အပိုင်း ( ၁၄၅ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
အချိန်ကာလအနည်းငယ်လောက်ကို တစ်ယောက်တည်းနေလာခဲ့သည့် ရှောင်ယွင်ဟာ ကျွင်းရှိမြို့၏ လူစည်ကားသော လမ်း၌ လျှောက်လှမ်းလာသည့်အခါတွင် သူဟာ ခံစားချက်ပေါင်းစုံ ရောပြွမ်းလျက် အသက်ပြင်းချလိုက်မိရင်း ဘေးပတ်ဝန်းကျင်မှာ ဆူညံသံများကို နားထောင်လာခဲ့သည်။ လူဆိုသည်ကလည်း အုပ်စုဖွဲ့နေရသည်ကို ကြိုက်နှစ်သက်သူများ ဖြစ်ကြသည်မဟုတ်လား။ တကယ်၍ တောထဲမှာ ဆယ်စုနှစ်လောက် ကြာအောင် တစ်ယောက်တည်း နေခဲ့ဖြစ်ပါလျှင် သူ စကားပင် ပြောတတ်နိုင်ပါ့တော့မလား။
ရှောင်ယွင် ခေါင်းကို ခါယမ်းလိုက်ပြီ ရယ်ချင်စရာမေးခွန်းတွေကို ခေါင်းထဲကနေ ဖယ်ထုတ်လိုက်လေသည်။ နောက်ကျောက အဝတ်နက်နှင့် ဖုံးထားသည့် ပေတံဓားကြီးကိုလည်း ပွတ်သပ်လိုက်သည်။ သူသည် လမ်းဆုံးလေးခွမှာ ရပ်ရင်း ဘေးပတ်လည်ကို လေ့လာကြည့်သည်။ ခဏအကြာအထိ စဉ်းစားပြီးနောက်တွင်တော့ လမ်းသွားလမ်းလာတစ်ယောက်ကို တား၍ ဆေးတစ်ထောင်အိမ်တော်၏ တည်နေရာကို စုံစမ်းမေးမြန်းလိုက်သည်။ ထို့နောက် တစ်ဖက်လူ ညွန်ပြလိုက်သည့် နေရာသို့ ခြေလှမ်းကျဲကျဲဖြင့် ဦးတည်ထွက်သွားလိုက်လေသည်။
လမ်းအနည်းငယ်လောက်ကို ဖြတ်လျှောက်လိုက်သောအခါ အစောပိုင်းက ဆူညံအသံများ တဖြည်းဖြည်းလျော့ပါးသွားလေသည်။ ရှောင်ယွင် တဖြည်းဖြည်း လျှောက်လှမ်းလာရင်း လမ်းကျဉ်းတစ်ခုထဲက တိတ်ဆိတ်ငြိမ်သက်သည့် လမ်းသွယ်ထဲကို ဝင်လာခဲ့သည်။ ခဏအကြာတွင် ထူးခြားသည့် အိမ်တော်ငယ်တစ်ခုကို သူ စတင်တွေ့ရှိလိုက်သည်။
အိမ်တော်၏ ဝင်ပေါက်မှာမူ လုံခြုံရေးက တင်းကြပ်လှသည်။ အစောင့် ဆယ်ယောက်ကျော်တို့က ဝတ်စုံအပြည့်နှင့် စောင့်ကြပ်လျက် ရှိနေသည်။
ထိုအစောင့်တွေကြောင့် ရှောင်ယွင် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဆေးတစ်ထောင်အိမ်တော်ပိုင်ရှင်ကို မရိပ်မိစေချင်သောကြောင့် ခပ်တည်တည်ဖြင့် ဆက်သွားကာ အိမ်တော်၏ အနောက်ဘက်သို့ ရောက်အောင် သွားလိုက်သည်။ ပိုပြီ သေချာအောင် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လေ့လာကြည့်ပြီလျှင် ဝင်းနံရံကို တိတ်ဆိတ်စွာ ခုန်လွှားဝင်လိုက်သည်။
ရှောင်ယွင်က ခိုးကြောင်းခိုးဝှက်ဖြင့် အိမ်တော်ဝင်းထဲသို့ ဝင်လာခဲ့လေပြီး။ ထို့နောက် ကင်းလှည့်နေကြသည့် အစောင့်အကြပ်တို့ကို မတွေ့မမြင်ရအောင် သတိကြီးကြီးဖြင့် ရှောင်ရှားလာခဲ့သည်။ ထို့နောက်တွင်တော့ အစေခံဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို တွေ့၍ သူမကို ဖမ်းချုပ်လိုက်သည်။
အစေခံမလေး၏ ထိတ်လန့်သွားသော အမူအရာကို ကြည့်ပြီး ရှောင်ယွင်က ခေါင်းငုံ့ မေးလိုက်သည်။
“ နတ်သမီးသမားတော်မလေးက ဒီမှာရှိလား.. ”
“ အင်း.. အင်း..”
