Followers

Chapter 86 87 88

၈၆-၈၇-၈၈

အပိုင်း ( ၈၆ ) - စိန်ခေါ်ခြင်း 

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated By Kaung Myat

ဂျားလီယောင်သည် အနောက်ကို ဖြည်းဖြည်း ပြန်လှည့်လိုက်သည်။ လျိုစီးကိုလည်း ငဲ့ကြည့်ပြီး အနည်းငယ် ကောက်ကျစ်သည့် အပြုံးဖြင့် မေးလိုက်သည်။ 

" အကိုကြီလျိုစီး.. သူနဲ့ နည်းနည်းလောက် ကစားလိုက်ဦးမယ်.. "

လျိုစီးကလည်း ခေါင်းကို ညိတ်လိုက်ပြီး ပြုံးလိုက်သည်။ 

" အခွင့်အရေးရလာခဲ့ရင် အနောက်မဆုတ်နဲ့  "

ဂျားလီယောင်လည်း ပြုံးလိုက်ပြီး မျက်လုံးက မှေးကျဉ်းသွားသည်။ လျိုစီး၏ စကားက  သူ့အဖေ ဂျားလီဘီနှင့် သူ့အဖေ လျှို့ဝှက်စွာ ပြောခဲ့ဖူးသည့်စကားအား အမှတ်ရလိုက်စေသည်။ ရှောင်ယွင်က သူ့စွမ်းရည်တွေကို ပြန်လာခဲ့ပြီးပြီ ဆိုသည့်အကြောင်းကို ဂျားလီဘီ က သတင်းရထားနှင့်ပြီး ဖြစ်သည်။ အတော်လေးကို ငြိမ်သက် နေပြီးမှ တည်ငြိမ်အေး စက်သောလေသံဖြင့် ဂျားလီဘီက သူ့အား ပြောခဲ့ဖူးသည်ကိုလည်း သတိရလိုက်သည်။ 

" အကယ်လို့ အဲ့ဒီကောင်လေးက မင်းရဲ့ စိန်ခေါ်တာကို လက်ခံ ခဲ့ရင် မင်း လုံးဝကို မညှာရဘူး.. တစ်ခါတည်း သတ်နိုင်ခဲ့ရင် အကောင်းဆုံးပဲ.. မသတ်နိုင်ခဲ့ရင်တောင် ဒုက္ခိတဖြစ်အောင်လုပ်ခဲ့ ဒါဟာ ငါတို့ ဂျားလီကလန်ရဲ့ ကြောက်စရာကောင်းတဲ့ ရန်သူ တစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကူညီလိုက်သလိုပဲ  "

သူ့အဖေ၏ လေးလေးနက်နက်ဖြင့် အေးစက်လှသော စကားသံ အား အဖန်ဖန် ကြားယောင်ရင်း ဂျားလီယောင်၏ အပြုံးမျက်နှာက ပိုပြီး ရက်စက်ယုတ်မာလာသည်။ ထိတ်လန့်ဖွယ်ကောင်းသော သူ့အကြည့်က ရှောင်ယွင်ကို စူးရဲစွာ ကျရောက်နေသည်။ လူငယ်ပါရမီရှင်လေးကို သူ့လက်နှင့် သတ်ရသည်ဟုပင် စိတ်ထဲ ခံစားနေရသည်။ 

ဂျားလီယောင်၏  ယုံကြည်ချက်က သူ့ရဲ့ စွမ်းအားကို အမှီပြု၍ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဒိုကျဲ ကြယ်သုံးလုံးအဆင့်အပြင် သူ လေ့ ကျင့်ထားသော ချီကျင့်စဉ်မှာလည်း လေကို အထူးပြုသည့် လေမုန်တိုင်းအော်ဟစ်သံ ရွှင်းအဆင့်မြင့်ကျင့်စဉ်တစ်ခုလည်း ဖြစ်နေသည်။ နောက်ထပ် သူသင်ထားသော ဒိုသိုင်းတွေနှင့် ပေါင်းစပ်လိုက်ပါက ဒိုကျဲ ကြယ်ငါးလုံး အဆင့်သမားကိုပင် သူ အနိုင်ယူနိုင်စွမ်း ရှိနေပြီးဖြစ်သည်။ 

သူ့နှင့် ယှဉ်ကြည့်ပါက ရှောင်ယွင်သည် အရွယ်ရောက်ခြင်းအခမ်း အနားတွင် အဆင့်၈ သာ ရှိသေးသည်။ ဒီအတောအတွင်းမှာလည်း ရှောင်ယွင်၏ ခွန်းအာက တိုးတက်လာခဲ့ရင်တောင် သူ့ကို အနိုင်ယူ ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဆိုပါအကြောင်းများကြောင့် ဂျားလီယောင်မှာ ယုံကြည်ချက် အတော်လေး ပြည့်ဝနေသည်။ 

ထိုဈေးလမ်းတွင် ဂျားလီယောင်တစ်ယောက်တည်းသာ ထိုကဲ့သို့ ရှောင်ယွင် နိုင်ခြေမရှိတာကို တွေးနေမိခြင်း မဟုတ်ပေ။ အကဲခတ် ကြည့်ရှုနေကြသော ကြေးစားအမဲလိုက်သမားများနှင့် ရှောင်ယု တို့သည်လည်း ထိုကဲ့သို့ပင် တွေးမိကြသည်။ ရှောင်ယွင်၏ အရည်အချင်းက မည်မျှပင် ကောင်းမွန်သော်လည်း သူတို့ နှစ်ယောက်၏ အဆင့်ကွာခြားချက်ကိုလည်း မေ့ထားလို့ မရချေ။

 " ဒီကောင်စုတ်က ဘာလို့ ပုံမှန်ထက်ကို ရန်လိုနေတာလဲ.. ဟိုကောင် ရန်စတာကို ဘာလို့ သွားလက်ခံလိုက်တာလဲ.. "

လက်ထဲမှာ သံတုတ်ကို ကိုင်ထားတဲ့ ရှောင်ယွင်ကို ကြည့်ပြီး ရှောင်ယု၏ မျက်နှာက မှုန်ကုပ်သွားသည်။ ထို့ကြောင့် အရှေ့တိုး ကာ ရှောင်ယွင်ကို ကြမ်းကြမ်းတမ်းတမ်းပဲ အော်ငေါက်လိုက်သည်။ 

" ဟမ်.. မင်း ဘယ်တုန်းက ကိုယ့်အတိုင်းအထွာကို မသိတော့တဲ့ လူတစ်ယောက် ဖြစ်သွားတာလဲ.. မနိုင်မှန်း သိသိကြီးနဲ့ ဘာလို့ စိန်ခေါ်တာကို လက်ခံလိုက်တာလဲ.. အသက်ရှင်ရတာကို ပျင်းနေ ပြီးလား.. "

တရစပ်ပြောချလိုက်သော ရှောင်ယု၏ ဆုံးမစကားကို နားထောင်ပြီးသကာလမှာ ရှောင်ယွင်က ပခုံးကို အသာတွန့်လိုက်ပြီး ပြောလိုက် သည်။ 

" ငါတို့ တိုက်တောင် မတိုက်ရသေးဘူး.. ဘယ်သူက အသက်ရှင်ရတာကို ငြီးငွေ့နေသလဲဆိုတာက ပြောရခက်နေပါတယ်လေ "

" နင်.."

