Followers

Chapter 149

အပိုင်း ( ၁၄၉ )  ချိုင့်ဝှမ်းငယ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

သုသာန်တစ်စပြင်အလား အလုံးစုံ ပြောင်းလဲသွားသည့် ခြံဝန်းကို ရှောင်ယိရှန် အံ့အားသင့်စွာဖြင့် ငေးကြောင်ကြည့်နေသည်။ ရွှင်းပေတံဓားကြီးအား ထမ်းထားသည့် လူငယ်လေးကို မြင်တဲ့အခါ သူမ၏ မျက်ဝန်းတွေက အရောင်တောက်ပသွားသည်။ ထို့နောက် သူမသည် အပြာရောင်သိမ်းငှက်ကြီး၏ အမွှေးတောင်ကို ညင်ညင်သာသာဖြင့် ပွတ်သပ်လိုက်ကာ ခြံဝန်းအတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ 

သူမသည် အပြာရောင်သိမ်းငှက်ကြီးအပေါ်မှ သွက်လက်စွာ ခုန်ဆင်းလိုက်ပြီး ရှောင်ယွင်အနားသို့ လျှောက်သွားလိုက်သည်။ မူရှိလွင့်စင်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးသည့်အသံဖြင့် မေးလိုက်၏

“ သူ အခြေအနေ ဘယ်လိုရှိမလဲ.. ”  

“ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်ပေါ့.. ”    ရှောင်ယွင်လည်း သည်းသည်းထန်ထန်  ချောင်းဆိုးလိုက်ပြီးနောက် တစ်ချက် ပြုံးလိုက်ရင်း ပြောလိုက်၏။ ပါးစပ်ကို လက်ဖြင့် အုပ်ထားပေမဲ့ မကြာခင်မှာပဲ လက်ကြားထဲကနေ သွေးတွေ ယိုစီးကျလာသည်။ 

“ အဆင်ပြေရဲ့လား.. ”  ဖြူဖျော့လာသည့် ရှောင်ယွင်မျက်နှာကို ကြည့်ပြီး ရှောင်ယိရှန်က ကမန်းကတန်းဖြင့် နောက်ကျောကို ထုပုတ်ပေးကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ 

“ သိပ်တော့ မပြင်းထန်ပါဘူး..၊ အားတွေ အလွန်အကြူး သုံးလိုက်လို့ပါ.. ”    ရှောင်ယွင်က အရေးမကြီးသလိုဟန်ဖြင့် လက်ကို ကာပြလိုက်သည်။ ထို့နောက် နံရံထောင့်တွင် ဖုန်ထနေသည်ကို ကြည့်ပြီ သူ့လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ လေပြေတစ်ခုက တိုက်ခတ်လာပြီး ဖုန်မှုန့်တွေကို ရှင်းထုတ်လိုက်ကာ အပျက်အစီးပုံက မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့သည်။ 

အပျက်အစီးပုံအောက်တွင် မပီမပြင်ဖြင့် မသဲမကွဲရှိနေသော တွန့်လိမ်နေသည့် ခန္ဓာကိုယ်တစ်ခုကို ရှောင်ယွင် လှမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်သာသာလေး ချောင်းဆိုးလိုက်ပြီးနောက် ရွှင်းပေတံဓားကြီးကို တရွတ်တိုက် ဆွဲကိုင်ကာ အပျက်အစီးပုံထံသို့ လျှောက်သွားသည်။ ဒုန်းခနဲ ထွက်ပေါ်သွားသည့် အသံနှင့်အတူ ပေတံဓားကြီးသည် ကျောက်တုံးအပိုင်းတစ်တုံးကို ထိုးစိုက်လိုက်သည့်အခါ အခြေအနေဆိုးနေသည့် မူရှီ၏ ဖြူဖျော့ဖျော့ မျက်နှာက ထွက်ပေါ်လာသည်။ 

