Followers

Chapter 143

အပိုင်း ( ၁၄၃ ) 

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++++

တောအုပ်အတွင်းတွင် တဖြည်းဖြည်း လျှောက်လှမ်းလာရာမှ ရှောင်ယွင်သည် ဘေးတစ်ဖက်တစ်ချက်မှာ ကျဲပါးလာသည့် တောအုပ်တန်းကို ငေးကြည့်ရင်း စိတ်ပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ ယခု သူသည် မှော်သားရဲတောင်တန်းအပြင်ဘက်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ တကယ်၍ သူသာ အနည်းငယ် ထပ်လျှောက်သွားခဲ့လျှင် မှော်သားရဲတောင်တန်းအတွင်းသို့ အမဲလိုက်ထွက်လာမည့် ကြေးစားမုဆိုးများနှင့် တွေ့ရပေလိမ့်မည်။ 

ရှောင်ယွင် ခေါင်းကို မော့ပြီ အနည်းငယ်မှောင်မဲနေသည့် ကောင်းကင်ကို မော့ကြည့်ကာ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရသည်မှာ ဒီတစ်ညတော့ မှော်သားရဲတောင်တန်းမှာပဲ အိမ်စက်ရမည့်ပုံ ရနေသည်။ 

ရှောင်ယွင် ခေါင်းကို ခါယမ်းလိုက်ရင်း နောက်ကျောပြင်မှာ အဝတ်နက်ဖြင့် လွှမ်းပတ်ထားသည့် ရွှင်းပေတံကြီးကို ပုတ်လိုက်သည်။ ကြည့်ရတာ ထူးဆန်းသည့် ရွှင်းပေတံက အများအမြင်တွင် ထူးခြားနေ၍ ရှောင်ယွင်လည်း ပြဿနာကို ရှောင်ချင်သည့်စိတ်ကြောင့် မတတ်သာဘဲ ရွှင်းပေတံကြီးကို သိမ်းဆည်းလိုက်ရသည်။ 

နောက်ထပ် အနည်းငယ် လျှောက်သွားပြီးနောက်မှတော့ အပေါ်က ကောင်းကင်သည်လည်း မှောင်မဲသွားလေပြီး။ ရှောင်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းကာ အနားယူဖို့ နေရာကို လိုက်ရှာလိုက်သည်။ ထိုအခါတွင် မနီးမဝေးနေရာဆီက မီးဖိုတစ်ဖို ရှိနေသည်ကို သတိပြုလိုက်သည်။ 

“ အမ်… အဲ့မှာ လူတွေ ရှိနေတာလား.. ”   ရှောင်ယွင် တွေဝေစွာဖြင့် ငေးကြည့်နေမိသည်။  ထို့နောက်တွင်တော့ အတွေးတစ်ခုကို တွေးလိုက်ရင်း မီဖိုဆီသို့ ဦးတည်ကာ ခြေလှမ်းလှမ်းလိုက်လေသည်။  

အနားနီးလာတဲ့အခါမှာတော့ မီးဖိုအနားမှာ လူ ၅ ယောက်က ဝိုင်းဖွဲ့ထိုင်နေသည်ကို မြင်လိုက်ရသည်။ ယောင်္ကျား ၃ ယောက်နှင့် မိန်းမ ၂ ယောက်ဖြစ်ကြကာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။  သူတို့၏ ရင်ဘက်မှာလည်း တူညီတံဆိပ်များ ရှိကြကာ တစ်ဖွဲ့တည်းဖြစ်ကြသည့် ကြေးစားမုဆိုးတွေမှန်း သိသာပါသည်။ 

ရှောင်ယွင်က တဖြည်းဖြည်း အနားတိုးလာသည့်အခါတွင် မီးဖိုဘေးနားက လူကြီးတစ်ယောက်သည် ရုတ်တရက်လှည့်ကြည့်သည်။ သူသည် ရှောင်ယွင် ရှိနေရာကို အေးစက်စက် ကြည့်ရင်း ခပ်ငေါက်ငေါက် လေသံဖြင့်မေးလိုက်သည်။ 

“ ဘယ်သူလဲ.. ”

