Followers

Chapter 146

အပိုင်း ( ၁၄၆ )  - ဝံပုလွေခေါင်းအဖွဲ့ကို ဖြိုခွဲခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
+++++++++++++++++

သိမ်းငှက်ကြီး၏ ကျောပြင်ထက်တွင် ရပ်နေသော ရှောင်ယွင်သည် တဖြည်းဖြည်းသေးငယ်သွားသော မြို့လေးကို အပေါ်စီးကနေ ကြည့်နေသည်။ ပြီးလျှင် အပြာရောင်သိမ်းငှက်ကြီးကို လှည့်ကာ ငေးကြည့်နေရင်း မနာလိုစိတ်လေးပါ ပေါ်လာမိသည်။ ဒီလို ပျံသန်းပို့ဆောင်ပေးနိုင်သည့် အရာမျိုးက လူတိုင်း ငမ်းငမ်းတက်လိုချင်နေသည့်အရာမဟုတ်လား။ 

(နတ်သမီးသမားတော်မလေးနာမည်အစား ရှောင်ယိရှန်ဟု ပြောင်းလဲသုံးစွဲပါမည် )  ရှောင်ယိရှန်မှာ သိမ်းငှက်ကြီး၏ အမွှေးအတောင်ကို ပွတ်သပ်နေရင်း ရှောင်ယွင်၏ အမူအရာကို လှမ်းအကဲခတ်ကြည့်နေပါသည်။ ထို့နောက် သူမသည် မရယ်ဘဲ မနေနိုင်ဖြစ်ကာ 

“ ဘာလဲ.. ငါ့ရဲ့ ရှောင်လန်လေးကို သဘောကျနေပြီးလား.. ဒါပေမဲ့ ငါကလည်း ပေးမှာမဟုတ်ပါဘူး.. သူနဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာခဲ့ကြတာလေ ”

ရှောင်ယွင်သည် ခေါင်းကို ခါယမ်းပြီး အပြုံးမျက်နှာဖြင့်
“  ငါက မနာလိုဖြစ်ကောင်း ဖြစ်လိမ့်မယ်.. ဒါပေမဲ့ သူများရဲ့ အမြတ်တနိုးပစ္စည်းကို အလစ်မသုတ်ပါဘူးကွာ. တကယ်လို့ မင်း ပေးမယ်ဆိုရင်တောင် ငါ ယူမှာ မဟုတ်ဘူး ”

ဒိုချီကုန်းမြေဒေသကြီးမှာ ကိုယ်ပိုင်သားရဲတစ်ကောင် ပိုင်ဆိုင်ရခြင်းက ပိုင်ရှင်ဖြစ်သူ၏ တိုက်ခိုက်မှုတွင်ပါ အကူအညီဖြစ်စေသည်ကို ရှောင်ယွင် ကောင်းကောင်းသိသည်။ ထို့ပြင် မှော်သားရဲကောင်တစ်ကောင်နှင့် မိတ်ဖွဲ့ရင်းနှီးအောင် လုပ်ရသည်မှာလည်း အထူးတလည် ပေါင်းစည်းဖွဲ့နှောင်သည့် အရာမျိုး မရှိပါဘူး။ ဒါကြောင့်ပဲ လူတချို့ကပဲ ကံကောင်းစွာနဲ့ သူတို့ရဲ့ ခင်မင်မှုနှင့် သစ္စာရှိမှုကို ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ။ 

အခု ရှောင်ယိရှန်မှာ လွန်ခဲ့သည့် တစ်နှစ်တုန်းက အဆင့်၁ မှော်သားရဲကောင်ဖြစ်တဲ့ သိမ်းငှက်ပြာကို အသက်ကယ်ခဲ့ပြီးနောက်ပိုင်းမှာ သိမ်းငှက်ရဲ့ သစ္စာရှိမှုကို သူမ ရရှိသွားခြင်း ဖြစ်သည်။ တကယ်၍ သူမက သိမ်းငှက်ကို ရှောင်ယွင်ဆီ ပေးလိုက်မည်ဆိုလည်း သိမ်းငှက်က ချက်ချင်း အတောင်ပံဖြန့်ပြီးတော့ တောင်တန်းတွေဆီကို ပျံပြေးသွားမှာပါ။ 

