အပိုင်း ( ၁၀၂ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
သူ့ကို ငေးကြည့်နေတဲ့ ဆရာမရိုလင်းကို မျက်နှာမှာ အပြုံးတုတစ်ခုနဲ့ ဖုံးကွယ်ထားပြီးတော့ ရှောင်ယွင်က ပြန်ကြည့်နေလိုက်ပါသည်။ ပြီးတော့ ပါးစပ်ကို လက်ကလေးနှင့် ဖုံးပြီး ရယ်နေတဲ့ ရှင်းအာကိုလည်း မျက်စောင်းကလေး စွေပြီး ကြည့်လိုက်သည်။
“ ကဲ.. ဒါဆို ဒီနေ့ကျောင်းသားအသစ် စာရင်းအသစ် သွင်းတာကို အဆုံးသတ်လိုက်ရတော့မယ်.. နောက်ထပ် တစ်ပတ်လောက်ကို ဒီမှာပဲ ရှိနေဦးမှာပါ.. ဒီနေ့ အောင်မြင်သွားတဲ့ ကျောင်းသားတွေကို ဂုဏ်ယူပါတယ်.. ဒီနေ့ကစပြီး.. မင်းတို့ဟာ ဂျားနန် အကယ်ဒမီကျောင်း သားတွေ ဖြစ်သွားပြီး.. ဒါဆိုရင် ဒီတစ်ပတ်အတွင်း မင်းတို့အားလုံး လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ထားကြပါ.. ပြီးရင်တော့ ဂျားနန်အကယ်ဒမီကျောင်းရဲ့ တမန်တော်ပျံက ဝူတန်မြို့ ဆီကို နောက်တစ်ပတ်နေရင် ရောက်လာလိမ့်မယ်.. ဒါဆို ငါတို့ အကယ်ဒမီကျောင်းကို တိုက်ရိုက် ပျံသွားလို့ ရတယ်.. ”
ဆရာမရိုလင်းက ဆိတ်သားရေစာလိပ်ကို ပြန်လိပ်လိုက်ပြီးတော့ ခပ်ဖွဖွလေး ရယ်လိုက်ရင်း ပြောလိုက်သည်။
ဒီစကားကို ကြားလိုက်ရတဲ့ ကျောင်းသားတွေက ပျော်ရွှင်သွားခဲ့ကြသည်။
ထိုအချိန်မှာ ရှောင်ယွင်က ပြုံးတုံ့တုံ့ ဖြစ်နေသေးတဲ့ ဆရာမရိုလင်းကို တစ်ချက်ကြည့်လိုက်ပြီး အရှေ့ကို လှမ်းသွားလိုက်သည်။ ပြီးတော့ မျက်နှာက ဝန်လေး ဟန်နှင့် ပြုံးလိုက်ပြီး
“ ဆရာမရိုလင်း.. ကျွန်တော့်မှာ ပြောစရာ တစ်ခုရှိပါတယ်.. ”
ဆရာမရိုလင်းက ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ သူမ၏ မျက်နှာကိုမော့လိုက် ပြီးတော့ ခပ်နောက်နောက် လေသံနဲ့ မေးလိုက်ပါသည်။
“ အိုး.. ရှောင်ယွင်.. ပါရမီရှင်လေး.. ကဲ ဆရာမနဲ့ ဘာကိစ္စ ဆွေးနွေးချင်လို့လဲ.. ”
ဆရာမရိုလင်း ခေါ်ဝေါ်လိုက်သောအမည်ကြောင့် ရှောင်ယွင် ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ပြီးတော့ ခေါင်းခါပြလိုက်ရင်း အားတင်းပြီးတော့ ပြောလိုက်သည်။
“ အင်းး.. ကျွန်တော်တော့ အခု ဂျားနန်အကယ်ဒမီ ကျောင်းကို လိုက်လို့ မရသေးဘူးထင်တယ်.. ဘာလို့ဆိုတော့ ကျွန်တော့်မှာ တကယ့်ကို အရေးတကြီး လုပ်ရမယ့် အလုပ်တွေ ရှိနေတယ်.. ဆရာမရိုလင်းက ကျွန်တော်ကို ခွင့်ရက် ပေးလို့ရမလား.. ”
