အပိုင်း ( ၁၄၄ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++++++
အင်မတန်ကို မောက်မာသည့် ဂန်မူသည် ယခုအခါ လူတစ်ယောက်၏ေထြောက်အောက်သို့ ချက်ချင်း ရောက်ရသည့် ဘဝသို့ ရောက်ရှိသွားလေသည်။ အခြေအနေက ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားသော ဂန်မူအဖြစ်က လူအားလုံးအား အံ့အားသင့်စွာ ငေးမောစေသွားခဲ့သလို ဂန်မူအနောက်က လက်အောက်ငယ်သားတို့သည်လည်း ထိတ်လန့်သွားသည့် အမူအရာများ ဖြစ်သွားကြစေသည်။
လမ်းမကျယ်တွင် ရှိနေသည့် လမ်းသွားလမ်းလာတို့သည်လည်း ရှောင်ယွင် ခြေထောက်အောက်တွင် ရှိနေသည့် ဂန်မူကို ငေးကြောင်ကြည့်နေမိသည်။ သူတို့၏ စိတ်အာရုံသည် နဂိုအတိုင်း ပြန်မဖြစ်သေးချေ။ ထိုအခိုက်တွင် ဆူညံနေသည့် လမ်းမကျယ်သည် ယခုအခါ သုဿန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်လို့..။
အတော်ကြာမှ ခါဂန်းနှင့် တခြားသူတွေက သတိပြန်ဝင်လာကြသည်။ ရှောင်ယွင် ခြေထောက်အောက်မှာ ရှိနေသည့် ဂန်မူကို ကြည့်ပြီး သူတို့အချင်းချင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ဂန်မူဆိုတာ ဒိုကျဲအဆင့် ကြယ် ၉ လုံးသမားမဟုတ်လား။ လူငယ်လေး ပြသလိုက်သည့် ပေါက်ကွဲအလျင်နှုန်းနှင့် ခွန်အားကား ဂန်မူထက် နိမ့်ကျနေစရာအကြောင်းမရှိပေ။
“ ဟူး.. ကြည့်ရတာ ငါတို့ မှားလာခဲ့ကြသလိုပဲ.. ” ခါဂန်းက ခေါင်းကို ခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ရင်း အသက်ပြင်းချလိုက်သည်။ လူငယ်လေးကား သူ့ခွန်အားကို ဝှက်ထားဟန် ရှိပေသည်။
ခါဂန်း၏ အနောက်ကွယ်တွင် ပုန်းအောင်းနေသည့် လင်းအာမှာမူ အခြေအနေ ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ထိတ်လန့်တုပ်လှုပ်သွားခဲ့သည်။ သူမ၏အဖေပင် အနိုင်မယူနိုင်သည့် ဂန်မူကိုပင် ထိုလူငယ်လေးက သူ့ခြေထောက်အောက်မှာ ထားထားနိုင်သည်ကို သူမက ငေးကြည့်နေမိသည်။ ဒီနေ့တစ်နေ့လုံး သူမကပဲ လှောင်ပြောင်လာခဲ့သည့် လူငယ်လေးက ဒီလိုစွမ်းအားမျိုး ရှိနေမည်ကို သူမ မထင်မှတ်ထားမိခဲ့ချေ။