သူ့အော်သံကြောင့် ကျန်သည့် လူသုံးယောက်က ခါးမှာ ချိတ်ထားသည့် ဓားကို ချွင်ခနဲမြည်အောင် ထုတ်လိုက်ကြသည်။ သို့သော် အငယ်ဆုံးမိန်းကလေးကမူ နှစ်ကြိမ်လောက် ကြိုးစားပြီးမှ ဓားကို အကုန်ဆွဲထုတ်လိုက်နိုင်သည်။ သူမမျက်နှာကား ရှက်ရွံ့ခြင်းကြောင့် နီရဲသွားသည်။ 

“ ကျေးဇူးပြုပြီ မလန့်လိုက်ကြပါနဲ့.  ကျနော်က ဒီအနားမှာ ဖြတ်နေရင်း မီးပုံတွေ့လို့ လျှောက်လာတာပါ.. ”

နက်မှောင်အေးစက်သည့် သစ်ပင်နောက်ကွယ်ကနေ လူငယ်တစ်ဦးက ပြုံးရင်း ထွက်လာခဲ့သည်။ ရန်လိုသည့် စိတ်ထားမရှိသည်ကို ပြသသောအားဖြင့် သူ့လက်ဗလာနှစ်ဖက်ကိုလည်း လှုပ်ခါပြလာခဲ့သည်။ 

ရှောင်ယွင်၏ လူငယ်မျက်နှာကို မြင်သည့်အခါ လူ ၅ ယောက်သည် သိသာထင်ရှားစွာ စိတ်ပေါ့ပါးသွားခဲ့သည်။ အရွယ်လတ်လူကြီးက ပြုံးပြီး စကားပြောဖို့ ဟန်ပြင်သည့်အချိန်တွင် ဓားထုတ်ဖို့ ကြိုးစားလိုက်ရသည့် မိန်းမပျိုထံကနေ ခပ်စူးစူးအသံက ထွက်ရှိလာသည်။  ကြည့်ရသည်မှာ သူမ အရှက်ရသွားသည်ကို ဖြေသိမ့်ဖို့ ရှောင်ယွင်အား ပုံချလိုက်ဟန် ရှိသည်။ 

“ ရှင်က ထုံးစံမသိတာလား..  တစ်ခြား ကြေးစားအုပ်စု ဝိုင်းဖွဲ့နေတဲ့ နေရာကို တိုးတိုးတိတ်တိတ် ဝင်လာတယ်ဆိုတာ ရှင်က ကျွန်မတို့စကားပြောနေတာကို ချောင်းနားထောင်ချင်လို့ မဟုတ်လား.. ”

အဓိပ္ပါယ်မဲ့ စွပ်စွဲလိုက်သည့်စကားကြောင့် ရှောင်ယွင် မျက်ခုံးက တွန့်ကွေးသွားရသလို အကြည့်ကိုလည်း မိန်းကလေးဆီသို့ ပို့လိုက်သည်။ သူမ၏ အသွင်အပြင်အရ ရှောင်ယွင်ထက် တစ်နှစ်ငယ်မည့်ပုံပေါ်သည်။ သူမ၏ မျက်နှာသည် မီးပုံအလင်းကြောင့် နီမြန်းနေသလိုရှိကာ လှပသည်ဟု ဆိုရနိုင်သော်လည်း သူမ အမူအရာက ခပ်ဆတ်ဆတ်ဖြစ်နေသလို ဖြစ်နေသည်။ တဖန် သူမပြောလိုက်သည့် စကားလေသံအရ မလိုလားဟန် ရှိနေပြန်သည်။ 

“ လင်းအာ.. ပေါက်ကရတွေ မပြောနဲ့.. ”   

ရှောင်ယွင်၏ မျက်နှာအမူအရာကို သတိပြုလိုက်မိ၍ အရွယ်လတ်ပိုင်းလူကြီးက ခေါင်းလှည့်ကာ အပြစ်ဆိုလိုက်ပြီးနောက် ရှောင်ယွင်ဘက် ပြန်လှည့်ကာ ပြုံးလိုက်သည်။ 

“ ညီလေးရေ.. မင်းလည်း ကြေးစားမုဆိုးပဲလား.. ဘာဖြစ်လို့ မှော်သားရဲကောင်တောင်တန်းအထဲကို တစ်ယောက်တည်း သွားလာနေရသလဲ.. ”

