အပိုင်း ( ၈၃ ) – ဈေးအုပ်ချုပ်မှူးလေး
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat
သွေးတိတ်ဆေးအား စတင်ရောင်းချပြီး တစ်လ မပြည့်ခင်မှာပဲ ရှောင်ကလန်က ဝူတန်မြို့ရဲ့ ဆေးဈေးကွက်၏ ၇၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ ကြီးမားသော အမြတ်အစွန်းကြောင့် ရှောင်ကလန်တစ်ခုလုံး ပျော်မြူးနေကြသည်။ ကလန်ခြံဝင်းတွေ နှင့် အသုံးပြုခဲသော လမ်းအသွယ်သွယ်မှာတို့မှာ ယခုတွင် အမြဲမပြတ် စည်ကားနေကာ ဈေးတစ်ခုလိုပင် တက်ကြွနေသည်။
ရှောင်ကလန်နှင့် ယှဉ်ကြည့်ပါက ဂျားလီကလန်မှာ စိတ်ဓာတ် ကျကာ မှုန်မှိုင်းခြင်းတွေနှင့် ပြည့်နှက်နေသည်။ သူတို့၏ အမြတ် ကြီးစားသော လုပ်ရပ်တွေကြောင့် ကြေးစားအမဲလိုက်သူတွေ၏ မကျေနပ်ချက်တွေကို ရင်ဆိုငနေရသည်။ ပြီးတော့လည်း ရှောင် ကလန်၏ သွေးတိတ်ဆေးက နွေဦးပြန်လာခြင်းဆေးထက် ပိုပြီး အာနိသင်ထက်နေသည်မဟုတ်လား။ ထို့သို့ကြောင့် ဂျားလီကလန် ၏ စီးပွားရေးကို ရှောင်ကလန်၏စီးပွားရေးက အပြတ်အသတ် ဖိထားနိုင်ခဲ့သည်။ ရှောင်ကလန်က အနာကျတ်ဆေးတွေကို အချိန် အကန့်အသတ်ဖြင့် မရောင်းချနေခဲ့ဘူးဆိုရင် ယခုအခါတွင် ဂျားလီ ကလန်သည် မည်သည့်စီးပွားရေးမှ ရှိနေလိမ့်မှာ မဟုတ်တော့ပေ။
အနာကျတ်ဆေးဈေးကွက်က ယုတ်လျော့နေပေမဲ့ ရရှိနေသေးသည့် အကျိုးအမြတ်က မသေးလှချေ။ ဂျားလီကလန်အတွက် အကြီးအကျယ် ခေါင်းခဲစရာက ဆေးဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်အမြောက်အများကိုရဖို့က ဖြစ်နေသည်။
ဝူတန်မြို့ရှိ အကြီးဆုံး ကုန်လှောင်ရှိသည့် ပထမတန်းလေလံအိမ် ကလည်း သူ့တို့နှင့် ပူးပေါင်းဖို့ကို အစောကြီးကတည်းက ငြင်းပယ် ထားပြီး ဖြစ်နေသည်။ ထိုသို့သော ဆေးအမယ် ပြတ်လပ်ခြင်းကိစ္စ က ဂျားလီကလန်အား အကြီးအကျယ် ဒေါသထွက်စေသည်။ ဒါပေမဲ့ ဒေါသက မည်မျှပင် ထွက်ထွက် ပထမတန်းလေလံအိမ်အား အတင်းအဓမ္မ တွန်းအားပေးဖို့ကလည်း သူတို့ မလုပ်ရဲကြပါဘူး။ ပထမတန်းလေလံအိမ်အား အနောက်ကွယ်က ထောက်ပံ့ပေးသော အင်အာားကလည်း ဂျားမာအင်ပါယာတွင် အင်အားအကြီးဆုံး အဆင့်ဝင်ကလန်တစ်ခု ဖြစ်နေသည်မဟုတ်လား။ ထို့ကဲ့သို့ ကလန် မျိုးကို ဝူတန်မြို့က ကလန်ငယ်တစ်ခုက ဘယ်လိုအရည်အချင်းနဲ့ ရန်စရဲရမှာလဲ။
