Followers

Chapter 100

အပိုင်း ( ၁၀၀ ) - လူတစ်ယောက်၏ အလားလာအား အတန်းခွဲခြင်း 

ကောင်းကင်ဘုံသို့် စစ်ပြိုင်ခြင်း
Battle Through The Heavens

မထင်မှတ်ဘဲ ထွက်ပေါ်လာသော အမျိုးသမီးအသံမှာ ညင်သာပြီး လွမ်းဆွတ်စေနိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ထိုကဲ့သို့ ကြင်နာသိမ်မွေ့သည့် စကားအောက်မှာ ရှောင်ယွင်သည် စိတ်ခွန်းအားကောင်းပေမဲ့ အနည်းငယ်တော့ သတိပျံ့လွင့်သွားသည်။ ထို့နောက်တွင်တော့ အသံလာရာဘက်ကို လှည့်ပြီး တဲဘက်ကို ကြည့်လိုက်ကြသည်။ 
ရွက်ဖျင်တဲ၏ အရိပ်အောက်တွင် အမျိုးသမီးတစ်ယောက်ဟာ အစိမ်းရောင်အဝတ်နှင့် ပြုံးရယ်ပြီးတော့ လှပစွာ မတ်တတ်ရပ်နေသည်။ သူမ၏ မျက်နှာက အပြုံးသည် နွေးထွေးသည်။ သူမသည် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ညင်သာသိမ်မွေ့သော သူမ၏ အကြည့်က စီးဆင်းနေသောရေယဉ်ကဲ့သို့ လူတိုင်းအား သူမ၏ ရွှန်းလဲ့တောက်ပသော ညင်သာသိမ်မွေ့မှုနှင့် ယစ်မူးစေသည်။ 
ထိုအမျိုးသမီးသည် ရှောင်ယုနှင့် အခြားသောသူတွေထက် အသက်ကြီးသည်။ လှပသိမ်မွေ့သည့် ကိုယ်နေဟန်ထားနှင့် ဆွဲဆောင်မှုအားကောင်းသော ရင့်ကျက်မှုက နှစ်များစွာ ထုဆန်ပုံဖော်ခဲ့ဟန်ရှိသည်။ ဒီလို သဘာဝကျကျ သာယာ ကြည်နူးဖွယ်ကောင်းသော ချစ်စရာကောင်းခြင်းက ရင့်ကျတ်နေပြီးဖြစ်သော ရှောင်ယုနှင့် တခြားမိန်းကလေးတွေထက် အပုံကြီးသာလေသည်။ 
ရှောင်ယွင်သည် ထိုအမျိုးသမီးအား သေသေချာချာ ကြည့်ရှုလိုက်ပြန်သည်။ သူမ၏ အလှအပက ရှင်းအာနှင့် ရှောင်ယုတို့ထက် အနည်းငယ်လျော့ကျနေပေမဲ့ သူမ၏ ထူးကဲသော ကြင်နာသိမ်မွေ့မှုက ရှောင်ယွင်ကိုပင် မှင်တက်မိစေသည်။ 
တဖက်တွင်ရှိနေသော ထိုအမျိုးသမီးသည် ရေလို ငြိမ့်ညောင်းသည် ညင်သာသိမ်မွေ့မှုတွင် စံနမူနာ ထားရလောသည်။
ထိုအမျိုးသမီး ထွက်ပေါ်လာသည်နှင့်  ရွက်ဖျင်တဲအနား တွင် ရှိနေကြသော ကျောင်းသားတွေက တဖြည်းဖြည်း စိတ်လှုပ်ရှားလာကြသည်ကို ရှောင်ယွင် ချက်ချင်း သတိထားမိလိုက်ည်။ သူမအား ကြည့်နေကြသည့် သူတို့ အကြည့်တွေမှာ မှန်းရခက်သော ခံစားချက်တွေလည်း ပါဝင်နေသည်။
“ ဆရာမ ရိုလင်.. ဟားဟား.. ဆရာမကို အရမ်းသတိရနေတာ ”

ညင်သာသိမ်မွေ့သော အမျိုးသမီးက ရွက်ဖျင်တဲအနားတွင် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ ရှောင်ယုသည် ချက်ချင်း ပင် အံ့သြစွာဖြင့် အော်ပြီး နှုတ်ဆက်လေသည်။ အရှေ့ကိုလည်း ခုန်ပေါက်ပြီး ပြုံးရယ်ကာဖြင့် ပိန်သည်လည်း မဟုတ်.. ဝသည်ဟုလည်း မဆိုသာသော ဆရာမရိုလင်း၏ ခါးကို တင်းကြပ်စွာဖြင့် ဖက်ထားလိုက်တော့သည်။ 