“ ခွင့်ရက်တောင်းတာလား.. ? ”
ဆရာမရိုလင်းက နည်းနည်းလေးတော့ တွေဝေသွား သည်။ မျက်မှောင် ကြုတ်စဉ်းစားလိုက်ပြီးတော့ လေသံအေးအေးနဲ့ ပြန်ဖြေလိုက်သည်။
“ စည်းမျဉ်းအရဆိုရင် သတ်မှတ်လိုက်တဲ့ ရက်က လွဲပြီးတော့ ကျောင်းသားသစ်က ကျောင်းတက်နှစ် အတွင်း ခွင့်ယူလို့မရဘူး.. ”
“ ဒါပေမဲ့ ကျွန်တော်လည်း တကယ့်ကို အရေးကြီးနေလို့ပါ.. ”
ရှောင်ယွင်က ပခုံးကို တွန့်လိုက်ပြီးတော့ လေးနက်တဲ့လေသံနဲ့
“ တကယ်ကို အရေးကြီးနေလို့ပါ.. ပြောရရင် ကျွန်တော် သွားကို သွားရမှာပါ.. ”
ဘေးနားမှာ ရှိနေတဲ့ ရှင်းအာက ရှောင်ယွင်စကား ကြောင့် မျက်နှာလေးက ညိုတိုတို ဖြစ်လာခဲ့သည်။ ပထမတော့ ဂျားနန်အကယ်ဒမီ ကျောင်းကိုသွားရမယ့် ခရီးက ပျော်စရာကောင်းမည်ဟု တွေးခဲ့သည်။ ယခုတော တက်ကြွနေသော သူမ စိတ်ကလေးက ရုတ်တရက် ပြုတ်ကျသွားခဲ့ပြီး။
“ သူက ခွင့်ရက်တောင်းနေတာလား.. ”
ထို့နည်းအတူပင် ရှောင်ယုသည်လည်း ရှောင်ယွင်စကား ကို ကြားလိုက်ရတော့ အံ့သြသွားခဲ့သည်။ သူမ ခေါင်းပေါ်က ဆံပင်ကိုတောင် ထိုးဖွချင်နေပြီး။ ရှောင်ယွင်ကို ကြည့်ပြီး အူလည်လည် ဖြစ်နေတုန်းပါပဲ။
ဆရာမရိုလင်းက ရှောင်ယွင်ရဲ့ တည်ငြိမ်တဲ့ မျက်နှာကို ကြည့်လိုက် သည်။ ပြီးတော့ မျက်ခုံးကို တွန့်ချိုးထားပြီး ခဏအကြာမှ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး တော့ ညင်သာစွာ ပြန်ပြောလေ၏
“ ကောင်းပြီးလေ.. ဘယ်လောက်ကြာကြာ ယူရမှာလဲ.. သိပ်မကြာဘူး ဆိုရင်တော့ ငါရဲ့ လုပ်ပိုင်ခွင့်နဲ့ တတ်နိုင်သလောက် ကူညီပေးလိုက်မယ်.. ”
ရှောင်ယွင်က ဆရာမရိုလင်းရဲ့ ကြည်လင်အေးချမ်းတဲ့ မျကလုံးကို ကြည့်လိုက်မိသည်။ ချက်ချင်းပဲ သူ့မျက်နှာက ရှက်သွေး ဖြန်းခနဲ ဖြစ်သွားသည်။ အသံမထွက်ဘဲ တစ်ချက်နေလိုက်ပြီးမှ စိတ်မသက် မသာ နှင့် ပြောလိုက်သည်။
“ အချိန်က တစ်နှစ်လောက်ပါ.. ”
အဲဒီစကားလုံးတွေက သူ့ပါးစပ်ကနေ ထွက်လာတာ သည်နှင့် ရွက်ဖျင်တဲတစ်ခုလုံးက ရုတ်ချည်း တိတ်ဆိတ် သွားခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် လူအားလုံး က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးနေတဲ့ လူငယ်လေးကို အလျင်အမြန်ပဲ လှည့်ကြည့်လိုက်ကြသည်။
တစ်နှစ်လောက်တဲ့ ဟုတ်လား.. ?