“ ခွေးကောင်စုတ်..၊ ငါ မင်းကို လျှော့တွက်လိုက်မိပြီး.. ”   အားနည်းလှသော ကြမ်းရှရှ စကားအသံက မုရှီ၏ လည်ချောင်းကနေ ထွက်ရှိလာသည်။ စကားပြောအသံက အားနည်းသော်လည်း မုန်းတီးခြင်းက နည်းနည်းလေးပင် အားနည်းမနေချေ။ 

ရှောင်ယွင်က ဒီအတိုင်းလေးသာ ပြုံးလိုက်ပြီ စကားတစ်ခွန်းမှ မပြောတော့ပေ။ သူ့မျက်ဝန်းကတော့ ပုံမှန်အတိုင်းသာ ရှိနေသည်။ မုရှီ၏ အခုလက်ရှိ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး နည်းနည်းလေးပင် သနားသည့်အသွင်လည်း မရှိနေချေ။ 

“ ဟေ့ကောင်..၊ နောင်တစ်ချိန် ငါ အခွင့်အရေး ရလာခဲ့ရင် မင်းကို  သေတာထက် ပိုဆိုးတာ ခံစားစေရမယ်ကွ.. ”

ရှောင်ယွင်၏ အသွင်က နည်းနည်းလေးပင် သနားညှာတာခြင်း မရှိတာကို သဘောပေါက်သွားလိုက်သည့် မုရှီသည် အသနားခံဖို့အတွက်လည်း မပြောနေတော့ချေ။ ထို့အစား သူ့စကားလုံးတို့တွင် သတ်ဖြတ်လိုသည့်ဆန္ဒတို့ဖြင့်သာ ထုံးမွှမ်းထားသည်။ 

“  ခင်ဗျားမှာ အဲလိုလုပ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး ထင်တယ်.. ”  

အေးဆေးစွာဖြင့် ရှောင်ယွင် ပြောလိုက်၏။ ထို့နောက် ခေါင်းကို ငုံ့၍ မူရှီ၏ ကိုယ်ပေါ်တွင် လိုက်လုံရှာဖွေကြည့်လိုက်သည်။ ခဏအကြာတွင် ဘာမှမတွေ့ရ၍ ရှောင်ယွင် ခေါင်းကုတ်လိုက်ရင်း မူရှီအား မေးခွန်း မေးလိုက်သည်။ 

“ ဘယ်မှာလဲ ခင်ဗျား ကျောက်သေတ္တာကနေ ရလာတဲ့ ရွှင်းအဆင့် ဒိုသိုင်းပညာကျမ်း ” 

“ ဟားဟား..၊ မင်း အဲဒီသိုင်းကို စိတ်ဝင်စားတယ်ပေါ့..၊ စိတ်မကောင်းလိုက်တာဟေ့..၊ ငါ သေသွားရင်တောင် မင်း ဘယ်တော့မှ ရမှာ မဟုတ်ဘူး.. ”    ခေါင်းကို ခက်ခက်ခဲခဲဖြင့် မော့ပြီး ပြောလိုက်သော မူရှီ၏ မျက်နှာတွင် အလွန်ကို ဝင့်ကြွားသည့်အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ ရှောင်ယွင် ရှာဖွေလိုက်သည်ကို ကြည့်ပြီ တစ်ဖက်လူနှင့် အပေးအယူလုပ်လို့ ရနိုင်မည်ဟု မူရှီ ထင်မြင်သွားခြင်း ဖြစ်သည်။ 

ရှောင်ယွင်က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီ ဖြည်းလေးစွာ မတ်တတ်ပြန်ရပ်လိုက်သည်။ ထို့နောက် စိတ်ပျက်ဟန်ဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်အကြောဖြေလိုက်ပြန်သည်။ အတန်ကြာအထိ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရှောင်ယွင် ပြုံးလိုက်သည်။  

“ ကဲ .. ဒီလိုမှဖြင့် ခင်ဗျား သေနိုင်ပါပြီး.. ”