“ ဟီဟီ.. ယုအာာ.. အိမ်ပြန်ရတာ ပျော်ရဲ့လား.. ”

ဆရာမရိုလင်းလည်း ပြုံးရွှင်စွာဖြင့် ရှောင်ယုအား ပွေ့ဖက်ထား ပြီး မေးလိုက်သည်။ 

“မဆိုးပါဘူး.. ”

ရှောင်ယုက နောက်တီးနောက်တောက်ဖြင့် ပြုံးလိုက်ပြီး ဆရာမ ရိုလင်း၏ နားကို ခပ်ဖွဖွလေး ကိုက်လိုက်ရင်း တိုးတိုးလေး စနောက်လိုက်သည်။ 

“ ဆရာမလည်း ပိုပြီး ညင်သာသိမ်မွေ့လာတယ်.. ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်..အနဂတ်မှာ ယောင်္ကျားအားလုံး ဆရာမရဲ့ သိမ်မွေ့မှုအောက်မှာ ကျရှုံးသွားကြလိမ့်မယ်.. ”

ဆရာမရိုလင်း၏ မျက်နှာတွင် အနည်းငယ် အနီရောင် အရိပ်အသန်းလေး ဖြစ်သွားပြီး ကယ်ရာကင်းမဲ့သွားဟန် ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ရှောင်ယုနှင့် တီးတိုးစကား ဆိုကြရင်း သူမခေါင်းကို ဖွဖွလေးပုတ်ကာဖြင့် ရှောင်ယွင်တို့ကို လှည့်ကြည့်လိုက်သည်။ သူမ၏ ညင်သာသောစကားဖြင့် မေးလိုက်သည်။ 

“ ဒီလူအားလုံးကို မင်းခေါ်လာတာလား..ကြည့်ရတာ တော်တော်လေး တော်ကြတဲ့ပုံပဲ.. ”

“ ဟဟ.. ဒါပေါ့.. ”

ရှောင်ယုက ဂုဏ်ယူစွာ ရင်ဘက်ကို ကော့ထားလိုက်သည်။ ထို့နောက် လိုဘူ ကို ကြည့်လိုက်ပြီး တိုင်ချက်ဖွင့်လေသည်။ 

“ အဲဒီလူက ပိုပိုပြီး ဘဝင်မြင့်လာတယ်.. ”

“ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စရမယ်လို့ ဘယ်သူပြောလဲ.. နင့်အပေါ် သူရဲ့ ခံစားချက်ကို သိသင့်တယ်.. သူ့အရှေ့မှာ တခြားလူတစ်ယောက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ပြနေမှတော့ သူက ခက်ခဲအောင် မလုပ်တာကမှ ထူးဆန်းနေသေးတယ်.. ”

ဆရာရိုလင်းက မတတ်သာစွာ ပြောလေသည်။

“ အဲဒါကြောင့်ပဲ သူ့ကို ပိုပိုပြီး သဘောမကျလာတာ.. ”

ရှောင်ယု နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ 
ရိုလင်းက ခေါင်းကို ခါယမ်းပြီး ရှောင်ယုကို ဖက်ထားတာ ပြန်လွှတ်ပေးလိုက်သည်။ သူမသည် အရှေ့ကို လျှောက်သွားပြီး နေပူအောက်တွင် ထိုင်နေသာ ကျောင်းသားသစ်တို့ဆီကို သွားပြီး ပြောလိုက်သည်။၏

“ ကဲ ကျောင်းသားတို့ အထဲဝင်လာခဲ့ကြ.. ”

ရိုလင်းက ပြောလိုက်သည်ကို ကြားလိုက်သောအခါ နေပူထဲတွင် ဒုက္ခခံနေရသော ကျောင်းသားတို့သည် ချက်ချင်းပဲ ပျော်ရွှင်သွား ကြသည်။ လျင်မြန်စွာဖြင့် ထလာကာ ရွက်ဖျင်တဲအရိပ်အောက် သို့ ပြေးဝင်လာခဲ့ကြသည်။ 

ပြောရမည်ဆိုလျှင် ကျောင်းသားသစ်များအား အပိုးကျိုးအောင် လုပ်သည့်ပုံစံက အနည်းငယ်တော့ အညှာတာမဲ့သည် ဆိုသော် လည်း အကျိုးသက်ရောက်မှု ရှိလှသည်။ ယခု တဲအတွင်း ဝင်လာကြသော ကျောင်းသားသစ်တို့သည် ရောက်ခါစကထက် ထောင်လွှားမောက်မာမှုတွေ ပျောက်ကွယ်နေပြီး ဖြစ်သည်။ သူတို့အားလုံးသည် ရွက်ဖျင်တဲအတွင်းဝင်လာကြသလို မျက်လုံးကလည်း တဲအတွင်း အဆက်မပြတ် အကဲခတ်ကြည့် ကြသည် 

