Followers

Chapter 105

အပိုင်း ၁၀၅

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

Battle Through The Heavens

ရှောင်ယွင်သည် လေလံအိမ်မှ လမ်းလျှောက်ထွက်လာ ပြီးနောက် လမ်းမထက်က လူစည်ကားကားရာ လမ်းဆုံ လမ်းခွ တွင် ရပ်လိုက်သည်။ ဆယ်နှစ်ကျော် နေထိုင်လာ ခဲ့သော မြို့ကို ဝေ့ဝဲကြည့်လိုက်ပြီး အထီးကျန်စွာ အသက်ပြင်းချလိုက်သည်။ လက်သီးကို ကျစ်ကျစ်ဆုပ် ပြီး စိတ်အားတင်းလိုက်ကာ သူ့ကိုယ်သူ တိုးတိတ်စွာ ပြောလိုက်သည်။ 

"အပြင်လောကကြီးက သေချာပေါက် ပိုပြီး စိတ်လှုပ်ရှား ဖို့ ကောင်းမှာပဲ.."

ရှောင်ယွင်သည် ပြုံးလိုက်ပြီး စိတ်ထဲက နောက်ဆုံး စိတ်ဓာတ်ကျနေခြင်းအား မောင်းထုတ်လိုက်သည်။ အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း လျှောက်လိုက်ပြီး လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ 

လိုအပ်သည့် ပစ္စည်းများ ပြင်ဆင်ထားပြီးနောက်တွင် ရှောင်ယွင်သည် အနားယူဖို့သာ တွေ့လိုက်ပြီး ကျန်သည့် လက်ကျန်နှစ်ရက်အတွင်း ငြိမ်းချမ်းတိုးတိတ်စွာ ကုန်ဆုံး လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှောင်ယွင်၏ စိတ်ခံစား ချက်ကို သိ၍ ရွဲ့လော်သည်လည်း အနှောင့်အယှက် မပေးတော့ဘဲ ရှောင်ယွင်ဆန္ဒအတိုင်း လိုက်လျောပေး လေသည်။ 

ထိုရက်ပိုင်းအတွင်း ငြိမ်သက်နေသော ရှောင်ယွင်ထံမှ တစ်စုံတစ်ခုကို ရှင်းအားလည်း ခံစားနေရသည့်ဖြစ်ရာ ထိုရက်ပိုင်းအတွင်း သူမသည် အချိန်အားလပ်သော် လည်း ရှောင်ယွင်ကို ဒီအတိုင်းပင် လွှတ်ထားပေးလိုက် ၏။ သူမ၏ ရွှင်ရွှင်ပျပျရှိတတ်သော မျက်ဝန်းတွင် ယခု အခါ ခွင့်မပြုလိုခြင်းနှင့် တမ်းတလွမ်းဆွတ်ခြင်းတို့သာ ပြည့်နှက်လို့နေသည်။

ထိုကဲ့သို့ ခံစားရနေခြင်းအား ကြုံရသည့်အခါ ရှောင်ယွင် မှ ကိုယ့်ကိုယ်ကို အားမလိုအားမရသာ ဖြစ်နေမိတော့ သည်။ ရှင်းအာနှင့်ဆုံတွေ့သည့်အခါတိုင်း သူမ စိတ် သက်သာရာရအာင် အားပေးခြင်းတစ်ခုသာ တတ်နိုင် ခဲ့သည်။ 

ရှောင်ယွင်သည် ကလန်အိမ်ဝင်းထဲက လမ်းကြားတစ်ခု တွင် လမ်းလျှောက်နေရင်း ပျင်းရိစွာဖြင့် အကြောဆန့် လိုက်သည်။ ဒီနေ့တွင် သူ ထွက်ခွာရတော့မည်။ ထို အကြောင်းကိုလည်း သူ့အဖေအား ပြောပြထားပြီးပြီ ဖြစ် သည်။ 

ရှောင်ကျန်းမှာ ရှောင်ယွင် ခရီးထွက်မည့် သတင်းကို ကြားလိုက်ရသည့်အခါ အင်မတန်ကို စိုးရိမ်စွာဖြင့်  ခွင့်မပြုလိုသော်လည်း ရှောင်ယွင်မှာ ဤဝူတန်မြို့ သေးသေးလေးတွင် သူ့ကိုယ်သူ အမြဲတမ်း ပိတ်လှောင် နေမည် မဟုတ်ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိနေသည်။ ရှောင်ယွင်၏ အရည်အချင်းဖြင့် မိုးကောင်းတမျှ ကျယ်ပြောလှသော အပြင်လောကကြီး အား ခရီးဆန့်ခြင်းသည်သာလျှင် ရှောင်ယွင်၏ စိတ်နှလုံးအား တင်းတိမ် ကျေနပ်အားရစေနိုင်မည်။