ထိုစကားလုံးကို ပြောလိုက်ပြီးသည်နှင့် ရှောင်ယွင်၏ မျက်နှာ ရုတ်ချည်း အေးစက်လာခဲ့၏။ လက်ထဲက ရွှင်းပေတံဓားကြီးသည် အင်အားကောင်းစွာဖြင့် ဒေါသတကြီး လွှဲရမ်းလိုက်ကာ မူရှီ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။ 

စိတ်ပိုင်းဖြတ်ထားသည့် ရှောင်ယွင်ကို ကြည့်ပြီး မူရှီ၏ မျက်ဝန်းတွင် အံ့အားသွားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောယှက်ကာ ဖျတ်ခနဲ လက်သွားသည်။ ရွှင်းအဆင့် ဒိုသိုင်းပညာကျမ်းဖြင့် ဖြားယောင်းလိုက်သော်လည်း ရှောင်ယွင်က ငြင်းဆန်မည်ကို မူရှီ မထင်ထားမိခဲ့။

“ ငါ့ကို လွှတ်ပေးပါ..၊ ရွှင်းအဆင့်ဒိုသိုင်းပညာရပ်ကျမ်း ဖွက်ထားတဲ့ နေရာကို ပြောပြပေးမယ်..၊ ဒီအချိန်က စပြီး မင်းနဲ့ငါ ဘာအကြွေးမှ မကျန်တော့ဘူး..”    သေခြင်းတရားက အရိပ်မိုးထိုးလာသောအခါ မူရှီက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ 

“ မေ့ထားလိုက်တော့..၊ ရွှင်းအဆင့်ဒိုသိုင်းပညာနဲ့ စာရင် အဆိပ်ပြင်းမြွှေတစ်ကောင်လို သွေးအေးတိရစ္ဆာန်တစ်ကောင်ကို ပြန်သတိမရနေချင်ဘူး.. ”   ရှောင်ယွင် ခနဲ့အပြုံးလိုက်ရင်း မူရှီ၏ ရင်ဘက်ကို ရွှင်းပေတံဓားကြီးဖြင့် နောက်တွန့်ခြင်းမရှိဘဲ ရိုက်ချလိုက်တော့သည်။ 

“ ဘန်းး ”

ခပ်အုပ်အုပ်အသံထွက်လာပြီးနောက် မူရှီ၏ မျက်လုံးများ ပြူးကျယ်ထွက်လာကာ တစ်ကိုယ်လုံးကလည်း မြေအောက်သို့ ကျွံဆင်းသွားသည်။ အတွင်းဒဏ်ရာများကြောင့် ပါးစပ်ကနေ သွေးများ တစ်ပွက်ပွက်ဖြင့် အန်ထွက်လာသည်။ 

 ကွဲကြေနေသည့် အုတ်ခဲအကျိုးအပိုင်းတို့၏ အောက်တွင် တစ်ဖြည်းဖြည်း တောင့်တင်းသွားသည့် အလောင်းကို ကြည်ပြီး ရှောင်ယွင် သူ့မျက်လုံးတွေကို အသာ ပိတ်ချလိုက်သည်။ အသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် အနောက်လှည့်ကာ ရှောင်ယိရှန်ဆီသို့ လျှောက်လိုက်သည်။ 

“ သွားစို့..၊ မူရှီ သေသွားပြီး..၊ အပင်လဲတဲ့အခါ မျောက်လွှဲကျော်တွေ ထွက်ပြေးပါလိမ့်မယ်..၊ ခေါင်းဆောင်မရှိရင် ဝံပုလွေခေါင်းကြေးစားအဖွဲ့လည်း အလိုလို ပျက်စီးသွားလိမ့်မယ်.. ”    ရှောင်ယွင်က တိုးသက်သာစွာ ပြောလိုက်ပြီးနောက် ရှောင်ယိရှန် ဘေးနားတွင် ရပ်လိုက်သည်။ ရှောင်ယွင်ပုံပန်းက အနည်းငယ် မောဟိုက်နေပုံ ရသည်။ 

“ ဟုတ်တယ်..”

