အပိုင်း (၁၄၂ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++
ရှောင်ယွင် သတိပြန်ရလာသည့်အချိန်တွင် ညနေစောင်းနေပြီး ဖြစ်သည်။ သူသည် မျက်လုံးဖွင့်ကာ လက်ချောင်းတွေကို လှုပ်ရှားကြည့်လိုက်သည်။ သူထင်သလို နာကျင်နေတာတွေလည်း မရှိတော့ချေ။ ထို့အစား တစ်ကိုယ်လုံးမှာ စွမ်းအင်တွေနှင့်သာ ပြည့်လွှမ်းနေလေသည်။
သက်တောင့်သက်သာရှိစွာဖြင့် လန်းဆန်းနေသည့် ခံစားချက်ကြောင့် ရှောင်ယွင်မှာ အသက်ပြင်းကို ရှိုက်လိုက်မိသည်။ ခေါင်းကို အနည်းငယ်ငဲ့စောင်းလိုက်သည့်အခါမှာတော့ အပြာရောင်အတွင်းဝတ်အင်္ကျီနှင့် စာလိပ်နှစ်လိပ်ကို မြင်လိုက်ရသည်။
ပထမတွင် ထိုအရာကို မြင်လိုက်ရတော့ ရှောင်ယွင် ခေါင်းရှုပ်သွားခဲ့သည်။ မကြာလိုက်.. သူ သဘောပေါက်သွားခဲ့သည်။ မျက်လုံးက ဘေးဝန်းကျင်ကို ကမန်းကတန်း ရှာဖွေနေလိုက်သည်။ ဒါပေမဲ့ လှပတင့်တယ်သူ၏ ပုံရိပ်ကို မတွေ့မမြင်ရတော့ချေ။ လူငယ်၏ မျက်နှာမှာ အထီးကျန်သွားသလို စိတ်အားကျသွားသလို စတင်ဖြစ်ပေါ်လာခဲ့သည်။
“ သွားပြီးတဲ့လား.. ” ရှောင်ယွင် ခါးသီးစွာ ရယ်မောလိုက်ကာ ဘေးနားက သစ်ကိုင်းမှာပဲ အားလျော့စွာ မှီလိုက်မိသည်။ အချိန်အကြာကြီး မျက်ဝန်းကို မှေးကျဉ်းထားပြီးမှ သူသည် ပျင်းရိစွာဖြင့် လက်ကို ဆန့်ကာ သပ်ရပ်စွာ ခေါက်ထားသည့် အတွင်းဝတ်အင်္ကျီကို လှမ်းယူလိုက်သည်။ အင်္ကျီကို လက်တွင်ကိုင်လိုက်သည့်အခါတွင် ၎င်းအင်္ကျီသည် ထူးဆန်းစွာဖြင့် အေးစက်နေခြင်းမရှိဘဲ နွေးထွေးနေသည်။ လက်ဖြင့် အင်္ကျီကို ပွတ်သပ်လိုက်သည့်အခါမှာလည်း ၎င်းအင်္ကျီသည် ပိုးသားကဲ့သို့ ချောမွေ့နေကာ အရမ်းကို ထူးဆန်းလွန်းနေသည်။
အတွင်းဝတ်အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင် ရှောင်ယွင်မှာ အတွင်းဝတ်အင်္ကျီကို သူ့နှာခေါင်းအနားကပ်ပြီးလျှင် ကိုယ်သင်းရနှံ့လေးကို ရှုသွင်းလိုက်မိသည်။
“ ဒီလို ကိုယ်ကျပ်အင်္ကျီမျိုးကိုတောင် သူမ တကယ်ပဲ ချန်ထားခဲ့တာလား ”
ရှောင်ယွင်မှာ ဝေခွဲမရသော မျက်နှာထားဖြင့် ရေရွတ်လိုက်မိသည်။ သတ္တုအတွင်းဝတ်အင်္ကျီကို ပွတ်သပ်နေရင်းမှ နီလာခရမ်းတောင်ပံခြင်္သေ့၏ ကုတ်ခြစ်ရာကို သူ မြင်လိုက်ရပြန်သည်။