စွန်ရဲပေါက်လေးများဟာ အတောင်အလက်စုံလင်သည့် အချိန်တွင် ကောင်းကင်သို့ ပျံတက်မည်မှာ ဓမ္မတာပင်။ 

" ယွင်အာ.. အနာဂတ်မှာ မင်းမှာ အခွင့်အခိုက်ကြုံခဲ့ရင် အပြင်လောကမှာ အတွေ့အကြုံရှာချင်ရင် ဂျားမာအင်ပါ ယာအပြင်ဘက်မှာ ရှိတဲ့ ကျောက်သဲကန္တာရမြို့ကို သွား ကြည့်လိုက်ပါ.. မင်းရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ အဲဒီမှာ အခြေချနေပြီး.. ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူတို့  သဲကန္တာရသံမဏိ ကြေးစားစစ်သည်အဖွဲ့ကို တည်ထောင်ခဲ့တယ်.. အခုတော့ အဲဒီဒေသမှာ အင်းအားတောင့်တင်းတဲ့ အဖွဲ့ တစ်ခု ဖြစ်နေပြီး.. "

စာဖတ်ခန်းတွင် သူ့အဖေ ပြောသွားခဲ့သော စကားအား  ပြန်တွေးရင်း ရှောင်ယွင်မျက်နှာတွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့၏ အစ်ကိုနှစ်ယောက်သည် အရွယ်ရောက်ခြင်းအခမ်းအနားအား ကျော်ဖြတ်ပြီးသည် နှင့် အတွေ့အကြုံရှာရန်ဟူ၍ ရှောင်ကလန်မှ ထွက်သွား ခဲ့သည်။ ထိုအချိန်တွင် သူ့အဖေမှာ ရှောင်ကလန်ခေါင်း ဆောင် မဖြစ်သေးချေ။ ပြီးခဲ့သည့်နှစ်အတော်အတွင်းမှာ လည်း ကြေးစားစစ်သည်အဖွဲ့နှင့် ပတ်သတ်ပြီးအလုပ်ရှုပ် နေကြရာ ဝူတန်မြို့ကိုပင် သိပ်မပြန်ဖြစ်တော့ချေ။ သူတို့  ငယ်ရွယ်စဉ်အချိန်က ညီအစ်ကို သံယောဇဉ်အား ရှောင်ယွင် အမှတ်တရ ရှိနေဆဲပါ။ 

" ရှောင်ယွင်.. "

နူးညံ့ညင်သာသော ခေါ်သံတစ်ခုက ရှောင်ယွင် အတွေး ရေယာဉ်တွင် မျောပါနေမှုအား ရပ်တန့်သွားစေသည်။ လမ်းကွေးတစ်ခုကို ကွေ့ဝင်တော့မည် ခြေလှမ်းကိုလည်း ရပ်လိုက်သည်။ ခေါင်းကို မော့ပြီး လမ်းတစ်ဖက်တွင် ရှိနေသော မိန်းမလှတစ်ယောက်ကို ကြည့်လိုက်သည်။ ရှောင်ယွင်သည် ပြုံးရွှင်စွာဖြင့် ထိုမိန်းမလှအား စကား စပြောလိုက်သည်။ 

" ဆရာမရိုလင်း.. ဆရာမက စာရင်းသွင်းတဲ့ ရွက်ဖျင်တဲ မှာ ရှိနေရမယ် မဟုတ်ဘူးလား.. "

" ပစ္စည်းယူစရာရှိလို့ ပြန်လာတာပါ.. အခု ရှင်းအာက အဲဒါကို သွားယူပေးနေတယ်.. "

ချိုသာသော အပြုံးနှင့်အတူ ဆရာမရိုလင်းသည် အရှေ့ ကို ဖြည်းဖြည်းလှမ်းလာပြီး ရှောင်ယွင်ကို စေ့စေ့ကြည့်ပြီး မေးလိုက်သည်။ 

" ထွက်သွားဖို့ ပြင်ဆင်နေပြီးလား.. "

