Followers

Chapter 148

အပိုင်း ( ၁၄၈ ) - ဒိုရှီအဆင့် ကြယ်၂ပွင့်သမားကို သတ်ဖြတ်ခြင်း 
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
*************************

မထိတရိအပြုံးဖြင့် အေးဆေးစွာ ရပ်နေသည့် ရှောင်ယွင်ကို မျက်မှောင်ကြုတ် ကြည့်နေရင်း မူရှီသည် ဖြည်းလေးစွာဖြင့် သူ့လှံအား ပင့်မြှောက်လိုက်၏။ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ၏ လှုံ့ဆောင်ခြင်းကြောင့် တစ်ကိုယ်လုံးမှာ ရှိသမျှ ဒိုချီစွမ်းအင်တို့ကား မြန်ဆန်သော အလျင်နှုန်းဖြင့် အရှိန်တင်ကာ လှည့်ပတ်လာသည်။ သူ့ခန္ဓာကိုယ်အပြင်ပိုင်းမှာလည်း အစိမ်းဖျော့အရောင် ဒိုချီစွမ်းအင်တစ်ခုက တစ်ဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်ကနေ ထွက်ရှိလာပြီးလျှင် အစိမ်းရောင်ဝတ်ရုံအသွင် ဖြစ်ပေါ်လာကာ တစ်ကိုယ်လုံးအား ဖုံးလွှမ်းထားချေ၏။

ဒိုချီစွမ်းအင်အား စွမ်းအင်ဝတ်ရုံအသွင် ဖန်တီးကာ ခန္ဓာကိုယ်အား အကာအကွယ်သဘော ပြုနိုင်ခြင်းသည် ဒိုရှီအဆင့်သမားတစ်ယောက်၏ အမှတ်လက္ခဏာပင် ဖြစ်သည်။ ထိုစွမ်းအင်ဝတ်ရုံသည် ပိုင်ရှင်ဖြစ်သူအား ခုခံကာကွယ်နိုင်စွမ်း၊ တိုက်ခိုက်ခြင်းနှင့် လျင်မြန်မှုတို့ကို မြင့်တက်စေရုံသာမက တိုက်ပွဲရင်ဆိုင်စဉ် ကုန်ဆုံးသွားသည့် စွမ်းအင်များအတွက် ဘေးပတ်ဝန်းကျင်ကနေ စွမ်းအင် ပြန်လည်စုပ်ယူသည့် အမြန်နှုန်းကိုလည်း တိုးတက်စေပါသေးသည်။ ထို့ကြောင့်မို့ ဒိုရှီအဆင့်သမားတိုင်း တိုက်ပွဲမဝင်ခင် အရင်ဆုံးပြုလုပ်ကြသည်က စွမ်းအင်ဝတ်ရုံကို အရင်ခေါ်ယူလိုက်ခြင်း ဖြစ်၏။

ရှောင်ယွင်၏ လက်ရှိအင်အားနှင့်ဆိုလျှင် သူ့၏ ဒိုချီစွမ်းအင်ဝတ်ရုံကို ထုတ်သုံးလိုက်မယ်ဆိုလျှင်လည်း တစ်ကိုယ်လုံးအား ပြည့်ပြည့်ဝဝ ဖုံးလွှမ်းထားစေနိုင်မှာ မဟုတ်ချေ။ ထို့အပြင် ဝတ်ရုံမှ ရရှိလာမည့် ခုခံခြင်းနှင့် လျင်မြန်သွက်လက်ခြင်းတို့မှာလည်း ပြောပလောက်မှာ မဟုတ်ချေ။ ထို့အပြင် ဒိုကျဲအဆင့်နှင့် ဒိုရှီအဆင့် နှစ်ခုတို့မှာ သီးခြား ရှိနေသည်ဟု ဆိုရနိုင်သည်။ ကွာဟမှုမှာလည်း အလွန်ကို ကြီးမားသည်။ ထို့ကြောင့် ရှောင်ယွင်က မုရှီလို ဒိုချီဝတ်ရုံ ထုတ်သုံးချင်ခဲ့လျှင် ဒိုရှီအဆင့်ကို သူ ရောက်ရှိနေဖို့ အရင်လုပ်ရမှာ ဖြစ်၏။

မူရှီက ဒိုချီဝတ်ရုံအား ဆင့်ခေါ်လိုက်သည်ကို ကြည်ပြီး ရှောင်ယွင် အသက်ပြင်း အသာပင့်ရှိုက်လိုက်၏ လေးနက်သော အမူအရာများလည်း မျက်နှာတွင် ပေါ်လွင်လာသည်။ ရှောင်ယွင်၏ စကားလုံးများက မည်မျှပင် ပြောင်မြောက်နေသော်လည်း သူ့ရန်သူမှာ ဒိုရှိအဆင့် အစစ်အမှန်တစ်ယောက် ဖြစ်နေသည်မဟုတ်လား..။ 

ရှောင်ယွင်သည် ကြီးမားလေးလံရွှင်းပေတံအား တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ စိတ်ကို စူးစိုက်ထားလိုက်သည့်အခါတွင် မရေတွက်နိုင်သော ဒိုချီစွမ်းအင်အမျှင်တန်းများက ဒိုချီဝဲကတော့မှ စီးဆင်းထွက်ရှိလာကာ တစ်ကိုယ်လုံးသို့ အလုံးအရင်းဖြင့် စီးဖြန့်သွားသည်။ တဖြည်းဖြည်းဖြင့် လုံလောက်သော စွမ်းအင်များ ပေးဆောင်ကာ ရှောင်ယွင်အား တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်စေ၏။

