အပိုင်း ( ၈၂ ) – ဖြောင့်ချက်
ရှောင်ကျန်းနှင့် အချိန်အတော်ကြာအထိ စကားစမြည် ဆက်လက် ပြောဆိုနေကြပြီးနောက် နောက်ဆုံးမှာ ရဖေးက ပြန်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ ဘေးနားတွင် တိတ်တိတ်လေး ထိုင်နေပြီး အိမ်ရှင်ဝတ္တရားကျေပွန်နေသော ရှောင်ယွင်က သူ့အဖေ၏ အလိုတူသော မျက်နှာထားအောက်မှာပဲ ရဖေးအား အပြင်ဘက် လိုက်ပါပို့ဆောင်ပေးသည်။
ဝင်ပေါက်တံခါးမကြီးကနေ ထွက်ခွာသွားပြီးသော်လည်း ရှောင်ယွင် က အိမ်ဘက်ကို လှည့်ပြန်ဖို့ စိတ်မကူးသေးချေ။ လက်နှစ်ဖက်ကို ခေါင်းနောက်ထားလျှောက်ရင်း မျက်လုံးအား မှေးထားကာ ရဖေးအနောက်ကနေ နီးနီးကပ်ကပ် လိုက်သွားလိုက်သည်။ ရှောင်ယွင်ပုံစံက သူ ဘာတွေစဉ်းစားနေသလဲဆိုတာ ဘယ်သူမှ မခန့်မှန်းတတ်ကြပါဘူး။
ရှောင်ယွင်နှင့် ဘေးချင်းကပ် လမ်းလျှောက်နေရင်း ရဖေးတစ်ယောက် အနည်းငယ် စိုးရိမ်ပူပန်လာခဲ့သည်။ တင်းတင်း ဆုပ်ထားမိသော သူမလက်သီးသည် ချွေးစီးများဖြင့် စေးကပ်နေ သည်။ သူမသည် ငယ်စဉ်ကတည်းကပင် အလွန်တရာ မှတ်ဥာဏ် ကောင်းသော သူဖြစ်သည်။ ပြီးခဲ့အခေါက် လေလံအိမ်တွင် ထူးခြားသော အနက်ရောင်ဝတ်ရုံကို ဝတ်ထားသည့် မှော်ဆေးပညာ ရှင်၏ လက်ကို မတော်တဆ တွေ့ဖူးခဲ့သည်ဖြစ်လေရာ ထိုစဉ်အခါက ထိုလူကြီး၏ လက်သည် လူငယ်တစ်ယောက်၏ အသားအရေနှင့် သွက်လက်မှု တို့နှင့် တူလွန်းသည်ဟု သူမ တွေးခဲ့ပါသေးသည်။ တဖန် ထိုလက်သွယ်သွယ်တွင် ဝတ်ဆင်ထား သော အနက်ရောင်လက်စွပ်သည် ရှောင်ယွင်လက်ချောင်းတွင် ရှိနေသော လက်စွပ်နှင့် ထပ်တူညီနေပြန်သည်။ ထိုကဲ့သို့ တိုက်ဆိုင် မှုတွေကြောင့် သူမ နောက်တစ်ကြိမ် ပြန်စဉ်းစားလိုက်သည်။
ဘာဖြစ်လို့ မှော်ဆေးပညာရှင်က ရှောင်ကလန်ကို အကူအညီပေးချင်နေရတာလဲ.. ဒီပဟေဋ္ဌိရဲ့ အဖြေက ရလာတော့မယ်ထင်တယ်…
အနီရောင်ပြေးနေသာ သူမနှုတ်ခမ်းဖူးဖူးလေးအား ဖိကိုက်ရင်း သူမ ဘေးနားတွင် ကပ်ရပ်လိုက်ပါလာသော လူငယ်လေးအား မျက်လုံး ထောင့်ကနေ ခိုးကြည့်ရင်း ဆန်းစစ်နေမိသည်။ လူငယ်လေးက ဈေးမကြီးသော အဝတ်အစားအား ဝတ်ဆင်ထားသည်။ အရပ်ရှည်ကာ ကြံ့ခိုင်သော ခန္ဓာကိုယ်လည်း ရှိသည်။ လက်နှစ် ဖက်ကို ခေါင်းနောက် ထားလျှောက်နေကာ ပျင်းရိနေပုံလည်း ရ၏ နုပျိုသောမျက်နှာတွင် လူငယ်တစ်ယောက်၏ ကြင်နာသိမ်မွေ့ဟန် လည်းရှိ၏။ သူ့၏ နှုတ်ခမ်းထောင့်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသာ မခိုးတရို့အမူအရာက သူသည် အတွေ့အကြုံမရှိသည့် လူငယ် တစ်ယောက်အမူအရာမျိုး မဟုတ်ချေ။