" ဟုတ်. "

ရှောင်ယွင်သည် နှာခေါင်းအား ပွတ်လိုက်ပြီး ခေါင်းညိတ် လိုက်သည်။ 

" ယုအာနဲ့ ရှင်းအာကိုရော ပြောပြီးပြီလား.. "

" အဆင်ပြေပါတယ်.. တကယ်လို့ နှုတ်ဆက်လိုက်ရင် သူတို့ စိတ်မကောင်းဖြစ်နေမှာ.. တိတ်တိတ်လေး ထွက် သွားတာပဲ ပိုကောင်းပါတယ်.. "

ရှောင်ယွင်သည် ပခုံးတွန့်လိုက်ပြီး ပြုံးထားလျက် ဖြေလိုက်သည်။ 

" မင်းအတွက်တော့ ပေါ့ပေါ့လေး ဖြစ်နေမှာပေါ့.. ဒါပေမဲ့ တခြားသူအတွက်တော့ ဝမ်းနည်းသွားကြမယ်.. "

ဆရာမရိုလင်းသည် ရှောင်ယွင်ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခဏအကြာ မျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် ညင်သာစွာဖြင့် ပြောလိုက်ပြန်သည်။ 

" နောက်တစ်နှစ်ကျရင် တစ်စုံတစ်ယောက်က တိမ်မြူဂိုဏ်းနဲ့ ရင်ဆိုင်တိုက်ခိုက်လိုက်တဲ့ သတင်းကို ကြားရဖို့ ငါ မျှော်လင့်ပါတယ်.."

ရှောင်ယွင်မှာ အနည်းငယ် အံ့သြသွားပြီးနောက် ပြုံးလိုက်ပြီး ခေါင်းကို ညိတ်လိုက်သည်။ ကလန်အိမ်တွင် အရက်အနည်းငယ်နေထိုင်ပြီးမှတော့ နလန်ရိရွမ်နှင့် သူ့အကြောင်းအား သိကြပေလိမ့်မည်။သို့သော် သူမအား မည်သူက ပြောပြလိုက်သလဲကိုတော့ မမေးမြန်းတော့ချေ။

 " တကယ်ဆိုလေ.. အဲဒီကောင်မလေးက အခု မင်းရဲ့ စွမ်းအားကို မြင်သွားခဲ့ရင် သူ့ရဲ့ မျက်နှာက ဘယ်လိုဖြစ် သွားမလဲဆိုတာ ငါ တကယ်စိတ်ဝင်စားမိတယ်.."

ဆရာမရိုလင်း၏ မျက်နှာတွင် ကျီစယ်လိုသော အပြုံး တစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ 

ရှောင်ယွင်သည် ဆရာမရိုလင်းနှင့် အချိန်အတော်ကြာ အထိ ဆက်လက် စကားဆိုလိုက်ပြီးနောက် နှုတ်ဆက် လိုက်သည်။ ဆရာမရိုလင်း၏ စိတ်ဝင်စားသော အကြည့် အောက်မှာပဲ ရှောင်ယွင်သည် လမ်းသွယ်အတိုင်း လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးတွင် လမ်းချိုးတစ်ခုတွင် ချိုးဝင်ပျောက်ကွယ်သွားသည်။ 

ရှောင်ယွင်သည် လမ်းသွယ်အတိုင်း လျှောက်လှမ်းသွား ပြီးနောက် သူ့အခန်းထဲကို ဝင်လိုက်သည်။ ထို့နောက် ခေါင်းအုံးအောက်တွင် ထားထားသော သိုလှောင်လက် စွပ် သုံးကွင်းကို ထုတ်ယူလိုက်သည်။ အနီရင့်လက်စွပ် ကိုမူ ဝတ်ဆင်လိုက်ပြီး ကျန်သည့် နှစ်ကွင်းကို ရင်ဘက် ထဲ ထည့်သွင်းသိမ်းလိုက်သည်။ လက်စွပ်သုံးကွင်းမှာ အဆင့်နိမ့်သိုလှောင်လက်စွပ်ဖြစ်နေသော်လည်း ၎င်းတို့ သည် တန်ဖိုးကြီးသည့် ပစ္စည်းများ ဖြစ်ကြသည်။ လူတစ် ယောက်သည် အပြင်လောကသို့ ခရီးထွက်သည့်အခါ ချမ်းသာကြွယ်ဝမှုကို ပေါ်လွင်စွာ မပြသသင့်ပေ။ ထိုအချက်ကို ရှောင်ယွင် ကောင်းစွာ သဘောပေါက်ထား သည်။ 