ဤ အခိုက်အတန့်မှာ အားလုံးက သူတို့ နားကြားမှားသလားလို့တောင် ထင်မိကြတာပါ။ အခုလေးတင် စာရင်းသွင်းပြီးရုံလေးပဲရှိသေးသည်။ ခွင့်ကိုပါ တစ်ခါတည်းတောင်းလိုက်တဲ့အဖြစ်မျိုးကို ဂျားနန်အကယ်ဒမီကျောင်းတည်ထောင်ပြီး ကတည်းက သူတို့ တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ပါဘူး။
“ ယုအာ.. နင်တို့ကလန်လူက နည်းနည်းလေးတော့ အကြောမာနေသလိုပဲ.. တစ်နှစ်ကြီးများတောင်.. သူက တကယ်ရော ဂျားနန် အကယ်ဒမီကျောင်းကို သွားရော သွားချင်ရဲ့လား.. ? ”
ရှောင်ယွင်ကို ငေးကြည့်နေတဲ့ ရွှယ်နီက ဆွံ့အနေရာမှ စိတ်လန့်ဖြန်သွားတဲ့လေသံနဲ့ ရှောင်ယုကို ဆက်တိုက်ပဲ မေးခွန်းတွေ မေးလိုက်သည်။
ရှောင်ယု ခေါင်းကို ခါလိုက်သလို ခါးသီးစွာနဲ့လည်း ရယ်မောလိုက်သည်။ ရှောင်ယွင်က ဘယ်လိုလူလဲ ဆိုတာတောင် သူမ တကယ်နားမလည်နိုင်တော့သည်။
“ မင်းက ငါ့ကို နောက်ပြောင်နေတာလား.. ? ”
ဆရာမရိုလင်းက ရှောင်ယွင်စကားကို နားထောင်ပြီး နောက်မှာ ရယ်ရ မလားငိုရမလား ဆိုတာတောင် မသိတော့ဘဲ သူမရဲ့ မျက်တောင် ရှည်ကိုသာ တဖျတ်ဖျတ် ခတ်မိနေပါသည်။ ခွင့်ကို တစ်နှစ်ကြီးများ တောင် တောင်းဆိုလိုက်တာလား..? ဒါက အကယ်ဒမီ ကျောင်း စာသင်ချိန်ရဲ့ သုံးပုံ တစ်ပုံတောင် ရှိနေပြီး။
ရှောင်ယွင်က စိတ်ညစ်သွားပြီး ခေါင်းကို ထပ်ခါယမ်း လိုက်ပြန်သည်။
“ ဒီအကြောင်းကို ဆရာမနဲ့ အတည်ပြောနေတာပါ.. ”
ထိုအခါ ဆရာမရိုလင်းက မျက်ခုံးကို တွန့်ချိုး ထားပြီးတော့ ရှောင်ယွင် မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။ ရှောင်ယွင်မျက်နှာက စိတ်ပျက်နေသည်ကလွဲ၍ တခြား နောက်ပြောင် နေတာလည်း မတွေ့ ရပါဘူး။ ဆရာမရိုလင်းက အသက်ပြင်းချပြီး ညင်သာစွာ ပြောလိုက်၏
“ ခွင့်ရက်က ကြာလွန်းတယ်.. ဒါကို ခွင့်ပြုဖို့ကလည်း ငါ့မှာ လုပ်ပိုင်ခွင့် မရှိဘူး.. ဒါကို မေ့ထားလိုက်ရင် ကောင်းမယ်.. မင်းရဲ့ အစွမ်းအစကလည်း ကောင်းတယ် ဆိုတော့ ကျောင်းကနေ အကောင်းဆုံး လေ့ကျင့်ခြင်း တွေ ပေးလိမ့်မယ်.. ဒီတော့ ဘာလို့ မင်းရဲ့ အချိန်တွေ ကို ခွင့်ယူပြီးတော့ အကျိုးမဲ့ ဖြစ်စေရမှာလဲ.. ? ”
ဆရာမရိုလင်း အကြံပေးစကားကို နားထောင်ပြီး ရှောင်ယွင် ခါးသက်သက်နဲ့ ရယ်မောလိုက်သည်။
“ ဒါက တော်တော်လေးကို ရှေးရိုးဆန်တဲ့ အယူအဆ တစ်ခုပဲ.. ”