သူမ၏ အပြုအမူကို ပြန်တွေးမိသည့်အခါ လင်းအာ၏ မျက်နှာတွင် ကိုယ့်ကိုယ်ကို ပြန်လှောင်သည့်အပြုံးတစ်ခုက ပထမဆုံးအကြိမ်အဖြစ် ထွက်ရှိလာခဲ့သည်။ သူမ လှောင်ပြောင်ပြောသောစကားကို သူက မကြားချင်ယောင်ဆောင်နေသည်က မထူးဆန်းတော့ပါဘူး။ သူစိတ်ထဲမှာ သူမသည် ပြဇာတ်ထဲက လူရွှင်တော်တစ်ယောက်လို ထင်မြင်နေပါလိမ့်မည်။
သူမသည် အသက်ပြင်းချရင်း ဂန်မူ ရင်ဘက်အပေါ်မှာ ခြေတင်ထာသည့် လူငယ်လေးကို ကြည့်နေမိသည်။ မနက်ပိုင်း နေရောင်ခြည်နှင့် လူငယ်လေးကာ အရပ်ရှည်သည့်အသွင်နှင့် မျက်နှာထက်က နွေးထွေးသောအပြုံးတို့က တစ်ဖက်သူတစ်ပါးကို တိုက်ခိုက်နေသည်ဟု ထင်မြင်စေစရာမရှိ.. သူငယ်ချင်းတစ်ယောက်နှင့် ရင်းနှီးစွာ စကားစမြည်သလိုသာ ဖြစ်နေသည်။
လင်းအာမှာ လူငယ်လေးကို ငေးကြည့်ရင်း ရုတ်တရက် ခေါင်းကိုလှည့်ကာ ဘေးနားရှိ အဖြူရောင်အဝတ်နှင့် မုလန်ကို ကြည့်လိုက်သည်။ မုလန်အပေါ်မှာ ထားရှိသည့် သူမ၏ လေးစားကြည်ညိုသည့်စိတ်က အတော်ကြီးကို ပျောက်ကွယ်သွားလိုက်မှန်း သူမ တွေ့ရှိလိုက်ရသည်။
“ အဟွတ်.. ဟွတ်.. ”
ပြင်းပြင်းထန်ထန် ချောင်းဆိုးအသံနှင့်အတူ သွေးများပါ ဂန်မူပါးစပ်ကနေ ထွေးထွက်လာသည်။ ကြောင်အနေသေးသည့် သူ့စိတ်က နောက်ဆုံး သဘောပေါက်လာခဲ့သည်။ သူသည် ပြူးကျယ်သော မျက်လုံးဖြင့် အပေါ်က လူငယ်လေးကို ငေးကြည့်ကာ စိတ်ဆိုးသည့်အသံဖြင့်
“ ဟေ့ကောင်လေး.. ငါ ဘယ်သူလဲဆိုတာ မင်းသိလားကွ.. ”
“ ဝံပုလွေခေါင်းကြေးစားအဖွဲ့.. ဒုတိယခေါင်းဆောင်မလား.. ”
ရှောင်ယွင်က ခေါင်းညိတ်ရင်း အပြုံးဖြင့် ဖြေလိုက်သည်။
“ ဒါပေမဲ့.. ခင်ဗျားအကြောင်းကို သိလို့ပဲ ခင်ဗျားဆီကို လာတာ.. စိတ်မကောင်းပါဘူး… ”
ဂန်မူ၏ မျက်ဝန်းက မှေးကျဉ်းသွားကာ ရှောင်ယွင်၏ ပြုံးလျက်ရှိနေသည့် နုနယ်ချောမောသော မျက်နှာကို စူးစိုက်စွာ ကြည့်နေသည်။ ခဏအကြာမှ အတွေးတစ်ခုက သူ့ခေါင်းထဲ ရောက်ရှိလာသည်။ သူ့အကြည့်တွင် လွန်ခဲ့သည့် တစ်လအချိန်တုန်းက လူငယ်၏ မျက်နှာသည် ယခုသူ့အရှေ့က လူငယ်၏ မျက်နှာနှင့် တစ်ဖြည်းဖြည်း တူညီလာသလို ဖြစ်လာသည်။ ချက်ချင်းဆိုသလို မှင်တက်အံ့သြသွားသော ဂန်မူ၏ အသံက အလန့်တကြား ထွက်ရှိလာလေသည်။
“ မင်း.. မင်း.. ရှောင်ယွင်.. မင်းကို မှော်သားရဲကောင်တောင်တန်းအတွင်းအထိ လိုက်ဖမ်းကြတယ်မလား.. မင်း ဘာလို့ အသက်ရှင်နေသေးတာလဲ.. ”
