ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၄
=================================
ရှောင်ယွင် နောက်ဆုံးမှာ သတိပြန်လည်လာတဲ့အခါမှာတော့ သူ့ရဲ့ခါးမှာ နွေးထွေးနူးညံ့တဲ့ လက်တစ်စုံရှိနေတာကို ခံစားလိုက်ရသည်။ သူ့ဦးခေါင်းကလည်း တစ်ခုခုကို မှီအုံးထားသလို ဖြစ်နေပါသည်။ ပိုပြီး ထင်ရှားသိသာတာက နူးညံ့ပျော့အိသည့် ခပ်မို့မို့ တောင်ပူစာနှစ်ခုကို သူ့နောက်ကျောပြင်က ခပ်တင်းတင်း ဖိကပ်ထားသလိုရယ်ပါ။
တဖြည်းဖြည်းနှင့် ရှောင်ယွင် အသိစိတ်က ကြည်လင်လာခဲ့သည်။ ရှောင်ယွင် သူ့နှုတ်ခမ်းက အေးစက်သည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ သူ့ပါးစပ်အတွင်းထဲကို ကြည်လင်အေးမြသည့် ရေကြည်လေးတွေကို လောင်းထည့်ပေးနေသလိုပါ။ သို့သော် ရေလောင်းပေးသူ၏ မကျွမ်းကျင်မှုကြောင့် ရေများက ရှောင်ယွင် နှာခေါင်းထဲကို ဝင်သွားကြကုန်သည်။
“ အဟွတ်.. အဟွတ်.. ”
ရှောင်ယွင် မျက်လုံးကို ကမန်းကတန်းဖွင့်ပြီးလျှင် ခေါင်းကို ငုံ့ပြီး အသည်းအသန် ချောင်းဆိုးလိုက်ရတော့သည်။ ပြီးလျှင် သူ့အနောက်ကနေ ရေတစ်ခွက်ကိုင်ထားပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း ဖြစ်နေသည့် ယွင်ချီကို လှည့်ကြည့်လိုက်သည်။ ရှောင်ယွင် နှုတ်ခမ်းက တွန့်ခနဲ ဖြစ်သွားပြီး ခပ်သည်းသည်းလေး ရယ်မောလိုက်ကာ “ ငါ့ကို သေကြောင်းကြံနေတယ်မလား.. ဟုတ်တယ်မလား.. ” ဟု မေးမြန်းလိုက်သည်။
ရှောင်ယွင် စကားကြောင့် ယွင်ချီလည်း မျက်နှာပူသွားမိသည်။ ဒါဟာ သူမအတွက် လူတစ်ဖက်သားကို ဂရုစိုက်ပေးခဲ့မိသည့် ပထမဆုံးအကြိမ်ဖြစ်လေရာ ရေခွက်ကို ဤမျှ တည့်အောင် တိုက်နိုင်ခဲ့သည်က သူမအတွက် အောင်မြင်မှုဟုပင် ဆိုနိုင်သည်။
သူမလက်ထဲက ရေခွက်ကို ဘေးနားချလိုက်ပြီးနောက် ယွင်ချီသည် အပြုံးဖြင့် မေးလိုက်သည်။
“ အခု အဆင်ပြေသွားပြီးလား.. ”
“ အတော်လေး သက်သာလာသလိုပါပဲ.. ” ရှောင်ယွင်ကို ခေါင်းကို ခါယမ်းပြီးတော့ နည်းနည်း မူးတူးတူး ဖြစ်နေသေးသည့် ခေါင်းကို ပွတ်သပ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
“ ကံကောင်းသွားတာက အဆင့်၂ မှော်သားရဲကောင်တွေ ဖြစ်နေလို့ပေါ့..။ အဆင့်၃သာ ဖြစ်ခဲ့ရင် ဒီကို ပြန်လာနိုင်ချင်မှ ပြန်လာနိုင်မှာ.. ”