နူးညံ့ချိုသာသည့်အသံက တုန့်ပြန်လာခဲ့၏။  ရှောင်ယိရှန်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။   မူရှီ သေဆုံးသွားပြီးနောက်တွင် ကျန်ရှိနေသည့် ကြေးစားစစ်သည်တို့မှာ ဆက်လိုက်တိုက်ခိုက်လိုခြင်း မရှိတော့ချေ။ ရှောင်ယွင်က လိုက်သတ်မည်ကိုစိုး၍ အားလုံးသည် သွေးဆုတ်နေသည့်မျက်နှာဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကြကုန်သည်။ 

ထိုအဖြစ်ကို ကြည့်ပြီ ရှောင်ယိရှန် သက်ပြင်း အသာအယာ ချလိုက်သည်။  သုံးယောက်စလုံး၏ အမုန်းတရားများ ပျောက်ကွယ်သွားလေပြီး။ စိုစွတ်နီထွေးသော နှုတ်ခမ်းဖူးကို လျှာသပ်လိုက်ပြီးနောက် သူမက ညင်သာစွာ ပြောလိုက်၏။

“ ထွက်သွားဖို့ အချိန်သင့်ပြီး.. ”

နှစ်ယောက်စလုံး အနောက်လှည့်သွားလိုက်သည်။ အပြာရောင်သိမ်းငှက်ကြီးပေါ်သို့ ရှောင်ယွင်တက်နိုင်ရန် သူမ ကူညီပေးလိုက်သည်။ ရှောင်ယွင် တက်ပြီးမှ သူမလည်း လိုက်တက်လိုက်ပြီးနောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။  သိမ်းငှက်ကြီးကလည်း အော်မြည်သံတစ်ချက် ပေးလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ခတ်ပျံတက်သွားလိုက်၏။

အပြာရောင်သိမ်းငှက်သည် ကောင်းကင်ယံတွင် တစ်ပတ် လှည့်လည်ပျံသန်းပြီးကာမှ တောင်ပံကို လျင်မြန်စွာခတ်၍ ပျံသန်းသွားလိုက်သည်။ မကြာခင်..၊ အပြာရောင်ကောင်းကင်တွင် ၎င်းတို့ ပျောက်ကွယ်သွားလေသည်။ 

 ****

ရှောင်ယွင်နှင့် ရှောင်ယိရှန်တို့ ထွက်သွားပြီး မကြာချေ..၊ မူရှီ သေဆုံးသွားသည့် သတင်းကား ကျွင်းရှန်တစ်မြို့လုံး ပျံ့နှံ့သွားလေ၏။ ထိုသတင်းနှင့်ကြားသူတိုင်း အကြီးအကျယ် ထိတ်လန့်ကြသည်။ မှော်သားရဲကောင်တောင်တန်းအတွင်းအထိ လိုက်လံဖမ်းဆီးခံရသည် လူငယ်လေးသည် မူရှီအား သတ်လိုက်သူဖြစ်ကြောင်း သိလိုက်ရသည့်အခါမှာတော့ သူတို့အားလုံး ထိတ်လန့်ရာကနေ ကြောက်လန့်လာကြသည်။ 

 ထိုလူငယ်သည် အသက်နှစ်ဆယ်လောက်ပဲ ရှိသေးသည့်အပြင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ခေါင်းဆောင် သုံးယောက်စလုံးကို တကယ်ပင် သတ်နိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ထူးခြားလှသည့် အမှန်တရားသည် လူအများစုအား အရှက်ရစေခဲ့သည်။ 

ထို့အတူ မူရှီ သေဆုံးသွားသည့်သတင်းသည် ဝံပုလွေခေါင်းကြေးစားအဖွဲ့ ပြိုကွဲသွားကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် အတူတူပင် ဖြစ်လေ၏။ မူရှီ၏ ခေါင်းဆောင်မှု မရှိသည်နှင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့သည်  အရင်တုန်းက ကျွင်းရှန်မြို့တွင် ထောင်လွှားမော်ကြွားခဲ့သမျှ တစ်ဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။ ထိုအရာအားလုံးသည် လူငယ်တစ်ယောက်ကြောင့်ဟု ဆိုလည်း မမှားပေ။