ထိုစကားလုံးတွေက ဂန်မူ၏ ပါးစပ်ကနေ ထွက်ကျလာသည့်အခါတွင် ဘေးပတ်ဝန်းကျင်က လူများ၏ အသံများက ပွက်လောရိုက်ကုန်ကြသည်။ သူတို့ ကြားဖူးတာက ဝံပုလွေခေါင်းကြေးစားအဖွဲ့ခေါင်းဆောင်သည် ရှိသမျှ အင်အားကို အကုန်အသုံးချကာ ရှောင်ယွင်ဆိုသည့် လူငယ်လေးကို သတ်ဖို့အတွက် မှော်သားရဲကောင်တောင်တန်းအတွင်းအထိ လိုက်ဖမ်းခဲ့ဖူးသည်။ ယခုတော့ မထင်မှတ်ထားဘဲ ထိုလူငယ်သည် သေတွင်းနယ်နမိတ်ဟု နာမည်ကြီးသည့် မှော်သားရဲကောင်တောင်တန်းအတွင်းပိုင်းကနေ အသက်ရှင်လျက် ထွက်ရှိလာနိုင်ခဲ့သည်။
“ ရှောင်ယွင်လား.. ဝံပုလွေခေါင်းကြေးစားအဖွဲ့ကို ဗြောင်းဆန်သွားအောင် ဖြစ်သွားစေခဲ့တဲ့ ရှောင်ယွင်ဆိုတာ သူလား.. ”
တဖက်မှာ ရှိနေသည့် ခါဂန်း၏ မျက်နှာမှာ အံ့သြသွားလေသည်။ မှော်သားရဲကောင်တောင်တန်းနယ်နမိတ်မှာ ထင်ရှားနာမည်ကျော်ခဲ့သည့် လူငယ်လေးနှင့် သူတို့အုပ်စုတို့သည် အတူတူလမ်းလျှောက်ခရီးသွားခဲ့ခြင်းက တကယ့်ကို လုံးဝ မမျှော်လင့်ထားသည့် အရာဖြစ်၏။
“ သူ့ကိုသတ်… ” လူပုံအလယ်မှာ အရှက်ခွဲခံလိုက်ရသည့် ဂန်မူသည် မျက်နှာက မည်းမှောင်လာလေကာ သူ့လူများကို အမိန့်ပေးလိုက်သည်။ ပေါက်ကွဲသံအလား ကျယ်လောင်သည့် အမိန့်ပေးသံကြောင့် သူ့လက်အောက်ငယ်သားတို့သည်လည်း လက်နက်ကိုယ်စီ ဆွဲထုတ်ကြကာ ရက်စက်ကြမ်းကြုတ်သည့် အမူအရာများဖြင့် ရှောင်ယွင်ကို သတ်ဖို့ အရှေ့တက်လာကြသည်။
တစ်ချိန်တည်းမှာပဲ. အစိမ်းဖျော့အရောင် ဒိုချီစွမ်းအင်က ဂန်မူကိုယ်ကနေ အလျင်အမြန် ထွက်ရှိလာသည်။ သူ့လက်သီးကလည်း သစ်ကိုင်းခြောက်အရောင်သို့ ပြောင်းလဲသွားပြီးနောက် ရှောင်ယွင်၏ ခြေသလုံးကို ထိုးလိုက်သည်။
“ ပေါက်ကွဲခြင်းခြေလှမ်းများ.. ” ရှောင်ယွင် စိတ်ထဲက အော်သံအတိုင်း အော်လိုက်ခြင်းနှင့်အတူ အဝါဖျော့ဖျော့ဒိုချီစွမ်းအင်တွေက ရှောင်ယွင် ခြေထောက်အနားတွင် ပတ်လည်ဝိုင်းရံလာခဲ့ကာ ဂန်မူ၏ ရင်ဘက်ကို ဆောင့်ကန်နင်းလိုက်သည်။ ထို့နောက် သူ့ကိုယ်သည် မြင်းစီးလာကြသော ကြေးစားမုဆိုးတွေဆီကို ခုန်လွှားလိုက်လေသည်။
“ အွတ်.. ” ပေါက်ကွဲခြင်းခြေလှမ်းသိုင်းမှ ထွက်ရှိလာသည့် ဆူညံသံကာ ဂန်မူ၏ ရင်ဘက်တွင် ပေါက်ကွဲထွက်သွားလေသည်။ စူးဝင်သွားသည့်အားက တိုက်ရိုက် သက်ရောက်သွားကာ နောက်ထပ် သွေးတစ်လုတ်ကို အန်ထွက်သွားစေခဲ့သည်။ ဂန်မူသည် သွေးရူးသွေးတန်းဖြင့် မတ်တတ်ရပ်ကာ နောက်ကျောကနေ သံတုတ်ကို ဆွဲထုတ်လိုက်သည်။ သူသည် အံကိုကြိတ်ကာ ရှောင်ယွင်ဆီသို့ ပြေးသွားသည်။