သူမ၏ ပါးစပ်ကို ရှောင်ယွင်က ဖုံးထား၍ အစေခံမလေးက ခေါင်းပဲညိတ်ပြလိုက်သည်။
“ ဒါဆို သူ့အခန်းက ဘယ်နားမှာလဲ.. ကကျိုးကကြောင်တွေ လာမလုပ်နဲ့နော်.. မင်းကို ကိုယ်လုံးတီးချွတ်ပြီတော့ အပြင်ကန်ထုတ်ပစ်လိုက်မယ်… ”
သူမနားမှာ ကပ်ပြီ အေးဆေးစွာ ပြောလိုက်သည့် ပြောလိုက်သည့် စကားကြောင့် သူမမှာ မျက်ရည်များ စီးကျလာကာ ကြောက်လန့်သွားသည်။ သူမက တုန်ရီနေသော လက်ဖြင့် နတ်သမီးသမားတော်မလေးရှိရာအရပ်သို့ လမ်းကို ညွန်ပြလိုက်သည်။
တည်နေရာကို သိပြီး၍ ရှောင်ယွင်က အစေခံမလေးကို ခေါင်းထု၍ သတိမေ့အောင် လုပ်လိုက်ကာ သူမကို လုံခြုံသည့်နေရာတွင် ဖွက်ထားလိုက်သည်။ ထို့နောက် မိန်းကလေး ညွန်ပြသည့် နေရာဆီသို့ ဂရုတစိုက်ဖြင့် ဦးတည်သွားလိုက်သည်။
အစောင့်အကြပ်အနည်းငယ်များကို အခက်အခဲမရှိ ကျော်လွန်ခဲ့ပြီးနောက်တွင်တော့ တိတ်ဆိတ်နေသည့် အခန်းတစ်ခု၏ အနောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။ အခန်းကို တဖြည်းဖြည်း ပတ်၍ အရှေ့ဘက်သို့ လှမ်း အကဲခတ်သည့်အခါတွင်အစောင့်လေးယောက် ရှိနေသည်ကို တွေ့လိုက်၏။ ထိုအစောင့်တို့က အခန်းထဲသို့ မကြာခဏဆိုသလို လှမ်းလှမ်းကြည့်နေသည်ကိုလည်း တွေ့လိုက်သည်။ သူတို့ကား အပြင်ကို စောင့်ကြည့်တာထက် အတွင်းမှလူကို စောင့်ကြည့်သည်နှင့် တူနေသလို ရှောင်ယွင် ခံစားလိုက်ရ၏။
“ ဒီအနေအထားဆို သူလည်း အခြေအနေ သိပ်အဆင်မပြေသလိုပါပဲ.. ”
ရှောင်ယွင် စိတ်ထဲကနေသာ ပြုံးလိုက်ကာ အခန်းအနောက်ဘက်သို့ ပြန်သွားလိုက်သည်။ အနောက်ဘက်တွင် ကန်ရေပြင်ငယ်တစ်ခု ရှိနေ၏။ အခန်း၏ သစ်သားထောင့်စွန်းတွင် ရပ်လျက် ကိုယ်ကိုနွဲ့ကာ ပြတင်းပေါက်တစ်ခုကို မျက်နှာချင်းဆိုင် ရပ်လိုက်ပြန်သည်။ ခဏအကြာတွင် ပြတင်းပေါက်ဘောင်ကို လက်ဖြင့် ကိုင်၍ တဖြည်းဖြည်း ပင့်မလိုက်ပြီးလျှင် အခန်းအတွင်းသို့ ဝင်သွားလိုက်သည်။
အခန်းအတွင်းသို့ ခြေလှမ်းက ပေါ့ပါးစွာ ကျသွားခဲ့သည်။ အနည်းငယ်တိတ်ဆိတ်နေသလို အေးစက်စက် ရှိသေည့် အခန်းအတွင်းသို့ ရှောင်ယွင် ကြည့်လိုက်သည်။ အခန်းအတွင်းမှာ ဆေးအနံ့တို့က ပြည့်လွှမ်းနေသလို ရှိနေသည်ကို ကြည့်၍ ရှောင်ယွင် အသက်ပြင်းချလိုက်မိသည်။
အခန်းထဲရောက်၍ ဝေ့ဝဲကြည့်လိုက်သည့်အခါတွင် ပန်းနုရောင်ကန့်လန့်ကာအနောက်ဘက်က မှုန်ပျပျ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ရှောင်ယွင် အရှေ့တိုးပြီ ကန့်လန့်ကာကို ဆွဲဖယ်ကာ ပုံရိပ်ဆီကို ကြည့်လိုက်သည်။