မူရှီသည် သူ့လှံအား ဖြည်းညှင်းစွာ ဆုပ်ကိုင်ထားရင်း တစ်ကိုယ်လုံးရှိ ဒိုချီစွမ်းအင်များ အလုံးအရင်းနှင့် မြင့်တက်လာတာကို စောင့်ရင်း ရုတ်တရက် ညာသံဟစ်လိုက်၏. ခြေထောက်က မြေကြီးကို အားနှင့် ဆောင့်ကန်ကာ ခန္ဓာကိုယ်အား အရှေ့သို့ ပြေးထွက်စေ၏။ လက်ထဲက လှံသည်လည်း အနည်းငယ် တုန်ခါသွားကာ နှင်းပွင့်ဖြူ ပုံရိပ်ယောင်များ တစ်ချက် နှစ်ချက် ပေါ်ထွက်လာ၏။

လှံဖျားမှာ နှင်းများကဲ့သို့ ပြောင်းလဲသွားသည်။ သိမ်မွေ့လှသော အရာတစ်ခု.. သို့သော် ရှောင်ယွင်၏ လည်ပင်းထက်သို့ ပြေးဝင်လာနေ၏။။ မကြာသေးခင်က မုလီ၏ ဓားချက်ကို တွေ့ထားပြီးမို့ ရှောင်ယွင်မှာ ကိုယ်ကြပ်အင်္ကျီဝတ်ဆင်ထားမှန်း မူရှီ အကြမ်းဖျင်း သဘောပေါက်ထားပြီး ဖြစ်၏။။ ထို့ကြောင့် သူ့တိုက်ခိုက်မှုက ရှောင်ယွင် ခေါင်းပိုင်းကိုသာ အဓိကထား တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

မူရှီက တရကြမ်းတိုက်ခိုက်လာ၍ ရှောင်ယွင် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏.။ ကြီးမားလေးလံ ရွှင်းပေတံ၏ မျက်နှာပြင်ကျယ်ကြီးကို အသုံးချ၍ လှံချက်များကို ခုခံကာကွယ်လိုက်၏။ 

“ ကလန်းးး.. ကလန်းးး ”

နှစ်ယောက်စလုံး ရွေ့လျားတိုက်ခိုက်လိုက်သည့်အခါ မီးပွားစများ ပွင့်ထွက်လာသလို ပီသကြည်လင်သော သတ္တုရိုက်ခတ်သံများကလည်း ပေတံဓားကြီးနှင့် လှံဆီကနေ အတူတူ ထွက်ရှိလာလေ၏။

သာမန်တိုက်ကွက်များဖြင့် ရှောင်ယွင်အား အစမ်းတိုက်ခိုက်လိုက်ပြီးနောက်တွင် ရှောင်ယွင်သည် ဒိုကျဲအဆင့် ကြယ်၉ပွင့်သမားမှန်း မူရှီ အတည်ပြုလိုက်၏။

ရန်သူ၏ အင်အားအမှန်ကို သိသွားသည်နှင့် မူရှီ၏ နှုတ်ခမ်းထောင့်မှာ အေးစက်စွာ တွန့်ကွေးသွား၏။ ရှောင်ယွင်သည် ဒိုရှီအဆင့်သမား မဟုတ်နေ၍ သူအနေဖြင့် ကြောက်နေစရာ မလိုတော့ချေ။ 

ထက်ရှသော မြည်သံနှင့်အတူ နွဲ့နှောင်းသော လှံသည် လေထု၏ ခုခံမှုအား ကျော်ဖြတ်၍ လျှပ်စီးလက်သည့်နှက် တိုးဝင်လာခဲ့၏။ တစ်ချိန်တည်းလိုလိုမှာပဲ ပေတံဓားကြီးမှာလည်း အလျားလိုက်အနေအထားဖြင့် ကန့်လန့်ဖြတ် ခုတ်လွှဲလာကာ လှံအား နောက်တစ်ကြိမ် တားဆီးလိုက်ပြန်၏။ သို့သော် လှံသည် ပေတံဓားကြီးအား ထိရိုက်သွားခဲ့သော်လည်း လှံရိုးမှာ တုန်ခါသွားကာ လှံထိပ်ဖျားမှာလည်း ကွေးညွတ်သွားပြီးလျှင် ပေတံဓားကြီးခုခံမှုအား ကျော်ဖြတ်သွားသည်။ ပေတံဓားကြီးအား ကျော်ဖြတ်သွားသည်နှင့် မူရှီ၏ မျက်ဝန်းက ကျဉ်းမြောင်းသွားကာ အေးစက်စက် ဖြစ်သွား၏။ သူ့လက်ဝါးက ရုတ်တရက် အရှေ့ထုတ်ပြီး လှံအား ဖနှောင့်ကနေ ရိုက်ထုတ်လိုက်၏။ လှံသည်လည်း ရှောင်ယွင်၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဝင်လေ၏။