ရှောင်ယွင် သယ်ဆောင်သွားမည့် အရာများသည် ရိုးရှင်း သော ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းအားလုံးအား သိုလှောင်လက်စွပ်အတွင်း အကုန်ထည့်ထားသည်။ ရှောင်ယွင်သည် အခန်းတံခါးဝတွင် ရပ်လိုက်သည်။ ဗလာကျင်းသွားသော အခန်းအား ပြန်ကြည့်လိုက်ပြီး နောက် လေးလံသော အသက်ပြင်းချလိုက်သံနှင့်အတူ အခန်းတံခါးအား ညင်သာစွာ ပိတ်လိုက်သည့်အသံကပါ ကပ်ပါလာခဲ့သည်။ အခန်းအတွင်းကျနေသော နောက် ဆုံးလက်ကျန် နေရောင်ခြည်အလင်းတန်းလေး ပျောက် ကွယ်သွားခဲ့ပြီး။

ရှောင်ယွင်သည် မည်သူ့ကိုမျှ အနှောင့်အယှက်မပေးဘဲ ထွက်သွားခြင်း ဖြစ်သည်။ လူငယ်တစ်ယောက် ပုံမှန် အဝတ်အစားနှင့်သာ ဝင်ပေါက်တံခါးမကြီးကနေ မည်သည့်ပစ္စည်းမှ ကိုင်ဆောင်ထားခြင်းမရှိ..လမ်းမ အတိုင်းသာ လှမ်းလျှောက်လျက်.. တံခါးအစောင့်တို့ လေးစားသည့် အကြည့်အောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူ ဘယ်အချိန် ပြန်လာ မလဲဆိုတာ အခုအချိန်တွင် အစောင့်တို့ မသိနိုင်တော့ပြီ။ နောက်တစ်နှစ် အိမ်ပြန်လာမည့်အချိန်အခါကျမှ သိကြ ပေလိမ့်မည်။ 

ရှင်းအာ၏ စိတ်သည် မငြိမ်းအေးနေသည်။ သူမ၏ မျက်ဝန်းတွင် ညှိုးမှိုင်းခြင်းအား မြင်တွေ့နေရသည်။ အာရုံတစ်ချက်ချက် ထွေပြားနေသော သူမသည် ဒီနေ့တွင် သူမ၏ စိတ်နှလုံးသည် ဒီနေရာတွင် မရှိနေမှန်း လူတိုင်း သိမြင်နိုင်သည်။ 

" ညီမလေးရှင်းအာ.. ရေသောက်ပါဦး.."

ချိုသာသော ယောင်္ကျားလေးအသံက သူမ၏ ဘေးနား တွင် ထွက်ပေါ်လာသည်။ ချောမောသော လူငယ်တစ် ယောက် ရေအေးအေးတစ်ခွက်ကို လက်တွင်ကိုင်ထား ပြီး ပြုံးနေပါသည်။ 

ရှင်းအာ၏ အတွေးရထားတို့ လမ်းချော်သွားသည်။ သူမ ၏ ခေါင်းကို မော့ပြီး ဘေးနားတွင် ရှိနေသည့် လူငယ်ကို ကြည့်လိုက်သည်။ ထိုလူငယ်သည် ကျောင်းသားအသစ် စုဆောင်းသည့် အဖွဲ့တွင် စွမ်းအားအကြီးဆုံးဖြစ်ကာ လိုဘူသည်ပင် သူ့ထက် အားနည်းပေသည်။ တဖန် လိုဘူ ကဲ့သို့ ဟန်ဆောင်မှုများသည့် အပြုံးအမူအရာမျိုး လည်း ထိုလူငယ်တွင် မရှိချေ။ တခြားသော ကျောင်းသူ ကောင်မလေးတချို့နှင့် ရှင်းအား စကားပြောဆိုသည့် အခါတွင်လည်း အဖွဲ့ထဲမှ မိန်းကလေးတော်တော်များ များသည် ထိုလူငယ်အား သဘောကျသည့် စိတ်ခံစား ချက်များ ရှိနေကြသည်ကို သူမ တွေ့ခဲ့သည်။ ထိုလူငယ် သည် စွမ်းအားကြီးရုံသာမက နှစ်လိုဖွယ်လည်း ကောင်း ကာ ယဉ်ကျေးသူတစ်ယောက်လည်း ဖြစ်သည်။ 

