အပိုင်း ( ၈၁ ) - ရှာဖွေတွေ့ရှိခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat
သွေးတိတ်ဆေးထွက်ပေါ်လာပုံသည် မိုးကြိုးပစ်ချသည်နှင့်ပင် အလားသဏ္ဍာန်တူနေသည်။ ဈေးကွက်တစ်ဝက်လောက်ကို တစ်ခါ တည်း ဝါးမြိုလိုက်သည့်အပြင် ရှောင်ကလန်ကလည်း ဆေးဝယ်လို အား ပြန်လည်ရရှိသွားခဲ့ရုံသာမက နှစ်ရက်အတွင်းမှာပဲ ကျော်လွန် သွားခဲ့သည်။
သွေးတိတ်ဆေးအား ပွဲထုတ်ပြီးနှစ်ရက်အကြာတွင် ဂျားလီ ကလန်လည်း နွေဦးပြန်လာခြင်းဆေးဈေးနှုန်းကို တဖြည်းဖြည်း ပြန် လျှော့လေရာ နဂိုဈေးနှုန်းအထိ ရောက်ခဲ့သည်။ ဒါပေမဲ့လည်း ဂျားလီကလန်၏ ခေါင်းပုံဖြတ်အမြတ်ကြီးစားတတ်သည့်အကျင့် ကြောင့် ကြေးစားအမဲလိုက်သမားတော်တော်များများကလည်း အော့နှလုံးနာခဲ့ကြသည်ကာ အကျိုးရလဒ်အနေဖြင့် သူတို့၏ ဈေးဆိုင်တွေမှာ ပြန်လည် စည်ကားလာခြင်း မရှိတော့ပါဘူး။
ထို့အပြင် ဝူတန်မြို့သည်လည်း မှော်သားရဲတောင်တန်းကြီး၏ အနားသတ်နှင့် နီးကပ်နေသာ မြို့ဖြစ်နေသောကြောင့် မြို့အနေဖြင့် ကြေးစားအမဲလိုက်သမား လိုအပ်ချက်မှာ ကြီးမားသည်။ တဖန် မှော်သားရဲ တောင်တန်းကြီးကလည်း အန္တရာယ်များဖြင့် ပြည့်နှက် နေလေရာ သူတို့အတွက် အနာကျတ်ဆေးတောင်းဆိုချက်ကလည်း ကြီးမားသည်။ ထို့ကြောင့် ရှောင်ကလန်က အနာကျတ်ဆေး ဈေးကွက်ကို တစ်ဝက်ကျော်ကျော်လောက်ကို ရထားပြီးပေမဲ့လည်း ဂျားလီကလန်က အနာကျတ်ဆေးရောင်းချတဲ့နေရာမှာ အမြတ် အစွန်းရရှိနေဆဲပါပဲ။ ဒါပေမဲ့ အတိတ်ကထက်စာရင်တော့ အမြတ်ပမာဏက ခေါက်ချိုး လောက်ပဲ မြတ်တော့သည်။
………………..
သွေးတိတ်ဆေး၏ ကြောက်ခမန်းလိလိ ရောင်းချရမှုသည် ရှောင်ကလန် ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်ခဲ့ရသည်ဖြစ်ရာ ဆေးရောင်းချသည့် နယ်ပယ်တွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့ရသည်။ မနက်မိုးလင်းတိုင်းတွင် ဆေးဆိုင်နေရာမှာ အလျင်ဦးစွာ စောင့်ဆိုင်း နေကြသော ကြေးစားအမဲလိုက်သူများသည် သွေးတိတ်ဆေးကို ရသည်နှင့် အလျင်အမြန်ပင် ဝယ်ကြသည်။ နေ့လယ်အချိန် ရောက်လျှင် အနာကျတ်ဆေးအားလုံးများ ရောင်းကုန်သွားသည်။ ထိုအခါတွင် သွေးတိတ် ဆေး မရလိုက်သည့် ကြေးစားအမဲလိုက် သူတွေဟာ ရွေးချယ်စရာအနည်းငယ်ရှိပေမဲ့ သူတို့သည် ဂျားလီ ကလန် ဈေးဆိုင်နေရာသို့ သွားကာ နွေဦးပြန်လာခြင်းဆေးကို သွားဝယ်ကြရသည်။
ကြေးစားအမဲလိုက်သူတို့၏ အနာကျတ်ဆေးလိုအပ်ကြီးမား ခြင်းကြောင့် ဂျားလီကလန်သည် သွယ်ဝိုက်အကူအညီသဘောမျိုး ရနေကာ ရှောင်ကလန်၏ ပြင်းထန်လှသော ထိုးနှက်ချက်ကို တောင့် ခံနိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အနာဂတ်မှာ ဘယ်သူထံ တွင် အနာကျတ်ဆေးများများရှိနေသလဲဆိုတာနှင့် အဓိက သက်ဆိုင်နေပါတော့သည်။
…………..