“ ဘန်း.. ” လှံဖျားက တွ့န်လိမ်လှည့်စားလျက် သူ့ဆီ ဝင်လာသည်ကို ကြည့်ပြီး ရှောင်ယွင် အနောက်သို့ ကမန်းကတန်း ဆုတ်လိုက်၏ ခြေလှမ်းက မြေပြင်ပေါ် နင်းလိုက်သည်နှင့် ပေါက်ကွဲသံကျယ်တစ်ခုနှင့်အတူ ခန္ဓာကိုယ်က ချက်ချင်း အနောက်ဆုတ်သွား၏။

“ လေကိုဆန်တက်သတ်ဖြတ်ခြင်း.. ”

ရှောင်ယွင်၏ အလျင်နှုန်းက ရုတ်ချည်း ထိုးတက်သွားကို ကြည့်ပြီ မူုရှီလည်း အော်ဟစ်လိုက်၏။။ ခြေထိပ်ဖျားနှင့် မြေကြီးအား ညင်သာစွာ နင်းလိုက်သည့်အခါ တစ်ကိုယ်လုံးမှာ ရှိသည့် ဒိုချီစွမ်းအင်များ ရုန်းတက်လာသည်။ သူ့ခန္ဓာကိုယ်သည် လေမုန်တိုင်းအလယ် လွင့်ပြေးနေသော သစ်ရွက်သဖွယ် အလွန်ကို အားကောင်းသော အမြန်နှုန်းဖြင့် ရှောင်ယွင်ဆီသို့ ပြေးလွှားလေ၏။ တစ်ချိန်တည်းမှာပဲ လက်ထဲက လှံချောင်းမှာလည်း ပုံရိပ်ယောင်များ စတင်ဖြစ်ပေါ်လာ၏။

မူရှီက အလျှော့မပေးဘဲ လိုက်လာသည်ကို ကြည့်ပြီ ရှောင်ယွင် မျက်မှောင်တွန့်သွားသည်။ မျက်လုံးထောင့်ဖြင့် အနောက်သို့ စွေကြည့်လိုက်သည့်အခါတွင် နံရံထောင့်ဆီသို့ နီးကပ်နေသည်ကို မြင်လိုက်သည်။ အတွေးတစ်ခုက ရုတ်ချည်း ပေါ်လာသည်နှင့် ရှောင်ယွင်မှာ ကိုယ်အား အရှေ့သို့ အနည်းငယ် ညွတ်ထားလျက် ခြေထောက်ကလည်း အနည်းငယ် ကွေးထားလိုက်သည်။ အဝါဖျော့ဖျော့ဒိုချီစွမ်းအင်များက စုစည်းလာပြီးလျှင် ခြေထောက်သည် နံရံသို့ ထိလုထိခင်သို့ နီးကပ်သွားသည်နှင့် ရှောင်ယွင်သည် ခြေထောက်ကို အနည်းငယ် ကွေးပြီး နံရံအား ထပ်ကန်လိုက်သည်။ ပေါက်ကွဲသံတစ်ခုကလည်း ချက်ချင်း ထွက်ရှိလာ၏။ ထွက်ရှိလာသော အင်အားကြောင့် ရှောင်ယွင် အရှေ့သို့ ပြန်လည် တွန်းထုတ်ခြင်း ခံလိုက်ရသည်။ 

လေထဲမှာ.. ရှောင်ယွင်သည် လက်ထဲတွင် ပေတံဓားကြီးအား ကိုင်စွဲထားလျက် စက်ဝိုင်းပြတ်သဏ္ဍာန် လွှဲလိုက်ကာ ခြေလှမ်းပေါက်ကွဲခြင်းမှ ပြန်လည်းတွန်းပို့လိုက်သော အရှိန်အားဖြင့် မူရှီဆီသို့ အားပါးတရ ရိုက်ချလိုက်သည်။ 

“ ဆူးချွန်နှင့် ထိုးစိုက်ခြင်း.. !! ”

အပေါ်စီးကနေ တိုက်ရိုက်ကျလာသည့် အရိပ်နက်ကြီးထံမှ ဖိအားကြောင့် မူရှိမှာ မျက်မှောင်တွန့်သွား၏။ လက်ထဲက လှံအား အပြင်းအထန် လှည့်ပစ်လိုက်ပြီးနောက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် အစိမ်းရောင် လေဆင်နှာမောင်းက သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွား၏။ ထိုကဲ့သို့ လေဆင်နှာမောင်းမှာ တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်က လေထုသည် စုတ်ဖြဲလိုက်ဘိသကဲ့သို့ ဖြစ်သွား၏။ လှံမှာ အခိုက်အတန့်လေး တုံ့ဆိုင်းနေသယောင် ရှိသော်လည်း ထက်ရှသော အော်သံများဖြင့် လေထုကို ထိုးခွဲလာလေကာ အပေါ်စီးကနေ အရှိန်ဖြင့် ရိုက်ချလာသည့် အနက်ရောင် ပေတံဓားကြီးအား ပြန်လည်ခုခံတားမြစ်လိုက်၏။ 

" ကလန်းးးး " သံထည်အချင်းချင်း ရိုက်ခတ်ရာမှ ထွက်ရှိလာသော ပဲ့တင်သံကား ခြံဝင်းတစ်ခုလုံးသို့ အချိန်အတန်ကြာအထိ ဆက်လက် ပျံ့နှံ့နေတော့သည်။ 

