Followers

Chapter 94

အပိုင်း ( ၉၄ ) –  ညံ့ဖျင်းသော တွက်ချက်မှု

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

“ ဘာပြောလဲ.. ဆေးအမယ်တွေ အားလုံးက လူတစ်ယောက်က ဖျက်ဆီးသွားတယ် ဟုတ်လား.. ? ”

ခန်းမအထဲတွင် ဒေါသတကြီးဖြင့် အော်လိုက်သော အသံက ခန်းမခေါင်မိုးကိုပင် ပျက်စီးစေမတတ်ပါပဲ။

တုန်ရီနေသော အစောင့်သည် ဂျားလီဘီအရှေ့တွင် ဒူးထောက်နေကာ မျက်နှာမှာလည်း တုန်လှုပ်ချောက်ချားခြင်းတွေနှင့် တံတွေးကို မျိုချလိုက် သည်။ ကြောက်လန့်ခြင်းကြောင့် တုန်ယင်နေပြီးမှ ပြန်ဖြေနိုင်တော့၏ 

“ ပြီးတော့ ဒုတိယအကြီးအကဲကိုလည်း ဆေးကို ဖျက်ဆီးသွားတဲ့ လူကပဲ သတ်လိုက်တယ်..”

ဒေါသထွက်နေသော ဂျားလီဘီ၏ မျက်နှာသည် အေးစက်မာကျောသွား သည်။ မျက်နှာမှာလည်း အိုစာသွားကာ ခြေထောက်များ ပျော့ခွေသွားပြီး အနောက်ရှိ ကုလားထိုင်ပေါ် ပြိုလဲကျသွားသည်။ ဂျားလီနူမှာ ဂျားလီကလန်တွင် ရှိသော ဒဒိုရှီသုံးယောက်ထဲက တစ်ယောက်ဖြစ်၏ သူ့၏ သေဆုံးခြင်းက ဂျားလီကလန် ရင်ဆိုင်နေရသော အကျပ်အတည်း များထဲတွင် အကျပ်အတည်းတစ်ခု ထပ်ပေါင်းထည့်လိုက်သလို ဖြစ်စေ သည်။ 

ဂျားလီဘီ၏ ပြိုလဲသွားသည့် အဖြစ်ကို ကြည့်ပြီး သတင်းပို့လာသူ အစောင့်တွေမှာလည်း စိုးရိမ်ပူပင်သောက ရောက်သွားကြသည်။   တဖန် အနက်ရောင်ဝတ်ရုံနှင့်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကိုလည်း ပြန်တွေးလိုက်မိသည်။ ဒုတိယအကြီးအကဲကဲ့သို့ ဒဒိုရှီအဆင့် ကြယ်သုံးလုံးပိုင်ရှင်က ထူးခြားသောလူတစ်ယောက် ကြောင့် ပြာပုံကျသွားစေခဲ့တာကို ယုံကြည်ရ ခက်ခဲလှသည်။ ထိုမြင်ကွင်းမျိုးက တကယ့်ကိုပင် သူတို့အား အသည်းထဲကနေ ကြောက်လန့်ခြင်းအရသာကို ပေးစွမ်းခဲ့သည်။ 

“ ဘယ်သူက ဒုတိယအကြီးအကဲကို သတ်တာဖြစ်မလဲ.. ”

မိနစ်ပိုင်းအထိ တိတ်ဆိတ်နေပြီးမှ ဂျားလီဘီသည် မိမိကိုယ်ကို ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။ အနည်းငယ်ရှတနေသော သူ့အသံက ဂျားလီနူသေဆုံးသည် သူ့အတွက် ကြီးမားသော ဆုံးရှုံးခြင်းတစ်ခု ဖြစ်နေကြောင်းကို ဖော်ပြနေသလို ဖြစ်နေသည်။ 

“ ကျွန်တော်လည်း စဉ်းစားလို့ မရဘူး.. ပြီးတော့ အဲ့ဒီလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားတာ.. ဘယ်သူမှ သူ့မျက်နှာကို မမြင်လိုက်ဘူး.. ဒါပေမဲ့ သူက အဖြူရောင်ရှိတဲ့ မီးတောက်တစ်ခုကို ထိန်းချုပ်နိုင်တယ်.. အဲဒီမီးတောက်ကြောင့်ပဲ ဒုတိယအကြီးအကဲက ကျရှုံးသွားခဲ့တာပဲ.. ”