သို့ပေမဲ့ ထိုလူငယ်၏ အပြုံးက နူးညံ့ပြီး ရိုးသားနေသော် လည်း ရှင်းအာ၏ စိတ်ဝင်စားခြင်းကို မဖမ်းဆုပ်နိုင်ခဲ့ပါ ဘူး။ ရှင်းအာသည် ထိုလူငယ်အား တချက်ကြည့်လိုက် ပြီး ငိုင်တွေစွာဖြင့် ခေါင်းကို ခါလိုက်ပြီး 

" မသောက်တော့ပါဘူး.. ကျေးဇူးတင်ပါတယ်.. "

ရှင်းအာ၏ သူစိမ်းဆန်သည့် အပြုအမူက လူငယ်၏ မျက်နှာအမူအရာကို တစ်ချက်မှ မပျက်ယွင်းသွားစေပါ။ စိတ်ထဲ ဘာမှမဖြစ်သွားသည့် သဘောဖြင့် ပခုံးကို တွန့် လိုက်ပြီး ရေခွက်ကို ဆက်ကိုင်ထားပြီး ပေါ့ပါးစွာ ပြုံး လိုက်ရင်း စကားပြောသည်။ 

" ဒီနေ့ စာရင်းသွင်းတာ ညီမလေးရှင်းအာရဲ့ အကူအညီ ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့အားလုံး အလုပ် တွေနဲ့ မနိုင်မနင်းဖြစ်ကုန်ကြမှာပဲ.. ကူညီပေးလို့ ကျေးဇူး ပဲနော်.. "

" ဆရာမရိုလင်းက ရှင်းအာကို ဒီမှာ လာကူဖို့ ခေါ်ထား လို့ပါ.. "

ရှင်းအာသည် ခေါင်းကို ခါလိုက်သည်။ ထို့နောက် စကား ဆက်လက်ပြောချင်နေသည့် လူငယ်ကို ကြည့်လိုက်ပြီး ညင်သာစွာဖြင့် မေးလိုက်သည်။ 

" စီနီယာအစ်ကို... ရှင်းအာဘာသာ တစ်ယောက်တည်း နေချင်လို့ပါ.. "

" အော်. တောင်းပန်ပါတယ်.. စကားပြောတာ နည်းနည်း များသွားပြီး.. အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါ တယ်.. "

လူငယ်အပြုံးသည် အနည်းငယ် မရွှင်မပျ ဖြစ်သွားသည်။ ထို့နောက် ပြုံးရင်း ခေါင်းညိတ်လိုက်ပြီး ရွက်ဖျင်တဲဘက် ကို ဦးတည်သွားလိုက်သည်။ 

" ဟေ့ဟေ့.. လင်နန်.. ဘာဖြစ်လာတာလဲ.. မင်း သူ့ကို ကြိုက်သွားတာလား... "

ရွက်ဖျင်တဲအနား နီးကပ်လာချိန်တွင် ပျော်ရွှင်မြူးတူးပြီး စနောက်သည့် အသံကို ရုတ်တရက် ကြားလိုက်သည်။ 

လင်နန်ဟု အမည်ရသည့် ထိုလူငယ်သည် ခြေလှမ်းကို ရပ်လိုက်ပြီး ပြုံးရွှင်နေသည့် မျက်နှာနှင့်ရှိနေသော လိုဘူ အား စောင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် သက်တောင့် သက်သာပုံစံဖြင့် ရွက်ဖျင်တဲ၏ တိုင်တစ်လုံးအား ကျောမှီလိုက်ပြီး လက်ထဲက ရေခွက်ကိုလည်း တစ်ငုံ သောက်လိုက်ချေသေးသည်။ ပြီး  နေရောင်အောက်က ပိန်သွယ်သော ကောင်မလေးကိုလည်း တစ်ချက် ပြန်ပြီး စောင်းငဲ့ကြည့်လိုက်ပြန်သည်။ သူ့၏ မျက်ဝန်းတွင် စွဲလမ်းခြင်းတို့သည် ကခုန်နေလျက်ရှိသည်။ နှုတ်မှ လည်း မှတ်ချက်စကားတစ်ခွန်း ထွက်ပေါ်လာသည်။ 