ကိုယ်ကျပ်အတွင်းခံအင်္ကျီကို ရင်ခွင်အထဲမှာ ပိုက်ထည့်ထားလိုက်ရင်း ရှောင်ယွင် ခေါင်းမော့ပြီးတော့ သစ်ပင်ထိပ်ဖျားကို ငေးမောကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက အပြုံးတို့သည် အနည်းငယ် ခါးသက်နေသယောင်ပင်။
“ အင်း.. သူမကတော့ ပြန်သွားပြီတော့ ဒိုဝှမ်းအဆင့်အနေနဲ့ ဆက်လက်နေထိုင်ဦးမှာပဲပေါ့… ငါကတော့ ဒိုရှိဖြစ်ဖို့ ဆက်ပြီ ရုန်းကန်ရဦးမှာပေါ့လေ.. ”
ရှောင်ယွင် ခေါင်းကို အတင်းခါယမ်းလိုက်ပြီးနောက် ကျင့်စဉ်စာလိပ်နှစ်လိပ်ကိုလည်း သိုလှောင်လက်စွဲအထဲ ထည့်လိုက်ပါတော့သည်။ ထို့နောက် ခေါင်းငုံ့ပြီ လက်ချောင်းမှာ ရှိနေသည့် လက်စွပ်ကို ကြည့်ကာ မေးလိုက်သည်။
“ ဆရာ.. အခု ကျွန်တော်တို့ ဘယ်သွားကြမှာလဲ.. ”
လက်စွပ်က တုန်ခါလာပြီးနောက် ရွဲ့လော် ထွက်ရှိလာခဲ့သည်။ ရှောင်ယွင်ကို ပတ်လည်လှည့်လိုက်နေရင်းမှ ရုတ်တရက် ဆိုလိုက်သည်
“ မင်းရဲ့အဆင့်ကို ကြည့်လိုက်ပါဦးကွ.. ”
ပထမတော့ ရှောင်ယွင် ကြောင်တောင်တောင်ဖြစ်သွားသော်လည်း ပြောတဲ့အတိုင်း လုပ်လိုက်သည်။ သူသည် မျက်လုံးကို မှိတ်လိုက်ပြီ သူ့ခန္ဓာကိုယ်အခြေအနေကို အမြန်ကြည့်လိုက်သည်။
ခဏအကြာတွင် မျက်လုံးကိုဖွင့်လိုက်ကာ အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
“ ဒိုကျဲအဆင့် ကြယ် ၉ လုံးပါလား.. ဘယ်လိုလုပ်ပြီ ကြယ်နှစ်လုံးအဆင့်အထိ တက်သွားရတာလဲ.. ဒါ.. ဒါက နီလာခရမ်းအဆီအနှစ်ကြောင့်လား.. ”
“ ကြယ် ၂ လုံးပဲလား.. တော်သေးတာပေါ့.. ဒီမိန်းမလေးက ဥာဏ်ရှိသားပဲ.. သူသာ မင်းကို ဒိုကျဲအဆင့်အထိ ပို့လိုက်ရင် မင်းအတွက် ပြဿနာကြီးကြီး ဖြစ်ပြီး.. ”
ရွဲ့လော်က စိတ်လှုပ်ရှားခြင်းမရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“ ဒါက ဘာအဓိပ္ပါယ်လဲ.. ” ရှောင်ယွင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ နီလာခရမ်းအဆီအနှစ်အထဲက စွမ်းအင်တွေက အရမ်းကို ပြည့်ဝတာလေ.. ဒါပေမဲ့ သူ့စွမ်းအားက အရမ်းကို ပြင်းထန်တာ… ဟိုအမျိုးသမီးက တစ်ခါ သန့်စင်ပေးထားတယ်ဆိုပေမဲ့.. ခရမ်းမီးတောက်နဲ့ မင်းရဲ့အဆင့်ကို ပေးတိုးလိုက်မယ်ဆိုရင် မင်းကိုယ်ထဲက ချီဝဲကတော့က ပြန့်ကားလာပြီးတော့ ပေါက်ကွဲမှာပေါ့.. နီလာခရမ်းတောင်ပံခြင်္သေ့တွေကျတော့ သူတို့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အဆီအနှစ်ကို မျိုနိုင်ပြီတော့ အဆင့်တစ်ဆင့်အထိ တက်သွားနိုင်တယ်ကွာ.. အဲဒါကြောင့် သူတို့က ခရမ်းမီးတောက်ကို လုံးဝမကြောက်ကြတာ.. ဒါပေမဲ့ မင်းကတော့.. ဟဲဟဲ.. ခရမ်းမီးတောက်ကို သုံးပြီ ဒိုကျဲအဆင့်တက်မယ်ဆိုရင်တော့ ချက်ချင်း ပြာပုံဖြစ်သွားမှာကို ငါကြောက်မိတယ်ကွာ.. ” ဟု ရွဲ့လော်က ရယ်ရင်း ပြောလိုက်သည်။
“ အွတ်.. ” ရှောင်ယွင် ချွေးစေးကို သုတ်လိုက်ရင်း သဘောပေါက်လိုက်သည်။ ကောင်းသောအရာပဲ ဖြစ်နေစေဦး အရမ်းကာရော မသုံးစွဲသင့်ချေ။ ဘယ်လောက်ပဲကောင်းကောင်း လူသားခန္ဓာကိုယ်က ခံနိုင်ရည်မရှိပါဘူး။ အဆိပ်အတောက်ပင် ဖြစ်သွားစေနိုင်သည်။
“ ဒါပေမဲ့.. လောလောဆယ်မှာတော့ သူမအကူအညီကြောင့် မင်း ကြယ်အဆင့် ၂ဆင့်တော့ တက်သွားခဲ့ပြီး.. ဒီအမြန်နှုန်းကိုလည်း ငါ စိတ်နည်းနည်းတော့ ပူနေသေးတယ်ကွ.. ဟူး.. ဒီမိန်းမလေးကတော့ တကယ့်ပဲကွာ… ဒီလို ခုန်ကျော်အဆင့်တက်တာက အားနည်းချက်ဖြစ်သွားနိုင်တယ်လေ.. ”
ရွဲ့လော် ခေါင်းယမ်းရင်း ရေရွတ်လိုက်မိသည်။ ထို့နောက် ဆက်ဆိုပြန်သည်။
“ ဒီလအထဲမှာပဲ မင်း မှော်သားရဲတောင်တန်းအထဲကို ပြန်ဝင်ပြီးတော့ နေ့တိုင်း အဆင့်၁ မှော်သားရဲကောင် ၅ကောင်နဲ့အထက် အမဲလိုက်ရမယ်.. တိုက်ပွဲဝင်နေမှ မင်းကိုယ်ထဲက ဒိုချီစွမ်းအင်တွေက တည်ငြိမ်သွားမှာ.. ဒါမှမဟုတ်ရင် အနာဂတ်မှာ ကောင်းကင်မီးတောက်နဲ့ တွေ့လို့ရှိရင် မင်း သူတို့ကို ဝါးမျိုဖို့က မဖြစ်နိုင်တော့ဘူး.. ”
“ ၅ ကောင်ဆိုတော့လည်း ၅ ကောင်ပဲပေါ့..” မသိမသာပဲ ခေါင်းကို ယမ်းပြီးမှ ရှောင်ယွင် မတ်တတ်ရပ်လိုက်ပြီးနောက် ပေတံအလေးကြီးကိုလည်း သယ်လိုက်သလို ရွဲ့လော်ကလည်း လက်စွပ်အထဲကို ဝင်လိုက်သည်။ ပတ်ဝန်းကျင်ကို သေချာအကဲခတ်ကြည့်ပြီးတော့ နောက်ဆုံးမှာ တောနက်အထဲကနေ ထွက်ခွာလာလိုက်သည်။