ရှောင်ယွင်သည် အစည်းအဝေးခန်းမတွင် ထိုင်နေစဉ် သွားဖြီးကာ ပါးစပ်မစေ့နိုင်ဖြစ်နေပါသော ရှောင်ကျန်းအား ဘာမှမတတ်နိုင်စွာ ကြည့်နေရသည်။ ဘေးနားကို ကြည့်လိုက်တော့လည်း ထိုနည်းတူ စွာ အကြီးအကဲသုံးယောက်ဟာလည်း အပြည့်အဝကို ပြုံးပျော်နေ ကြသည်။ ရယ်မောသံအကျယ်ကြီးကလည်း ခန်းမကိုပင် ကျော်လွန် ကာ အပြင်ဘက်သို့င် တချက်ချက် ထိုးဖောက်သွားသည်။ အကြောင်းအရင်းမှာ မနက်အစောပိုင်းတွင် ရှောင်ယွင်သည် အနက်ရောင်ဝတ်ရုံနှင့်လူကြီးအဖြစ် ရုပ်ပြောင်းလွှဲပြီး သွေးတိတ် ဆေးများကို လာပို့ထားပေးခြင်းကြောင့်ဖြစ်သည်။
“ ဟဟ.. သွေးတိတ်ဆေးရောင်းအားကောင်းချက်က တကယ် ကို မက်လောက်စရာပဲဟေ့… ကြီးမြတ်တဲ့ ဆရာကသာ ဆေးပုလင်း နောက်တစ်ခေါက် မပို့ထားပေးဘူးဆိုရင် ငါတို့ သိုလှောင်ရုံမှာ ဘာမှ ကျန်တော့မှာ စိုးရိမ်မိတယ်ဟေ့.. ”
ရှောင်ကျန်းသည် ပြုံးရယ်ရင်း ကျောက်စိမ်းပုလင်းအား လက်နှစ်ဖက်ဖြင့် ကိုင်တွယ်လိုက်ပုံမှာ ရတနာတစ်ပါးအား ကိုင်တွယ်နေသည်အလား ထင်မှတ်ရသည်။
“ သိပ်မှန်တာပေါ့.. နောက်ထပ် တစ်ရက် နှစ်ရက်ဆိုရင် ငါတို့ ဈေးကွက်ဝယ်လိုအားက နှစ်ဆဖြစ်လာလိမ့်မယ်.. ဒါဟာ ငါတို့ရဲ့ စံချိန်ဟောင်းပဲ.. ငါတို့ ဆုံးရှုံးထားတွေလည်း တဖြည်းဖြည်းနဲ့ ပြန်ကာမိလာပြီး.. အနာကျတ်ဆေးရောင်းရငွေတွေပါ ထပ်ပေါင်း ထည့်ရင်တော့ ဒီရက်ပိုင်းအတွင်း ရောင်းရငွေက ငါတို့ အရင်ချိန်က နှစ်လစာဝင်ငွေနဲ့ အတူတူပဲ..”
