အပိုင်း ( ၉၅ ) - ဂျားလီကလန်၏ ငွေရေးကြေးရေးအခြေအနေ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
နေ့ရက်တွေ တဖြည်းတဖြည်း ဖြတ်သန်းသွားခဲ့သည်။ ထို့တူ ဂျားလီ ကလန်တို့ ဈေးဆိုင်နေရာမှာ ရောင်းချနေသော အနက်ကျတ်ဆေးတွေ လည်း တဖြည်းဖြည်း ယုတ်လျော့ကုန်ဆုံးလာခဲ့ကြသည်။ ပြီးခဲ့ရက်ကပဲ နောက်ဆုံး ဆေးပုလင်း ရောင်းထွက်သွားခဲ့သည်။ ဆေးရောင်းချဖို့ အတွက် တာဝန်ယူထားရသော ဂျားလီကလန်က အရောင်းသမားများ ဟာ အပြင်မှာ တိုးဝှေ့နေသော ကြေးစားအမဲလိုက်သူတွေအား စိတ်မလုံစွာဖြင့်သာ ပြုံးရယ်ပြကြရင်း
“ တောင်းပန်ပါတယ်ခင်ဗျ.. ပစ္စည်းပြတ်လပ်သွားလို့ ကျွန်တော်တို့ ဆိုင်တန်းတွေ ယာယီပိတ်ထားပါမယ်ခင်ဗျ.. ”
နေရာကောင်းရထားဖို့အတွက် အပြင်တွင် တိုးလုနေကြေသော ကြေးစားအမဲလိုက်သူတွေဟာ ထိုစကားကို ကြား၍ တိတ်ဆိတ်သွား ကြသည်။ အရောင်းသမားတွေကိုလည်း စိန်းစိန်းဝါးဝါး ကြည့်ပြီး ဒေါသတကြီးဖြင့် စတင် ဆူပူကြိမ်းမောင်းကြလေသည်။
တိုးဝှေ့နေသော လူအုပ်လည်း လူစုကွဲသွားခဲ့သလို တချို့သော ရိုင်းစိုင်းသည့် ဆေးလာဝယ်သူတွေက အရောင်းသမားတွေအား ဆဲဆိုတိုင်းထွာကြသည်။
ဂျားလီကလန်၏ အနာကျတ်ဆေးရောင်းချခြင်းအား ရပ်နားလိုက်သည့် သတင်းသည် တစ်နာရီပင် မပြည့်လိုက်.. ဝူတန်မြို့တစ်ခုလုံးအား ပျံ့နှံ့ သွားတော့သည်။ သတင်းကြားလိုက်ရသည်နှင့် အားလုံးက အံ့သြသွား ကြသလို တချို့ကလည်း ဝမ်းသာကြသည်။ တချို့က ဝမ်းနည်းပြီး တချို့ အသက်ပြင်းချကြသည်။
အနာကျတ်ဆေးအထောက်အပံ့မရ၍ ဂျားလီကလန်သည် ရှောင်ကလန်နှင့် ဆေးတိုက်ပွဲမှာ လုံးဝရှုံးနိမ့်သွားခဲ့လေပြီး။ စိတ်ပျက် စရာကောင်းသော ရှုံးနိမ့်ခြင်းကြောင့် ဂျားလီကလန်သည် များစွာ ထိခိုက်နစ်နာခဲ့ရပြီး ဝူတန်မြို့တွင် သူတို့၏ သြဇာသက်ရောက် မှုသည်လည်း အရင်တချိန်က တောက်ပခဲ့သလိုမျိုး ပြန်ရနိုင်ဖွယ် မရှိနိုင်တော့ဟု ထင်ရလေသည်။
………………..