သစ်တောအထဲကနေ ထွက်ခွာလာသည့်အချိန်မှာ နီရဲရဲ နေမင်းကလည်း မိုးကုတ်စက်ဝိုင်းမှာ မေးတင်နေလေကာ ကိုယ်တစ်ဝက် ဆင်းနေပြီး ဖြစ်သည်။ ရှောင်ယွင် မတ်တတ်ရပ်ပြီး နေဝင်နေတာကို အကြာကြီး ရပ်ကြည့်လိုက်သည်။ အထီးကျန်စွာ အသက်ပြင်းချကာ အနောက်လှည့်ကာ သစ်တောမှောင်မှောင်အထဲမှာ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ရှောင်ယွင် ထွက်ခွာသွားသည့်အချိန်တွင် သူ မသိလိုက်တာက သူ့အနောက်မှာ ရှိနေသည့် အဝေးတစ်နေရာက မမြင်ရသော တောင်ထွတ်တစ်ခုမှာ အဖြူရောင်အဝတ်အစားကို သာမန်မျှ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် သူမက လှပစွာ မတ်တတ်ရပ်နေသည်။ သူမသည် ရှောင်ယွင်က ဘေးကင်းစွာဖြင့် ထွက်ခွာသွားသည်ကို မြင်မှ စိတ်သက်သာရစွာ အသက်ပြင်းချလိုက်သည်။ လူငယ်လေး ပျောက်ကွယ်သွားသည့်အခါမှာလည်း သူမက အသက်ပြင်းချလိုက်ပြန်သည်။ နောက်ဆုံးတွင် သူမသည် နောက်ဆံတင်းခြင်း၊ တွယ်နှောင်ထားခြင်း မရှိဘဲ သူမ၏ နောက်ကျောက တောင်ပံများ တစ်ဖျပ်ဖျပ်ခတ်ကာ အစိမ်းရောင်အရိပ်တန်းလို ပြောင်းလဲသွားပြီ မှော်သားရဲတောင်တန်းကနေ လျင်မြန်စွာ ပျံသန်းထွက်သွားတော့လေသည်။
မှောင်မဲနေသည့် တောနက်နက်ထဲမှာ အဆင့်၁ သွေးစုပ်ကြွက်တစ်ကောင်သည် ဖျတ်လတ်စွာဖြင့် ရွေ့လျားနေသည်။ သွေးကဲ့သို့ ရဲရဲနီသည် မျက်လုံးက နိုးနိုးကြားကြားဖြင့် တောပတ်ဝန်းကျင်ကို ထောက်လှမ်းနေလျက်ရှိနေကာ ၎င်း၏ ထက်မြသော သွားနှင့် ခြေသည်းတို့ကလည်း အေးစက်စက်အလင်းများ တောက်ပနေသလိုလိုပင်။
၎င်းသည် လျင်မြန်သွက်လက်စွာ ရွေ့လျားသွားပြီးနောက် သွေးစုပ်ကြွက်သည် သစ်ပင်တစ်ပင်က သစ်ရည်ကို အငမ်းမရ ကိုက်စုပ်လေသည်။ ထိုအခိုက်တွင် အဖြူရောင် ဝိုးတဝါးအရာတစ်ခုက သစ်ပင်ဖြူတစ်ပင်နေ ရုတ်တရက် ထွက်ရှိလာသည်။ အေးစက်စက် ရေခဲစွမ်းအင်အမျှင်တန်းများ အပြင်ဘက်သို့ ထွက်ရှိလာလေကာ သွေးစုပ်ကြွက်၏ ခြေထောက်အား အေးခဲသွားစေ၍ သွေးစုပ်ကြွက်သည်လည်း ထွက်ပြေးဖို့ အခြေအနေရောက်သွားမှန်း သဘောပေါက်လိုက်သည်။ ထိုအချိန်တွင် ချွန်ထက်ထက် ခြေသည်းတစ်စုံက နီကပ်လာကာ သွေစုပ်ကြွက်အား တစ်ချက်တည်းဖြင့် မျိုချလိုက်သည်။