ဒိုကျဲအဆင့်နှင့် ဒိုရျှီအဆင့်သမားနှစ်ယောက်တို့၏ ကွာဟချက်မှာ အလွန်ကြီးမားသည်ဟု ဆိုရနိုင်သည်။ ဒိုရှီအဆင့် ကြယ်၂ပွင့်သမားတစ်ယောက်အနေဖြင့် မူရှိ၏ ခွန်အားမှာ ရှောင်ယွင် လိုက်တုပ၍ ရနိုင်သည့် အရာတစ်ခုမဟုတ်ချေ။

မူရှိသည် သု့ ဒိုသိုင်းပညာဖြင့် ခုခံလိုက်သည့်အခါတွင် ပေတံဓားကြီးအား ကြည်လင်သော ရိုက်ခတ်အသံနှင့်အတူ ရှောင်ယွင်လက်ထဲမှ လွတ်ကျစေသည့်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ 

အနက်ရောင်ပေတံကား မိုးပေါ်သို့ လွင့်စင်သွား၏။ လက်ထဲကနေ လက်နက်လွတ်ထွက်သွား၍ ရှောင်ယွင် မျက်နှာပျက်သွားကာ ပြန်လည်ဖမ်းယူဖို့ ကိုယ်ကို လှုပ်ရှားလိုက်၏။ သို့သော် မူရှိက အေးစက်စက်ဖြင့် နှာခေါင်းမှုတ်လိုက်ပြီး မြေပြင်ကနေ ခုန်တက်လိုက်၏။ လေဓာတ်ဒိုချီစွမ်းအင်တွေကြောင့် မုရှိ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးနေ၍ တမုဟုတ်ချင်း ပေတံဓားကြီးအောက် ရောက်ရှိသွားကာ လက်ကို ဆန့်၍ ပေတံဓားကြီးအား ဆုပ်ကိုင်လိုက်၏။ 

ပေတံဓားကြီးအား ဖမ်းမိလိုက်သည်နှင့် မုရှိ၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ ပေတံဓားကြီး၏ လေးလံလှသော အလေးချိန်ကြောင့် မုရှိကို မြေကြီးဆီသို့ ဆွဲချသွားရုံမက ၎င်း၏ အစွမ်းဖြစ်သော ဒိုချီစွမ်းအင် ဖိနှိပ်စေသည့် အစွမ်းကြောင့် မုရှိ၏ ကိုယ်ထဲက လှည့်ပတ်နေသည့် ဒိုချီစွမ်းအင်များကိုပါ နှေးကွေးသွားစေသည်။ 

ထိုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူး၍ မုရှိမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်ပင် လေးကန်သွား၏။ မုရှိသည် သူ့ကိုယ်ထဲရှိ ဒိုချီစွမ်းအင်တို့အား ခပ်မြန်မြန် လှည့်စေလိုက်သည်။ သူသည် ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုနှင့် အသားမကျသေးချေ။ 

" ဘာလဲဟ... ဘယ်ထူးဆန်းတဲ့ လက်နက်လဲဟ "

ထိုအတွေး ဖြစ်လာသည်နှင့် မုရှိသည် အားလူးပူပူတစ်လုံးအား ကိုင်ထားရသလို ခံစားလာရကာ ပေတံဓားကြီးအား ကိုင်ထားရာမှ လွှတ်ပစ်ဖို့ ကြံလိုက်၏။ သို့သော် ရှောင်ယွင်က ဘေးနားတွင် ရုတ်ချည်းပေါ်လာကာ သူ့၏ အေးစက်စက်ရယ်သံလေးကြောင့် မုရှီသည် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ 

" အရင်ပြေးပြီး လုတယ်ပေါ့လေ.. ဘယ်လိုလဲ ပျော်ရဲ့လား "

" ရှစ်ဆ ပြင်းထန် "

တစ်ဆက်တည်းမှာပဲ ရှောင်ယွင် စိတ်ထဲတွင် အေးစက်စွာဖြင့် အော်ဟစ်လိုက်ခြင်းနှင့်အတူ ကြောက်စရာကောင်းလွန်းသည့် အင်အားတစ်ရပ်က ရှောင်ယွင် လက်သီးတွင် စုစည်းလာသည်။ ရှောင်ယွင်သည် လက်သီးကို ဆုပ်ထားပြီးနောက်  လေးကန်နှေးကွေးနေသော မုရှိ၏ နောက်ကျောဆီသို့ အညှာတာမဲ့စွာဖြင့် ထိုးချလိုက်ရာ လေကိုထိုးခွဲလာသော အသံများ ထွက်ပေါ်လာသည်။

သူ့နောက်ကျောဆီကနေ တိုးဝင်လာသည့် အင်အားကြောင့် မုရှိ၏ မျက်နှာက ပြောင်းလဲသွား၏။ လက်ထဲက ပေတံဓားကြီးအား ကမန်းကတန်း လွှတ်ချကာ ခန္ဓာကိုယ်ထဲက ဒိုချီစွမ်းအင်တို့အား အမြန် လှည့်ပတ်လိုက်သည်။ ထိုအခါမှာ ခန္ဓာကိုယ်တွင် လွှမ်းခြုံထားသည့် ဒိုချီဝတ်ရုံမှာ ပြန်လည်ထူထဲသွားသည်။ 