ဆရာမရိုလင်းမှာ သူမရဲ့ သန့်ရှင်းတဲ့ နဖူးပြင်ကို ချက်ချင်း နှိပ်နယ်လိုက်ရပါသည်။ သူမ ထင်ထားသည့် အတိုင်းပင် ဒီကောင်လေးက တရားဝင် ကျောင်းသား ဖြစ်ရုံလေးပဲ ရှိသေးသည်။ အခု သူမကို ပြဿနာရှာပြီး ခေါင်းကိုက် အောင် လုပ်နေပါပြီး။ ကြည့်ရတာ ဒီကောင်လေးက ပြဿနာရှာ ဒုက္ခပေးသည့် နေရာမှာလည်း အစွမ်းအစ ရှိသည့်ပုံပဲ..။
“ ခွင့်ယူမယ့်ရက်က ကြာလွန်းတယ်ကွယ်.. ”
ဆရာမရိုလင်းက နောက်တစ်ခါ ခေါင်းကို ခါလိုက်ပြန်ရင်း အသက်ပြင်း ကို လေးလေးပင်ပင် ချလိုက်သည်။ သူမရဲ့ စကားအသွားအလာအရ သူမ ငြင်းပယ်တော့မှာကို ကြိုမြင်နေရသည်။
“ တကယ်လို့ အချိန်တစ်နှစ် ခွင့်ယူလို့မရတော့ဘူးဆိုရင် ကျွန်တော် ကျောင်းနားလိုက်မယ်လို့ စဉ်းစားထား တယ်… တကယ်လို့ နောက်နှစ် အခွင့်အရေးရှိသေးရင် နောက်တစ်ကြိမ် ဂျားနန်အကယ်ဒမီကျောင်း စာရင်း သွင်းခြင်းမှာပဲ ဝင်ပါတော့မယ်.. ”
ဟု ရှောင်ယွင်က နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီးနောက် လေသံတိုးတိုးဖြင့် မကျေမနပ် ဆိုလိုက်သည်။
“ ဘာ.. ကျောင်းနားမယ်..?? ”
ရှောင်ယွင်စကားကို ကြားလိုက်ရတဲ့ ရွက်ဖျင်တဲအတွင်း က တခြားလူ တွေက ပွက်ပွက်ညံသွားကြသည်။ တဖက်မှာလည်း ရှောင်ယုက စိုးရိမ်တကြီးနဲ့ မြေကြီးကို ခြေဖြင့် ဆောင့်နင်းလိုက်သည်။
ဆရာမရိုလင်းသည် ရှောင်ယွင်က ကျောင်းနားတာကို အကျပ်ကိုင်ပြီး တောင်းဆိုလာတာကို ကြည့်ပြီး သူမ၏ ညင်သာတဲ့မျက်နှာမှာ အမူအရာ အနည်းငယ် ပြောင်းလဲ လာခဲ့သည်။ အခုလေးပဲ လက်ခံလိုက်တဲ့ ကျောင်းသား အသစ်နဲ့ အချင်းများရမှာကို သူမ တကယ်ကို မဖြစ်လို ပါဘူး။ ခေါင်းမာလှသော လူငယ်ကို အနီးကပ်တိုး၍ မျက်နှာကို ငေးကြည့်လိုက်ပြီးနောက် သိမ်မွေ့သော လေသံဖြင့် ထပ်ပြောလိုက်၏။
“ ရှောင်ယွင်.. ဆရာမကို အခက်တွေ့အောင် မလုပ်ပါနဲ့လားကွယ်.. မင်းတောင်းဆိုတဲ့ ခွင့်ရက်က တကယ်ကို ကြာလွန်းပါတယ်ကွယ်.. ”
တောင်းပန်ခယသည့် လေသံက နူးညံ့စွာ တဖန် ချိုသာသော မျက်နှာ ထားနှင့် ပြောလိုက်သော ဆရာရိုလင်းရဲ့ စကားသံက ယောင်္ကျားသား တွေ၏ အသည်းညှာကို ဖြုတ်ချနေသည့်အလားပင် အများစုဟာ သူမ ရဲ့ စကားကို ဖယ်ရှားနိုင်ဖို့က ခဲယဉ်းလှလေသည်။ ရွက်ဖျင်တဲထဲက ယောင်္ကျားလေးအများစုဟာ ဘာမှန်း မသိလိုက်ရဘဲ အလိုလို ခေါင်းညိတ်ထောက်ခံနေပါ တော့သည်။ နောက်မှ သတိပြန်ရလာကြ ပြီး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာက နီရဲသွားကြသည်။