“ ငါလည်း တောင်းပန်ပါတယ်.. ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး.. ”
သူမ၏ ခွန်အားက ယာယီအဖြစ်သာ ချုပ်နှောင်ခံရသည်ဖြစ်သော်လည်း အခုရက်ပိုင်းအတွင်း သူမ၏ နှုတ်ခမ်းကနေ တောင်းပန်သည့်စကားတို့က ခပ်စိပ်စိပ် ထွက်လာခဲ့ရသည်။ သူမကို သိကျွမ်းသည့်သူတွေက ဒီအဖြစ်ကို မြင်တွေ့ကြားသိခဲ့ရလျှင် အင်မတန်ကို အံ့သြသွားကြလိမ့်မှာ အမှန်ပင်။
ရှောင်ယွင်က မချိပြုံးလေး ပြုံးလိုက်ကာ လက်ကို ဝှေ့ယမ်းပြီးတော့ ပြောလိုက်သည်။
“ ရပါတယ်..။ ထားလိုက်ပါတော့..။ မင်းကို ရှင်းရှင်းလင်းလင်း မပြောပြထားလိုက်တာ ငါ့အမှားပါ.. ”
ထိုသို့ ပြောလိုက်စဉ် ရှောင်ယွင်၏ အစာအိမ်ကနေ ရုတ်တရက် ဗိုက်ဆာသည့်အသံက အော်မြည်သွားခဲ့ရာ ရှောင်ယွင်မှာ အနည်းငယ် ရှက်သွားခဲ့ရသည်။
ရှောင်ယွင် ဗိုက်ဆာသည့်အသံကို ကြားလိုက်သည့် ယွင်ချီလည်း အားပါးတရ ရယ်မောလိုက်ချေသည်။ သူမ၏ ရယ်သံကား ကြည်လင်အေးချမ်းလှပေသည်။ သူမ၏လက်တစ်ဖက်ကလည်း ရှောင်ယွင် ရှက်ကိုးရှက်ကန်းဖြစ်ပြီး အစားအသောက် သွားပြင်ဆင်တော့မှာကို လှမ်းတားလိုက်သည်။ သူမသည် ပြုံးရွှင်စွာဖြင့်
“ မင်းက အခု လူနာဖြစ်နေပြီးလေ.. ဒီနေ့တော့ ငါ ငါးကင်ပေးပါမယ်.. ”
“ ဘယ်လို ငါးကင်ရမလဲဆိုတာကိုရော သိလို့လား..” သူမ၏ စကားကို ကြားရတော့ ရှောင်ယွင်လည်း အံ့အားသင့်သည့်အကြည့်ကို သူမဆီ ပစ်လွှတ်ကြည့်လိုက်တော့သည်။ သူမသည် အဆင့်အတန်းမြင့်သည့် အတန်းအစားထဲကနေ ပေါက်ဖွားလာမှန်း သိသာနေသည်မဟုတ်လား။
“ အင်း.. ဒီ နှစ်ရက်သုံးရက်အတွင်းမှာ ငါးကင် ဘယ်လိုကင်ရသလဲဆိုတာကို မင်းလုပ်တာကိုကြည့်ပြီးတော့ ငါလေ့လာထားပြီးပြီလေ.. ”
ယွင်ချီက ပြုံးလျက် ဆိုလိုက်ကာ အနောက်လှည့်ပြီး ကျေက်ဖျာဆီကို လျှောက်သွားသည်။ ရှောင်ယွင်မှာ သူမ၏ အချိုးအစားပြေပြစ်လှပသည့် နောက်ကျောပြင်ကို ငေးကြည့်ကာ ကျန်ခဲ့သည်။
ယွင်ချီက မြေကြီးပေါ်ထိုင်ချပြီး မီးမွှေး ငါးကင်ဖို့ လုပ်နေတာကို ကြည့်ပြီး ရှောင်ယွင်လည်း ပြုံးလိုက်ပြီး အသက်ပြင်းရှည်ချလိုက်သည်။ သူ့လက်နှစ်ဖက်ကို လေ့ကျင့်သည့်အနေအထားအတိုင်း ထားလိုက်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း တင်ပလ္လင်ခွေ ထိုင်ထားလိုက်သည်။ မကြာမီမှာပဲ ရှောင်ယွင်သည် ကျင့်ကြံခြင်းထဲကို ဝင်သွားခဲ့ပြီး။
