Followers

Chapter 98

အပိုင်း ( ၉၈ ) - ခက်ခဲအောင် လုပ်ဆောင်ခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

ရှောင်ယွင်သည် ရွက်ဖျင်တဲကြီးဆီကို အေးဆေးစွာ သွားသည်။ ရှောင်ယုက သူ့အနောက်တွင် စိတ်တိုစွာဖြင့် သူ့နောက်ကျောကို ကြည့်ပြီ အံကို တင်းတင်းကြိတ်ထားသည်။ ရှောင်ယွင်က သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မျက်နှာသာလည်း မပေးမှာကို  သူမ တကယ်မထင်မှတ်ထားခဲ့သည်။ 

အစိမ်းရောက်ရွက်ဖျင်တဲကြီးအနားရောက်လာလေ လူဆယ်ယောက် ကျော်တို့က ထိုရွက်ဖျင်တဲအရိပ်တွင် စုနေသည်ကို သူတို့ မြင်လိုက် ရသည်။ သူတို့က ကိုယ်စီအစုအဖွဲ့ဖြင့် စကားပြောနေကြခြင်း ဖြစ်၏။ အေးဆေးစွာ ရှိနေသာ သူတို့၏ အမူအရာကြောင့် ထိုသူတို့သည် ရွှယ်နီလိုပဲ ဂျားနန်အကယ်ဒမီကျောင်းမှ ကျောင်းသားများ ဖြစ်နိုင်မှန်း ပြောနိုင်သည်။ 

ရွက်ဖျင်တဲ၏ အေးမြသော အရိပ်အပြင်တွင် အယောက်နှစ်ဆယ်ကျော် ရှိသည့် လူငယ်များနှင့် မိန်းကလေးများက နေပူပူအောက်တွင် မြေကြီး ပေါ်မှာ ထိုင်နေကြသည်။ နေပူဒဏ်ကြောင့် ချွေးတပြိုက်ပြိုက် ထွက်နေ ကြပါသော်လည်း သူတို့၏ အမူအရာက မဝံ့မရဲ ဖြစ်နေကြသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် ကွင်းအပြင်မှာ လုပ်သော စမ်းသပ် ခြင်းတွင် ဝင်ခွင့်အောင်သွားသော ကျောင်းသားအသစ်ဖြစ်မှန်း သိလိုက်သည်။ 

ထိုစဉ် ရွက်ဖျင်တဲတွင် စကားဆိုနေကြသော အမျိုးသမီးနှစ်ယောက် သည် ခေါင်းကို မော့ကြည့်လိုက်ရာ ရှောင်ယုနှင့် သူမ၏ အဖွဲ့က သူတို့ဆီ လှမ်းလာနေသည်ကို တွေ့လိုက်သည်။ ရှောင်ယုအား မြင်လိုက်သည်နှင့် ထိုကျောင်းသူ၏ မျက်နှာက ဝင်းပသွားကာ ပြေးထွက်လာပြီး ရှောင်ယုအနားတွင် ရယ်မောသံများ တသောသော ညံသွားခဲ့သည်။ 

ရုတ်တရက် ဖြစ်ပေါ်လာသော ဆူညံသံကျယ်ကျယ်ကြောင့် ရှောင်ယွင် သည် သူ့ခေါင်ပေါက်ကွဲတော့မတတ် ခံစားလိုက်ရသည်။ ဆယ်ကျော်သက်ကောင်မလေးများ၏ ဆူညံသံတွေနှင့် သူ နားမယဉ်သေး၍ ဖြစ်သည်။ ငယ်ရွယ်ပြီး ချောမောကြသည့် ကျောင်းသူ တွေအား ကြည့်ပြီး  ဂျားနန်အကယ်ဒမီကျောင်းတွင် ရှောင်ယုမှာ အတော်လေး ပေါင်းသင်းဆက်ဆံရေးကောင်းမှန်း ရှောင်ယွင် သဘောပေါက်လိုက်သည်။ 

“ အားရား.. ခဏလေး.. နင်တို့ကလည်း နည်းနည်းလောက် အိနြေထိန်းကြပါဦး.. ”

ရှောင်ယုမှာ အကူအညီကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ သူမဆီ ပြေးပြေးကပ်လာသော သူငယ်ချင်းနှစ်ယောက်အား ခွာထုတ်ရင်း ရယ်ရမလိုလို ငိုရမလိုလိုပင် ခံစားလိုက်ရသည်။ 