“ ဟားဟား.. ကျနော်က သမားတော်တစ်ယောက်ပါ..  အခု ကုန်သွားတဲ့ ဆေးပင်ဆေးရွက်တွေကို ရှာဖွေဖို့ တစ်ယောက်တည်း လာခဲ့တာပါ.. အခုတော့ အချိန်အကြာကြီး ရှာလိုက်ရတယ်.. ”

ရှောင်ယွင်က သူ့အင်္ကျီအိတ်ကနေ ဆေးရွက်အချို့ကို ထုတ်ယူလိုက်ကာ ထိုလူကြီးအား ပြုံးပြလိုက်သည်။ 

“ အော်.. ”    ထိုလူကြီးလည်း စိတ်သက်သာရာ ရသွားကာ ရှောင်ယွင်လက်ထဲက ဆေးပင်ကို သေချာစွာ လေ့လာကြည့်လိုက်သည်။ ထို့နောက် သူသည် ဘေးနားက မီးပုံကို ညွန်ပြလိုက်ကာ ပြောလိုက်သည်။ 

“ ဒီမှာ လာထိုင်လေ.. ညဘက်ဆို မှော်သားရဲကောင်တို့ အစာရှာကြတဲ့အချိန်လေ.. တစ်ယောက်တည်းဆို အန္တရာယ်များတာပေါ့.. ”

ရှောင်ယွင်လည်း ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ကာ အားလုံးရဲ့အကြည့်အောက်မှာပဲ မီးပုံအနားသို့ လျှောက်လာခဲ့သည်။ သူသည် ထိုင်ချလိုက်ပြီးနောက် အားလုံးကို ရှက်ရွံ့စွာ ပြုံးလိုက်သည်။ 

“ ညီလေး.. ကျုပ်နာမည်က ခါဂန်း…  ပြီးတော့ ဒီမှာလည်း ကြည့်လို့ရတယ်.. ဟဟ.. ဒိုကျဲအဆင့် ကြယ် ၅ လုံးပါ.. ”

ထိုလူကြီးက သူ့အင်္ကျီိရင်ဘက်ရှိ ကြယ် ၅ လုံးကို လက်ညိုးထိုးပြလိုက်ကာ ရယ်မောလိုက်သည်။ 

“ ရိုယွင်.. သမားတော်တစ်ယောက်ပါ.. ကျုပ်ရဲ့ခွန်းအားကဖြင့် ဒိုကျဲအဆင့် ကြယ် ၂ လုံးပါ.. ” ဟု ရှောင်ယွင်က မျက်တောင်ခတ်ရင်း ပြုံးလျက် ဆိုလိုက်သည်။ 

“ အင်း တော်တော် သတ္တိရှိတာပဲ.. ကြယ် ၂ လုံးတည်းနဲ့ မှော်သားရဲကောင်တောင်တန်းအထဲကို တစ်ယောက်တည်း ဝင်လာရဲတယ်.. မင်းသာ ဒီည ငါတို့နဲ့ မဆုံဖြစ်ရင် မှော်သားရဲကောင်ဗိုက်ထဲမှာ အစာဖြစ်နေလောက်ပြီး.. ”

ရှောင်ယွင်၏ အဆင့်ကို ကြားလိုက်သည့်အခါမှာ လင်အာ ဟု သိလိုက်သည့် မိန်းကလေးက ချက်ချင်းပဲ အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။ 

ရှောင်ယွင်မှာ ခပ်ထေ့ထေ့သာ ပြုံးလိုက်သည်။ သူအကျင့်အတိုင်း သူမကို အေးဆေး လျစ်လျူရှုထားလိုက်ကာ နောက်ထပ် ကျန်နေသေးသည့် အမျိုးသားနှင့် အမျိုးသမီးကို ဆက်ကြည့်လိုက်သည်။ 

အပြုံးတစ်ခုက သူက မိတ်ဆက်ပေးလိုက်ပြန်သည်။ 

“ရိုယွင်ပါ.. ဒိုကျဲအဆင့် ကြယ် ၂ လုံး.. ”