အားလုံးကို ညင်သာသိမ်မွေ့မှုဖြင့် ပြုံးကာ ကြည့်ရင်း ဆရာမရိုလင်း၏ အကြည့်က ရှောင်ယွင်မျက်နှာထံ ရောက်သွား ခဲ့သည်။ သူမက ပြုံးလိုက်ပြီး ရှောင်ယွင်ကို စကားပြောလိုက် သည်။ 

“ လိုဘူမှာ မကောင်းတဲ့စိတ်ထားမရှိပါဘူး.. ပြီးတော့ သူက ဒေါသထွက်နေလို့် သူ့အပြုအမူက ရိုင်းသွားခဲ့တာပါ.. သူ့ကို အပြစ်မတင်လိုက်ပါနဲ့.. ”

“ ဟဟ.. ဆရာမရိုလင်းကနောက်နေတာပဲ ဖြစ်ရမယ်.. ကျွန်တော်က လူကောင်းတစ်ယောက်ပါ.. ဘာလို့ စီနီယာ အကိုလိုဘူ ကို အပြစ်တင်ရမှာလဲ.. ”

ရှောင်ယွင်က ခေါင်းကို ကုတ်ပြီး အရှက်ပြေ ပြောလိုက်သည်။ 

ရှောင်ယွင်စကားအား ကြားလိုက်သည့်အခါ ရွက်ဖျင်တဲအတွင်း မှာ ရှိကြသော လူအားလုံးသည် မျက်စိလည်ကုန်ကြသည်။ သူတို့စိတ်ထဲမှာလည်း ရယ်မောကြကုန်သည်။ စီနီယာ တစ်ယောက်ကို အညှာတာမဲ့ ကန်ထုတ်လိုက်ပြီးမှ ဒီလို စကားပြောတယ်ဆိုတော့ နည်းနည်းလေးတော့ ရယ်ဖို့ ကောင်းလှသည်။ 

သူမအရှေ့တွင် ပြုံးကာနေသော လူငယ်လေးကို စိုက်ကြည့်ရင်း ဆရာမရိုလင်းသည် သူမ၏ မျက်တောင်ရှည်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ နှစ်ပေါင်းများစွာ ဆရာမ လုပ်ခဲ့ခြင်းကြောင့် ဒီကျောင်းသားသည် သူမကို အကြီးအကျယ်ခေါင်းကိုက်စေမည် ကို သူမစိတ်ထဲ အလိုလို ဖြစ်ပေါ်လာသည်။ 

ထိုအတွေးအား မောင်းထုတ်လိုက်ပြီးနောက် ဆရာမရိုလင်း သည် ခေါင်းကို ခါယမ်းလိုက်ပြီး ကျောင်းသားနှစ်ယောက်အား မေ့မျော့နေသော ကီလားကို သယ်လာခိုင်းလိုက်သည်။ ထို့နောက် ကီလာ၏ ဒဏ်ရာကို ငုံ့ကြည့်ပြီး စစ်ဆေးကြည့်လိုက် သည်။ ချက်ချင်းပင် အပြစ်ကင်းသည့် ပုံစံဖြင့်နေနေသော ရှောင်ယွင်အား အပြစ်တင်လိုဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး  ကြည့်လိုက်သည်။ 

သူမဆီမှ အားအပြည့်ပါသော အကြည့်ကြောင့် ရှောင်ယွင်သည် သူ့အတွင်စိတ်ထဲမှာ တုန်ခါလာသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်သည် မဲ့ရွဲ့သွားပေမဲ့ အသိစိတ်အာရုံကိုတော့ လက်မလွှတ်ခဲ့ချေ။ 

မျက်မှောင်ကြုတ်ပြီး ခဏအကြာ စဉ်းစားလိုက်ပြီးနောက် ဆရာမရိုလင်းသည် သူမ၏ သန့်ရှင်းသော လက်ဖြင့် ကီလာ၏ လက်ကို တခြားသော ကျောင်းသားတွေ၏ မနာလိုသော အကြည့်အောက်မှာပဲ ညင်သာစွာ ထိတွေ့လိုက်သည်။ အပြာဖျော့ဖျော့ စိုစွတ်သော စွမ်းအင်တစ်ရပ်က သူမလက်ပုံစံအတိုင်း ကီလား၏ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး နောက် ကီလား၏ ခန္ဓာကိုယ်အတွင်းမှာ လှုပ်ခါနေသော ဒိုချီစွမ်းအင်တို့အား တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည့် အပြင် ရှောင်ယွင်ကြောင့် ရခဲ့သော ဒဏ်ရာကိုပါ အနာကျတ်စေ ခဲ့သည်။ 

