အပိုင်း ( ၁၄၀) – အသက်ဘေးတိုက်ပွဲ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
+++++++++++++++++
ရှောင်ယွင်က ပါးစပ်အပြည့် ငုံ့လျက်လိုက်တဲ့အခါမှတော့ ကျောက်စားပွဲခုံပေါ်က နီလာခရမ်းအဆီအနှစ်ဟာ ပြောင်သလောက်တော့ ရှိသွားခဲ့သည်။ ရှောင်ယွင်လည်း နှုတ်ခမ်းထောင့်စွန်းက ဖုန်အမှုန့်တို့ကို သုတ်လိုက်သည်။ ထို့နောက် အနောက်လှည့်လိုက်ပြီ အံ့အားသင့်စွာ ကြည့်နေဆဲ ဖြစ်သည့် ရွဲ့လော်ကို ကြည့်လိုက်ရင်းမှ မတူမတန် ကြည့်လိုက်ကာ မခိုးမခန့်လေသံဖြင့် ခနဲ့လိုက်သည်။
“ ဖြုန်းတီးတယ်ဆိုတာ တကယ့်ကို ရှက်ဖို့ကောင်းတဲ့ အရာပဲဗျ... ”
“ အေးပါကွာ.. ရှက်ဖို့ ကောင်းတာပေါ့ကွာ.. ”
ရွဲ့လော်မှာ ပြောစရာ စကားပင် ရှာမရတော့ဘဲ ခေါင်းကိုပဲ ညိတ်ပြလိုက်ရတော့သည်။ ထို့နောက် ကြက်သေသေနေရာမှ ခေါင်းကို ခါယမ်းလိုက်ပြီ ရှောင်ယွင်ကို အရေးတကြီး လော်ဆော်လိုက်ပြန်သည်။
“ သွားစို့.. မြန်မြန်ထွက်ရအောင်.. တော်ကြာ ဟိုကောင် ပြန်လာလိမ့်မယ်..”
“ ဟုတ်..” ရွဲ့လော်ပြောမှဘဲ ရှောင်ယွင်လည်း သတိရသွားပြီ ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။ သူ့အကြည့်သည် ကျောက်စားပွဲပေါ်က ကပ်သီးကပ်သတ် ကျန်နေသေးသည့် နီလာခရမ်းအဆီအနှစ်ပါးပါးလေးကို မခွဲနိုင်မခွာရက် ကြည့်လိုက်ရင်းမှ အနောက်လှည့်ပြီး ဂူအဝင်ပေါက်ဆီသို့ တစ်ချိုးတည်း ပြေးလေတော့သည်။
ယွင်ချီ ထည့်သွင်းထားပေးသည့် လေဓာတ်ဒိုချီစွမ်းအင်မှာ ဒီအခါမှတော့ အကုန်လုံး နှိုးဆွအသုံးပြုလိုက်ပါတော့သည်။ ရှောင်ယွင်၏ အလျင်နှုန်းကား အရင်တုန်းက မရခဲ့ဖူးသည့် အလျင်နှုန်းမျိုးအထိ ရောက်ရှိလာခဲ့ကာ ပြေးလွှားနေသည့် ခြေလှမ်းများက အရိပ်ခွဲများ ဖြစ်နေသယောင်ယောင်ပင် ရှိလာတော့သည်။
ဂူလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ရှောင်ယွင်မှာ နောက်တွန့်နေခြင်းမရှိဘဲ ဂူဝင်ပေါက်ကြီးဆီသို့ ဆက်လက်အပြေးအလွှား ပြေးပြန်သည်။
သို့သော် ဂူအဆုံးသို့ မရောက်ခင်အချိန်တွင် ဒေါသတကြီးဖြင့် ဟိန်းလိုက်သည့်အသံက ပြေးလမ်းအရှေ့ကနေ ထွက်ပေါ်လာခဲ့တော့သည်။ မကြာခင်မှာပဲ နီလာခရမ်းတောင်ပံခြင်္သေ့ငယ်က ရှောင်ယွင် မြင်ကွင်းအထဲသို့ ရောက်ရှိလာချေသည်။ သူကား ရှောင်ယွင်ကို စိုက်ကြည့်နေလျက် ရှိနေသည်။
