Followers

Chapter 141

အပိုင်း ( ၁၄၁ ) - ခရမ်းအရောင်စွမ်းအင်ကို စုပ်ယူခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
++++++++++++++++++

အတော်လေးကို မီးဟပ်ခြင်းခံထားရသည့် ရှောင်ယွင်ကို သူမ၏ ရင်ခွင်တွင် ပိုက်ထွေးထားရင်း ယွင်ချီသည် ရှောင်ယွင်တစ်ကိုယ်လုံးအား ဂရုစိုက်ကြည့်ရင်း သူမ၏ မျက်နှာမှာလည်း ပြောင်းလဲသွားချေသည်။ ထိုအချိန်မှာလည်း နီလာခရမ်းတောင်ပံခြင်္သေ့ငယ်သည် ဂူအတွင်းကနေ ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ ပြေးထွက်လာပါသည်။ သို့သော် လေထဲတွင် ပျံနေသည့် ယွင်ချီကို မြင်သည့်အခါ ချက်ချင်း ခြေသည်းကို မြေကြီးမှာ ကုတ်ခြစ်လိုက်၍ အကွာအဝေးအနည်းငယ်အထိ တရွတ်တိုက် ရွေ့သွားပါသည်။ မှော်သားရဲကောင်တို့၏ ပင်ကိုသဘာဝအသိအရ အရှေ့က အမျိုးသမီးသည် သာမန်မဟုတ်မှန်း အန္တရာယ်အချက်ပေးနေသည်ကို ခံစားလိုက်ရသည်။ 

နီလာခရမ်းတောင်ပံခြင်္သေ့ငယ်မှာ အနောက်ပြန်လှည့်ပြေးဖို့ ကြံလိုက်သည့်အခါတွင် ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် ယွင်ချီသည် သူမလက်ထဲက ဓားရှည်အား လွှဲယမ်းလိုက်သည်။ ထိုအခါ ကြီးမားပြီ အစိမ်းရောင်ရှိသည့် လေဓားလှိုင်းက သူမ၏ ဓားဦးဖျားတွင် ထွက်ပေါ်လလေကာ ခြင်္သေ့ငယ်ဆီသို့ လျှပ်လက်သည့်နှယ် ပြေးဝင်သွားလေသည်။ ချက်ချင်းပင် မီးပွားစများက နေရာအနှံ့သို့ ပြန့်ထွက်သွားသည်။ 

“ ဝူး.. ”  ပြင်းထန်လှသော တိုက်ခိုက်မှုကို ရရှိသွား၍ နီလာခရမ်းတောင်ပံခြင်္သေ့ကား ၎င်း၏ ပါးစပ်ကနေ ကျယ်လောင်စွာ အော်ဟစ်လေသည်။ ယွင်ချီ၏ တိုက်ခိုက်မှုက ခြင်္သေ့ငယ်၏ နောက်ကျောတွင် အကာအကွယ်သဖွယ် ရှိနေသည့် အလွှာပြင်ကို ကွဲအက်စေခဲ့သည်။ 

“ ဘာကွ.. ငါ့သားကို ထိရဲတယ်ပေါ့လေ.. ဒီနေ့တော့ မင်းကို အလွတ်မပေးတော့ဘူးကွ.. ”

ယွင်ချီ တိုက်ခိုက်လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ခရမ်းမီးတောကတစ်ခုက ကောင်းကင်တစ်နေရာကနေ ပစ်လွှတ်လာသည်။ နီလာခရမ်းတောင်ပံခြင်္သေ့၏ ပေါက်ကွဲကျယ်လောင်သော အော်ဟိန်းအသံက ကောင်းကင်ယံတွင် ဟိန်းဟိန်းထနေတော့သည်။ 

“ ဟွန့်.. ”  ယွင်ချီက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ရင်း သူမ၏ ခန္ဓာကိုယ်အရှေ့တွင် လက်ကို လှည့်လိုက်သည်။ ထိုအခါ အားအင်ကောင်းသည့် အစိမ်းရောင်လေပွေတစ်ခုက သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ရှိလာသည်။ လေပွေက ပြင်းထန်စွာ လှည့်မွှေကာ သူမဆီကို ရောက်ရှိလာသည့် ခရမ်းရောင်မီးတောက်ကို ဖယ်ရှားပစ်လေသည်။