ခေါင်းမာလှသော ရှောင်ယွင်ကို ကြည့်ပြီး ရှောင်ယု စိတ်ဆိုးဆိုးဖြင့် ခြေကို ဆောင့်လိုက်သည်။ သူမ၏ ညှို့ငင်အားကောင်းသော ခြေတံရှည်က အရှေ့ကနေ ပိတ်တားလိုက်သည်။ အစိမ်းရောင် ကျာပွတ်ကိုလည်း လေထဲ ယမ်းလိုက်ရာ လေခွင်းသံက တရွှီးရွှီး ထွက်ပေါ်လာသည်။ 

" မင်းအစား ငါတိုက်လိုက်မယ်.. မင်းရဲ့ အစွမ်းအစက ကောင်း မှန်းငါသိပါတယ်.. ဒါပေမဲ့ အဒါက နောင်မှာ ဖြစ်လာမဲ့ဟာ. "

ရှောင်ယု၏ နောက်ကျောပြင်က သူ့အရှေ့မှာ ရောက်နေတာကို ကြည့်ပြီး ရှောင်ယွင် ကြက်သေသေသွားသည်။ သူနှင့် အမြဲလိုလို ရန်ဖြစ်နေရသော မိန်းကလေးက ယခုတော့ သူ့အား ဤမျှအထိ ကာကွယ်ပေးလိုနေသည်ကို သူ မထင်မှတ်မိချေ။ ဘာလုပ်ရမှန်း မသိ၍ ခေါင်းကိုသာ ကုတ်လိုက်မိသည်။ ထို့နောက်မှာတော့ သူ့အကြည့်က ရှောင်ယု၏ နောက်ကျောကနေ သေးသွယ်သော ခါးလယ်..တဖန် လှပသော တင်ပါး.. နောက်ဆုံး သူမ၏ လှပလွန်း ပြီး ညှို့အားကောင်းလှသော ခြေတံဆီကို တရွေ့ရွေ့ ပြောင်းကြည့် သွားသည်။ 

သွေးဆူလွယ်သော မိန်းကလေးတစ်ယောက်၏ ပြီးပြည့်စုံသော ကောက်ကြောင်းအား တအံ့တသြ ကြည့်နေရင်း ရှောင်ယွင် သူ့နှုတ်ခမ်းကို လျှာသပ်လိုက်မိသည်။ ထိုနောက် အလှပိုင်ရှင် မရိပ်မိခင် ခပ်မြန်မြန်ပဲ အကြည့်လွှဲလိုက်ရသည်။ သူ့ခေါင်းအား အရှေ့တိုး ကိုင်းညွတ်လိုက်ရာ ခပ်ဝေးဝေးမှကြည့်မည်ဆိုလျှင် ရှောင်ယု၏ပခုံးပေါ်မှာ  သူ့မေးကို တင်ထားသလို မြင်နေရမည်။ 

" ဟေ့.. အနောက်ပြန်ဆုတ်လိုက်.. ငါ့ကို သေတဲ့အထိ ချကြမှာကို မင်းမလိုချင်ဘူးမလား "

သူမ နားအနား ကပ်တိုးပြောလိုက်သော လေသံနှင့် အသက်ရှုလေ တို့ကြောင့် သူမတစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားသည်။ နူးညံ့သော သူမ၏ နားရွက်ထိပ်လေးသည်လည်း နီမြန်သွားသည်။ ထို့နောက် သူမက အသက်ပြင်း တစ်ချက်ရှိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 

"မျိုးနွယ်အတွက် မင်းက အရေးကြီးတယ်ဆိုတာကိုလည်း မင်းကိုယ် တိုင် သိသင့်တယ်.. ဒါကြောင့် မင်းစိတ်ထင်သလို စိန်ခေါ်တာတွေ လက်ခံလို့မရဘူး.. ငါ့ရဲ့ မောင်အငယ်တစ်ယောက်အဖြစ်အနေ နဲ့လည်း မင်းကို အန္တရာယ်တွေကနေ ကာကွယ်ဖို့  တာဝန်လည်း ရှိတယ် "

" အားရား.. ဘယ်လိုထူးဆန်းတဲ့ အကြောင်းပြချက်လဲဟ.. "

ရှောင်ယွင် ခေါင်းကိုပဲ ပြန်ကုတ်မိလိုက်တော့သည်။ 

" ထားလိုက်တော့ ငါ့ပြဿနာကို ငါ့ဘာသာပဲ ဖြေရှင်းရမယ်.. မိန်းကလေးတစ်ယောက်အနေနဲ့ နင်က ဘေးမှာ ရပ်နေ.. "

စကားပြောပြီးသည်နှင့် လက်ထဲ သံတုတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း ကိုယ်ကို တစ်ပတ်လှည့်ပြီး ရှောင်ယုကို ကျော် သွားလိုက်သည်။ မြေကို ဆောင့်ကန်ပြီး စိတ်မရှည်စွာ စောင့်နေ သော ဂျားလီယောင်ဆီကို တဟုန်ထိုး ပြေးသွားသည်။ 

ရှောင်ယု လှုပ်ရှားလိုက်တာကို ကြည့်ပြီး ရှောင်ယု စိတ်ပူသွားသည်။ ရှောင်ယွင်အား သူမ၏ ကျာပွတ်ရှည်ဖြင့် တားဆီးလိုက်ရန် လုပ်လိုက်မည့် အချိန်မှာပဲ မိန်းမပျိုလေးတစ်ယေက်၏ ကြည်လင်လှ သော အသံကို ကြားလိုက်ရာ သူမ ရပ်တန့်လိုက်ရသည်။ 

" အစ်မရှောင်ယု.. အကိုရှောင်ယွင်ကို ယုံကြည်လိုက်ပါ.. သူက စိတ်မြန်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး.. သူ့မှာ ယုံကြည်ချက် မရှိရင် သူများကို သွားရန်စမှာ မဟုတ်ဘူး "

" ရှင်းအာ.. "

ရှောင်ယု အနောက်လှည့်လိုက်ရာ ပြုံးနေလျက် ရှိသော ရှင်းအာကို မြင်လိုက်ရ၍ တစ်ချက်တော့ အံ့သြသွားသည်။ ထို့နောက် အသက်ပြင်းချကာ ခေါင်းကို ညိတ်လိုက်ရတော့သည်။ သို့ပေမဲ့ သူမလက်ထဲတွက် ကျာပွတ်ရှည်ကိုတော့ တင်းတင်းဆုပ်ထား၏

" ဟီဟိ.. ကောင်းကလေး.. မင်းရဲ့ လုပ်ရပ်ကြောင့် ဒီနေ့တော့ မင်းကို နောင်တရအောင် လုပ်ပေးရတာပေါ့ကွာ.. "

လက်ထဲမှာ သံတုတ်အား ကိုင်စွဲရင်း ပြေးလာနေသော ရှောင်ယွင် ကို ကြည့်ပြီး ဂျားလီယောင် အေးစက်စွာ ရယ်မောလိုက်သည်။ ပြီး အစိမ်းဖျော့ဖျော့ ဒိုချီစွမ်းအင်ကလည်း သူ့လက်ပြင်ထက်တွင် အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။ 

ဂျားလီယောင်က လှုပ်ရှားခြင်း မပြုဘဲ ရပ်နေဆဲပါ။ သူ့ လက်ဝါးပြင် က ရုတ်တရက် ချွန်မြသော လက်သည်းပုံစံသို့ ပြောင်းလဲသွား သည်။ လက်ဆယ်ချောင်းထိပ်တွင် အစိမ်းရောင် ဒိုချီစွမ်းအင်က ဆူးချွန်ကဲသို့ ပုံစံဖော်ပေးနေသည်။ ကောက်ကျစ်သော ရယ်သံနှင့် အတူ သူ့လက်အား လှုပ်ရှားလိုက်သည်။ လေကို ထိုးခွင်းသွားခဲ့ သော အသံနှင့်အတူ ရှောင်ယွင်အား အကြင်နာမဲ့စွာ စတင် တိုက်ခိုက်လိုက်တော့သည်။ 

လေကို ဖြတ်သန်းလာသော စူးရှသော အသံကြောင့် ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဘယ်လက်ကို မြှောက်ပြီး အရှေ့က မြေပြင်အား ထိုးလိုက်သည်။ ပုံသဏ္ဍာန်မဲ့ အားပြင်းထန်သော လေလှိုင်းက မြေပြင်အားထိမှန်ပြီး ပြန်ကန်ထွက်လာသော အား ကြောင့် ရှောင်ယွင်သည် သူ့အရှိန်အား ရုတ်ချည်း ရပ်တန့်သွား ခဲ့သည်။ 

သူ့၏ လှုပ်ရှားမှုကို ထိန်းချုပ်သွားလာသည့်နေရာတွင် ရှောင်ယွင်၏ အစွမ်းအား မြင်တွေ့သွားကြသော တိုက်ပွဲအတွေ့အကြုံ ပြည့်ဝကြ သည့် ကြေးစားအမဲလိုက်သူတွေက ချက်ချင်းပဲ သဘောကျစွာဖြင့် အော်ဟစ်လိုက်ကြသည်။ 

သူ့ခန္ဓာကိုယ်က ချက်ချင်းရပ်တန့်သွားပေမဲ့ လက်ထဲက သံတုတ် သည် ရှောင်ယွင် လက်ထဲကနေ လွတ်ထွက်ကာ အရှေ့ဆီကို ဆက်လက် ပြေးထွက်သွားသည်။ မျှားတစ်စင်းအား ပစ်လွှတ် လိုက်သလို ဂျားလီယောင် ခေါင်းဆီသို့ ပြေးသွားခြင်း ဖြစ်သည်။ 