နီလာခရမ်းတောင်ပံခြင်္သေ့ကို တွေ့လိုက်သည့် ရှောင်ယွင်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ပြေးလွှားနေသည့် အလျင်နှုန်းက တမဟုတ်ချင်း ကျဆင်းသွားပြီ ဆယ်မီတာအထိ ပြေးနေပြီးမှ အရှိန်ကုန် ရပ်သွားခဲ့သည်။ ရှောင်ယွင်နှင့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်တို့၏ ကြားထဲက အကွာအဝေးမှာ ဆယ်မီတာလောက်ပဲ ကျတော့သည်။
ဂူလမ်းကြောင်းအကျယ်၏ တစ်ဝက်လောက် အရွယ်အစားရှိသည့် ခြင်္သေ့ငယ်ကို ကြည့်ပြီ ရှောင်ယွင် မျက်နှာက ခါးသီးလို့သွားသည်။
ရှောင်ယွင်မှာ မကျေမချမ်းဖြင့် “ ငါ့ရဲ့ ဝမ်းနုတ်ဆေးကလည်း.. ဘာလို့ အဲ့ကောင်ကို သေတဲ့အထိ ချေးမပန်းစေတာလဲကွာ.. ” ဟု ရေရွတ်လိုက်သည်။
“ တောင်းပန်ပါတယ်ကွာ.. ငါထပ်ပြီး မေ့သွားလို့.. ဒီကောင်က နီလာခရမ်းအဆီအနှစ်နဲ့ အတူမွေးလာတာကွ.. ဒီတော့ အဆီအနှစ်ရဲ့ အခြေအနေကို ဒီကောင်က ဘယ်အချိန်မှာမဆို လှမ်းသိနိုင်တယ်လေ..မင်းက နီလာခရမ်းအမြုတေကို ခွဲလိုက်တော့ ဟိုကောင်က ချက်ချင်း သိသွားပုံရတယ်.. ”
ရှောင်ယွင် စိတ်ပူနေတဲ့အချိန်မှာပဲ ရွဲ့လော်၏ အားတုံ့အားနာအသံက လက်စွပ်ကနေ ထွက်ကျလာသည်။
ရှောင်ယွင် မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားရင်း အသက်ပြင်းမောတစ်ချက် ချလိုက်ပါတော့သည်။ ရွဲ့လော်နှင့် ငြင်းခုန်နေဖို့ အချိန်မရှိနေတော့။ ခေါင်းကို မော့ပြီ တုန်လှုပ်ချောက်ချားစွာဖြင့် နီလာခရမ်းတောင်ပံခြင်္သေ့ကိုသာ ကြည့်လိုက်မိသည်။
ခရမ်းရောင်အလင်းများ တောက်ပလျက် သားရဲဆန်သော မျက်လုံးက ရှောင်ယွင်ကို စူးစူးရဲရဲ ကြည့်နေလျက် ရှိသည်။ တစ်ကိုယ်လုံးက နီလာခရမ်းကျောက်တုံးသည်လည်း အပြင်ဘက်က နီလာခရမ်းတောင်ပံခြင်္သေ့ထက် ပိုပါးနေပုံရသည်။ သို့သော် ယခုအခါ တဖြည်းဖြည်း အလင်းရောင်းပျိုးထွက်လာကာ ခရမ်းရောင်အလင်းများ ဖြာထွက်လာပါတော့သည်။ ကံကောင်းထောက်မစွာဖြင့် နေရောင်ခြည်မရှိနေ၍သာ၊ မဟုတ်လျှင် ယခုအချိန်တွင် ခရမ်းရောင်မီးလျှံများက သူ့ခန္ဓာကိုယ်ကနေ ထွက်နေလောက်ပြီး။ ထိုသို့ ဖြစ်လာခဲ့လျှင် ရှောင်ယွင်အနေဖြင့် ဤဂူကနေ လွတ်မြောက်ဖို့က လွယ်ကူတော့မှာ မဟုတ်ချေ။