ရှောင်ကလန်၏ အစည်းအဝေးခန်းမအတွင်းတွင် ဖြစ်သည်။
“ ဂျားလီကလန်က သူတို့အနာကျတ်ဆေးရနေတဲ့ ပင်ရင်းနေရာက မရှိတော့ဘူးဆိုတာ ဟုတ်လား.. ”
လက်အောက်ငယ်သားတစ်ယောက် ယူဆောင်လာသော သတင်းကို ကြားသိရတဲ့အခါ ရှောင်ကျန်း ခဏတာတော့ ကြက်သေသေသွားပြီး နောက် ရုတ်ခြည်း မတ်တတ်ရပ်လိုက်သည်။ သူ့မျက်နှာက ဖြစ်ပေါ်နေသော အပျော်မျက်နှာအား ဖုံးကွယ်ဟန်ဆောင်ထားဖို့ကိုပင် ခက်လှသည်။
ရှောင်ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် အကြီးအကဲသုံးယောက် တို့ကိုအား ကြည့်လိုက်သည်။ အကြီးအကဲသုံးယောက်၏ မျက်နှာ မှာတွင်လည်း ပျော်ရွှ့င်နေပုံက မထိန်းချုပ်နိုင်လောက်အောင်ပင် ဖြစ်ပေါ်နေကြပါသည်။ အချိန်အတော်ကြာမှ ရှောင်ကျန်းလည်း ပျော်မြူးနေခြင်းကို ထိန်းလိုက်ပြီး သတင်းပို့လာသူကို အပြုံးဖြင့် မေး လိုက်သည်။
“ သူတို့ရဲ့ မှော်ဆေးပညာရှင် လျိုစီးအကြောင်းကရော ဘာရလဲ.. ”
“ အဲဒါတော့ မသိခဲ့ဘူး.. ဂျားလီယောင်နဲ့ သခင်လေးရှောင်ယွင်တို့ တိုက်ခိုက်ပြီးကတည်းက သူ့ကို မတွေ့ရတော့ဘူး.. ”
ဒီစကားကြောင့် ရှောင်ကျန်းနှင့် အကြီးအကဲသုံးယောက်တို့ ထပ်ပြီး အံ့သြသွားပြန်သည်။ ထောင့်တွင်ထိုင်နေသော ရှောင်ယွင်ကို မတိုင်ပင်လိုက်ရဘဲ လေးယောက်သား ပြိုင်တူကြည့်လိုက်သည်။
“ ဘာလို့ ကျွန်တော့်ကို ကြည့်ရတာလဲ.. ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး”
မျက်လုံးလေးစုံက သူ့ကို ကြည့်နေသောအခါ ရှောင်ယွင်သည် မျက်လုံးပေကလတ်ပေကလတ်လုပ်ကာအပြစ်ကင်းရိုးသားသော ပုံစံဖြင့် ငြင်းလိုက်သည်။
ရှောင်ကျန်း အကူအညီကင်းမဲ့သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။ ဘာပဲပြောပြော ရှောင်ယွင်ရဲ့ စကားကို သူ မယုံကြည်ပါဘူး။
သူနဲ့ မဆိုင်ဘူးတဲ့ ဟုတ်လား.. ဒါဆို သူနဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း လျိုစီးက ဘာလို့ပျောက်ကွယ်သွားတာလဲ..