ထိုနေရာတွင် စင်ငယ်တစ်ခုပေါ်တွင် ရပ်နေသည့် အဖြုရောင်အဝတ်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က.. သူမသည် ခေါင်းကို ငုံ့၍ ဆေးအမှုန့်တွေကို စေ့စေ့စပ်စပ်ဖြင့် ရောစပ်ခြင်း ပြုနေသည်။ သူမသည် ဖန်ချောင်းတစ်ခုကို သုံး၍ ဆေးအမှုန့်အနည်းငယ်ကို တို့ယူကာ ဆေးအနံ့ရှုခြင်းကိုလည်း တစ်ချက်ချက် လုပ်ဆောင်လိုက်ပါသေးသည်။
ထိုသို့ ဆေးအမှုန့်ဖော်စပ်နေရင်း သူမသည် တစ်စုံတရာကို သတိပြုမိသွားသလို ဖြစ်လာခဲ့ကာ သူမက ခေါင်းကို ရုတ်တရက်မော့ကြည့်လိုက်သည်။ ပြုံးရွှင်နေသည့် မျက်နှာနှင့်လူငယ်ကို တွေ့လိုက်ရမှ သူမမျက်နှာက အေးစက်မှုလည်း ပျောက်ကွယ်သွားရသည်။ သူမက ပြတင်းပေါက်အပြင်ဘက်သို့ ချက်ချင်း လှမ်းကြည့်ပြီ ရှောင်ယွင်ကို လက်ယပ်ခေါ်လိုက်သည်။
ရှောင်ယွင်လည်း သူမရှိရာ စင်ခုံဆီသို့ ပြုံးလျက် လျှောက်လှမ်းလာကာ ခြေချင်းချိတ် ထိုင်ချလိုက်ပြီနောက် “ အကျယ်ချုပ်သဘောမျိုးလား ” ဟု မေးလိုက်လေသည်။
“ ရှူး.. မပြောနဲ့ဦး.. ”
ကျောက်စိမ်းလေးလို လှပသည့် သူမလက်ကလေးကို အသာအယာ လှုပ်လိုက်သည့်အခါတွင် ကျောက်စိမ်းရောင်ဆေးပုလင်းတစ်လုံးက သူမလက်ထဲမှာ ရောက်ရှိလာခဲ့သည်။ ဆေးပုလင်းကနေ အနီရောင်ဆေးရည်တစ်စက်ကို ယူလိုက်ပြီးနောက် ရှောင်ယွင်၏ လက်ဖဝါးမှာ ညင်သာစွာဖြင့် သုတ်ပေးလိုက်သည်။
“ ဘာလုပ်တာလဲ.. အဲဒါက!! ”
နတ်သမီးသမားတော်မလေး၏ အပြုအမူကို မြင်လိုက်သောအခါ ရှောင်ယွင်က အံ့သြသွားသလို ဖြစ်ကာ သူမကို ပြန်မေးလိုက်သည်။
“ တကယ်တော့ ဒီအခန်းထဲက အနံ့တွေက ချက်ချင်း အစွမ်းမပြတဲ့ အဆိပ်တွေပဲ.. အဲဒါကို ရှုမိရင် မကောင်းဘူး.. ”
နတ်သမီးသမားတော်မလေးက ပြုံးလျက် ရှင်းပြလိုက်သည်။
“ ဒါပေမဲ့ အခု အဆိပ်ဖြေဆေးကို သုံးလိုက်ပြီဆိုတော့ အဲဒါကို ခံနိုင်ရည် ရှိသွားပြီး.. ”
“ အော်.. ” ရှောင်ယွင်က အံ့သြစွာဖြင့် ခေါင်းကို ခါယမ်းကာ ခါးသက်သက်ဖြင့် ရယ်မောလိုက်သည်။ “ မင်းအခန်းမှာတောင် အဆိပ်ငွေ့ဖြန့်ထားမယ်လို့ ငါ ထင်တောင် မထင်ထားခဲ့မိဘူး.. ”