ထိုအချိန်တိုလေးသည် မုရှိအတွက် ထိုအရာများကို လုပ်ဆောင်ဖို့ လုံလောက်ပေသည်။ ဒိုချီဝတ်ရုံအား ပြန်လည်ဖြည့်တင်းလိုက်ပြီးအချိန်တွင် ရှောင်ယွင်၏ လက်သီးက သူ့နောက်ကျောဆီကို အရှိန်ပြင်းစွာ ကျရောက်ခဲ့လေ၏။

“ ဘန်းး ”   

ခန္ဓာကိုယ်အပေါ် သက်ရောက်သွားသည့် ခပ်အုပ်အုပ်အသံက ခြံဝင်းအတွင်း ဟိန်းထွက်လာသည်။ အသံက မကျယ်လောင်လှ..၊ ခပ်နက်နက် သာ ဖြစ်သည်။ သို့သော် ထိုအသံတွင် အားအင်အစစ်အမှန် ပါဝင်သည်။ 

နောက်ကျောမှ တိုးဝင်လာသော ထိုအင်အားကြောင့် မုရှိမျက်နှာက ချက်ချင်း ဖြူဖျော့သွားကာ ခန္ဓာကိုယ်သည်လည်း အရှေ့သို့ တွန်းထုတ်ခံရသည်။ ကံကောင်းထောက်မ၍ မုရှီမှာ မြေကြီးပေါ် ကျတော့မည်ဆဲဆဲတွင် လက်ဖြင့် မြေကြီးကို ထောက်တွန်းလိုက်ပြီးနောက် လေထဲတွင် ကိုယ်ကို လှည့်လိမ်ကာ ခပ်ဝေးဝေးက မြေကြီးပေါ် ဆင်းလိုက်၏။  သို့သော် ယိုင်တိယိုင်တိုင်ဖြင့် ဟန်ချက်ထိန်းလိုက်ရ၏။

ခန္ဓာကိုယ်ကို ဟန်ချက်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အနောက်လှည့်၍ ပြန်လည်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည့်အချိန်တွင် မုရှီ၏ မျက်နှာသည် နောက်တစ်ကြိမ် ပြောင်းလဲသွားလေ၏။  သူ့ဒိုချီစွမ်းအင်အား ထိန်းချုပ်ကာ နောက်ကျောဆီသို့ အမြန်ပို့လိုက်ကာ ထိုနေရာတွင် ပုန်းကွယ်စွာ ရောက်ရှိနေသည့် ရှောင်ယွင်၏ လျှို့ဝှက်အားကို ပတ်လည်ဝိုင်းခိုင်းလိုက်သည်။ 

ဒိုချီစွမ်းအင်တွေသည် လျှို့ဝှက်အားကို ပတ်လည်ဝိုင်းထားပြီးသည့်အချိန်တွင် အဝေးမှာ ရပ်နေသည့် ရှောင်ယွင်က ခပ်ဖွဖွ အော်လိုက်၏။  

“ ပေါက်ကွဲစမ်း.. ”

“  ဘန်းးး ”

တိုးတိတ်ပြီး မကျယ်လောင်သည့် အသံတစ်ခုက နောက်တစ်ခါ ထွက်ရှိလာပြန်၏။  မုရှိ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ယိမ်းယိုင်သွားကာ လည်ချောင်းကနေ နာကျင်စွာ အော်ဟစ်မြည်တမ်းသွားလေသည်။ နှုတ်ခမ်းထောင့်တွင် သွေးစမျာ ထွက်နေသည်ကို သိသာစွာ မြင်ရသည်။ 

“ စိတ်မကောင်းစရာပဲ.. ”

မုရှိ၏ ဒဏ်ရာက သိပ်မပြင်းထန်သည်ကို ကြည့်ပြီ ရှောင်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းကို ယမ်းလိုက်သည်။ မုရှီမှာ တကယ့်ကို ဒိုရှီတစ်ယောက် ဖြစ်၏။ သူသည် ရှစ်ဆပြင်းထန် သိုင်းကွက်၏ လျှို့ဝှက်အားကို မြန်ဆန်စွာ ရှာတွေ့ရှိခဲ့၏။ တကယ်၍ အနည်းငယ်သာ နောက်ကျမှ ရှာတွေ့ခဲ့ပါလျှင် တိုက်ပွဲက ပြီးဆုံးနေလောက်ပြီး..။

သို့သော်လည်း မထင်မှတ်စွာဖြင့် ထိုလူ၏ တုံ့ပြန်သွားမှုက ရှောင်ယွင်ခန့်မှန်းထားသည်ထက် ပိုမြန်ဆန်နေသည်။ အချိန်တိုအတွင်း သူ့၏ ဒိုချီစွမ်းအင်ကို စုစည်းယူပြီးလျှင် ရှစ်ဆပြင်းထန်သိုင်းကွက်၏ လျှိ့ဝှက်အားကို ပတ်လည်ဝိုင်းထားနိုင်ခဲ့သည်။ ထိုသို့ကြောင့် လျှို့ဝှက်အား ပေါက်ကွဲထားသည့် အင်အားမှာ အတော်လေး အားပျော့သွားရခြင်း ဖြစ်သည်။ 