ရှောင်ယွင်ကို သေသေချာချာ ဂရုတစိုက် အကဲခတ်ကြည့်ပြီးပါ သော်လည်း ရဖေးက သူမနှင့်အကြီးအကဲကုနီအား ယုံကြည် လက်ခံလာအောင် လုပ်သွားခဲ့သည့် မှော်ဆေးပညာရှင်မှာ အသက် ၁၇ နှစ်သာ ရှိသေးသည့် လူငယ်တစ်ယောက်ဖြစ်နေကြောင်း ဆိုတာကို သူမ ယုံကြည်လိုက်ဖို့ တကယ်ပင် အခက်တွေ့နေသည်။
“ ကြည့်လို့ ဝပြီးလား..? ”
ရဖေးတစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည့်အချိန်တွင် သူမဘေးနားက လူငယ်က အေးဆေးသော လေသံဖြင့် သူမကို စတင်မေးလိုက်သည်။
သူမ ခြေလှမးအား နှေးချလိုက်ပြီး အသက်ပြင်းချလိုက်ကာ
“ ကြီးမြတ်တဲ့အကြီးအကဲလို့ ခေါ်ရမလား.. ဒါမှမဟုတ် မောင်လေးရှောင်ယွင် လို့ ခေါ်ရမလား.. ”
ရှောင်ယွင်၏ မျက်ခုံးက ပင့်တက်သွားပြီး အရှေ့ကို မေးဆတ်ပြကာ ပြောလိုက်သည်။
“ ဆက်သွားရအောင်.. ”
ရဖေးလည်း ရှောင်ယွင် မေးဆတ်ပြသောနေရာဆီကို ဆက်လျှောက်သွားသည်။ သူမ၏ ပါးပြင်နှစ်ဖက်သည်လည်း အလိုလိုပင် နီမြန်းလာခဲ့သည်။ ရှောင်ယွင် ညွန်ပြလိုက်သော နေရာ သည် ဝူတန်မြို့၏ ချစ်သူစုံတွဲများ ချိန်းတွေ့ရာ နာမည်ကြီး နေရာတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
အနည်းငယ်တွန့်ဆုတ်စွာဖြင့် လိုက်ပါနေရင်း နေရာကို ပြောင်းဖို့ အကြံပေးချင်မိပါသော်လည်း ရှောင်ယွင်သည် ထိုနေရာဆီကိုပင် ရောက်သွားနေနှင့်ပြီး ဖြစ်ကာ အစိမ်းရင့်ရင့် မိုးမခသစ်ပင်အောက်ရှိ ကျောက်သားထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီးဖြစ်သည်။
ရှောင်ကလန်တွင် ရောက်နေစဉ်အခါက ရိုရိုကျိုးကျိုးရှိစွာသော ရှောင်ယွင်၏ အမူအရာမှာ ယခုတွင် ဆန့်ကျင်ဘက်ဖြစ်စွာ ဗိုလ်ကျလွန်းနေသည်ကို ရင်ဆိုင်နေရ၍ မိန်းကလေးရဖေးသည် မတတ်သာစွာ ခေါင်းကို ယမ်းခါလိုက်မိသည်။
ဒီလို စရိုက်ပြောင်းလဲပစ်လိုက်တာ နည်းနည်းလေး မမြန်နေဘူးလားဟင်…
ခြေလှမ်းအား နှေးကွေးစွာ လျှောက်လှမ်းလာကာ ရှောင်ယွင်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ထိုင်ချလိုက်သည်။ ကော့ညွတ် ရှည်လျားသော မျက်တောင်များက ဝန်းရံထားသည့်အပြင် တလက်လက် တောက်ပနေလျက် ရှိနေသော မျက်ဝန်းလှလှက သူမအရှေ့တွင်ရှိနေသာ လူငယ်ကို အကဲဖြတ်ကြည့်နေသည်။
