အပိုင်း ၁၁၀
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
တကယ်တမ်းတော့ သွေးကြာအဆီအနှစ်မှာ အရမ်းကို ရှားပါးလွန်းသည့် အဆင့်မြင့်ဆေးအမယ်တစ်မျိုးပါ။ ထိုအမျိုးအစားအဆီအနှစ်တွေက အဝါရောင်ကြာ အဆီအနှစ်နှင့် အမြဲယှဉ်တွဲလျက် ရှိတတ်သည်။ ယင်းတို့က ရှားပါးသည့်အပြင် အဝါရောင်ကြာအဆီ အနှစ်နှင့် ပုံစံတူနေ၍ ယင်းတို့နှင့် မရင်းနှီးသည့် လူက ထိုနှစ်ခုကို ကောင်းကောင်း ခွဲခြားတတ်လိမ့်မည် မဟုတ်ချေ။ ထိုပစ္စည်းကို စတွေ့သည့်အချိန်တွင် ရွဲ့လော်က ရှောင်ယွင်ကိုသာ အံ့အားတကြီးဖြင့် မရှင်းပြလိုက်လျှင် သူ့လို လူသစ်တစ်ယောက်အနေဖြင့် ထိုပုံစံ သိပ်မထူးခြားသည့်အရာက သူတို့ ရှာဖွေနေသော ရှားပါးဆေးအမယ်ဖြစ်နေမှန် သိလိုက်မှာ မဟုတ်ချေ။
သွေးကြာအဆီအနှစ်မှာ သွေးကြာအဆီအနှစ် ဆေးလုံး ဖော်စပ်ရာတွင် အဓိကအရေးကြီးဆေးအမယ်တစ်ခု ဖြစ် သည်။ သွေးကြာအဆီအနှစ်ဆေးအကြောင်းကို ပြော မည်ဆိုလျှင် ရှောင်ယွင်လေ့ကျင့်နေသော မီးတောက် မန္တရားချီကျင့်စဉ်အတွက် အရေးကြီးသော လိုအပ်သော ဆေး ဖြစ်၏။
မီးတောက်မန္တရားချီကျင့်စဉ်၏ အဆင့်မြင့်တင်ခြင်းတွင် ကောင်းကင်ဘုံမီးတောက်ကို မျိုချဖို့ကို လိုအပ်သည်။ ကောင်းကင်မီးတောက်ကို မျိုချဖို့ဆိုတာ လွယ်ကူသည့် အရာတစ်ခု မဟုတ်ပါဘူး။ ကောင်းကင်ဘုံမီးတောက်မှာ အင်မတန်ကို အရိုင်းဆန်ပြီး အားကောင်းသော အဖျက် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ မာကျောသည့် နေရာ တွင် နာမည်ကြီးသည့် သတ္တုတွေပင် ကောင်းကင်ဘုံ မီးတောက်၏ ပြင်းထန်လှသော အပူချိန်ကိုပင် ခံနိုင်ရည် မရှိလေရာ လူ့ခန္ဓာကိုယ်ဆိုလျှင် ပြောစရာ မရှိတော့ချေ။
ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ကောင်းကင်ဘုံမီးတောက် ကို အောင်အောင်မြင်မြင်ဖြင့် မျိုချနိုင်ပြီး တဖန် မီးတောက်ကို သန့်စင်ပြီး စုပ်ယူနိုင်ဖို့အတွက် အကာ အကွယ်ပြုနိုင်သည့် ခဲရာခဲဆစ်ပစ္စည်းများ လိုအပ်သည်။
သွေးကြာအဆီအနှစ်ဆေးလုံးကလည်း ၎င်းထဲတွင် အရေးကြီးသည့်ဆုံးတစ်ခု ဖြစ်သည်။