တကယ်တမ်းဆိုလျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ ကျဆုံးမှုသည် ရှောင်ယွင်အတွက် ဘာမှ မဟုတ်ချေ။ ကျွင်းရှန်မြို့သည် သူ့အတွက် ပထမဆုံး ခြေလှမ်အစသာ ဖြစ်သည်။ ပြင်းထန်လှသည့် လေ့ကျင့်ခန်းများ ပြီးဆုံးသွားသည့်အခါမှာတော့ အနာဂတ်မှာ ဤမှော်သားရဲကောင်တောင်တန်းအနားက ကျွင်းရှန်မြို့လေးကို သူ အမှတ်ရကောင်း မှတ်မိနေပါလိမ့်မည်။ ဤနေရာတွင် ပထမဆုံးအကြိမ်အဖြစ် သူ့အသက်ကို အလိုရှိသည့် လူအုပ်ကြီးတစ်အုပ်၏ လိုက်လံဖမ်းဆီးခြင်းကို တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ 

****

ကျွင်းရှန်မြို့ကနေ ထွက်ခွာလာပြီးနောက် မှော်သားရဲတောင်တန်းကြီးကို ဖြတ်ကျော်သွားဖို့ ရှောင်ယွင် စိတ်မကူးသေးချေ။ ထို့အစား ရှောင်ယိရှန် ဦးဆောင်မှုဖြင့် စွမ်းအင်များ အလွန်သိပ်သည်းလျက် ရှိနေသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ 

ထိုနေရာသည် ရှောင်ယွင်နှင့် အစိမ်းသက်သက် ဖြစ်နေသည့် နေရာတစ်ခု မဟုတ်နေချေ။ ရှောင်ယိရှန်တို့ ဆေးပင်ဆေးမြစ် လာရောက်တူးဖော်ခဲ့ကြဖူးသည့် ၊ မှော်သားရဲကောင်တောင်တန်းအပြင်ဘက်အဝိုင်းနေရာက ဆေးဖက်ဝင်အပင်များ စုစည်းပေါက်ရောက်နေသည့် ချိုင့်ဝှမ်းနေရာပင် ဖြစ်လေ၏ သို့သော် ယခုတစ်ခေါက်မှာတော့ ရှောင်ယိရှန်၏ ဦးဆောင်မှုဖြင့် ထိုနေရာကို ဖြတ်ကျော်ကာ တောင်တန်းအတွင်းပိုင်းနေရာအထိ ဝင်သွားကြသည်။ 

တောင်တန်းအတွင်းပိုင်းတစ်နေရာမှာ ရှိသည့် ချိုင့်ဝှမ်းငယ်တစ်ခုတွင် သက်ဆင်းလိုက်သည့်အခါ ရှောင်ယွင်သည် ထိုနေရာတွင် သိပ်သည်းစွာ ရှိနေသည့် စွမ်းအင်ကြောင့် အလွန်ပျော်မြူးသွားသည်။ ချက်ချင်းဆိုသလို သူ့စိတ်ဝိညာဉ်သည်လည်း တိုးတက်လာသည်။ 

ရှောင်ယွင် ပျော်မြူးနေသည်ကို မြင်လျှင် ရှောင်ယိရှန်သည် အလွန်ကျေနပ်သွားကာ ဂုဏ်ယူဝင့်ကြွားသည့် အသံဖြင့် 

" ဘယ်လိုထင်လဲ.. ၊ ဒီနေရာက အရမ်းကောင်းတယ်မလား..၊ အပြင်ဘက်ကမ္ဘာနဲ့လည်း သီးခြားစီ ရှိနေတယ်..၊ အပေါ်မှာလည်း မြူတွေနဲ့ ဖုံးကွယ်ထားပေးတယ်..၊ တကယ်လို့ ရှောင်လန်ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ဒီလိုထူးဆန်းတဲ့ နေရာမျိုးကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူးရှင် "   ဟု ရယ်မောရင်းဖြင့်  ပြောလိုက်သည်။ 