“ မင်း ငါ့ကို မှတ်မိသွားတာလား..? ”
အနားမှာ ရှိနေသည့် မိုးမခအရွက်အား ခူးကာ ကိုက်ဝါးလိုက်ရင်း ရှောင်ယွင်က မသဲမကွဲလေသံဖြင့် မေးလိုက်သည်။
ရဖေးက ဘာမှမဆိုဘဲ အရှေ့သို့ ကျနေသော သူမဆံနွယ်အား အနောက်သို့ လွှဲသိမ်းလိုက်သည်။ ထိုအပြုအမူက ရှောင်ယွင်အား မျက်လုံး တချက် ကျယ်သွားစေခဲ့သည်။ သူမ၏ နှုတ်ခမ်းအား လျှာသပ်လိုက်ပြီး ခါးသက်စွာ ရယ်မောလိုက်ကာ ဖြေလိုက်သည်။
“ ငါထင်တာတွေ မှားပါစေလို့ပဲ တကယ်မျှော်လင့်မိတယ်.. ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ ခါးသက်သော မိုးမခအရွက်ကို မြန်မြန်ပဲ ဝါးလိုက်ပြန်သည်။
ရှောင်ယွင်၏ ပုံစံကို မြင်သည့်အခါ ရဖေးက ချက်ချင်းပဲ မဝံ့မရဲ မေးလိုက်သည်။ ဒါပေမဲ့လည်း သူမမျက်ဝန်းတွင် အပြုံးအရိပ်က ရှိနေသေးသည်။
“ ငါ့ကို သတ်ဖို့ ရည်ရွယ်နေတာ မဟုတ်ပါဘူးနော်.. ? ”
“ အဲ့ဒီထက်တောင် ပိုသေးတယ်..မုဒိမ်းကျင့်ပစ်ပြီး.. အလောင်းပါ ဖျောက်ပစ်ရမယ်.. ”
ခပ်ကြမ်းကြမ်းပြောလိုက်သော စကားကြောင့် ရဖေး၏ မျက်နှာမှာ နီရဲသွားသည်။ သူမ၏ မြူဆွယ်နေသော မျက်ဝန်းက ရှောင်ယွင်ကို ကြည့်ပြီး ကြိမ်းလိုက်သည်။
“ ဒီကလေးက ဘယ်ကနေ မကောင်းတဲ့ဟာတွေ သင်လာခဲ့တာလဲ”
ရှောင်ယွင် သူ့နှုတ်ခမ်းအား တွန့်လိုက်ပြီး ပျင်းရိစွာဖြင့် အကြောဆန့် လိုက်သည်။ သူ ဘယ်သူဘယ်ဝါဆိုတာ သိနေပြီးဖြစ်သွား၍ နောက် ထပ်လည်း လှည့်ပတ်လိမ်နေစရာ မလိုတော့ပါဘူး။
“ ခင်ဗျားနဲ့ စီးပွားရေးလုပ်နေတဲ့ အနက်ရောင်ဝတ်ရုံနဲ့လူက ကျွန်တော်ပဲ.. ”
“ ဒါပေမဲ့ ဈေးဖော်စပ်ပေးတဲ့လူက နောက်တစ်ယောက်မဟုတ်လား”
ရဖေးက ရယ်မောရင်းပြောလိုက်သလို သူမအကြည့်တွေကလည်း ဘေးနားဝန်းကျင်ကိုလည်း တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ သူမက မညံ့ပါဘူး။ ရှောင်ယွင်၏ အရည်အသွေးကိုလည်း သူမ ကောင်းကောင်း သိပါသည်။ အကယ်၍ ရှောင်ယွင်က မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်နေသည်ဆိုရင်တောင် သူ့၏ ပညာဖြင့် ချီစုစည်းဆေးလုံးကဲ့သို့ အဆင့်မြင့်ဆေးလုံးမျိုး ဖော်စပ် နိုင်မှာ မဟုတ်ပါဘူး။
“ ဒီမိန်းမကတော့ အရမ်းတော်လွန်းတယ်.. ဘယ်ယောင်္ကျားကမှ သူ့ကို ကြိုက်မှာ မဟုတ်ဘူး.. ”