နူးညံ့လှပသော အလှတရားနှင့် သိမ်းသွင်းခြင်း ဟုမည်သော တိုက်ခိုက်ခြင်းတစ်ရပ်အောက်မှာ ရှောင်ယွင်၏ နှလုံးခုန်သံကလည်း လျင်မြန်လာခဲ့သည်။ သို့သော် သူကိုယ်သူ ပြန်ထိန်းချုပ်နိုင်စွမ်းက သာမန်လူ ထက် အားကောင်းနေ၍သာ တော်သေးသည်။ အသက်ပြင်း တစ်ချက်ချပြီး အားလုံးက ကြည့်နေစဉ် မှာပဲ ခေါင်းခါပြီး မပြောင်းလဲဘဲ ထပ်ပြောလိုက်သည်။
“ ဆရာမရိုလင်း… ကျွန်တော် တစ်နှစ်လောက်ပဲ ခွင့်ယူ မှာပါ.. ဒါကို ဘယ်နည်းနဲ့မှ ပြောင်းလဲလို့မရပါဘူး.. ”
ပြတ်ပြတ်သားသား ပြန်ဆိုလာသော လူငယ်ကို ဆရာမရိုလင်းက မျက်လုံးချင်းဆုံ ကြည့်လိုက်ရင်း ခေါင်းကိုက်ချင်လာသလိုလို ခံစားလာရသည်။ သန့်ရှင်းစင်ကြယ်သော သူမရဲ့ နဖူးပြင်ကို တစ်ခါ ထပ်ပြီး နှိပ်နယ်လိုက်ရသည်။ ခဏအကြာမှာ ခေါင်းမာလှသော ရှောင်ယွင် ကြောင့် အနည်းငယ် ဒေါသထွက်လာပြီး ရုတ်ချည်း မတ်တတ်ရပ် လိုက်ပြီး အံကို ကြိတ်လိုက်သည်။ ရှောင်ယွင်အရှေ့ကို ခပ်မြန်မြန် လျှောက်လာပြီး ရှောင်ယွင်မျက်နှာကို တည့်တည့်ကြည့် ၍ ပြောလိုက်သည်။
“ ကောင်ဆိုးလေး.. မင်းရဲ့ ဆရာမကိုတောင် ထည့်မတွက်တော့ဘူးလား… ဒီလောက် ခွင့်အကြာကြီး ယူပြီးတော့ မင်းအတွက် ဘာကောင်း လာမှာလဲ.. ? ”
“ ဟမ်.. ”
ရှောင်ယွင်ကြောင့် မထင်မှတ်ဘဲ ဆရာမရိုလင်းက ဒေါသထွက်လာ တာကို ကြည့်ပြီး လူအားလုံးက ထိတ်လန့်သွားခဲ့သည်။ ထို့နောက် ဘာမှမတတ်နိုင် တော့ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်ကြသည်။
“ ဒီကောင်ကတော့ လူသေကိုတောင် ဒေါသ ထွက်အောင် လုပ်ပြီး အသက်ရှင်လာစေလောက် တယ်... ဟင်းး.. ဆရာမရိုလင်းတော့ ဒီလိုကောင်နဲ့ ဆုံရတာ တကယ်ကံဆိုးတာပဲ.. ”
ရှောင်ယုသည် အရင်တုန်းက ရှောင်ယွင် ဒေါသထွက် အောင် လုပ်ခဲ့တာကို ပြန်လည် အမှတ်ရသွားပြီး ယခု ဆရာမရိုလင်းခံစားနေ ရတာကို ကြည့်ရင်း ဆရာမအစား ဒေါသထွက်လာ၍ ဒေါသထွက်ထွက်နှင့် မြေကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
ရှောင်ယွင်က သူ့အရှေ့မှာ ဒေါသထွက်နေ၍ လှပတဲ့မျက်နှာက လည်း မျက်မှောင်ချိုးထားသော ဆရာမရိုလင်းကို ကြည့်ပြီး ခြောက်ကပ်ကပ်ဖြင့် ရယ်ရုံသာ တတ်နိုင်တော့သည်။ ဟုတ်တော့ ဟုတ် နေသည်။ အေးချမ်းစွာ နေတတ်သော ဆရာမရိုလင်း ကိုတောင် ရှူးရှူးရှားရှား ဖြစ်သွားစေလောက်တဲ့အထိ လူကို ဒေါသဆွနိုင်တဲ့ အရည်အချင်းက ရှောင်ယွင်ဆီမှာ ရှိသည်။ ဒီအတိုင်းသာဆိုလျှင် ခွင့်ရက်ရဖို့ကိစ္စက တိုက်ပွဲဝင်ရမည့်ပုံပေါက်နေသည်။