" ဒီနေရာက တကယ်ကို ကောင်းတာပဲ "

ရှောင်ယွင်က ခေါင်းညိတ်ရင်း ဆက်လက် ချီးမွှမ်းနေပါတော့သည်။ မြူကဲ့သို့ ခပ်ပါးပါးရှိနေသည့် စွမ်းအင်ထုနှင့် အံ့အားသင့်ဖွယ် အမျိုးအမည်စုံလင်လှသော ဆေးပင်ဆေးဝါးများက ချိုင့်ဝှမ်းအတွင်း ပေါက်ရောက်နေကြသည်။ ဝေ့ခနဲ ဝေ့ခနဲ ပျံ့လွင့်လာသော အမွှေးရနှံ့များ မြူထုထဲတွင် ပေါင်းစပ်နေလျက်.. ရှုမိသူတိုင်းအား  အင်အားပြည့်ဝစေနိုင်စွမ်း ရှိလေ၏။ 

" ငါတို့ ဒီနေရာမှာ ယာယီစခန်းချ နေလို့ရမလား.. ၊ အရောင်ခုနှစ်ထွေအဆိပ်စာအုပ်ထဲမှာပါတဲ့ ဆေးအညွန်းအရ ဆေးအမယ်တွေကို ဒီမှာ ရှာလို့ရတယ် "    ရှောင်ယိရှန်က သူ့ကို ကြည့်လိုက်သည်။ ဒီအကြောင်းအရာကို ဆွေးနွေးလိုသည့် သဘောက သူမလေသံတွင် ပေါ်လွင်နေသည်။ 

" ကိစ္စ မရှိပါဘူး " 

ရှောင်ယိရှန် အကြံပြုလာသည့်စကားကို ရှောင်ယွင် ခပ်သွက်သွက်ပဲ သဘောတူလိုက်သည်။ ဒီလို ကောင်းမွန်သည့် နေရာတစ်ခုကို သူ့အနေဖြင့် လွယ်လွယ်ကူကူ ရောက်လာနိုင်သည့် နေရာတစ်ခု မဟုတ်တာလည်း ပါသည်။ ဒီနေရာမှာပဲ ဒိုရှိအဆင့်ကို တက်လှမ်းနိုင်ဖို့ ရှောင်ယွင် မျှော်လင့်လိုက်မိသည်။ 

ချိုင့်ဝှမ်းငယ်သည် အပြင်လောကနှင့် သီးခြားစီ ရှိနေသော်လည်း အပြာရောင်သိမ်းငှက်ကြီးနှင့် အပြင်ထွက်နိုင်သည်မို့ ရှောင်ယွင် အရမ်းစိတ်မပူလိုက်ချေ။ ရွဲ့လော်အပြင် ခရမ်းတိမ်တောင်ပံလည်း ရှိနေ၍ အန္တရာယ်ကြုံကြိုက်ခဲ့ရင် သူ ပျံသန်းထွက်နိုင်သေးတာကြောင့်လည်း ဖြစ်သည်။

ရှောင်ယွင် သဘောတူလိုက်သောကြောင့် ရှောင်ယိရှန်လည်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အပြာရောင် သိမ်းငှက်ဘက်ကို လှည့်ကာ ဝါးပုလွေဖြင့် မှုတ်သံပြုလိုက်ပြီးနောက် လွတ်လပ်စွာ ပျံသန်းခွင့်ပြုလိုက်သည်။ ထို့နောက် သူမသည် ရှောင်ယွင်အား ချိုင့်ဝှမ်းအထဲက ထောင့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာသို့ ရောက်လျှင် ကောက်ရိုးအိမ်တစ်လုံးကို သေးသွယ်သော လက်ညိုးဖြင့် ညွန်ပြလိုက်ကာ ပြောလိုက်သည်။ 