သွေးကြာအဆီအနှစ်ဆေးလုံးကို သောက်လိုက်လျှင် ထိုသူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ထူးခြားသည် သွေးအလွှာများ ဖြစ်ပေါ်လာစေသည်။ ထိုသွေးအလွှာ တို့သည် ပြင်းထန်လှသည့် အပူဒဏ်ကို တောင့်ခံနိုင် သည်။ ၎င်းဆေးသည် ကောင်းကင်ဘုံမီးတောက်အနား ရောက်နိုင်ဖို့ကို ကူညီပေးနိုင်မည် ဖြစ်သလို နောက်တစ် ဆင့် ဆက်လက်ဆောင်ရွက်နိုင်ဖို့ကိုလည်း အခွင့်အရေး ရစေသွားနိုင်သည်။
ဝူတန်မြို့မှ မထွက်ခွာခင်အချိန်တွင် ရွဲ့လော်သည် ရှောင်ယွင်အား လိုအပ်သည့် ဆေးအမယ်တွေကို ရှာခိုင်းထားသည်ဖြစ်ရာ မြို့အတွင်း ရှာဖွေပါသော် လည်း အချည်းနှီးပင်။ ယခု နေရာအသစ်ကို ရောက်ပြီး သိပ်မကြာခင်မှာပဲ သွေးကြာအဆီအနှစ်ကို ကံကောင်း ထောက်မစွာ ရှာတွေ့နိုင်မည်ဟု ရှောင်ယွင် မတွေးထား မိချေ။
ရှောင်ယွင်၏ ကြံ့ခိုင်သော စိတ်အားက ရင်ထဲမှာ အလွန် တရာ ပျော်မြူးနေခြင်းကို ဖိနှိပ်လိုက်ပြီးနောက် ဆိုင်အကူ၏ စိတ်မရှည်နေသည့် အကြည့်အောက်တွင် သွေးကြာအဆီအနှစ်ကို ဖင်ပြန်ခေါင်းပြန် လှည့်ကြည့် နေလိုက်သည်။ အတော်လေး ကြာသွားမှ ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ အဝါရောင်ကြာအဆီအနှစ်တွေ ရှိသေးလား.. နောက်ထပ် အပုံလိုက် ဝယ်ချင်သေးတယ်.. ”
ဆိုင်အကူမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ရှောင်ယွင်ကိုလည်း အကဲခတ်ကြည့်လိုက်သည်။ အဝါရောင်ကြာအဆီအနှစ်မှာ ရွှေဒင်္ဂါးတစ်ရာလောက် သာ တန်ဖိုးကျသင့်သော်လည်း အပုံလိုက် ဝယ်ယူပါက ငွေကြေးအမြောက်အများကို ပေးချေဝယ်ယူရမည်။
ဆိုင်အကူ၏ စူးစမ်းသည့်အကြည့်က ရှောင်ယွင်၏ လက်ချောင်းတွင် ဝတ်ဆင်ထားသော သိုလှောင်လက် စွပ်ကို မြင်သည့်အခါ သူ့မျက်နှာပေါ်က ဒွိဟဖြစ်နေခြင်း က ချက်ချင်း ပျောက်ကွယ်သွားပြီး နှစ်လိုဖွယ် အပြုံးက ချက်ချင်း ရောက်လာသည်။
“ ဆရာ.. ခဏလောက်စောင့်ပေးပါဦး.. ကျွန်တော် အခုချက်ချင်း သွားယူပေးပါမယ်.. ”
ရှောင်ယွင်မှာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ လက်ထဲက သွေးကြာအဆီအနှစ်ကို ထပ်ပြီး အာရုံမစိုက်တော့ဘဲ ဘာမှ မဖြစ်သလိုဟန်ဖြင့် ကောင်တာခုံက တခြားပစ္စည်း တွေကိုသာ ရှာကြည့်နေလိုက်သည်။