အမြဲတစေ တိတ်ဆိတ်စွာ နေတတ်သော ပထမအကြီးအကဲသည် သူ့ဘာသာပင် သတိမထားမိလောက်အောင် စကားများနေသည်။ ကြီးမားသော အမြတ်အစွန်းကို တွက်ရင်း သူ့၏ အိုမင်းရွတ်တွနေ သော မျက်နှာမှာ ဂန္ဓာမာပန်းကြီး ပွင့်အာနေသလို ဖြစ်နေသည်။
ရှောင်ကျန်းလည်း ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ခေါင်းကို လှည့် ပြီး ပျင်းရိစွာ ထိုင်နေသာ ရှောင်ယွင်ကို ကြည့်ကာ အပြစ်တင်ဆုံးမ လိုက်ပြန်သည်။
“ မင်း.. ကောင်ဆိုးလေး.. ကြီးမြတ်တဲ့ဆရာက ရောက်လာတိုင်း မင်းက ပျောက်ပျောက်နေတယ်.. သွားတာလာတာ လျှော့ပြီး အိမ်မှာ နေပါဦးကွ.. ”
အထင်အမြင်လွဲမှားစွာ ကြိမ်းမောင်းခံထိနေ၍ ရှောင်ယွင်သည် မျက်လုံးကလေး ပေကလတ်ပေကလတ်ဖြင့် အကူအညီမဲ့စွာ တွေးလိုက်မိသည်။
ကျွန်တော့်ကို ဘယ်မှမသွားခိုင်းရင် အဖေက ဒီအနာကျတ် ဆေးကို ဘယ်ကနေ ရလာမတုန်း..
“ အော်… ကြီးမြတ်တဲ့ဆရာက အရမ်းကို စိတ်ကောင်းရှိတာပဲ.. ငါက ကံကောင်းစွာနဲ့ သူလိုအပ်တဲ့ ဆေးအမယ်တွေကို မေးမြန်းသိရှိလာ ခဲ့တယ်.. ပြောရရင် အဲ့ဒီဆေးအမယ်တွေအတွက် ငါတို့က တာဝန် ယူပေးရမယ်ကွ.. သူ့ဆီကနေ ရှောင်ကလန်က အကျိုးအမြတ် အများကြီး ရထားပြီးပြီ.. ငါတို့ အရမ်းလောဘကြီးခဲ့ရင် ကောင်းတာ ထက် ဆိုးတာတွေ ဖြစ်လာလိမ့်မယ်ကွ.. ”
ရှောင်ကျန်းက ရေရွတ်ပြောဆိုရင် အင်္ကျီအိတ်ကနေ စာရွက်အပိုင်း တိုလေး တစ်ပိုင်းအာ ထုတ်ယူလိုက်သည်။
“ ဒါပေါ့.. ”
အကြီးအကဲသုံးယောက်တို့သည်လည်း ရှောင်ကျန်းစကားအား အလျင်အမြန် ခေါင်းညိတ်ထောက်ခံလိုက်သည်။ ရှောင်ကျန်းသာ မစေ့စပ်မသေချာလျှင် သူတို့လည်း ဤကိစ္စအား သတိရမှာ မဟုတ်ချေ။
“ ဟား.. အကျိုးအမြတ်အကြီးကြီးကို ရေရှည်တည်မြဲအေင် ဘယ်လို လိုလုပ်ရမလဲဆိုတာ သိသားပဲ.. မဆိုးဘူး.. မဆိုးဘူး.. အဲဒါကြောင့် မင်းအဖေက ကလန်ခေါင်းဆောင်ဖြစ်နေရတာပဲ.. ”
ရွဲ့လော်၏ ချီးမွမ်းလိုက်သော အသံကို ရှောင်ယွင်နှလုံးသားထဲက နေ ကြားလိုက်ရသည်။