သံတုတ်က သူ့ဆီကို ပြေးလာနေသည်ကို ကြည့်ပြီး ဂျားလီယောင် တချက် မဲ့ပြုံးပြုံးလိုက်သည်။ မျှော်လွင့်နေသော ဒိုချီစွမ်းအင်ကို လက်ကို ယမ်းလိုက်ရာ သူ့အရှေ့တွင် လှိုင်းလေထန်လာကာ အစိမ်းရောင်လေမုန်တိုင်းအသေးစားလေးများ ဖြစ်ပေါ်လာခဲ့သည်။ 

လေမုန်တိုင်းအသေးစားများအား ဖြတ်ကျော်လိုက်ရ၍ သံတုတ်၏ အရှိန်မှာ ရုတ်ခြည်းပင် လျော့ကျသွားသည်။

အားကုန်သွားသော သံတုတ်မှာ ဂျားလီယောင်၏ အရှေ့ မီတာတစ်ဝက် အကွာမှာ ပြုတ်ကျသွားခဲ့ပြီး  ကျယ်လောင် ပြတ်သားသော သံတုတ်အသံက ထွက်ပေါ်သွားသည်။ 

" ဟမ်... "

ရှောင်ယွင်၏ တိုက်ခိုက်မှုအား လွယ်လင့်တကူ ဖယ်ရှားလိုက်ခြင်း ကို ကြည့်နေကြသော ဘေးပရိသတ်တို့မှာ အံ့အားသင့်သွားကြလေ သည်။ အဆင့်မြင့်သိုင်းကွက်ကို ပိုင်ဆိုင်ထားသည့် ဂျားလီယောင် ကို အနိုင်ယူဖို့က မလွယ်ပါလား။

============== ==============
        

အပိုင်း ( ၈၇ ) - သတ်ဖို့ ကြိုးစားခြင်း 

" အစ်မ.. ရှောင်ယွင်အခြေအနေက သိပ်ဟန်ပုံ မရဘူး.. "

လက်နက်မဲ့သွားသော ရှောင်ယွင်အား ရပ်ကြည့်နေရင်း ရှောင်နင် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ 

ရှောင်ယုက တည်တည်ငြိမ်ငြိမ်ဖြင့် လေသံတိုးဖျော့စွာ ပြောလိုက် သည်။ 

" သူသေသွားတော့ရော ငါက ဘာလို့ ဂရုစိုက်ရမှာလဲ.. သူက သူရဲကောင်းဖြစ်ချင်နေတာလေ.. ဖြစ်ရင်ကောင်းတာပေါ့.. ရှုံးသွားရင်တော့ အများတကာက လှောင်ပြောင်ကြမှာပေါ့... "

ထို့နောက် သူမ တိတ်ဆိတ်သွားပြန်သည်။ ရှောင်ယု အသက်ပြင်း ချပြန်ကာ 

" သူ့ကို ကူဖို့ အဆင်သင့်လုပ်ထားလိုက်.. ဂျားလီယောင်ဆိုတဲ့ ခွေးသားက ညှာမဲ့ပုံမပေါ်ဘူး... "

ရှောင်နင် ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။ ရှောင်ယု စိတ်ပြောင်းသွားမှာကိုလည်း စိုးရသည်။ 

စိုးရိမ်နေသော ရှောင်ယုထက်စာရင် ရှင်းအာက ပိုပြီး တည်ငြိမ်နေပုံ ရသည်။ သူမ၏ မျက်ဝန်းက မြေကွက်လပ်ဆီကို ဖြန့်ကျက်ကြည့်ရှု နေပြီး လေမုန်တိုင်းကြားထဲက ရှောင်ယွင်ဆီကို ပြုံးရင်း ကြည့်နေ သည်။ 

ဂျားလီယောင်၏ တိုက်ခိုက်မှုအား ရှောင်ယွင် ခက်ခဲစွာဖြင့် ဘေး တစ်ကွက်နင်း၍ ရှောင်လိုက်သည်။ ရှောင်ယွင်က အနောက်ဆုတ် လေ ဂျားလီယောင်က သူ့၏ လေစွမ်းအင် အထူးပြုသိုင်းဖြင့် အလျင် အား တိုးမြင့်ပြီး အရှေ့တိုးလာသည်။ လက်သီးအား တင်းတင်းဆုပ် လျက် ရက်စက်တော့မည့်ဟန်ဖြင့် ဂျားလီယောင်၏ လက်သီးက ရှောင်ယွင် ခေါင်းဆီကို ဦးတည်၍ တိုက်ခိုက်လိုက်သည်။ 

ရှောင်ယွင်မှာ အနောက်ဆုတ်ရင်း ဆုတ်ရင်း နောက်ဆုံးတွင် ဘယ်လိုမှာ ရှောင်လွဲ၍ မရသည့်အခါတွင် သူ့မျက်နှာသည် ကန်ရေပြင်လို ငြိမ်သက်သွားပြီး အသက်တစ်ခါ ဖြည်းညှင်းစွာ ရှုထုတ်လိုက်သည်။ အဝါဖျော့ဖျော့ ဒိုချီစွမ်းအင်က အရှိန်အဟုန်ဖြင့် သူ့ရဲ့ လက်သီးဆီကို ပြေးဆင်းသွားကြသည်။ 

အရှုံးမပေးလိုသော.. ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ရှောင်ယွင်က နောက်ဆုံး ဂျားလီယောင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက် တော့သည်။ 

ရှောင်ယွင်က မရှောင်တော့ဘဲ ဂျားလီယောင်နှင့် ထိပ်တိုက်ရင်ဆိုင် လိုက်ပုံကို တွေ့မြင်ကြသော ဘေးပတ်လည်က လူအုပ်ကြီးမှာ အနည်းငယ်တော့ ထိတ်လန့်သွားကြသည်။ သူတို့နှစ်ယောက်၏ အဆင့်ကွာခြင်းမှုက အလှမ်းကွာလွန်းသည်မဟုတ်လား။ တကယ်၍ ရှောင်ယွင်က ဆက်လက်ရှောင်ရှားခြင်းကို လုပ်ဆောင်နေခဲ့လျှင် တိုက်ပွဲအား အချိန်ဆွဲထားနိုင်မည်။ ဒါပေမဲ့ ထိပ်တိုက် လက်သီးချင်း တိုက်ဖို့ ရွေးချယ်လိုက်ရင် သူ မရှုမလှ ရိုက်ခံထိတော့မည်။ 

အားလုံးက ရှောင်ယွင်အတွက် သနားသွားကြပေမဲ့ ကျစ်ကျစ်ပါ အောင်ဆုပ်ထားသော ရှောင်ယွင်လက်သီးက ရုတ်တရက် ပြင်းထန်အားပါသော ပုံသဏ္ဍာန်မဲ့ တွန်းထုတ်အားတစ်ခုက အရှိန်အဟုန်ပြင်းထန်စွာ ထွက်ပေါ်ထုတ်လွှတ်သွားပြီး ဂျားလီယောင်၏ ဝမ်းဗိုက်ဆီသို့ ရက်စက်စွာ သွားရောက်ထိမှန်သွား ခဲ့သည်။ 

ဖော်မပြတတ်လောက်အောင်သော စွမ်းအားပြင်း ထိုးနှက်ချက် ကြောင့် ဂျားလီယောင်၏ ဝမ်းဗိုက်မှာ ပြင်းပြင်းထန်ထန် နာကျင် သွားပြီး ချက်ချင်းပဲ အနောက်ကို ကမန်းကတန်း ဆုတ်ခွာလိုက်ရ သည်။ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာကာ မျက်လုံးတွေမှာလည်း အငြိုးတွေနှင့် ပြည့်နှက်လာသည်။ အတွေးတစ်ခုကလည်း ခေါင်း ထဲ ရုတ်ခနဲ ရောက်လာသည်။ 

" ဘာ ဒိုသိုင်းအမျိုးအစားလဲ..ဘယ်လိုတောင် ထူးဆန်းလိုက်သလဲ"

ရပ်ကြည့်နေကြသော လူအများသည် ဂျားလီယောင်၏ ရုတ်ခြည်း အနောက်ဆုတ်လိုက်ရခြင်းကို ကြည့်ပြီး ထိတ်လန့်အံ့သြသွားသည်။ 

ရှောင်ယွင်က တဖန် သူ့လက်ဝါးပြင်အား အရှေ့ထုတ်လိုက်ပြီး  အနောက်ကို ပြန်ဆုတ်သွားသော ဂျားလီယောင်အား သူ့လက်ဝါးပြင်ကို ချိန်ထားလိုက်သည်။ ရှောင်ယွင်၏ ရက်စက်နေ သော အကြည့်က အကောင်းဆုံးအခွင့်အရေးကို ရွေးချယ်လိုက်ပုံ ရသည်။ 