" ဒီလိုအဆင့်အတန်းမြင့်တဲ့ မိန်းကလေးမျိုးကို တွေ့ရဖို့ ဆိုတာ ရှားပါးလွန်းတယ်.. ဂျားနန် အကယ်ဒမီကျောင်း မှာ ရှိတဲ့ ဘယ်မိန်းကလေးမှ သူ့ကို ယှဉ်နိုင်လောက်တဲ့ သူမျိုး တစ်ယောက်မှ မရှိဘူး. "

" သိပ်ဟုတ်တာပေါ့.. ဒါပေမဲ့ သူကလည်း မင်းကို စိတ်မဝင်စားနေဘူးလေ.. "

လိုဘူက ကျီစယ်စကားဆိုပြီး ပြုံးနေလိုက်သည်။ 

" စိတ်ဝင်စားဖို့ဆိုတာ ဖန်တီးလို့ရပါတယ်.. အချိန်တွေ အများကြီးရှိပါသေးတယ်.. ဘာလို့ လောနေရမှာလဲ.. "

လင်နန်က အေးအေးဆေးဆေးပင်...

" ကောင်မလေးက ရှောင်ယွင်လို့ ခေါ်တဲ့ ငနဲနဲ့ ဆက်ဆံရေးက အတော်လေး ကောင်းနေတယ်.. "

လိုဘူက ထိုစကားအား အေးဆေးပေါ့ပါးစွာ ပြောလိုက် ပေမဲ့လည်း အဝေးမှာရှိနေသည့် မိန်းမငယ်လေးကို လည်း တစ်ချက်ကြည့်လိုက်ရပါသေးသည်။ 

လှုပ်ယမ်းနေသည့် ရေခွက်က အနည်းငယ် နှေးကွေး သွားသလို လင်နန်၏ မျက်ခုံးမှာလည်း အနည်းငယ် တွန့်ကွေးသွားသည်။ 

" အဲဒီကောင်က ဆရာမရိုလင်းရဲ့ အကွက် ၂၀ ကို တကယ်ကို ခုခံနိုင်ခဲ့တာလား.."

" သိပ်မှန်တာပေါ့.. အဲဒီနေ့တုန်းက မင်းနဲ့တခြားလူတွေ က စမ်းသပ်ခြင်းသွားလုပ်နေရတော့ မမြင်လိုက်ရဘူးပေါ့ ဒါပေမဲ့ ဆရာမရိုလင်းက ရေမြွေသိုင်းတောင် ထုတ်သုံး လိုက်ရတာကို ငါတို့ကိုယ်တိုင် မြင်လိုက်ရတယ် ဒါပေမဲ့ အဲဒီကောင်က အဲဒါကို တကယ်ပဲ ခုခံနိုင်ခဲ့တယ်ကွာ  "

လိုဘူက လေးနက်သော လေသံဖြင့် ပြောပြနေသည်။ ထိုနေ့က တိုက်ပွဲအား ပြန်မြင်ယောင်နေသည့်အလား အံ့အားသင့်သည် အရိပ်က သူ့မျက်နှာတွင် လျှပ်တပြက် ဖြတ်သန်းဖြစ်ပေါ်ခဲ့သည်။ 

လင်နန်သည် ဖန်ခွက်ကို တင်းတင်းကိုင်၍ ရေအားလုံး ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။ သူ့ နှုတ်ခမ်းက တွန့်ကွေးသွားပြီး ပြောလိုက်သည်။ 

" ဒါက မှန်ကန်နေရင်တောင် ငါတော့ နောက်ဆုတ်မှာ မဟုတ်ဘူး.. အဲဒီကောင်ရဲ့လေ့ကျင့်တဲ့ နှုန်းထားက ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ.. မိန်းမတွေကို ပိုးပန်းတဲ့နေရာမှာ ငါ့အဆင့်ကို သူ ဘယ်မှီမလဲ.. ဟွန့်... နောက်ပြီး သူက တစ်နှစ်လောက် ရှင်းအာအနားမှာ မရှိမှာ မဟုတ်လား.. ဆိုတော့ ဒီနှစ်အတွင်းမှာ ရှင်းအား ရဲ့ ခံစားချက်ကို ဖမ်းဆုပ်နိုငင်ဖို့ ငါ့မှာ အချိန်အများကြီးရှိ နေသလို ဟိုကောင်အပေါ်မှာ ရှိနေတဲ့ ရှင်းအားရဲ့ စိတ်ခံစားချက်ကိုလည်း ယိမ်းယိုင်သွားစေရမှာပေါ့.. "