ရှောင်ယွင် ခေါင်းကို အသာညိတ်ပြီး ပြုံးလိုက်သည်။ သူ့စိတ်ထဲမှာ လည်း ငြိမ်းချမ်းမှုကို တစ်စွန်းတစ ရလိုက်သည်။ ရှောင်ကလန်ကို ယာယီသဘောသာ ကူညီပေးနိုင်ပေမဲ့လည်း ကလန်၏ ရေရှည် အောင်မြင်မှုက ခေါင်းဆောင်၏ အရည်အချင်းပေါ်တွင်သာ အဓိက မူတည်သည်။ တကယ်၍ ခေါင်းဆောင်က ဆိုးရွားသော အကျင့် စရိုက်ရှိသူ ဖြစ်နေလျှင် ရှောင်ယွင်၏ အရည်အချင်း မည်မျှပင် မိုးပျံ နေပါစေ.. သူ တင်းပြည့်ကျပ်ပြည့် အကူအညီပေးနိုင်မှာ မဟုတ်ချေ ထို့ကြောင့်မို့ ယခုအခြေအနေကို ကြည့်လျှင် ရှောင်ကျန်းမှာ အရည် အချင်း အတော်လေးရှိသော ခေါင်းဆောင်တစ်ယောက် ဆိုတာကို မြင်သာနိုင်ပါသည်။
“ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတို့.. ပထမတန်း လေလံအိမ် က မိန်းကလေးရဖေး အပြင်မှာ စောင့်နေပါတယ်.. ”
ရှောင်ယွင်သည် သူ့အဖေအတွက် ဂုဏ်ယူနေဆဲမှာပဲ မျိးနွယ်အဖွဲ့ ဝင်တစ်ယောက်က ခန်းမအထဲကို အလောတကြီးဖြင့် ဝင်လာပြီး ပြောလိုက်သည်။
“ ရဖေး.. ? ”
မျိုးနွယ်အဖွဲ့သား၏စကားကို ကြည့်လိုက်ရပြီးနောက် ရှောင်ကျန်းက ခဏမျှ တိတ်ဆိတ်သွားကာ နောက် ခပ်မြန်မြန်ပဲ ပြောလိုက်သည်။
“ သွားသွား.. သူ့ကို ဒီအထဲအထိ ဖိတ်လာခဲ့လိုက်.. ”
မျိုးနွယ်အဖွဲ့သား ပြန်ထွက်သွားသည်နှင့် သိပ်မကြာလိုက်ချေ။ လှပတင့်တယ်သော အမျိုးသမီးငယ်တစ်ယောက်သည် မြင်ကွင်းထဲ ကို တဖြည်းဖြည်း ရောက်ရှိလာသည်။ သူမ၏ သာယာနာပျော်ဖွယ် ကောင်းသော ရယ်သံက ခန်းမတစ်ခုလုံးကိုပင် လွှမ်းခြုံသွားသည်။
“ဟင်..ဟင်.. ရှောင်ခေါင်းဆောင်ကို ကြည့်ရတာ လောလောလတ် လတ် အောင်မြင်မှုကြောင့် ဂုဏ်ယူနေပုံပဲ.. ”
ထိုင်ခုံကို နောက်ကျောမှီထိုင်ထားသော ရှောင်ယွင်သည် ဝင်ပေါက် ကို လှည့်ကြည့်လိုက်ရာ တွေ့လိုက်ရသော အသက်ရှုမှားလောက် သည့် မြင်ကွင်းကြောင့် မျက်တောင်ပင်မခတ်ပဲ မင်သက်နေမိသည်။
တံခါးမကြီးဝင်ပေါက်အနားတွင် ရပ်နေသူကား အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပြုံးရယ်နေသော အရွယ်ရောက် မိန်းမပျိုလေး တစ်ယောက် ဖြစ်ချေသည်။ ကျပ်တင်းသော အနီရောင်အဝတ်က သူမ၏ လက်ရာမြောက် လှပသိမ်မွေ့သော ခန္ဓာကိုယ်ကို ရစ်ပတ် ထားသည်။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ပြည့်စုံသော အောက် ပိုင်းအလှက လှုပ်ယမ်းနေခြင်းနှင့်အတူ ဝင်းဝင်းပပ ကျက်သရေရှိစွာ တောက်ပနေပြန်ရာ တခြားသူတွေအား ငမ်းငမ်းတက် ဖြစ်စေ လောက်သည်။ တဖန် သူမ၏ ဝတ်စုံမှာလည်း အောက်ခြေကနေ ပေါင်တံအထိ ခွဲထားရာ ခြေလှမ်းတိုင်းတွင် ဖုံးကွယ်ထားသော ခြေတံရှည်ရှည်က တစ်ချက်ချက် လှစ်ဟထွက်ပေါ်လို့နေသည်။