သူမ၏ နောက်ကျောက အစိမ်းရောင်တောင်ပံတို့သည်လည်း တစ်ဖျပ်ဖျပ်ခတ်ကာ သတိမေ့နေသည့် ရှောင်ယွင်အား လက်တစ်ဖက်ဖြင့် သယ်ပိုးရင်း အနောက်သို့ ပြန်ဆုတ်ပြေးလေသည်။ သူမက အနောက်ဆုတ်ပြေးလိုက်သလို သူမလက်ထဲက ထူးဆန်းသည့် ဓားရှည်ကလည်း အချိုးအထောင့်က ထူးဆန်းစွာဖြင့် ကခုန်လာသည်။ ထိုအခိုက်တွင် ဓားရှည်သည် ရုတ်တရက် တုန်ခါလာကာ အေးစက်စက် အော်သံတစ်ခုကလည်း သူမ၏ စိုစွတ်နီထွေးသည့် နှုတ်ခမ်းကနေ ထွက်ရှိလာသည်။ 

“ လေအလျင်ထိပ်ဖျား.. ဥက္ကာပျံကို ဖျက်ဆီစမ်း.. ”

ယွင်ချီ၏ နူးညံ့သည့် အော်သံကို ကြားရသည့်အခါ နီလာခရမ်းတောင်ပံခြင်္သေ့သည်လည်း ချက်ချင်းဆိုသလို အလေးအနက်ဖြစ်သွားသည်။ ၎င်းခန္ဓာကိုယ်သည် ရုတ်ချည်းထိုးစိုက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ နီလာခရမ်းတောင်ပံခြင်္သေ့ငယ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ ၎င်း၏ ကြီးမားသော ဦးခေါင်းကို ယမ်းခါကာ ကောင်းကင်အနှံ့သို့ ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ 

နီလာခရမ်းတောင်ပံခြင်္သေ့သည် သူ၏ ဦးချိုကိုပင် ဖြတ်တောက်နိုင်ခဲ့သည့် ယွင်ချီ၏ တိုက်ခိုက်မှုအား ၎င်း၏ အစွမ်းထက်ဆုံးတိုက်ကွက်ဖြင့် ပြန်လည်ခုခံရန် အသင့်ပြင်ထားလိုက်သည့်အချိန်တွင် ယွင်ချီသည် လျင်မြန်စွာဖြင့် သူမ၏ တောင်ပံအား အဆက်မပြတ်ခတ်ကာ ဓားရှည်ကိုလည်း သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းထည့်လိုက်သည်။ သူမသည် အနောက်လှည့်ကာ မြန်ဆန်စွာဖြင့် တစ်ချက် နှစ်ချက် ခုန်ပျံလိုက်ကာ ရှောင်ယွင်နှင့်အတူ မိုးကုတ်စက်ဝိုင်းအစွန်းးအနားမှာ ပျောက်ကွယ်သွားသည်။ 

“ ကောက်ကျစ်တဲ့ လူသားတွေ..  ငါ နီလာခရမ်းတောင်ပံခြင်္သေ့က သေချာပေါက် လက်စားပြန်ချေမှာကွ..”    

ယွင်ချီ ရုတ်တရက် ထွက်မြောက်လွတ်မြောက်သွားသည်ကို မြင်မှ နီလာခရမ်းတောင်ပံခြင်္သေ့လည်း ဒါဟာ လှည့်ကွက်တစ်ခုမှန်း သဘောပေါက်လိုက်သည်။ သူ့ကိုယ်ပေါ်ကနေ ခရမ်းရောင်အလင်းများ မှေးမှိန်သွားခဲ့သလို ၎င်း၏ ဒေါသကြီးစွာဖြင့် အော်ဟောက်အသံကလည်း တောတောင်ပတ်ဝန်းကျင်တခွင်တွင် အချိန်အတော်ကြာအထိ ပဲ့တင်ထပ်နေပါတော့သည်။ 