“ ယုအာ.. နင့်ကို ငါ နှစ်လပဲ မတွေ့ရသေးတယ်.. ကြည့်ပါဦး.. နင်က ငါမရှိတဲ့အချိန်မှာ နည်းနည်းဖောင်းလာသလိုပဲ.. မှန်မှန်ပြောနော်.. နင် ဟိုဟာ.. မဟုတ်လား.. ”

လှပသည့် မျက်နှာလေးနှင့် ကောင်မလေးသည် ရှောင်ယု၏ ရင်ဘက် ကို လူမမြင်အောင် ပွတ်ဆွဲလိုက်သလိုနှင့် ပခုံးပေါ် လက်တင်လိုက်ပြီ  စနောက်လိုက်သည်။ 

ဘေးခြမ်းတွင် ရှိနေသော ရှောင်ယွင်မှာ စိတ်ပျက်စွာဖြင့် အသက်ပြင်း ချလိုက်ရတော့သည်။ ရှောင်ယုကိုလည်း ထူးဆန်းစွာဖြင့် ကြည့်လိုက် သည်။ 

ဘာလို့ သူ့သူငယ်ချင်းတွေက နှာဘူးမတွေလို ဖြစ်နေကြတာလဲ 

“ ငါ့ကို လွှတ်ပါဟ..နှာဘူးမတွေ.. ငါ့ကို အဲလိုမလုပ်ကြနဲ့လေ..”

ရှက်ကိုးရှက်ကန်းဖြင့် ရှောင်ယုသည် ထိုမိန်းကလေးအား အနိုင်နိုင် ဖယ်ထုတ်လိုက်သည်။ နောက်ထပ် တခြားမိန်းကလေးတွေလည်း ပြေးလားနေသည်ကို မြင်လိုက်ပြန်သည်အခါ ရှောင်ယုက အနောက်ကို ကမန်းကတန်းဆုတ်ပြီး ရှောင်ယွင်တို့ကို လက်ညိုးထိုးလိုက်ပြီး ချက်ချင်းပဲ မိတ်ဆက်စကားပြောလိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုသို့လုပ်လိုက်ခြင်းက ထိုမိန်းကလေး တို့အား ကိုယ်ရှိန်သတ်သွားစေခဲ့သည် 

“ ဟီဟီ.. အရမ်းလှတဲ့ မိန်းကလေးတွေပါလား..”

ရှင်းအာနှင့် ရှောင်မိန်တို့ကို လှမ်းကြည့်လိုက်ကြသည့်အခါ သူတို့ နှစ်ယောက်၏ အလှအပက ထိုကျောင်းသူလေးတွေကို တအံ့တသြ ဖြစ်သွားစေခဲ့သည်။ 

တဖန် သူတို့၏ အကြည့်က ရှောင်ယွင်ဆီကို ရောက်လာသည်။ ရှောင်နင်က ရှောင်ယု၏ မောင်အရင်းဖြစ်နေရာ ထိုကျောင်းသူတွေ၏ အကြည့်ကို တစ်ချက်သာ ခံရသည်။ 

ဒါပေမဲ့ ရှောင်ယွင်ကတော့ ရှောင်ယုထက် သုံးနှစ်လောက် ငယ်ပေမဲ့ တစ်နှစ်ကျော်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းက ရှောင်ယု နှင့်ပင် ကိုယ်လုံးချင်း ယှဉ်လို့ရနေသည်။ သူ့မျက်နှာက ကလေးဆန်ပြီး ချောမောပေမဲ့ ရင်ကျက်မှုကတော့ အရွယ်နှင့် မလိုက်အောင် ထင်ရှား နေသည်။ ထူးခြားသော အသွင်အပြင်ကြောင့် ကျောင်းသူလေး တွေသည် မနေနိုင်ဘဲ ရှောင်ယွင်ကို နှစ်ခါပြန် ကြည်မိကြလေသည်။ 

“ ဟီဟီ.. ဘယ်လိုတောင် ချောမောခန့်ညားလိုက်တဲ့ ကောင်လေးလဲ.. ယုအာ.. သူက နင့် ဝမ်းကွဲမောင်လေးလား.. သွေးသားတော်စပ်တဲ့ ဝမ်းကွဲမောင်လေးလား.. မှန်မှန်ဖြေနော်.. သူက နင့်အတွက် တိတ်တိတ်လေး ဖွက်ထားတာမလား.. ”