“ ဟူးဟူး.. ” ခြင်္သေ့ငယ်ကား အရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့သည်။ ၎င်းခြေဖဝါးကနေ ထွက်ရှိလာသည့် စွမ်းအင်များက ဂူအတွင်းပိုင်းကိုပင် တုန်ခါသွားစေသည်။ ဘေးက ဂူနံရံကနေ ကျောက်တုံးကျောက်ခဲများ ပြုတ်ကျလာကာ ရှောင်ယွင် ခြေထောက်ဆီသို့ လှိမ့်ကျလာသည်။
ရှောင်ယွင်ခမျာ.. တံတွေးကို မျိုချလိုက်မိသည်။ လက်ဖဝါးမှာလည်း အားထည့်ထားပြီး ကြီးမားလေးလံ ရွှင်းပေတံကို ကိုင်ကာ တစ်ချက်လှည့်လိုက်ရင်း သူ့ သိုလှောင်လက်စွပ်အထဲကို သိမ်းဆည်းထားလိုက်သည်။ အဆင့်၃ မှော်သားရဲကောင်တစ်ကောင်နှင့် ရင်ဆိုင်ရမည်ဖြစ်၍ ရှောင်ယွင်မှာ ရှိသမျှ ခွန်အားတွေကို လျှိုပြီး မချန်ထားရဲတော့ပေ။ အချိန်စက္ကန့်အပိုင်းလောက်က သူ့ သေခြင်းတရားကို ဆုံးဖြတ်ပေးနိုင်သည်မဟုတ်လား။
ပေတံကြီးကို ဖယ်ရှားလိုက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံးထဲက ဒိုချီစွမ်းအင်များ လှည့်ပတ်အား မြန်ဆန်လာကာ တစ်ကိုယ်လုံးသည် ပေါ့ပါးမြန်ဆန်သွက်လက်လာသလို ခံစားလာရသည်။ ဖိနှိပ်တားဆီးထားရာကနေ လွတ်မြောက်လာသည်ဖြစ်၍ တစ်ကိုယ်လုံးက ခွန်အားများ အကန့်အသတ်မဲ့ ထွက်ရှိလာတော့သည်။
မျှော်လင့်ချက် ရေးရေးလေးကို ဆုပ်ကိုင်ထားရင် ရှောင်ယွင် စိတ်လှုပ်ရှားရာကနေ နောက်ဆုံး စိတ်တည်ငြိမ်လာအောင် ထိန်းလိုက်နိုင်သည်။ ထိုအခါမှ လွတ်မြောက်ဖို့ အခွင်အလမ်းကို စတင်ရှာဖွေလိုက်သည်။
ခြင်္သေ့ငယ်၏ ခြေသည်းက မြေသားပေါ် အသာအယာ ရှပ်ပြီး ခြစ်ကုတ်လိုက်သည်။ ထိုအခါ မရေတွက်နိုင်သော အက်ကြောင်းရာများက မြေပြင်မာမာထက်မှာ ကွဲအက်ပြန့်သွားသည်။ နီလာခရမ်းတောင်ပံခြင်္သေ့ငယ်ကား အရှေ့သို့ နောက်တစ်လှမ်း တိုးလာပြန်ချေသည်။ ထို့နောက် ၎င်း၏ ကြီးမားသည့် အမြီးတံသည် မြေပြင်ပေါ် ကြမ်းတမ်းစွာ ရိုက်ချလိုက်လေသည်။ ရှိနေသည့် ကျောက်တုံးတစ်တုံးက မွမွကြေသွားလေသည်။ ခြင်္သေ့ငယ်သည် ၎င်းအမြီးတံ၏ အစွမ်းပကားအား ပြသပြီးနောက် ဆယ်မီတာအကွာအဝေးကို သွက်လက်ပေါ့ပါးစွာဖြင့် ခုန်လွှားလိုက်ရင်း ရှောင်ယွင်ဆီသို့ ပြင်းထန်စွာ ဝင်လာလေသည်။