“ ကျွင်းရှင်.. ဒိုကျဲအဆင့် ကြယ် ၄ လုံး.. ”   အစိမ်းရောင်အဝတ် ဝတ်ဆင်ထားသည့် အမျိုးသမီးက ရှောင်ယွင်ကို ပျူငှာစွာ ပြံးပြသည်။ 

“ မိုရှိ.. ဒိုကျဲအဆင့် ကြယ် ၄ လုံး.. ဟဟ.. ညီလေးရေ.. ငါ့ကို ခြင်္သေ့လို့ ခေါ်လို့ရတယ်ကွ.. ”

သန်မာသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် လူက ရှောင်ယွင်ကို ရိုးသားစွာဖြင့် ပြုံပြလိုက်သည်။ 

ရှောင်ယွင်လည်း နောက်ဆုံးလူကို ပြုံးလိုက်ပြီးနောက် သူမကိုယ်သူမ ကျေနပ်နှစ်သက်နေပုံရသည့် မိန်းကလေးကို ကြည့်လိုက်သည်။ ရုတ်တရက် ရှောင်ယွင်သည် သူမက မင်းသားတစ်ပါးလို ချောမောသည့် လူကို နှစ်သက်နေဟန်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုလူမှာ မိန်းကလေး၏ ကြိုက်နှစ်သက်သောသူ ဖြစ်ပေလိမ့်မည်။ သူ ထင်ထားသည့်အတိုင်းပင် မိန်းကလေး နှစ်သက်သဘောကျနေသည့်သူက တောက်ပသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသူ ဖြစ်ပြီ မုလန်ကဲ့သို့ ခွန်အားရှိသူလည်း ဖြစ်နေသည်။ 

တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ကြလိုက်ပြီးနောက် မကြာမီမှာပဲ အားလုံးက အဆင်ပြေပြေ ဖြစ်လာခဲ့ကြသည်။  စကားစမြည်ဆိုနေသည့်အချိန်မှာလည်း ခါဂန်းဆိုသည့် လူကြီးက ရှောင်ယွင်ကို သမားတော်အလုပ်နှင့် ပတ်သတ်သည့်မေးခွန်းများကို သဘောထားရိုးရိုးဖြင့် မေးမြန်းလေသည်။ ရှောင်ယွင်က ပြည့်စုံစွာ ဖြေနိုင်သောကြောင့် ခါဂန်းမှာ သူ့၏ နောက်ဆုံး သံသယကို ပယ်ဖျောက်လိုက်တော့သည်။ အားလုံးနှင့်လည်း စကားစမြည်ဆိုကြသည်။ 

ထိုသို့ စကားဆိုကြရင်းမှ ထိုလူအားလုံးသည် ကြေးစားအဖွဲ့ကြီးသုံးဖွဲ့မှ တစ်ခုဖြစ်သော သွေးတိုက်ပွဲကြေးစားအဖွဲ့မှ ဖြစ်ကြောင်း ရှောင်ယွင် အံ့သြစွာဖြင့် သိလိုက်သည်။ လင်အာဟု ခေါ်သော မိန်းကလေးမှာလည်း ကြေးစားအဖွဲ့၏ လူကြီးတစ်ယောက်၏ သမီးဖြစ်သည်ကိုလည်း သိလိုက်သည်။ သူမသည် အလိုလိုက်ခြင်းခံထားသည့်ပုံရကာ တဇွတ်ထိုး ဖြစ်နေသည်က အဆန်းမဟုတ်တော့ချေ။  သွေးတိုက်ပွဲကြေးစားအဖွဲ့၏ အင်အားဖြင့် သူမစိတ်ကြိုက် လုပ်ချင်သလို လုပ်လို့ရနေသည်။ 

တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားခဲ့ပြီးသော်လည်း ရှောင်ယွင် လာရင်းကိစ္စကို မမေ့ပစ်လိုက်ချေ။ တစ်ချက်ချက်ဖြင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ အခြေအနေနှင့် လှုပ်ရှားမှုကို အစ်အောက်မေးကြည့်သည်။ 