ရှောင်ယိရှန်က သိမ်းငှက်ရဲ့ အမွှေးတောင်ကို ညင်ညင်သာသာနဲ့ ပွတ်သပ်ပေးရင်း တိုးလျတဲ့အသံနဲ့

“  မှော်သားရဲကောင်ဆိုတာ ရိုင်းစိုင်းတာက မှန်ပေမဲ့ သူတို့ရဲ့ သစ္စာရှိတာကို ရတဲ့နောက်ပိုင်းမှာ သူတို့က ဘယ်တော့မှ သစ္စာမဖောက်တတ်ဘူး.. အဲလိုနေရာမှာ သူတို့က လူတွေထက် သာတယ်.. ”

သူမရဲ့ ခံစားချက်ကို ရှောင်ယွင် နားလည်မိ၍ သူ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် တရိပ်ရိပ်ဖြတ်သန်းသွားတဲ့ မြေပြင်ကို ငုံ့ကြည့်ရင်း သူမကို  မေးလိုက်သည်။ 

“ ဒါနဲ့ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ ဋ္ဌာနချုပ်က ဘယ်နေရာမှာ ရှိနေတာလဲ… ”

“  ကျွင်းရှိမြို့ရဲ့ တောင်ဘက်အစွန်ဆုံးမှာ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ ဋ္ဌာနချုပ် ရှိတယ်.. အဲဒီဘက်က နယ်မြေကို သူတို့ပဲ လက်ဝါးကြီးအုပ်ထားတယ်လေ.. ”

သူမက ပြောနေရင်း လက်ညိုးညွန်ပြီးတော့ သိမ်းငှက်ပြာကို ပျံသွားခိုင်းလိုက်သည်။ 

“  ကျွင်းရှိမြို့မှာ နှစ်ပေါင်းများစွာ နေလာခဲ့တယ်ဆိုတော့ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ လူဦးရေနဲ့ စုစုပေါင်းအင်အားကို ကောင်းကောင်းသိမှာပေါ့.. ဟုတ်ရဲ့လား.. ”

ရှောင်ယွင်က အလေးအနက်ဖြင့် သူမကို မေးမြန်းစုံစမ်းလိုက်သည်။ 

“ အင်း.. ဝံပုလွေခေါင်းကြေးစားအဖွဲ့က ကျွင်းရှိမြို့မှာ စတည်ထောင်လာခဲ့တာ ဆယ်နှစ်ကျော်နေပြီး.. သူတို့မှာ အဖွဲ့ဝင်ဦးရေက ခုနှစ်ဆယ် ရှစ်ဆယ်လောက် ရှိမယ်.. အများစုကတော့ ဒိုကျဲအဆင့် ကြယ် ၂ လုံးကနေ ၅ လုံးအတွင်း ရှိကြတယ်.. ပြီးတော့ သူတို့မှာ ခေါင်းဆောင်သုံးယောက်ရှိတယ်.. ဒါပေမဲ့ ဟီမန်ကတော့ နင့်လက်ချက်နဲ့ သေသွားပြီးလေ..  အခုဆို မုရှီနဲ့ ဂန်မူပဲ ကျန်တော့တယ်.. ”

“ ဟမ်… ဂန်မူ.. ဟုတ်လား.. ငါ လမ်းမှာ ဆုံလာခဲ့သေးတယ်.. တစ်ခါတည်း ရှင်းပစ်လာခဲ့တာပဲ.. ”

ထိုနာမည်ကို ကြားရတော့ ရှောင်ယွင်က ရယ်ရယ်မောမောဖြင့် လက်ကို ဝှေ့ယမ်းပြီးတော့ ပြောလိုက်သည်။ 

ရှောင်ယိရှန်လည်း ပြောလက်စစကားရပ်သွားပြီး သူမရဲ့ တောင့်ခဲသွားတဲ့ အကြည့်က ရှောင်ယွင်ကို အကြာကြီး ငေးကြည့်နေတော့သည်။ ထို့နောက်မှာတော့ သူမက ခေါင်းညိတ်ပြီးတော့  

