အခန်း ( ၁၅၁ ) မီးတောက်သစ်စေ့ သန့်စင်ခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
ရွဲ့လော်၏ စကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် အနည်းငယ်တော့ ကြက်သေသေသွားမိသည်။ ပြီးနောက် ငိုသံပါသော အသံဖြင့် “ ဆရာ ပြောတဲ့ပုံစံကလည်း တိရစ္ဆာန်တစ်ကောင်ကို အိမ်မှာမွေး..၊ အသားတိုးတဲ့အချိန်ကိုစောင့်..၊ ပြီးရင် သတ်စားလိုက်လို့ ပြောနေတာနဲ့ တူနေသလိုပဲဗျာ.. ”
“ ဟီ…၊ ဟုတ်တယ်.. အဲ့ဒီသဘောအတိုင်းပဲ.. ဟီ.. ” ရွဲ့လော်မှာ ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ရှောင်ယွင်လည်း ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်မိသည်။ ထို့နောက် သူ့ရဲ့ ချီကျင့်စဉ်ကို အဆင့်တိုးစေနိုင်မည့် မျှော်လင့်ချက်တစ်ခုဖြစ်သော သူ့လက်ချောင်းထိပ်က ခရမ်းရောင်မီးတောက်ကို ငေးစိုက်ကြည့်နေလိုက်သည်။ ကောင်းကင်ဘုံမီးတောက်သည် သူနှင့် အလှမ်းဝေးနေသေးသည်မို့ အခု ဒီခရမ်းရောင်မီးတောက်ကသာ လက်ရှိသူ့အခြေအနေနှင့် အသင့်တော်ဆုံး ဖြစ်နေသည်မဟုတ်လား။
“ ဒါဆို ဒီမီးတောက်ကို ဘယ်လို သန့်စင်ရမလဲ.. ” ရှောင်ယွင် အသက်ပြင်းချလိုက်ပြီတော့ ခေါင်းမော့ပြီး ရွဲ့လော်ကို မေးလိုက်သည်။
“ နေပါဦး..၊ ခရမ်းရောင်မီးတောက်က သခင်မရှိနေဘူးဆိုတော့ မင်းကိုတော့ ခုခံနေမှာ မဟုတ်ဘူး..၊ ခရမ်းရောင်မီးတောက်ကို မီးတောက်သစ်စေ့ပြောင်းပြီ ချီကျင့်စဉ်အဆင့်တိုးဖို့က အန္တရာယ်တော့ များလောက်မှာ မဟုတ်ဘူး.. ” ရွဲ့လော်သည် ပါးစပ်ကနေ ပြောလည်း ပြော လက်ကလည်း ရှောင်ယွင်ခေါင်းကို ထိကပ်ထားလိုက်ပြီးနောက် “ ငါ့ညွန်ကြားချက်အတိုင်း လိုက်လုပ်.. ” ဟု ပြောလိုက်သည်။
ရှောင်ယွင် ခေါင်းထဲသို့ များပြားလှသော အချက်အလက်များ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာတွေကို သေချာစွာ လေ့လာလိုက်ရင်း သူ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်လုံးတွေကို တစ်ဖြည်းဖြည်းဖြင့် မှိတ်ချလိုက်ပြီး ခြေချင်းချိတ် ထိုင်ချလိုက်သည်။ ထို့နောက် သူ့မျက်လုံး၊နှာခေါင်း၊ နှလုံးအိမ် စသည်တို့ကို စိတ်ဖြင့် ကြည့်ရင်း တစ်ဖြည်းဖြည်းဖြင့် သူ့စိတ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ချီလမ်းကြောင်းတစ်လျှောက် သူ့စိတ်က လိုက်ပါလည့်ပတ်သွားပြီး နောက်ဆုံးတွင် ဝမ်းဗိုက်အောက်နားတွင် ရှိသော ဒိုချီဝဲကတော့ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဒိုချီဝဲကတော့သည် အရင်ကထက် အရွယ်အစား သေးငယ်နေသယောင် ရှိနေသည်။ သို့သော် သေချာစွာ အသေးစိတ်လေ့လာကြည့်လျှင် ထိုဝဲကတော့အတွင်းတွင် သိပ်သိပ်သည်းသည်းဖြင့် အရင်ကထက် ပို၍ စုစည်းနေတာကို တွေ့ရပါလိမ့်မည်။