ယွင်ချီမှာ မီးဖိုဘေးနား ထိုင်ကာ ငါးကင်ကို လှည့်ပေးနေရင်းမှ ချွေးတွေ ပြန်လို့နေသည်။ ကျင့်ကြံနေသည့် ရှောင်ယွင်ကိုလည်း သူမ ရံဖန်ရံခါ လှည့်ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ ငါကိုယ်တိုင် ကင်ထားတဲ့ ငါးကင်ကို စားဖူးတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး.. ကောင်ကလေး.. မင်း ငါ့ကို တကယ်အထင်သေးတယ်ပေါ့လေ.. ”
တံစို့ကင်ကို လှည့်ပေးနေရင်း ယွင်ချီသည် ဘေးနားက ကျောက်ပြင်ပေါ်ရှိ ကျောက်စိမ်းပုလင်းဘက်ကို အကြည့်ရောက်သွားခဲ့သည်။ သူမက မျက်မှောင်တွန့်ရင်း လက်လှမ်းလိုက်သည်။ ခဏအကြာတွင် ထောင့်စွန်းက ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။
“ ဟင်းခတ်အမှုန့်ပုလင်းနဲ့ တူသလိုပဲ.. ”
ယွင်ချီသည် ပုလင်းအကြည်ကို မြှောက်ပြီး အထဲက အဖြူမှုန့်တွေကို လေ့လာကြည့်လိုက်သည်။ ရှောင်ယွင် ငါးကင်တုန်းက သုံးထားသည့် အမှုန့်ကဲ့သို့ ဖြစ်နေ၍ သူမလည်း ၎င်းအမှုန့်ကို ငါးကင်ပေါ် သုတ်လိမ်းပေးလိုက်သည်။
***
ရယ်သံချိုချိုတစ်ခုကြောင့် ရှောင်ယွင် ကျင့်နေရာမှ နိုးလာခဲ့သည်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် သူ့အရှေ့မှာ ရောက်နေသည့် ငါးကင်ကို ကြည့်လိုက်သည်။ ရှောင်ယွင် သူ့နှုတ်ခမ်းက တွန့်ခနဲ ဖြစ်သွားပြီး သူ့ကို မျက်ဝန်းရွှန်းရွှန်းလဲ့လဲ့ဖြင့် ငေးကြည့်နေသည့် ယွင်ချီကို မော့ကြည့်လိုက်သည်။ ရှောင်ယွင် မထင်မှတ်ဘဲ ခြောက်ကပ်စွာ ရယ်မောလိုက်ကာ
“ ဒါက မင်းကိုယ်တိုင် ကင်ထားတဲ့ငါ့းကင်ပေါ့လေ.. ”
“ ဒါက ငါ ပထမဆုံးအကြိမ် ကင်ဖူးတာပဲ.. အဲ.. အရသာမကောင်းပေမဲ့ မင်း ကုန်အောင် စားရမယ်.. မစားဖူးဆိုရင် ငါ နေပြန်ကောင်းတာနဲ့.. အဟင်းအဟင်း ”
ရှောင်ယွင် အမူအရာကို မြင်သည်နှင့် ယွင်ချီက နှုတ်ခမ်းထော်ပြီး ငါးကင်ကို ထိုးပေးလိုက်သည်။ သူမ၏ လေသံထဲက ခြိမ်းခြောက်မှုကိုလည်း မပြောဘဲနဲ့ ရှောင်ယွင် သိလိုက်ပါပြီး။
