယွင်က ချက်ချင်းရောက်လာနိုင်သည်ကို ကြည့်ပြီး မျက်နှအမူအရာက မည်းမှောင်သွားလေသည်။ သူ့မျက်ဝန်းနက်နက်မှာလည်း ချောက်ချားသွားသည့် အရိပ်အသက်များ ထွက်ပေါ်လာသည်။ ဆေးအမှုန့်များက ကောင်းကင်ကနေ လွင့်ကျလာသည့်အချိန်တွင် သူသည် ဝရုန်းသုန်းကား ဖြစ်သွားခြင်းကို အခွင့်ကောင်းယူ၍ ရှောင်ယွင်အနား ရောက်အောင်သွားခဲ့ကာ အဆိပ်မိသွားသည့် ပုံစံမျိုး ဟန်ဆောင်လှဲနေခဲ့သည်။ သို့ပေလျက် သူ့၏ လှုပ်ရှားမှုကို ရှောင်ယွင်က မြင်သွားခဲ့သည်ကို သူ မသိထားခဲ့ချေ။ 
“  လီအာ..သားလေး.. ဂရုစိုက်.. ”     ကွက်လပ်ပြင်တွင် ရုတ်တရက် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် မူရှီသည်ပင် ထိတ်လန့်သွားရသည်။ အထူးသဖြင့် အလစ်ငိုက်ဖမ်း၍ တိုက်ခိုက်လိုက်သူက သူ့သားဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါတွင် ဖြစ်သည်။   မူရှီ၏ မျက်နှာအမူအရာက အရောင်စုံ ပြောင်းလဲသွားပြီး ကမန်းကတန်းဖြင့် လှမ်းအော်လိုက်သည်။ 
( နာမည်အနောက်မှာ “ အာ” ဆိုတာက   儿 ကို ပြောခြင်း ဖြစ်သည်။ ဆိုလိုရင်းက ကလေး၊သား ဖြစ်သည်။ ဥပမာ.. ယွင်အာ.. ရှင်းအာ. )
“ နောက်ကျသွားပြီးကွ.. ”       အနောက်ဆုတ်ထွက်ပြေးသည့် မုလီအား ပြုံးပြလိုက်ပြီးနောက် ရှောင်ယွင်သည် ခြေထောက်ကို မြေကြီးပေါ် နောက်တစ်ကြိမ် နင်းလိုက်ပြန်သည်။ ထိုအခါ ပေါက်ကွဲသံထွက်ပေါ်လာပြီးလျှင် မုလီ၏ အရှေ့သို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။  လက်ထဲက ရွှင်းပေတံကြီးကလည်း ပြင်းထန်းသည့် လေခွင်းအသံများ ခေါ်ဆောင်လာကာ မုလီ၏ ရင်ဘီဆီသို့ ပြင်းထန်စွာ လွှဲရိုက်လေသည်။ 
အရှေ့ကနေ တိုးဝင်လာနေသည့် ပြင်းထန်အားကောင်းသော လေခွင်းအသံကြောင့် မုလီ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ စိတ်ထဲမှာလည်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ 
“   ဒီကောင်က တကယ်ပဲ ဒိုကျဲအဆင့် ကြယ်၉လုံးပါလား.. ”
ထိုအတွေးက သူ့ခေါင်းထဲမှာ တစ်ချက်လေးသာ ဖြစ်ပေါ်သွားကာ အံကို တင်းတင်းကြိတ်လိုက်သည်။ ရှောင်ယွင်၏ ပေတံဓားကြီးက နီးကပ်လာနေပြီး။ သူ၏ လက်ရှိအလျင်နှုန်းဖြင့် လုံးဝ ရှောင်တိမ်းဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုတိုက်ခိုက်မှုအား အပြည့်အဝ ခုခံရန်သာ ရှိတော့သည်။ 