အစောင့်က ခေါင်း တရမ်းရမ်းဖြင့် လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။ 

“ အနက်ရောင်ဝတ်ရုံ..ပြီးတော့ အဖြူရောင်မီးတောက် ဟုတ်လား.. ”

တစ်ချက် တိတ်ဆိတ်သွားပြီးနောက် ဂျားလီဘီ၏ မျက်နှာက ပြောင်းလဲသွားသည်။ 
မီးတောက်ကို ထိန်းချုပ်ပြီး ရန်သူကို တိုက်ခိုက်တာက ဒါဟာ မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ လက္ခဏာပဲ.. ပြီးတော့ ဂျားလီကလန်နဲ့ မတည့်တဲ့ မှော်ဆေးပညာရှင်လည်း ဖြစ်.. နောက်ပြီး ဂျားလီနူကိုတောင် သတ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်တယ်.. မဟုတ်မှလွဲရော.. 

ဂျားလီဘီမှာ သံသယအချက်များကို စဉ်းစားရင်း လေလံအိမ်တွင် တွေ့ဆုံခဲ့ဖူးသော အနက်ရောင်ဝတ်ရုံနှင့် မှော်ဆေးပညာရှင်ပုံရိပ်အား ဖျတ်ခနဲ အတွေးထဲ မြင်ယောင်သွားသည်။ 

ရဖေးနှင့်ကုနီတို့ကပင် လေးစားနေရသော အနက်ရောင်ဝတ်ရုံနှင့် မှော်ဆေးပညာရှင်၏ ခန့်ညားသော ပုံပန်းသဏ္ဍာန်အား ပြန်ပုံဖော် ကြည့်လိုက်သည်။ ရုတ်တရတ် ဂျားလီဘီသည် သူ့ပါးစပ်အတွင် ခါးသက်သော အရသာအား ခံစားလိုက်ရသည်။ သူတို့သည် စလာကတည်းက မှားယွင်းမိလေပြီး။ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် လျှိုစီး၏ မှတ်ချက်စကားအရ သူတို့ ထင်လိုက်သည်က ရှောင်ကလန် က မှော်ဆေးပညာရှင်အသစ်တစ်ယောက်ကို ကံကောင်းပြီး ငှားရမ်း နိုင်ခဲ့သည်လို့ပဲ တွေးထင်ခဲ့ကြသည်။ ဒါပေမဲ့ ယခုအခြေအနေအရ ရှောင်ကလန်၏ မှော်ဆေးပညာရှင်မှာ သူတို့၏ ခပ်ညံ့ညံ့ မှော်ဆေး ပညာရှင် လျိုစီးထက် ပိုပြီး အဆင့်မြင့်နေသည်မှာ ထင်ရှားလေပြီ။

ဂျားလီဘီမှာ ခေါင်းကို ညင်သာစွာ ဘယ်ညာရမ်းရင်း အငြိုးကြီးသော ဒေါသက သူ့မျက်ဝန်းတွင် တောက်ပလာသည်။ ရွှေဒင်္ဂါးအပြား လေးသိန်းဖိုးရှိသော ဆေးအမယ်များက ဖျက်ဆီးခံလိုက်ရသည့်အပြင် ငွေကြေးအခက်အခဲကြောင့် တီလန်ြ့မို့က ဆေးကုန်သည်ဆီမှာ အကြွေး ရွှေဒင်္ဂါး သုံးသိန်းဖိုးလည်း ပေးဖို့ ကျန်နေသေးသည်။ 
ဂျားလီဘီ၏ အကြံအစည်က ဝယ်ယူလာသော ဆေးအမယ်အားလုံး ကို အနာကျတ်ဆေး ထုတ်လုပ်ရောင်းချပြီး အကြွေးဆပ်ရန်ဖြစ်သည်။ ယခုတော့ သူ့အကြံအစည်အားလုံး ပျက်စီးသွားခဲ့ပြီး။ 