ရှောင်ယွင်သည် ဘယ်လောက်ပင် တည်ငြိမ်တတ်သူ ဖြစ်ပေမဲ့လည်း ထိုကျောင်းသူလေး၏ လူအများအရှေ့တွင် ဗြောင်ကျကျ မေးလိုက် သော မေးခွန်းကို ကြားလိုက်ရသည့်အခါ သူ့နှုတ်ခမ်းက ဟန်ပင် မဆောင်နိုင်တော့ဘဲ မဲ့ရွဲ့သွားတော့သည်။ ရှောင်ယုကို ကြည့်နေသော သူ့အကြည့်ကလည်း ပိုပိုပြီး ထူးဆန်းလာသည်။ 

သူ့သူငယ်ချင်း၏ စနောက်လိုက်သော စကားကြောင့် ရှောင်ယုမှာ ရှက်ရွံ့ခြင်းရော အကူအညီမဲ့နေသလိုပါ ခံစားလိုက်ရသည်။ သူမက ရှင်းပြဖို့ ဟန်ပြင်လိုက်သည့်အချိန်တွင် သူမ၏ မျက်လုံးထောင့်တွင် ယောင်္ကျားတစ်ယောက်က ခြေလှမ်းကျဲကျဲဖြင့် လှမ်းလာနေသည်ကို မြင်လိုက်သည်။ 

ရှောင်ယု၏ မျက်နှာက ပြောင်းလဲသွားပြီး မျက်မှောက်ကြုတ်လိုက် သည်။ ချက်ချင်းပင် မျက်နှာက တစ်ချက်နီရဲသွားပြီး ရှက်သွားသည့် ဟန်ဖြင့် ဖြေလိုက်သည်။ 

“ သူနဲ့ ဘာမှ သွေးမတော်ပါဘူး.. နင်တို့ သူ့ကို ဘာလို့ စနေတာလဲ.. သူက ငယ်ငယ်လေးပဲ ရှိသေးတာ သူ ရှက်သွားလိမ့်မယ်.. ”

“ ဟမ်.. ”

ရှောင်ယု စကားကို ကြားလိုက်ရသည့်အခါတွင် မိန်းကလေး ကျောင်းသူတွေ အားလုံးက ကြောင်အသွားသည်။ ရှက်သည်းနေဟန် ဖြစ်နေသော ရှောင်ယု၏ ပုံစံမျိုးကို သူတို့ မမြင်ဖူးပါဘူး။ သူတို့ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က စနောက်ချင်ရုံလေးသာ လုပ်ခဲ့သည်။ သို့သော် ရှောင်ယုက တကယ်ကို အလေးအနက် ဖြေရှင်းချက်ပေးလိမ့်မည်ဟု မထင်မှတ် ထားခဲ့သည်။ ပြီးတော့ သူမ ပြောလိုက်သည့် လေသံကလည်း ချစ်သူတစ်ယောက်အတွက် ပြောလိုက်တဲ့ လေသံမျိုးလား ..??

ရှင်းအာနှင့် လိုက်ပါလာတဲ့ သူတွေကတောင် ရှောင်ယုလေသံကြောင့် အံ့သြသွားခဲ့သည်။ တစ်ယောက်ကို တစ်ယောက် ဇဝေဇဝါ ဖြစ်စွာဖြင့် ကြည့်လိုက်သည်။  

  “  ဘယ်တုန်းက ရှောင်ယွင်နဲ့ ရှောင်ယုတို့ ဒီလို ဆက်ဆံရေး ကောင်းသွားကြပါလိမ့် “

ဘေးတစ်ဖက်တွင် ရပ်နေသော ရှောင်ယွင်သည် ရှောင်ယု၏ သရုပ်ဆောင်ပုံအား အေးစက်စွာ ကြည့်လိုက်သည်။ ရှောင်ယုအား ပါးစပ်ဖွင့်ပြီး စကားပြောလိုက်မည်ဆဲဆဲတွင် ရှောင်ယု၏ လက်နှစ်ဖက် က သူ့ဆီ ဆန့်တန်းလိုက်သည်ကို မြင်လိုက်သည်။ သူမ၏ လက်တစ်ဖက်က သူ့လက်မောင်းကို ကိုင်၍ နောက်လက်တစ်ဖက်က သူ့အဝတ်အပေါ်က ဖုန်းတွေကို ရင်းရင်းနှီးနှီးဖြင့် ပွတ်ခါပေးလေသည်။ 