ထိုစကားအား ပြောနေသည့်အချိန်တွင် လင်နန်သည် သူ့ကိုယ်သူ အနည်းငယ် ဝင့်ကြွားလို့နေသည်။ သူကိုယ်သူ အတွေ့အကြုံရှိ ကစားသမားတစ်ယောက်လို မိန်းကလေးငယ်တွေ၏ အသည်းနှလုံးအား ဘယ်လိုဖမ်း စားရမလဲဆိုတာ ယုံကြည်မှုက ရှိနေလေသည်။ 

" ရှင်းအာ.. "

ထိုအခိုက်တွင် ကွင်းပြင်ပနေရာတွင် ဆရာမရိုလင်းသည် ရုတ်တရက် ပြေးလာပြီး မိန်းမပျိုလေး၏အရှေ့တွင် ရပ် တန့်လိုက်သည်။ အသက်ကို အမောတတော ရှုလိုက်ပြီး နောက် ညင်သာစွာဖြင့် ပြောပြလိုက်သည်။ 

" သူ ထွက်သွားပြီး.. "

ရှင်းအာ၏ လက်သေးသေးလေးမှာ အနည်းငယ် တုန်ရီသွားပြီး ငြိမ်သက်စွာ သတိလက်လွတ်သွားသလို ဖြစ်သွားကာ သူမ၏  ဦးခေါင်းသည်လည်း အနည်းငယ် ငိုက်စိုက်ကျသွားလေ၏။

" ရှင်းအာ.. ဝမ်းမနည်းပါနဲ့.. ဒီလို ခွဲခွာရတာဟာ အမြဲတမ်းမှ မဟုတ်တာ.. "

ဆရာရိုလင်းသည် အသက်ပြင်းချ၍ တိတ်ဆိတ်ငြိမ်သက် သွားသော ရှင်းအာကို ကြည့်ပြီး နှစ်သိမ့်မှု ပေးလိုက်၏။

" ဟုတ်.. "

ရှင်အာသည် ခေါင်းကို အသာညိတ်လိုက်သည်။ ရုတ်တရက် သူမသည် မတ်တတ်ရပ်လိုက်ပြီး ဆရာမရိုလင်း၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်အောက် မှာပဲ ရွက်ဖျင်တဲအပြင်ဘက်တွင် ရှိနေသည့် လင်နန်နှင့် လိုဘူတို့ နှစ်ယောက်ဆီကို လျှောက်သွားလိုက်သည်။ 

မိန်းမပျိုသည် ဖြည်းညှင်းစွာ လျှောက်လာပြီး နောက်ဆုံး တွင် သူတို့နှစ်ယောက်အရှေ့တွင် ရပ်လိုက်သည်။ သူမ၏ ချောမောလှပသည့် မျက်နှာထက်တွင် ဒေါသ အရိပ်အယောင် တစိုးတစိမှမရှိချေ။ သူမ၏ အသက်ဝင် ဖျတ်လတ်သည့် မျက်ဝန်းက လင်နန်နှင့်လိုဘူအား ကြည့်ရင် နူးညံ့စွာ ပြောလိုက်သည်။ 

" စီနီယာအစ်ကိုတို့.. ရှင်းအာနဲ့ တစ်ပွဲလောက် အဖော်ပြု ယှဉ်ပြိုင်ပေးလို့ ရမလား.. "

" အမ်.. "

ရှင်းအာ၏ တောင်းဆိုစကားကို ကြားလိုက်ရသည့်အခါ လင်နန်မှာ မှင်တက်အံ့သြသွားသည်။ အတော်ကြာမှ ပြုံးရယ်ကာဖြင့် ပြောလိုက်သည်။ 

" ညီမလေးရှင်းအာရဲ့ တောင်းဆိုမှုကို မငြင်းပါဘူးဗျာ.. ယှဉ်ပြိုင်တဲ့အချိန်မှာလည်း ရှင်းအာရဲ့ စွမ်းအားအဆင့်နဲ့ ညီအောင် အစ်ကိုရဲ့စွမ်းအားကို ဖိနှိပ်ထားပေးမယ်လေ "

ရှင်းအာမှာ သူမ၏ မျက်တောင်ရှည်ကို တဖျတ်ဖျတ်ခတ် ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ရွက်ဖျင်တဲထဲသို့ တည့် တည့် ဝင်သွားသည်။ သူမ၏ မျက်နှာထက်တွင် တည်ငြိမ်သည့် အမူအရာသာ ရှိသည်။ 