“ ကြည့်ရတာ ငါတော့ နောက်တစ်ခါ လွဲသွားပြီးထင်တယ်.. ဂန်မူက ဒိုကျဲအဆင့် ကြယ် ၉ လုံးသမားလေ.. သူ့ကို လွယ်လွယ်လေး သတ်လိုက်နိုင်တယ်ဆိုတော့ မင်းရဲ့ အဆင့်ကလည်း ဒိုကျဲအဆင့် ကြယ်၉ လုံး ဖြစ်လိမ့်မယ်.. မှန်ရဲ့လား.. ”

“ ဟားဟား.. ”  ရှောင်ယွင်သည် မှန်လား မှားလားဆိုတာကို မပြောဘဲနှင့် ပြုံးပြီးတော့ ခေါင်းပဲ ညိတ်လိုက်ပါသည်။ 

“ ဒါဆို ဝံပုလွေခေါင်းကြေးစားအဖွဲ့မှာ မင်းကို တိုက်နိုင်တဲ့သူက မုရှီတစ်ယောက်ပဲ ရှိတော့တာပေါ့.. ကျန်တဲ့လူတွေက မင်းကို မယှဉ်နိုင်ပါဘူး.. ”

ရှောင်ယိရှန်က သူမရဲ့အတွေးကို ထုတ်ပြောလိုက်သည်။ 

“ ဒါပေမဲ့ သူတို့က လူအင်အားများတယ်.. ပြီးတော့ ငါကလည်း လူများများကို တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်သေးဘူးလေ.. ”

ရှောင်ယွင် စိတ်ပျက်စွာနဲ့ အသက်ပြင်းချလိုက်မိသည်။ ရွှင်းအဆင့် ဒိုသိုင်းပညာနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် တတ်ထားပေမဲ့ သူ့ရဲ့ ချီကျင့်စဉ်က ဟွာင်းအဆင့် အဆင့်နိမ့် ချီကျင့်စဉ်မဟုတ်လား။ ချီကျင့်စဉ်ရဲ့ အဆင့်အရ ဒိုချီစွမ်းအင်ကို များများ သန့်စင်သိုလှောင်ထားနိုင်ပေမဲ့ လူအယောက်တစ်ရာကျော်လောက်ကို သတ်ဖြတ်ဖို့က မလုံလောက်ပါဘူး။ (ချီဆိုတာ အတွင်းအားကို ပြောတာပါ )

“ ဝံပုလွေခေါင်းကြေးစားအဖွဲ့သားတွေကိုတော့ ကြောက်စရာမလိုပါဘူး ”  

ရှောင်ယိရှန်က ခေါင်းခါယမ်းလိုက်ပြီးတော့ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ သူမက အဖုံးဖွင့်ပြီးတော့ အရောင်ခုနှစ်မျိုးပါတဲ့ ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ သူမက ဆေးလုံးကို ရှောင်ယွင်ဆီ ကမ်းပေးလိုက်ကာ  

“  အရောင်ခုနှစ်ထွေအဆိပ်စာအုပ်ကြောင့် အခု ငါဖန်တီးထားတဲ့ အဆိပ်တွေက ဒိုကျဲအဆင့် ကြယ်၅လုံးအောက်သမားတွေကို လွယ်လွယ်လေးနဲ့ အားအင်မဲ့သွားအောင် လုပ်လို့ရနေပြီး.. ကံဆိုးရင်တော့ သေရင် သေသွားနိုင်တယ်.. ” 

“ နောက်ပြီး.. ငါက ကောင်းကင်မှာနေပြီး မင်းကို ကူညီပေးမယ်.. သူတို့က အုပ်စုဖွဲ့ပြီး တိုက်ခိုက်တော့မယ်ဆိုရင် ငါက ဆေးအမှုန့်တွေကို ကြဲချလိုက်မယ်..ရော့.. ဒါက ငါ ဖော်စပ်ထားတဲ့ အဆိပ်ပြယ်ဆေး.. ဒါဆိုရင် ငါ့ရဲ့အဆိပ်က မင်းအပေါ်မှာ အများကြီးသက်ရောက်မှု ရှိတော့မှာ မဟုတ်တော့ဘူး. ပြီးတော့ အဆိပ်ကို ဖိနှိပ်ဖို့က မင်းအတွက် ဒိုချီစွမ်းအင် သုံးရတာကလည်း သက်သာသွားမှာပေါ့.. ”