လေလံအိမ်မှာ မည်သည့်မစ္စည်းမျှ မရယူနိုင်သောအခါ ဂျားလီကလန်အနေဖြင့် ပုံမှန်ဈေးထက် အဆများစွာမြင့်သော ဆေးအမယ်များကို ဝူတန်မြို့ရှိ ဆိုင်တွေမှာ လိုက်ဝယ်ရလေသည်။ ဒါကလည်း ရေတိုတစ်ချက်သာ အဆင်ပြေသည်။ ဝူတန်မြို့က ဆေးဆိုင်တွေမှာ ဆေးအမယ်အမြောက်အများကို ရေရှည် ရောင်းထုတ်ပေးနိုင်သည်အထိတော့ အဆင်မပြေကြပါဘူး။
ပိုပြီး အရေးကြီးတာက ဝူတန်မြို့နေလူထုကလည်း ရှောင်ကလန် နှင့် ဂျားလီကလန်ကြား ရန်စဒေါသများအား ကောင်းကောင်း သတိပြုမိကြသည်။ တဖန် ဂျားလီကလန်အား ကူညီခြင်းသည် တနေ့တခြား အင်အားကြီးထွားလာသော ရှောင်ကလန်အား ဆန့်ကျင့်နေသလို ဖြစ်နေရာ ဆေးဆိုင်အများသည် ပထမအခေါက် ဂျားလီကလန်အား ဆေးအမယ်ရောင်းချပေးပြီးနောက် နောက်တစ်ကြိမ် အမြောက် အများ ထပ်မရောင်းရဲတော့ချေ။ ထိုကိစ္စကြောင့်လည်း ဂျားလီ ကလန်၏ အကျပ်အတည်းအား ပိုဆိုးဝါးစေတော့သည်။
ထိုထိုသော အကြောင်းများကြောင့် ဝူတန်မြို့မှ ဂျားလီကလန်၏ ဆေးအမယ်ဝယ်ယူခဲ့ရခြင်းက ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွား သည်။ ကျန်ရှိနေသာ ဆေးအမယ်များကလည်း အနာကျတ်ဆေး ထုတ်လုပ်ရောင်းချဖို့ကို အမှီလိုက်ဖို့ များစွာ မလုံလောက်တော့ချေ။
ထိုအခါ ကြံရာမရသော ဂျားလီကလန်သည် တခြားမြို့နေ ဆေးအမယ်များကို ဈေးကြီးကြီးဖြင့် ဆေးအမယ် ပြတ်လပ်ခြင်းကို ဖာထေးရပြန်သည်။ ဒါပေမဲ့လည်း အသက်ရှုချောင်ရုံလေးသာ ဖြစ်ခဲ့သည်။ ထိုသို့ လုပ်ခြင်းအားဖြင့်လည်း ဂျားလီကလန်၏ အမြတ် ငွေမှာ တစ်ခါ ယုတ်လျော့ရပြန်သည်။ အနာကျတ်ဆေးမှ ရနေသေး သော အမြတ်ငွေကြောင့်သာ မဟုတ်ခဲ့ရင် ဂျားလီကလန်မှာ ငွေကြေးအကျပ်အတည်းကြီး ဧကန် ရင်ဆိုင်နေရမည် ဖြစ်သည်။
ယခုအခြေအနေအရ ဝူတန်မြို့တွင် ရှောင်ကလန်၏ အခြေအနေမှာ အနာကျတ်ဆေးအကူအညီဖြင့် များစွာတိုးတက်နေပြီး ဖြစ်သည်။ ကျန်သော ကလန်ကြီးနှစ်ခုကိုလည်း ဖြတ်ကျော်နိုင်မည့် အရိပ် အယောင်ကိုလည်း ရေးရေး မြင်နေရပြီး ဖြစ်သည်။
……………………
ရှောင်ယွင်တစ်ယောက် စည်ကားနေသောဈေးတွင် အေးဆေးနှေး ကွေးစွာဖြင့် ဈေးလမ်းပေါ်လျှောက်လှမ်းလျက်ရှိသည်။ အနောက် တွင် အရပ်မြင့်မြင့် ဗလတောင့်တောင့်ဖြင့် ရှောင်ကလန်အစောင့် ဝတ်စုံ တူညီဝတ်ထားသော လူကြီး ၈ ယောက်က ကပ်ပါလာခဲ့ သည်။ ထိုလူကြီးတွေ၏ အင်္ကျီရင်ဘက်ပေါ်တွင် ရွှေရောင်ကြယ် သုံးလုံးမှ လေးလုံးအထိ ကိုယ်စီရှိကြသည်။ ရှင်းလင်းစွာဖြင့်ပင် ထို လူကြီးတွေဟာ အနိမ့်ဆုံး ဒိုကျဲအဆင့် ခွန်းအားရှိသူများ ဖြစ်ကြ သည်။