လေထုမှာ တုန်ခါပဲ့တင်ထပ်နေသည့် အော်ဟောက်အသံကို လျစ်လျူရှုကာ ယွင်ချီသည် ရှောင်ယွင်ကို ပိုက်ထားရင်း မှော်သားရဲတောင်တန်းကြီးထွက်ပေါက်သို့ ကြယ်တံခွန်ကြွေကာ ကျဆင်းလာသကဲ့သို့ ဆက်လက်ပျံသန်းသွားသည်။ ခဏအကြာတွင် မှော်သားရဲတောင်တန်းအတွင်းပိုင်း၏ အဆုံးသတ်သို့ ရောက်ရှိလာသည်။ ထိုအခါမှ သူမသည် ပုန်းအောင်းလို့ကောင်းသည့် နေရာတစ်ခုကို ရှာ၍ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ 

သစ်တောခြုံနွယ်ထူထပ်သည့်အပြင် ပုန်းခိုလို့ကောင်းသည့် မြေနေရာပေါ် ဆင်းသက်လိုက်ပြီးလျှင် ယွင်ချီသည် ရှောင်ယွင်အား သူမရင်ခွင်ကနေ မြေကြီးပေါ်ကို အလျင်အမြန် ချထားလိုက်သည်။ သူမလက်က ရှောင်ယွင်ကိုယ်ပေါ်တွင် တင်လိုက်သည့်အခါ သူမက အံ့သြစွဖြင့် ရေရွတ်လိုက်မိသည်။ 

“ ဒီလောက်တောင် များတဲ့ စွမ်းအင်တွေပါလား.. ဒီကောင်လေး ဘာတွေ လုပ်လိုက်မိလို့လဲ.. ”

အေးစက်စက် မြေကြီးပေါ်မှာ လှဲနေရင်း ရှောင်ယွင် တစ်ကိုယ်လုံးသည် အမဲရောင်ဘက်သို့ ပြောင်းလဲလာသည်။ သူသည် သတိမရသေးသော်လည်း လက်နှစ်ဖက်က သူ့အင်္ကျီကို အလိုလို ဆွဲခွာနေသည်။ ပါးစပ်ကို ဖွင့်လိုက်သည့်အခါမှာလည်း ရေနွေးငွေ့များပင် ထွက်ရှိလာသည်။ 

ရှောင်ယွင်က နာကျင်မှုကြောင့် တစ်ကိုယ်လုံးရုန်းကန်နေသည်ကို ကြည့်ရင်း ယွင်ချီ စိတ်ပူပန်သွားသည်။ သူမသည် တစ်ခဏမျှ တွေးလိုက်ကာ သွားကိုလည်း ကိုက်လိုက်ရင်း သူမသည် ရှောင်ယွင်၏ နောက်ကျောဘက်ကို ရောက်ရှိသွားသည်။ သူမ၏ လက်ကို ဖြန့်၍ မီးဖိုလို ပူပြင်းနေသည့် ရှောင်ယွင်နောက်ကျောကို အသာအယာ ထိကပ်လိုက်သည်။ 

ယွင်ချီ၏ နူးညံ့စိုစွတ်သည့် နှုတ်ခမ်းကနေ လေတစ်ချက် မှုတ်လိုက်ကာ သူမ၏ မျက်ဝန်းလှလှကိုလည်း တဖြည်းဖြည်း ပိတ်ချလိုက်သည်။ သူမကိုယ်ထဲတွင် ပင်လယ်ကဲ့သို့ လှုပ်ရှားနေသည့် ဒိုချီစွမ်းအင်များက သူမလက်ထဲသို့ အလျင်အမြန် စီးဆင်းသွားကာ ရှောင်ယွင် ကိုယ်ထဲသို့ အရှိန်ဖြင့် စီးဝင်သွားသည်။ 