ထိုအခါ နတ်သမီးသမားတော်မလေးက ပြုံးရုံသာ နေခဲ့ပြီး သူမ၏ အနောက်ဆံပင်ကိုသာ သပ်နေလိုက်သည်။ ထို့နောက် သူမက အကူအညီကင်းမဲ့သယောင်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“ ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူးလေ.. အားနွဲ့တဲ့ မိန်းမသားတစ်ယောက်အနေနဲ့ ငါဟာ ဒီလို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ပဲ အသက်ရှင်နေရတော့တယ်.. ”
“ ဘာကို အားနွဲ့နေရမှာလဲ.. ဒီလို အဆိပ်သင့်စေတဲ့ နည်းလမ်းက ဘယ်သူမှတောင် မရိပ်မိနိုင်ဘူး.. အခု ငါတောင်မှ အဆိပ်သင့်သွားသေးတယ်မလား.. ”
ရှောင်ယွင်က ခေါင်းကို ခါယမ်းရင်း ဆိုလိုက်သည်။ “ ဟိုလူတွေက အပြင်ဘက်မှာပဲလား.. ”
“ အင်း.. ဟုတ်တယ်.. စောင့်ကြည့်နေကြတုန်းပဲ.. ” နတ်သမီးသမားတော်မလေးက အေးဆေးစွာဖြင့် ဖြေလိုက်သည်။
“ ဝံပုလွေခေါင်းကြေးစားအဖွဲ့က ကောလာဟလသတင်းဖြန့်ပေးလိုက်တယ်လေ.. ငါက ရတနာတွေကို ရှာဖွေတွေ့ရှိလာခဲ့တယ်တဲ့… အဲဒါကို ဆေးတစ်ထောင်အိမ်တော်သခင်က ငါ့ဝေစုကို ငမ်းငမ်းတက်လိုချင်နေတာ.. ဒီအတောအတွင်းမှာလည်း အရောင်ခုနှစ်ထွေအဆိပ်စာအုပ်ကို ယူဖို့ ကြံသေးတယ်လေ.. ဒါပေမဲ့.. ကံကောင်းစွာနဲ့ ငါ ဖွက်ထားနိုင်ခဲ့တယ်.. အခုတော့ သူ စိတ်မရှည်လာတော့ဘူးလေ.. ”
“ ဒါဆို မင်း ဘာဖြစ်လို့ မထွက်သွားခဲ့တာလဲ.. အဆိပ်ကို သုံးနိုင်တဲ့ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီနေရာမှာ မင်းကို ဘယ်သူ တားနိုင်မှာလဲ.. ” ဟု ရှောင်ယွင်က ပြုံးလျက်မေးလိုက်၏။
“ ငါက နင်လာကယ်မှာကို စောင့်နေတာလေ.. ” သူမ၏ ချောမောလှပသည့် မျက်နှာမှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာ၏။ ရှောင်ယွင်မျက်နှာက အကူအညီမဲ့သွားသယောင် ဖြစ်သွား၍ သူမက ပြုံးဖြီးဖြီးဖြင့် ပြန်ရယ်ပြလိုက်သည်။
“ အရောင်ခုနှစ်ထွေအဆိပ်ကို လေ့ကျင့်ဖို့အတွက်က ဆေးပင်အမျိုးမျိုးကို လေ့လာဖို့ လိုတယ်လေ.. ဒီလောက် အရမ်းများလွန်းတဲ့ ဆေးပင်တွေကို လေ့လာဖို့က ဒီနေရာက အကောင်းဆုံး မဟုတ်လား.. . ဒါပေမဲ့.. ဒီနေ့တော့ ထွက်သွားသင့်တယ်ပြီလို့.. ထင်တာပဲ.. ဘာဖြစ်လို့လဲဆိုတော့ ဟိုလူကြီး ရက်ချိန်းပေးထားတဲ့ သုံးရက်ထဲက ဒီနေ့က နောက်ဆုံးနေ့ပဲလေ.. ”
ထို့နောက် နတ်သမီးသမားတော်မလေးသည် စားပွဲပေါ်က ဆေးအမှုန့်တွေကို ပုလင်းငယ်တစ်ခုမှာ သိမ်းလိုက်သည်။ သူမသည် ခေါင်းကိုစောင်း၍ ရှောင်ယွင်ကို ကြည့်လိုက်သည်။