“ ဟင်.. ”

ရှောင်ယု၏ ရုတ်တရက်ပြုမူလိုက်ပုံကို မြင်သည့်အခါ ဘေးပတ်လည် က လူအားလုံးက လုံးဝကို အံ့သြထိတ်လန့်သွားကြသည်။ ရှောင်ယုက ယောင်္ကျားလေးတစ်ယောက်ကို ဒီလိုမျိုးလုပ်ဖူးတာကို သူတို့ ဘယ်တော့အခါမှ မမြင်ဖူးခဲ့ပါဘူး။ 

“ ရှောင်ယု .. မတွေ့ရတာ တော်တော်ကြာပြီးနော်.. ”

လူအားလုံး ကြောင်အနေသည့်အချိန်တွင် ယောင်္ကျားတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ရှောင်ယုအား လှမ်းနှုတ်ဆက်လိုက်သည်။ 

ထိုအသံအား ကြားလိုက်သည့်အခါ အားလုံးသည် ခေါင်းလှည့်ကြည့် လိုက်သည်။ မီးခိုးရောင်အဝတ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ် ယောက်က သူတို့အနောက်မှာ မတ်တတ်ရပ်နေကာ သူတို့ကိုလည်း အားပါးတရ ပြုံးပြနေသည်။ ထိုလူငယ်သည် အတော်လေး ချောမော သည်။ သို့သော် ရှောင်ယွင်တို့ကို ပြုံးပြလိုက်သည်က ဖော်ရွေမှုတော့ မပါချေ။ 

ရှက်ရွံ့နေသော ရှောင်ယုမျက်နှာက တဖြည်းဖြည်း ပျောက်ကွယ်သွား သည်။ ရှောင်ယွင်လက်မောင်းကို ကိုင်ထားရင်းနှင့် အနောက်လှည့်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ 

“ လိုဘူ.. မတွေ့ရတာ ကြာပြီးနော်.. ”

“ ဟီဟီ.. ” 

လိုဘူက ခေါင်းညိတ်လိုက်ရင်း ရယ်လိုက်သည်။ ဒါပေမဲ့ တွဲချိတ်ထား သော လက်နှစ်ဖက်ကို မြင်လိုက်သည့်အခါ အေးစက်ပြီး ဒေါသပါသော အကြည့်တစ်ချက်ကို ရှောင်ယွင်ဆိ ပို့လိုက်သည်။ 

“ ဟီဟီ.. ဒီလူတွေကို ခေါ်လာခဲ့တာလား.. ”

လိုဘူက ပြုံးရွှင်စွာဖြင့် မေးလိုက်ပြီး အရှေ့တိုးလာခဲ့သည်။ 

“ ဟုတ်တယ်… ” 

ရှောင်ယုက အေးဆေးစွာ ဖြေလိုက်ပြီး နောက်တစ်ကြိမ် ရှောင်ယုနှင့် တခြားလူတွေကို မိတ်ဆက်ပေးလိုက်ပြန်သည်။ 

“ သူတို့ကို ဝင်ခွင့် စမ်းသပ်ခြင်း ဖြေခိုင်းမလို့ ခေါ်လာတာ.. ”

“အိုး ဒါဆိုရင်..  ”

လိုဘူက ပြုံးပြီး ခေါင်းညိတ်လိုက်ကာ လက်သီးဆုပ်လောက်ရှိသည့် အနီရောင်ဖန်လုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထိုဖန်လုံးကို ဝှေ့ယမ်းကာဖြင့် ပြောလိုက်သည်။ 

“ ဆရာမ လျိုစီးက ငါ့ကို စမ်းသပ်ဖန်လုံးတစ်လုံးပေးထားတယ်.. ငါတို့ စမ်းသပ်လိုက်ရအောင်… တခြား စမ်းသပ်ဖန်လုံးတွေက အရှေ့မှာ ရှိနေတဲ့ စမ်းသပ်တဲ့နေရာကို ယူသွားကုန်ပြီး.. ငါ့ဖန်လုံးကိုသာ မသုံးဘူးဆိုရင် အချိန်အကြာကြီး စောင့်ရလိမ့်မယ်.. ”
 
လိုဘူ စကားကိုကြားလိုက်သည့်အခါ ရှောင်ယုက တစ်ချက် စဉ်းစား လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ရှောင်ယွင်တို့ဘက်ကို လှည့်ပြီး ရှင်းပြလိုက်ပြန်သည်။ 