“ ကောင်းပြီ.. ”  ရှောင်ယွင် ခေါင်းညိတ်လိုက်ရင်း ဆေးလုံးကို လက်ခံယူလိုက်သည်။ 

လက်ထဲ ရောက်ရှိလာတဲ့ ဆေးလုံးကို စိတ်ဝင်တစားနဲ့ လှည့်ကြည့်လိုက်သည်။ သူ့ရဲ့ အဆင့်၁ မှော်ဆေးပညာအမြင်ဖြင့် လေ့လာကြည့်လိုက်သည့်အခါ သူမပေးသည့် ဆေးလုံးသည် တကယ့်ဆေးလုံးကဲ့သို့ လုံးဝန်းနေခြင်း မရှိနေသည်ကို မြင်လိုက်ရသည်။ ဒါဟာ ရှောင်ယိရှန်က ရိုးရိုးမီးနဲ့ပဲ ဆေးပင်တွေကို ရောစပ်ပြီးတော့ ဆေးလုံးသဏ္ဍာန်ဖြစ်အောင် အတင်းလုပ်ယူထားသည်ဆိုတာ ထင်ရှားနေသည်။ 

ရှောင်ယွင်က ဆေးလုံးကို မျိုချလိုက်သည်။ ရွဲ့လော်ကဲ့သို့ မှော်ဆေးပညာရှင်ကြီးတစ်ပါး ရှိနေမှတော့ ဆေးထဲမှာ လျှို့ဝှက်ထည့်ထားနိုင်သည့် အဆိပ်ဆိုတာမျိုးကို ရှောင်ယွင် မကြောက်ရွံ့ခဲ့နေပါဘူး။ 

ဆေးလုံးကို မျိုချလိုက်ပြီးနောက် ရှောင်ယွင်က ပြုံးလိုက်ရင်း

“ ကဲ.. မုရှီရဲ့ ခွန်အားအကြောင်းကို ဆွေးနွေးကြည့်ရအောင်.. သူ သုံးနေတဲ့ ဒိုသိုင်းပညာရော ချီကျင့်စဉ်အကြောင်းကိုပါ ပြောပြနိုင်ရင် အကောင်းဆုံးပဲပေါ့.. ”

သူမပေးလိုက်သည့် ဆေးလုံးကို ရှောင်ယွင်က နောက်တွန့်ခြင်းမရှိဘဲ သောက်လိုက်သည်ကို ကြည့်ရင်း သူမ၏ မျက်နှာကအပြုံးတို့သည် ပို၍ ညင်သာလာခဲ့၏။ ရှောင်ယွင်က သူမ၏ အဆိပ်ပညာကို သိခဲ့နေလျက်သားနှင့် ရဲရဲဝံ့ဝံ့ သောက်ခဲ့သည်မဟုတ်လား။ သူမအပေါ် ယုံကြည်မှုကို ရှောင်ယွင် ပြသလိုက်ချေ၏ 

သို့ပေမဲ့ သူမ မသိတာက ရှောင်ယွင်သည် သူမ၏ ဆေးလုံးကို သောက်ရဲခဲ့သည်က သူ့မှာ ယုံကြည်စိတ်ချထားစရာ အာမခံ ရှိနေသောကြောင့် 
ဖြစ်သည်။ 

“ မူရှိရဲ့ ခွန်အားအဆင့်က ဒိုရှီးအဆင့် ကြယ် ၂လုံးလောက်ပဲ….သူ လေ့ကျင့်ထားတဲ့ ချီကျင့်စဉ်က လေဓာတ်ကျင့်စဉ်ပဲ.. လေကိုဆန်တက်သတ်ဖြတ်ခြင်း ဆိုတဲ့ လေဓာတ်ချီကျင့်စဉ်ပေါ့..  ဟွာင်းအဆင့် အဆင့်မြင့်ချီကျင့်စဉ်တစ်ခုပဲ.. 