“ မင်းကတော့ ငါခန့်မှန်းထားတာထက်ကို သာလွန်နေခဲ့တာပဲ.. မှော်သားရဲကောင်တောင်တန်းအတွင်းပိုင်းမှာ အသက်ရှင်နေထိုင်နိုင်ခဲ့ရုံမကဘူး.. ခွန်းအားကလည်း ဆထက်တပိုး တိုးတက်လာခဲ့သေးတယ်.. ငါက မင်းဘက်မှာ နေဖို့ ရွေးလိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်သွားခဲ့ပြီး … ”
“ ဟားဟား.. ကျနော်က ကံကောင်းသွားခဲ့လို့ပါ.. ” ရှောင်ယွင် ရယ်ရင်း မတ်တတ်ရပ်လိုက်သည်။
“ သွားစို့… ဝံပုလွေခေါင်းကြေးစားအဖွဲ့အတွက် ပြဿနာသွားရှာဖို့ ရှိသေးတယ်.. ”
“ ဟဟ.. ခနနေပါဦး.. ငါ အခုလို အခြေအနေမျိုးမှာ နေနေရတာကလည်း သူတို့ကြောင့်လည်း ပါတယ်.. အခု ငါတို့ ထွက်သွားတော့မယ်ဆိုတော့ သူတို့အတွက် အမှတ်တရလေးတွေ ပြန်ပေးရမှာပေါ့.. ”
နတ်သမီးသမားတော်မလေးက ပြုံးရင် ဆိုလိုက်ကာ လှပတင့်တယ်သည့် အမူအရာဖြင့် မတ်တတ်ရပ်လိုက်သည်။
“ ငါလည်း မင်းဆီကို မလာခင်ကတည်းက အဲလိုအတွေးမျိုး ရှိခဲ့ပါတယ်.. ”
ရှောင်ယွင် လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ။
နတ်သမီးသမားတော်မလေး၏ အဆိပ်ပညာကို သူသည်ပင် ကြောက်နေရသေးသည်မဟုတ်လော။ တကယ်၍ သူမ၏ အကူအညီကို ရခဲ့ပါက ဝံပုလွေခေါင်းကြေးစားအဖွဲ့ကို လက်စားချေဖို့က များစွာ အခက်အခဲရှိမှာ မဟုတ်ချေ။
နတ်သမီးသမားတော်မလေးက အထုပ်အပိုး ပြင်ဆင်နေသည့်အချိန်တွင် တံခါးဝကနေ တံခါးခေါက်သံတစ်ခုက ထွက်ပေါ်လာသည်။ အသက်လတ်ပိုင်း လူတစ်ယောက်၏ စကားအသံက အခန်းအတွင်းသို့လည်း ဖြတ်ဝင်လာခဲ့သည်။
“ ဟဟ… နတ်သမီးသမားတော်မလေး.. အထဲမှာလား.. ”
ထိုစကားအသံက ယဉ်ကျေးမှုအရ ခွင့်တောင်းခံသည့်ပုံစံဖြစ်နေပါသော်လည်း ထိုစကားအသံဆုံးသည်နှင့် အခန်းတံခါးက တစ်ဆက်တည်း ပွင့်သွားလေသည်။
အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်..၊ သူ့အကြည့်က အခန်းအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။ အခန်း၏ အလယ်နေရာတွင် ရပ်နေသော လူငယ်တစ်ယောက်ကို မြင်လျှင် သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သူသည် မျက်မှောင်ကြုတ်လျက် လက်ကို ဝှေ့ယမ်းလိုက်ကာ အနောက်က အစောင့်လေးယောက်ကို ခေါ်လိုက်၏။ ထိုအခါ အစောင့်လေးယောက်မှာ လက်နက်ကိုယ်စီထုတ်ကာ အခန်းတွင်းက လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်လိုက်ကြသည်။
“ နတ်သမီးသမားတော်မလေး.. သူက ဘယ်သူလဲ.. ”