ရှောင်ယွင်မှာတော့ လေအလျင်ကဲ့သို့ ဖြတ်သန်းသွားကာ ချက်ချင်းပင် ကြေးစားမုဆိုးတို့၏ တိုက်ခိုက်မှုအား ကျော်လွန်သွားသည်။ သူ့ညာဘက်လက်ဖြင် ရွှင်းပေတံဓားကြီး၏ လက်ကိုင်အား ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်ပြီးနောက် အဝတ်မည်းဖြင့် အုပ်ထားသည်ကို ဖယ်ရှားလိုက်သည်။ ကြီးမားသည့် ပေတံဓားကြီး ကိုယ်ထည်သည် အလျားလိုက် ဖြတ်ထွက်သွားပြန်ရာ ကြေစားမုဆိုးတို့သည် ချက်ချင်း လွင့်ထွက်သွားကုန်ကာ သွေးလုတ်များ ကိုယ်စီ အန်ထွက်ကြသည်။
အကြမ်းဖျင်းအားဖြင့် တိုက်ကွက်က နှစ်ကွက် သုံးကွက်လောက်သာ ရှိသော်လည်း ရှောင်ယွင်မှာ ဒိုကျဲအဆင့် ကြယ် ၅လုံးအဆင့်ရှိသည့် ကြေးစားမုဆိုးတို့ကို လွယ်ကူစွာ တိုက်ခိုက်လိုက်နိုင်သည်။ တိုက်ခိုက်လိုက်ပြီးသည်နှင့် ရှောင်ယွင်သည် ဖြည်းညှင်းစွာ အနောက်လှည့်လိုက်ပြီးနောက် သံတုတ်ကို ကိုင်ထားသည့် ဂန်မူဆီကို ပြန်ပြေးသွားလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာလည်း အစိမ်းရောင်ဒိုချီစွမ်းအင်များ လွှမ်းခြုံလာခဲ့သည်။
ညာဘက်လက်တွင် ကြီးမားလေးလံ ရွှင်းပေတံကို ကိုင်ထားရင် ရှောင်ယွင် တစ်ချက် ခြေလှမ်းရပ်လိုက်ကာ သူ့ခြေထောက်က မြေကြီးကို အားကုန် နင်းကန်လိုက်သည်။ ပေါက်ကွဲသံကျယ်တစ်ခုနှင့်အတူ ရှောင်ယွင်သည် မျက်စိတမှိတ်အတွင်း ဂန်မူအရှေ့သို့ ရုတ်ချည်း ရောက်ရှိသွားသည်။ သူသည် ကြီးမားလေးလံ ရွှင်းပေတံကို အသာ ကျစ်ဆုပ်ကိုင်ကာ အရမ်းကို ပြင်းထန်အားကောင်းသည့် အင်အားဖြင့် ဂန်မူကို အညှာတာမဲ့စွာ ရိုက်ချလိုက်လေသည်။
လေကို ထိုးခွဲလာသော ထက်ရှသည့် အင်အားကြောင့် ဂန်မူ၏ ဖြူဆွတ်သည့် မျက်နှာမှာ ရုပ်ဆိုးသွားသည်။ ရှောင်ယွင်၏ တိုက်ခိုက်မှုကို ရှောင်ဖို့ မဖြစ်နိုင်တော့….။ သူသည် သံတုတ်ကို ဒိုချီစွမ်းအင်ဖြင့် အမြန် လွှမ်းခြုံလိုက်စေကာ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
“ ဘမ်း.. ” သတ္တုနှစ်ခု ထိခတ်သွားအသံက လမ်းမကျယ်တစ်လျှောက် လွင့်သွားကာ အားလုံးကလည်း အာရုံစူးစိုက်ကြည့်လိုက်ကြလေသည်။