ရှောင်ယိရှန်မှာ မူရှိ၏ခွန်အားအဆင့်ကို ပြောပြနေရင်း လေတိုးဝှေ့၍ ပုံပျက်သွားသည့် သူမ၏ နဖူးဆံစကို ပြန်လည် ဖိသပ်လိုက်သည်။ 

“ အဆင့်မြင့် ဟွာင်းအဆင့်ပဲလား.. အော်.. ”

ရှောင်ယွင်လည်း စိတ်သက်သာရာ ရသွားသည်။ သူကျင့်နေသည့် မီးတောက်မန္တရာ ကျင့်စဉ်က အဆင့်နိမ့် ဟွာင်းအဆင့် ချီကျင့်စဉ်ဖြစ်နေပေမဲ့ အလယ်လတ်အတန်း ဟွာင်းအဆင့် ချီကျင့်စဉ်နှင့် သိပ်မကွာလှချေ။ တဖန် သူတတ်မြောက်ထားသည့် ရွှင်းအဆင့် ဒိုသိုင်းပညာအရပ်ရပ်ကိုပါ ထည့်တွက်လိုက်ရင်ဖြင့် သူတို့နှစ်ယောက်ကြားထဲက ကွာဟမှုမှာ အရမ်းကြီး မဟတော့မှာကို  ရှောင်ယွင် ယုံကြည်ချက် ရှိသည်။ 

“ ချီကျင့်စဉ်အပြင် နောက်ထပ် သူ တတ်မြောက်ထားတဲ့ ဒိုသိုင်းပညာက သုံးခုရှိသေးတယ်.. ပထမတစ်ခုက တိုက်ခိုက်ခြင်းဒိုသိုင်းပညာရပ်.. နောက်တစ်ခုက ခုခံကာကွယ်ခြင်းဒိုသိုင်းပညာရပ်.. နောက်ဆုံးတစ်ခုက ကိုယ်ဖျော့ဒိုသိုင်းပညာရပ်ပဲ..  ”

ရှောင်ယိရှန်က ဆက်လက်ပြောပြန်သည်။ 

“ အဲဒီ ဒိုသိုင်းပညာရပ်အားလုံးက အမြင့်တန်း ဟွာင်းအဆင့်တွေကြီးပဲ.. ”

“ ကဲ ဘယ်လိုသဘောရလဲ.. သူ့ကို အနိုင်ရဖို့ ရှင့်မှာ ယုံကြည်ချက် ရှိရဲ့လား.. ”

သူမက လှည်ပင်းကို စောင်းငဲ့ကာ သူ့ကို မေးလိုက်ရင်း ရယ်မောလိုက်ချေ၏။

“ စောင့်ကြည့်လိုက်ပါဦး.. ”

သိမ်းငှက်ကြီးကျောထက်တွင် ရပ်နေသော ရှောင်ယွင်ဟာ အောက်က မြို့ငယ်လေးကိုသာ ငေးကြည့်ရင်း ပြုံးလိုက်မိချေသည်။ ရှောင်ယိရှန်ပေးသည့် အချက်အလက်အရ မုရှီကို အနိုင်ရဖို့က သိပ်မခက်ချေ။

--------------

“ ဘာ ရှောင်ယွင်လက်ချက်လို့ မင်းပြောလိုက်တာလား.. ”

ခန်းမတစ်ခု၏ အလယ်၌ မုရှီ၏ မျက်လုံးက ရဲရဲနီနေလျက် ရှိနေကာ ကြောက်ရွံ့တုန်လှုပ်နေသည့် ကြေးစားစစ်သည်တို့ကို ကြည့်ပြီး သူက အော်ဟစ်မေးလိုက်သည်။ ဂန်မူ၏ အလောင်းက သူ့အရှေ့မှာ ချထားသည်။ 

“ ဟုတ်.. ဟုတ်ပါတယ်. ခေါင်းဆောင်.. မှော်သားရဲကောင်တောင်တန်းအတွင်းအထိကို ကျနော်တို့ လိုက်ဖမ်းခဲ့ကြတဲ့ ရှောင်ယွင်က အသက်ရှင်လျက်သားနဲ့ ပြန်ထွက်လာနိုင်ခဲ့တယ်.. ”  