" ဒါက ကျွန်မဆောက်ထားတာ.. ဒီမှာနေတဲ့ အချိန်အတွင်း ဒီမှာ နေထိုင်လို့ရတာပေါ့ "

ရှောင်ယွင်လည်း ကောက်ရိုးတဲလေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ခေါင်းကို စောင်းငဲ့ကြည့်လိုက်တဲ့အခါမှာ ရှောင်ယိရှန်၏ ချောမွတ်သော မျက်နှာလေးကို တွေ့လိုက်ရသည့်အခါမှာ ရှောင်ယွင်က နောက်တီးနောက်တောက်ဖြင့် စနောက်လိုက်သည်။ 

" ကောက်ရိုးမြက်ခြောက်တွေနဲ့ ဆောက်ထားတယ်ဆိုပေမဲ့  အခုလို အချောအလှလေးနဲ့ အတူတူနေရမှတော့ နေ့ရက်တိုင်းက ပျော်စရာအတိပါပဲလေ " 

သူ့စကားကြောင့် ရှောင်ယိရှန်ဧ မျက်နှာက နီရဲသွားလေသည်။ ရှောင်ယွင်ကိုလည်း စိတ်ပျက်ဟန်ဖြင့် ချစ်စဖွယ်ကောင်းလောက်အောင် မျက်စောင်းထိုးလိုက်ပြီး လက်သီးဆုပ်ပြလိုက်သည်။ ပြီးခါမှ အသံကို နှိမ့်ပြီး သတိပေးသည့် လေသံဖြင့် "  ရယ်စရာတွေ ပြောရဲတယ်ပေါ့လေ.. ငါ့ကို အားနည်းတယ်လို့ ထင်နေတာလား  " 

"  အာ...  ဘာမှန်းတောင် မသိလိုက်တဲ့ အဆိပ်တွေ မိကုန်မှာ မလိုချင်ပါဘူးဗျာ  "   ရှောင်ယွင်က လက်ကာပြရင်း ပြုံးရယ်လျက် ဆိုလိုက်သည်။ 

" ဟွန့်  " ရှောင်ယိရှန်၏ လှပလွန်းသော နှာတံလေးက ရှုံ့ခနဲ ဖြစ်သွားလေ၏။ ထို့နောက် ရှောင်ယွင်အား လက်ညိုးညွန်ပြလိုက်ရင်း 

"  ကျွန်မ ဆေးပင်တွေ သွားရှာတော့မယ်..၊ ရှင်လည်း ဒီနားတဝိုက် လိုက်ကြည့်ထားလို့ ရတယ်နော် "   

ထိုစကားကို ပြောလိုက်ပြီးနောက် သူမသည် အနောက်လှည့်လိုက်ကာ အဝေးမှာရှိနေသည့်ဆေးပင်တို့ကို ခူးဖို့အတွက် ဦးတည်သွားလိုက်သည်။ 

ရှောင်ယိရှန် တစ်ဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ပြီ ရှောင်ယွင်လည်း အနောက်လှည့်ထွက်လာခဲ့လိုက်သည်။  ရှောင်ယွင်က ပြုံးရင်း  လေသံတိုးတိုးဖြင့်   “ ဆရာ.. ဆရာ..၊ ဒီနေရာက ဘာမှ ပြဿနာမရှိလောက်ပါဘူးနော်… ”

“ ဒီနေရာက ပထဝီမြေအနေအထားရ အရမ်းကို ထူးဆန်းတဲ့ နေရာတစ်ခုပဲ..၊ အပြင်လောကနဲ့ မတူဘဲ ဒီနေရာမှာ တန်ဖိုးရှိတဲ့ ဆေးပင်တွေက ပြွတ်သိပ်လောက်အောင် ပေါက်နေတယ်..၊ နောက်ပြီး ဒီမှာ ရှိနေတဲ့ စွမ်းအင်တွေကလည်း အရမ်းကို သန့်စင်လွန်းနေတယ်..၊ မင်းရဲ့ လေ့ကျင့်ခြင်းတွေအတွက်တော့ အကောင်းဆုံးဖြစ်နေတယ်.. ”  