သူ့နှုတ်ခမ်းထောင့်က တွန့်ခနဲ ဖြစ်သွားသည်။ မုလီသည် ရှိသမျှ ဒိုချီစွမ်းအားတို့အား အကုန်ထုတ်၍ သူ့ဓားရှည်မှာပဲ အားလုံး စုစည်းထားလိုက်သည်။ နောက်ဆုံးတွင် အံကို ကြိတ်၍ ဓားရှည်အား ထိုးသွင်းလိုက်သည်။ ဓားမှာ ဝှီးခနဲ မြည်အောင် လေကို ထိုးခွင်း၍ ရှောင်ယွင်၏ ရင်ဘက်ဆီသို့ ဦးတည်သွားလေသည်။
“ ဘန်း..”    ပေတံဓားကြီးသည်လည်း လေထုထဲမှာ သွက်လက်အရှိန်ပြင်းစွာ လွှဲဝင်လာကာ နောက်ဆုံးတွင် မုလီ၏ ရင်ဘက်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။  ချက်ချင်းဆိုသလို မုလီပါးစပ်နေ သွေးတစ်လုတ်က ဖူးခနဲ အန်ထွက်လာသည်။ ခန္ဓာကိုယ်ကလည်း အနောက်ဘက်သို့ လွင့်ကန်သွားမည့်အချိန်တွင် မုလီက ရှိသမျှအားတို့ကို ဓားနှောင့်ဆီသို့ ရိုက်ပို့လိုက်သည်။ ဓားသည် သူ့လက်ကနေ ထွက်လာပြီးလျှင် မုလီ၏ ကောက်ကျစ်သော အကြည့်အောက်မှာပဲ ရှောင်ယွင်၏ ရင်ဘက်သို့ ထိုးဝင်သွားလေသည်။ 
ရှောင်ယွင်၏ မညှာတာသော ရိုက်ချက်ကြောင့် မုလီမှာ အမြှောက်ဆံကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်တစ်လျှောက် တရွတ်တိုက် ရွေ့သွားပြီးလျှင် နောက်ဆုံးတွင် သစ်လုံးပုံတစ်ခုဆီသို့ သွားရိုက်လေသည်။ မုလီသည် နောက်ထပ် သွေးတစ်လုတ် ထပ်အန်ကာ သူ့အမြင်အာရုံမျာလည်း အမှောင်ကျသွားပြီးနောက် သတိလစ်သွားလေသည်။ 
ထို့အတူ မုလီ၏ ဓားရှည်မှာလည်း အင်အားပြင်းထန်စွာဖြင့် ရှောင်ယွင်၏ ရင်ဘက်ကို ညှာတာခြင်းမရှိ ဖောက်ဝင်သွားသည်။ မုလီသည် ကြံမိကြံရာသဘောဖြင့် ထုတ်သုံးလိုက်သော သူသေကိုယ်သေအကွက်သည် ရှောင်ယွင်အား အနောက်သို့ အနည်းငယ်သာ အနောက်ဆုတ်စေခဲ့သည်။ 
ကောင်းကင်ထက်မှာတော့ ရှောင်ယိရှန်သည် ရှောင်ယွင် ဓားနှင့် ထိုးခံရသည်ကို တွေ့၍ အလန့်တကြားဖြင့် အသက်ရှုမှားသွားသည်။ သူမက သိမ်းငှက်ကြီးကို စီးနင်း၍ ရှောင်ယွင်အား သွားကယ်တင်ရန် ဟန်ပြင်လိုက်သည့်အချိန်တွင် ရှောင်ယွင်က လက်တစ်ဖက်ထောင်ပြ၍ သူမကို ဝှေ့ယမ်းပြလိုက်သည်။ 
ရှောင်ယွင်သည် ခေါင်းကို ငုံ့၍ ရင်ဘက်က ဓားရှည်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဓားနှောင့်ကို တင်းတင်းဆုပ်၍ ဆွဲထုတ်လိုက်လေသည်။ သို့သော် ဓားဦးချွန်မှာ သွေးစသွေးနပင် မရှိချေ။ 
“  ယွင်ချီပေးတဲ့ ကိုယ်ကြပ်အင်္ကျီက တကယ့်ကို အံ့မခန်းပဲ.. ”  
ဓားဦးချွန်တွင် သွေးပင် မရှိသည်ကို ကြည့်ပြီး ရှောင်ယွင် စိတ်ထဲတွင် ကိုယ်ကြပ်အင်္ကျီကို ချီးမွှမ်းလိုက်၏။  ထို့နောက် ဓားရှည်ကို ဘေးသို့ လွှင့်ပစ်လိုက်ပြီးလျှင် သေလုမြောပါးဖြစ်နေသည့် မုလီကို ကြည့်လိုက်သည်။ 