ဆိုင်အကူမှာ ထွက်သွားပြီး မကြာခင်မှာပဲ မြန်ဆန်စွာ ပြန်လည်ရောက်ရှိလာပြီ သစ်သေတ္တာငယ်ကို ကောင်တာခုံထက်တွင် နေရာချလိုက်သည်။ ပြုံးရွှင်စွာ ဖြင့် ရှောင်ယွင်ကို ပြောလိုက်သည်။
“ ဆရာ.. ဒီမှာ အဝါရောင်ကြာအဆီအနှစ် ၅၃ ခု ရှိတယ်.. ဒါတွေအားလုံးကို ယူမှာလား.. ”
ရှောင်ယွင် ပြုံးရုံသာ ပြုံးလိုက်သည်။ သစ်သေတ္တာအထဲ က အဝါရောင်ကြာအဆီအနှစ်တွေကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ခဏအကြာတွင် စိတ်ပျက်သွားဟန် က မျက်ဝန်းတွင် ဖျတ်ခနဲ ဖြစ်ပေါ်သွားသည်။ အဝါရောင်သွေးကြာအဆီအနှစ်ထဲမှာ နောက်ထပ် သွေးကြာအဆီအနှစ်ကို ရှာမတွေ့ခဲ့တော့ပေ။
ရှောင်ယွင်သည် ရင်ထဲမှာသာ စိတ်ပျက်စွာ အသက်ပြင်း ချလိုက်သည်။ မျက်နှာကတော့ ပြုံးထားသည်။ ထို့နောက် အဝါရောင်ကြာအဆီအနှစ် အခု ၂၀ ကျော်ကို ရွေးလိုက်ပြီး သွေးကြာအဆီအနှစ်နှင့် ရောပုံထားလိုက် သည်။ ဆိုင်အကူကို ကြည့်ပြီး မေးလိုက်သည်။
“ ဒါကို ထုပ်ပိုးပြီးတော့ ဈေးကိုလည်း တွက်ပေးပါဦး.. ”
ဆိုင်အကူကလည်း အဝါရောင်ကြာအဆီအနှစ်ကို ရေတွက်လိုက်ပြီးနောက် ဈေးနှုန်းကို ပြောလေသည်။
“ ဆရာ.. စုစုပေါင်း ရွှေဒင်္ဂါး ၂၄၀၀ ကျသင့်ပါတယ်ခင်ဗျ”
ရှောင်ယွင်က ခေါင်းကို အသာလေးညိတ်ပြလိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ လက်တွင် ရွှေဒင်္ဂါး ၅၀၀၀ ပါဝင်သော အစိမ်းရောင်ကတ်တစ်ခုပါလာပြီး ဆိုင်အကူ ကို ကမ်းပေးလိုက်သည်။ ထို့နောက် အဝါရောင်ကြာ အဆီအနှစ်တို့ကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း လိုက်သည်။ ရှောင်ယွင်မှာ အတော်လေး စိတ်ပေါ့ပါးသွားခဲ့သည်။
အတော်လေး တိတ်ဆိတ်နေရင်း ရှောင်ယွင်သည် ဆိုင် အကူကို ကောက်ကာငင်ကာဖြင့် မေးလိုက်သည်။
“ ဒီ အဝါရောင်ကြာအဆီအနှစ်က မှော်သားရဲကောင် တောင်တန်းကနေ ရလာတာလား.. ”
“ အင်း.. ထူးခြားတဲ့ မှော်သားရဲကောင်တောင်တန်းက ဆေးပင်တွေ အပြည့်ပဲလေ.. ကျွန်တော်တို့ ဆေးတစ်ထောင်အိမ်တော် ဆေးဆိုင်မှာလည်း ကိုယ်ပိုင်အဖွဲ့ ရှိပါ တယ်.. ဒါပေမဲ့ ထူးခြားတဲ့ မှော်သားရဲကောင်တောင်တန်းကို ဝင်လို့ရှိရင် ကြေးစားစစ်သည်တွေကို ပိုက်ဆံ အများကြီးပေးပြီး ငှားရပါတယ်.. ”