ယွင်ချီ၏ ဒိုချီစွမ်းအင်ကို ရှောင်ယွင်၏ ဒိုချီစွမ်းအင်က ယှဉ်၍ မရနိုင်ချေ။ သူမ၏ ထိန်းကျောင်းမှုအောက်မှာပဲ လေဓာတ်ဒိုချီစွမ်းအင်များက ရှောင်ယွင် တစ်ကိုယ်လုံးအထဲကို ဝင်ရောက်ကာ သူ့၏ ချီလမ်းကြောင်းအားလုံးကို ထိန်းချုပ်လိုက်သည်။ ထိုအခါ ရှောင်ယွင်၏ အဝါဖျော့ဖျော့ ဒိုချီစွမ်းအင်များမှာ သူ့ဝမ်းဗိုက်အောက်သားမှာ ရှိနေသည့် ချီဝဲကတော့ဆီသို့ အနောက်ပြန်ပြေးဝင်သွားသည်။ 

ရှောင်ယွင်၏ ဒိုချီစွမ်းအင်တွေကို ကျကျနန နေရာချထားပေးလိုက်ပြီးနောက် ယွင်ချီသည် ရှောင်ယွင်၏ ကိုယ်အတွင်းပိုင်းကနေ ယိုစိမ့်ထွက်လာသည့် ခရမ်းရောင်စွမ်းအင်ကို အာရုံစိုက်လိုက်သည်။ 

အမည်မသိ ထူးဆန်းပြီ ပြည့်ဝလွန်းသည့် စွမ်းအင်နှင့် ရင်ဆိုင်ရသည့်အခါ  အစွမ်းထက် လေဓာတ်ချီစွမ်းအင်ကလည်း မညှာတာနေတော့ချေ။ ထိုအခါ ချီလမ်းကြောင်းအတွင်းမှာ ရှိနေသည့် ခရမ်းရောင်စွမ်းအင်များသည့် လေဓာတ်ချီစွမ်းအင်တို့၏ မောင်းထုတ်ခြင်းကို ခံကြရတော့သည်။ 

ခရမ်းရောင်စွမ်းအင်သည့် အလွန်ကို အစွမ်းထက်သည် မှန်သော်လည်း အဆုံးမသတ် ရောက်ရှိလာသည့် လေဓာတ်စွမ်းအင်နှင့် ကြုံလာရသည့်အခါ အကူအညီမဲ့လာရတော့သည်။ ထိုအခိုက်မှာ ၎င်းသည် သင်းကွဲခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးဖို့သာ ကြိုးစားပါတော့သည်။ 

ထိုသို့ ထွက်ပြေးဖို့ ကြိုးစားသည့်အခါတွင် တချို့သော ခရမ်းရောင်စွမ်းအင်တွေသည် ရှောင်ယွင်၏ အသွေး အသား အရိုးထဲသို့ အဆက်မပြတ် ပေါင်းစည်းသွားသည်။ ခရမ်းရောင်စွမ်းအင်တွေက အသွေးအသားတို့နှင့် ပေါင်းစည်းလာသည့်အခါတွင် ခရမ်းအမှတ်က အရေးပြားမှာဖြစ်ပေါ်လာသည်။ မကြာမီမှာပဲ ရှောင်ယွင်မှာ တစ်ကိုယ်လုံး ခရမ်းရောင်အမှတ်များဖြင့် ပြည့်နှက်သွားသည်။ ခရမ်းရောင်အမှတ်များ နေရာလွတ်မရှိတော့အောင် ထွက်လာပြီးအခါမှာတော့ ကျန်နေသေးသည့် ခရမ်းရောင်စွမ်းအင်သည် လက်သီးဆုပ်အရွယ်အထိ ကျုံ့ဝင်လာကာ ဘေးပတ်လည်က လေဓာတ်းဒိုချီစွမ်းအင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေသည်။ 

“ အကောင်သေးသလောက် ကြောက်ဖို့ကောင်းတဲ့အရာလေး.. မင်းကို အဆုံးသတ်ပေးတော့မယ်.. ”

ယွင်ချီက မျက်လုံးကို မှိတ်ပြီ ရုတ်တရက် ပြောလိုက်၏။

ထိုအခါ ခရမ်ရောင်စွမ်းအင်ကို ပိတ်ကာရံထားသည့် လေဓာတ်ဒိုချီစွမ်းအင်တွေက ချက်ချင်းဆိုသလို ခရမ်းရောင်စွမ်းအင်ကို ထုနှက်ပါတော့သည်။ 