ကြေးစားစစ်သည်တစ်ယောက်က တုန်တုန်လှုပ်လှုပ်ဖြင့် တံတွေးကို မျိုချကာ ပြန်ပြောလေသည်။ 

ထိုစကားကို ကြားရသည့်အခါ မူရှိ၏ မည်းမှောင်နေသည့် မျက်နှာက ပို၍ပင် အရုပ်ဆိုးသွားသည်။ သူ့၏ မျက်ပေါက်ကျဉ်းကျဉ်း၌ ကောက်ကျစ်သော အေးစက်စက် အရိပ်အငွေ့များ အဆက်မပြတ် လူးလာဖြတ်သန်းသွားလေသည်။ သူသည် ခန်းမအတွင်း လူးလာခေါက်တုံ့ လမ်းလျှောက်နေရင်း အေးစက်စွာဖြင့် မေးမြန်းလိုက်ပြန်သည်။

“  ဂန်မူကို သတ်တဲ့အချိန်မှာ သူတစ်ယောက်တည်းပဲ သတ်လိုက်တာလား.. ”

“ ဟုတ်ကဲ့.. ပထမမှာ ရှောင်ယွင်က အလစ်ငိုက်ဖမ်းပြီး တိုက်ခိုက်လိုက်ပေမဲ့ နောက်ပိုင်းမှာတော့ မျက်နှာချင်းဆိုင်တိုက်ပွဲ ဖြစ်လာခဲ့တယ်..ဒါပေမဲ့ ဒုတိယခေါင်းဆောင်က ခပ်မြန်မြန်ပဲ ရှုံးနိမ့်သွားရတယ်.. ကျနော့်အထင်မှာတော့ ရှောင်ယွင်ရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၉ လုံး ဖြစ်နေပါလိမ့်မယ်.. ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… နှစ်လကျော်ကျော်လေးပဲ ရှိသေးတယ်.. ဘယ်လိုလုပ်ပြီး ဒိုကျဲအဆင့် ကြယ် ၉ လုံး အထိ အဆင့်တက်သွားနိုင်ရတာလဲ.. ”

ကြေးစားစစ်သည်၏ အဖြေကို ကြားလိုက်ရသည့်အခါမှာတော့ မုရှီမှာ ထခုန်မိမတတ် ဖြစ်သွားရသည်။ မုရှီကိုယ်တိုင်က ကြယ် ၆ လုံးကနေ ကြယ် ၇လုံး ရောက်ဖို့က ခြောက်လလောက် အချိန်ယူခဲ့ရသည်မဟုတ်လား။ အခုတော့ ရှောင်ယွင်က ကြယ် ၉ လုံးတောင် ဖြစ်သွားပြီးလား..။ ဒီလို ရိုက်ချက်က မာနကြီးသည့် မုရှီပင် တောင့်ခံနိုင်ဖို့က မလွယ်လှချေ။ 

“ တခြားလူအတွက်တော့ မဖြစ်နိုင်တဲ့အရာပဲ ဒါပေမဲ့ အဲ့ဒီကောင်အတွက်တော့ ဖြစ်နိုင်တဲ့အရာပဲ.. ”    အသက်ပြင်းတစ်ချက် ရှိုက်ရင်း မုရှီက အေးစက်စက် ပြောလိုက်သည်။ 

“ ဒိုကျဲအဆင့် ကြယ် ၉လုံးဖြစ်တော့ရော ဘာအရေးလဲ.. ဒိုရှီးတစ်ယောက်ရဲ့အရှေ့မှာ ဒိုကျဲဆိုတာ ပါးမွှားပဲ.. ”

“အခု ငါအမိန့်ပေးမယ်.. ရှောင်ယွင်ကို မြေလှန်ပြီး ရှာကြ.. ဒီတစ်ခေါက်တော့ လုံးဝ မလွတ်စေရတော့ဘူး  ”

မုရှီက စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ ကြုံးဝါးသည့် အသံဖြင့် ပြောလိုက်သည်။ 