ဆိုင်အကူက ငွေလက်ခံခြင်းကို ဆောင်ရွက်ပြီးနောက် ရှောင်ယွင်အား ပြန်ကမ်းပေးလိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
ရှောင်ယွင်သည် ထိုစကားအား မှတ်ထားလိုက်ပြီး ခေါင်း ကို အသာညိတ်လိုက်သည်။ ပြန်လှည့်လိုက်မည့်အချိန် တွင် ဆေးဆိုင်အဝင်ပေါက်တွင် ရုတ်တရက် ရုတ်ရုတ်သဲ သဲ တစ်ချက်ဖြစ်သွားသည်။
“ ဝိုး.. နတ်မိမယ်သမားတော်မလေးပါလား.. ”
“ လှချက်ကကွာ.. ခါးကလည်း သေးလိုက်တာ.. ”
“ အရူး.. မင်းက သေချင်လို့လား.. ဒီကျွင်းရှိမြို့မှာ ရှိတဲ့ ကြေးစားစစ်သည်တစ်ဝက်လောက်ကို နတ်မိမယ် သမားတော်ကပဲ ကုသပေးခဲ့တာနော်.. တစ်ယောက် ယောက်က ကြားမိရင် မင်း လျှာဖြတ်ခံထိနေဦးမယ်.. ”
ရှောင်ယွင်အနားက လူနှစ်ယောက်က စကားပြောနေ ကြခြင်းဖြစ်သည်။ တစ်ယောက်က နှာထသည့် စကား ကို ပြောလိုက်မိရာ ကျန်တစ်ယောက်က ကမန်းကတန်း ဖြင့် တိတ်တိတ်လေး တားလိုက်သည်။
“ ကျုပ်က နောက်ပြောင်ပြောလိုက်မိတာပါ..ဟဲဟဲ ”
အနားပတ်ဝန်းကျင်က မရင်းနှီးသည့် အကြည့်တွေနှင့် ရင်ဆိုင်ရသည့်အခါ အသားနည်းနည်းဖြူသည့် လူက ရှက်ကိုးရှက်ကန်းဖြင့် ဆေးဆိုင်ကနေ သူငယ်ချင်းနှင့် အလောတကြီး ထွက်သွားလိုက်သည်။
လူတွေ တသုတ်သုတ် ထွက်သွားကြ၍ ထိုအခါမှ ရှောင် ယွင်သည် ထိုမိန်းမပျို၏ မျက်နှာကို ရှင်းရှင်လင်းလင်း မြင်ရတော့သည်။
ထိုမိန်းမပျိုမှာ အဖြူဖျော့အင်္ကျီကို ဝတ်ဆင်ထားသည်။ အရမ်းကြီး လှပချောမောသည်ဟု မဆိုနိုင်သော်လည်း ထူးထူးခြားခြား အလှပိုင်ရှင်ဟု ပြောနိုင်သည်။ အနည်း ငယ် ပြုံးယောင်ယောင်မျက်နှာက သန့်ရှင်းသည့် အရှိန် အဝါကို ထွက်ပေါ်နေ၍ ထူးကဲနေပြီး သူမ၏ ကျက်သရေ အဖြာဖြာကို ထွန်းလင်းစေတော့သည်။
ရှောင်ယွင်မှာ ထိုမိန်းမပျို၏ ခန္ဓာကိုယ်ကို အကဲခတ် ကြည့်နေကာ နောက်ဆုံးတွင် အစိမ်းရောင်ခါးဝတ်စလေး စည်းနှောင်ထားသော ခါးသွယ်သွယ်ဆီကို အကြည့် ရောက်သွားသည်။ လက်တစ်ဖက်ဖြင့် ဖက်ထား၍ပင် မလုံလောက်အောင် သေးသွယ်လွန်းသည့် ခါးကို မြင် ရသည့်အခါ ရှောင်ယွင်၏ မျက်ဝန်းတွင် အံ့သြသွားဟန် ဖြစ်သွားသည်။