ဂျားလီကလန်တို့ သွားဝယ်လာခဲ့သော ဆေးကုန်သည်မှာ တီလန်မြို့ တွင် အတော်လေး သြဇာလွှမ်းမိုးသလို အင်အားလည်း တောင့်တင်း သည်။ တကယ်၍ သူတို့သည် ဆေးအမယ်များ ဖျက်စီးခံလိုက်ရသည့် သတင်းအား ကြားသိခဲ့လျှင် သေချာပေါက် တစ်ယောက်ယောက်အား စေလွှတ်ကာ အကြွေးတောင်းခိုင်းပါလိမ့်မည်။ ဒါပေမဲ့ ဂျားလီကလန်၏ ဘဏ္ဍာတိုက်မှာ အတော်လေး ခြောက်ခမ်းနေသည်။ ထိုလောက် များပြားသော ငွေပမာဏအား သူတို့ ဘယ်မှာ သွားရှာဖွေရမည်နည်း။ အကြွေးတွေအား ပြန်မဆပ်နိုင်ခဲ့လျှင် ဂျားလီကလန်၏ ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားရတော့မည်။ 

“ ဟာကြာ.. ”

ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုမှ မထွက်လာသည့်အခါ ဂျားလီဘီ သည် ဘေးနားရှိ စားပွဲခုံအား ဒေါသတကြီးဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းပင် အနက်ရောင်သစ်သားစားပွဲခုံမှာ အပိုင်းပိုင်းအစစဖြစ် သွားကာ ယင်းအစများသည် ဘေးနားတွင် ရပ်နေသော အအစောင့် တစ်ယောက်၏ မျက်နှာအား ထိမှန်သွားသည်။ ထိုလူမှာ အံကို ကြိတ် ပြီး ဝေဒနာအား တောင့်ခံလိုက်သည်။ 

ဂျားလီဘီသည် အသက်ပြင်းချပြီး ဒေါသအား ချိုးနှိမ်လိုက်သည်။ ရှောင်ကလန်ကိုလည်း နာကျင်စွာ နှလုံးသားထဲ အငြိုးထားလိုက် တော့သည်။ လက်ကို ခါယမ်းလိုက်ပြီး တည်ငြိမ်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။ 

“ ကျန်နေတဲ့ အနာကျတ်ဆေးအားလုံးကို ဈေးဆိုင်နေရာအားလုံးဆီကို ပို့ထားလိုက်တော့.. နောက်တစ်ခုရှိသေးတယ်.. ဒီနေ့ ဖြစ်ပျက်သွားတဲ့ ကိစ္စကို တစ်ခွန်းမှ မဟကြနဲ့တော့.. တစ်ယောက်ယောက်က ဒီသတင်း ကို ဖြန့်လိုက်မယ်ဆိုရင် ကလန်စည်းကမ်းအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်.. ”

“ ဟုတ်ကဲ့ပါ..”

အစောင့်များ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး လေးစားစွာဖြင့် ကတိပေးလိုက်ကြသည်။ ထို့နောက်တွင် အစောင့်တို့ သည်  ခန်းမကနေ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ဘယ်သူမှ မရှိတော့သည့် ခန်းမကို ငေးကြည့်ပြီး ဂျားလီဘီသည် ကုလားထိုင်နောက်ကျောအား ပင်ပန်းစွာဖြင့် မှီလိုက်သည်။ ဒီအချိန် မှာ ဂျားလီကလန်က တောင့်ခံထားနိုင်ရင်တောင် သူတို့၏ အင်အားက အကြီးအကျယ် ကျဆင်းသွားနိုင်သည်။ ရှောင်ကလန်ကို ရင်ဆိုင်ဖို့က ခက်ခဲသွားတော့မည်။ ထိုအကြောင်းအား စဉ်းစားရင်း ဂျားလီဘီသည် နက်နက်ရှိုင်းရှိုင်းပင် အသက်ပြင်းချမိတော့သည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ သူသည် ရှောင်ကလန်နှင့် ပြဿနာဖြစ်ခဲ့ရခြင်းအား နောင်တရစ ပြုလာခဲ့သည်။ 