လမ်းပေါ်တွင် လူအုပ်တွေမှာ အင်မတန် ထူထပ်လှသည်။ သွေးညှီ အနံ့များ ထွက်နေသော ကြမ်းတမ်းခက်ထန်သည့် ကြေးစားမုဆိုး တွေကလည်း အေးအေးလူလူ လမ်းလျှောက်လာနေသော ရှောင်ယွင်ကို တွေ့သည်နှင့် ရင်းနှီးသည့် အပြုံးများဖြင့် နှုတ်ဆက်ကြသည်။ ပိုပိုပြီး ရင်းနှီးသည့် သူတွေက ကျယ်လောင်စွာ ဖြင့် မေးမြန်းကြသည်။
“ ခေါင်းဆောင်လေး.. နောက်တစ်ပတ် ဈေးကင်း လှည့်နေတာပါလား.. ”
ထိုကဲ့သို့ အမည်နာမမျိုး ခေါ်ဝေါ်ခံထိတိုင်း ရှောင်ယွင်က ဘာမှမတတ်နိုင်ဘဲ အသက်ပြင်းဖွဖွလေးသာ ချလိုက်သည်။
လွန်ခဲ့သော လတစ်ဝက်အချိန်ကတည်းက ရှောင်ကျန်းသည် သူ့ကို လေ့ကျင့်သည့်သဘောဖြင့် ဤဈေးနေရာအား တာဝန်ယူခိုင်းထား ခြင်း ဖြစ်သည်။ ရှောင်ကျန်း၏ တာဝန်ပေးလိုက်ခြင်းကြောင့်လည်း မျိုးနွယ်အတွင်းမှ အခြေအတင် ဖြစ်ခဲ့ရသေးသည်။ ဆယ်ကျော် သက်အရွယ်ဖြင့် ဈေးတစ်ခုအား တာဝန်ပေး အုပ်ချုပ်ခိုင်းခြင်းမှာ ရှောင်မျိုးနွယ်အတွင်း မရှိစဖူးချေ။ သို့ပေမဲ့ ရှောင်ယွင်၏ တိုးတက်လာသော အဆင့်နေရာများကို ပြန်စဉ်းစားပေးခဲ့ပြီး နောက်ဆုံးတွင် လက်ခံလိုက်ကြသည်။ သို့ဖြစ်၍ အိမ်ထဲမှာပဲ အေးဆေး ဒူးနန့်နေသော ရှောင်ယွင်တစ်ယောက် ဤဈေးအား တာဝန်ယူရလေတော့သည်။
ဈေးဧရိယာက အရမ်းကျယ်သော်လည်း အုပ်ချုပ်ရသည်က အရမ်း မပင်ပန်းချေ။ ထို့ကြောင့်လည်း ရှောင်ယွင်က သက်သာနေသည်။ လမ်းအပိုင်းအခြားနှင့် ပတ်သတ်သည့် ကိစ္စတွေ၊ အရေကြီးသည့် နေရာတွင် ကုန်သည်များအား ငှားရမ်းခ စသည့်ကိစ္စများကို အထိန်းတော်အိုတစ်ယောက်အား လွှဲပေးထားသည်။ အထိန်းတော် အိုမှာ သူ့အဖေက သူ့အတွက် ကူညီရစေရန် ပို့ပေးထားခြင်း ဖြစ် သည်။ သူ့တာဝန်က တစ်ခါတလေ အစောင့်လူကြီးအဖွဲ့ကို ခေါ်ပြီး
ဈေးလမ်းတစ်လျှောက် ကင်းလှည့်ပေးပြီး ဈေးလုံခြုံရေးကိစ္စကို စီစဉ်ပေးရသည်။ သူ့အတွက် နေ့ရက်တိုင်းက ပုံမှန်ပါပဲ။