ရှောင်ယွင် ရင်းနှီးလာဖူးသည့် မိန်းမများတွင် ရှင်းအာ သည် အလှပဆုံးဖြစ်ပြီး ထည်ဝါမှုတို့တွင် အပြစ်ဟူ၍ မြူမှုန်တစ်မှုန်ပင် ရှာမတွေ့ခဲ့သည်။ ရဖေးမှာ အံ့သြဖို့ ကောင်းလောက်သည့် အလှအပမျိုး ပိုင်ဆိုင်သူဖြစ်ကာ ရှောင်ယုမှာမူ ဆွဲဆောင်မှုရှိ သည့် ခြေတံရှည်များ ရှိ၏။ သူမနှင့် တွေ့ဆုံတိုင်း ရှောင်ယွင်မှာ မနေနိုင်ဘဲ သူမ၏ ခြေထောက်ကို ငေးကြည့်ရစမြဲပင်။ သူ့အရှေ့က အဖြူရောင်အင်္ကျီနှင့် မိန်းမပျိုလေးကတော့ သေးသွယ်ပြီ ချောမွေ့လှပသည့် ခါးပိုင်ရှင် ဖြစ်လေသည်။
ရှောင်ယွင်မှာ နှုတ်ခမ်းသပ်လိုက်မိပြီး စိတ်ထဲတွင်လည်း အံ့သြနေသည်။ သူ့ဘေးနာက ဆိုင်အကူသည် ခပ်တိုး တိုး ရယ်လိုက်ပြီး
“ နတ်မိမယ်သမားတော်က ကျွန်တော်တို့ရဲ့ ဆေးတစ်ထောင်အိမ်တော်ကနေ အထူးငှားရမ်းထားတဲ့ သမားတော်တစ်ယောက်ပဲ.. ဒီ ကျွင်းရှိမြို့မှာ သူ့ကို ကြိုက်နေတဲ့သူတွေ အများကြီးပဲ.. တကယ်လို့ နတ်မိမယ် သမားတော်က ငါတို့နဲ့ မှော်သားရဲကောင် တောင်ကို သွားပြီး ဆေးပင်တွေ သွားရှာတဲ့အချိန်ကျရင် ကြေးစား စစ်သည်တွေက လုပ်ခတွေ အပြိုင်အဆိုင် လျှော့ယူကြ ပြီး ဘယ်နေရာက လိုက်ရ လိုက်ရ အချင်းချင်းတောင် ရန်တွေ ဖြစ်ကုန်ကြတာ.. ”
“ သမားတော်လား.. ”
ရှောင်ယွင်မှာ ခဏတော့ အံ့အားသင့်သွားသည်။ ချက်ချင်းပဲ ဆိုင်အကူကို မေးခွန်းမေးလိုက်သည်။
“ သူက မှော်ဆေးပညာရှင် မဟုတ်ဘူးလား.. ”
သမားတော်ဆိုတာ မှော်ဆေးပညာရှင်အမျိုးစားကွဲ တစ်ခု ဖြစ်သည်။ ဒါပေမဲ့ မှော်ဆေးပညာရှင်နှင့် ယှဉ်ရင် တော့ များစွာ နိမ့်ကျသည်။ နောက်ပြီး သူတို့ဟာ ဆေးအမယ်တွေကို သန့်စင်ဖော်စပ်နိုင်ခြင်း မရှိပါဘူး။ သူတို့ လုပ်နိုင်သည်က ဆေးအမယ်များစွာကို ရိုးရိုးမီး ဖြင့်သာ ကျိုချက်ပြီး အနာကျတ်သည့်အစွမ်းရအောင် သာ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။ မှော်ဆေးပညာရှင် တစ်ယောက်က ဖော်စပ်သည့် ဆေးနှင့် ယှဉ်ကြည့်လျှင် သူတို့၏ ဆေးက အတော်လေး နိမ့်ကျသည့် ဆေးဟု ဆိုနိုင်သည်။ သမားတော်အများစုတို့မှာ မှော်ဆေးပညာ ရှင်များ ဖြစ်လိုသည့် ဆန္ဒများ ရှိကြသည်။ သို့ပေမဲ့ တစ်သက်လုံး ကြိုးစားလျှင်တောင် မဖြစ်ခဲ့ကြသည် လည်း ရှိသည်။ အဓိက ပြဿနာမှာ သူတို့တွင် ဓာတ် သဘာဝ ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းနှင့် သင်ကြားပြသမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။