ဒိုချီစွမ်းအင် အမျိုးအစားကွဲပြားသည့်အနက် ရေအမျိုးအစား ဒိုချီစွမ်းအင်သည် အညင်သာဆုံးစွမ်းအင်ဖြစ်သည်။ အနာကျတ်ဆေးမရှိခဲ့လျှင် ရေအမျိုးအစား ဒိုချီစွမ်းအင်သည် ဒဏ်ရာကို ကုသပေးဖို့ အသင့်တော်ဆုံးဖြစ်သည်။  ထို့ကြောင့် ရေအမျိုးအစား ဒိုချီကျင့်ကြံသူတွေဟာ ပုံမှန်အားဖြင့် သွားလာနိုင်သောအနာကျတ်ဆေး ဟုပြောကြသည်။ ကြေးစား အမဲလိုက်သည်အုပ်စုတွင်လည်း ရေဓာတ်အထူးပြုသည့်သိုင်းကို တစ်ယောက်ယောက်က တတ်ကျွမ်းထားရသည်။ တကယ်၍ အဖွဲ့ဝင်တွေက ဒဏ်ရာများစွာရရှိလာခဲ့လျှင် ရေဓာတ် ဒါမှမဟုတ် သစ်သားဓာတ် ဒိုချီစွမ်းအင်တွေကသာ အဖွဲ့ဝင်တွေ ကို ပြန်လည်ကုစားပေးနိုင်ပေးဖို့ ကူညီနိုင်မှာ ဖြစ်သည်။  

ဆရာမရိုလင်း၏ ဒိုချီစွမ်းအင်ကြောင့် မေ့မျောနေသာ ကီလား သည် ညည်းတွားရင်း နိုးလာခဲ့သည်။ မျက်လုံးကို ဖွင့်လိုက် သည့်အခါ ဘေးနားတွင် ရှိနေသော ဆရာမရိုလင်း ကို မြင်သည့် အခါ သူ့မျက်ဝန်းတွင် လေးစားခြင်းနှင့် ယစ်မူးခြင်းများ ပြည့်နှက်သွားသည်။ ချက်ချင်းပဲ ရှက်ရွံ့စွာဖြင့် ထထိုင်လိုက်၏ တဖန် သူ့အကြည့်က ရှောင်ယွင်ကို မြင်သည့်အခါ ကြောက်လန့် တကြားဖြင့် မျက်လုံးကို ဖုံးကွယ်လိုက်သည်။ 
“ အဆင်ပြေရဲ့လား.. ”
ရိုလင်းက ကြင်နာစွာ မေးလိုက်သည်။ 

“ ကျေးဇူးတင်ပါတယ်..ဆရာမ.. ”

ကီလားက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ 

“ မင်းသက်သာတော့ ကောင်းတာပေါ့ကွယ်.. ”

ထို့နောက် ဆရာမရိုလင်းသည် အနောက်လှည့်ပြီး ခေါင်းဆောင် ထိုင်ခုံတွင် သိမ်မွေ့စွာ ထိုင်လိုက်သည်။ အပြည့်အဝ ပြုံးလိုက် ကာ ရွက်ဖျင်တဲတွင် စုဝေးနေသော ကျောင်းသားအသစ်တွေ အား ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဖြူနုသော လက်ကို တစ်ချက်လှုပ်လိုက်ပြီး လက်ချောင်း ပေါ်က လက်စွပ်ကို တို့ထိလိုက်သည်။ ထိုအခါ ဆိတ်သားရေဖြင့် လုပ်ထားသော စာလိပ်တစ်လိပ်နှင့် မင်တံတစ်ချောင်းက သူမလက်ပေါ်တွင် ရောက်ရှိလာသည်။ 

မျက်လွှာကို ပင့်ပြီး ဆရာမရိုလင်းသည် ကျောင်းသားအသစ် တို့ကို ပြုံးပြလိုက်ပြီး

“ ကျောင်းသားတို့.. စမ်းသပ်ခြင်းကို အောင်မြင်သွားခဲ့အတွက် ဂုဏ်ယူပါတယ်.. အခု မင်းတို့က ဂျားနန်အကယ်ဒမီကျောင်းကို တက်လို့ ရပြီးလို့ သတ်မှတ်လို့ရပါပြီး.. ပြီတော့ ကျောင်းသား တွေရဲ့အလားလာနဲ့ ပတ်သတ်ပြီးတော့ ကျောင်းသားတွေကို အတန်းခွဲဖို့ လိုတယ်.. ဒီတော့ မင်းတို့ရဲ့ အခု တကယ် ရောက်ရှိနေတဲ့ အဆင့်တွေကို ငါသိဖို့လိုတယ်.. ”

“ ဒိုချီ အဆင့် ၈ တွေက အခန်း F ကို သွားရမယ်.. ဒါက ဂျားနန်အကယ်ဒမီကျောင်းက အနိမ့်ဆုံး သတ်မှတ်ထားချက်ပဲ.”