သံတုတ်နှင့် ရွှင်းပေတံ ထိခတ်သွားသည်နှင့် ကြီးမားသည့် အင်အားတစ်ခုက ဖိကျလာသောကြောင့် ဂန်မူမှာ ဒူးထောက်ကျ၍ သူ့ခြေထောက်ကသည်လည်း မြေကြီးထဲ နစ်သွားခဲ့သည်။
“ ပျက်စီးစမ်းကွာ.. ” ဂန်မူက နှုတ်ခမ်းကိုက်ပြီ တောင့်ခံလိုက်ခြင်းကြောင့် ရှောင်ယွင် အေးစက်စွာဖြင့် ရယ်မောလိုက်သည်။ နောက်ထပ် ဒိုချီစွမ်းအင်ကို ထပ်ထုတ်လိုက်ကာ နက်မှောင်မဲနက်သည့် ရွှင်းပေတံဆီကို ထပ်သွင်းပေးလိုက်သည်။
“ ခရက်.. ”
ကြီးမားလေးလံ ရွှင်းပေတံက အင်အားထပ်တိုးလာခြင်းကြောင့် ဂန်မူလက်ထဲက သံတုတ်သည် အက်ကြောင်းရာများက တဖြည်းဖြည်း ထွက်ရှိလာခဲ့သည်။ ခဏအကြာတွင် အက်ကြောင်းရာများက တစ်ဖြည်းဖြည်း ပိုကျယ်လာကာ နောက်ဆုံးတွင် သံတုတ်သည် ကြည်လင်ပီသေသော အက်ကွဲအသံဖြင့် ကျိုးအက်သွားလေသည်။
ရန်သူ၏ တိုက်ခိုက်မှုကြောင့် သူ့လက်နက်က လုံးဝ ကွဲကြေသွားသည်ကို မြင်သော ဂန်မူသည် ကြောက်ရွံ့သော အမူအရာများက သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။ သူ့ကိုယ်သည် ထူးခြားစွာ ကွေးညွတ်ကာ ခြေထောက်ကလည်း အမြန် အနောက်ဆုတ်လိုက်သည်။
“ ကလန်းးး ” သံတုတ်က ကွဲအက်သွားပြီးနောက်မှာတော့ ရွှင်းပေတံကြီးကလည်း ဆက်လက် အောက်စိုက်ဆင်းကာ မြေကြီးမှာ အက်ကြောင်းနက်နက် တူးဝင်သွားလေသည်။
ဂန်မူက ရှောင်တိမ်းလိုက်သည်ကို မြင်လျှင် ရှောင်ယွင်လည်း မျက်ခုံး ပင့်တက်သွားခဲ့သည်။ သူသည် နောက်တစ်ကြိမ် မြေကြီးကို နင်းဆောင့်ခုန်လိုက်ပြန်သည်။ ပေါက်ကွဲသံတစ်ခုဖြင့် ရှောင်ယွင်သည် ဂန်မူအနောက်ဘက်သို့ လျှပ်တပြက်အတွင်း ရောက်ရှိသွားသည်။ ရှောင်ယွင် ပြုံးလိုက်ရင်း ညာခြေထောက်ကို အနောက်ဆုတ်ကာ ဂန်မူ၏ နောက်ကျောပြင်ကို ကန်ချက်အားကောင်းကောင်းဖြင့် အားပါတရ ကန်ထည့်လိုက်သည်။
“ ဘုန်း.. ”
နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ထိမှန်သွားပြန်ရာ နဂိုဖြူဖွေးနေသည့် ဂန်မူမျက်နှာက ပို၍ ဖြူဖျော့လာခဲ့သည်။ နောက်ထပ် သွေးတစ်လုတ်ကိုလည်း ပြင်းထန်စွာ ထွေးထုတ်လိုက်ရပြန်သည်။ နောက်ပြီ ဘူးသီး လိမ့်သလိုမျိုး သူ့ခန္ဓာကိုယ်ကလည်း မြေကြီးပေါ် ဆယ်မီတာအထိ လှိမ့်သွားကာ အတော်လေး အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေတော့သည်။