အသက်လတ်ပိုင်း လူကြီး၏ အကြည့်က နတ်သမီးသမားတော်မလေးဆီကို ရောက်သွားသည်။ သူမသည် သူမ၏ အထုပ်အပိုးကို ပြင်ဆင်နေလျက် ရှိနေသည်။
“ ရှောင်ယွင် ”
ရှောင်ယွင်က နတ်သမီးသမားတော်မလေးကို တစ်ချက်ကြည့်လိုက်ပြီး သူမအစား ဝင်ဖြေလိုက်လေသည်။
“ ရှောင်ယွင်!! မင်းကို မှော်သားရဲကောင်တောင်တန်းအထဲထိ လိုက်ဖမ်းကြသေးတယ်မလား.. ?? ”
ရှောင်ယွင်နာမည်ကို ကြားသိလိုက်ရတဲ့အခါ အသက်လတ်ပိုင်းလူကြီး၏ မျက်နှာက မည်းမှောင်သွားသည်။ သို့သော် ချက်ချင်းဆိုသလို သူ့မျက်ဝန်းမှာ အပျော်အရိပ်များ ဖြတ်ခနဲ ဖြစ်သည်။ သူက ယဉ်ကျေးစွာဖြင့်
“ ဟီဟီ… ညီလေးရှောင်ယွင်က အရမ်းကို အစွမ်းထက်ဆိုတာကို မတွေးလိုက်မိဘူး.. သေမင်းနယ်မြေလို့ နာမည်ကြီးတဲ့ မှော်သားရဲကောင်တောင်တန်းအတွင်းပိုင်းမှာ အသက်ရှင်လျက် နေနိုင်ခဲ့တာကို ကျုပ်တော့ လေးစားမိပါတယ်.. ”
“ ဒါကလည်း ကံကောင်းသွားလို့ပါ.. ” ရှောင်ယွင်က အေးဆေးစွာဖြင့် မျက်လုံးပင့်ကာ ဖြေလိုက်ရင်း
“ ဒါနဲ့.. အခု နတ်သမီးသမားတော်မလေးနဲ့ ထွက်သွားတော့မယ်.. ဘေးကပ်ပြီ လမ်းဖယ်ပေးလို့ရမလား.. ”
အသက်လတ်ပိုင်းလူကြီး၏ မျက်နှာက အနည်းငယ် တွန့်ခနဲ ဖြစ်သွားရသည်။ သို့သော်သူက ဆက်လက်ပြုံးထားရင်း
“ အခုလို ဆုံကြရတာဟာ ရေစက်ရှိလို့ပဲ.. ဆိုတော့.. အခု ဆေးတစ်ထောင်အိမ်တော်ကို ရောက်နေမှဖြင့် အချိန်နည်းနည်းလောက် ထပ်နေသွားပါလား.. ညီလေးလို လူမျိုးနဲ့ မိတ်ဆွေဖွဲ့ရတာမျိုးက ကျုပ်အနှစ်သက်ဆုံး အရာတစ်ခုပဲ ”
ထိုလူကြီးက ပြောနေရင်း အနောက်ကို ဆုတ်ကာ တံခါးထွက်ပေါက်ကို သူ့အစောင့်နှင့်အတူ ပိတ်ထားလိုက်သည်။
ရှောင်ယွင်သည် ဂူကနေ ရတနာပစ္စည်းများ ပိုင်ဆိုင်လာခဲ့သည်ကို သူ ကြားသိထားသည်။ ယခု သူ့အရှေ့မှာ ရှောင်ယွင် ကိုယ်တိုင် ရောက်ရှိနေပြီးမဟုတ်လား။ အဘယ်ကြောင့် လွယ်လွယ်လေးနှင့် လွှတ်ပေးရမှာလဲ.. ။
“ လူကြီးမင်းရွဲ့… ရှင့်ညာဘက်လက်ဖဝါးကို ကြည့်လိုက်ပါဦး.. နည်းနည်းလေးတော့ အစိမ်းရောင်မသန်းနေဘူးလားရှင်.. ”
အထုပ်အပိုး ပြင်ဆင်ပြီးသွားသော နတ်သမီးသမားတော်မလေးက သူမ၏ အထုပ်ကို ကျောထက်မှာ လွယ်လိုက်ရင်း ကောက်ကာငင်ကာဖြင့် ခေါင်းမော့ပြီး မေးလိုက်သည်။