" ဟေ့.. မင်း သတိထားနော်.. သူ့ရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၆ လုံးနော်.. "

လိုဘူသည် ရှင်းအာ ရွက်ဖျင်တဲထဲ ဝင်သွားသည်ကို ကြည့်ပြီး လင်နန်အား သတိပေးစကား ပြောလိုက်သည်။ 

" လွန်ခဲ့တဲ့ နှစ်လကတည်းက ငါ ကြယ် ၇ လုံး ဖြစ်နေပြီး ကွ.. "

ပေါ့ပါးစွာ ရယ်မောလိုက်ရင်း လင်နန်သည် ရွက်ဖျင်တဲ ဘက်ကို ကြည့်လိုက်သည်။ 

" ကြည့်ရတာ ဒါက အစပျိုးဖို့ အကောင်းဆုံးပဲ.. ကောင် မလေးအများစုက ဒီလိုအချိန်မှာ နှလုံးသားက နုနယ် နေတဲ့အချိန်ပဲလေ.. "

လင်နန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့ညွတ် သွားသည်။ အင်္ကျီအား သပ်ရပ်စွာ ခါရှင်းလိုက်ပြီးနောက် လိုဘူ၏ မနာလိုသော အကြည့်အောက်တွင်  ရွက်ဖျင်တဲ အတွင်းသို့ ဝင်သွားလိုက်သည်။ 

ရွက်ဖျင်တဲအပြင်ဘက်တွင် လိုဘူသည် မိနစ်အနည် ငယ်လောက် ရပ်စောင့်နေသည့်အချိန်တွင် ရွက်ဖျင်တဲ အရွက်သားသည် ဖျတ်ခနဲ ပွင့်သွားပြီး မိန်းမပျိုလေး သည် ပေါ့ပေါ့တန်တန်အမူအရာဖြင့် ဖြည်းလေးစွာ ထွက်လာသည်။ 

" ဟမ်.. "

ရှင်းအာက ပထမဦးစွာ ထွက်လာသည်ကို မြင်သည့်အခါ လိုဘူမှာ အံ့အားသင့်သွားသည်။ သို့သော် မိန်မပျိုလေး ၏ မျက်နှာအမူအရာကို မြင်သည့်အခါ စပ်စုပြီး မမေးရဲ ချေ။ 

မိန်းမပျိုသည် ရွက်ဖျင်တဲ အပြင်ဘက်တွင် ရပ်လိုက်ပြီး ခေါင်းကို မော့ကာ နေလုံးအား ကြည့်လိုက်သည်။ ဒီအချိန်ဆို ရှောင်ယွင် မြို့ကနေ ထွက်သွားလောက်ပြီး လား.. ??

ရှင်းအာ၏ နူးညံ့လှပသော လက်ကလေးသည် နဖူးထက် က နွယ်ကျနေသော ဆံပင်ကို သပ်ဖယ်လိုက်သည်။ ခဏအကြာတွင် လိုဘူအား ပြန်လှည့်ကြည့်ပြီး ညင်သာ စွာ ပြောလိုက်သည်။ 

" နောက်နောင်အချိန်မှာ အစ်ကိုရှောင်ယွင်အကြောင်း မကောင်းပြောတဲ့သူကို ရှင်းအာလက်နဲ့ သေရလိမ့်မယ် "

တက်ကြွပြီး စူးရှသည့် အကြည့်ဖြင့် အကြည့်ခံနေရ၍ လိုဘူမှာ အတင်းပင် ပြုံးထားရသည်။ သို့ပေမဲ့ သူ့ နှလုံးသားထဲက အေးစိမ့်မှုများ စိမ့်တက်လာသည်ကို ခံစားနေရသည်။ 

ရွက်ဖျင်တဲအတွင်းမှာတော့ လင်နန်မှာ မြေပြင်ထက်တွင် လဲကျနေသည်။ ချောမောလှပသည့် သူ့မျက်နှာသည် အထိုးခံထိထား၍ အညိုအမဲစွဲနေသည်။ သူ့ကိုယ်ဘေး နားတွင် သွေးပေနေသော သွားဆယ်ချောင်းတို့က ပြန့် ကျဲလို့နေသည်။ အင်မတန်ကို ချောက်ခြားဖွယ် မြင်ကွင်း တစ်ခုပါပေ။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...