ချောင်းမြောင်းအမဲလိုက်ခြင်း အောင်မြင်သွား၍ အဖြူရောင်သားအမွှေးနှင့် ယူနီကွန်းဝံပုလွေလည်း တစ်ကိုယ်လုံးရှိ အမွှေးတို့အား ကျေနပ်စွာဖြင့် ရမ်းခါလိုက်သည်။ ဤ အဖြူရောင် ဝံပုလွေသည် ရေခဲယူနီကွန်းဝံပုလွေဟု အမည်ရှိကာ ၎င်း၏ ခွန်အားမှာလည်း အဆင့်၁ ထိပ်သီးအဆင့်ရှိနေ၍ သွေးစုပ်ကြွက်တစ်ကောင်ကို အလွယ်လေး အမဲလိုက်နိုင်သည်။
သွေးစုပ်ကြွက်ကို အကုန်လုံး မျိုချလိုက်ပြီးနောက် ရေခဲယူနီကွန်းဝံပုလွေသည် နောက်ထပ်သားကောင်ကို ရှာဖို့ ထွက်သွားသည်။
“ ဘန်း.. ” ခပ်အုပ်အုပ်အသံနှင့်အတူ ရေခဲယူနီကွန်းဝံပုလွေအနားက သစ်ရွက်များက ရုတ်တရက် ကောင်းကင်သို့ ဝဲပျံသွားကာ ဝံပုလွေအပေါ်ကို မိုးရွာသလို ပြန်ကျလာသည်။
ရုတ်တရက် ဖြစ်သွားသည့် ပြောင်းလဲမှုကြောင့် ရေခဲယူနီကွန်းဝံပုလွေသည် ကြောက်လန့်တကြား အနောက်ဆုတ်လိုက်သည်။ သို့သော် အနောက်ဆုတ်သည့်အခါတွင် လူပုံရိပ်တစ်ခုက သစ်ရွက်အကြားထဲနေ ရောက်ရှိလာသည်။ ထိုလူပုံရိပ်မှာ တစ်ကိုယ်လုံးက အဝါရောင်ဒိုချီစွမ်းအင်တွေနှင့် ခရမ်းဒိုချီစွမ်းအင်ပါးပါးလေးပါ ရောယှက်နေလျက် ရှိနေသည်။ မီးဓာတ်ဒိုချီစွမ်းအင်ကြောင့် ဝံပုလွေ၏ ရေခဲစွမ်းအင်သည်လည်း အေးခဲစေခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိနေလေသည်။ ရေငွေ့များက တိမ်တစ်ခုလို ထွက်ပေါ်လာကာ အလျင်အမြန် ပျောက်ကွယ်သွားရသည်။
ရေခဲစွမ်းအင်က မအေးခဲစေနိုင်သည်ကို မြင်လျှင် ရေခဲဝံပုလွေသည်လည်း အသက်ဘေးအတွက် အနောက်လှည့်ပြေးလေတော့သည်။
လူသားပုံရိပ်က ရေခဲစွမ်းအင်ကနေ ပြေးထွက်လာကာ ထွက်ပြေးလေသည့် ရေခဲဝံပုလွေကို ကြည့်လိုက်သည်။ သူ့ခြေထောက်က ထူးခြားစွာ တွန့်လိမ်သွားပြီးနောက် ခြေလှမ်းက မြေပြင်ပေါ် ပြေးလှမ်းပါတော့သည်။ သူ့ နှုတ်ခမ်းကနေလည်း တိုးသာစွာ အော်ဟစ်လိုက်လေသည်။
“ပေါက်ကွဲခြင်း ခြေလှမ်းများ.. ”
ထိုအခါ အဝါဖျော့ဖျော့အလင်းက သူ့ခြေထောက်မှာ ရစ်ဖွဲ့လာလေသည်။ အဝါရောင်ခြေထောက်ဖြင့် သူသည် မြေပြင်မှာ တရကြမ်း နင်းပြေးလေသည်။ မြေပြင်နှင့် ခြေထောက် ထိလိုက်တိုင်း ပေါက်ကွဲဆူညံအသံများ ထွက်ပေါ်လာလေသည်။ ပြေးနေသော လူသည်လည်း လေးကြိုးမှ ပစ်လွှတ်သော မြားတစ်စင်းနှယ် မယုံနိုင်စရာကောင်းအောင် အပြေးလိုက်လေသည်။