ရှောင်ယွင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသလို ရဖေးကို ကြည့်ရင်း သူ့စိတ်ထဲ ပြောလိုက်မိသည်။ ဟုတ်တော့ ဟုတ်သည်။ ရဖေးပြောသွားသည်က အမှန်နီးပါးပင် မဟုတ်လား။
“ ဒီလို လုပ်ရပ်က အောက်တန်းကျတဲ့ ယောင်္ကျားတွေ လုပ်တတ်တဲ့ လုပ်ရပ်ပဲ.. ”
ရဖေးက မျက်ခုံးလေးအား ပင့်ကာ အထင်သေးဟန်ဖြင့် ပြောလိုက် သည်။
ရှောင်ယွင် စိတ်ပျက်သွားသည်။ ဤကဲ့သို့ အရေးမကြီးသော အကြောင်းအရာအား ဆွေးနွေးဖို့ သူ့မှာ အချိန်မရှိပါဘူး။ ပါးစပ်ထဲမှာ ကိုက်ဝါးနေသော မိုးမခအရွက်အား ထွေးထုတ်လိုက် သည်။ ထို့နောက် အေးဆေးဟန်ဖြင့် ပြောလိုက်သည်။
“ ခင်ဗျားလည်း အကြောင်းအရင်းကို သိနေပြီးပဲ.. ကဲပါလေ နောက်မှ ခင်ဗျားကို လာရှာမယ်.. လောလောဆယ် ဒီလျှို့ဝှက်ချက် ကို မပေါက်ကြားစေနဲ့ဦး.. ဒါက အားလုံးအတွက် အကျိုးရှိမဲ့အရာပဲ”
ပြောပြီးနောက် သူ့နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်သည်။ အရှေ့က အလှအပလေးကို ကြည့်လိုက်ပြန်ကာ
“ ငါ့ကို ချောက်တွန်းဖို့လည်း မလုပ်နဲ့.. မဟုတ်ရင်.. ခင်ဗျားမှာ အကျိုးရတာထက် ပိုဆုံးရှုံးသွားလိမ့်မယ်.. ”
“ ငါက ဦးနှောက်မပါတဲ့ မိန်းမများ မှတ်နေလား. ”
ရဖေးမှာ စကားပြောနေရင်း သူမ၏ ရင်ဘတ်အား မသိလိုက်မိစွာ မို့ထားမိလိုက်သည်။
ရှောင်ယွင်က သူမ၏ ရင်ဘတ်ပေါ်က မို့ထွက်နေသော ရင်နှစ်မြွာ အား ခပ်တည်တည်ဖြင့် ကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ် ရင်း ပြောလိုက်သည်။
“ ရင်ဘက်က တော်တော်ကြီးတာပဲ.. ကံကောင်းတာက ခင်ဗျားမှာ ဦးနှောက်ပါလာတာမို့ပဲ.. နို့မဟုတ်ရင် ခင်ဗျားက အလှကြည့်ဖို့ သက်သက်ပဲ..”
“ ဘာ..”
သူမထက် အသက်ငယ်သော ကောင်လေးတစ်ယောက်က ဒီလို အရှက်ကင်းမဲ့သော စကားအား ပြောခံထိရ၍ ရဖေးမှာ ခေါင်း တခါခါ ဖြင့် ရယ်ရမလိုလို ငိုရမလိုလို ဖြစ်သွားခဲ့သည်။ ယခုလို စရိုက်နှစ်ခွမျိုးနဲ့ ရှောင်ယွင်ကို ရိုးသားသောလူငယ်လေးတစ်ယောက်အဖြစ် မြင်ကြည့်ရန် ခက်လှပေသည်။ လူကို မအီမလည် ခံစားစေရနိုင်သည်။
“ ငါတို့ သဘောတူညီချက်ကရော..? ”
ရဖေးက စိုးရိမ်စိတ်ကလေးဖြင့် ရှောင်ယွင်ကို ကြည့်ပြီး မေးလိုက်၏ ဤမေးခွန်းက သူမ အမှန်အကယ်မေးချင်သော မေးခွန်းဖြစ်သည်။