ရွဲ့လော်၏ အသံက လက်စွပ်ကနေ ထွက်လာသည်။ 

“  ဒီမှာ တစ်လ နှစ်လ လောက် လေ့ကျင့်လိုက်လို့ရှိရင် ဒိုရှိအဆင့်ကို ရောက်သွားနိုင်တယ်လို့ ငါထင်တယ်  ”

“ ဒိုရှိ.. ”

ရှောင်ယွင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကောင်းကင်ယံမှာ ရစ်ဖွဲ့နေသည့် မြုပါးပါးလေးကို မော့ကြည့်ရင်း ရေရွတ်ပြောလိုက်သည်။ 

“ အချိန်ကို ရေတွက်ကြည့်မယ်ဆိုရင် ကျနော်တို့ ထွက်လာတာ တစ်နှစ်ကျော်ခဲ့ပြီး..၊ သုံးနှစ်သဘောတူညီချက် မရောက်ခင် နောက်ထပ် တစ်နှစ်ခွဲလောက်ပဲ အချိန်ကျန်တော့တယ်.. ” 

“ အော်.. ဒါဆိုလည်း မြန်မြန် ကြိုးစားလေကွာ..၊ မှော်သားရဲကောင်တောင်တန်းမှာ လေ့ကျင့်ခြင်းက ဆုံးခန်းတိုင်တော့မယ်ကွ..၊ နောက်တစ်နေရာက ဒက်ကာကန္တာရပဲ ..၊ ဟားဟား.. အဲဒီနေရာမှာ လေ့ကျင့်ရတာက မှော်သားရဲကောင်တောင်တန်းမှာ လေ့ကျင့်တာထက်  ပိုပြီး အန္တရာယ်များ.. ပိုပြီး ခက်ခဲတယ်ကွ.. ”

ရယ်မောရင်း ပြောလိုက်သည့် ရွဲ့လော်ရယ်သံထဲတွင် ပီတိတစ်ဖွားဖွား ဖြစ်နေသလား ထင်ရသည်။ 

ရှောင်ယွင်လည်း ခေါင်းချရင်း ပြောလိုက်သည်။   “ ခက်ခဲတဲ့အရာတွေကိုတောင် တောင့်ခံကျော်လွန်နိုင်ခဲ့တာပဲဗျာ.. ”

“ ဟီဟီ..၊ အေးအေးဆေးဆေး လေ့ကျင့်လို့ ရပါတယ်..၊ ဒက်ကာကန္တာရက အန္တရာယ်များတယ်ဆိုတာကလည်း ဒိုချီကုန်းမြေဒေသကြီးရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ မြွေမိန်းမတွေ ရှိနေလို့ကွ..၊ မင်းလည်း ကံကောင်းရင် မြွေမိန်းမတစ်ယောက်လောက်ကို အစေခံမအနေနဲ့ ရရင် ရသွားမှာပေါ့.. ဟား..ဟား.. ”

ရှောင်ယွင်လည်း စိတ်ပျက်သွားလေသည်။ ထို့အပြင် ရွဲ့လော်သည် လူကြီးတစ်ဦးဖြစ်နေပါသော်လည်း ဂုဏ်သိက္ခာနှင့်  လျော်ညီအောင် မနေတတ်ခြင်းကြောင့် ရှောင်ယွင် စိတ်အတော်ကုန်သွားသည်။ ထို့နောက် ရှောင်ယွင်လည်း  လျှိုမြောင်၏ ပတ်ဝန်းကျင်အနေအထားကို လေ့လာကြည့်လိုက်သည်။ဒီနေရာမှာပဲ ဒိုရှိအဆင့်ရောက်တဲ့အထိ နေထိုင်ပြီး တိတ်ဆိတ်စွာနဲ့ လေ့ကျင့်နေရပါဦးမည်မဟုတ်လား။

---

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...