“ မြေခွေးမ.. ”
အရွယ်ရောက်ပြည့်စုံသော အလှတရားအရှိန်အဝါအား အပြည့်အဝ ထုတ်လွှတ်နေသော သူမကို ကြည့်ရင်း ခန်းမအတွင်းရှိ အိုအိုရွယ် ရွယ် ပုရိသအပေါင်းတို့သည် သူတို့၏ ဒွိဟစိတ်များကြား အသံတိတ် မြည်တမ်းကုန်ကြသည်။
“ အဟမ်းး.. ”
ရှောင်ကျန်းက ချောင်းဟန့်လိုက်ပြီးနောက် ပြုံးရွှင်စွာဖြင့် မတ်တပ် ရပ်လိုက်ကာ ချိုသာစွာ မေးလိုက်သည်။
“ မိန်းကလေးရဖေး.. ရှောင်ကလန်ရဲ့ ပုံမှန်အမြတ်အစွန်းက ပထမတန်းလေလံအိမ်ရဲ့ စီးပွားအခွဲတစ်ခုနဲ့တောင် ယှဉ်လို့ မရပါဘူး.. ဘယ်လိုလုပ်ပြီး ကျေနပ်နေရမှာလဲ.. ”
“ ခစ်ခစ်.. ရှောင်ခေါင်းဆောင်က စကားပြောတကယ်ကောင်းတာပဲ မကြာသေးခင်ကပဲ ရှောင်ကလန်ရဲ့ ဈေးဆိုင်နေရာတွေမှာ လူစည် ကားချက်က ကျွန်မတို့ လေလံအိမ်ကိုတောင် ကျော်လွန်သွားခဲ့ တယ်မလား.. အမှန်တရားဆိုတာ ကိုယ်တိုင်မျက်လုံးနဲ့လည်း ကြည့်လို့ရပါတယ်.. ”
ထို့နောက် ရဖေးသည် ခန်းမအတွင်းက အကြီးအကဲသုံးယောက် ကိုလည်း လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးအား တဖျတ်ဖျတ်ခတ်ရင်း ဘေးနားရှိ ရှောင်ယွင်ကိုလည်း ကြည့်လိုက်ရာ သူမ အံ့သြသွားခဲ့သည်။ အနည်းငယ်အလန့်တကြားဖြစ်သွားသော လေသံဖြင့် မေးလိုက် သည်။
“ ကြည့်ရတာ ရှောင်သခင်လေးရဲ့ အခုပုံစံက နောက်ဆုံးတစ်ခေါက် မြင်ခဲ့တုန်းကထက် ပိုပြီး သန်မာလာသလိုပဲ.. ”
“ အစ်မရဖေး.. ချီးမြှောက်တာတွေ အသာထားလိုက်ပါ.. ရိုးရိုးလေး ပဲ နာမည်ခေါ်လို့ရပါတယ်.. သခင်လေးဆိုတဲ့ နာမည်က ကြားရတာ တမျိုးကြီး.. ”
ရှောင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သခင်လေးဟု ခေါ်ခံရတာ ဟာ သူ့အတွက် သက်တောင့်သက်သာ မဖြစ်စေခဲ့ပါဘူး။
ဒါကို ကြားလိုက်ရသည့်အခါတွင် ရဖေးလည်း ပြုံးရုံသာ တတ်နိုင်ခဲ့သည်။
“ ဒါနဲ့ ရှောင်ကလန်ကိုလာတာ တခြားဘာကိစ္စရှိလို့လဲ.. ? ”
ရှောင်ကျန်းက အပြုံးဖြင့် မေးလိုက်သည်။
ရဖေးက ခေါင်းညိတ်လိုက်ရင်း ရှောင်ယွင်ဘေးနားရှိ လွတ်နေသော ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ထို့နောက် သူမ၏ နီထွေးထွေး နှုတ်ခမ်လေးးအား သပ်လိုက်ရင်း
“ ရှောင်ခေါင်းဆောင်.. အခု ဂျားလီကလန်ကို ကျွန်မတို့ ပထမတန်းလေလံအိမ်ကနေ သူတို့ကို ဆေးအမယ်တွေ မရောင်းချပေးတောပါ့ဘူး.. ”