ခြေလှမ်းတွေ လှမ်းလိုက်တိုင်း မြေကြီးပေါ် နင်းလိုက်တိုင်း ပေါက်ကွဲအသံကဲ့သို့ အသံများ ထွက်ရှိလာသည်။
ရှစ်ခါ ဆူညံသွားလျှင် ခြေလှမ်း ရှစ်လှမ်း ဖြစ်သည်။ ခြေလှမ်း ရှစ်လှမ်းဖြင့် လူပုံရိပ်သည် အပြေးအရာတွင် နာမည်ကြီးသည့် ရေခဲယူနီကွန်းဝံပုလွေကို အမှီလိုက်နိုင်လေသည်။ ရေခဲယူနီကွန်းဝံပုလွေကို ကျော်လွန်သွားသည်နှင့် ဝံပုလွေခေါင်းအား အားပါတရ ထိုးချလိုက်သည်။ ရေခဲယူနီကွန်းဝံပုလွေသည်လည်း အရှိန်နှုန်းကျသွားပြီ ခပ်အုပ်အုပ်အသံနှင့်အတူ ဝံပုလွေခေါင်းသည် ပေါက်ကွဲထွက်ကာ အရပ်မျက်နှာစုံသို့ လွင့်စင်သွားသည်။
လက်သီးတစ်ချက်ဖြင့် ရေခံဝံပုလွေကို အဆုံးသတ်ပေးလိုက်သော လူပုံရိပ်သည် ခေါင်းကို မော့လိုက်ရာ သူ၏ ချောမောနုနယ်သည့် မျက်နှာက ပေါ်လွင်လာသည်။ သူကား မှော်သားရဲတောင်တန်းတွင် လေ့ကျင့်နေသည့် ရှောင်ယွင် ဖြစ်ချေသည်။
အရင်တစ်လအချိန်ကထက်စာရင် ရှောင်ယွင်သည် ပိုမိုကြံ့ခိုင်လာသလို သူ့ကိုယ်ကနေလည်း အေးစိမ့်စိမ့် ခံစားချက်ကို ထုတ်လွှတ်ပေးနေသည်။ နေ့တိုင်းကို မှော်သားရဲကောင် ၅ကောင်နှင့်အထက် အမဲလိုက်ရခြင်းက ရှောင်ယွင်ကို ပြောင်းလဲသွားစေခဲ့သည်။ ဒီလို သွေးသံတရဲရဲအလုပ်ကို လုပ်နေမှတော့ဖြင့် လူတိုင်းသည်လည်း ပြောင်းလဲသွားနိုင်သည်။
တစ်လလောက် အမဲလိုက် လေ့ကျင့်နေပြီးနောက် ရွဲ့လော် စိတ်ပူနေခဲ့သော ရှောင်ယွင်ကိုယ်ထဲက စွမ်းအင်မှာ နောက်ဆုံး တည်ငြိမ်သေဝပ်ခဲ့သည်။ နီလာခရမ်းအဆီအနှစ်မှ စွမ်းအင်များကို ရှောင်ယွင်က အကြိမ်ပေါင်းများစွာ သန့်စင်ပြီ ချီဝဲကတော့အထဲသို့ ထည့်ပေးပြီးအချိန်တွင် ချီဝဲကတော့ အရွယ်အစားက တစ်ဝက်လောက် ပြန်ကျုံ့သွားလေကာ နောက်ဆုံးတွင်လည်း သန့်စင်ခြင်းကို ရပ်နားလိုက်ခဲ့သည်။ချီဝဲကတော့က ကျုံ့သွားခဲ့သော်လည်း သူသည် လွန်ခဲ့သည့် တစ်လအချိန်ကထက် ပို၍ တိုးတက်လာသည်ကို ရှောင်ယွင် နားလည်ခဲ့သည်။