ဒါပေမဲ့ နောင်တသည် ပြီးမှ ရတတ်သည့်အရာပင် ဖြစ်ချေတော့၏

တခြားသော ကိစ္စမျာကို ပြီးပြတ်အောင် ရှင်းလင်းခဲ့ပြီးနောက် ရှောင်ယွင်သည် ရုပ်ဖျက်ထားတာကို ပြန်ဖျက်လိုက်သည်။ ထို့နောက် အိမ်ကို ခပ်မြန်မြန်လေး ပြန်သွားလိုက်သည်။ ရွဲ့လော်ကိုလည်း အားအင်ပြန်ဖြည့်ပေးသည့် ဆေးလုံးအချို့ကို ဖော်စပ်ခိုင်းပြီးနောက် ရှင်းအာဆီကို မြန်မြန်သွားပို့ပေးလိုက်သည်။ ထိုဆေးလုံးအား ရှင်းအာ သည် သူမ၏ ရေလို ကြည်လင်သည့် မျက်လုံးလေးမှာ  အနည်းငယ် နီမြန်းသွားပြီးနောက် သချာဂရုစိုက်ပြီး လက်ခံလိုက်လေသသည်။ ရှင်းအာ ခံစားသွားလိုက်ရသော အဖြစ်ကြောင့် ရှောင်ယွင်မှာ သူ့၏ ယုံကြည်ချက်တို့ ပိုပြီး အားကောင်းသွားခဲ့သည်။ 

ရှောင်ယွင်က ဂျားလီကလန်၏ ဆေးအမယ်များကို ဖျက်ဆီးလိုက်ပြီး နောက်နေ့တွေမှာ ဝူတန်မြို့သည် ပုံမှန် လည်ပတ်နေဆဲပင်။ သို့သော်လည်း တချို့သော သတိထားမိသူတွေက ရှောင်ကလန်၏ ဈေးဆိုင်နေရာတွင် ပြဿနာလာရှာတတ်သော ဂျားလီကလန်က လူတို့သည် တိုးတိတ်စွာ ပျောက်နေသည်ကို သတိထားမိလိုက်ကြ သည်။ တဖန် ဂျားလီကလန်က လူတွေသည်လည်း အမြဲတမ်း မောက်မာနေတတ်သည့်အမူအရာတကိုလည်း မတွေ့ရတော့ပေ။ မှန်းဆရခက်သော ဂျားလီကလန်၏ လှုပ်ရှားမှုကြောင့် တချို့လူတွေက အနည်းငယ် သင်္ကာမကင်းဖြစ်လာကြသည်။ 

ရှောင်ကလန်၏ အစည်းအဝေးခန်းမ…..

“ ဂျားလီကလန်က ဒီရက်ပိုင်းမှာ ဘာခြေလှမ်းတွေ လှမ်းဖို့ ကြိုးစားနေတာလဲ? သူတို့က အားနည်းနေသယောင် ငါတို့ကို ထင်စေချင်နေလို့လား.. ”
ထိုရက်ပိုင်းအတွင်း စုဆောင်းထားသော သတင်းအချက်အလက်များ ကို ဖတ်ရှုလိုက်ပြီးနောက် ရှောင်ကျန်းသည် မျက်မှောင်ကြုတ်ထား လျက် အကြီးအကဲသုံးယောက်အား မေးလိုက်သည်။ သူ့မျက်နှာတွင် လည်း သံသယများ ဖြစ်ပေါ်နေသည်။ 

အကြီးအကဲသုံးယောက်ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီ ပြိုင်တူပင် ခေါင်းခါလိုက်ကြသည်။ ပထမအကြီးအကဲက အာစေးမိသလိုဖြစ်နေပြီးနောက် ဖြည်းလေးစွာ ပြောလိုက်သည်။ 

“ ဒီလို မူမမှန်နေတာက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး.. ဂျားလီဘီက အင်မတန်ကို ဥာဏ်များတဲ့သူပါ.. သူ အကြံအစည် တစ်ခုခုတော့ ကြံစည်နေတာ ဖြစ်နိုင်တယ်.. သတိထားတာ ပိုကောင်းပါတယ်.. ”

ရှောင်ကျန်းလည်း ခေါင်းညိတ်လိုက်သည်။ သတိကြီးသော လူတစ်ယောက်ဖြစ်၍ ဂျားလီကလန်၏ လှုပ်ရှားမှုတိုင်းကို သူ မပေါ့ဆပေ။ 