" လေဟာနယ် လက်ဝါး "

ချက်ချင်းပင် စုပ်ငင်အား ကြမ်းကြမ်းတစ်ခုက ဂျားလီယောင်အား အညှာတာမဲ့စွာ ပြန်လည် စုပ်ယူလိုက်သည်။ 

သားရေဘောလုံးတစ်လုံးနှယ် ပြန်လည်ဆွဲငင်ခံရ၍ ဂျားလီယောင် သည် ဒေါသအမျက်ခြောင်းခြောင်းထွက်လာခဲ့သည်။ အံကို ကြိတ်ထားရင်း သူနှင့် နီးကပ်လာသော ရှောင်ယွင်ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သောအမူအရာက သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။ အဆိပ်ဒိုချီစွမ်းအင်က သူ့လက်သီးပေါ်တွင် လျင်မြန်စွာ စုစည်းလာခဲ့သည်။ နောက်ဆုံးတွင် လေပွေအသေးစား လေးပုံစံ ဖြစ်ပေါ်လာသည်။ 

" ရွှင်းအဆင့်နိမ့်ဒိုသိုင်း.. အစိမ်းရောင်လေပွေရစ်ပတ်လက်သီး.. "

လေခွင်းသံနှင့်အတူ လက်သီးက လေထုအားဖြတ်သန်းလာနေရင်း သိုင်းကွက်ဆီမှရရှိလာသော လေသိပ်သည်းအားဖြင့် ပေါင်းစပ်လာ နေရာ ရှောင်ယွင် ဘေးပတ်လည်က အမှိုက်များပင် လွှင့်ပျံသွားကုန် သည်။ 

ရှောင်ယွင် မျက်ဝန်းက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ ဖိအားပြင်းထန်လှသော လေတိုးအားကို ခံစားလိုက်ရ၍ ရှောင်ယွင် မျက်နှာက တည်ငြိမ်အေးစက်သွားသည်။ ခဏတာတွေးလိုက်ပြီး နောက် ချက်ချင်းပဲ ရှောင်ယွင် ကိုယ်ကို တပတ်လှည့်ပစ်လိုက်၏၊ ညာခြေထောက်က နံရံတစ်ခုအား အားနှင့် အားနှင့်အင်နှင့် မြဲမြံစွာ နင်းကန်လိုက်လေရာ လက်မဝက်အောင် နက်သော ဖိနပ်ရာက ထင်ကျန်သွားခဲ့သည်။ နံရံမှ ပြန်ကန်အားကို လွှဲယူပြီး ခန္ဓာကိုယ် အား လေထဲ ဝိုက်လှည့်လိုက်လေရာ ညာခြေထောက်က စက်ဝိုင်းပြတ်လို ကွေ့ဝိုက်သွားသည်။ ထိုခဏအတွင်း ရှောင်ယွင်၏ ပျော့ပျောင်းသော ခြေထောက်က သံမဏိချောင်းလို မာကျောသွား သည်။ 

" ရှစ်ဆပြင်းထန်သိုင်း... "

ရှောင်ယွင်၏ မျက်နှာက ရေခဲတမျှ အေးစက်၍နေသည်။ ညာခြေထောက်က လုံလောက်သောအားရပြိးမို့ ကြည့်ရှုနေသူ အပေါင်း၏ အကြည့်အောက်မှာ ဂျားလီယောင်၏ ဝင်ရောက်လာ သော လက်သီးနှင့် ခြေထောက် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။ 

" မင်းက ဒိုကျဲ ကြယ်သုံးလုံးအဆင့်မို့ ဘဝင်မမြင့်နေနဲ့ကွ.. "

ခြေထောက်နှင့် လက်သီး ဆုံမိသည့်ခဏ.. ရှောင်ယွင်၏ ညာခြေထောက်မှ ပြေးစီးလာသော အဝါရောင် ဒိုချီစွမ်းအင်ကြောင့် ခပ်သာသာ အသံနှင့်အတူ ဂျားလီယောင်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

" ဘုန်း.. "

ခြေထောက်နှင့်လက်သီး ထိခတ်မိပြီးနောက် မိုးကြိုးသံလို ခပ်အုပ်အုပ်အသံက ထိခတ်သည့်နေရာမှ ထွက်ပေါ်လာသည်။ 

" ဂျွတ်.."

ထိပ်တိုက်တွေ့ပြီးနောက်မှာလည်း အရိုးကျိုးအက်သံကလည်း လေထဲကို ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြန်သည်။ ဆူညံသံနောက်မှာတော့ ရှောင်ယွင်ရော ဂျားလီယောင်ပါ ပြိုင်တူပင် အနောက်ဘက်ကို ကိုယ်စီ လွင့်သွားကြသည်။ 

သူ့၏ ခန္ဓာကိုယ်က အနောက်နံရံအား အရှိန်ပြင်းစွာ ထိမှန်သွားခဲ့ သလို ပါးစပ်မှာလည်း ချိုသောအရသာအား ခံစားလိုက်ရသည်။ ထို့နောက် ပါးစပ်အပြည့် သွေးတစ်လုတ်အား မြေကြီးပေါ် ထွေးထုတ်လိုက်ရသည်။ 

ရှောင်ယွင် သွေးအန်ထုတ်လိုက်သည်ကို မြင်လိုက်ရသော  အနီးဝန်းကျင်က ကြေးစား အမဲလိုက်သမားများသည် စိတ်မကောင်း စွာဖြင့် အသက်ပြင်းချလိုက်လေသည်။ ရှောင်ယွင် ရှုံးနိမ့်သွားခဲ့ပြီးဟု သူတို့အားလုံး တွေးလိုက်မိကြသည်။ သို့သော် ရုတ်တရက်  ဂျားလီယောင်မှာ မြေကြီးပေါ် ပစ်လဲကျသွားပြီး သူ့ညာဘက်လက် ကိုလည်း ဆုပ်ကိုင်ထားရင် နာကျင်စွာ အော်ဟစ်နေပါတော့သည်။ 

ရပ်ကြည့်နေကြသောလူအုပ်ထဲမှာ အတွေ့အကြုံများသူတွေလည်း ပါဝင်နေသည်။ ယခု ဂျားလီယောင်၏ ညာဘက်လက်က သဘာဝ မကျစွာ လိမ်ခေါက်နေသည်ကို သူတို့ သတိပြုလိုက်မိကြရာ ပင့်သက်ရှည်ကြီး ရှိုက်လိုက်မိကြသလို သူတို့မျက်နှာပေါ်တွင်လည်း  တုန်လှုပ်ချောက်ချားခြင်းများ ဖြစ်သွားခဲ့သည်။

ကျွတ်ကျွတ်ညံနေသာ လူအုပ်ကြီးးသည်လည်း တိတ်ဆိတ်သွား၏ သူတို့၏ အံ့သြတုန်လှုပ်နေသာ အကြည့်တွေက နံရံနားတွင် အမောဆို့နေသာ လူငယ်ဆီကို ရောက်သွားပြန်သည်။ အချိန် အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ အောင်ပွဲခံအော်ဟစ်လိုက် သောအသံက လေထုကို ဖောက်ထွက်လာတော့သည်။ 

ရှောင်ယုမှာ နှုတ်ခမ်းလေး ဟလျက် မယုံကြည်နိုင်စွာဖြင့် နာကျင်စွာ ငိုကြွေးမြည်တမ်းနေသော ဂျားလီယောင်အား ငေးကြည့်နေမိသည်။ တအံ့တသြလည်း အသံထွက် ပြောလိုက်မိသည်။ 

" ရှောင်ယွင်က တကယ် နိုင်သွားတာလား.. ? "

" ကြည့်ရတာ အဲ့အတိုင်းပဲ.. ဟိုကောင်ရဲ့ လက်က ရှောင်ယွင်ကြောင့် ကျိုးသွားတာပဲ.. "

ရှောင်နင်က တံတွေးမျိုချလိုက်ရင်း ပြောလိုက်သည်။ ရှောင်ယွင်၏ ပြင်းထန်ရက်စက်သော တိုက်ခိုက်ခြင်းက အရင်တုန်းက သူခံစား လိုက်ရသော ဝမ်းနည်းစရာအဖြစ်ကို ပြန်ပြောင်းသတိရစေခဲ့သည်။ ဒါပေမဲ့ ဂျားလီယောင်၏ အခြေအနေက သူ့ထက် ပိုပြီး ဆိုးဝါးနေ သည်။ ဆယ်ဆမက ဆိုးဝါးနေသည်ဟု ဆိုလည်း မမှားချေ။  လက်မောင်းကနေ အရိုးက ငေါထွက်နေသော ဂျားလီယောင်အား ကြည့်ရင်း သူ့လက်မှာ တစ်သက်လုံးသုံးစားလို့ မရနိုင်တော့မှန်း ရှောင်နင် သေချာစွာ ပြောနိုင်သည်။ 

ရှောင်နင်က အတည်ပြုလိုက်သံကို နားထောင်ပြီး ရှောင်ယု အချိန် အတော်ကြာထိ စကားမဆိုတော့သည်။ လေအား အငမ်းမရ ရှုနေ သော ရှောင်ယွင်ကိုသာ ကြည့်နေလိုက်သည်။ 

" ဒါဆိုရင် ဒီကောင်စုတ်လေးက ဒိုကျဲအဆင့်နယ်ပယ်ကို ရောက်နေ ပြီးပဲ.. ဒါကြောင့် ဒီကောင်က နည်းနည်းလေးတောင် မကြောက်တာ ပဲကိုး.. "

...............