ရှောင်ယွင်၏ စိတ်သည် ဝဲကတော့ ဘေးပတ်လည်တွင် တစ်ပတ်လည်လိုက်သည်။ မည်သည့်ပြဿနာမှ မတွေ့ရသည့်အခါ ရွဲ့လော်၏ ညွန်ကြားချက်အတိုင်း စတင်လုပ်ဆောင်လိုက်သည်။
ရှောင်ယွင်၏ စိတ်သည် ဝဲကတော့အနားသို့ သွားလိုက်ပြီးနောက် တစ်ဖြည်းဖြည်းဖြင့် အထဲ ဝင်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဉ်အာရုံဖြင့် သူထိန်းချုပ်နေသော ခရမ်းရောင်မီးတောက်ကို အဆက်မပြတ် ရှာဖွေနေသည်။
ချီဝဲကတော့အတွင်းအထိ ရှောင်ယွင် သေချာ ဂရုတစိုက်ဖြင့် ဆက်လက် ရှာဖွေကြည့်သည်။ အချိန်အတော်ကြမှ ခရမ်းရောင်စွမ်းအင်အမျှင်တန်းများ တစ်ဖြည်းဖြည်း ထွက်ပေါ်လာလေသည်။ ခရမ်းရောင်စွမ်းအင်ထွက်ပေါ်လာသည်နှင့် ရှောင်ယွင်သည် လျှပ်တစ်ပြက်အတွင်း စိတ်ဝိညာဉ်အာရုံကို ထိန်းချုပ်ကာ မိုးကြိုးပစ်ချလိုက်သည်သကဲ့သို့ အလွန်သွက်လက်စွာဖြင့် ခရမ်းရောင်စွမ်းအင်ကို လွှမ်းခြုံပစ်လိုက်သည်။
“ ဝဲကတော့အထဲမှာ ခရမ်းရောင်မီးတောက် ထည့်ထားနိုင်မဲ့ အပေါက်ငယ်တစ်ပေါက် ဖွင့်ရမယ်.. ”
စိတ်ထဲတွင် ရွဲ့လော်၏ အသံကို ကြားယောင်သွားရင်း ရှောင်ယွင်သည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ချီဝဲကတော့ကို လျင်မြန်စွာ ဝိုင်းရံထားလိုက်သည်။ တစ်ခဏလောက်သာ တိတ်ဆိတ်သွားပြီးနောက် စိတ်ဝိညာဉ်အာရုံသည် ချီဝဲကတော့အား အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် မောင်းနှင်လေ၏။
ချီဝဲကတော့အတွင်း လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်လာသည့်အခါတွင် ချီလမ်းကြောင်းမှာ ရှိသည့် ဒိုချိစွမ်းအင်တို့သည်လည်း သွက်လက်လျင်မြန်လာကာ အရှိန်အဟုန်ဖြင့် လှည့်ပတ်လာကြသည်။ သို့သော် ထိုအရာတို့ကို လိုက်မကြည့်နေဘဲ လျင်မြန်စွာ လှည့်ပတ်နေခြင်းကြောင့် ဖြစ်ပေါ်လာသော ချီဝဲကတော့အတွင်းရှိ အလယ်ဗဟိုက နေရာငယ်ကိုသာ အပြည့်အဝ အာရုံသွင်းထားလိုက်သည်။