“ သူ့လက်ထဲကနေ ရတနာပစ္စည်းတွေကို မရနိုင်ခဲ့တာကို ငါ ခံရခက်ခဲ့တယ်.. ဒါကြောင့်ပဲ သူ့ကို မှော်သားရဲကောင်တောင်တန်းအတွင်းအထိ လိုက်လံဖမ်းခဲ့ကြတာပဲ.. ဒါပေမဲ့ သူ ပြန်ထွက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. အခုတစ်ခေါက် ထွက်လာခဲ့ပြီးဆိုတော့ ဒီမှာပဲ တစ်သက်လုံး နေစေရမယ်.. ”

မုရှီက မျက်လုံးကို ကျဉ်းမြောင်းထားရင်း ဆိုလိုက်ချေသည်။ ထိုအခိုက် ချောက်ကမ်းပါးနံဘေးမှာ ရှောင်ယွင် ပြသခဲ့ဖူးသည့် ဒိုသိုင်းပညာရပ်ကို သူ ရုတ်တရက် ပြန်လည် အမှတ်ရလိုက်မိ၍ အနည်းငယ် ရင်တုန်သွားခဲ့သည်။ သို့သော် ခပ်မြန်မြန်ဖြင့် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သာ အသံတိုးတိုးဖြင့်

“ ကောင်းပြီးလေ.. သူ့မှာ အဆင့်မြင့် ဒိုသိုင်းပညာရပ်ရှိနေပေမဲ့ သူ့ရဲ့ တကယ့်အစစ်အမှန်ခွန်အားက အားနည်းသေးတာပဲ.. ပြီးတော့ ငါ့မှာလည်း အဆင့်မြင့် ဒိုသိုင်းပညာရပ် မရှိလောက်ဘူးလို့ မင်း ထင်နေမှာပေါ့.. .. ”

မုရှီက ကိုယ့်ကိုယ်ကို ပြန်လည်နှစ်သိမ့်နေရင်း အချိန်တွင် ကြေးစားစစ်သည်တစ်ယောက်က အမောတကောဖြင့် တံခါးကို ဖြတ်သန်းဝင်ရောက်လာကာ အရေးတကြီးလေသံဖြင့် ပြောလိုက်သည်။ 

“ ခေါင်းဆောင်.. ခေါင်းဆောင်.. ရှောင်ယွင်က အခု အရှေ့တံခါးကနေ ဝင်လာနေပြီး.. ”

“ ဘာ!! ”   ခန်းမတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ 

မုရှီလည်း အလားတူပင် အံ့သြသွားသည်။ ချက်ချင်းပဲ မတ်တတ်ရပ်ကာ အရှေ့သို့ လှမ်းလျှောက်ပြီး ကြေးစားစစ်သည်ကို ဆွဲထူလိုက်ကာ ခပ်မြန်မြန်မေးလိုက်သည်။ 

“ သူက လူအင်အား ဘယ်နှစ်ယောက် ခေါ်လာခဲ့သလဲ.. ”

“ သူ တစ်ယောက်တည်းပဲ.. ”     ကြေးစားစစ်သည်ကလည်း ထူးဆန်းသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ 

“ တစ်ယောက်တည်းပဲ.. ဟုတ်လား.. ”     နားကြားမှားသွားသလားဟု တွေးမိကာ မုရှီ၏ မျက်နှာက တွန့်ရှုံ့သွားသည်။ 

ချက်ချင်းပင် အံ့အားသင့်သည့် လေသံဖြင့်  “ မင်းပြောတာက ငါတို့ဋ္ဌာနချုပ်ကို သူတစ်ယောက်တည်းပဲ လာတာပေါ့.. ”  

ကြေးစားစစ်သည်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ 

“ ဒီခွေးကောင်တော့.. ကျောက်တုံးကို သူ့ခေါင်းလောက်နဲ့ ရိုက်နှက်ချင်တယ်ပေါ့လေ..   သူ့တစ်ယောက်တည်းနဲ့ပဲ ငါတို့ရဲ့ ဝံပုလွေခေါင်းကြေးစားအဖွဲ့ကို ရှင်းပစ်လို့ ရမယ်လို့ တကယ်ပဲ ထင်နေတာလားကွ.. ”