ထိုစကားအား ပြောလိုက်ပြီးပြီချင်းမှာပဲ ရှောင်ကျန်းလက်ထဲက လက်ဖက်ရည်ပန်းကန်ခွက်သည် ရုတ်တရက် စားပွဲခုံပေါ်ကို မှောက်လောင်းချလိုက်သလိုဖြစ်သွားသည်။ ရှောင်ကျန်း၏ မျက်ဝန်းမှာ အလွန်အမင်းပျော်မြူးခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ တဖန် အကြီးအကဲသုံးယောက်ကိုလည်း ကြည့်လိုက်ရာ သူတို့၏ မျက်ဝန်းတွင်လည်း အလားတူပင် ဖြစ်ပေါ်နေသည်။
ခန်းမကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ရှောင်ကျန်း သည် ခွက်အတွင်းမှာ လက်ကျန်ရေနွေးအား တစ်ခါတည်း မော့ သောက်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
“ ဘာအတွက်ကြောင့်ပါလဲ.. ပထမတန်းလေလံအိမ်က အမြဲတမ်း ကြားထဲမှာပဲ.. ရပ်တည်ခဲ့ရတာ မဟုတ်လား. ? ”
ရဖေးသည် ပြုံးလျက်သာ နေသည်။ စကားတစ်ခွန်းမှလည်း မဆိုချေ။
ရှောင်ကျန်းက အံကိုကြိတ်လိုက်ပြီးနောက် ညင်သာစွာဖြင့် မေးလိုက်၏
“ ဒီလိုလုပ်ပေးလို့ ကျွန်တော်တို့က ဘယ်လောက်ပေးရမလဲ.. ”
“ ပေးဖို့ မလိုပါဘူး..”
ရဖေးက ပြုံးမြဲ ပြုံးဆဲပင်။
“ အမ်.. ”
နောက်တစ်ကြိမ် အံ့အားသင့်သွားဟန်ဖြင့် ရှောင်ကျန်းသည် ပြုံးနေသေးသော ရဖေးအား သံသယများဖြင့် ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုတော့ ငွေကြေးတစ်စုံတစ်ရာ မရရှိဘဲ ပထမတန်း လေလံအိမ်က ဂျားလီကလန်အား တမင်သက်သက် ထိခိုက်စေမှာ မဟုတ်ဘူးလို့ သူယုံကြည်ထားသည်။ မေးဖျားအား ပွတ်သပ်နေရင်း ရှောင်ကျန်း ရုတ်ချည်း လှုပ်ရှားလိုက်သည်။ သူမအနားအား တိုးကပ်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ အဲဒါက ကြီးမြတ်တဲ့ဆရာကြောင့် လုပ်တာလား.. ? ”
နီထွေးထွေး နှုတ်ခမ်းပါးလေးအား လျှာသပ်လိုက်ရင်း ရဖေး အသာ အယာ ခေါင်းညိတ်လိုက်သည်။ သွားလေးပေါ်ရုံ ရယ်လိုက်ကာ
“ ဟုတ်တယ်.. အဲ့ဒီလူကြီးမင်းက ကျွန်မတို့ကို အဖိုးအခ ပေးပြီးသားပါ..ဒီတော့ ရှောင်ခေါင်းဆောင်က ဘာမှ စိတ်ပူစရာ မလိုပါဘူး.. ဒီနေ့က စပြီး ကျွန်မတို့က တစ်လှေတည်းစီးတဲ့သူတွေ ဖြစ်သွားကြပြီး.. ”
ထိုအခါမှ ရှောင်ကျန်းသည် အလွန်အမင်းပျော်မြူးနေတာကို ထုတ်ဖော်ပြရဲတော့သည်။ ကျယ်ကျယ်လောင်လောင်လည်း ရယ်မောနေသေးရာ သူ့ရယ်သံကို ကလန်ဝင်းတစ်ခုလုံးကပင် သဲ့သဲ့လေး ကြားရနိုင်သည်။