ရှောင်ယွင်က ဂန်မူအား ကောင်းကောင်း အနိုင်ယူနေသည်ကို ကြည့်ပြီ လမ်းမထက်က လူတွေလည်း ပင့်သက်ရှိုက်လိုက်ကြကုန်သည်။ ဂန်မူကို အစောပိုင်း အနိုင်ယူခဲ့အချိန်က ဂန်မူမှာ သတိလက်လွတ်သွားနေခြင်းကြောင့်ဟု အကြောင်းပြချက်ပေးနိုင်သော်လည်း ယခုတစ်ကြိမ် တိုက်ခိုက်အနိုင်ယူလိုက်ခြင်းကြောင့် ဂန်မူထက် လူငယ်လေးက ခွန်အားက ပိုသာလွန်နေမှန်း အားလုံးက သဘောလိုက်ကြသည်။
“ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်.. တကယ်ပဲ ဒိုကျဲအဆင့် ကြယ် ၉ လုံးသမားကိုတောင် အနိုင်ယူလိုက်ပါလား.. သူက ဘယ်လောက်တောင် သန်မာနေလိုက်သလဲ.. ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ.. ဝံပုလွေခေါင်းကြေးစားအဖွဲ့က ဒီလိုလူမျိုးကို ပြဿနာရှာမိတာ တကယ်ကို ကံဆိုးသွားတာပဲ.. ”
ရှောင်ယွင်၏ သေသပ်ပြတ်သားသော တိုက်ခိုက်မှုကို ကြည့်ပြီ လူတိုင်း၏ ရင်ထဲတွင် မနာလိုခြင်းတွေနှင့် တီးတိုးဆိုကြလေသည်။
မြေကြီးပေါ်မှာ ဆယ်မီတာအထိ လိမ့်သွားသော ဂန်မူမှာ နောက်ဆုံး မတ်တတ်ရပ်လိုက်နိုင်ခဲ့သည်။ သူ့ဆီကို ဝဲပျံလာသည့် လှောင်ပြောသော အကြည့်များကြောင့် သူ့မျက်လုံးမှာ နီရဲလာချေသည်။ ရွှင်းပေတံကို ဟန်ပါပါ ထမ်းကာ ရက်စက်မုန်းတီးသည့် အကြည့်ကြောင့် တစ်ဖက်သားကို တုန်လှုပ်စေနိုင်သည့် လူငယ်လေးကို သူ ခေါင်းမော့ကြည့်လိုက်သည်။
“ ခွေးကောင်လေး.. ငါ့လက်ချက်နဲ့ မင်းရှုံးနိမ့်သွားရင်တော့ မင်းကို သေတာထက် ပိုဆိုးတဲ့အရာတွေနဲ့ ပေးခံစားပစ်မယ်ကွ.. ”
ဂန်မူ၏ ရှတတအသံက အေးစက်စွာ ထွက်လာသည်။
“ ခင်ဗျားလည်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူးဗျ.. ”
ရှောင်ယွင်က ပြုံးလိုက်၏။ သူ့မျက်လုံးမှာလည်း အေးစက်သည့် လူသတ်အငွေ့အသက်များများက နက်မှောင်အေးစက်စွာ ရှိနေသည်။ ဒိုကျဲအဆင့် ကြယ် ၉ လုံးသမားကို သတ်နိုင်ပါက ဒါဟာ ဝံပုလွေခေါင်းကြေးစားအဖွဲ့အတွက် ကြီးမားသည့် ဆုံးရှုံးနစ်နာမှု ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် မည်သည့်အကြောင်းများကြောင့်နှင့်မှ ဂန်မူကို အသက်ရှင်ခွင့် မပေးနိုင်တော့…။