“ လီ..အာ… ”  
မုလီသည် တိုက်ပွဲကွက်လပ်ပြင်နေ အနောက်သို့ လွင့်စင်သွားသည်ကို ကြည့်ပြီး မူရှီ၏ ခေါင်းမှာ ချာချာလည်သွားမတတ် ဖြစ်သွားသည်။ မူရှီသည် ရပ်နေရာမှာ အလောတကောဖြင့် ခုန်ချလာကာ သတိမေ့နေသည့် မုလီအား ခပ်ကြမ်းကြိမ်း လှုပ်ယမ်းကြည့်လိုက်သည်။ လက်ညိုးဖြင့် မုလီ အသက်ရှုနေခြင်း ရှိမရှိ စမ်းသပ်ကြည့်လိုက်ရာ အသက်ရှင်နေမှန်းသိ၍ မူရှီ စိတ်သက်သာရာ ရသွားသည်။ သတိမေ့နေသည့် မုလီက အနောက်က ကြေးစားစစ်သည်တို့လက်ထဲ အပ်လိုက်ပြီးလျှင် မူရှီသည် ရှောင်ယွင်အား စားတော့မတတ် ဝါးတော့မတတ် စိုက်ကြည့်သည်။  သူသည် မြေပြင်ပေါ်က လှံတစ်ချောင်းအား ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီးလျှင် ဒေါသကြီးစွာဖြင့် ရေခဲတမျှ အေးစိမ့်နေသော စကားလုံးတို့ဖြင့် ပြောလိုက်သည်။ 
“  ဘာပဲ ဖြစ်နေဖြစ်နေ.. ဒီနေ့ မင်း သေကို သေရမယ်.. ”
“ နောက်ဆုံးတစ်ခေါက်ကလည်း ဒီစကားကို ပြောခဲ့ပြီးပြီလေ.. ”
ထိုစဉ် မုလီအား အိမ်အထဲသို့  သယ်မ သွားသည်ကို ကြည့်ပြီး ရှောင်ယွင်နှုတ်ခမ်းထောင့်က ပြုံးသယောင် ဖြစ်သွား၏။  မုလီအား ရွှင်းပေတံဖြင့် ရိုက်ခဲ့စဉ်က သူ့စွမ်းအားတို့ကို ရွှ့င်းပေတံမှတဆင့် ပို့လွှတ်လိုက်ပြီး မုလီ ဝမ်းဗိုက်အောက်က ချီဝဲကတော့ကို ဖျက်ဆီးစေခဲ့သည်။ တစ်နည်းဆိုရရင် မုလီသည် ဒဏ်ရာမှ သက်ာသွားစေဦးတော့.. မသန်မစွမ်းတစ်ယောက်ဖြစ်သွားနိုင်သည်။ 
ထိုသို့ လုပ်လိုက်ခြင်းက အနည်းငယ်တော့ မညှာတာရာ ဖြစ်သော်လည်း ရှောင်ယွင် စိတ်မဝင်စားပါ။ ဘယ်တော့မှ ပြေလည်နိုင်မည့် ဆက်ဆံရေး မဟုတ်သောကြောင့် ဖြစ်သည်။ ဂူထဲတွင် သူ့အား သတ်ဖို့ ကြိုးစားခဲ့ခြင်းနှင့် တောတွင်းနက်ထဲအထိ လိုက်လံဖမ်းဆီးခဲ့တာတွေကြောင့် ရှောင်ယွင် ဒီသားအဖတို့ လက်ထဲတွင် အသက်သေရမလိုလို ဖြစ်ခဲ့သည်။  တကယ်၍ ဤသားအဖလက်ထဲဖမ်းမိခဲ့ပါက သေရခြင်းပင်လျှင် ပိုကောင်းနေဦးမည်ဆိုတာ ရှောင်ယွင် သဘောပေါက်သည်။ ထို့ကြောင့် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါတွင် အထူးသဖြင့် ဒီလို ဆိုးရွားသည့် ရန်သူနှင့် ရင်ဆိုင်ရလျှင် ရှောင်ယွင် ညှာတာဖို့ စိတ်ကူးမရှိချေ။  သတ်နိုင်သမျှ အကုန်သတ်သွားမည်ဖြစ်ကာ တကယ်၍ သူ မသတ်နိုင်ခဲ့ပါက တဖန် လက်စားချေနိုင်သည့်အစွမ်း မရှိသွားအောင် သူ့အနေဖြင့် သေချာအောင် လုပ်ရမည်သာ။ ××××××××××××××××××××××

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...