ရယ်မောနေတာကို တဖြည်းဖြည်း ချုပ်တည်းလိုက်ပြီးနောက် ရုတ်တရက် ရှောင်ကျန်းက သူ့အပြုအမူမှာ အလွန်အမင်း အောင်ပွဲခံနေသည့်ပုံစံပေါက်နေမှန်း သတိပြုမိလိုက်သည်။ ခေါင်းကို ငုံ့ကြည့်လိုက်ရာ အကြီးအကဲသုံးယောက်က ကူကယ်ရာမဲ့စွာ ကြည့် နေမှန်း တွေ့လိုက်သည်။
ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး တဖန် ပါးစပ်ကို လက်ကလေးကို အုပ်ကာ ကျိတ်ရယ်မောနေသော ရှောင်ယွင်ကိုလည်း တွေ့လိုက် သည်။ ဒေါသထွက်စွာဖြင့် ရှောင်ယွင်ကို အော်ငေါက်လိုက်သည်။
“ ဟေ့ကောင်.. ဘာရယ်တာလဲကွ.. ဘာလုပ်နေလဲ.. သွား.. မိန်းကလေးရဖေးအတွက် ရေနွေးကြမ်းတွေ သွားလုပ်စမ်း.. ”
ရှောင်ယွင်သည် စိတ်ပျက်ဟန်ဖြင့် စားပွဲခုံတစ်လုံးဆီကို သွားပြီး ရေနွေးကြမ်းတစ်ခွက်အား သွားယူလိုက်ပြီးနောက် ရဖေးအား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ရဖေးသည် ရှောင်ယွင်အား ချိုသာသော အပြုံးတစ်ခု ပြုံးပြလိုက်ရင်း ရေနွေးခွက်အား လှမ်းယူလိုက်သည်။ ရုတ်ခြည်းပင် လှပသော သူမ၏ မျက်နှာသည် ကွက်ခနဲပျက်သွားသည်။ တောက်ပသော သူမ၏ မျက်ဝန်းတစ်စုံက ရှောင်ယွင်၏ နုနယ်သော လက်ဆီကို စူးစူးစိုက်စိုက် ကြည့်သည်။ ရှောင်ယွင်၏ ညာဘက်လက်က အနက်ရောင်လက်စွပ်ကိုပါ သူမ ကြည့်နေမိသည်။
သူမ ကြည့်နေသာ အကြည့်လားရာကို သတိထားမိသောအခါ ရှောင်ယွင်၏ အကြည့်သည်လည်း အနည်းငယ်အေးစက်သွားကာ ဆတ်ခနဲ သူ့လက်အား ပြန်ရုတ်လိုက်သည်။ ထို့နောက် သူ့အဖေနှင့် အကြီးအကဲများအား ကျောခိုင်းရပ်နေရင်းဖြင့် သူ့၏ ရှေ့မှောက်တွင် ထိုင်နေသော မိန်းမလှလေးအား စူးရဲစွာ ကြည့်နေလိုက်သည်။
ယခုလို လူပုံအလယ်တွင် အကြည့်ခံရသည်ဖြစ်ရာ ရဖေး၏ နှလုံးသားထဲတွင် အနည်းငယ် တင်းကြပ်လာခဲ့သည်။ ထို့ကြောင့်ပင် သူမခေါင်းအား အလိုလိုပင် နှိမ့်ချလိုက်ပြီး ရေနွေးကြမ်းကိုသာ ငုံ့သောက်နေမိသည်။ သူမမျက်နှာပေါ်ရှိ အမူအရာများကိုလည်း အပြည့်အဝပင် ဖုံးကွယ်ထားသည်။
မိန်းမပျိုလေး၏ အမူအရာကို မြင်မှာသာ ရှောင်ယွင် စိတ်သက်သာ ရသွားသည်။ နှာခေါင်းအား ရှုံ့ခနဲ ပွတ်လိုက်ရင်း သူ့ထိုင်ခုံဆီသို့ ပြန်လှည့်ထိုင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု အား နက်နက်နဲနဲ တွေးနေမိသည်။
No comments:
Post a Comment