“ အစ်မကြီး. ကျနော်က နေမကောင်းတဲ့သူလေ.. ကျနော်ကို ကောင်းကောင်း မပြုစုလည်း ရပါတယ်.. အခုက အဆိပ်ခပ်နေတာလားဗျာ.. ”
သူမ၏ စကားကြောင့် ရှောင်ယွင် ချက်ချင်း ငိုသံကြီးဖြင့် ပြောလိုက်သည်။ သို့သော် ယွင်ချီက အေးဆေးပဲ ဂရုမစိုက်ဘဲ ငါးကင်ကို ဖဲ့စားလိုက်သည်။ သူမ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ငါးကင်က လက်ရာမကောင်းမှန်း သိသာလေပြီး။
ရှောင်ယွင်လည်း သူ့စကားကို ယွင်ချီက ဂရုမစိုက်နေတာကို တွေ့၍ ခေါင်းကို ခါယမ်းလိုက်သည်။ စိတ်ထဲမှာ အဆိပ်ကို ခံနိုင်ပါစေလို့ဘဲ ဆုတောင်းရင်း ငါးကင်ကို တစ်ကိုက် ကိုက်လိုက်သည်။
မီးကျွမ်းနေသည့် ငါးကင်ကြောင့် ရှောင်ယွင် ပါးစပ်က အနည်းငယ် မဲတူးသွားခဲ့သည်။ ဒါပေမဲ့ ရှောင်ယွင် ဘာမှ ငြင်းဆန်ခွင့်မရှိ၍ ပါးစပ်ထဲက အစာကိုသာ ဝါးပြီး မျိုချလိုက်သည်။ ငါးကင်ကို မျိုချလို့ လမ်းတစ်ဝက်အရောက်မှာ ရှောင်ယွင် မျက်မှောင်ကုတ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးလည်း တရှိန်းရှိန်းဖြစ်သွားခဲ့သည်။
“ ရွဲ့ယွင်.. နင် တစ်ခုခု မူမမှန်သလို မခံစားရဘူးလား.. ”
ရှောင်ယွင်အရှေ့မှာ ရပ်နေသည့် ယွင်ချီမှာ ရုတ်တရက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူမ၏ မျက်နှာက နီမြန်းလို့ နေသည်။
သူမ၏ မေးသံကို ကြားရတော့ ရှောင်ယွင် ခေါင်းမော့ကြည့်လိုက်သည်။ သူ့နှလုံးက ပြင်းပြင်းထန်ထန် ခုန်လို့ နေသည်။ အရှေ့က ယွင်ချီ၏ မျက်နှာမှာ ဆွဲဆောင်မှုရှိစွာ နီမြန်းလို့နေသည်။ အမြဲလိုလို စူးရှထက်မြက်သည့် သူမ၏ မျက်ဝန်းမှာ အခုတော့ ရီဝေယစ်မူးနေသယောင်ဖြစ်နေသည်။ သူမ၏ မျက်နှာအောက်ဖက်ကို ရွှေ့ကြည့်လိုက်သည့်အခါတွင် သူမ၏ လည်ပင်းမှာ ပန်းရောင်သန်းနေသည်ကိုလည်း ရှောင်ယွင် သတိထားမိလိုက်သည်။
“ အင်း တစ်ခုခုက တကယ်ကို မူမမှန်ဖြစ်နေပြီး.. ” ရှောင်ယွင် ခါးသက်သက် ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ပူတက်လာသလို ခံစားလိုက်ရသည်။ အပူက လျော့ကျခြင်းမရှိ တရိပ်ရိပ် တက်လို့ လာနေသည်။