ရှောင်ယွင်မေးလိုက်သည့် မေးခွန်းတို့က ဖုံးကွယ်စရာမလိုသည့် မေးခွန်းဖြစ်ကြ၍ ခါဂန်းလည်း မဖုံးကွယ်ဘဲ ဖြေဆိုပေးလေသည်။ သူသည် ပြုံးလျက်ဖြင့် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ အခြေအနေနှင့် လှုပ်ရှားမှုကို ပြောပြလိုက်သည်။ 

ခါဂန်းဆီက အဖြေတို့ကို ကြားလိုက်ရတဲ့အခါမှာတော့ ရှောင်ယွင်လည်း နောက်ဆုံး စိတ်လက်အေးသွားသည်။ ကံကောင်းစွာဖြင့် ကြေးစားအဖွဲ့သုံးဖွဲ့ စုပေါင်း၍ သူ့အား ဖမ်းဆီးမည့်ကိစ္စက မဖြစ်လာခဲ့ပေ။  ယခု သူ၏ ခွန်အားအရ ဝံပုလွေခေါင်းကြေးစားအဖွဲ့သည်လည်း ကြောက်နေစရာ မလိုတော့ချေ။ 

ရှောင်ယွင်မှာ ပထမစိတ်ကူးထားသည်က လိုချင်သော အချက်အလက်တွေကို သိသည်နှင့် ပြန်ထွက်သွားဖို့ ဖြစ်သော်လည်း ခါဂန်း၏ အားနာစရာကောင်းလှသော ဖိတ်ခေါ်မှုကြောင့် ခါဂန်း၏စိတ်ဆန္ဒကို လိုက်လျောကာ တစ်ညလုံး နေလိုက်တော့သည်။ ထိုသို့ နေသည့်အချိန်တွင်လည်း သူမ၏အမှားကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ခဲ့သည့် မိန်းကလေးမှာ သူ့အား တစ်ချိန်လုံး ထေ့ငေါ့နေလေသည်။ သို့သော် ရှောင်ယွင်မှာ သူမအား ဖက်ပြိုင်ဖို့ ပျင်းနေခဲ့ကာ ရွက်ဖျင်တဲမှာ ဝင်ပြီ ခေါင်းချအိပ်စက်လိုက်ခြင်းဖြင့် ထိုမိန်းကလေးကို ဒေါသထွက်စေခဲ့လိုက်သည်။ 

ညကား အေးချမ်းစွာဖြင့် ကုန်လွန်သွားခဲ့သည်။ 

ရှောင်ယွင်က ရွက်ဖျင်တဲကနေ ထွက်လာခဲ့သည့်အချိန်မှာ ကောင်းကင်မှာ တဖြည်းဖြည်း လင်းကျင်းလာခဲ့သည်။ ခါဂန်းနှင့် တခြားသူတွေက အထုပ်အပိုင်းပြင်ဆင်နေသည်ကို မြင်လျှင် ရှောင်ယွင်လည်း အရှေ့သွားပြီ အကူအညီပေးလိုက်သည်။ 

“ အော်. နောက်ဆုံးတော့ နိုးပြီပေါ့.. ကျွန်မတို့က တစ်ညလုံး ကင်းစောင့်နေရတယ်.. ရှင်ကတော့ အိပ်ရုံပဲ အိပ်နေခဲ့တယ်.. ဘယ်လိုလူပါလိမ့်.. ”

သူ လျှောက်သွားသည့်အချိန်မှာ မိန်းကလေး၏ အေးစက်စက် စကားအသံက ထွက်ပေါ်လာခဲ့သည်။ 

ခါးထောက်လျက် ရှိနေသည့် ထိုမိန်းကလေးကို စောင်းတောင် မငဲ့ကြည့်ဘဲ ခါဂန်းဆီကိုပဲ ဆက်လျှောက်ကာ ရွက်ဖျင်တဲဖြုတ်သိမ်းတာကို ကူညီလိုက်သည်။ သူသာ မှော်သားရဲကြီးတွေ၏ မစင်တွေကို ဘေးပတ်ဝန်းကျင်တွင် မဖြန့်ပက်ထားပါက တစ်ညလုံး အေးချမ်းစွာ မနေရမည်ကို ထိုမိန်းကလေးက သိပါလေစ..