“ အော် တစ်ခုကျန်သေးတယ်.. ကလန်ခေါင်းဆောင်.. ဂျားလီကလန် က အတွင်းစည်း လူတစ်ယောက်ဆီကနေ မတော်တဆ သတင်းတစ်ခု ရလာခဲ့သေးတယ်.. ဂျားလီကလန်က ဒုတိယအကြီးအကဲ ဂျားလီနူက ဆေးအမယ်တွေ သွားသယ်လာတဲ့အချိန်မှာ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်က သတ်လိုက်တယ်လို့ ပြောတယ်.. ”
အနည်းငယ် တုံ့ဆိုင်းနေပြီးမှ သတင်းပို့လာသူက အသံကို နှိမ့်ပြီး ပြောလိုက်သည်။
ထိုအခါ ရှောင်ကျန်းသည် သူ့ခြေထောက်များ ရုတ်တရက် အေးခဲသွား သလို ဖြစ်သွားသည်။ မျက်လုံးကို မှေးကျဉ်းလိုက်ရင်း ခေါင်းကို ညိတ် ကာ သတင်းပို့လာသူကို လက်ခါပြလိုက်သည်။ ထို့နောက် ရှောင်ယွင် ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး အားပါးတရပြုံးလိုက်ကာ
“ ရှောင်ယွင်.. ဟောဒီ ဝူတန်မြို့မှာ ဂျားလီနူလို ဒဒိုရှီအဆင့် ကြယ်သုံး လုံးသမားတစ်ယောက်ကို သတ်နိုင်တဲ့သူဆိုလို့ မင်းဆရာကလွဲလို့ တခြားလူ ရှိဦးမယ်လို့ ငါမထင်ဘူး.. ”
ရှောင်ယွင်လည်း နှာခေါင်းကိုပွတ်သပ်ရင်း အသက်ပြင်းသာ ချလိုက်ပြီး နောက် ဘာမှ မတတ်နိုင်တော့သည့်ဟန် ခေါင်းကို ညိတ်ပြလိုက်ရ၏
“ ဟုတ်တယ်.. ဂျားလီနူက တကယ်သေသွားခဲ့ပြီး.. ”
ရှောင်ယွင်က ဝန်ခံလိုက်သည်အား ကြားသည့်အခါ ရှောင်ကျန်းသည် ခေါင်းခါလိုက်ပြီး အသက်ပြင်းလည်း ချလိုက်သည်။
ဂျားလီကလန်ဆိုတာ ငါတို့ ရှောင်ကလန်နှင့် နှစ်ပေါင်းဆယ်နဲ့ချီ ယှဉ်ပြိုင်လာသော ကလန်တစ်ခု ဖြစ်ခဲ့တယ်. အခုတော့ လူငယ်လေး တစ်ယောက်ကြောင့် ဂျားလီကလန်ဟာ တကယ်ကို အရေးနိမ့် သွားခဲ့တာပဲ.. ဟူး.. ဒီခံစားချက်က..
ရှောင်ကျန်းဟာ ခါးသီစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ ငါတို့ကို ထူးခြားတဲ့ဆရာက ကူညီပေးခဲ့တယ်ဆိုတာ မင်းကြောင့်မှန်း ငါသိပါတယ်.. ကောင်းပြီလေ..အခွင့်ရခဲ့ရင် ရှောင်ကလန်က ကျေးဇူး တင်ပါတယ်ဆိုတာကို ပြောပေးလိုက်ပါ.. သူ့အပေါ်မှာ ငါတို့ အများကြီး အကြွေးတင်နေပြီး.. ”
ရှောင်ယွင်က ပခုံးတွန့်လိုက်ပြီး ပေါ့ပါးစွာ ခေါင်းညိတ်ပေးလိုက်သည်။
“ ကဲ.. ဂျားလီကလန်က ဒီအရှုပ်ကို ဘယ်လိုရှင်းမလဲဆိုတာ စောင့် ကြည့်ရတာပေါ့.. ”