ထူးဆန်းသည့်အဖြစ်ကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့သည့် ယွင်ချီကို ကြည့်ပြီး ရှောင်ယွင် အသက်ပြင်း ရှိုက်လိုက်သည်။ ခေါင်းကို ငုံ့ပြီးတော့ လက်ထဲက ငါးကင်ကို ကြည့်လိုက်သည်။ ခဏအကြာ တိတ်နေပြီးမှာ အတွေးတစ်ခု ဝင်လာ၍ ခြောက်ကပ်နေသည့်အသံဖြင့် သူမကို မေးလိုက်သည်။
“ ဒီငါးကင်မှာ တစ်ခုခု ထည့်မိသေးလား.. အဲဒါကို ထုတ်ပြပါဦး.. ”
ရှောင်ယွင်ပြောလိုက်သည့်အခါမှ ပြဿနာအရင်းမြစ်သည် ငါးကင်ကြောင့်ဆိုတာကို ယွင်ချီ သတိထားမိသွားသည်။ ချက်ချင်းပဲ သူမသည် ကျောက်စားပွဲမှ ကျောက်စိမ်းပုလင်းငယ်ကို ကမန်းကတန်း အပြေးယူပြီး ရှောင်ယွင်ကို ပေးလိုက်သည်။
ရှောင်ယွင်လည်း ခပ်မြန်မြန်ပဲ လှမ်းယူလိုက်ပြီး ပုလင်းအထဲက ဆေးအမှုန့်ကို ကြည့်ရှုလိုက်သည်။ ပုလင်းထဲက ဆေးမှုန့်ကို မြည်စမ်းကြည့်သည့်အခါမှာတော့ ရှောင်ယွင် မျက်ဝန်းက ရုတ်တရက် လှုပ်ခါသွားခဲ့သည်။ မျက်နှာအမူအရာကလည်း ရောင်စုံ ပြောင်းလဲသွားခဲ့သည်။
“ အဲဒါကဘာလဲ..? ဟင်းခတ်အမှုန့်က ဘာပြဿနာရှိနေလို့လဲ.. ? ”
ရှောင်ယွင် ဖြစ်ပျက်သွားပုံကို မြင်သည့်အခါ ယွင်ချီလည်း မနေနိုင်ဘဲ မေးမြန်းလေတော့သည်။
“ ဒီဟာက ငါးကင်ရင် သုံးတဲ့ ဟင်းခတ်မှုန့်လို့ ဘယ်သူပြောထားလို့လဲ.. ”
ရှောင်ယွင်မှာ ပြောနေရင်း ငိုချင်သလိုလိုပင် ဖြစ်လာခဲ့သည်။ ဒါပေမဲ့ မျက်ရည်တော့ မထွက်ကျလာခဲ့ပေ။
“ ရှင် ငါးကင်ရင် အမြဲသုံးနေတာ ဟင်းခတ်အမှုန့်နဲ့ အတူတူပဲလေ.. ”
ဒီအချိန်မှာ ယွင်ချီသည် သူမ နောက်တစ်ကြိမ် မွှေလိုက်ခဲ့ပြီးမှန်း သဘောပေါက်သွားခဲ့သည်။ ယခု သူမပြောလိုက်သည့် လေသံမှာ အနည်းငယ် တိုးဖျော့လို့ သွားသည်။
ရှောင်ယွင် အသက်ပြင်းရှည်ချလိုက်သည်။ သူ့ဝမ်းဗိုက်အောက်သားကနေ အပူများ တဖြည်းဖြည်း တိုးပွားလာနေသည်ကို ခံစားနေရသည်။ ချက်ချင်းပဲ ဗိုက်သားကို ရှုံ့ထားပြီးတော့ ဒိုချီစွမ်းအင်နှင့် အစွမ်းရှိသမျှအကုန်သုံးကာ အပူကို ဖိနှိပ်လိုက်ပြီး ဆက်လက် မပျံ့နှံ့သွားအောင် လုပ်လိုက်သည်။
“ ဒါဆို ဒီအမှုန့်က ဘာလဲ.. ”
ယွင်ချီလည်း တဖြည်းဖြည်း ပူလောင်လာခဲ့သည်။ သူမ၏ အင်္ကျီကိုပင် ချွတ်ချင်စိတ် ပေါက်လာခဲ့သည်။ သို့သော် သူမသည် ဒိုဝှမ်းအဆင့်ရှင်တစ်ယောက် ဖြစ်သည်။ သူမ၏ စွမ်းအားကို အချုပ်အနှောင်ထားခြင်းခံရသည် ဖြစ်နေသော်လည်း စိတ်ခွန်အားက သန်မာသည်ဖြစ်၍ အပူကို ဖိနှိပ်လျစ်လျူရှုထားနိုင်ပြီး ရှောင်ယွင်ကို ကမန်းကတန်း မေးလိုက်သည်။