တစ်လအချိန်ကာလအတွင်း ရှောင်ယွင်သည် ယွင်ချီချန်ထားပေးခဲ့သည် ရွှင်းအဆင့် ဒိုသိုင်းပညာကို လေ့လာခဲ့သည်။ ထိုသိုင်းပညာမှာ အစောပိုင်းက ရှောင်ယွင်ထုတ်သုံးလိုက်သည့် “ ပေါက်ကွဲခြင်း ခြေလှမ်းများ ” အမည်ရှိသည့် ဒိုသိုင်းပညာဖြစ်သည်။
ပေးထားသည့် နာမည်အတိုင်းပင် ၎င်းသိုင်းပညာသည် စွမ်းအင်ပေါက်ကွဲခြင်းမှ အားအဟုန်ကို ယူ၍ အလျင်နှုန်းမြှင့်စေသည် သိုင်းဖြစ်သည်။ ရှောင်ယွင်လည်း အတော်လေး စိတ်ဝင်စားသွားသောကြောင့် လေ့ကျင့်ခဲ့သည်။ သို့သော် ယခု ရှောင်ယွင်ခွန်အားအရ အများဆုံး ခြေလှမ်းဆယ်လှမ်းသာ ပေါက်ကွဲပြေးနိုင်ခဲ့သည်။ ဒီထက်ပို၍ မရသေးချေ။ သို့သော် ၎င်းသိုင်းပညာသည် ရှောင်ယွင် အမဲလိုက်သည့်နေရာတွင် အတော်လေး အကျိုးရှိခဲ့သည်။
ယွင်ချီ ချန်ထားခဲ့သည့် စာလိပ်နှစ်လိပ်အနက် တစ်လိပ်မှာ ချီကျင့်စဉ် ဖြစ်ပြီ နောက်တစ်ခုမှာ ဒိုသိုင်းပညာ ဖြစ်သည်။ ဒါပေမဲ့ “ ပေါက်ကွဲခြင်း ခြေလှမ်းများ ” ဒိုသိုင်းပညာကိုသာ ရှောင်ယွင် လေ့လာခဲ့သည်။ ရှောင်ယွင်က မီးတောက်မန္တရာကို လေ့ကျင့်ထားသူမို့ ယွင်ချီပေးထားသည့် ချီကျင့်စဉ်က သူ့အတွက် အသုံးမဝင် ဖြစ်နေသည်။ ထို့ကြောင့် ထိုကျင့်စဉ်ကို သူ့သိုလှောင်လက်စွပ်အထဲမှာပဲ သံယောဇဉ်ဖြတ်ပြီး သိမ်းထည့်ထားလိုက်သည်။
နောက်ဆုံးတွင်တော့ တစ်လအတွင်း လေ့ကျင့်လိုက်ခြင်းက ရှောင်ယွင်၏ စွမ်းရည်တို့ကို အဆများစွာ တိုးတက်လာစေခဲ့သည်။ ပေတံကို လွယ်ထားသည်ဖြစ်စေ မလွယ်ထားသည်ဖြစ်စေ ဒိုရှိအဆင့် ကြယ် ၂လုံးသမားကို အနိုင်ယူနိုင်လေပြီး။
တစ်လအပြီးမှာတော့ ရှောင်ယွင်မှာ မှော်သားရဲတောင်တန်းအတွင်း ရက်အနည်းငယ်လောက် နေလိုက်သေးကာ အဆင့်၂ မှော်သားရဲကောင်ကို အမဲလိုက်ခြင်းဖြင့် သူ့တိုးတက်မှုကို အကဲဖြတ်ကြည့်လေသည်။
သူ့စွမ်းရည်ကို စမ်းသပ်လိုက်ပြီးနောက် ရှောင်ယွင်စိတ်ထဲတွင် လူကြီးတစ်ယောက်၏ တင်းမာသော မျက်နှာကို မြင်ယောင်လာခဲ့သည်။
ထိုပုဂ္ဂိုလ်ကား လွန်ခဲ့သည့်တစ်လအချိန်က သူ့အား မှော်သားရဲတောင်တန်းအတွင်းပိုင်းသို့ တွန်းပို့ခဲ့သည် လူဖြစ်ပေသည်။
ယခုအချိန်မှာတော့ လက်စားချေဖို့အတွက် အကောင်းဆုံးအချိန် ရောက်လေပြီး။
+++++++++++++++
No comments:
Post a Comment