ရှောင်ယွင်သည် အရှေ့သို့ ခြေလှမ်းတက်ပြီးနောက် မြေကြီးထဲတွင် စိုက်ဝင်နေသည့် ပေတံဓားကြီးအား ဆွဲနှုတ်ယူလိုက်သည်။ ပေတံဓားအား ဆတ်ခနဲ တောက်လိုက်သည့်တွင် ဓားသည် သိုလှောင်လက်စွပ်အထဲ ဝင်ရောက်သွားလေ၏။ မုရှိ၏ ကြောက်လန့်နေသော အမူအရာကို မြင်သည့်အခါ ရှောင်ယွင်သည် ပြုံးလိုက်မိလေ၏။ မုရှိ အခု ခံစားနေရသည့် ဒဏ်ရာမှာ တစ်ချိန်တုန်းက သူလုပ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ တနည်းဆိုရသော် မိမိစိုက်ပျိုးခဲ့သည်ကိုသာ မိမိ ပြန်လည် ရိတ်သိမ်းရခြင်း ဖြစ်သည်။

“  ကောင်းတယ်.. ကောင်းတယ်… ငါ မင်းကို လုံးဝ လျှော့တွက်ခဲ့တာပဲ.. ”

နှုတ်ခမ်းထောင့်က သွေးအား သုတ်လိုက်ပြီးနောက် မုရှိ၏ မျက်နှာက အန္တရာယ်များလာသည့်အမူအရာ ဖြစ်ပေါ်လာ၏။ မဖြစ်လာလို့လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာအတွင်း ဒိုကျဲအဆင့်တစ်ယောက်ကြောင့် သူ ဤမျှအထိ အရှက်မကွဲဖူးချေ။  ထို့ကြောင့် မုရှိသည် အံကြိတ်၍ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ 

ရှောင်ယွင်မှာ အေးဆေးစွာ ပြုံးလိုက်ပြီ မုရှိအား အရေးမစိုက်ဘဲ နေလိုက်၏။ လျှာကို တစ်ချက်လှုပ်လိုက်ပြီးနောက် ပါးစောင်အတွင်း ငုံထားသည့် စွမ်းအင်အားဖြည့်ဆေးလုံးကို မျိုချလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်အတွင်း ကုန်ခမ်းသွားသည် ဒိုချီစွမ်းအင်တို့ တစ်ဖြည်းဖြည်း ပြန်လည်းများပြားလာသည်။ 

“ ရှောင်ယွင်.. ၊ မင်း ဒီလောက် လျှိုနေစရာမလိုပါဘူး..၊ မင်းမှာ အဆင့်မြင့်ဒိုသိုင်းပညာတစ်ချို့ရှိနေတာကို ငါသိပါတယ်.. ”

လှံသည် မြေကြီးတွင် ရုတ်တရက် စူးနစ်ဝင်သွားပြီးနောက် မုရှိက အေးစက်စက်ဖြင့် ရယ်မောလိုက်၏။ ကိုယ်ပေါ်က ဒိုချီဝတ်ရုံတို့မှာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကာ ထို့အစား လှံထိပ်ဖျားတွင်သာ အစိမ်းရောင်ဒိုချီအလွှာများ စတင်ဖုံးလွှမ်းလာခဲ့၏။

“  ဒါပေမဲ့.. ငါ့မှာတော့ မရှိဘူးလို့ မင်းထင်နေလား.. ”

မုရှိသည် လှံကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်ကာ ကောက်ကျစ်စွာဖြင့် ထပ်မံ ရယ်မောလိုက်လေ၏။ 

“ မင်းနဲ့ ရှောင်ယိရှန်ကို ကျေးဇူးတင်တယ်ဟေ့.. ၊ ဂူထဲကနေ ရလာတဲ့ တတိယမြောက် ကျောက်သေတ္တာကနေ အဆင့်မြင့်သိုင်းကျမ်းလိပ်တစ်လိပ် ပါလာတယ်..၊ ငါနဲ့ ကွက်တိပဲ.. ၊ ဒီနေ့.. မင်းကို ဒီမှာပဲ အသေသတ်ပေးမယ်..”

မုရှိ၏ ကောက်ကျစ်လှသော ရယ်သံကြောင့် ရှောင်ယွင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ မုရှိမှာ ကျောက်သေတ္တာအား ရိုက်ချိုး၍ ဖွင့်လိုက်လိမ့်မည်ဟု ရှောင်ယွင် မထင်မှတ်ထားခဲ့ပေ။

မုရှိလက်ထဲက လှံထိပ်ဖျားတွင် စုစည်းသိပ်သည်းနေသော အစိမ်းရောင်ဒိုချီစွမ်းအင်အား ကြည့်ရှုလိုက်သည့်အခါ ရှောင်ယွင်သည် အဆင့်မြင့်ဒိုသိုင်းပညာရပ်တွင် ကောင်းစွာ လေ့ကျက်ထားသူတစ်ယောက် ဖြစ်သည့်အလျောက် မုရှိ၏ သိုင်းသည် ရွှင်းအဆင့် ဒိုသိုင်းပညာတစ်ရပ်ဖြစ်မှန်း သိလိုက်၏။

" ဟူးး "

ရှောင်ယွင် ခေါင်းခါယမ်းလိုက်ပြီး အသက်ပြင်းချလိုက်၏။ လက်ချောင်းပေါ်က လက်စွပ်လေးကို အသာအယာ ထိကပ်လိုက်သည့်တွင် ကြီးမားလေးလံသည့် ပေတံဓားကြီးက နောက်တစ်ခါ ထွက်ပေါ်လာ၏။ ဤအခြေအနေအထိ ဆိုက်ရောက်နေမှ၍ သူ့အနေဖြင့် အနောက်ဆုတ်စရာ အကြောင်းမရှိတော့ချေ။