“ အဲဒါ.. အဲဒါက .. ငါ မတော်တဆ ဖော်စပ်မိလိုက်တဲ့ဆေး.. ကာမစိတ်ကြွဆေး.. ”
ရှောင်ယွင်က မျက်နှာ နီရဲစွာဖြင့် ပြန်ဖြေလိုက်သည်။
“ ဘာ..ဘာ… ကာမစိတ်ကြွဆေး..ဟုတ်လား.. ”
အဖြေကို ကြားလိုက်ရသည့်အခါတွင် ယွင်ချီမှာ ကြက်သေသေသွားခဲ့သည်။ သူမ၏ မျက်နှာမှာ ချက်ချင်း နီရဲတွက်လာပြီး ခြေကိုဆောင့်၍ ရှောင်ယွင်ကို အော်ငေါက်လိုက်သည်။
“ ဟမ်း.. အသက်ငယ်ရွယ်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် မလေ့လာဘဲ ဒီလိုဟာတွေကို ဖော်စပ်တယ်ပေါ့လေ..။ ဘယ်လိုတောင် အသုံးမကျတဲ့ ဆရာက မင်းကို သင်ကြားပေးနေသလဲဆိုတာကို ငါ တကယ်မတွေးတတ်တော့ဘူး.. ”
ယွင်ချီ၏ ရှက်ရွံ့မှုနှင့် ယှဉ်တွဲဖြစ်ပေါ်လာသည့် ဒေါသကြောင့် ရှောင်ယွင် မှားသွားသလို ခံစားလိုက်ရသည်။
“ အစ်မရယ်.. ကျနော်က အဲဒီနေရာမှပဲ ထားထားတာ.. အဲဒါကို ဟင်းခတ်အမှုန့်ပါလို့ မပြောထားဘူးလေ.. ”
“ အခု ငါတို့ ဘာလုပ်ကြမလဲ.. ”
ယွင်ချီမှာ လုံးဝ အကူအညီမဲ့လို့ နေသည်။ နီလာခရမ်းတောင်ပံခြင်္သေံကြီးနှင့် တိုက်ခိုက်စဉ်က ပြသခဲ့သည့် စွမ်းအားတွေ ထုတ်သုံးလို့ မရတော့ကြောင့် ဖြစ်သည်။
“ ဒိုချီစွမ်းအင်ကို သုံးပြီး ဖိနှိပ်လိုက်.. ။ ဒီဆေးက လက်တည့်စမ်းပြီး ဖော်စပ်ထားတာ..။ ဆေးအစွမ်းက သိပ်ပြင်းမှာ မဟုတ်ဘူး.. ။ ဒီတော့ ဖိနှိပ်လိုက်တာနဲ့ အဆင်ပြေသွားမှာပါ.. ”
ရှောင်ယွင်လည်း ပြောလိုက်ပြီးသည်နှင့် မျက်လုံးကို မြန်မြန်မှိတ်လိုက်ပြီး ကိုယ်ထဲက ဒိုချီစွမ်းအင်ကို စတင်လှည့်ပတ်လိုက်သည်။ ပြီးလျှင် စိတ်ဆန္ဒတွေကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။
ရှောင်ယွင် မျက်လုံးမှိတ်လိုက်သည်ကို မြင်လျှင် ယွမ်ချီလည် သူမ၏ ဒိုချီစွမ်းအင်ကို အသုံးပြုပြီး အပူကို ဖိနှိပ်ဖို့ လုပ်လိုက်သည်။ သို့သော် သူမ၏ ဒိုချီစွမ်းအင်ကို လှည့်လို့ လုပ်လိုက်ရာမှ သူမ၏ ဒိုချီစွမ်းအင်ကို နီလာခရမ်းတောင်ပံခြင်္သေ့ကြီးမှ ချုပ်နှောင်ထားခြင်း ပြုထားသည်ကို သတိရသွားသည်။ ဒါဆို သူမ၏ စိတ်ဆန္ဒကို ဘာနှင့် ဖိနှိပ်ထားရမလဲ??