ဂန်မူက အေးစက်စွာ ခနဲ့ရယ်လိုက်သော်လည်း ရင်ထဲတွင် စိုးရိမ်းစိတ်ကလေးက ရှိနေသည်။ ရှောင်ယွင်ပြသလိုက်သည့် ခွန်အားကြောင့် သူ့၏ မောက်မာမှုတွေက ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို လှမ်းအကဲခတ်ကြည့်သည့်အခါတွင် မဝေးသည့်နေရာက လင်းအာဆီကို အကြည့်ရောက်သွားသည်။ ကောက်ကျစ်သော အပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် ဖြစ်ပေါ်လာလေသည်။ ရှောင်ယွင်က လင်းအာတို့အုပ်စုနှင့် အတူလာဟန် ရှိကာ သူတို့က တစ်ယောက်ကိုတစ်ယောက် သိနေကြဟန်ရှိသည်။ တကယ်၍ ရှောင်ယွင်လက်ထဲကနေ လွတ်ချင်ပါက ကောက်ကျစ်သော နည်းလမ်းကို အသုံးပြုပေရတော့မည်။
ထိုအတွေးကို တွေးလိုက်ပြီးသည်နှင့် ဂန်မူသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ ခါဂန်းဆီသို့ ဦးတည်ပြေးသွားသည်။
ဂန်မူ၏ လှုပ်ရှားမှုကြောင့် ခါဂန်းတို့အုပ်စုလည်း တစ်ခုခု မူမမှန်တော့သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သို့သော် ဂန်မူ၏ အလျင်ကိုတော့ ယှဉ်နိုင်မည့်သူက သူတို့အုပ်စုတွင် တစ်ယောက်မှ မရှိချေ။ သူတို့က ခုခံဖို့သာ ပြင်ဆင်လိုက်သည့်အချိန်တွင် ဂန်မူက ရုတ်ချည်း လှည့်ပြေးကာ အတွေ့အကြုံမရှိသည့် လင်းအာဆီကို ပြေးသွားလေသည်။
“ လင်းအာ.. သတိထား.. ”
ဂန်မူက ဦးတည်ချက်ပြောင်းသွားခြင်းကြောင့် ခါဂန်းက အရေးတကြီး လှမ်းအော်လိုက်သည်။
ခါဂန်း၏ အော်သံကြောင့် လင်းအာမှာ ရှောင်ယွင်ကို ကြောင်ငေးကြည့်ရာမှ ပြန်လှည့်ကြည့်လိုက်သည်။ ဂန်မူက သူမဆီကို အန္တရာယ်ပြုမည့်ဟန်ဖြင့် ပြေးလာသည်ကို မြင်မှ သူမလည်း ထိတ်လန့်သွားသည်။ သို့သော် သူမသည် ကျောက်ရုပ်ကဲ့သို့ ချက်ချင်း မလှုပ်ရှားနိုင်ခဲ့ချေ။
“ လင်းအာကလေးရေ... ဟဟ.. သွားစို့.. ဦးလေးနဲ့ ပျော်ပါးကြရအောင်ပေါ့.. ”
မိန်းကလေးငယ်၏ ကြောက်လန့်သော အမူအရာကို မြင်ရလေ ဂန်မူမှာ နှာထလာပြီ တဏှာရူးလေသံဖြင့် ရယ်မောလိုက်သည်။
လင်အာမှာ ကြောက်ရွံ့စွာဖြင့် မြေကြီးပေါ် နောက်ပြန်လဲသွားသည်။ ဂန်မူမှာ သူမနံဘေးကို ရောက်ရှိလာလေပြီး။ သူမ၏ ဖြူဖျော့သော မျက်နှာက ကြောက်လန့်တုန်လှုပ်သွားကာ သူမသည် ဂန်မူ၏ ဖမ်းဆီးခြင်းကို ခံရတော့မည့်အဖြစ်ကို စောင့်ရသူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