ခြင်္သေ့ငယ် ခုန်လိုက်သည့်အခါတွင် ၎င်း၏ အရိပ်က မြေပြင်မှာ ကျသွားလျက်..။
ရှောင်ယွင်မှာလည်း တောင်ငယ်တမျှ ကြီးမားသည့် သားရဲကောင်ကို ခေါင်းမော့ကြည့်လိုက်ကာ ဒူးကိုကွေးညွတ်လိုက်သည်။ လက်ဖဝါးကို ပင့်မြှောက်ကာ ဂူမျက်နှာကြက်ဆီကို ချိန်ထားလိုက်သည်။ ပြင်းထန်အားကောင်းသည့် စုပ်ငင်အားကလည်း ထွက်ရှိလာတော့သည်။ ရှောင်ယွင်လည်း လေထဲကို မြှောက်တက်သွားပြီးနောက် အိမ်မြောင်တစ်ကောင်လို နံရံမှာ တွယ်ကပ်သွားသည်။
ခြင်္သေ့ငယ်၏ တိုက်ခိုက်မှု လွဲချော်သွားတာကို ကြည့်လိုက်ပြီး ရှောင်ယွင်မှာ ကျောက်နံရံကိုပဲ တင်းတင်းဆုပ်ထားပြီ စုပ်ငင်အားကိုလည်း ဆက်ထုတ်ထားလိုက်သည်။ ခန္ဓာကိုယ်က နံရံမှာ တွဲလောင်းရှိနေပြီးသော်လည်း ရှောင်ယွင် ရပ်မနေဘဲ ဂူထွက်ပေါက်ဆီသို့ မြန်မြန်ဆန်ဆန် ကုတ်ကတ်သွားလိုက်သည်။
သိပ်မပြေးရလိုက်..၊ နီလာခရမ်းတောင်ပံခြင်္သေ့က ခေါင်းလှည့်ကြည့်ပြီး တွယ်ကပ်သွားနေသည့် ရှောင်ယွင်ကို ကြည့်လိုက်သည်။ ၎င်းပါးစပ်က အကျယ်ကြီးဟလိုက်ကာ ရှောင်ယွင်ကို ခရမ်းမီးတောက်များဖြင့် မှုတ်ပစ်လိုက်လေသည်။
“ သောက်ကျိုးနည်းဟ.. ” ခရမ်းမီးတောက်က အပူရှိန်ကို ခံစားလိုက်ရသည်နှင့် ရှောင်ယွင် လက်ဖဝါးကို ဖြည်ချလိုက်သည်။ ခန္ဓာကိုယ်ကို တစ်ပတ်ကျွမ်းပစ်ပြီ မြေကြီးပေါ် ဆင်းလိုက်သည်။ ခြေထောက်ကလည်း ကျောက်နံရံကို နင်းကန်ပြီးနောက် လေးကြိုးကနေ ပစ်လွှတ်လိုက်သည့် မျှားတစ်စင်းလို ဂူထွက်ပေါ်ဆီသို့ အရူးအမူး ပြေးလေသည်။
နီလာခရမ်းအဆီအနှစ်သူခိုးက ထွက်ပြေးသွားသည်ကို မြင်သည်နှင့် နီလာခရမ်းတောင်ပံခြင်္သေ့သည် ဒေါသတကြီးဖြင့် အော်ဟိန်းလိုက်သည်။ ၎င်းတောင်ပံကိုလည်း ဖြန့်ခါလိုက်ပြီ မြေကြီးကို ခပ်ကြမ်းကြမ်းနင်းကာ အရှေ့က ပြေးသွားသူအနောက်သို့ အနောက်ကနေ ပြေးလိုက်ပါတော့သည်။
ဂူအတွင်းမှာတော့ တစ်ယောက်က အသက်ရှင်ဖို့ ထွက်ပြေးနေရသလို အနောက်ကတစ်ယောက်လည်း အသည်းအသန် ပြေးလိုက်နေလို့ပါ။ အသက်လုပြေးပွဲဟု ဆိုရနိုင်သည်။