နတ်သမီးသမားတော်မလေး၏ အမေးစကားကို ကြားလိုက်ရသည့်အခါ အသက်လတ်ပိုင်းလူကြီး၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် ကမန်းကတန်းဖြင့် လက်ဖဝါးကို ဖွင့်ကြည့်လိုက်ရာ သူ့လက်ဖဝါးပြင် အလယ်တည့်တည့်မှာ အစိမ်းရောင်သန်းနေသည်ကို တွေ့ရှိလိုက်သည်။
ချက်ချင်းပင် သူက အံ့အားသင့်သွားသော လေသံဖြင့် “ မင်း.. မင်း.. ငါ့ကို အဆိပ်သုံးလိုက်တာလား.. ”
“ ဟင်ဟင်း.. ဒါက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့နည်းလမ်းလို့ ပြောရတယ်. ”
နတ်သမီးသမားတော်မလေးက ခေါင်းကို လှုပ်ယမ်းကာဖြင့် ညင်သာစွာ ပြောလိုက်သည်။
“ လူကြီးမင်းရွဲ့.. ကျွန်မဖော်စပ်တဲ့ဆေးတွေက ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ရှင် ကောင်းကောင်းသိမှာပါ.. ဒီတော့ တကယ်လို့ ရှင်သာ အဆိပ်ဖြေနည်းမရခဲ့ရင် နောက်တစ်လကြာရင် အဆိပ်က အစွမ်းပြလာပါလိမ့်မယ်.. အဲအခါကျရင် ရှင်က ကံကောင်းခဲ့ရင်တော့ အကြောသေရုံလောက်ပဲ ဖြစ်မှာပေါ့.. တကယ်လို့ ကံမကောင်းခဲ့ရင်တော့ သေရုံအပြင် မရှိတော့ပါဘူး.. ”
နူးညံ့ချိုသာသော စကားအသံက ခန်းအထဲမှာ ပျံ့လွင့်လို့နေသည်။ နေသာ၍ တောက်ပသော နေ့တစ်နေ့ ဖြစ်သော်လည်း အေးစက်သော အခန်းတစ်ခန်းထဲ ရောက်နေသကဲ့သို့ လူကြီးမင်းရွဲ့ ခံစားနေရသည်။ သူ ဒီလောက် သတိထားနေသည့်ကြားထဲကနေ သူမ၏ ထောင်ချောက်ကို မိသွားခဲ့သည်။
လူကြီးမင်းရွဲ့မှာ သူ့အသက်နှင့် စည်းစိမ်ဥစ္စာကို ချိန်ထိုးစဉ်းစားနေလိုက်သည်မှာ အတော်ကြာမြင့်သွားလေသည်။ နောက်ဆုံးတွင် သူက မကျေမနပ်ဖြင့်
“ ဒါဆို အဆိပ်ဖြေတဲ့ နည်းလမ်းကို အရင်ပေး.. ပြီးမှ ငါ မင်းတို့ကို သွားခွင့်ပြုမယ်.. ”
“ ဆေးတစ်ထောင်အိမ်တော်မှာ နေလာတာ အတော်ကြာခဲ့ပြီးပဲ.. ရှင့်ရဲ့ ကတိစကားက တည်လိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့.. ”
နတ်သမီးသမားတော်မလေးက အေးဆေးစွာဖြင့် ပြန်လည် ပြောဆိုလိုက်၏။
ရှောင်ယွင်ကမူ လက်နှစ်ဖက်ကို လည်ကုပ်ပေါ်မှာ တင်ထားလျက် ရပ်နေလိုက်ကာ နတ်သမီးသမားတော်မလေးက လူကြီးမင်းရွဲ့အား ဆော့ကစားနေသည်ကို ဘေးနားကနေ ပွဲကြည့်ပရိသတ်ပဲ လုပ်နေလိုက်၏။ သူသည် ရယ်ချင်သလိုလို ဖြစ်လာခဲ့၏။ အခြေအနေက ရယ်ချင်စရာကောင်းပေမဲ့ ရှောင်ယွင် နည်းနည်းလေးတော့ စိုးကြောက်သလို ခံစားနေရသေး၏။ ထိုမိန်းကလေးကို အခွင့်အလမ်းသာ ပေးလိုက်ပါက သူမ၏ အနာဂတ်တိုးတက်အောင်မြင်မှုက နိမ့်ကျမှာ မဟုတ်ချေ။