ရှောင်ယွင်က တည်ငြိမ်ပြီး အေးဆေးနေတတ်သလို ထင်ရပေမဲ့ တစ်ခါတလေ ကြေးစားမုဆိုးများနှင့် စွန့်စားခန်းတွေ ထူးဆန်းသော ကမ္ဘာလောက၏ အကြောင်းများနှင့် ဂူများအကြောင်း အလုပ်အကိုင် များအကြောင်းလည်း ဆွေးနွေးတတ်သည်။ အပြင်လောကကို ထွက်သည့်အခါ ထိုအကြောင်းအရာများ လိုအပ်၍ သူ့စိတ်ထဲ မှတ်သားထားသည်။ သူ့အနေဖြင့် သွားရခက်ခဲသော တောင်များ ဆီကိုသွားကာ ကြီးကျယ်ပြီး စွမ်းအားကြီးသော သူများ၊ သိုင်းကျမ်း များကိုလည်း ရှာချင်သေးသည်။
ရှောင်ယွင်က ငယ်ရွယ်ပြီး နုပျိုသော မျက်နှာလေးက လူတွေအား ချစ်ခင်စေသည်။ ကြေးစားစစ်သည်တွေနှင့် စကားစမည်ဆိုတိုင်း တွင်လည်း အကန့်အသတ်ဖြင့် ထုတ်ထားသော အနာကျတ်ဆေး တွေကိုလည်း လက်ဆောင်ပေးတတ်သေးသည်။ အထိုအခါ ပေါင်းသင်းရခက်သော ကြေးစားမုဆိုးတွေက သူ့ကို သဘောကျ နှစ်ခြိုက်ကြလေသည်။ ထို့ကြောင့်ပင် ရှောင်ယွင်၏ ဈေးနေရာသည် ရှောင်ကလန်၏ တခြားသော ဈေးနေရာတွေထက် ဖောက်သည် ဟောင်း အများဆုံး ပြန်ဝင်လာသော ဈေးနေရာဖြစ်ခဲ့သည်။
လွန်ခဲ့သော လဝက်အတွင်းက အဖြစ်အပျက်များအား ပြန်တွေးရင် ရှောင်ယွင် ခံစားအပြည့်ဖြင့် ပြုံးလိုက်မိသည်။ နေ့ရက်တိုင်းကို သူ ရေတွက်ထားသည်။ အများဆုံး နောက်ထပ် လတစ်ဝက်ပြည့်သွားခဲ့ ရင် ဆရာရွဲ့လော်နှင့် လေ့ကျင့်ခြင်းခရီးရှည် ထွက်ရဦးမည်။ နောက် ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြာမှ သူ ပြန်လာရမည်။
တောင်တွေးမြောက်တွေး တွေးနေခြင်းအား ရပ်လိုက်ပြီး ရှောင်ယွင် ခေါင်းကိုမော့လိုက်သည်။ ထိုအချိန်တွင် စုတ်ချာချာအသွင်ဖြင့် ပိန်ကပ်ကပ် လူတစ်ယောက်က လူအုပ်ထဲကနေ တိုးထွက်လာပြီး သူ့ဆီကို ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
ခြေလှမ်းအာ ရပ်လိုက်ပြီး စုတ်ချာချာအဝတ်ကို ဝတ်ဆင်ထားသူ အား ကြည့်လိုက်ရင်း ရှောင်ယွင်သည် သူ့မျက်ခုံးက ပင့်တက် သွားကာ ပုံမှန်လေသံဖြင့် မေးလိုက်သည်။
“ ခိုလု.. မင်းဘာလို့ ဒီမှာ ရှိနေရတာလဲ.. အပြင်ထွက်ပြီး အလုပ်တွေ မလုပ်ဘူးလား.. ”
သူ့အရှေ့က ကြောက်ရွံ့နေဟန် ရှိသည့် လူဖလံက ခိုလု ဖြစ်ပြီး ရွှေလက်ချောင်းဟု နာမည်ကြီးသည့် ဈေးခါးပိုက်နှိုက်တစ်ယောက် ဖြစ်သည်။ ထိုလူမျိုးတို့ကိုလည်း ရှောင်ယွင် အလွယ်တကူ မမောင်း ထုတ်ပစ်ခဲ့ပါဘူး။ လက်ဖမိုးဆိုတာ ရှိသလို လက်ဖဝါးလည်း ရှိတယ် ဆိုတာ ရှောင်ယွင် ကောင်းကောင်း သိပါသည်။ အဆိုပါ အလုပ်မျိုး က အထင်သေးစရာဖြစ်ပေမဲ့ သူတို့က ကောင်းကောင်း သတင်းပေး တတ်သည်မဟုတ်လား။ ဝူတန်မြို့မှာ ဘယ်နေရာ ဘယ်ဖြစ်သလဲ ဆိုတာ သူတို့မှာ သတင်းကောင်းကောင်း ရှိတတ်သည်။