မြေကြီးပေါ် ဆယ်မိနစ်နီးပါး ထိုင်နေပြီး ရှောင်ယွင် တဖြည်းဖြည်း မတ်တတ်ရပ်လိုက်သည်။ ကြောင်တောင်တောင်ဖြင့် ငေးကြည့် နေသော လျိုစီးကို အေးစက်စက် တချက်ကြည့်လိုက်သည်။ ထုံကျင်နေသာ ညာခြေထောက်အား တရွက်တိုက်လှမ်ရင်း အောက် ကျနေသာ သံတုတ်အား ကောက်ယူလိုက်သည်။ ပြီး မြေကြီးပေါ်မှာ နာကျည်းမြည်တမ်းနေသော ဂျားလီယောင်အား စူးရဲစွာ ကြည့်ရင်း ခက်ခက်ခဲခဲ တိုးလာနေသည်။ ဂျားလီယောင်၏ တိုက်ခိုက်မှုက သူ့အား မည်မျှအထိ သတ်ဖြတ်နေလိုကြောင်း ထင်ရှားနေရာ သူသည်လည်း ညှာတာသနားနေဖို့ မလိုတော့ပါဘူး။ 

မြေကြီးပေါ် လှဲလျောင်းနေသာ ဂျားလီယောင်သည် သူ့ဆီကို တဖြည်းဖြည်း နီးကပ်လာသော ရှောင်ယွင်ကို ကြည့်နေရင်း သူ့မျက်နှာမှာ ရက်စက်ခြင်းတွေ ပျောက်ကွယ်ကုန်ပြီး ကြောက်လန့် စိတ်တွေသာ ကြီးစိုးလာခဲ့သည်။ သူက တံတွေးကို ပါးစပ်အပြည့် မျိုချလိုက်သည်။ ရှောင်ယွင်၏ မျက်လုံးတွင် သတ်ဖြတ်လိုသည့် အခိုးအငွေ့ကိုလည်း သူ ကောင်းကောင်းခွဲခြားသိလိုက်သည်။ ထို့ကြောင့် ဂျားလီယောင် ကမန်းကတန်းပဲ အော်ပြောလိုက်သည်။ 

" ငါ အရှုံးပေးတယ်..ငါ အရှုံးပေးတယ်.. "

သို့သော် ရှောင်ယွင်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့လွန်းသည်။ မည်သည့်စကားကိုမှ မကြားလိုက်သယောင်ရှိသည်။ လက်ထဲက သံတုတ်ကို ပိုပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

တစိုးတစိမှ ပြောင်းလဲမှုမရှိသော လူငယ်၏ မျက်နှာအမူအရာအား ကြည့်ရင်း သွေးရဲကြသည့် ကြေးစားအမဲလိုက်သမားများပင် အနည်းငယ် ကြောက်လန့်သွားသည်။ ရှောင်ယွင်၏ အပြုအမူက အရင်တုန်းက အမြဲတစေ ပြုံးရွှင်နေသာ လူငယ်တစ်ယောက်က သူဖြစ်ကြောင်းကို လူတွေအား ယုံကြည်ရခက်စေတော့သည်။  

ခြေလှမ်းအား ရပ်လိုက်ပြီး သူ့အား ကြည့်နေသော ဂျားလီယောင်ကို အပေါ်စီးကနေ အုပ်မိုးကြည့်လိုက်သည်။ ရုတ်တရက် ရှောင်ယွင်က သွားဖြဲပြီး ပြုံးပြလိုက်ရာ ထွက်ပေါ်လာသော သွားဖွေးဖွေးက ဂျားလီယောင်၏ နှလုံးအား အေးစက်သွားစေသည်။ သူ တစ်ခု သဘောပေါက်လိုက်သည်က ဒီလူငယ်ဟာ သိုးတစ်ကောင်လို အမြဲတစေ ငြိမ်သက်တတ်ပြီး တကယ်တမ်းတွင် သူ့ထက်ပင် ရက်စက်တတ်သော နှလုံသား ရှိသည်ဆိုတာပဲ ဖြစ်သည်။ 

" သေလိုက်တော့.. အလကားကောင်.. "

ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး ရှောင်ယွင်၏ အနက်ရောင်မျက်ဝန်း မှာ သတ်ဖြတ်လိုသော အရိပ်အယောင်က စူးရှစွာ အရောင်ပြန် ထွက်လာသည်။ ထို့နောက် ရှောင်ယွင်လက်ထဲက အနက်ရောင် သံတုတ်သည် ဂျားလီယောင်၏ ခေါင်းဆီသို့  အရှိန်ဖြင့် လေကို ထိုးခွင်း၍လာသည်။
============== ==============

        

အပိုင်း ( ၈၈ ) - နိဂုံး

အညှာအတာမဲ့စွာ ရှိနေသော ရှောင်ယွင်အား ကြည့်ပြီး ဂျားလီယောင်၏ မျက်နှာမှာ သွေးပင်မရှိတော့။ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာသာ ရှိ၏

လမ်းတွင် ရပ်ကြည့်နေကြသူအပေါင်းတို့သည် ဂျားလီယောင် အသတ်ခံရတော့မည့်အဖြစ်ကို ကြည့်ပြီး အလိုလို အသက်ရှုဖို့ပင် မေ့လျော့နေကြသည်။ ရှောင်ယွင်၏ ပြတ်သားစွာ ဆုံးဖြတ်ထား ဟန်က သူ့အား လူတွေ ထားရှိသည့် အမြင်သဘောထားကို ပြောင်းလဲသွားစေသည်။ 

ရှောင်ယုက သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို စိုစွတ်အောင် သပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရပ်လျက် သား တောင့်တင်းနေသည်။ ရှောင်ယွင်၏ အကြင်နာမဲ့ပြီး ပြတ်သား သော ပုံစံက အရင်က သူ့၏ ညင်သာသိမ်မွေ့သော ပုံရိပ်အား ပြောင်းပြန်လှန်လိုက်သလို ထင်ရသည်။ သူမနှင့် အမြဲလိုလို ရန်ဖြစ် ရအောင် လုပ်အား သူမအား စိတ်တိုဒေါပွစေသူက ယခုလို အညှာ တာမဲ့ရက်စက်ခြင်းတွေနှင့် ရင်းနှီးနေလိမ့်မည်ဟု သူမ မထင်မှတ် ထားခဲ့မိပါဘူး။ 

လူတွေအားလုံးလည်း ရှောင်ယွင်လက်ထဲက သံတုတ်သွားရာ နောက်ကို လိုက်ပါကြည့်နေမိကြသည်။ သံတုတ်က ဂျားလီယောင် ခေါင်းဆီကို ရောက်ဖို့ တစ်ပေမျှသာ ရှိတော့သည့်အချိန်တွင် ရုတ်တရက် မိုးခြိမ်းသံအလား အသံတစ်ခုက ပေါက်ကွဲထွက်လာ သည်။ 

" ရှောင်ကလန်က ကောင်လေး.. စိန်ခေါ်တယ်ဆိုတာ တစ်ယောက် ဆီကနေ တစ်ယောက် လေ့လာကြရတယ်.. မင်း ဒီလောက် ရက်စက်ရတာလားကွ.. "

ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုလိုက်သော အသံကို ကြားရသည့်အခါမှာ ရှောင်ယွင် မျက်မှောင်ကုတ်သွားသည်။ သူ့ နှုတ်ခမ်းထောင့်က အေးစက်စက်အပြုံးက ပိုပိုပြီး ပီပြင်လာခဲ့သည်။ ရပ်တန့်လိုက်မည့်အစား သံတုတ်ကို လွှဲရမ်းလိုက်သည့် အရှိန်က ပိုပြီး ပြင်းထန်သွားသည်။ 