ရှောင်ယွင်က လျစ်လျူရှုလိုက်သည်ကို မြင်သည့်အခါ မိန်းကလေး၏ မျက်ခုံးက မြင့်တက်သွားသည်။  မုလန်သာ သူမကို မထိန်းလိုက်မိပါက သူမသည် သူ့အား နောက်တစ်ကြိမ် စော်ကားပေလိမ့်မည်။ 

အထုပ်အပိုး အားလုံးသိမ်းဆည်းပြီးနောက်တွင် ရှောင်ယွင်လည်း သူတို့အုပ်စုနှင့်အတူ တော်တော်ဝေးဝေးအထိ လိုက်ပါသွားခဲ့သည်။ မနီးမဝေးက လမ်းမကြီးကို မြင်သည့်အခါမှာတော့ ရှောင်ယွင် အလိုလို ပြုံးလိုက်မိသည်။  အရင်တုန်းကဆို ဒီနေရာမှာပဲ သူ ထွက်ပြေးခဲ့ဖူးသည့် နေရာဖြစ်သောကြောင့် ဖြစ်သည်။ 

ရှောင်ယွင် ပြုံးရင် ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် ခါဂန်းဘက်ကို လှည့်ကာ လက်နှစ်ဖက်ဖြင့် အရိုအသေပြုလိုက်ပြီ ပြောလိုက်သည်။ 

“ ဦးလေးခါဂန်း… ကျနော်တို့ ဒီနေရာမှာပဲ ခွဲရအောင်.. ခရီးလမ်းမှာ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်.. ”

“ ရိုယွင်.. မင်း. ကျွင်းရှန်မြို့ကို သွားဖို့မဟုတ်လား.. ငါတို့က လမ်းအတူတူသွားနေတာပဲ.. ” 

ရှောင်ယွင်က ခွဲခွာတော့မည်ကို တွေ့၍ ခါဂန်းလည်း အံ့အားသင့်ကာ မေးလိုက်သည်။ 

ရှောင်ယွင်က ပြုံးပြီ ခေါင်းကို ခါယမ်းလိုက်သည်။ ကလေးဆိုးတစ်ယောက်လို ဖြစ်နေသည့် လင်းအာ၏ လှောင်ပြောင်သည့်စကားကို ဂရုမစိုက်ဘဲ နေနိုင်ပါသော်လည်း သူ့အား စိတ်ဆိုးဒေါသထွက်စေပါသေးသည်။ သူကလည်း ထိုကဲ့သို့ ကြိုက်နှစ်သက်သူမဟုတ်၍ တစ်ယောက်တည်းသွားဖို့သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ 

“ အော်.. ကျနော် လုပ်စရာတစ်ခုရှိနေတာကို အခုမှ သတိရလာလို့… အဲဒါ ဒီမှာပဲ နေ့တစ်ဝက်လောက် အချိန်ကုန်စေမှာစိုးလို့ .. ဦးလေးတို့ပဲ အရင်သွားထားနှင့်ကြ.. ”

“ သွားစို့..သွားစို့.. ဦးလေးခါဂန်းရေ… ဒီအထုပ်အပိုးတွေ ကူသယ်ပေးတာနဲ့ ဘာကျေနပ်စရာရှိလို့လဲ.. ဟွန့်.. ကြယ် ၂လုံးအဆင့်နဲ့များ ကျွန်မကိုတောင် မမှီဘူး.. ”  

ခါဂန်းက ပါးစပ်ဟပြီ ရှောင်ယွင်ကို တားဖို့ ဟန်ပြင်လိုက်သော်လည်း ကလေးဆိုးဖြစ်သည့် လင်းအာက ခါဂန်းကို ကမန်းကတန်း တားလိုက်သည်။ 

ခါဂန်းမှာ စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းရင်း ရှောင်ယွင်ကိုလည်း အားနာသည့်အကြည့်ဖြင့် ကြည့်လိုက်ကာ အနောက်လှည့်လိုက်လေသည်။  သို့သော်လည်း ခါဂန်းက တိခနဲ ရပ်လိုက်ကာ မျက်မှောင်ကုတ်လျက် 

“ ကံမကောင်းလိုက်တာကွာ..  ငါတို့တော့ ဒီစိတ်တိုဖို့ကောင်းတဲ့ ကောင်တွေနဲ့ ဆုံရပြီကွာ.. ”