ရှောင်ကျန်းက ကျိတ်ပြီး ရယ်မောလိုက်သည်။ သူ့ရယ်သံထဲမှာ ကျေနပ်အားရနေသည့်အသံကို ဖုံးကွယ်ထား၍ပင် မရချေ။ အနာကျကတ်ဆေး ပြိုင်ဆိုင်သည့်ပွဲမှာ ဂျားလီကလန်က အကြီးအကျယ်ဆုံးရှုံးသွားခဲ့သလို ယင်းဆုံးရှုံးမှုကြောင့် ဂျားလီကလန် အတွက် အဘက်ဘက်မှ များစွာ အားနည်းခဲ့ပေမဲ့ ရှောင်ကလန်ကမူ အကျိုးအမြတ်ကြီးကြီးမားမားများစွာ ပိုင်ဆိုင်ရရှိသွားခဲ့သည်။
ပြန်တွက်ကြည့်မယ်ဆိုလျှင် တိုတောင်းသော နှစ်လတည်းဟူသော အချိန်တိုတိုအတွင်း ရှောင်ကလန်ဟာ အကျပ်အတည်းဆိုက်နေသော အခြေအနေမှ မယုံကြည်နိုင်လောက်အောင် ပြန်လည်ရပ်တည်နိုင်ခဲ့ သည်။ ထပ်ပြောရရင် ဤနှစ်လအတွင်း အနာကျတ်ဆေးမှ ရရှိခဲ့သော အကျိုးအမြတ်ဟာ ရှောင်ကလန်၏ တစ်နှစ်စာဝင်ငွေနှင့်ပင် ယှဉ်လို့ ရနေပါပြီး။ ပြီးတော့ ဝူတန်မြို့တွင်မှာလည်း ရှောင်ကလန်၏ သြဇာ အာဏာတောင့်တင်းလာမှုကလည်း ဂျားလီကလန်နှင့် အော့ပါးကလန် တို့ကိုလည်း ကျော်လွန်သွားခဲ့သည်။ ပထမတန်းလေလံအိမ်ကပင် ရှောင်ယွင်ကြောင့် လက်တွဲကြိုဆိုလိုသည့်သဘောပင် ပြသခဲ့သည်။ အချက်အားလုံးအား ခြုံငုံပြောရရင် ရှောင်ကလန်ဟာ ဝူတန်မြို့မှာ ထိတ်ထိတ်ကြဲ ရေပန်းစားနေသည်ဟု ဆိုရမည်။
သို့ပေမဲ့ ဆင်ပိန်ရင် ကျွဲလောက်ဟု ပြောရမည်။ ဂျားလီကလန်က တကယ့်ကို ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့လိုက်ရပါသော်လည်း ဘယ်လိုမှ တွက်ဆလို့မရနိုင်သောအင်အားတွေ ကျန်နေပါသေးသည်။ ဂျားလီကလန်၏ မျိုးနွယ်အင်အားတို့မှာလည်း နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရာ ဝူတန်မြို့တွင် မည်သူမှ အထင်မသေးဝံ့ချေ။
ဂျားလီကလန်သည်လည်း ယခု ရှောင်ကလန်၏ သြဇာလွှမ်းမိုးနေခြင်း ကိုလည်း ကောင်းစွာ နားလည်ထားသည်။ ရှောင်ကလန်အား ဆက်လက်ယှဉ်ပြိုင်ဖို့ မရနိုင်တော့မှန်းလည်း သိနေလေရာ အဆိပ်ရှိသော မြွေကဲ့သို့ ခန္ဓာကိုယ်ကို ရစ်ခွေပြီး ဒဏ်ရာကို လျှာဖြင့် လျက်ရင်း စောင့်ဆိုင်းသည့်ပမာ ရန်သူကို ပြန်တိုက်ဖို့ အခွင့်အခါကောင်းအား စောင့်ဆိုင်းနေသကဲ့သို့ ခြေငြိမ်သွာကြသည်။
သို့သော် ထိုကဲ့သို့ ကြာကြာ မနေလိုက်ရပေ။ ဂျားလီကလန်က ဆေးမရောင်းချတော့သည့်အကြောင်း ကြေညာလိုက်ပြီး နောက်ထပ် နှစ်ရက်အကြာတွင် တီလန်မြို့မှ ဆေးကုန်သည်သည် ဒဒိုရှီအဆင့် နှစ်ယောက်ဦးဆောင်လာသော အဖွဲ့တစ်ဖွဲ့အား စေလွှတ်လာခဲ့သည်။ သူတို့သည် ဂျားလီကလန်အိမ်ဝင်းထဲ ကျူးကျော်ဝင်ရောက်ပြီး ဂျားလီဘီက ပေးရမည်ဖြစ်သော အကြွေး ရွှေဒင်္ဂါး သုံးသိန်းတို့ကို နှစ်ရက်အတွင်း ပေးရန် အကျပ်ကိုင်လိုက်ကြသည်။