" မဆိုင်ရင် ဘေးမှာ ရပ်နေလိုက် "

ရှောင်ယွင်၏ အပြုအမူက အော်ဟစ်ပြောဆိုလိုက်သူ၏ ဒေါသ အား ယပ်ခပ်ပေးလိုက်သလို ဖြစ်သွားသည်။ ထိုစဉ် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည့်အသံနှင့်အတူ အလွန်တရာ ထက်မြသော လေစွမ်း အင်က ဝီသံခေါ်လျက် ရောက်ရှိလာသည်။ အစိမ်းရောင်လျှပ်စီးနှင့် ပင် တူသည့် အဆိုပါ စွမ်းအင်က လေထဲ ရှိနေဆဲဖြစ်သော သံတုတ် အား ဖြတ်သွားသွားသည်။ ထိုခဏမှာပဲ ခိုင်မာတောင့်တင်းသော သံတုတ်ဟာ ရှင်းရှင်းလင်းလင်းကို လေထဲမှာ နှစ်ပိုင်း ပြတ်တောက် သွားသည်။ 

သံတုတ်က နှစ်ပိုင်းပြတ်သွားခြင်းကြောင့် ရှောင်ယွင်က အမူအရာ က ပြောင်းလဲသွားသည်။ အံကိုကြိတ်ပြီး လက်ကျန် သံတုတ်အပိုင်း တိုဖြင့် ဂျားလီယောင်၏ လည်မြိုအား ထိုးဖောက်ဖို့ ဆက်လက် ထိုးသွင်းလိုက်သည်။ အစိမ်းရောင်လေစွမ်းအင်က နောက်တစ်ကြိမ် ရိုက်ခတ်လာပြန်သည်။ လေစွမ်းအင်မှ ဖြစ်တည်လာသော သက်ရောက်အားမှာ ပြင်းထန်လွန်း၍ ရှောင်ယွင်အား အသက်ရှုရ ခက်ခဲခြင်းပါ ဖြစ်ပေါ်လာခဲ့သည်။ 

ရှောင်ယွင်မှာ ရှိသမျှအားစိုက်ပြီး သံတုတ်အပိုင်းတိုဖြင့် အရှေ့ကို အားကုန်ထိုးသွင်းလိုက်ပေမဲ့ မမြင်ရသော လေစွမ်းအင်အလွှာပါးက ပိတ်ဆို့ထားရာာ မထိုးဖောက်နိုင် ဖြစ်နေခဲ့သည်။ 

နှုတ်ခမ်းအား တွန့်လိုက်ရင်း ရှောင်ယွင်၏ ညာလက်က သံတုတ် အား ခပ်တင်းတင်းကိုင်လိုက်သည်။ ကိုယ်ကို တပတ်လှည့်လိုက်ပြီး သံတုတ်အား လွှဲရမ်းပစ်ထည့်လိုက်သည်။ သံတုတ်ဟာ သူ့လက်ထဲ ကနေ အနက်ရောင်အရိပ်တစ်ခုလို လျင်မြန်စွာဖြင့် သူ့ဆီပြေးလာ နေသာ လူပုံရိပ်ဆီကို ပြေးဝင်သွားတော့သည်။ 

" ဟွန့်.. "

ရှောင်ယွင်က သူ့အား တကယ်ပင် တိုက်ခိုက်လိုက်သည်ကို မြင် သည့်အခါ ထိုလူက အေးစက်စွာဖြင့် နှာခေါင်းမှုတ်သံ ပေးလိုက် သည်။ သူ့လက်အား လက်သည်းကုတ်လို ကွေးညွတ်လိုက်ပြီး ဝှေ့ယမ်းပစ်လိုက်သည်။း အစိမ်းရောင်ပါးပါး ဒိုချီစွမ်းအင်က အစိမ်းဖန့်ဖန့်လေဓားပုံစံလို သူ့လက်သည်းထိပ်တွင် ဖွဲ့တည်ပေး လာခဲ့သည်။ 

တဖန် လက်ချောင်းအား တောက်ထုတ်လိုကပ်သည့်အခါ  အဆိုပါ လေဓားက လှစ်ခနဲ ပြေးထွက်သွားပြီး ပျံဝင်လာသော သံတုတ်အား အပိုင်းအစ ဆယ်ပိုင်းကျော်အထိ ခုတ်ပိုင်းပစ်လိုက်သည်။ 

" အရွယ်ငယ်သလောက် ရက်စက်တဲ့ နှလုံးသားရှိတဲ့ကောင်လေးပဲ ဒီနေ့တော့ ရှောင်ကျန်းကိုယ်စား မင်းကို သင်ခန်းစာ ပေးရလိမ့်မယ်"

သံတုတ်အား အပိုင်းအပိုင်းခုတ်ဖြတ်လိုက်ပြီးနောက် ထိုသူက အေးစက်စွာ ရယ်မောပြောလိုက်သည်။ ထိုသူ၏ လက်နှစ်ဖက်တွင် လည်း အစိမ်းရောင်ဒိုချီစွမ်းအင်တွေက စုစည်းနေလျက်ရှိသည်။ ထို့နောက် လေမုန်တိုင်းတစ်ခုက သူ့ခြေထောက်အနားမှာ ဖြစ်ပေါ် လာပြီး ထိုသူအား မြေပေါ်မှ ကြွတက်လာစေသည်။ တစခါ  အမြောက်မှ ပစ်လွှတ်လိုက်သည့် အမြောက်ဆန်ပမာ  ရှောင်ယွင် ရှိရာနေရာသို့ သူ့တစ်ကိုယ်လုံးအား အရှိန်ဖြင့် ပစ်ဝင်သွားလိုက် သည်။ တဖန် အစိမ်းရောင်ဖန့်ဖန့် လေဓားများကလည်း ဖြစ်ပေါ် လာပြီး သူ့လက်ကို ဝှေ့ယမ်းကာဖြင့် ရှောင်ယွင်ဆီကို လေဓားများ  တရစပ် ပစ်ပေါက်လိုက်သည်။ 

လေစွမ်းအင်မှာ ဖွဲ့တည်လာသော လေဓားများသည် လေထုအား အနှောင့်အယှက်ကင်းကင်းဖြင့် ဖြတ်သန်းသွားတော့သည်။ 

" ငါ့ကို သင်ခန်းစာပေးမယ်.. ဟုတ်လား..? ခင်ဗျားကို ခင်ဗျား ဘာထင်နေလဲ.. ကိုယ့်ရဲ့သားမှာ အရင်တပည့်ခံလိုက်ဦး.. "

ရှောင်ယွင်က ခေါင်းကို ခါရမ်းလိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ တဖက်လူက ထုတ်သုံးလိုက်သောဒိုချီစွမ်းအင်၏ လက္ခဏာကြောင့် ထိုပုဂ္ဂိုလ်မှာ ဂျားလီယောင်၏ အဖေ ဂျားလီဘီ ဖြစ်မှန်း သူ သိရှိပြီး ဖြစ်သည်။ 

ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် သူ့ဆီ ပြေးဝင်လာနေ သော လေဓားအား ကြည့်လိုက်သည်။ လေဓားက သူ့ခေါင်းဆီကို မရောက်မီ ၅ မီတာအလိုတွင် ရှောင်ယွင်သည် မြေပြင်အား လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ပုံသဏ္ဍာန်မဲ့ တွန်းကန် များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သက်ရောက်သွားသည်နှင့် ရှောင်ယွင်၏ ခန္ဓာကိုယ်အား လေပေါ်သို့ တွန်းတင်လိုက်သလို ဖြစ်သွားသည်။ လေထဲမှာ ကျွမ်းပစ်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ မြေတလင်းပေါ် ကျသွားသည်။ 

လေဓားများ လွဲချော်သွားခဲ့ပြီး။ 

ချွင်းးး ချွင်းး ချွင်းးး

လေဓားများသည် မာကျောလှသော ကျောက်သားမြေပြင်ဆီကို လွဲချော်ထိမှန်သွားလေရာ နက်ရှိုင်းလှသော ဓားထွင်းရာများ အက်ထင်သွားသည်။ 

" အဖေ.. အဲ့ကောင်ကို သတ်.. "

သူ့အရှေ့ကို ရောက်ရှိလာသော ပုဂ္ဂိုလ်အား မြင်သည်နှင့် ဂျားလီယောင်မှာ မဖော်ပြတတ်လောက်အောင်ပင် ဝမ်းသာသွားပြီး နာနာကျင်ကျင်ကို ငိုကြွေးလိုက်သည်။ 