“ ဟီဟီ… သခင်လေး.. ”
ပိန်ကပ်ကပ် ခန္ဓာကိုယ်နှင့် ခိုလုက ရှောင်ယွင်ကို မျက်နှာချိုသွေးပြီး ခေါ်လိုက်သည်။
“ သခင်လေးကို သတင်းပေးစရာရှိလို့ပါ.. ကျွန်တော့်လက်အောက် ငယ်သားတွေ ပြောတာက ဈေးအပြင်ဘက်မှာ ဘယ်ကမှန်း မသိတဲ့လူတွေက ရှင်းအာမိန်းကလေးကို ထိကပါးရိကပါး စနေကြ တယ်တဲ့ ကျွန်တော်လည်း ကြားလိုက်တာနဲ့ ဒီကို ပြေးလာတာပါပဲ ”
“ အော် နောက်ပြီး.. ဂျားလီကလန်က ဂျားလီယောင်ကလည်း အဲ့မှာ ရှိနေ တယ်.. ကြည့်ရတာ ရှင်းအာမမလေးကို အနှောင့်အယှက်ပေးနေတဲ့ အသုဘဝတ်စုံနဲ့လူက သူနဲ့ သိကျွမ်းနေသလိုပဲ.. ပြီးတော့ နောက်ထပ် လူနည်းနည်းလည်း သူတို့နဲ့ ပါသေးတယ်.. ”
ရှောင်ယွင် မျက်လုံးက ကျဉ်းမြောင်းသွားခဲ့သည်။ အေးဆေးတည် ငြိမ်သော မျက်နှာက တဖြည်းဖြည်း အေးစက်လာခဲ့သည်။ ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး တိုးတိုးလေး အမိန့်ပေးလိုက်သည်။
“ ရှောင်လီ.. တခြားလူတွေကို ခေါ်လိုက်.. သူတို့ ရှိနေသေးရင် ဒီကို ခေါ်လာခဲ့…”
“ နားလည်ပါပြီး.. ”
အစောင့်လူကြီးတွေက လေးစားစွာဖြင့် နာခံလိုက်ပြီး အနောက်လှည့်ကာ ဈေးအတွင်းပိုင်းသို့ ပြေးဝင်သွားကြသည်။
“ ငါ့ကို လမ်းပြစမ်း.. ”
ရှောင်ယွင်က အေးဆေးစွာ ပြောလိုက်ပြီး ခေါင်းကို မော့ထားလိုက် သည်။
ရုတ်တရက် အေးစက်စက် ဖြစ်သွားသော ရှောင်ယွင်အား ကြည့်ကာ ခိုလုလည်း ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ နောက်ထပ် စကားအပို မဆိုရဲတော့ဘဲ ချက်ချင်း လမ်းလိုက်ပြ လိုက်သည်။
“ ဒီခွေးမသားတွေ ရှောင်ကလန်နယ်မြေအထိတောင် လာရဲပြီး မျိုးနွယ်လူတစ်ယောက်ကိုတောင် အနှောင့်အယှက်ပေးရဲတယ်ပေါ့ လေ.. ငါ ရှောင်ယွင် ဒင်းတို့ကို ဘာမှမလုပ်လိုက်ရဘဲ လွှတ်ပေး လိုက်ရရင် ဈေးအုပ်ချုပ်မှူးဆိုတဲ့နေရာကို နုတ်ထွက်လိုက်မယ်..”
နှုတ်ခမ်းသပ်ပြီး ပြောလိုက်သော ရှောင်ယွင်၏ ကြောက်မက်ဖွယ် ကောင်းသော စကားကြောင့် အရှေ့ လမ်းပြနေသော ခိုလုမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခြေလှမ်းတွေက ခပ်သွက်သွက် ဖြစ်လာခဲ့သည်။
No comments:
Post a Comment