အန္တရာယ်ကို ခံစားမိသောအခါ ခရမ်းရောင်စွမ်းအင်အစုအဝေးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။ ၎င်း၏ မျက်နှာပြင်မှာလည်း ခရမ်းမီးလျှံများ ထိုးထွက်လာကာ တိုးဝင်လာသော လေဓာတ်ဒိုချီစွမ်းအင်တချို့အား လောင်ကျွမ်းစေလိုက်သည်။ 

“ အင်း..တယ်လည်း ထူးဆန်းတဲ့ အရာလေးပဲ.. ”   

ခရမ်းရောင်စွမ်းအင်၏ အသွင်ပြောင်းလဲခြင်းက ယွင်ချီအား အရမ်းကြီး မအံ့သြစေခဲ့ပါဘူး။ အသက်ပြင်းလေး ချလိုက်ပြီးလျှင် ရှောင်ယွင် ကိုယ်ထဲသို့ ပို့လွှတ်နေသည့် ဒိုချီစွမ်းအင်များသည် အစိမ်းရောင်လေပွေအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းလေပွေတွေဟာ အရှိန်မြင့်လှည်ပတ်လာပြီးလျှင် ခရမ်းရောင်စွမ်းအင်အစုအဝေးကို ၎င်းအထဲသို့ စုပ်သွင်းလိုက်သည်။ ချက်ချင်းပင် အစိမ်းရောင်လေပွေသည် အစိမ်းတလှည့် ခရမ်းတလှည့်ဖြင့် အရောင်ပြောင်းနေသည့် လေပွေကဲ့သို့ ဖြစ်သွားသည်။ 

ယွင်ချီက လေပွေ၏ အရှိန်အားကို လိုသလို ထိန်းချုပ်ကာ ခရမ်းရောင်စွမ်းအင်ထဲက အရိုင်းဆန်နေမှုတို့ကို အဆက်မပြတ် ဖယ်ရှားပစ်သည်။

ဖယ်ရှားပြီးနောက်တွင် အရိုင်းဆန်မှုသစ်စေ့သည် လေပွေကနေ လွင့်ထွက်လာကာ အပြင်မှာစောင့်နေကြသည့် လေဓာတ်ဒိုချီစွမ်းအင်တို့က ချက်ချင်းပဲ ချေမှုန်းလိုက်ကြသည်။ 

လေပွေက အရှိန်မြှင့် လည်ပတ်လာသလို အစိမ်းတလှည့် ခရမ်းတလှည့် ဖြစ်နေတာကလည်း လျော့ပါးလာကာ နောက်ဆုံးခရမ်းရောင်ပင် မရှိတော့သည်အထိ ရောက်ရှိလာသည်။ ရုတ်တရက် လေပွေက လှည်ပတ်နေတာ အားလျော့လာပြီးလျှင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ 

လေပွေ ပျောက်ကွယ်သွားပြီးလျှင် ခရမ်းဖျော့ဖျော့မီးတောက်တစ်ခုက ရှောင်ယွင် ကိုယ်ထဲတွင် ပေါ်ပေါက်လာသည်။ 

ယခုအချိန်တွင် ခရမ်းမီးတောက်သည် သိသာထင်ရှားစွာ အရင်ကထက် တည်ငြိမ်နေပါသည်။ အရိုင်းဆန်စွာ တိုက်ခိုက်နေတတ်သည် အမူအကျင့်ကလည်း အနည်းငယ် လျော့ပါးသွားလေပြီး။ ထိုအရာကား ကျင့်ကြံသူအတွက် ကောင်းစွာ စုပ်ယူသန့်စင်နိုင်သည့် သန့်စင်သော စွမ်းအင် ဖြစ်နေလေပြီး။