မုရှိသည် ရှောင်ယွင်အား အေးစက်စွာ စိုက်ကြည့်နေဆဲမှာပဲ လက်ထဲက လှံ၏ ထိပ်ဖျားတွင် အစိမ်းရောင်ဒိုချီစွမ်းအင်များ တစ်ဖြည်းဖြည်း သိပ်သည်းလာသည်။ နောက်ဆုံးတွင် ခြင်္သေ့ခေါင်းသဏ္ဍာန်ပုံရိပ်သည် တဟူးဟူးအုံကြွနေသည့် ဒိုချီစွမ်းအင်ထဲတွင် ခပ်ရေးရေး ပေါ်ထွက်လာလေ၏။ 

လှံထိပ်ဖျားတွင် စုစည်းပုံဖော်လာသည့် ခြင်္သေ့ခေါင်းပုံရိပ်ကို မြင်သည့်အခါ မုရှိမှာ ပျော်ရွှင်သွားဟန် ရှိသွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက တွန့်ကွေးသွားသည်။ မုရှိသည် လေဆန်ခြေလှမ်းသိုင်းအား အသုံးပြုလိုက်ဘိသကဲ့သို့  လက်ထဲက လှံမှာလည်း ထူးဆန်းစွာဖြင့် တစ်ဆတ်ဆတ် လှုပ်ခါလာ၏။

" ကောင်လေး.. ၊ ဒိုရှီအဆင့်သမားတစ်ယောက်က အသုံးပြုလိုက်တဲ့ အဆင့်မြင့် ရွှင်းသိုင်းတစ်ခုဟာ မင်းလို ဒိုကျဲအဆင့်ပဲ ရှိနေတဲ့သူမျိုး သုံးလိုက်တဲ့ ဒိုသိုင်းတစ်ခုနဲ့ ဘယ်လောက် အဆင့် ကွာခြားနေသလဲဆိုတာ ဒီနေ့ မင်းကို ငါ ပြသပေးမယ် " 

ထို့နောက် မုရှိသည် ခေါင်းမော့ကာ " ခြင်္သေ့ရိုင်းရဲ့ ဟိန်းအော်သံ "  ဟု အော်ဟစ်လိုက်ပြီး ရှောင်ယွင်ဆီသို့ ခုန်ဝင်လာခဲ့၏။ 

ထိုအော်သံနှင့်အတူ  လျင်မြန်စွာ လှုပ်ရှားနေသည့် ခြင်္သေ့ခေါင်းသဏ္ဍာန် စွမ်းအင်အစုသည် လှံထိပ်ဖျားတွင် လှည့်ပတ်လျက်..။ ထို့အပြင် ထိုခြင်္သေ့အော်ဟိန်းလိုက်သည့်အသံသည်လည်း ထိုနေရာငယ်အတွင်း ပဲ့တင်ဟိန်းထွက်သွားခြင်းကြောင့် ကောင်းကင်ထက်တွင်ရှိ ရှောင်ယိရှန်မှာလည်း မျက်နှာ ဖြူဖျော့သွားသည်။ 

လှံထိပ်တွင် အားကောင်းလှသည့် ခြင်္သေ့ခေါင်းသဏ္ဍာန် ဖြစ်နေသော ဒိုချီစွမ်းအင်ကို ပင့်ကြည့်လိုက်မိသော ရှောင်ယွင်မှာ မျက်နှာက စိုးရိမ်သွားသည့်နှယ် ဖြစ်လာ၏။ တစ်ဆက်တည်းမှာပဲ အသက်ကို ဖြည်းဖြည်းရှု၍ တစ်ကိုယ်လုံးတွင် ဒိုချီစွမ်းအင်ကို မြင့်တင်ထားလိုက်၏။ ထိုအခါ လက်ထဲရှိ ပေတံဓားကြီးတွင် တောက်ပသော အလင်းများ ရုတ်တရက် ထွက်ရှိလာ၏။ ထို့အတူ ပူပြင်းလာသော အပူရှိန်ကြောင့် လေထုမှာ လှိုင်းတွန့်သဖွယ် လှုပ်ခတ်လာသည်။ 

" မီးလျှံခွဲဆူနာမီ "

လူငယ်လေး၏ မတိုးမကျယ်သော အော်သံနှင့်အတူ ပတ်ဝန်းကျင်လေထု၏ အပူချိန်သည် ရုတ်တရက် ထိုးတက်လာသည်။ ပေတံဓာကြီးမှ ထွက်ရှိနေသည့် အလင်းများသည်လည်း ပိုတောက်ပလာသလို ကိုယ်ထည်ပေါ်ရှိ ထူးဆန်းသော လိုင်းမျဉ်းတွေမှာလည်း ထူးခြားစွာဖြင့် ပန်းချီကားတစ်ချပ်၏ အနားသတ်လိုင်းများအသွင် ထင်ထင်ရှားရှား လင်းတောက်လာ၏။

ဒိအဆင့် ဒိုသိုင်းပညာကို ထုတ်သုံးရာတွင် အရင်တစ်ခေါက်ကလို ခွန်အားပြတ်လပ်ခြင်း မဖြစ်တော့ပေ။ သူ့၏ လက်ရှိအင်အားနှင့် ဒိအဆင့် ဒိုသိုင်းပညာကို အသုံးပြုရာ၌ အပြည့်အဝ ထုတ်မသုံးနိုင်သေးသော်လည်း မုရှိကို သတ်ဖို့က လုံလောက်၏။