တီလန်မြို့က ဆေးကုန်သည်၏ လုပ်ဆောင်ချက်က ဂျားလီကလန်၏ အကျပ်အတည်းအား ပိုပြီး ဆိုးဝါးစေတော့သည်။ ထိုအချိန်မှာ ဂျားလီဘီသည် မည်မျှပင် စိတ်ဆိုးခဲ့သော်လည်း တစ်ဖက်အဖွဲ့သည် ဂျားလီကလန်ထက် အင်အားမနည်းနေ၍ မဆင်မခြင် ပြန်မလုပ်ရဲချေ။ ခါးသက်မှုကိုသာ အနိုင်နိုင်မျိုချပြီး ပိုက်ဆံကို ပြန်လည်ပေးချေဖို့သာ ကြိုစားလိုက်ရသည်။
ကလန်တစ်ခုလုံးအား မွှေနှောက်ရှာဖွေလိုက်ပြီးအချိန်တွင် သူတို့သည် ရွှေဒင်္ဂါး တစ်သိန်းလောက်သာ ရရှိခဲ့သည်။ အကြွေးအား အကြေဆပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
အကူအညီမဲ့စွာဖြင့် ဂျားလီဘီသည် မျက်နှာကို အောက်ကျို့ပြီး အရင်ချိန်က ဆက်ဆံရေးကောင်းခဲ့သော သူဋ္ဌေးများထံတွင် လိုက်လံ ပိုက်ဆံချေးရလေသည်။ သို့သော်လည်း လူအများစုဟာ သင့်၏ ပျော်ရွှင်ခြင်း တွေမှာသာ ပါဝင်လိုကြပြီး ဒုက္ခရောက်သည့်အချိန်တွင် မကူညီလိုကြသည်။ ယခုတွင်လည်း ဂျားလီကလန်၏ ဒုက္ခရောက်နေ သော အခြေအနေနှင့် ရှောင်ကလန်၏ ရန်ဘက်ဖြစ်နေခြင်းတို့ကြောင့် ၎င်းပုဂ္ဂိုလ်များဟာ ဂျားလီကလန်နှင့် ရင်းနှီးခဲ့ဖူးသော်လည်း ထိုပြဿနာကြားထဲတွင် ဝင်မပါလိုကြချေ။
ဂျားလီကလန်အား ကူညီလိုက်ခြင်းသည် ရှောင်ကလန်အား ဆန့်ကျင့်နေသလို ဖြစ်နေသည်မှာ အသေအချာပင်။ထို့ကြောင့်ပင် ဂျားလီဘီမှာ မည်မျှင်ပင် ကြိုးစားပမ်းစား အားထုတ်ခဲ့သော်လည်း လိုချင်သည့် ငွေပမာဏအား မချေးလာနိုင်ခဲ့ပေ။
မျက်နှာက အကြီးအကျယ် ပျက်ယွင်းကာဖြင့် ဂျားလီဘီသည် အိမ်ကို သာ ပြန်လှည့်လာခဲ့ပြီး ဒေါသအကြီးအကျယ်ထွက်နေတော့သည်။ နောက်ဆုံးတွင်တော့ ထိတ်လန့်ဖွယ်ကောင်းသော အမိန့်အား မတတ်စွမ်းနိုင်တော့ဘဲ ထုတ်ပြန်လိုက်ရတော့သည်။ ဈေးဆိုင်နေရာ တွေအား ရောင်းချရန် ဟူသောအမိန့်ပင် ဖြစ်သည်။
ဝူတန်မြို့တွင် ဂျားလီကလန်သည် အလယ်လတ်အဆင့် ကျယ်ဝန်း သောဈေးနေရာက သုံးခုရှိပြီး အရွယ်အစားသေးသောဈေးနေရာက လေးခုရှိလေသည်။ ဂျားလီဘီ ရောင်းချလိုသည့် ဈေးနေရာက အကောင်းဆုံးမြေအနေထားရှိပြီး လူစည်းကားသည့် အလယ်လတ် အဆင့် ဈေးနေရာနှစ်ခုဖြစ်သည်။