လုပ်ဆောင်မှုအောင်မြင်သွားသည်ကို ကြည့်တဲ့အခါ ရှောင်ယွင်သည် ချီဝဲကတော့ကို ဝိုင်းရံထားသည့် စိတ်ဝိညာဉ်အာရုံကို ပို၍ အားစိုက်လိုက်သည်။ စိတ်ဝိညာဉ်အာရုံတို့ ပို၍ အားကောင်းလာသည့်အခါ ချီဝဲကတော့အတွင်း လှည့်ပတ်နေသည့် အလျင်နှုန်းတို့သည်လည်း ပို၍ မြန်ဆန်လာခဲ့သည်။ နောက်ဆုံးတွင် ချီဝဲကတော့အတွင်းက အဝါရောင်ဖျော့ဖျော အဝိုင်းစက်လေးကို မမြင်ရတော့ဘဲ အတွင်းမှ ရိုက်ခတ်ထွက်လာသော အသွင်မဲ့ အသံတို့သာ ပဲ့တင်ထပ်နေလေ၏။ ရှောင်ယွင်လည်း စိတ်ကို ချီဝဲကတော့အတွင်းက အလယ်ဗဟိုကိုသာ စိတ်ထည့်ထားလျက် ရှိသည်။ ချီဝဲကတော့အတွင်းက ဟင်းလင်ပြင်နေရာသာ တစ်ဖြည်းဖြည်းဖြင့် ကျယ်ပြန့်လာသည်။ လက်သီးဆုပ်အရွယ်လောက် ကျယ့်ပြန့်လာသည့်အခါမှာ ရှောင်ယွင်လည်း စိတ်သက်သာရာ ရသွားပြီးနောက် ချီဝဲတော့ကနေ သူ့၏ စိတ်ဝိညာဉ်အာရုံကို တစ်ဖြည်းဖြည်း အနောက်ပြန်ဆုတ်လေ၏။
စိတ်ဝိညာဉ်အာရုံလည်း အကုန်လုံး အနောက်ဆုတ်သွားသည့်အခါတွင် ချီဝဲတော့အတွင်း လည်ပတ်နေသည့် အရှိန်နှုန်းမှာလည်း တစ်ဖြည်းဖြည်း နှေးလာခဲ့သည်။ သို့ပေမဲ့ ရှောင်ယွင်၏ ထိန်းချုပ်မှုကြောင့် ချီဝဲကတော့အတွင်းရှိ အလယ်ဗဟိုက အတွင်းလေးသည် ဘေးပတ်ဝန်းကျင်နှင့် ဟန်ချက်ညီမျှသလို ဖြစ်လာကာ ၎င်း၏ အလျင်နှုန်းကလည်း လုံးဝ မနှေးသွားခဲ့ပေ။
အလယ်ဗဟိုက ဟင်းလင်ပြင်တွင်းနေရသည် မပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှောင်ယွင် နောက်တစ်ခါ အသက်ပြင်းချလိုက်၏။ ထို့နောက် သူ့၏ စိတ်အာရုံသည် ခရမ်းရောင်စွမ်းအင်အမျှင်တန်းများကို ဝိုင်းရံလိုက်ကာ ဒိုချီစွမ်းအင်များဖြင့် ပိတ်ဆို့၍ လမ်းကြောင်းအတိုင်း မောင်းသွင်းကာ အလယ်ဗဟိုက ဟင်းလင်းပြင်နေရာသို့ မောင်းပို့လိုက်သည်။
ချီဝဲကတော့ အလယ်ဗဟိုက ဟင်းလင်းပြင်တွင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ချီဝဲကတော့ တစ်ခုလုံး တုန်ခါသွားသည်ဟု ရှောင်ယွင် ခံစားလိုက်ရသည်။ ချက်ချင်းပဲ စိတ်ဝိညာဉ်အာရုံဖြင့် ချီဝဲကတော့ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
စိတ်ဝိညာဉ်အာရုံဖြင့် အားထည့်၍ တည်ငြိမ်အောင် ထိန်းလိုက်သည့်အခါ ချီဝဲကတော့သည်လည်း တစ်ဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ချီဝဲကတော့အတွင်းတွင် ဗဟိုချက်နေရာ၌ နေရာယူထားသော ခရမ်းရောင်စွမ်းအင်နေရာသို့ အပြင်ပတ်လည်ရှိ ချီဝဲကတော့မှ ဒိုချီစွမ်းအင်တို့ အဆက်မပြတ် တိုးဝင်လာသည်ကို ရှောင်ယွင် မြင်နေရ၏။
ရှောင်ယွင်၏ အတွေးအာရုံတို့သည် သေးငယ်သွားသည့် ခရမ်းရောင်စွမ်းအင်တို့ကို စိတ်လှုပ်ရှားစွာ လေ့လာကြည့်သည်။ မီးဓာတ်ဒိုချီစွှမ်းအင်တို့ တစ်ဖြည်းဖြည်း တိုးဝင်လာသည့်အခါ ခရမ်းရောင်စွမ်းအင်တို့သည် အော်ဟစ်သံ ပြုကြသည်။ ခဏအကြာတွင် ရှောင်ယွင် ကြည့်နေဆဲမှာပဲ ၎င်းစွမ်းအင်တို့သည် စတင်အသွင်ပြောင်းလာကြသည်။