“ ဒီစမ်းသပ်ဖန်လုံးက အရမ်ရိုးရှင်းတယ်.. မင်းရဲ့ခွန်းအားက အဆင့် ၈ ကို ရောက်နေရင် ဒီဖန်လုံးက လင်းလာမယ်.. ဒါဆိုလို့ရှိရင် ကနဦး စမ်းသပ်တာကို အောင်မြင်သွာမယ်.. ”

“ ငါ အရင်လုပ်မယ်..  ” 

ရှောင်ယွင်သည် ရှောင်ယုကို စိတ်မကြည်သလို ထပ်ကြည့်လိုက်ပြီး တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။ 

“ အင်း ”

“ အင်း.. ” 
ရှောင်ယုက ပြုံးပြုံးလေးဖြင့် ခေါင်းညိတ်လိုက်ပြီး စကားနားထောင် ဟန်ဖြင့် သူ့လက်ကို လွှတ်ပေးလိုက်သည်။ သူမ၏ နာခံလိုက်သော အမူအရာကို မြင်သည့်အခါ လိုဘူသည် လက်ထဲရှိ ဖန်လုံးအား ခပ်တင်းတင်းဆုပ်လိုက်မိသည်။ 

“ ရှင်းအာ.. မင်းတို့ အရင်သွားလိုက်ကြပါလား.. ”

ရှောင်ယုက ဆုပ်ကိုင်ထား၍ နီရဲသွားသော သူ့လက်မောင်းအား ပွတ်သပ်လိုက်ရင်း ရှောင်ယွင်က ရှင်းအာအား အပြုံးဖြင့် ပြောလိုက်သည်။ 

ပြုံးပြီး ခေါင်းညိတ်လိုက်ပြီးနောက် ရှင်းအာ၊ ရှောင်မီ နှင့် ရှောင်နင်တို့ အရင်သွားလိုက်ကြသည်။ မကြာခင်မှာပဲ သူတို့၏ လက်ဝါးပြင်သည် ဖန်လုံးနှင့် ထိတွေ့သွားသည့်အခါ ဖန်လုံးသည်လင်းသွားပြီးနောက် ရှင်းအာတို့လည်း အနောက်ပြန်ဆုတ်လာခဲ့သည်။ 

သူတို့ထဲက သုံးယောက် အောင်မြင်သွားပြီးနောက် ရှောင်ယွင်လည်း အရှေ့တက်ကာ ဖန်လုံးကို ပေါ့ပေါ့ပါးပါးပဲ ထိကိုင်လိုက်ပြီးနောက် ဖန်လုံးလည်း အရှေ့ကအတိုင်းပင် လင်းသွားခဲ့သည်။ 

“ စိတ်မပူပါနဲ့.. သူတို့က ဒီစမ်းသပ်တာကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းမရှိဘူး ငါက ဘာလို ဒိကို ခေါ်လာခဲ့ရမှာလဲ.. ”

လူလေးယောက် အောင်မြင်သွားတာကို ကြည့်ပြီး ရှောင်ယုက အေးဆေး ပြောလိုက်သည်။ 
“ ဟဲဟဲ.. ငါက မင်းကို မယုံတာ မဟုတ်ပါဘုး.. သတ်မှတ်ထားတဲ့ အတိုင်းမို့လို့ပါ.. ”

ရှောင်ယုအား တောင်းပန်သည့်အပြုံးတစ်ခု ပြုံးပြလိုက်ပြီး လိုဘူက ဖန်လုံးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် နေပူအောက်တွင် ထိုင်နေ ကြသော နေရာဆီကို လက်ညိုးညွန်ပြီး ရှောင်ယွင်တို့အဖွဲ့အား ပြုံးကာ ပြောလိုက်သည်။ 

“ ဂုဏ်ယူပါတယ်.. ကနဦးအဆင့်တော့ အောင်မြင်သွားပြီး.. အခု အဲဒီနေရာမှာ နာရီဝက်လောက် ထိုင်ရမယ်.. ”

“ လိုဘူ.. အဲဒါ ဘာအဓိပ္ပါယ်လဲ.. ”

လိုဘူ၏ စကားကို ကြားလိုက်ရသည့်အခါတွင် ရှောင်ယုက မျက်မှောင်ကြုတ်ပြီး ခပ်ထန်ထန်လေး မေးလိုက်သည်။ 