ထိုစဉ် ဆရာမရိုလင်းဆီက ပန်းရနံ့ အမွှေးနံ့သာကို ရှုရှိုက်မိလိုက်သလို လှပသိမ့်မွေ့ပြီး ပြည့်မို့သည့် ခန္ဓာကိုယ်ကိုလည်း ကြည့်လိုက်မိရင်း ရှောင်ယွင်က စိတ်လှုပ်ရှားမှုကို ကမန်းကတန်း ပြန်ထိန်းချုပ်လိုက်ရ သည်။ ထို့နောက် ဆရာမကို တည့်တည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ ဆရာမ.. ကျွန်တော့်မှာလည်း ကိုယ့်အခက်အခဲနဲ့မို့ပါ.. ကျေးဇူးပြုပြီး ကျွန်တော် ခွင့်တိုင်တာကို လက်ခံပေးပါ.. မဟုတ်ရင် ကျောင်းဝင်ခွင့် စမ်းသပ်ခြင်းကနေပဲ နောက်ဆုတ်ဖို့ပဲ ရှိတော့တယ်… ”
“ မင်း လုပ်ရဲတယ်ပေါ့လေ.. ”
ဆရာမရိုလင်းခမျာ ဒီကျောင်းသားကို ဘယ်မိစ္ဆာကောင် နဲ့ အဆင့်တူတူချင်း သတ်မှတ်ပေးရမလဲကိုတောင် ခက်ခဲသွားတော့သည်။ သူမက ဘယ်လိုလုပ်ပြီး လွယ်လွယ် ခွင့်ပြုလို့ရမှလဲ။ သူမ၏ မျက်လုံးက အဆမတန် ပြူးကျယ်သွားသလို အသံထွက်ပြီး အော်လိုက်မိသည်။
ဆရာမရိုလင်းဟာ ရှောင်ယွင်၏ လုံးဝ ဂရုမစိုက်သော အပြုအမူကို မြင်ရလေ သူမကိုယ် သူမ ထိန်းမချုပ်နိုင် တော့ဘူးဆိုတာ သိလာခဲ့ သည်။ ရှက်စိတ်ကြောင့် မျက်နှာက နီမြန်းသွားသလို အနောက်ကို လည်း တစ်လှမ်း ဆုတ်လိုက်ရသည်။ အချိန်အတော်ကြာအထိ တိတ်ဆိတ်နေပြီးနောက် ဆရာမရိုလင်းရဲ့ မျက်လုံးက အနည်းငယ် မှေးကျဉ်းသွားပြီး ပျော့ပြောင်းမှုမရှိသော လေသံဖြင့် မေးလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်လုံး ခွင့်ယူဖို့ကို တကယ်ပဲ စိတ်ပိုင်းဖြတ် ထားသလား.. ”
ဆရာမရိုလင်းက ရုတ်တရက် တည်ငြိမ်သွားတဲ့ အမူအရာကို ကြည့်ပြီး ရှောင်ယွင် ရင်ထဲ တစ်ချက်လေးလံသွားသည်။ ဆရာမ၏ မျက်လုံးကို ပြန်ကြည့်လိုက်သော အန္တရာယ်အရိပ်အငွေ့ကို ခံစားလိုက်ရသည်။
ထိုအတူပင် ရှောင်ယွင်နှင့် ဆရာမရိုလင်းကို ဘေးက ကြည့်နေကြ သည့် ရှောင်ယုနှင့် တခြားသူတို့ဟာ ဆရာမနှင့် တစ်နှစ်ကျော်အောင် ထိတွေ့ဆက်ဆံ လာခဲ့သူများ ဖြစ်ကြ၍ သူတို့လည်း ထင့်ခနဲ စိတ်လေး သွားကြသည်။ ဒီလိုပုံစံနဲ့ ဆရာမရိုလင်းက ဒေါသ အကြီးအကျယ်ထွက် နေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
ရှောင်ယွင်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစား နေရပေမဲ့ ယခုအချိန် မှာ ဓားတောင်ပဲဖြစ်ဖြစ် မီးပင်လယ်ပဲဖြစ်ဖြစ် ရင်ဆိုင်နေရပါစေ သူကိုယ်သူသာ အာားတင်းရတော့မည်။ ပါးစပ်အပြည့် ဖြစ်နေသော တံတွေးကို မျိုချလိုက်ပြီး ခြောက်ကပ်ကပ်နဲ့ ပြုံးလိုက်ရင်း ခေါင်းညိတ် လိုက်လေသည်။
ရှောင်ယွင်လည်း ခေါင်းညိတ်လိုက်သလို ဆရာမရိုလင်းလည်း လေးပင်စွာ အသက်ပြင်းချလိုက်၏