ဂျားလီဘီမှာ ဒူးထောက်လိုက်ပြီး ဂျားလီယောင်၏ လက်ကို မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။ သူ၏မျက်နှာသည် အနည်း ငယ် တင်းမာလာပြီး လူသတ်ချင်သည့် အငွေ့အသက်များ သူ့မျက်ဝန်းတွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ထရပ်လိုက်ပြီး ရှောင်ယွင်ဆီကို သွေးရူးသွေးတန်းဖြင့် ပြေး သွားလိုက်သည်။ 

" ရှောင်ကလန်က ပါရမီရှင်ဆိုတဲ့ ကောင်က ဘယ်လောက်တော် သလဲဆိုတာ ကြည့်ရသေးတာပေါ့.. "

ဂျားလီဘီ၏ အပြုအမူကြောင့် ရှောင်ယွင်မှာ အလျင်အမြန် နောက် ဆုတ်လိုက်သည်။ ထိုလူမှာ ဂျားလီဘီ ဖြစ်နေမှန်း လူအများက မှတ်မိလိုက်သည့်အခါမှာ အားလုံးက စတင်ပြီး လှောင်ပြောင်သရော် ကာ အော်ဟစ်လိုက်ကြသည်။ 

" ဒဒိုရှီတစ်ယောက်က ဒိုကျဲတစ်ယောက်ကို အလစ်ဝင်တိုက်လိုက် တာပဲဟ "

" ဝိုးးး  ဂျားလီဘီ.. ခွေးအိုကြီး.. ခင်ဗျားက လေလုံးထွားတဲ့ ဖရဲသီးကြီးပဲ.. အရှက်မရှိ တိုက်ရဲသလား.. "

 သူတို့နှစ်ယောက်က အဆင့်ချင်း အခြေအနေချင်း ကွာဟနေတာ ကိုတောင်မှာ လျစ်လျူပြီး နောက်တစ်ကြိမ် သူ့ဆီကို ပြေးလာသော ဂျားလီဘီကြောင့် ရှောင်ယွင်မျက်နှာမှာ ဖြုဖျော့သွားခဲ့သည်။ 

"  ငမိုက်သား.. မင်းက ငါ့သားလက် ချိုးလိုက်ပြီးတော့ အေးအေး ထွက်သွားချင်သေးလား.. "

ဂျားလီဘီက မြေကို ဆောင့်ကန်လိုက်သည်။ ဂျားလီဘီ၏ ခန္ဓာကိုယ် ဟာ လေပြတစ်ခုလိုပဲ ရှောင်ယွင်၏ အထက်ဝယ် ထူးဆန်းစွာ ရောက်ရှိသွားခဲ့သည်။ ကောက်ကျစ်သော အမူအရာလည်း ဂျားလီဘီ၏ မျက်နှာမှာ ထွက်ပေါ်လာခဲ့သည်။ သူ့လက်သီးအား ဆုပ်ထားပြီး အုံကြွလာသော အစိမ်းရောင်ဒိုချီစွမ်းအင်တို့ကို စုစည်း ကာ ကြီးမားသော လေပွေကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နေ၏

" ဘာ.. ခင်ဗျားက ရွှင်းအဆင့်သိုင်းကိုတောင် ထုတ်သုံးလိုက်တာ လား.. ခွေးအိုကြီး.. ခင်ဗျားက ဂျားလီမျိုးနွယ်ကို အရှက်ခွဲလိုက်တာ ပဲဟ.. "

ဂျားလီဘီ၏ လက်သီးသည် တဖြည်းဖြည်းများပြားလာနေသာ အင်အားများကို ခံစားမိလိုက်လျှင် ရှောင်ယွင်မှာ မျက်နှာပျက်သွား သည်။ လျှို့ဝှက်စွာဖြင့် အနက်ရောင်လက်စွပ်အား ထုတ်သုံးလိုက် ရန် ဟန်ပြင်လိုက်သည်။

မနီးမဝေးက ရှင်းအာလည်း ရှောင်ယွင် ဒုက္ခရောက်တော့မည်ကို မြင်လျှင် သူမသည်လည်း မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ အသက်ကိုဖြည်ညှင်းစွာ တစ်ခါရှုလိုက်ရင်း သူမ၏ ကြည်လင်သော မျက်ဝန်းမှာ ရွှေရောင်မီးတောက်က ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယင်း ရွှေရောင်ဖျော့ဖျော့ ဒိုချီစွမ်းအင်တို့သည် ပြင်းထန်ရန်လိုသောစွမ်းအင်အဖြစ် ထွက်သွား ဖို့ စတင်လိုက်သည်။ 

ရှောင်ယွင်လည်း ကိုယ့်ကိုယ်ကို ကာကွယ်မည့်အပြု..ရှင်းအာလည်း သူ့အား ကယ်ရန် ပြင်လိုက်သည့်အချိန်တွင် ဒေါသပြင်းထန်သော ဟိန်းဟောက်အော်ဟစ်လိုက်သံက လမ်းမတစ်လျှောက် ထိုးဖောက် ဖြတ်ဝင်လာခဲ့သည်။ 

" သောက်ခွေးအိုကြီး.. မင်းဘယ်တုန်းက ငါ့သားကို သင်ခန်းစာ ပေးဖို့ အခွင့်ရသွားတာလဲကွ.. "

အော်သစ်သံလည်း ဆုံးသွားသည်နှင့် မီတောက်များ ဖုံးလွှမ်းနေသာ လူပုံရိပ်တစ်ခုက ဈေးကွယ်ကနေ ထွက်ပေါ်လာသည်။ ခြေလှမ်းက ပြင်းထန်စွာဖြင့် လျှပ်စီးလက်သလိုမျိုး အလျင်နှုန်းဖြင့် ရှောင်ယွင် အရှေ့ကို ရောက်ရှိလာပြီး ခြင်္သေ့တစ်ကောင်အလား ခေါင်းမော့ပြီး ဟိန်းဟောက်အော်ဟစ်လိုက်သည်။ 

" ခြင်္သေ့ဒေါသမာန်ဟုန်ပြင်း.. "

လေးစားခန့်ညားဖွယ်ရှိသော ရှောင်ကျန်းသည် သူ့၏ သံလက်သီး အား ဆုပ်ပြီး အပေါ်တွင်ရှိနေသော ဂျားလီဘီအား အညှာတာမဲ့စွာ လှမ်းထိုးလိုက်သည်။ ထိုအခါ  ကြီးမားသောအနီရောင် ခြင်္သေ့ ခေါင်းကြီးပုံရိပ်ကြီးတစ်ခုကလည်း လက်သီးနှင့်အတူ ဖျတ်ခနဲ လိုက်ပါဖြစ်ပေါ်လာခဲ့သည်။ 

" ဘုန်း.. "

အစိမ်းရောင်နှင့်အနီရောင် ဒိုချီစွမ်းအင်နှစ်ခု ဆုံမိသွားရာ မိုးခြိမ်းသံ အလား ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ထိုအအသံကြောင့် လမ်းပေါ်တွင် ရှိနေသာ လူတွေအားလုံးနီးပါးမှာ မခံမရပ်နိုင် လောက်အောင်ပင် နားများ အူသွားကြသည်။ 

လေထဲတွင် လူနှစ်ယောက်၏ အနီးကပ်တိုက်ခိုက်မှုများ တွေ့ဆုံ သွားပြီးနောက် သူတို့နှစ်ယောက်စလုံး ကိုယ်စီ အနောက်ဆုတ် လိုက်ကြသည်။ ရှောင်ကျန်းမှာ အနောက်ကို ဆုတ်လိုက်သလို ရှောင်ယွင်ကိုလည်း သူ့အနား ဆွဲထားလိုက်သည်။ 

သူတို့နှစ်ဦးက မြေပေါ် သက်ဆင်းပြီး ကမန်းကတန်း ပြန်ဆုတ်လိုက် သလို သူတို့နှစ်ဦး၏ ခြေရာများကလည်း မြေကြီးပေါ်မှာ ထင်ထင် ရှားရှား ကျန်ရစ်ခဲ့သည်.  ထိုအရာကို ကြည့်ခြင်းဖြင့် ထိုသူနှစ်ဦး၏ သန်မာမှုကို ချင့်တွက်၍ ရနိုင်သည်။ 

ဒိုချီစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရှောင်ကျန်းက ဂျားလီဘီအား အေးစက်စွာ ကြည့်လိုက်သည်။ အေးစက်စက်ရယ်သံဖြင့်.. 