သူမကို ကြိုဆိုလိုက်ကြသည့် ပုံစံနှင့် ကောင်တာခုံထဲက အနာကျတ်ဆေးကို တွဲတွေးမိ၍ သူမသည် မှော်ဆေး ပညာရှင်တစ်ယောက်ဟု လွဲမှားစွာ တွေးလိုက်မိခြင်း ဖြစ်သည်။
“ မှော်ဆေးပညာရှင်ဖြစ်ဖို့ ဒီလောက်လွယ်နေမယ်ဆိုရင် အဲဒီပညာရပ်က ရှားပါးပြီး တန်ဖိုးကြီးမှာ မဟုတ်တော့ ဘူးလေ.. ”
ဆိုင်အကူမှာ စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
ရှောင်ယွင်သည် တစ်ချက် ပခုံးတွန့်လိုက်ပြီး ဆက်လက် စူးစမ်းကြည့်လိုက်သည်။ ထိုမိန်းမပျိုမှာ သူမ၏ ထိုင်ခုံ တွင် ထိုင်ချလိုက်ပြီး ဒဏ်ရာရနေသော လူနာအား အာရုံ စိုက်နေသည်ကို ရှောင်ယွင် ငေးမောနေမိသည်။ နတ်မိမယ်သမားတော်သည် လူနာ၏ ဒဏ်ရာကို ကုသ စည်းနှောင်းပေးပုံမှာ အင်မတန်ကို လက်ရာသေသပ် သည်ကို ရှောင်ယွင် သူ့ကိုယ်သူ ဝန်ခံလိုက်မိသည်။ စရိုက်ကြမ်းသည့် ကြေးစားစစ်သည်တို့မှာ လိမ္မာသော သိုးလေးလို သူမအနားတွင် ဖြစ်နေပုံမှာ အံ့သြစရာတော့ မဟုတ်တော့ပေ။
ထိုနေရာတွင် ရပ်နေရင်း လှပသည့်ပန်းချီကားလို မြင်ကွင်းကို ဝအောင် ကြည့်လိုက်ပြီးနောက် ဆေးတစ်ထောင်အိမ်တော်ကနေ ထွက်ခွာလာခဲ့တော့ သည်။ လမ်းမအတိုင်း လျှောက်လာရင်း ကောင်းကင် မှာလည်း မှောင်ကျနေသည်ကို တစ်ချက်ကြည့်လိုက် သည်။ နောက်ဆုံးတွင် ရှောင်ယွင်သည် လမ်းအဆုံးတွင် တည်းခိုခန်းတစ်ခုကို တွေ့လိုက်သည်။ အခန်းတစ်ခန်း ကို ငှားလိုက်ပြီး အထဲဝင်သွားလိုက်သည်။ အခန်းထဲ ရောက်သည့်အခါ အားပါတရထိုင်လိုက်ပြီး အသက်ပြင်း ကို လေးလံစွာ ချလိုက်သည်။ ကျောပေါ်က လေးလံ သည့်ဓား၏ လက်ကိုင်ကို တင်းတင်းဆုပ်ပြီး တစ်ချက် အားစိုက်၍ ဆွဲထုတ်လိုက်သည်။ အိပ်ရာဘေးနားတွင် ထိုဓားကို ဂရုတစိုက်ဖြင့် ထောင်ထားလိုက်သည်။
အိပ်ပျော်နေစဉ်အချိန်မှာပင် ဓားကြီးအား မဖယ်ရှားရဟု ရွဲ့လော်က ပြောထားပါသော်လည်း လက်ရှိ ရှောင်ယွင် အခြေအနေမှာ ထိုကဲ့သို့ လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ထို့ကြောင့် ယာယီဖယ်ထားခွင့်ကို ရွဲ့လော် ခွင့်ပြုရလေ သည်။