အနီရောင်အလင်းများ လေထုထဲ ကွဲထွက်လာနေစဉ် အနက်ရောင်ပေတံဓားကြီးသည် ရုတ်တရက်ဆိုသလို ဒေါသတကြီးဖြင့် ဒေါင်လိုက် ခုတ်ပိုင်းလိုက်လေ၏။ နီရဲထွန်းလင်းနေသော အလင်းများက ပေတံဓားကြီး၏ ထိပ်ဖျားတွင် စုစည်းလာသည်။ ပေတံဓားကြီးသည် မြေကြီးပေါ် ကျရောက်သွားလေရာ ၎င်း မြေပြင်သည် ငလျင်လှုပ်ဘိသကဲ့သို့ တုန်ခါမှု ဖြစ်သွားလေကာ နက်ရှိုင်းသော အက်ကြောင်းရာတစ်ခုက ရှောင်ယွင် ခြေထောင်အနားကနေ ကွဲအက်ထွက်သွားပြီးနောက် သူ့ဆီသို့ ပြေးဝင်လာနေသည့် မုရှီထံ ဦးတည်ကွဲအက်သွားလေသည်။ 

နှိုင်းဆမရသည့် ပြင်းအား..၊ လေထုကိုပင်အပူလှိုင်းရိုက်စေခြင်းတို့ကြောင့် မုရှိသည် နက်နက်ရှိုင်းရှိုင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။ ဒါမျိုး တွေ့ရလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။ နှစ်လဆိုသော အချိန်ခဏလေး၌  ထိုလူငယ် ထုတ်သုံးခဲ့ဖူးသည့် သိုင်းပညာရပ်ကား အဆင့်အသစ်တစ်ခုသို့ တိုးတက်သွားချေပြီး။ 

မုရှိ အံကို ကြိတ်ထားလိုက်သည်။ သူ့မှာ အနောက်ဆုတ်၍ မဖြစ်နိုင်တော့။ သို့မဟုတ်လျှင် သူသေရမည်မှာ မုချပင်။ ဒါကို ရှင်းလင်းစွာ သဘောပေါက်၍ မုရှိသည် ဒိုချီစွမ်းအင်အား အသက်စောင့်အတွက်ပင် မချန်တော့ပဲ လှံတွင် အကုန်ပုံအောသုံးလိုက်ကာ အနီရောင်အလင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။

" ဘုန်းးးး "

ပြင်းထန်သော ပေါက်ကွဲသံအလား အသံအကျယ်ကြီး ထွက်ရှိလာမှုကြောင့် ထိုခြံဝင်းတစ်ခုလုံး ကြားရနိုင်သည်။ ထိုအခိုက်အတန့်တွင် အနီရောင်အလင်းနှင့် လှံ ထိရိုက်သွားသည့်နေရာတွင် မရေတွက်နိုင်သော အက်ကြောင်းရာကြီးများ ပင့်ကူအိမ်သဖွယ် ဆက်ကာ ဆက်ကာဖြင့် အက်ကြောင်းရာများ ပြေးသွားလေရာ အဆုံးတွင် တချို့သော အဆောက်အအုံဆီသို့ ထိမှန်သွားခဲ့သည်။ ထိုအဆောက်အအုံတွေမှာလည်း အနည်းငယ် လှုပ်ခါသွားပြီးလျှင် ပြိုကျပျက်စီးလေ၏။ 

အနီရောင်အလင်းထဲမှာမူ တိတ်ငြိမ်နေသကဲ့သို့။ သို့သော် မကြာချေ.. ပေါက်ကွဲအားတွေကြောင့် လူရိပ်တစ်ခုက လွင့်စင်သွားပြီး နံရံတစ်ခုတွင် အရှိန်ပြင်းစွာ သွားရိုက်မိလေသည်။ နံရံမှာလည်း ချက်ချင်း အပျက်အစီးပုံ ဘဝရောက်ရှိသွားကာ ဖုန်အလိပ်လိပ်က ထောင်းခနဲ လွင့်လာသည်။ 

လေပြေညှင်းက သုတ်ခနဲ ရိုက်ခတ်သွားလျှင် ဖုန်တွေမှာလည်း တစ်ဖြည်းဖြည်း လွင့်ပါးသွားသည်။ ထိုအခါ ပေတံဓားကြီးတစ်လက်အား ကိုင်စွဲထားသည့် လူငယ်တစ်ဦး၏ ပုံရိပ်က တစ်ဖြည်းဖြည်း ပေါ်ထွက်လာသည်။ 

ထိုလူငယ်ကို မြင်လိုက်ရသောအခါ ကောင်းကင်ထက်တွင် သိမ်းငှက်ကျောပေါ်ရှိ ရှောင်ယိရှန်မှာ သူမ၏ စိုစွတ်နီထွေးသော ပါးစပ်ကလေးက အဟောင်းသားဖြစ်သွားပြီး မျက်နှာမှာလည်း အမူအရာက အံ့သြလွန်းမက အံ့သြနေတော့သည်။

1 comment:

  1. စာစဥ် ၆၄ ကနေ စပြီးဖတ်ချင်ပါတယ်

    ReplyDelete

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...