အကွာအဝေးတစ်ခုအထိ ပြေးလွှားလာပြီးမှ ရှောင်ယွင်သည် သူ့အနောက်က ဝင်လာသည့် အားတစ်ခုကြောင့် ခန္ဓာကိုယ်ကို ကမန်းကတန်း လှည့်ရှောင်လိုက်ရသည်။ ကြီးမားသည့် ကျောက်တုံးတစ်တုံးက သူ့ခေါင်းပေါ်ကနေ ကျော်လွန်သွားကာ ဂူနံရံကို သွားထိသွားသည်။ ကျောက်တုံးမှာ အစိတ်စိတ်အမွမွ ကွဲကြေသွားသလို ကျောက်နံရံထက်မှာလည်း အက်ကြောင်းရာများ အများအပြား ဖြစ်ပေါ်သွားသည်။
ပစ်လွှတ်လာသည့် ကျောက်တုံး၏ အားကို ကြည့်ပြီ ရှောင်ယွင်မှာ ပင့်သက် ရှိုက်လိုက်မိသည်။ သူ့ခြေလှမ်းတွေကလည်း ပိုပြီ အလောတကြီးဖြစ်လာတော့သည်။
သို့သော် ရှောင်ယွင် ပြေးနှုန်းက မြန်ဆန်သည်က မှန်သော်လည်း တောင်ပံဖြန့်ကားရင် လေဟုန်စီးပြေးလိုက်နေသည့် နီလာခရမ်းတောင်ပံခြင်္သေ့၏ အလျင်နှုန်းနှင့် ယှဉ်၍ မရစကောင်းပေ။ အသက်လုပြေးပွဲက မိနစ်အနည်းငယ်အထိ ကြာနေရင်းမှ ရှောင်ယွင်က နောက်ကွယ်ကနေ ရိုက်ခတ်လာသည့် အငွေ့အသက်က ပိုအားကောင်းလာသည်ကို ပိုပိုပြီ ခံစားလာရလေသည်။ ခြင်္သေ့ငယ်ကား သူနှင့် ပိုပိုပြီ နီးကပ်လာလေပြီး။
အကျဉ်းအကြပ်ရောက်လာသည့် အခြေအနေအထိ ရောက်ရှိလာသည်မို့ ရှောင်ယွင်လည်း သူ့သိုလှောင်လက်စွပ်ကနေ ကျောက်စိမ်းဆေးပုလင်းများ တရစပ် ထုတ်ယူလိုက်သည်။ ထိုဆေးပုလင်းတွေ၏ အမျိုးအစားတွေကို ဂရုထားကြည့်ဖို့ရန် ဂရုစိုက်မအားတော့ဘဲ အနောက်ပြန် ပစ်ထုတ်လိုက်လေသည်။
“ ဘမ်းး.. ဗွမ်း.. ”
ပုလင်းကွဲအသံများနှင့်အတူ အရောင်စုံဆေးအမှုန့်များ ဂူလမ်းကြောင်းအထဲတွင် ပျံ့လွင့်သွားတော့သည်။ ဒါပေမဲ့ နီလာခရမ်းခြင်္သေ့ငယ်ကို အနှောင့်အယှက်များစွာ မဖြစ်စေခဲ့ပေ။
နောက်ထပ်အကွာအဝေးတစ်ခုအထိ ပြေးနေရင်းမှ သူ့တစ်ကိုယ်လုံးသည် တဖြည်းဖြည်း ပူလောင်လာသည်ကို ရှောင်ယွင် ခံစားလိုက်ရသည်။ သူ့ချီလမ်းကြောင်းကနေ အပူလှိုင်းများက ထွက်ပေါ်လာနေခြင်းဖြစ်ကာ ၎င်းတို့မှာ သူ့၏ အသွေးအသားများနှင့်အရိုးတို့ဆီကို အဆက်မပြတ်ပေါင်းစည်းလာလေသည်။
“ ဘာဖြစ်တာလဲဟ.. ” ရုတ်တရက် ပြောင်းလဲသွားသည့် သူ့ကိုယ်ကြောင့် ရှောင်ယွင် ခဏတော့ ကြောင်သွားသည်။ သို့သော် လက်ရှိအခြေအနေက ထိုအရာအား စူးစမ်းလေ့လာခွင့်မပေးသည်မို့ ဆက်လက်ပြေးနေရသည်။ အပူကြောင့် ဖြစ်ပေါ်လာသည့် သန့်စင်သော စွမ်းအင်များသည် ရှောင်ယွင်၏ ပြေးနှုန်းကို ထိုးတက်သွားစေတော့သည်။ တစ်ချိန်တည်းမှာပဲ ခြင်္သေ့ခံတွင်းဝကနေ ခဏတာတော့ လွတ်မြောက်သွားစေခဲ့သည်။