ခရမ်းရောင်စွမ်းအင်တို့သည် အရင့်ရောင်သို့ ပြောင်းလဲလာကြသည်။ ရင့်မှောင်လာပြီး အဆင့်တစ်ခုအထိ ရောက်သည့်အခါမှာ ခရမ်းရောင်စွမ်းအင်တို့ ရုတ်တရက် တုန်ခါလာပြီး မီးတောက်ဖန့်ဖန့်တစ်ခုက ခရမ်ရောင်စွမ်းအင်အစုကနေ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ခရမ်ရောင်စွမ်အင်တို့သည် ထိုခရမ်းရောင်မီးတောက်ငယ်၏ စုပ်ယူမှုကို ခံလိုက်ရ၏။
ထိုကဲ့သို့ နက်မှောင်သော အလယ်ဗဟိုဟင်းလင်းပြင်တွင်းပေါက်တွင် ခရမ်းရောင်မီးတောက်ငယ်တစ်ခု အထီးတည်း ထွန်းလင်းနေ၏။ ခပ်နွေးနွေး ပူနွေးနေသည်က ပျံ့နှံ့လာပြီး ဒိုချီဝဲကတော့အပြင်ဘက်သို့တိုင် ရောက်ရှိသွားသည်။
ဒိုချီဝဲကတော့အတွင်း ပူနွေးမှုများ ပျံ့နှံ့သွားသည့်အခါ ချီဝဲကတော့အတွင်း လည်ပတ်နှုန်းများ မြန်ဆန်လာသည်ကို ရှောင်ယွင် ခံစားလိုက်ရသည်။ ထိုအခါ ရှောင်ယွင်မှာ အလွန်အံ့သြသွားပြီ စိတ်မထိန်းနိုင်လောက်အောင် ပျော်ရွှင်သွားသည်။ တကယ်၍ ချီဝဲကတော့သည် ၎င်းဘာသာ လျင်လျင်မြန်မြန် လည်ပတ်နေပါက ရှောင်ယွင်အနေဖြင့် ကိုယ်တိုင် လုပ်စရာမလိုတော့သည့် အဓိပ္ပါယ် ဖြစ်နေသည်မဟုတ်လား။ ထိုသို့ဖြစ်နေပါက ဘေးပတ်ဝန်းကျင်မှ ဒိုချီစွမ်းအင်တို့ သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စုပ်ယူနေမည်မဟုတ်လား။ ထိုအခါ သူ့ခန္ဓာကိုယ်သည်လည်း ဒိုချီစွမ်းအင်တို့ဖြင့် အဆက်မပြတ် သန့်စင်နေတော့မည်။ ဒီလိုအကျိုးရလဒ်က သူ လေ့ကျင့်သည့်နေရာမှာ အလွန်အသုံးဝင်နေမှာ မေးနေစရာပင် မလိုချေ။
ခရမ်းရောင်မီးတောက် ထွက်ပေါ်လာပြီးနောက်တွင် ၎င်းသည် လည့်ပတ်စေသည့် စက်ကြီးတစ်လုံးအလား တစ်ဖြည်းဖြည်း စတင်လည်ပတ်လေ၏။
ခရမ်ရောင်မီးတောက်သည် အပူကို ထုတ်လွှတ်ရန်အလို့ငှား ဒိုချီဝဲကတော့မှ ဒိုချီစွမ်းအင်တို့ကို စုပ်ယူနေလေရာ အကျိုးဆက်အားဖြင့် ချီဝဲကတော့၏ ဒိုချီစွမ်းအင်စုပ်ယူအားကိုပါ မြင့်တက်စေခဲ့၏။ ထိုကဲ့သို့ အပြန်အလှန် အကျိုးပြုစေခြင်းက ခရမ်းရောင်မီးတောက်နှင့် ချီဝဲကတော့တို့အား မျာစွာ အကူအညီဖြစ်စေသည်။
ချီဝဲကတော့ကို ရှောင်ယွင် နောက်တစ်ကြိမ် လေ့လာလိုက်ပြန်သည်။ တစ်စုံတရာ ပြဿနာမတွေ့သည်နှင့် သူ့ခန္ဓာကိုယ်ကနေ အတွေးအာရုံကို ပြန်လည်ထွက်ခွာလိုက်သည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည့်အခါတွင် ခရမ်းရောင်အလင်းက မျက်ဆံနက်အတွင်း လင်းလက်သွားသည်။ ခဏအကြာတွင် ခရမ်ရောင်အလင်းက ပျောက်ကွယ်သွားပြီ မူလ အနက်ရောင်သာ ကျန်ခဲ့သည်။