ထိုအမိန့် ထုတ်ပြန်လိုက်သညအခါ ဂျားလီကလန်မျိုးနွယ်ဝင်တို့သည် တကယ်ကို အကြီးအကျယ် ထိတ်လန့်သွားကုန်ကြသည်။ ဝူတန်မြို့ တစ်ခုလုံးသည် အံ့သြကုန်ကြကာ ပွက်လောရိုက်သွားကြသည်။ ထိုဈေးဆိုင်နှစ်ဆိုင်မှ ရရှိသည့်အမြတ်အစွန်းမှာ ဂျားလီကလန် ဝင်ငွေ၏ ထက်ဝက်မျှ ရှိသည်မဟုတ်လော။ ထိုကဲ့သို့ ဈေးနေရာကိုပင် ရောင်းချလိုက်ရသည့်အဖြစ်က ဂျားလီကလန်တို့ မည်မျှအထိ မျှော်လင့်ချက်ကင်းမဲ့နေသလဲဆိုတာကို ပြသလိုက်သလိုပါပဲ။
ဈေးတစ်ခုဟာ လူတွေနှင့် ပြည့်နှက်စည်ကားနေလျှင် ၎င်းဈေးသည် အကျိုးအမြတ်သေချာပေါက် ရမည်ဖြစ်သော စီးပွားရေးအချက်အချာ နေရာလည်း ဖြစ်သွားမည်။ သို့သော်လည်း ဝူတန်တစ်မြို့လုံးမှာတွင်မှ ဈေးနေရာတွေသည် ၁၀ ခု စွန်းရုံလေးသာ ရှိသည်။ ထုံးစံအတိုင်းပင် ထိုးဈေးနေရာတွေကို ၇ျားလီကလန်နှင့် ရှောင်ကလန်တို့က ထိန်းချုပ်ထားသည်။ သို့သော် အော့ပါးကလန်ကမူ ဈေးဆိုင်များဖြင့် အသက်မမွေးချေ။ သူတို့၏ ဝင်ငွေသည် လောင်းကစားရုံနှင့် ပြည့်တန်ဆာအိမ်ကနေ အဓိကရသည်။ ထို့ကြောင့်ပင် ဂျားလီကလန် က နေရာကောင်းတွင် တည်ရှိသော ဈေးဆိုင်နေရာအား ရောင်းချ လိုသည်ကို ကြားသည့်အခါ လူအများစု တို့သည် စိတ်လှုပ်ရှား လာခဲ့ကြသည်။ ဒါပေမဲ့လည်း တစ်ချက်ပဲ သွေးပူသွားခြင်းဖြစ်သည်။ ပြန်စဉ်းစားကြည့်သည့်အခါ ဈေးဝယ်သူ အများစုတို့သည် ရှောင်ကလန်၏ ဈေးဆိုင်နေရာတွင်သာ စည်ကားနေသည်။ ရှောင်ကလန်၏ ဈေးဆိုင်နေရာကဲ့သို့ အကျိုးအမြတ်ရလွယ်သော နေရာထက် မည်သည့်ဈေးဆိုင်နေကမှ ယှဉ်နိုင်မည်နည်း။ တဖန် ဈေးဆိုင်နေရာကို ဝယ်ယူလိုက်သည်ကလည်း အခန့်မသင့်လျှင် ရှုံးသွားတတ်သေးသည်။ ပိုပြီး အရေးတကြီး စဉ်းစားရမှာက ဂျားလီကလန်၏ ဈေးဆိုင်နေရာအား ဝယ်ယူလိုက်ခြင်းသည် ရှောင်ကလန်ကို ဆန့်ကျင့်လိုက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ အကြောင်းများကြောင့် ကနဦး စိတ်ဝင်စားခဲ့သည့် သူများဟာ စိတ်ပျက်ခြင်းများစွာဖြင့် လက်လျှော့လိုက်ကြသည်။