အကြည့်ကို လွှဲလိုက်ရာ ကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေသော ရှောင်ယွင်ကို မြင်သည့်အခါ ရှောင်ကျန်း စိတ်ပျက်စွာဖြင့် ခေါင်းခါ လိုက်သည်။ ဒီလူရှုပ်လေးက ကလန်ကိစ္စတွေမှာ နည်းနည်းလေး တောင် စိတ်ဝင်စားဟန်ပင် မပြချေပါလား။ 

“ ယွင်အာ.. မင်း ကြီးမြတ်တဲ့ မှော်ဆေးဆရာနဲ့ တွေ့ခဲ့တယ်ဆိုတာ ဟုတ်လား ”

ရှောင်ကျန်းသည် ရေနွေးပန်းကန်လုံးအား ယူပြီး စုပ်သောက်လိုက်ရင်း ရုတ်တရက် လှမ်းမေးလိုက်သည်။ 

ရှောင်ကျန်း၏ မေးခွန်းကြောင့် အကြီးအကဲသုံးယောက်တို့သည်လည်း ရှောင်ယွင်ကို ကြည့်လိုက်ကြသည်။ ထိုထူးခြားသော အကြီးအကဲက သူတို့ ရှောင်ကလန်အတွက် အလွန်အရေးကြီးသည်ဆိုတာ ပြောပြဖို့ ပင် မလိုအပ်ပါဘူး။ ဒါပေမဲ့ ရှောင်ကလန်တစ်ခုလုံးမှာ ရှောင်ယွင်က သာ ထိုအကြီးအကဲနှင့် ရင်းနှီးသည်။ ထူးခြားသော အကြီးအကဲနှင့် တွေ့ဖို့ အခွင့်အရေးက တခြားဘယ်သူမှာမှ မရှိကြပါဘူး။ 

ရှောင်ယွင်တစ်ယောက်သာ ထိုအခွင့်အရေးအား ရထားသည်ကို ကြည့်ပြီး အားလုံးဟာ မနာလိုသွားကြသည်။ 

မျက်ခွံအား လေးလံစွာ ဖွင့်လိုက်ပြီး ပျင်းရိနေသော လေသံဖြင့် ရှောင်ယွင် ဖြေလိုက်ချေသည်။ 

“ အင်း.. တွေ့ပြီးပြီ ”

တချက်ပြန်တိတ်သွားပြီး ထပ်ပြောပြန်သည်။ 

“ သူက သားကို တပည့်လုပ်စေချင်တယ်တဲ့.. ”

ရှောင်ယွင်စကားကို ကြားလိုက်ရသည့်အခါမှာ ရေနွေးခွက်ကို ကိုင် ထားသော ရှောင်ကျန်း၏လက်မှာ တုံ့ခနဲ ရပ်တန့်သွားသည်။ ခံစားချက်ပေါင်းစုံဖြင့် ကုလားထိုင်မှာ လိမ်ကောက်ပြီး ထိုင်နေသော ရှောင်ယွင်အား ငေးကြည့်မိပြီး တံတွေးကို မျိုချလိုက်ကာ မယုံနိုင်ဟန် ဖြင့် ထပ်မေးလိုက်သည်။ 

“ မင်းပြောလိုက်တာက သူက မင်းကို တပည့်အဖြစ် မွေးချင်တယ်လို့ ပြောလိုက်တာလား.. ”

ရှောင်ယွင် မျက်ခွံကို နောက်တစ်ခါ ပင့်တင်လိုက်ပြီး ပျော်ရွှင်ခြင်းရော စိတ်လှုပ်ရှားခြင်းပါ ပြည့်နှက်နေသည့် ရှောင်ကျန်း၏ မျက်နှာနှင့် တစ်ခါ မျက်မှောင်ကုတ်ပြီး ရှုံ့မဲ့နေသော အကြီးအကဲသုံးယောက်တို့ကိုလည်း ကြည့်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

“ ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်..”