ခရမ်းဖျော့ဖျော့မီးတောက်ကို မြင်မှ ယွင်ချီလည်း အသက်ပြင်း ချနိုင်တော့သည်။ ရှောင်ယွင် နောက်ကျောတွင် ရှိနေသည့် သူမက လက်ဖျောက်တွက်လိုက်ကာ ရှောင်ယွင်ကိုယ်ထဲသို့ လေတစ်ခုကို မှုတ်လိုက်သည်။ ထိုအခါ ခရမ်းဖျော့ဖျော့မီးတောက်သည် ရှောင်ယွင် ဝမ်းဗိုက်အောက်မှာ ရှိနေသည့် နှေးကွေးစွာ လည်ပတ်နေသော ချီဝဲကတော့အထဲသို့ တွန်းပို့ခြင်း ခံလိုက်ရသည်။ 

ယွင်ချီက စောင့်ကြည့်နေဆဲမှာပဲ ခရမ်းဖျော့ဖျော့မီးတောက်က ချီလမ်းကြောင်းအနည်းငယ်ကို ဖြတ်သန်း၍ ချီဝဲကတော့အတွင်းသို့ ဝင်ရောက်သွားသည်။ 

ခရမ်းရောင်ဖျော့ဖျော့ မီးတောက်က ချီဝဲကတော့အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကြီးမားသည့် လှုပ်ရှားမှုက ဖြစ်ပေါ်လာခဲ့သည်။  ချီဝဲကတော့၏ လှည်ပတ်နှုန်းက ရုတ်ချည်း လျင်မြန်လာခဲ့သလို လက်ဝါးနှစ်ဝါးစာ ရှိနေသည့် အရွယ်အစားကနေလည်း ပြန့်ကားလာခဲ့သည်။ 

အဝါဖျော့ဖျော့ ချီဝဲကတော့အတွင်းမှာ ခရမ်းဖျော့ဖျော့မီးတောက်အုပ်စုက အတူတူ လိုက်ပါလှည့်ပတ်လာသည်။ ထိုသို့ လှည့်ပတ်နေသည့်အချိန်တွင် ခရမ်းမီးတောက်ကနေ အမျှင်တန်းများစွာ ကွဲထွက်လာကာ ချီဝဲကတော့တွင် လက်ခံနေနိုင်သည့် အခြေတည်စ စွမ်းအင်ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ 

ချီဝဲကတော့သည် ဆက်လက် ပြန့်ကားလာကာ နောက်ဆုံးတွင် ဘက်စကတ်ဘောအရွယ်အစားအထိ ရောက်ရှိခဲ့သည်။ ထိုအရွယ်အစားကလည်း အပြင်ဘက်က ယွင်ချီကနေ ဖိနှိပ်ထားပေးခြင်းကြောင့် ဖြစ်သည်။ တကယ်၍ သူမသာ မဖိနှိပ်ပေးပါက ချီဝဲကတော့သည် ဆက်လက်ကြီးထွားလာမည်။ ချီဝဲကတော့၏ အရွယ်အစားက လူတစ်ယောက်၏ ခွန်းအားကြီးထွားမှုကို ကိုယ်စားပြုသည်ကမှန်သော်လည်း အတွေ့အကြုံရှိသည့် ယွင်ချီဖြစ်သည်မို့ ရှောင်ယွင်ကို အဆင့်များစွာ ပေးခုန်တက်ခွင့်ပြုလိုက်ပါက ရေရှည်မှာ ထိခိုက်နစ်နာနိုင်သည်ကို သူမ သိနေခြင်း ဖြစ်သည်။ 

ချီဝဲကတော့က ပြန့်ကားနေတာ ရပ်နားသွားသည်ကို တွေ့လိုက်၍ တာဝန်ပြီးသွားသော ယွင်ချီလည်း ရှောင်ယွင်ကိုယ်ထဲသို့ ပို့လွှတ်ထားသော ဒိုချီစွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏ ဒိုချီစွမ်းအင်များကို ပြန်ရုတ်လိုက်သည့်အခါမှာတော့ ကျန်ရှိနသည့် မီးဓာတ်ချီစွမ်းအင်များက အရင်ကထက် ပိုအားကောင်းစွာ လည်ပတ်လာခဲ့သည်။ နောက်ဆုံးတွင် ရှောင်ယွင်၏ ချီဝဲကတော့တွင် ပုံမှန်အနေအထားဖြင့် ဆက်လက်လည်ပတ်နေပါတော့သည်။ 