" ဂျာလီဘီ.. မင်းက ခွေးတစ်ကောင်နဲ့ တကယ်ကို တူတာပဲ.. ကိုယ့်ထက် အငယ်ကိုတောင်မှ တိုက်ဝံ့တယ်ပေါ့လေ.. "

ဂျားလီဘီ၏ မျက်နှာက တင်းမာသွားသည်။ နှုတ်ခမ်းထောင့်အား တွန့်လိုက်ပြီး မြေကြီးပေါ် လှဲနေရသော ဂျားလီယောင်အား ညွန် ပြလိုက်သည်။ ထို့နောက် အေးစက်တင်းမာသော အသံဖြင့်  ပြောလိုက်သည်။ 

" ဒီကောင်က ငါ့သားကို ဒီလောက်ထိ ဖြစ်အောင် လုပ်ခဲ့တယ်. ရှောင်ကျန်း.. မင်း ငါ့ကို ရှင်းပြပါဦး.. "

" ရှင်းပြရမယ်.. ဘာကို ရှင်းပြရမှာလဲ.. ငါ့သားသာ ရှောင်တာ မမြန်လို့ရှိရင် ဒီအချိန် မြေကြီးမှာ လဲနေတဲ့သူက ငါ့သား ဖြစ်နေလိမ့် မယ်..အဲဒီအခါကျရင် မင်း တာဝန်ယူမလား.. "

ရှောင်ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်ချေပလိုက်သည်။ 

" ဒီစိန်ခေါ်ပွဲကို မင်းသားက အရင်စပြောတာ.. ဒီကလူတွေ အားလုံး သက်သေရှိတယ်.. ပြီးတော့ စိန်ခေါ်ပွဲမှာ ခြေကျိုးလက်ကျိုးတာက ပုံမှန်ပဲလေ.. မင်းက ဘာလို့ ပြဿနာကြီးအောင် လုပ်နေရတာလဲ "

 ရှောင်ကျန်းမှာ ပြောရင်းပြောရင်း ပြုံးလာသလို ရက်စက်ကြမ်း ကြုတ်နေတာလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

" မင်း.. " 

ဂျားလီယောင်၏ မျက်နှာမှာ ဟန်ပျက်သွားခဲ့သည်။ ဘေးပတ်ဝန်း ကျင်က လှောင်ရယ်နေသာ အကြည့်တွေအား တစ်ချက်လှည့်ပတ် ကြည့်လိုက်သည်။ ရှောင်ယွင်အား တိုက်ခိုက်ဖို့ အခွင့်အလမ်း ဆုံးရှုံး သွားမှန်းလည်း သိလိုက်သည်။ ထိုအခါ အံကို ဒေါသတကြီးဖြင့် တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ 

" ငါ့ကို နောက်တစ်ခါ အခွင့်အရေးမပေးလိုက်နဲ့.. မဟုတ်ရင်တော့ "

" ငါလည်း မင်းပြောတဲ့အတိုင်းပဲ.." 

ပြုံးရင်း စကားပြောလိုက်သော ရှောင်ကျန်း၏ မျက်ဝန်းမှာ ရက်စက်သည့်ဟန်က ဖျတ်ခနဲ ဖြစ်ပေါ်လာပြန်သည်။ 

" ကောင်းပြီးလေ.. စောင့်ကြည့်ရသေးတာပေါ့ကွာ.. "

ဂျားလီဘီက ခေါင်းကို ညိတ်လိုက်ပြီး အားပါတရပြုံးလိုက်သည်။ ထို့နောက် နာကျင်မြည်တမ်းနေသော ဂျားလီယောင်အား ပင့်မလိုက်ပြီး အနောက်လှည့်ကာ ပြန်ထွက်သွားခဲ့သည်။ လျိုစီး အနားရောက်သွားသည့်အခါမှာ ထိတ်လန့်နေပြီး ဆွံ့အနေသော ပုံစံကြောင့် ဂျားလီဘီ၏ ရင်ထဲတွင် ဒေါသလှိုင်းက တလိပ်လိပ် တက်လာခဲ့သည်။ သို့ပေမဲ့ အသက်ဝဝ တစ်ချက်ရှုလိုက်ပြီးနောက် သူ့ဒေါသအား ချိုးနှိမ်လိုက်ကာ ပြောလိုက်သည်။ 

" ဆရာလျိုစီး. ပြန်ရအောင်.. "

" ဟင်..?.. ဟိုကောင်မလေးကရော.. " 

လျိုစီး၏ အကြည့်က ရှင်းအာဆီကနေ မခွာနိုင် ဖြစ်နေသည်။ 

ဂျားလီဘီ မျက်မှောင်ကုတ်သွားသည်။ သူသည် တစ်ခါတည်းပင် ရိုက်သတ်ပစ်လိုက်စိတ်ပေါက်သွားသည်။ အထိုအရူး၏ခေါင်းထဲတွင် မိန်းမ အကြောင်းကလွဲ၍ တခြားဘာမှမရှိချေ။ ဂျားလီဘီသည် လက်သီးအား တင်းတင်းဆုပ်လိုက်သည်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဒေါသအား လျှော့ပြီး ထိတ်လန့်ဖွယ်ကောင်းသော အပြုံးတစ်ခုအား အတင်းညှစ်ထုတ်ပြုံးလိုက်ပြီး.. 

" အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး.. အိမ်ရောက်မှပဲ ကျွန်တော်တို့ ဆက် ဆွေးနွေးရအောင်.. "

" အော်. အင်း.. အင်း.."

ဂျားလီဘီ၏ မျက်နှာအမူအရာအား မြင်သည့်အခါ လျိုစီး ခေါင်းကို ညိတ်ချင်မညိတ်ချင်ဖြင့် ညိတ်ကာ သဘောတူလိုက်ရသည်။ ရှင်းအာအား နောက်တစ်ခါ အငမ်းမရ ကြည့်လိုက်ပြီးနောက် ဂျားလီဘီနှင့်အတူ  ဈေးမှ ထွက်ခွာသွားကြလေသည်။ 

ဈေးကနေ အရှက်တကွဲ ထွက်ခွာသွားကြရသော ဂျားလီဘီနှင့် အုပ်စုတို့အား ကြည့်နေလိုက်ရင်း  ရှောင်ကျန်းက အေးစက်စက် ရယ်မောလိုက်ချေသည်။ ထို့နောက် ဘေးပတ်ဝန်း ကျင်အား လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် သွေးများ ပေကျံနေသာ ရှောင်ယွင်အား မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။ သူ့အကြည့်က ညင်သာပေမဲ့လည်း ရှောင်ယွင်ပခုံးအား ပုတ်လိုက် သည်က အားပါလှသည်။ စုတ်သပ်ပြီး နောင်တရဟန်ဖြင့် ပြောလေသည်။ 

" မင်း တိုက်ခိုက်တာ သိပ်မရက်စက်သေးဘူးကွ.. ဂျားလီဘီမှာ သားတစ်ယောက်ပဲ ရှိတာ.. ဒီနေ့သာ မင်း သူ့ကို သင်းကွပ်ပစ် လိုက်နိုင်ခဲ့ရင် ဂျားလီဘီတော့ ရူးသွားလောက်မယ်.. ဒီလိုသာ ဖြစ်ခဲ့ရင် အပြင်မှာ ပုန်းနေတဲ့ အကြီးအကဲသုံးယောက်ကလည်း အသာလေး သူ့ကို သတ်ပစ်လိုက်ရုံပဲ.. ကျွတ်..ကျွတ်.. တကယ့်အခွင့်အရေးတစ်ခုကို  လက်လွှတ်လိုက်ရတယ်ကွာ.. "

ထိုစကားအား ကြားလိုက်ရသည့်အခါ ရှောင်ယွင် ကြက်သေသေ သွားမိသည်။ စိတ်လည်း အတော်ပျက်သွားမိသည်။ ဘေးမှာ ရှောင်ယုနှင့် ရှင်းအာတို့၏ မျက်နှာမှာ အတော်နီရဲနေပါပြီး။ 

ရှောင်ကျန်းစကားအား ကြားလိုက်ရသေးသော ကြေးစားအမဲလိုက် သမားများကလည်း ခေါင်းနပန်းကြီးသွားခဲ့သည်။ 

ဘာမှ အံ့သြစရာမရှိဘူး.. သားကလည်း ရက်စက်တတ်သလောက် အဖေကလည်း ပိုပြီး ရက်စက်ယုတ်မာတာကိုး.

============== ==============

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...