“ ဟာ.. ဟုတ်သားပဲ.. ဒါက ငါလျက်ထားတဲ့ နီလာခရမ်းအဆီအနှစ်ကြောင့်ပဲ.. ”
ပြေးလွှားနေရင်း ရှောင်ယွင် ရုတ်တရက် သဘောပေါက်လိုက်မိသည်။
“ အားပါးပါး.. တယ်ပြည့်ဝတဲ့ စွမ်းအင်တွေပဲ.. ” ရှောင်ယွင် အံအားတသင့်ဖြင့် ရေရွတ်လိုက်ရင်း ရှောင်ယွင် မျက်နှာလည်း အကြီးအကျယ်ပြောင်းလဲသွားသည်။ ကိုယ်အတွင်းမှ ထွက်လာသည့် အပူတွေသည် သူပြေးလွှားလေ ပိုထွက်လာသလိုပင် ရှိလာခဲ့သည်။ ပထမမှာတော့ ထွက်ရှိလာသည့် စွမ်းအင်ကို ရှောင်ယွင် ခန္ဓာကိုယ်က စုပ်ယူနိုင်ပါသေးသည်။ ယခုမှာ စုပ်ယူနိုင်သည့်အစွမ်းက ဂိတ်ဆုံးရောက်သွား၍ ကိုယ်ထဲက အပူလှိုင်းက ပိုပြီး မြင့်တက်လာခဲ့သည်။ နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်အရေပြားသည် ခရမ်းအရောင်များသို့ပင် ပြောင်းလဲလာတော့သည်။
“ ဆိုးလိုက်တာကွာ.. နည်းနည်းလေးပဲ လျက်ရသေးတယ်.. စွမ်းအင်တွေက ဒီလောက်တောင် ရှိနေရသလားဟ.. ဒီစွမ်းအင်ကို ဘယ်နားထားရမလဲဟ..”
သူ့ခန္ဓာကိုယ်မှာ ပိုပို၍ ပူလာ၍ ရှောင်ယွင် စိတ်ပူပန်စပြုလာတော့သည်။
“ အားးး.. ”
သူ့ဝတ်ထားသည့် အဝတ်က တကယ့်ကို ခြောက်သွေ့ပူပြင်းနေသလို သူ့မျက်နှာမှာလည်း အနီရောင်ဖြစ်လိုက် ခရမ်းရောင်ဖြစ်လိုက်နှင့်။ ပါးစပ်ကလည်း ဟပြီး လေပူတွေကို အဆက်မပြတ် မှုတ်ထုတ်နေရသည်။ ရှောင်ယွင်မှာ ငရဲပြည်ရောက်နေသကဲ့သို့ ရှိနေတော့သည်။
“ ဝေါင်း.. ”
ရှောင်ယွင်ကိုယ်ကနေ ခရမ်းရောင်စွမ်းအင်များ လောင်ကျွမ်းနေသည်ကို အနောက်က ပြေးလိုက်နေသည့် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်က တွေ့လိုက်ရသည့်အခါ ၎င်းမျက်ဝန်းတွင် ဒေါသများက ဒီရေအလား တိုးထွက်လာလေသည်။ နီလာခရမ်းအဆီအနှစ်သည် သူ့အပိုင်ဖြစ်သည်။ ယခုအခါ သူ့အပိုင်ကို လူဖလံတစ်ကောင်က ခိုးသွားချေလေပြီး။
ခြင်္သေ့ငယ်သည် ထိုအကြောင်းကို စဉ်းစားရင်း ဒေါသတကြီးဖြင့် အော်ဟိန်းလိုက်ပါသည်။ ခြေလှမ်းကလည်း ပိုကြမ်းတမ်းလာသလို တောင်ပံမှာရှိသည့် ခရမ်းအလင်းတွေလည်း အဆမတန် ထိုးထွက်လာလေကာ သူ့အလျင်နှုန်းအား ပိုလျင်မြန်လာစေသည်။ ၎င်း၏ ဦးခေါင်းက ရှောင်ယွင်နောက်ကျောကို ဦးတည်ထားကာ မကြာခင်မှာပဲ ထိလုနီးပါးအထိ နီးကပ်လာခဲ့သည်။ ရှောင်ယွင်သည် လွတ်မြောက်ဖို့အတွက်က ခက်ခဲသွားလေပြီး။