ထိုစဉ် သူမ၏ ရင်ထဲက ဆန္ဒမီးတောက်တွေ ကြီးထွားလို့လာသည်။ ယွင်ချီ၏ တောက်ပသည့် မျက်ဝန်းများသည် တဖြည်းဖြည်း ရီဝေလာနေသည်။ ဆန္ဒမီးတောက်တွေကြောင့် သူမ၏ စဉ်းစားနိုင်စွမ်းတို့ကလည်း တဖြည်းဖြည်း အပြင်ဘက်ရောက်လို့လာသည်။
“ မင်းပဲ တဖြည်းဖြည်း ဖိနှိပ်လိုက်တော့.. ။ ငါတော့ ဒီမှာ ဆက်နေလို့ မရတော့ဘူး…။ ငါ အပြင်ထွက်မှာ ရတော့မယ်.. ”
ဂူအထဲသို့ လေပြင်းတစ်ချက် တိုက်ခတ်သွားရာ ယွင်ချီမှာ အနည်းငယ်တော့ သက်သာရာ ရသလို ဖြစ်သွားသည်။ ချက်ချင်းပဲ သူမသည် သူမ၏ ဖြူနုနုသွားဖြူကို ကိုက်ဖိကာ ဂူအပြင်ဘက်သို့ ပြေးသွားလေသည်။
ရှောင်ယွင်လည်း ဆန္ဒမီးတောက်တွေကို ဖိနှိပ်နေရာမှ သူမ၏ စကားကို ကြားလိုက်သည့်အခါတွင် အကြီးအကျယ် ထိတ်လန့်သွားသည်။ သူမကို အပြင်ပေးထွက်ခွင့်ပြုလိုက်လျှင် ပိုဆိုးလာချေလိမ့်မည်။ မှော်သားရဲကောင်တို့က ဤဂူဆီကို ရောက်လာကြမည်ဖြစ်ကာ ဂူအပေါက်ဝကို ပိတ်ဆို့ထားကြလိမ့်မည်။
ထို့ကြောင့် ရှောင်ယွင် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ထိုင်နေရာမှ ခုန်ထလိုက်ကာ ယွင်ချီကို အနောက်ကနေ သိုင်းဖက်လိုက်သည်။
ရှောင်ယွင်လက်က သူမ၏ ခါးကို ပွေ့ဖက်လိုက်သည့်အခါတွင် ယွင်ချီသည် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူမသည် ချက်ချင်း အနောက်လှည့်ပြီး ရှောင်ယွင် မျက်နှာကို လွှဲပြီး ပါးရိုက်လိုက်လေသည်။ ( ဗြန်းးး သနားစရာ.. ငိငိ ) သူမသည် အားနည်းနေသည့်အခိုက် ဖြစ်နေ၍ ရှောင်ယွင်ကို ရိုက်လိုက်သည့် လက်ဝါးပြင်တွင် အားတော့ မပါချေ။ ချစ်သူတစ်ဦးကို နှိပ်နယ်ပေးသလိုပင် တူနေတော့သည်။ ( တော်ပါသေးရဲ့.. )
“ အစ်မ.. ဒီလို သတိလက်လွတ် ပြေးသွားရင် ဘာဖြစ်မလဲ သိလား..။ တချို့မှော်သားရဲကောင်တွေက လူသားမိန်းမဆို အရမ်းစိတ်ဝင်စားတယ်ဆိုတာ သိတယ်မလား..။ ဥပမာ.. လူဝံကြီးတွေလေ.. ”