“ ရှောင်ယု.. နင်လည်း  ကျောင်းသူတစ်ယောက်ပဲ.. ဒီလိုစမ်းသပ်တဲ့နေရာမှာ ဘယ်လိုစည်းမျဉ်းတွေ ရှိသလဲဆို နင်သိပါတယ်.. ဒီရက်ပိုင်းမှာ ကျောင်းသားအသစ်တွေက ပိုပိုပြီး မခန့်လေးစားလုပ်ချင်ကြတာလေ.. ဒီမှာကတည်းက သူတို့ရဲ့ မာနကို ချိုးနှိမ်ထားခဲ့ရင်..အကယ်ဒမီကျောင်းရောက်တဲ့အခါကျရင်  သူတို့အတွက် အနာဂတ်လှတာပေါ့.. ”

လိုဘူက အပြုံးမျက်နှာဖြင့် ရှင်းပြလိုက်သည်။ 

“ ဟွန့်.. လိုဘူ.. နင်ပြောတဲ့ ကျောင်းသားသစ်အကြောင်းတွေ ငါ စိတ်မဝင်စားဘူး.. ဒါပေမဲ့ ငါခေါ်လာတဲ့ သူတွေကို နင် ဒီလိုမျိုး ဆိုးဝါးတဲ့ စည်းကမ်းမျိုး နင် မလုပ်သင့်ဘူး..” 

ရှောင်ယုက အေးစက်စွာ ပြောလိုက်သည်။ 

“ စည်းမျဉ်းက စည်းမျဥ်းပဲ.. ”

လိုဘူ၏ နှုတ်ခမ်ထောင့်က တွန့်သွားသည်။ သူ့ရဲ့ သိက္ခာကိုပင် မငဲ့တွက်ဘဲ လူပုံအလယ်မှာ အပြစ်တင်လိုက်သော ရှောင်ယုကြောင့် လိုဘူ ဒေါသထွက်သွားသလို ရှုးရှုးရှားရှားလည်း ဖြစ်သွားသည်။ 

“ လိုဘူ.. နင် ပြဿနာမရှာသင့်ဘူးနော်.. ဒီစည်းမျဉ်းတွေက ကျော်သွားလို့ရတယ်.. နင်က ဘာလို့ ရေးကြီခွင့်ကျယ် လုပ်ချင်ရတာလဲ.. ”

ဘေးနားက ကျောင်းသူမိန်းကလေးတွေကလည်း မျက်မှောင်ကြုတ်ပြီး ဝိုင်းပြောကြလေသည်။။ သူတို့သည်လည်း လိုဘူး၏ ရေးကြီးခွင့်ကျယ် လုပ်နေပုံအား သည်းမခံနိုင်ကြတော့ချေ။ 

“ ဟဲဟဲ.. ငါ တောင်းပန်ပါတယ်.. သူတို့က ငါ့မှာပဲ စမ်းသပ်ခြင်းကို အောင်မြင်သွားခဲ့တာလေ.. ဒီတော့ စည်မျဉ်းအရ ဒီအချိန်မှာ ငါက သူတို့အတွက် တာဝန်ရှိသူ ဖြစ်သွားပြီး.. ”

လိုဘူက တောက်ပစွာ ပြုံးလိုက်သည်။ သို့သော် ဒေါသတကြီး ဖြစ် နေသော ရှောင်ယုကို မြင်လိုက်သည်နှင့် ချက်ချင်းပဲ စကားပြောင်း လိုက်သည်။ 

“ ကောင်းပြီလေ..နင်ကြောင့် သူတို့အားလုံး အဲဒီကို သွားစရာ မလိုတော့ဘူး.. ဒါဆိုရင် တစ်ယောက်ယောက်လောက် သရုပ်ပြခိုင်း မယ်ဆိုရင်..အာ.. ကြည့်လိုက်ရအောင်..ဟုတ်ပြီ.. ဒီကောင်လေးကို သရုပ်ပြခိုင်းမယ်.. ဟဲဟဲ.. သူက ယောင်္ကျားလေးဘဲ..နေပူထဲ သွားလို့ အသားမည်းမှာကို စိုးရိမ်စရာ မရှိပါဘူး.. ”

လိုဘူးက လက်ညိုးကို တဖြည်းဖြည်းရွှေ့ရင်း နောက်ဆုံးမှာ ပြုံးလိုက်ပြီး ရှောင်ယွင်ကို ရွေးချယ်လိုက်သည်။ 