နောက်ကျောဆီသို့ ဦးတည်နေသည် အင်အားကောင်းသည့် အားအင်ကို ရှောင်ယွင် ခံစားသိလိုက်သည်။ အနီရောင်မျက်နှာဖြစ်နေသည့် ရှောင်ယွင်သည် ရုတ်တရက် အနောက်လှည့်ပြီ သူ့လက်နှစ်ဖက်က ခရမ်းရောင်ချီစွမ်းအင်နှင့် အဝါရောင်ချီစွမ်အင် တဖန် အစိမ်းရောင်ချီစွမ်းအင်ကိုပါ စုစည်းလိုက်သည်။
ရှောင်ယွင်သည် သုံးမျိုးသော ချီစွမ်းအင်များ လက်တွင်စုစည်းထားရင်းမှ နီလာခရမ်းတောင်ပံခြင်္သေ့အား အားအပြည့်ထည့်ပြီး တားဆီးလိုက်သည်။
“ ဘုန်း.. ”
ဟိန်းဟောက်သံကြီးက ဂူအတွင်းတွင် ရိုက်ခတ်သွားလေကာ ပြိုကျနေသည့် ကျောက်တုံးများလည်း ယိမ်းခါသွားကုန်သည်။
“ ဒုန်းး ”
လက်မောင်းမှာ စုစည်းထားသော ပမာဏကြီးမားသည့် စွမ်းအင်ကြောင့် ရှောင်ယွင်လည်း အနောက်ပြန်ကန် လွင့်စင်သွားသည်။ ပါးစပ်ကနေလည်း သွေးတစ်လုတ်အန်ထွက်လာရာ အင်္ကျီမှာ သွေးများဖြင့် စိုရွှဲသွားသည်။
ရှောင်ယွင်က အတော်လေး နာကျင်သွားရသော်လည်း သူ့စွမ်းအင်များ၏ ပေါက်ကွဲခြင်းကြောင့် နီလာခရမ်းတောင်ပံခြင်္သေ့လည်း လေထဲလွင့်စင်သွားသလို မြေကြီးမှာလည်း အပတ်ရေများစွာ လိမ့်ထွက်သွားခဲ့လေသည်။ နောက်ဆုံးမှာ ကျောက်ဂူနံရံကို တိုက်မှ အရှိန်ရပ်သွားသည်။ ဂူနံရံမှာလည်း အက်ကြောင်းများစွာ ထွက်ရှိလာလေသည်။
ရှောင်ယွင်မှာ အနောက်ဆုတ်ရင်း ကျောက်တိုင်တစ်တိုင်ကို ထောက်ပြီးမှ မတ်တတ်ရပ်လိုက်နိုင်သည်။ နှုတ်ခမ်းက သွေးကို သုတ်ဖို့ ဟန်ပြင်လိုက်သည့်အချိန်မှာပဲ နီလာခရမ်းတောင်ပံခြင်္သေ့က အရှေ့ကို ခုန်လွှားပြေးလာပြန်သည်ကို တွေ့လိုက်၍ ရှောင်ယွင်မှာ အနောက်လှည့် ပြေးရပြန်လေသည်။
အနောက်ကနေ အဆက်မပြတ် ဟိန်းဟောက်လာသည့် အသံကို လျစ်လျူရှုလာခဲ့ရင်း သူ့ကိုယ်ထဲက အပူတွေသည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ ရှောင်ယွင်သည် အဆီအနှစ်ကနေ ထွက်ရှိလာသည့် စွမ်းအင်အများအပြားကို အသုံးချပြီးလျှင် ခပ်ပျပျ မြင်နေရသည့် ဂူထွက်ပေါက်ဆီသို့ တရကြမ်း ပြေးထွက်သွားသည်။
“ ဟူး.. ”