ဈေးဆိုင်နေရာအား ရောင်းချလိုကြောင်း ကြေညာလိုက်ပြီးသည့် အခါတွင် ဂျားလီဘီသည် လူအများက ဈေးဆိုင်နေရာအား စိတ်ဝင်စားကြမည်ဟု တွေးထင်လိုက်သလို ရှက်ရွံ့ခြင်းကိုလည်း ခံစားနေရသည်။ ရှောင်ကလန်၏ သြဇာက ဒီမျှအထိ သက်ရောက်မှု ရှိလိမ့်မည်ဟု သူတကယ်ကို မတွေးထင်ထားမိခဲ့ပါဘူး။
အချိန်နှစ်ရက်ကလည်း နီးကပ်လာလေ လိုအပ်သော ငွေပမာဏ ကလည်း မရရှိသေးပါဘူး။ ဂျားလီဘီမှာ စိတ်လှုပ်ရှားလာ၍ နေမထိ ထိုင်မထပင် ဖြစ်လာခဲ့တော့သည်။ ဂျားလီဘီ စိတ်လှုပ်ရှားလာသည်နှင့် အမျှ ထူးခြားသည့် အရာတစ်ခုက ဖြစ်လာခဲ့သည်။ နေ့လယ်ခင်း တစ်ခင်းလုံး ဆွေးနွေးခဲ့ပြီးနောက် ဈေးဆိုင်နေရာသည် နောက်ဆုံးတွင် ချိုသာသော ဈေးနှုန်းဖြင့် သူစိမ်းတစ်ယောက်မှ ရွှေဒင်္ဂါးနှစ်သိန်းဖြင့် ဝယ်ယူလိုက်လေသည်။ အလွန်တရာကို လူသတ်ချင်စိတ်ပြင်းပျစွာဖြင့် မျက်နှာက မှုန်ကုပ်နေသာ ဂျားလီဘီအရှေ့တွင်မှာပဲ သူစိမ်းလူသည် အရောင်းစာချုပ်နှစ်ခုဖြင့် ငွေပေးချေလိုက်ပြီးနောက်တွင် ဂျားလီဘီ သည် အင်မတန်ကို စိတ်ချမ်းသာသွားတော့သည်။
ဈေးဆိုင်နေရာနှစ်ခုအတွက် ရွှေဒင်္ဂါးနှစ်သိန်းအား လက်ခံလိုက်ပြီး နောက် ဂျားလီဘီသည် ဆေးကုန်သည်မှ စေလွှတ်လိုက်သော အဖွဲ့ အား အကြွေးငွေကို အကြေချေခဲ့လိုက်သည်။ ဓာမြအဖွဲ့လို အကြွေး တောင်းသွားသော အဖွဲက အိမ်ဝင်းထဲကနေ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဂျားလီဘီသည် ငိုချင်သလို ခံစားလိုက်ရသည်။ ဒါပေမဲ့ မျက်ရည်ကတော့ မထွက်ခဲ့လိုက်ချေ။
အကြွေးတောင်းသူများ ထွက်သွားပြီး သိပ်မကြာလိုက်ချေ.. ကလန်အဖွဲ့သားတစ်ယောက်က ပြေးလာပြီး နောက်ဆုံးရသတင်းကို လာအသိပေးခဲ့သည်။ မနက်ပိုင်းကတွင် ရောင်းချသွားသော ဈေးဆိုင် နေရာနှစ်ခုသည် ယခုအခါတွင် ရှောင်ကလန်အမည်ပေါက်နှင့် ဖြစ်နေ ပြီးကြောင်း လာပြောခြင်း ဖြစ်သည်။ ယင်းသတင်းအား ကြားလိုက် သည့်အခါတွင် ဒေါသထွက်နေသော ဂျားလီဘီသည် အချိန်အတော် ကြာအထိ ကြက်သေသေသွားပြီးနောက် နောက်ဆုံးတွင် ချောင်းဆိုး ပြီး သွေးအန်ထွက်လေသည်။
ဂျားလီဘီကို အိပ်ခန်းအတွင်းသို့ အလျင်အမြန်ပို့ဆောင်ပေးလိုက်ကြပြီး ဂျာလီကလန်က လူတွေအားလုံးသည် သက်ပြင်းကိုယ်စီ ချလိုက်မိကြ သည်။ ယနေ့မှစ၍ ဂျားလီကလန်သည် ဝူတန်မြို့တွင် ဒုတိယတန်းဝင် ကလန်တစ်ခုအဖြစ်သို့ နိမ့်ကျသွားခဲ့လေသည်။
No comments:
Post a Comment