“ မင်း ”
အမူအရာက ပေါ့ပါးအေးဆေးစွာ ရှိနေသည့် နတ်သမီးသမားတော်မလေး၏ မျက်နှာကို ကြည့်ရင်း လူကြီးမင်းရွဲ့၏ မျက်နှာသည် ဒေါသထွက်လွန်း၍ ချုပ်တည်းလိုက်ရဟန် ရှိကာ မျက်နှာအရောင်က ပြာနှမ်းနှမ်းပင် ရှိလာခဲ့သည်။
သို့သော် သူသည်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စဉ်းစားလိုက်ပြီးနောက် အစောင့်တွေကို အနောက်ဆုတ်ဖို့ လက်ဖြင့် ဝှေ့ယမ်း အချက်ပြလိုက်သည်။
“ သွားစို့ ” လူကြီးမင်းရွဲ့တို့ အနောက်ဆုတ်သည်ကို မြင်လျှင် နတ်သမီးသမားတော်မလေးသည် ရှောင်ယွင်ဘက် လှည့်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
ရှောင်ယွင်ကလည်း လက်မထောင်ပြလိုက်ကာ တံခါးအပြင်ဘက်သို့ ဦးဆောင်ထွက်သွားလိုက်သည်။ နတ်သမီးသမားတော်မလေးက အနောက်ကနေ ထပ်ကြပ်မခွာ လိုက်သွား၏။
လူကြီးမင်းရွဲ့နှင့် အစောင့်လေးယောက်တို့သည်လည်း သုန်မှုန်သော မျက်နှာနှင့် အနောက်ကနေ လိုက်ထွက်လာ၏။ လူကြီးမင်းရွဲ့ကား အဘယ်ကဲ့သို့ ပျော်ရွှင်နေနိုင်မည်နည်း။ ရတနာထုပ်က သူ့လက်ထဲကနေ ထွက်ပြေးသွားတော့မှာ မဟုတ်လား။
ကျယ်ဝန်းသော နေရာသို့ ရောက်ရှိသွားသည့်အခါ နတ်သမီးသမားတော်မလေးက ဝါးပုလွေတစ်ခုကို ထုတ်ယူပြီး ညင်သာစွာ မှုတ်လိုက်၏။ ခဏအကြာတွင် ကြီးမားသော အပြာရောင်သိမ်းငှက်တစ်ကောင်သည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ဝေဟင်ထက် ဝဲပျံနေပြီးမှ အိမ်တော်ထက်သို့ ဝဲဆင်းလာကာ မြေပြင်ပေါ် အသာအယာ ဆင်းသက်လိုက်၏။
မြေပြင်ပေါ် ဆင်းသက်လာပါသော အပြာရောင် သိမ်းငှက်ကြီးကို ကြည့်ရင်း ရှောင်ယွင်က နတ်သမီးသမားတော်မလေး၏ ခါးကို ဖမ်းကိုင်ကာ မြေပြင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထိုအခါ ပေါက်ကွဲအသံတစ်ခုက မြည်သွားကာ သူ့ခန္ဓာ ကိုယ်ကလည်း လေထဲ ပျံထွက်သွားပြီးလျှင် အပြာရောင်သိမ်းငှက်ကြီး၏ ကျောပြင်ထက်သို့ ညင်သာစွာ ရောက်ရှိသွား၏။
နတ်သမီးသမားတော်မလေးလည်း သိမ်းငှက်ကြီး၏ ကျောထက်တွင် အခိုင်အမာ ရပ်ပြီးနောက်တွင် ဆေးနည်းစာရွက်ကို အောက်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူမသည် သိမ်းငှက်ကြီးကို ထိန်းကျောင်း၍ အဝေးသို့ မောင်းနှင်သွားလေ၏။ လူကြီးမင်းရွဲ့တို့မှာ ဒေါသထွက်သော အကြည့်ဖြင့်သာ ကြည့်နေရလေ၏။
++++
No comments:
Post a Comment