“ ဒိုချီ အဆင့်၉ က အခန်း E ကို သွားရမယ်.. ”

“ ဒိုကျဲ ကြယ်တစ်လုံး.. အခန်း D ..  ကြယ်နှစ်လုံးတို့က အခန်း C  အဲဒီအတိုင်းပဲ.ဆက်သွားမယ်.. အမြင့်ဆုံးအခန်းကတော့ S အခန်းပဲ.. အဲ့မှာ ဒိုကျဲအဆင့် ကြယ်ငါးလုံးနဲ့အထက်တွေ သွားရမယ်.. ပြီးတော့ အသက်နှစ်ဆယ်အောက်လည်း ကန့်သတ်ထားတယ်.. ”

“ ဟီဟီ.. ပြီးတော့ ဆယ်စုနှစ်တစ်စုတော့ ကြာခဲ့ပြီး S အခန်းတက်ဖို့ အရည်အချင်းပြည့်မှီတဲ့သူတစ်ယောက်ပဲ မြင်ဖူး သေးတယ်..အခုတော့ အဲ့ဒီ စုန်းမလေးက အကယ်ဒမီကျောင်း မှာ တော်တော်လေး မယုံနိုင်စရာကောင်းနေပြီး..”

ပါးစပ်လေးကို ဖုံးကွယ်ကာဖြင့် ရယ်မောပြောလိုက်သော ရိုလင်း သည် သူမ၏ ကော့ညွတ်ရှည်လျားသော မျက်တောင်အား တဖျတ်ဖျတ် ခတ်လိုက်ပြန်သည်။ 

“ S အခန်းထဲ ဝင်နိုင်တဲ့ စုန်းမလေးလို ကျောင်းသားမျိုး တွေ့ရမယ်လို့ မမျှော်လင့်ထားပါဘူး.. ဒါပေမဲ့ B အခန်း C အခန်းလောက် ဝင်နိုင်တဲ့ ကျောင်းသားတွေ ရရင်တော့ ငါ ကျေနပ်မှာပါ.. ”

ထိုစကားကို ပြောနေသည့်အချိန်တွင် ရိုလင်းသည် ရှောင်ယွင်နှင့် ရှင်းအာကို မသိမသာ ကြည့်လိုက်သည်။ သူမ၏ အမြင်အာရုံအရ ရွက်ဖျင်တဲတစ်ခုလုံးတွင် သူတို့နှစ်ယောက်က သာ သူမကို ပြောရခက်သော ခံစားချက်မျိုး ခံစားရစေသည်။ သူမခန့်မှန်းချက်အရ သူတို့နှစ်ယောက်၏ အဆင့်သည် အခန်း C ထက် နိမ့်ကျမည် မဟုတ်ဟု သူမ ယုံကြည်မိသည်။ 

သူမတစ်ယောက်သည်သာ ခန့်မှန်းခဲ့သူမဟုတ်ပေ။ ရွက်ဖျင်တဲ ထဲက လူအားလုံးလည်း ရှောင်ယွင်၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရ သည့်မို့ သူတို့သည်လည်း ဤအတိုင်းပင် ခန့်မှန်းကြသည်။ ထူးခြားသော လူငယ်တစ်ယောက်က ဘယ်အခန်းထဲဝင်မှာလဲ ကို သူတို့လည်း စိတ်ဝင်စားကြသည်။ 

“ ကဲ.. စလိုက်ရအောင်.. ဘယ်ဘက်ခြမ်းကနေ စလိုက်ရအောင်
နာမည်ရယ်.. ဒိုချီအဆင့်ရယ်.. အသက်ကိုပါ ပြောသွားကြ.. ”

ရိုလင်းက မင်တံကို ကိုင်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

စာရင်းသွင်းခြင်း စတင်တော့မည်ကို မြင်သည့်အခါ ရှောင်ယုနှင့် တခြားသူတွေက စိတ်ဝင်စားလာကြကာ ထောင်နေရာတွင် ထိုင်ကြည့်နေလိုက်သည်။ 