စိတ်လှုပ်ရှားနေသာ မျက်နှာဖြင့် ရှောင်ကျန်းသည်ရေနွေးခွက်အား အကုန်မော့သောကပ်ပစ်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။ ခန်းမထဲမှာပဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း လက်နှစ်ဖက်ကိုလည်း စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။ 

“ ငါသိတယ်.. ငါ့သားက ရိုးရိုးသာမန်လူ မဟုတ်ဘူးဆိုတာ.. ဟွန့်.. ငါ့သားကို ဒုက္ခိတကောင်လို့ ခေါ်ရဲတဲ့သူကို ငါကိုယ်တိုင် လိုက်သတ် ပစ်မယ်.. ”

တော်တော်လေး စိတ်လှုပ်ရှားနေသော ရှောင်ကျန်းအမူအရာအား ကြည့်ပြီး ရှောင်ယွင်မှာ စိတ်ညစ်သွားဟန်ဖြင့် ခေါင်းခါလိုက်ပြီးနောက် တိုးဖျော့စွာဖြင့် ပြောလိုက်ပြန်သည်။ 

“ လတဝက်အချိန်အတွင်းမှာပဲ.. ဆရာနဲ့အတူ လေ့ကျင့်ဖို့ ထွက်သွားရ မယ်.. နောက်တစ်နှစ်ကျော်လောက်မှပဲ ပြန်လာနိုင်တော့မယ်..”

“ ဟမ်.. ”

ရှောင်ကျန်းမှာ ကြက်သေသေသွားမိပြန်သည်။ သူ့မျက်နှာက အပြုံး သည် ကွယ်ပျောက်သွားကာ မျက်ခုံးက တွန့်ချိုးသွားသည်။ အနည်း ငယ်တွေဝေနေပြီးနောက် မေးလိုက်သည်။ 

“ ဂျားနန်အကယ်ဒမီကျောင်းကို တက်ဖို့ကရော..ဂျားနန်အကယ်ဒမီ ကျောင်းက ထိပ်သီးကျောင်းတစ်ကျောင်းနော်.. တကယ်လို့ အဲ့မှာ မင်း ကျောင်းတက်လိုက်ရင် မင်းအတွက် အကျိုးရှိလာမှာ.. ”

“ ကျောင်းဝင်ခွင့်ကိုတော့ ဖြေမှာပါ.. ဒါပေမဲ့ တစ်နှစ် နှစ်နှစ်လောက် အထိတော့ ကျောင်းနားထားမှာ.. ” 

ရှောင်ယွင်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ပုံမှန်အတိုင်းပဲ ပြုံးရင်း ပြန်ဖြေလိုက်သည်။ 

“ ပြီးတော့ ဂျားနန်အကယ်ဒမီကျောင်းက ကြီးကျယ်တယ်ဆိုပေမဲ့ နှစ်နှစ်အတွင်း နာလန်ရိရွမ်ကို နိုင်တဲ့အထိတော့ သူတို့လည်း ကူညီနိုင်မှာ မဟုတ်ဘူး.. ” 

ရှောင်ယွင်သည် ခန်းမပတ်လည်အား ပြုံးရင်း ကြည့်လိုက်သည်။ အရင်တစ်ချိန်က မာနကြီးသော ကောင်မလေးတစ်ယောက်က ဤခန်းမမှာပဲ သူ့ရဲ့ ဂုဏ်သိက္ခာကို ချိုးဖဲ့ခဲ့သည်။ 
ရှောင်ယွင်အတွက် နာကျင်စရာ နာမည်အား ကြားလိုက်သည့်အခါ ရှောင်ကျန်းသည် တုန်လှုပ်သွားသလို တိတ်ဆိတ်သွားခဲ့သည်။ 

ရှောင်ယွင်သည် ပျင်းရိစွာဖြင့် မတ်တတ်ရပ်ကာ ခန်းမကြီးကနေ ထွက်သွားလိုက်တော့သည်။ သူ့၏ ရယ်သံသည်လည်း ခန်းမထဲကို ပျံ့လွင့်လို့ လာခဲ့သည်။ 

“ ကတိပေးထားပြီးမှတော့ ကတိစကားအတိုင်း သူနဲ့ တွေ့ဆုံရမှာပေါ့ ဟားဟား.. ငါ့ကို အမြင်သစ်နဲ့ မြင်စေရုံသာမကဘူး.. ငါကလည်း သူ့ရဲ့ တွက်ချက်မှုက အလွဲကြီး လွဲသွားပြီးဆိုတာကိုလည်း သူ့နဲ့တွေတဲ့ အခါ ပြောပြချင်သေးတယ်.. ”

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...