“ ဘယ်လိုရှိမလဲ..? အောင်မြင်တယ်မလား.. ? ” ရှောင်ယွင် မျက်လုံးဖွင့်လာသည်ကို မြင်သည့်အခါ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည့် ရွဲ့လော်က မေးမြန်းလိုက်သည်။
“ ဟုတ်ကဲ့..၊ မီးတောက်သစ်စေ့ဖြစ်တဲ့အထိ လုပ်နိုင်ခဲ့ပြီး.. ” ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ ညင်သာစွာဖြင့် လက်ဖျောက်တွတ်လိုက်သည့်အခါတွင် ကြည်လင်သော အသံနှင့်အတူ ခရမ်းရောင်မီးတောက်ငယ်တစ်ခုက လက်ချောင်းထိပ်တွင် ထွက်ပေါ်လာသည်။
ရှောင်ယွင်လည်း ခရမ်းမီးတောက်အား စပ်စုသော အကြည့်ဖြင့် ကြည့်ကာ ကစားနေကြည့်လိုက်သည်။ အတန်ကြာလျှင် ဘေးနားရှိ ကျောက်နံရံအား တို့ထိလိုက်သည့်အခါတွင် ယင်းနံရံသည် တစ်ခဏအတွင်း မဲတူးသွားသည်။
“ ဒါက ဆရာ့ရဲ့ အရိုးအေးစိမ့်မီးတောက်ထက် အားမကောင်းတဲ့ပုံပဲ.. ” မဲတူးသွားသည့် နေရာကို ကြည့်ပြီး ရှောင်ယွင် ခါးသီးစွာ ပြုံးလိုက်ကာ ဆိုလိုက်သည်။
“ ဟုတ်တာပေါ့..၊ အရိုးအေးစိမ့်မီးတောက်က ကောင်းကင်ဘုံမီးတောက်လေ..၊ ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက်စာရင်းထဲမှာဆို အဆင့်ဆယ့်တစ်မှာမှာ ရှိတယ်..၊ မင်းရဲ့ အစုတ်အပဲ့မီးတောက်နဲ့တောင် ယှဉ်လို့ရနေတယ်ဆိုရင် ငါက ဘာလို့ ပြာပုံဖြစ်နိုင်လောက်တဲ့ အန္တရာယ်ကြီးကို ရင်းပြီး ကောင်းကင်ဘုံမီးတောက်ကို စွန့်စားရှာဖွေနေတော့မလဲ.. ” ရှောင်ယွင်စကားကြောင့် ရွဲ့လော်က စိတ်ပျက်သွားဟန်ရှိကာ ခပ်ပြုံးပြုံးဖြင့် အော်ငမ်းလိုက်လေသည်။
ရှောင်ယွင်လည်း စိတ်ပျက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်လေ၏။ ၇ွဲ့လော်၏ စကားလုံးသည် သူအား အတော်ပင် ထိခိုက်လေသည်။ သူ ဒီလောက် ကြိုစားပမ်းစာ အားထုတ်ကာမှ ကံကောင်းထောက်မ၍ ရရှိလာသည့်အရာတစ်ခုကို အစုတ်အပဲ့ဟုပင် ရွဲ့လော်က ပြောလိုက်သေးသည်။
“ ကဲပါလေ…၊ စိတ်ဓာတ်ကျနေသလို မကြည့်နေနဲ့တော့..၊ အခု ခရမ်းရောင်မီးတောက်ကို ပိုင်ပြီးဆိုတော့ သူ့ရဲ့ စွမ်းအားက ဘယ်လောက်ရှိနေမလဲ..၊ မင်းက သခင်ဖြစ်နေပြီးဆိုတော့ သူ့စွမ်းအားက အားမကောင်းဆိုတာ မဖြစ်သင့်ဘူး..၊ နီလာခရမ်းတောင်ပံခြင်္သေံ့က ခရမ်းရောင်မီးတောက်နဲ့ တိုက်ခိုက်လိုက်တာကို တွေ့တယ်မလား..၊ ဘယ်လောက်ကောင်းတဲ့ အင်အားမျိုးလဲ..၊ ယွင်ချီဆိုတဲ့ ကလေးမတောင် ဒိုဝှမ်းအဆင့်နဲ့ ကာတောင် မကာလိုက်နိုင်ဘူးမလား..၊ အဲဒါပဲကြည့်.. ဒီမီးတောက်က သာမန်တော့ မဟုတ်လောက်ဘူး..”