ထိုစကားကို ကြားလိုက်ရသည့်အခါမှာတော့ ထွက်သွားဖို့ ပြင်နေသည့် ရှောင်ယွင်လည်း မနေနိုင်ဘဲ အနောက်လှည့်ကာ လမ်းမကြီးဘက် လှမ်းကြည့်လိုက်သည်။ ဦးချိုတစ်ချောင်း ပါသည့် မြင်းကို စီးနင်းလာကြသည့် ခုနှစ်ယောက် ရှစ်ယောက်လောက် ရှိသည့် အုပ်စုတစ်စုက ဒုန်းစိုင်းစီးနင်းလာသည်ကို မြင်လိုက်ရသည်။ လမ်းတစ်လျှောက်မှာလည်း အားလုံးလိုလိုက မြင်းနှင့် မတော်တဆ တိုက်မိမှာစိုး၍ ကမန်းကတန်းဖြင့် ဘေးသို့ ကပ်ရှောင်လိုက်ကြသည်။ 

“ သူက ဘယ်သူလဲ.. ”   အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးဖြင့် ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက ဦးချိုတစ်ချောင်းပါ မြင်းအား စီးနင်းလာသည်ကို ကြည့်ရင်း ရှောင်ယွင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ 

“ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဂန်မူပေါ့.. ”     ခါဂန်းက ခပ်ထေ့ထေ့ရယ်ရင်း ပြောလိုက်သည်။ 

“ အဲ့ကောင်က ငါ့တို့ကို အမြဲ ဗိုလ်ကျတာကွ.. သူနဲ့ဆုံတိုင်း ဘာမှ ကောင်းတာ မဖြစ်လာဘူး.. ပြီးတော့ ဒီကောင်က ဒိုကျဲအဆင့် ကြယ် ၉ လုံးလေ.. ငါတို့ သူကို မနိုင်ဘူး.. ”

“ ဒုတိယခေါင်းဆောင်.. ဝံပုလွေခေါင်းကြေးစားအဖွဲ့… ”    

ရှောင်ယွင်တစ်ချက်တော့ အေးခဲသွားသည်။ မကြာချေ.. အပြုံးတစ်ခုက သူ့မျက်နှာမှာ ဖြစ်ပေါ်လာသည်။ 

“ ဒီကောင်ပဲလား.. ဦးလေခါဂန်း.. မြန်မြန်ထွက်ရအောင်.. မြန်မြန်လုပ်.. ”    

မြင်းကို ဒုန်းစိုင်းစီးနင်းလာသည့် ထိုလူကို မြင်သည့်အခါ လင်းအားသည် ဖြူဆွတ်သွားသည့် မျက်နှာဖြင့် စိုးရိမ်တကြီး ပြောလိုက်သည်။ 

သူမ၏ ကြောက်ရွံ့နေသော မျက်နှာကို ကြည့်ပြီ ရှောင်ယွင် ခေါင်းကို ခါယမ်းလိုက်သည်။  သူ့ထက်ဆိုးတဲ့သူတွေ့လျှင် ကြောက်ရသည်က ဓမ္မတာပင်။

ထိုသို့ ပြောနေသည့်အချိန်မှာပဲ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူက ရောက်ရှိလာပြီး ဖြစ်သည်။ သူသည် ခါဂန်းနှင့် တခြားသူတွေကို ငုံ့ကြည့်လိုက်ကာ ပြုံးဖြဲဖြဲဖြင့်

“ ဟေ့.. ဒါ သွေးတိုက်ပွဲကြေးစားအဖွဲ့က ခါဂန်းမဟုတ်လား.. အင်း.. ဒီတစ်ခေါက် မှော်သားရဲကောင်တောင်တန်းအထဲသွားတာ ဘာရလာခဲ့တုန်း..”