ရှောင်ယွင်ကိုယ်ထဲမှာ ဒုက္ခပေးနေသည့် စွမ်းအင်ကို ဖယ်ရှားလိုက်ပြီးနောက် ပြင်ပက ရှောင်ယွင်ခန္ဓာကိုယ်သည်လည်း ပုံမှန်အသွေးအရောင်သို့ ပြန်လည် ပြောင်းလဲလာသည်။ နာကျင်စွာ ရှုံ့မဲ့နေသည့် မျက်နှာကလည်း တည်ငြိမ်လာကာ တွန့်လိမ်နေသည့် ခန္ဓာကိုယ်သည်လည်း သက်သာရာရလာကာ ပြေပြေပျော့ပျော့ ဖြစ်လာခဲ့သည်။ 

ထိုအခါမှ ယွင်ချီလည်း ရှောင်ယွင်ကို သယ်မ၍ မြက်ခင်းပြင်ဘက်သို့ ညင်သာစွာဖြင့် နေရချလိုက်သည်။ သူမသည် ချွေးစက်များကို သုတ်၍ ရှောင်ယွင်အနားမှာပဲ ထိုင်လိုက်ကာ အမောဖြေနေလိုက်သည်။ အမောဖြေနေရင်း ခေါင်းကို ငဲ့၍ အိပ်ပျော်နေသော ရှောင်ယွင်၏ မျက်နှာလေးကို ငေးကြည့်လိုက်မိသည်။ အတော်ကြာမှ သူမသည် အသက်ပြင်းချလိုက်ကာ ခေါင်းကို ခါယမ်းလိုက်သည်။ သူမသည် လက်ကို ဆန့်ထုတ်၍ ရှောင်ယွင်၏ သိုလှောင်လက်စွပ်ကို ချွတ်ယူကာ အထဲမှ ခရမ်းဝိညာဉ်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ 

နွေးတေးတေး ရှိနေသည့် ခရမ်းဝိညာဉ်သလင်းကျောက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း သူမသည် ကျေးဇူးပါပဲဟု လေသံတိုးတိုးဖြင့် ရေရွတ်ပြောဆိုလိုက်၏။

ထို့နောက် သူမကို နှုတ်ခမ်းသားကို ကိုက်လျက်နှင့် မတ်တတ်ရပ်လိုက်သည်။ သူမ၏ အကြည့်က ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် သူမ၏ အပေါ်ဝတ်ကို တဖြည်းဖြည်း ချွတ်ခွာလိုက်သည်။ သူမ၏ မျက်နှာမှာလည်း သွေးအနီရောင်က ရဲတွက်စွာ လွှမ်းပြေးလာခဲ့သည်။ သူမလက်ကလေး၏ ဆွဲခွာခြင်းနှင့်အတူ လှပကော့သွယ်သော ခန္ဓာကိုယ်တစ်ခုက ကျောက်စိမ်းကောင်းတစ်လုံးကို ထွင်းထုပုံဖော်ထားသည့်နှယ် ဤတောအုပ်အတွင်းမှာ လှစ်ဟပေါ်လွင်လာခဲ့လေ၏။

သူမ၏ အဝတ်ကို သာယာတင့်တယ်စွာ ချွတ်လိုက်ပြီးနောက် ယွင်ချီမှာ ထူးခြားသောအလင်းများ ပြေးလွှားနေသည့် သူမ၏ အပြာရောင်အတွင်းဝတ်ကိုယ်ကျပ်အင်္ကျီကို ညင်သာစွာ ချွတ်လိုက်ပြန်သည်။ ထိုသို့ ချွတ်လိုက်ပြီးသည်နှင့် သူမသည် ရှက်ရွံ့သော အမူအရာဖြင့် သူမ၏အင်္ကျီကို ကမန်းကတန်း ပြန်ဝတ်လိုက်လေ၏။

သူမသည် အတွင်းဝတ်ကိုယ်ကျပ်အင်္ကျီကို လက်နှစ်ဖက်ဖြင့် ခေါက်သိမ်းကာ အိပ်ပျော်နေသည့် ရှောင်ယွင် ဘေးနားတွင် တင်ထားလိုက်သည်။ သူမသည် လေသံဖျော့ဖျော့ဖြင့် 