ခန္ဓာကိုယ်ကနေ ထူးဆန်းသည့် ဓားကြီးက ပယ်ခွာသွား သည်နျင့် ချက်ချင်းပင် ရှောင်ယွင်သည် သူ့ခန္ဓာကိုယ်မှ ဒိုချီစွမ်းအင်တို့သည် မြစ်ရေစီးဆင်းသည့်အလား အားကောင်းကောင်းဖြင့် လှည့်ပတ်စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ရှောင်ယွင် အသက်ကို ဖြည်းလေးစွာ မှုတ်ထုတ်လိုက်၏ သူ့ခန္ဓာကိုယ်ရှိ မွေးညှင်းပေါက်များ ရုတ်တရက် ပွင့်ထွက်သွားသည်။ သက်တောင့်သက်သာ ရှိသွားသော ခံစားချက်ကြောင့် ရှောင်ယွင် ပျော်မြူးစွာ အော်ဟစ်မိ သည်။ ရုတ်တရက် သန်မာသွားသည် ခံစားချက်က တကယ်ကို စိတ်ကျေနပ်စရာကောင်းလှသည်။
နာကျင်ကိုက်ခဲနေသော ပခုံးကို အကြောလျှော့လိုက်ပြီး နောက် သူ ဝယ်ယူလာခဲ့သော အဝါရောင်ကြာအဆီ အနှစ်တွေကို ဖယ်ထုတ်လိုက်သည်။ ၎င်းကြားထဲမှ သွေးကြာအဆီအနှစ်ကိုသာ ကောက်ယူလိုက်ပြီး သိုလှောင်လက်စွပ်မှ ထုတ်ယူလိုက်သော အဖြူရောင် ကျောက်စိမ်းပုလင်းထဲကို ဂရုတစိုက်ဖြင့် ထည့်လိုက် သည်။ ကျန်ရှိသည့် အဆင့်နိမ့် အဝါရောင် ကြာအဆီ အနှစ်တွေကို သိုလှောင်လက်စွပ်ထဲ ပစ်ပုံထား လိုက် သည်။
“ ဟူးး.. သွေးကြာအဆီအနှစ်ကတော့ ငါ့လက်ထဲကို နောက်ဆုံး ရောက်လာခဲ့ပြီး.. အခု သွေးကြာအဆီအနှစ် ဆေးလုံးဖော်စပ်ဖို့ လိုနေတာက ရေခဲမီး ဝိညာဉ်မြက်နဲ့ အဆင့်၎ ရေခဲဓာတ် မွန်းစတားအမြုတေပဲ.. ”
လက်ထဲက ကျောက်စိမ်းပုလင်းကို ပွတ်သပ်လိုက်ရင်း ရှောင်ယွင် ပါးစပ်ဟပြီး တဝါးဝါး သမ်းလိုက်သည်။
“ ကြည့်ရတာ ငါတော့ အနာဂတ်မှာ အလုပ်များလာမဲ့ ပုံပဲ.. သွေးကြာအဆီအနှစ်ဆေးလုံးအတွက် ဆေးအမယ် ရှာရတာတောင် တော်တော်လေး ခေါင်းကိုက်သွားတယ် ကောင်းကင်ဘုံမီးတောက်ကို အောင်အောင်မြင်မြင်နဲ့ မျို ချဖို့ကိစ္စက တယ်မလွယ်တဲ့ကိစ္စတစ်ခုပဲ.. ”
ရှောင်ယွင်မှာ အသက်ပြင်းသာ ချနေမိရင်း ခေါင်းကို ခါယမ်းနေတော့သည်။ ကိုက်ခဲညောင်းညာနေသော သူ့မျာ အိပ်ရာပေါ်ရောက်သွားသည်နှင့် လုံးလုံး အိပ်ပျော် ခြင်းသို့ ရောက်သွားတော့သည်။
=============================
No comments:
Post a Comment