ခါဂန်းမှာမူ မျက်မှောင်ကြုတ်လျက် ဂရုမစိုက်ဘဲ နေသည်။ 

ခါဂန်းက တိတ်တိတ်ပဲနေနေသည်ကို ထိုလူက စိတ်ထဲမှာ မထားချေ။  ပုန်းကွယ်ဖို့ ကြိုးစားနေသည့် လင်းအာဆီကို အကြည့်ရောက်သွားကာ  သူသည် လျှာသပ်လိုက်ရင်း  တောက်ပစွာ ပြုံးလိုက်သည်။ 

“ လင်းအာကတော့  တစ်နေ့ထက် တစ်နေ့ ပိုပိုချောလာတယ်ဟ..   နင်လို မိန်းကလေးမျိုးဆို ငါအကြိုက်ဆုံးပဲ.. ဟဟ.. သူတို့ရဲ့ အရသာက အရမ်းကို ကောင်းမှာပဲ.. မိန်းကလေး.. မင်းတစ်ယောက်တည်း မနေသင့်ဘူးနော်..ဟဟ.. ”

ထိုလူကြီး၏ နှာထသော စကားကြောင့် လင်းအာမှာ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမသည် ခါဂန်း၏ နောက်ကျောမှာ ပုန်းကွယ်ရင်း စကားတစ်ခွန်းမှ မဆိုရဲချေ။ 

“ ဟဟ.. ငါ့မှာ အရေးကြီးကိစ္စ ရှိလို့  ဒီနေ့တော့ မင်းတို့နဲ့ မဆော့တော့ဘူးလေ.. ဟဟ.. နောက်တစ်ခါ တွေ့ရင်တော့ ငါ သဘောမကောင်းနိုင်တော့ဘူးနော်.. ”

မိန်းကလေးကို ရိသဲ့သဲ့ စကားဆိုပြီးနောက် ဂန်မူသည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူ့မြင်းအား ကျားပွတ်ဖြင့် ရိုက်နှက်ကာ ထွက်ခွာသွားလေသည်။ 

ထိုအခါမှ ခါဂန်းနှင့် တခြားသူတွေသည် အသက်ပြင်းချနိုင်တော့သည်။ 

ဂန်မူက အလောတကြီးဖြင့် ထွက်သွားသည့်အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲအသံက လမ်းဘေးတစ်ဖက်တစ်ချက်ကနေ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ အနက်ရောင်လူပုံရိပ်သည် ဒုတိယခေါင်းဆောင်ဆီသို့ လျှပ်စီးလက်သည်သကဲ့သို့ ပြေးဝင်သွားလေသည်။ 

ထိုလူပုံရိပ်သည် ခဏအတွင်းမှာပဲ မြင်းပေါ်သို့ ရောက်ရှိသွားသည်။  သူသည် တစ်ကိုယ်လုံး လှည့်ပတ်ကာ ညာခြေထောက်ဖြင့် ဂန်မူ၏ မေးဖျားဆီသို့ လှမ်းခတ်လိုက်သည်။ ချက်ချင်းဆိုသလို ဂန်မူသည် လေထဲသို့ လွင့်စင်သွားကာ မြေကြီးပေါ် အရှိန်ပြင်းစွာဖြင့် ပြုတ်ကျသွားသည်။ 

“ ဝေါ့.. ”  သွေးများက ပါးစပ်အပြည့် ထွက်ချလာသည်။ ဂန်မူမှာ အချိန်မီ မတုံ့ပြလိုက်နိုင်သည့်အချိန်မှာ ခြေထောက်တစ်ဖက်က သူ့ရင်ဘက်ကို ဖိနင်းလာကာ လူငယ်တစ်ယောက်၏ ရယ်သံက တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ 

“ ဒီနေရာမှာပဲ နေလိုက်တော့..   နောက်ဆို မင်းကို လာရှာနေရဦးမယ်.. ”

အရာအားလုံးက မျက်စိတမှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်ကာ ဂန်မူသည် လူတစ်ယောက်၏ ခြေထောက်အောက် ရောက်နေသည်ကို ကြည့်ပြီ ခါဂန်းနှင့် တခြားသူတို့၏ မျက်နှာတို့သည် အံ့သြခြင်းနှင့် ပြည့်နှက်သွားလေသည်။ သူတို့၏ အကြည့်သည် အောက်မှာ ရှိနေသည့် မူဂန်ဆီကနေ အပေါ်တက် ရွေ့ကြည့်လိုက်သည့်အခါတွင် သူတို့အားလုံး၏ ကြောင်အမ်းနေသည့် မျက်လုံးတွေက ပြူးကျယ်သွားလေသည်။
+++++++++++++++++++

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...