“ ဟေ့.. ယုအာ.. နင့်ကလန်က ရှောင်ယွင် ဘယ်အခန်းကို ဝင်မှာလဲ.. ”

လှပသည့် ကျောင်းသူတွေက ရှောင်ယုအနားတိုးပြီး စပ်စုကြ လေသည်။ 

ရှောင်ယုလည်း မျက်မှောင်ကြုတ်ပြီး ခဏအကြာထိ တိတ်ဆိတ်သွားသည်။ ရှောင်ယွင်က သူ့ရဲ့ ဒိုချီအဆင့်အား စမ်းသပ်တာကို သူမ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူမလည်း အရမ်းကာရော မပြောရဲချေ။ သို့မဟုတ်လျှင် သူမ၏ အမှား ကြောင့် ရှောင်ယွင် အရှက်ရသွားမည်။ ရှောင်ယုသည် ထူးထူးခြားခြား ရှောင်ယွင်အကြောင်းအတွက်ပင် တွေးပေးနေ သည်။ အရင်တုန်းကဆိုလျှင် ရှောင်ယွင် အရှက်ကွဲလေ သူမက ပိုပြီး ပျော်ရွှင်လေ ဖြစ်သည်။ 

အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရှောင်ယုလည်း မတင်မကျဖြင့် အဖြေပေးလိုက်သည်။ 

“ ငါထင်တာတော့.. သူ အခန်း C ဒါမှမဟုတ် D ကို ရလိမ့်မယ် ထင်တယ်.. ”

“ ဝိုး.. သူက တော်တာပဲ.. ဂျားနန်အကယ်ဒမီကျောင်းကို ဝင်တဲ့အထဲမှာ သူက ပိုတော်တယ်လို့တောင် ပြောလို့ရတယ်.. အရင်တုန်းက ငါတို့ အရည်အချင်းနဲ့ D အခန်းရတာတောင် အကောင်းဆုံးလို့ ပြောရမယ်.. ”

တချို့သော ကျောင်းသူတွေက မနာလိုသည့်အကြည့်ဖြင့် ပြောကြသည်။ 

ရှောင်ယုမှာ ဘာမှမပြောဘဲ ပြုံးရုံသာ နေလိုက်သည်။ ရွက်ဖျင်တဲအလယ်က စာရင်းသွင်းနေခြင်းကိုပဲ အာရုံစိုက်လိုက် တော့သည်။ 

“ ဟီရန်.. ဒိုချီ အဆင့် ၉ .. အသက် ၂၀ ”

ဘယ်ဘက်အစွန်ဆုံးတွင် ထိုင်နေသော အသားအရေ အနည်းငယ် မဲနက်သော လူငယ်တစ်ယောက်က စတင်ပြီး သူ့ရဲ့ အဆင့်တွေကို မျက်နှာအနည်းငယ်နီရဲလျက် ကြေညာလိုက်၏
ရိုလင်းက ပြုံးပြီးခေါင်းညိတ်လိုက်ကာ အချက်အလက်တွေကို ခပ်မြန်မြန်လေး ရေးသွင်းလိုက်သည်။ သူမ၏ နှုတ်ခမ်းက ပွင့်ဟ သွားသည်။ 

“ အခန်း E ”

“ လင်ဒွန်.. ဒိုချီ အဆင့် ၈ .. အသက် ၁၉ နှစ် ”

“ အခန်း F ”

“  ကီလီ.. . ဒိုချီ အဆင့် ၉ .. အသက် ၁၇ နှစ် ”

“ အခန်း E ”

……………

တစ်ချိန်တည်းမှာပဲ.. အားလုံးဟာ သူတို့ရဲ့ အဆင့်နှင့် နာမည် တွေကို ကြေညာကြရသည်။ စီနီယာတွေ၏ အပိုးကျိုးအောင် ဆုံးမထားမှုကြောင့် သူတို့သည် လျင်မြင်စွာ စနစ်တကျ အလှည့်ကျ စောင့်ဆိုင်းပြီး ကြေညာကြသည်။ 

အယောက်နှစ်ဆယ်ကျော် ကြေညာပြီးသည့်နောက်တွင် အများစုဟာ ဒိုကျဲအဆင့်အောက်သာ ရှိကြသည်။ သို့သော် ကျောင်းသားအသစ်နှစ်ယောက်မှာ မူလက အဆင့် ၉ ရောက်နေပါသော်လည်း ဒိုကျဲအဆင့် တက်လှမ်းသည့် အချိန်တွင် မအောင်မြင်သွား၍ အဆင့် ၈ အထိ ပြုတ်ကျသွား ခြင်းဖြစ်သည်။ 