မုရှီ၏ နှုတ်ခမ်းထောင့်က တွန့်ခနဲ ဖြစ်သွားကာ အေးစက်စက် ရယ်မောလိုက်ချေသည်။  တင်းမာနေသည့် မျက်နှာထားဖြင့် ခန်းမကနေ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားကာ အေးစက်စွာ ကြိမ်းမောင်းလိုက်လေသည်။ 

“ မင်းက ဒီလို ရောက်နေတော့လည် ငါတို့ကလည်း မင်းကို လိုက်ရှာစရာ မလိုတော့ဘူးပေါ့..  မုလီ .. သွား လူတွေကို ခေါ်ပြီး တံခါးမကြီးကို သွားပိတ်ထားလိုက်စမ်း.. ငါတို့ဋ္ဌာနချုပ်က ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ ရတဲ့ နေရာမဟုတ်ဘူးဆိုတာ သူ့ကို သိအောင် ပြရမယ်.. ”

“ ဟုတ်ကဲ့.. ”  မုလီကို ခေါင်းကို အားပါတရ ညိတ်လိုက်သည်။ သူ့မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု တွဲခိုလာပြီးလျှင် ခပ်မြန်မြန်ပဲ အနောက်လှည့်ပြီး အမိန့်အတိုင်း သွားဆောင်ရွက်လေသည်။ 

“ သွားစို့..  ခွေးသကောင့်သားက ဘယ်လောက်တောင် ဂျိုကြွနေသလဲဆိုတာ သွားကြည့်ရအောင်.. ဟားဟား.. ”    မုရှီက လက်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ ရယ်မောရင်း ခန်းမထဲကနေ လူအားလုံးကို ဦးဆောင်ကာ အရှေ့ကနေ ထွက်လာခဲ့ပြီး မျက်နှာစာဘက်ဆီသို့ ခပ်သွက်သွက် လျှောက်သွားကြသည်။ သူ့အနောက်ကနေ လူအုပ်ကြီးလည်း ထပ်ကြပ်မခွာ လိုက်ပါလာခဲ့ကြသည်။ 

လူအုပ်ကြီးက ခန်းမအရှေ့ကနေ ဖြတ်၍ မျက်နှာစာဘက်သို့ ရောက်သွားသည့်အခါတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ပြုံးလျက် ရပ်စောင့်နေသည်ကို တွေ့လိုက်ကြသည်။ သူ့ပတ်လည်မှာတွင်တော့ ကြေးစားစစ်သည်အဖွဲ့သား ဆယ်လောက်ကျော်တို့က ဒဏ်ရာဒဏ်ချက်တို့ဖြင့် မြေကြီးပေါ်တွင် လူးလိမ့်ရှိနေကြသည်။ တံခါးမကြီးသည်လည်း အပိုင်းပိုင်းအစစ ကျိုးပဲ့နေသည်။ 

“  မုရှီ.. အဖွဲ့ခေါင်းဆောင်ကြီး.. ဟဟ.. မတွေ့ရတာ ကြာသွားပြီးနော်.. ”

တင်းမာအေးစက်သည့် မျက်နှာထားဖြင့် ရောက်ရှိလာသော မုရှီကို သတိထားမိသည့်အခါ လူငယ်လေးက ခေါင်းကို ဖြည်းဖြည်းချင်း မော့၍ ပြုံးလိုက်ချေသည်။ 

“  အေး.. ဒီနေ့ မင်း ဒီမှာပဲ အမြဲနေပေတော့.. ”

မုရှီသည် အသက်ပြင်းတစ်ချက်ရှိုက်ရင်း မြင်မကောင်းစွာ ဖြစ်နေသည့် မျက်နှာစာအနေအထားကို ကြည့်လိုက်သည်။ သူ့မျက်နှာက အမူအရာသည်လည်း ချက်ချင်ပင် ပြိုင်ဘက်ကင်း ကောက်ကျစ်စဉ်းလဲသည့် အမူအရာသို့ ပြောင်းလဲသွားလေသည်။ 

သေခြင်းတရား၏ ကြေညာချက်ကို ကြားလိုက်ရသည့်အခါ လူငယ်လေး၏ နှုတ်ခမ်းထောင့် ခပ်ထေ့ထေ့အသွင် ကော့တက်သွားသည်။ 

++++++++++++++++++++++++++++++++++

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...