စိတ်ပျက်နေပါသော ရှောင်ယွင်ကို ကြည့်ပြီး ရွဲ့လော်က အားပေးစကား ပြောလိုက်ပြန်သည်။
ရှောင်ယွင်လည်း အသက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခါးသက်သော အပြုံးဖြင့် “ ဒီခရမ်းရောင်မီးတောက်လေးကို နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ အင်အားမြှင့်တင်စေချင်ရင်တော့ နောက်ထပ် ဆယ်နှစ်လောက် ကြာလိမ့်မယ်ထင်တယ်.. ”
“ အင်း..ပုံမှန်နည်းလမ်းနဲ့ဆိုရင်တော့ အဲဒီစကားက မှန်တယ်လို့ ပြောရမှာပေါ့.. ” ရွဲ့လော် ခေါင်းညိတ်လိုက်ပါသည်။
ထို့အခါ စိတ်ဓာတ်ကျသွားရှာသော ရှောင်ယွင်အမူအရာကို ကြည့်ပြီး ရွဲ့လော်က အားမလို အားမရဟန်ဖြင့် ပြောလေ၏။
“ မင်းမှာ နီလာခရမ်းမွေးရာပါအမြုတေအဆီအနှစ် ရှိတယ်မဟုတ်ဘူးလား..၊ အဲါဒက ခရမ်းရောင်မီးတောက်အစွမ်းကို မြင့်ဖို့ အကောင်းဆုံး အကူပစ္စည်းပဲ..၊ အဆီအနှစ်ကို သုံးလိုက်လို့ နာကျင်သွားမှာကို မင်းတောင့်ခံနိုင်ရင်တော့ မင်းရဲ့ ခရမ်းရောင်မီးတောက်က အလွန့်လွန်ကို တိုးတက်သွားလိမ့်မယ်ကွ.. ”
“ နီလာခရမ်းမွေးရာပါအမြုတေအဆီအနှစ်လား.. ”
ရှောင်ယွင် တစ်ချက်တော့ ကြောင်အသွားသည်။ ထို့နောက် မဖုံးကွယ်ထားနိုင်လောက်အောင် ပျော်ရွှင်သွားကာ သိုလှောင်လက်စွပ်ကနေ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်လေသည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါတွင် နွေးထွေးပြီး ထူးခြားသည့် အနံ့အသက်တစ်ခုက ပျံ့သင်းလာသည်။
သိပ်သည်းလှသော မီးဓာတ်စွမ်းအင်များ ပါဝင်နေသော ထိုရနှံ့ကို ရှုရှိုက်လိုက်သည့်အခါတွင် သူ့လက်ချောင်းထိပ်က ခရမ်းရောင်မီးတောက်သည် ပိုတောက်ပလာသည်ကို ရှောင်ယွင် သတိပြုလိုက်မိသည်။
“ အင်မတန်ကို သိပ်သည်းတဲ့ မီးဓာတ်စွမ်းအင်တွေပါလား.. ” ခရမ်းရောင်မီးတောက်၏ ပြောင်းလဲမှုကို ကြည့်ပြီး ရှောင်ယွင်မှာ အလိုလို ပင့်သက်ရှိုက်လိုက်မိသည်။
“ နောက်ဆိုင်ရင် နေရောင်ခြည်အောက်မှာပဲ လေ့ကျင့်ရင် အကောင်းဆုံးပဲ..၊ နောက်ပြီးတော့ နီလာခရမ်းခြင်္သေ့မွေးရာပါအဆီအနှစ်တွေကို အများကြီး သောက်လို့ မရဘူး..၊ အဲ.. နောက်ဆုံးတစ်ခေါက်လို နာကျင်တာမျိုး ခံစားချင်ရင်တော့ ငါ့စကားကို နားမထောင်နဲ့ပေါ့ကွာ.. ” ရွဲ့လော်က အရွှန်းဖောက်၍ ဆိုလိုက်သည်။