“ ဘာမှ မပြောင်းလဲဘူး.. ခင်ဗျားက ဂျားလီကလန်ကို ဆေးအမယ် ရောင်းတာကို ဆက်ငြင်းထား.. အဲဒါဆို ခင်ဗျားကို ချီစုစည်းဆေးလုံး ၅ လုံးပေးမယ်.. ”
ရှောင်ယွင်က ပခုံးအသာတွန့်ပြီး အေးဆေးပြောလိုက်ရာ ရဖေး စိတ်အေးသွားရသည်။
“ ဟင်ဟင်.. ဒါဆိုလည်း မင်းနဲ့ အလုပ်ဆက်လုပ်ရမှာပေါ့ကွယ်.. ”
ရဖေးက အပြုံးလှလှလေးဖြင့် ပြောလိုက်ရင်း နှစ်လိုဟန်ဖြင့် သူမ၏ လက်အား ဆန့်တန်းပေးလိုက်သည်။
ရှောင်ယွင်က ပျင်းရိစွာဖြင့် ခေါင်းကို ညိတ်လိုက်ပြီး သူမ၏ လက်အား ဆွဲယမ်းလိုက်သည်။ သို့သော် ရဖေးထင်မှတ်ထားသလို မဖြစ်လာပဲ ထိရုံလေးမျှသာ။
မျှော်လင့်ထားသလို မဖြစ်လာသော ရှောင်ယွင်၏ အပြုအမူကြောင့် ရဖေး သိသာစွာဖြင့်ပင် အသက်ပြင်းချလိုက်သည်။
“ မင်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်ဆိုတာ တကယ်ကို ယုံရခက်ခက်ကွယ်.. မင်းက ငါ့ကို နှာတဖျားစာ သာနေတယ် ဆိုတာကိုပဲ သဘောပေါက်လိုက်တယ်.. ”
ရဖေးပြောတာကို လျစ်လျူရှုလိုက်ပြီး ရှောင်ယွင် လက်ကို ဝှေ့ယမ်း လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ စတင်ထွက်ခွာတော့သည်။ စတင် လှမ်းထွက်သွားနေရင်း
“ နောက်တစ်ခါဆုံရင် အရင်အတိုင်းပဲ ပြုမူပြောဆိုပေးပါ.. နို့မဟုတ်ရင် တစ်ယောက်ယောက်က သံသယဝင်သွားလိမ့်မယ်.. ”
ခေါင်းကို အသာအယာ ညိတ်လိုက်ကာ ရဖေး တိုးလျစွာ ပြောလိုက် သည်။
“ မင်းမှာ အချိန်ရခဲ့ရင်လည်း ဆရာ မှော်ဆေးပညာရှင်ကို ပထမတန်းလေလံအိမ်ကို ဖိတ်ခေါ်လာခဲ့လေ.. ငါတို့ သူ့ကို အမြဲ ကြိုဆိုနေမှာပါ.. ”
ရှောင်ယွင် ခြေလှမ်းအား နှေးလိုက်သည်။ သူ့နှာခေါင်းအား ပွတ်သပ်လိုက်ရင်း မရေမရာဖြင့် ပြန်ဖြေလိုက်သည်။
“ အချိန်ရရင် အဲ့ကိစ္စကို ဆက်ပြောကျတာပေါ့.. ”
အနောက်လှည့်ပြီး လက်ကို တစ်ခါ ဝှေ့ယမ်းပြလိုက်ပြီးနောက် တစ်ခါတည်းလှည့်ထွက်သွားတော့သည်။
တဖြည်းဖြည်း ထွက်ခွာသွားကာ ပျောက်ကွယ်သွားသော လူငယ်၏ ပုံရိပ်အား ရပ်ကြည့်နေလိုက်ရင်း ရဖေးက ခေါင်းကို တွင်တွင် ယမ်း နေမိသည်။ အသံတိုးတိုးဖြင့်လည်း ရေရွတ်နေမိသည်။
“ ဘယ်လို မကောင်းဆိုးဝါးလေးလဲ.. အင်း.. နာလန်ကလန်က မိန်းကလေးက သူနဲ့စေ့စပ်ထားတာကို ဘာလို့ ဖျက်သိမ်းချင်ရ တာကိုလည်း နားမလည်နိုင်ဘူး.. သေချာတာက နောင်တစ်ချိန် ကျရင် နာလန်စုတော့ နောင်တရပြီး သွေးအန်လောက်တယ်.. ”
No comments:
Post a Comment