“ သမုဒ္ဒရာအူတိုင်အင်္ကျီကို အဆင့်၆ ပင်လယ်ပျော်မှော်သားရဲဖြစ်တဲ့ အမြီးသုံးခွဝေလငါးရဲ့ အစာအိမ်ကနေ ရလာတဲ့ ထူးဆန်းတဲ့ သတ္တုကနေ လုပ်ထားတာ… သူ့ရဲ့ ခုခံနိုင်စွမ်းက ဝတ်ဆင်ထားသူရဲ့ ကိုယ်ပိုင်ခွန်အားအပေါ် မူတည်တယ်.. အခု မင်းရဲ့ ခွန်အားက ဒိုကျဲအဆင့်ဖြစ်နေပေမဲ့ ဒါကို ဝတ်ထားရင် ဒိုရှိတစ်ယောက်က မင်းကို လွယ်လွယ်နဲ့ ဒဏ်ရာမရစေနိုင်တော့ဘူး.. မင်း ငါ့ကို နှစ်ခါတောင် ကူညီပေးထားပြီးပြီ.. ဒါက မင်းအတွက် ဆုလာဘ်ပဲ.. ” ဟု ရေရွတ်လိုက်သည်။ 

ရှောင်ယွင်ဘေးနားမှာ အင်္ကျီကို သေချာကျနစွာ ဘေးနားမှာ ထားပြီးနောက် သူမသည် ခေါင်းကို ငဲ့ကာ အတန်ကြာအထိ နှုတ်ဆိတ်နေသွားပြန်သည်။ သူမသည် သူမ၏ သိုလှောင်လက်စွပ်မှ စာလိပ်နှစ်လိပ်ကို ထုတ်ယူကာ အင်္ကျီအပေါ် တင်ထားလိုက်ကာ နူးညံ့သော လေသံဖြင့် 

“  ဒါက ရွှင်း အဆင့်မြင့် မီးစွမ်းအင် ချီကျင့်စဉ်နဲ့  ရွှင်း အလယ်လတ်အဆင့် ဒိုသိုင်းကျမ်းပဲ..  ဒါတွေက မင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..” 

ပစ္စည်းအားလုံးကို နေရာပြန်စီပေးလိုက်ပြီး ယွင်ချီသည် မတ်တတ်ရပ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းတွင် အမည်မသိ ခံစားချက်များ ခံစားနေရသည်။ လူငယ်လေး၏ ချောမောနုနယ်သော မျက်နှာလေးကို သူမမှာ ငေးစိုက်ကြည့်နေပြန်ကာ ခါးသက်သော အပြုံးတစ်ခုကို သူမသည် မချိအပြုံးနှင့်အတူ ရောပြုံးလိုက်မိသည်။ 

“ ငါလေ.. တစ်ယောက်တည်း နှစ်ပေါင်းစွာ ကျင့်ကြံလာခဲ့တယ်.. ဒီကောင်လေးကို ငါ မထင်မှတ်ဘဲ.. ”

“ ဟူး.. ငါတို့ ရေစက်ပါရင်တော့ ပြန်ဆုံရမှာပေါ့လေ.. ကောင်ကလေးရယ်.. ”

ယွင်ချီသည် အသက်ပြင်းလေး ချလိုက်ကာ ခေါင်းငုံ့၍ ရှောင်ယွင်၏ နဖူးကို ညင်သာစွာ နမ်းလိုက်နေရင်း သူမ၏ နောက်ကျောက တောင်ပံက တစ်ဖျတ်ဖျတ် ခတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ 

မြက်ခင်းပြင်မှာတော့ ရနှံ့သင်းသင်းလေးသာ ကျန်ခဲ့သည်။ မိန်းမလှလေးတော့ ထွက်ခွာသွားလေပြီ။

++++++

manga မှာကျ စာရွက်လေး ချန်ထားခဲ့တယ်ဗျ။ ဒီမှာကျ မပါဘူး။ manga နဲ့ novel က အဲလိုလေးတော့ နည်းနည်းကွဲပါတယ်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...