ရှောင်ယွင် အလှည့်မရောက်ခင်တွင် အထူးချွန်ဆုံးတစ်ယောက် က အသက် ၁၇ နှစ်နှင့် ဒိုကျဲအဆင့် ကြယ်တစ်လုံးသမား တစ်ယောက်ဖြစ်သည်။ အဆင့်သတ်မှတ်ချက်အရ D အခန်းသာ ဖြစ်သည်။ D အခန်းရတောင်မှ ဆရာမရိုလင်းသည် အနည်းငယ် ပျော်ရွှင်ခဲ့သည်။ အသက် ၁၇ နှစ်ဖြင့် ဒိုကျဲရောက်သည်ဖြစ်၍ ထိုကောင်လေးတွင် အလားလာရှိနေသည် မဟုတ်လား.. ”

ကျောင်းသားအသစ်များ ကြေညာပြီးပြီနောက်တွင် အားလုံး၏ အကြည့်က အကြာကြီးစောင့်ဆိုင်းနေရ၍ အိပ်ပျော်လုလု ဖြစ်နေသော လူငယ်ဆီကို ရောက်သွားကြသည်။ ၏

“ အစ်ကိုရှောင်ယွင်.. အစ်ကိုအလှည့်.. ” 
ငိုက်မြည်းနေသာ ရှောင်ယွင်ကို ကြည့်ပြီး ရှင်းအာမှာ သူ့ကို နှိုးဖို့ ကြိုးစားလိုက်သည်။ 

“ အိုး.. ” 
ရှောင်ယွင်မှာ အလန့်တကြားဖြစ်သွားပြီး ပါးစပ်က ယိုစီးကျနေ သော သားရည်ကို ကမန်းကတန်း သုတ်လိုက်ည်။ အရှေ့ကို ကြည့်လိုက်သည့်အခါမှာ သူ့ကို အားပါတရ ပြုံးနေသော ဆရာမ ရိုလင်းကို တွေ့လိုက်သည်။ အိပ်ချင်မူးတူးအပြုံးဖြင့် ဆရာမကို သွားဖြီးပြလိုက်ပြီး 

“ ဆရာမပြောတဲ့ စုန်းမလေးဆိုတဲ့ ကောင်မလေးကိုတော့ မယှဉ်နိုင်ပါဘူး.. ကျွန်တော့်ကိုကျွန်တော် တွက်ချက်ပြီးပြီ.. ကြည့်ရတာ အခန်း A လောက်မှာပဲ ဝင်ရတော့မှာပေါ့လေ.. ”

“ ဟမ်.. ”

ဝမ်းနည်းဟန်ဖြင့် ဆိုလိုက်သော ရှောင်ယွင်၏ စကားက ရွက်ဖျင်တဲထဲက လူတွေကို ရုတ်တရက်တိတ်ဆိတ်သွားစေခဲ့ သည်။ 

တဲထောင့်နေရာတွင် လိုဘူ၏မျက်နှာရှုံ့မဲ့သွားသည်။ အသက် ၁၇ နှစ်ပဲ ရှိသေးသည် လူငယ်က သူနှင့် အဆင့်တူ နေမယ်မှန်း သူ မထင်မှတ်ထားပါဘူး။ 

တဖန် လိုဘူ၏ ဘေးနားတွင် ရှိနေသော ကီလား၏ မျက်နှာ သည်လည်း အနည်းငယ်ဖြူဖျော့သွားပြန်သည်။ သူ့မျက်နှာတွင် ခါးသီးမှုတွေနှင့် ပြည့်နှက်လာသည်။ သူ ဒီလိုမျိုး ရှုံးနိမ့်ခဲ့ရသည် မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဒီကောင်က သိုးရေခြုံထားတဲ့ ဝံပုလွေကောင်ပဲ.. 
“ ယုအာ.. နင်ပြောတာက B အခန်း C အခန်းဆို.. သူက ဘာလို့ A အခန်းရောက်သွားရတာလဲ.. ဂျားနန်အကယ်ဒမီကျောင်းရဲ့ ကျောင်းသားသစ်စုဆောင်းတဲ့ကာလမှာ A အခန်းရတဲ့ ကျောင်း သားက အယောက်တစ်ရာထက်တောင် မကျော်ဘူး.. ”

တချို့ကျောင်းသူတွေက ပါးစပ်ဟသွားပြီး တအံ့တသြဖြင့် ဆိုကြလေသည်။ 

လူငယ်လေး၏ ချောမောသည့် မျက်နှာကို ငေးကြည့်ရင်း ရှောင်ယုလည်း အသက်ပြင်းချပြီး ပြောလိုက်ပြန်သည်။ 