ပြီးခဲ့သည့်အခေါက်က တစ်ကိုယ်လုံး လောင်ကျွမ်းတော့မည့်မတတ် ခံစားလိုက်ရသည့် နာကျင်မှုကို စဉ်းစားလိုက်သည့်အခါ ရှောင်ယွင် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထိုနာကျင်မှုမျိုး နောက်တစ်ကြိမ် ထပ်ပြီး မခံစားချင်တော့ပေ။
“ အခု မင်းရဲ့ ခွန်အားနဲ့ဆိုရင် လေ့ကျင့်တဲ့အခါမှာ လက်တစ်တို့စာလောက်ပဲ မျိုလိုက်..၊ အများကြီး မျိုလိုက်မယ်ဆိုရင်တော့ မင်းတစ်ကိုယ်လုံး လောင်သွားလိမ့်မယ်.. ” ရွဲ့လော်က အလေးအနက်ဖြင့် သတိပေးလိုက်၏။
“ အင်း.. ” ရှောင်ယွင် ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။ ဒါကို သူ အရွှန်းမဖောက်ရဲချေ။ ခံရခက်သော နာကျင်မှုက သူ့အတွက် လုံလောက်နေပါပြီး။
“ နီလာခရမ်းခြင်္သေ့မွေးရာပါအဆီအနှစ်က ခရမ်းရောင်မီးတောက်ကို ကြီးထွားနှုန်းမြန်စေတယ်ဆိုရင် ဘယ်လောက်ကြာတဲ့အထိ မျိုပေးနေရမလဲ.. ”
ကျောက်စိမ်းပုလင်းက တင်းတင်းဆုပ်ထားပြီး ရှောင်ယွင် ခေါင်းမော့ကာ စိတ်နာနာဖြင့် မေးလိုက်သည်။ “ နှစ်အနည်းငယ်လောက်လား..? အဲလို စောင့်နေရမယ်ဆိုရင် ကောင်းကင်ဘုံမီးတောက်ကိုပဲ သွားရှာတော့မယ်.. ”
“ နီလာခရမ်းအဆီအနှစ်နဲ့ဆိုရင် အဲ့လောက်အထိ အချိန်မလိုပါဘူး..၊ နောက်တစ်ခုက နီလာခရမ်းတောင်ပံခြင်္သေ့ ပိုင်ဆိုင်ထားတဲ့ စွမ်းအားအထိ ခရမ်းရောင်မီးတောက်ကိုလည်း ရောက်ရှိစေရမယ်လို့ မဆိုလိုပါဘူး..၊ တကယ်လို့ အဲ့လောက်အထိ စွမ်းအား မြင့်တင်နိုင်ခဲ့မယ်ဆိုရင်လည်း မင်းရဲ့ လက်ရှိခွန်အားနဲ့ဆို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းခံရမှာ အသေအချာပဲ..၊ ခွန်အား လုံလုံလောက်လောက် မရှိဘဲ မီးနဲ့ ကစားမယ်ဆိုရင် လောင်ကျွမ်းခံရဖို့ပဲ ရှိလိမ့်မယ်.. ” ရွဲ့လော်သည် ခေါင်းကို ခါယမ်းလိုက်ရင်း သူ့အတွေးကို ထုတ်ပြောလေ၏။
“ ကဲလေ..၊မင်း ဒီနေ့ကစပြီး နောက်တစ်လကျရင် မီးတောက်မန္တရားကျင့်စဉ်ကို သုံးပြီ ခရမ်းရောင်မီးတောက်ကို မျိုချကြည့်လို့ ရနေပြီ ”
“ တစ်လပဲလား.. ” ရှောင်ယွင် နှုတ်ခမ်းသပ်ကာ ခပ်တိုးတိုးဖြင့် သံယောင်လိုက်ကြည့်သည်။ ထို့နောက် အလေးအနက်ဖြင့် ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်တော့လေ၏။
“ ကောင်းပြီ..၊ နောက်တစ်လဆိုရင် ငါဟာ ခရမ်းရောင်မီးတောက်ကို မျိုပြီ ငါရဲ့ မီးတောက်မန္တရားကျင့်စဉ်ကို အဆင့်တက်နိုင်အောင် လုပ်မယ်.. ”
No comments:
Post a Comment