လူဝံကြီးဆိုသည့် နာမည်ကို ကြားလိုက်သည့်အခါတွင် ယွင်ချီ၏ မျက်နှာသည် ဖြူဖျော့သွားလေသည်။ ဆိုးဝါးသည့်နာမည်နှင့် ကျော်ကြားခဲ့သည့် မသတီစရာ သားရဲကောင်ကို သူမလည်း ကြားဖူးသည်မဟုတ်လား။ ဒီလို ညစ်ညမ်းဆိုးသွမ်းသည့် အကောင်က သူမကို ဖမ်းဆီးသွားနိုင်သည်ကို တွေးမိတဲ့အခါ သူမသည် ဖျားချင်သလိုလိုပင် ဖြစ်သွားရသည်။
ဂူအပြင်ဘက် ထွက်သွားလို့လည်း မရ၊ ဂူအထဲမှာ နေလို့မဖြစ် ယွင်ချီမှာ စိုးရိမ်စိတ်ဖြင့် ရူးမတတ် ဖြစ်နေတော့သည်။ သူမ၏ နှုတ်ခမ်းဖူးဖူးသည် ရုတ်တရက် ကျယ်ကျယ်ဟလိုက်ကာ ရှောင်ယွင်၏ ပခုံးသားကို ဖိကိုက်လိုက်သည်။ သို့သော် ယောင်္ကျားပျိုတစ်ယောက်၏ ကိုယ်သင်းရနှံ့ကို အနီးကပ် ရသွားသည့်အခါတွင် သူမ၏ ကိုယ်ထဲက အပူများ ပို၍ ဆိုးဆိုးလာတော့သည်။ မီးတောက်ပြင်းထဲကို ထင်းမီးချောင်းပစ်ထည့်လိုက်သလိုပင်။ ရှောင်ယွင်ပခုံးကို ကိုက်ထားသည့် သူမ၏ နှုတ်ခမ်းလွှာသည် ပြန်ပြုတ်ထွက်သွားသည်။ တဖန် သေးငယ်သည့် လျှာသည် တိုးတိတ်စွာ ထွက်လာကာ သွားကိုက်ရာကို အသာအယာ လျက်လို့ နေပြန်သည်။
အေးစက်စိုစွက်သည့် ခံစားချက်ကြောင့် ရှောင်ယွင်မှာ တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ ဖိနှိပ်ထားသည့် ဆန္ဒမီးတောက်က ရုတ်တရက် ပေါက်ကွဲထွက်လာပါတော့သည်။ သူ့လက်မောင်းက အားစိုက်၍ သေးငယ်သည့် ခါးသွယ်သွယ်ကို ပိုပိုပြီး တင်းကြပ်စွာ ဖမ်းဆွဲထားပါတော့သည်။
ထိုသို့ ယစ်မူးနေသည့်အချိန်တွင် ရှောင်ယွင် ခေါင်းကို ငုံ့လိုက်ရာ သူ့ နှုတ်ခမ်းသားထက်တွင် နူးညံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ ရှောင်ယွင်လည်း နှုတ်ခမ်းကို ဖွင့်ဟ၍ ထားလိုက်ကာ စိုစွတ်သည့် လျှာငယ်လေးတစ်ခုက ထူးခြားဆန်းပြားစွာ တိုးဝင်လို့ လာခဲ့သည်။
လျှာနှစ်ခုက မမျှော်လင့်ဘဲ ပူးနွယ်လိမ်ယှက်သွားလေသည်။ ရှောင်ယွင်မျက်လုံးများ ချက်ချင်း ပြုးကျယ်သွားလေသည်။ သူ့တစ်ကိုယ်လုံးလည်း တောင့်တင်းသွားလေသည်။ မိုးကြိုးပစ်ချလိုက်သလိုနှယ် ခံစားလိုက်ရသည်။ ထိုအခိုက်တွင် သူစိတ်ထဲမှာ အတွေးတစ်ခုက ပွင့်ထွက်လို့ လာခဲ့သည်။
“ ငါတော့ ငါ့ရဲ့ ပထမအနမ်းကို ဆုံးရှုံးလိုက်ရပြီး ”
No comments:
Post a Comment