“ ငါက ဘယ်လိုလုပ်သိမှာလဲ.. ဒီကောင်က ပုံမှန်မှ မဟုတ်တာ ”

“ အခန်း A ”

ဆရာမ ရိုလင်းသည် အံ့သြစွာဖြင့် မျက်တောင်ကို တဖျတ်ဖျတ် ခတ်ကာ ရှိနေသည်။ ခဏအကြာမှ သူမသည် တောက်ပစွာ ပြုံးလိုက်တော့သည်။ 

“ ကြည့်ရတာ ငါတော့ ရတနာတစ်ပါးကို တွေ့ပြီးဆိုတာ တကယ် မှန်တာပဲ.. ” 

အမြီးကောင်ပေါက်မလေးတစ်ယောက်လိုပဲ ဆရာမရိုလင်းသည် မျက်တောင်ကို တဖျတ်ဖျတ် ခတ်နေတော့သည်။ ချစ်စဖွယ် ကောင်းသော အမူအရာက ရွက်ဖျင်တဲရှိ ယောင်္ကျားအားလုံးကို အား မျက်လုံးပြုးကျယ်သွားစေသည်။ 

ရှောင်ယွင်က နှာခေါင်းပွတ်လိုက်သလို သူ့ဘေးနားက ရှင်းအာ ကလည်း ရုတ်တရက် ရယ်မောလိုက်ချေသည်။ 

“ အစ်ကိုရှောင်ယွင်တော့ နောက်ထပ် အံဖွယ်သရဲတစ်ခုကို ဖန်တီးပြလိုက်တာပဲ.. ”

“ အာ..  နင်က ငါ့ထက် ပိုအားကောင်းတယ်ဆိုတာ ငါသိပါတယ် S အခန်းက နင့်အတွက်ဆိုတာ ငါသိပါတယ်.. ”

ရှောင်ယွင်က စိတ်ပျက်သွားဟန်ဖြင့် ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။ 

“ ဟမ်.. ဒါဆို ငါ အမှားတွေပဲ ပြောလိုက်ရမလား.. ”

အားလုံးကလည်း အံ့သြနေခြင်းမှ ပြန်ငြိမ်သက်သွားသည့်အခါ တွင် ရှင်းအာက ရှောင်ယွင် အဝတ်ကို လှမ်းဆွဲပြီး ခပ်တိုးတိုး မေးလိုက်သည်။ 

“  အမှန်တိုင်းသာ ပြောလိုက်ပါ.. ငါက နင့်ကို မနာလိုနေတယ် လို့ ထင်နေလို့လား.. နင့်ရဲ့ တကယ့်အရည်အချင်းကို အကယ်ဒမီကျောင်းကို ထုတ်ပြလိုက်.. အဲဒါဆို ရှင်းအာရဲ့ အနာဂတ်လမ်းခရီးအတွက် ကောင်းလိမ့်မယ်.. ပြီးတော့ ဒီအကြောင်းတွေကို ဖုံးကွယ်ထားစရာလည်း မလိုဘူးလေ.. ”

ရှောင်ယွင်က ပခုံးတွန့်ပြီး ပြုံးလျက် ဆိုလိုက်သည်။ 

ရှင်းအာက နှုတ်ခမ်းကိုထော်ပြီး သူမ၏ ခေါင်းသေးသေးလေးကို ညိတ်လိုက်သည်။ ထို့နောက် ချစ်စဖွယ်ကောင်စွာ ပြောလိုက်သည်။ 

“ ရှင်းအာက အစ်ကိုရှောင်ယွင်ပြောတာကို အမြဲနားထောင်မယ် နော်.. ”

သူမပြောပြီးသည်နှင့် အရှေ့ကို နှစ်လှမ်းတိုးလိုက်သည်။ ပေါ့ပါးသွက်လက်စွာ ပြောလိုက်သော မိန်းကလေး၏ အသံက ရွက်ဖျင်တဲတစ်ခုလုံးအား ပျံ့နှံ့သွားသည်။

“ ရှောင်ရှင်းအာ.. ဒိုကျဲအဆင့် ကြယ်ခြောက်လုံး..အသက် ၁၆ ”

ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသာ ဆရာမရိုလင်း.. မင်တံကိုင်ပြီး စာရင်းမှတ်ဖို့ ဟန်ပြင်နေသည့် သူမ၏ လက်က တောင့်ခဲသွားသလို ခံစားလိုက်ရသည်။ သူမ၏ ညင်သာနူးညံ့သောမျက်နှာမှာ အလွန်အမင်း အံ့အားသင့်သွားသည့်အမူအရာအား ထုတ်ဖော်ပြသလိုက်ချေသည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...