မိန်းကလေးက ကြောက်ရွံ့နေတာကို တွေ့လေ ဂန်မူမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ သူက မိန်းကလေးကို ဖမ်းဆွဲလိုက်တော့မည့်အချိန်တွင် ပေတံကြီးကို ကိုင်ဆောင်ထားသည့် လူငယ်က တစ္ဆေသရဲတစ်ကောင်အလား သူမအရှေ့ကို ရောက်ရှိလာသည်။
ရှောင်ယွင်က မျက်လွှာပင့်၍ ခေါင်းကို ခါယမ်းကာ တိုးညှင်းစွာ ဆိုလိုက်သည်။
“ ဝံပုလွေခေါင်းကြေးစားအဖွဲ့က တကယ့်အမှိုက်တွေနဲ့ ပြည့်နေတာပဲ.. ” ထိုသို့ ပြောလိုက်ပြီးနောက် ရှောင်ယွင်သည် ပေတံဓားကြီး၏ လက်ကိုင်ကို တင်းကျပ်စွာ ကိုင်ကာ အားကောင်းသည့် စွမ်းအင်ကို ပို့လွှတ်လိုက်သည်။ ပေတံဓားက အရိပ်နက်ကဲ့သို့ ပြောင်းလဲသွားကာ အလျားလိုက် လွှဲယမ်းလိုက်လေသည်။
“ ဘုန်း.. ” ဂန်မူ၏ ကြောက်ရွံ့သွားသော အကြည့်အောက်မှာပဲ ပေတံဓားကြီးကား သူ့ရင်ဘက်ကို အညှာတာမဲ့စွာဖြင့် ရိုက်ချသွားလေသည်။ သူ့မျက်လုံးက ပြူးကျယ်သွားသလို ရင်ဘက်ကလည်း အတွင်းဘက်သို့ ချိုင့်ဝင်သွားသည်။ သွေးများနှင့် ပါးစပ်ကနေ ထွက်ကျလာကာ အတွင်းကလီစာတို့ကလည်း ဒဏ်ထိသွား၍ သွေးများ ထပ်အန်ထွက်လာလေသည်။ သူ့ခန္ဓာကိုယ်ကလည်း အနောက်သို့ လွင့်စင်သွားပြီ သစ်ပင် နှစ်ပင်သုံးပင်လောက် ကျိုးသွားပြီးမှ ရပ်တန့်သွားသည်။
ဂန်မူသည် သစ်ပင်တစ်ပင်အောက်တွင် အသက်မဲ့စွာ လဲသွားသည်ကို ကြည့်နေကြသူအပေါင်းတို့မှာ ခြေဖျားလက်ဖျား အေးစက်သွားကုန်ကြသည်။
အသက်မဲ့သွားသော အလောင်းအား အေးဆေးစွာ ကြည့်ပြီနောက် ရှောင်ယွင် လက်ကိုလှည့်ကာ ပေတံဓားကြီးကို နောက်ကျောတွင် ထည့်ထားလိုက်သည်။ မြေကြီးပေါ်မှာ လဲကျနေသည့် ကြောက်ရွံ့နေသော မိန်းကလေးကို လုံးဝ လှည့်မကြည့်တော့ဘဲ ခါဂန်းတို့ကိုသာ နှုတ်ဆက်လိုက်ကာ ကျွင်းရှိမြို့ဆီသို့ အေးဆေးစွာဖြင့် လမ်းလျှောက်သွားလေသည်။
အနက်ရောင် ပေတံဓားကြိးကို လွယ်ထားသူ လူငယ်၏ နောက်ကျောကို တရွေ့ရွေ့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေသူ လင်းအာမှာတော့ မြေကြီးပေါ်မှာ တောင့်တောင့်ကြီး ထိုင်လျက် ရှိနေဆဲပါ။ သူမသည် တုန်ရီနေသော အသံဖြင့် တိုးတိုးလေး ဆိုလိုက်သည်။
“ ကျွန်မ.. ကျွန်မ.. တောင်းပန်ပါတယ်.. ”
No comments:
Post a Comment