ဆရာမရိုလင်းဟာ ခေါင်းကို ခပ်လေးလေး ညိတ်လိုက်ပြီး သူမ၏ သေးသွယ်သော လက်ချောင်းဖြင့် မဟူရာဆံကေသာကို သိမ်းစု လိုက်ရင်း အေးစက်စက် ပြောလိုက်သည်။
“ အေးလေ.. ခွင့်ရက်တောင်းခံတယ်ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.. ”
ဒီစကားကို ကြားလိုက်ရတဲ့အခါ ရှောင်ယွင် နည်းနည်းလေးတောင် စိတ်မလှုပ်ရှားသွားလိုက်ပါ။ အဲဒီအစား ဒါဟာ မြှပ်ကွက်တစ်ခုဖြစ်မှန်း သူ သိလိုက်သည်။
ရှောင်ယွင်ကို အားလျော့ဟန်ဖြင့် ကြည့်နေရင်း ဆရာမရိုလင်းက ရုတ်တရက် ကြင်နာတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သို့သော် ညင်သာပျော့ပြောင်းသော လေသံဖြင့် ဆက်ပြောလိုက်သည့် စကားက လူအားလုံး ကို ရှောင်ယွင်အား သနားသွားသောပုံစံဖြင့် ကြည့်မိစေရ
လောက်အောင် ဖြစ်သွားခဲ့သည်။
“ ကောင်းပြီးလေ.. ဆရာမရဲ့ တိုက်ကွက်၂၀ ကို မင်း ခုခံနိုင်ရင်တော့ တစ်နှစ်လောက် မင်းယူမယ့် ခွင့်ကိစ္စကို ဆရာမ ခွင့်ပြုပေးမယ်.. ”
ဆရာမရိုလင်းဆီက စကားကို ကြားလိုက်သည့်အခါမှာ ရှောင်ယုနှင့် တခြားသော ကျောင်းသူတို့ဟာ ရှောင်ယွင်အစား အသက်ပြင်းချမိ တော့သည်။ ပြီးနောက် အားတင်းပြုံးနေရသော ရှောင်ယုကို သနား ကြင်နာစွာ ကြည့်ပြီး နှစ်သိမ့်စကားပြောပေးကြသည်။
“ ယုအာရယ်.. စိတ်မကောင်းမဖြစ်ပါနဲ့.. ”
ရှောင်ယုက အံကိုကြိတ်ပြီး မြေကြီးကို ခြေဆောင့်၍ ပြောလိုက်သည်။
“ ဒီကောင်က ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ်.. ”
သို့ပေမဲ့ သူမမျက်ဝန်းမှာ စိုးရိမ်ဟန်က အတိုင်းသားပေါ် နေ၏။
“ ကဲ ဘယ်လိုလဲ.. မင်းခွင့်ယူချင်သေးလား.. ”
ဆရာမရိုလင်းက သနားကြင်နာဟန်ဖြင့် ပြောလိုက်ပြီး ရှောင်ယွင်ကို ပြုံးရွှင်စွာဖြင့် ကြည့်နေလိုက်သည်။
ရှောင်ယွင်က ပါးစပ်ဟပြီး ခေါင်းကုတ်နေလိုက်သည်။ ဒါပေမဲ့ သူရဲ့ မျက်ဝန်းနက်နက်မှာ ရယ်မောလှောင် ပြောင်နေသည့်အရိပ်ကို မြင်ရ နိုင်သည်။ အချိန်အကြာကြီး စဉ်းစားနေဟန်ဖြင့် ရှိနေပြီးမှ ရှောင်ယွင် က ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် အားလုံးရဲ့ အရှေ့မှာပဲ ခေါင်းညိတ်ချ လိုက်သည်။
“ သဘောတူတယ်.. ”
ဒီစကားကြောင့် ဆရာမရိုလင်းရဲ့ အပြုံးက ပိုပြီးလှပ လာခဲ့သလို ရှောင်ယွင်၏ စိတ်နှလုံးသည်လည်း မသက် မသာခံစားနေရသည်။ အန္တရာယ်အငွေ့အသက်က ပိုပြီး ကြီးမားလာသလိုပါပဲ။
=============================
No comments:
Post a Comment