အနောက်ကနေ အပူလှိုင်းက နီးကပ်လာပြန်သည်။ ကျောထက်က အင်္ကျီပင် လောင်ကျွမ်းသွားကာ ပြာမှုန့်ဖြစ်သွားသည်။ ရောက်ရှိလာသည့် အပူကြောင့် သူ့နောက်ကျောပြင်မှာလည်း မီးလောင်ဒဏ်ရာများ ရရှိသွားသည်။
ရှောင်ယွင် အံကြိတ်ပြီ မီးလောင်ဒဏ်ရာကို အောင့်ခံကာ မျက်လုံးက နီရဲနေလျက် အရူးတစ်ယောက်အလား ဆက်ပြေးနေခဲ့သည်။ ယခုအချိန်တွင် ရပ်လိုက်မိပါက သေရမှာ မုချပင်။
ဂူထွက်ပေါက်က အလင်းရောင်သည် ပိုပိုပြီ တောက်ပလာသည်။ အပြင်ဘက်က မှော်သားရဲအော်မြည်သံကိုလည်း ကြားရလေသည်။ ခြေထောက် နောက်တစ်လှမ်း လှမ်းပြီးလိုက်သည့်အချိန်တွင် အပြင်ဘက်သို့ ရောက်ရှိခဲ့လေပြီး။ ကျောက်တုံးကို ခပ်ပြင်းပြင်း နင်းပြီ ဂူအပြင်ဘက်သို့ ခုန်ထွက်လိုက်သည်။
ဂူအပြင်ဘက်သို့ ရောက်သည်နှင့် စူးရှသော နေအလင်းရောင်ကြောင့် ရှောင်ယွင် မျက်စိကျိန်းစပ်သွားသည်။ လေထဲမှာ ကိုယ်ကို လှည့်ပစ်လိုက်ရင်းမှ ရှောင်ယွင် ရုတ်တရက် သတိတစ်ခု ရလိုက်သည်။ သူ့ခြေထောက်က မြေကြီးပေါ် မကျသေးသည့်အခိုက်တွင် ဂူအပြင်ဘက်မှာ အစောင့်ထားထားသည့် အဆင့်၃ မှော်သားရဲ နှစ်ကောင်က သူ့ဆီကို ပါးစပ်ကြီးဟလျက် သူ့ဆီကို ပြေးလာနေသည်ကို မြင်လိုက်ရသည်။
အလွန်တရာအနံ့အသက်ဆိုးဝါးသည့် ပါးစပ်ကြီးက အလွန်နီကပ်လာသည်ကို ငေးကြည့်ရင်း ရှောင်ယွင် မျှော်လင့်ချက် ကုန်ဆုံးသွားသည်။ တစ်ကိုယ်လုံးသည်လည်း အလွန်အားနည်းနေသလို သူ့အနေဖြင့် ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့က မတတ်နိုင်တော့ပါဘူး။
မျက်လုံးကို မှိတ်ပြီ သေခြင်းရောက်ရှိလာမှာကို စောင့်လိုက်သည့်အချိန်တွင် အေးစက်စက် ဓားနှစ်လက်က ကောင်းကင်ထက်နေ ကျဆင်းလာခဲ့သည်။ မှော်သားရဲနှစ်ကောင်ကို ခါးအလယ်ကနေ ခုတ်ပိုင်းသွားလေသည်။ ရှောင်ယွင် နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်မိသလို သူ့ကိုယ်သည်လည်း ပျော့အိမွှေးပျံ့သည့် အရာတစ်ခုသို့ လဲကျသွားသည်။
မျက်လုံးကို ဖွင့်၍ အမြင်က ဝိုးတဝါးဖြင့် ကြည့်လိုက်ရာ စိုးရိမ်နေသည့် မိန်းမပျိုတစ်ယောက်၏ လှပလွန်းသော မျက်နှာလေးကို မြင်လိုက်သည်။
++++++++
ရေးရင်း ရေးရင်း ခြေထောက်ပါညောင်းလာသလို ခံစားလိုက်ရတယ်။ အစအဆုံး ပြေးပဲ ပြေးနေရသော ငယွင်လေး။
No comments:
Post a Comment