ရှောင်ယွင်မှာ မျက်လုံးပြူးလျက် သူ့အရှေ့မှာ မိန့်မိန့်ကြီး ပြုံးနေသော လူငယ်အား ကြည့်လိုက်သည်။ 

“ ဘေးဖယ်လိုက်.. ရှောင်ယွင်က အပြင်မထွက်ရဘူး.. ဒီကိစ္စကို ငါ ဆရာမရိုလင်းဆီ သွားတွေ့ရမယ်.. ဒီမှာ လာပြီး နင် အမိန့်ပေးနေစရာ မလိုဘူး.. ”

ရှောင်ယုက ခြေလှမ်းကျဲတစ်လှမ်း လှမ်းပြီး ရှောင်ယွင်အရှေ့မှာ ပိတ်ရပ်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ 

“ အိုး..  အကိုကြီးလိုဘူ မှာ ပြဿနာတစ်ခုခု ရှိနေလို့လား”

သူတို့နှစ်ယောက်ြဿနာများ မပြီးနိုင်မစီးနိုင်ဖြစ်နေကြသည့် အချိန်တွင် ရယ်ရယ်မောမောဖြင့် ယောင်္ကျားလေး တစ်အုပ်စုက ရွက်ဖျင်တဲ အကွယ်ကနေ ထွက်လာကြသည်။ 

“ ဘာမှ မဟုတ်ပါဘူး.. ကျောင်းသားအသစ်တွေက် နေပူထဲ မသွားချင်လို့လေ.. ”

လိုဘူက သူ့ဖန်လုံးအာ သေသေချာချာ ပြန်သိမ်းလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။ 

“ အော်. ဒီလို ဘဝင်မြင့်တဲ့ ကျောင်းသားအသစ်တွေ မမြင်ရတာ တော်တော် ကြာသွားပြီပဲ.. အကိုကြီးလိုဘူ..ကျွန်တော်တို့ အကူအညီလိုသေးလား.. ”

လိုဘူစကားကို ကြားလိုက်ရသည့်အခါတွင် ရင်ဘက်မှာ ရွှေရောင်ကြယ်တစ်လုံးကို တပ်ဆင်ထားသည့် လူငယ်လေးက ပြုံးရင် မေးလိုက်သည်။ သူ့အပြုံးက မျက်နှာလို မျက်နှာရ လုပ်လိုဟန် ရှိ၏

ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်နေရင်း လိုဘူက မျက်နှာ သုန်မှုန်နေသော ရှောင်ယွင်ကို ကြည့်လိုက်ပြီး စဉ်းစားနေလိုက်သည်။ ရုတ်တရက် လိုဘူသည် တစ်ချက်ပြုံးပြီး ပြောလိုက်သည်။ 

“ ဒီလိုလုပ်ကြရအောင်.. အပြင်ကို မထွက်ရတော့ဘူး.. ဒါပေမဲ့ ဟိုမှာ ကျောင်းသားအသစ်တွေကလည်း ကြည့်နေကြတယ်.. တကယ်လို့ အချို့ကျောင်းသားအသစ်တွေက နေပူထဲ မထွက်ရရင် ကျန်တဲ့ ကျောင်းသားအသစ်တွေကလည်း ကျေနပ်မှာ မဟုတ်ဘူး..”
ထိုသို့ ပြောပြီးနောက် လိုဘူက ဘေးနားရှိ လူငယ်၏ ပခုံးအား ပုတ်လိုက်ပြီး ရှောင်ယွင်ကိုလည်း ပြုံးလိုက်သည်။ 

“ အပြင်မထွက်ချင်ဘူးဆိုတော့..ဟောဒီက ညီလေး ကီလား နဲ့ တစ်ပွဲလောက် ပြိုင်ကြည့်ပါလား.. အနိုင်ယူဖို့ မလိုပါဘူး သူ့ရဲ့ အကွက် ၂၀ လောက်ကို တောင့်ခံနိုင်ရင် ရပြီ.. ”

ဒါကို ကြားလိုက်သည့်အခါမှာ ရှောင်ယုဘက်က မိန်းကလေးတွေက ချက်ချင်းပဲ ဒေါသတကြီးဖြင့် လိုဘူအား အော်ဟစ်လိုက်ကြသည်။ ဒီအခြေအနေအား မြင်တွေ့ပြီးနောက်မှာတော့ လိုဘူက ရှောင်ယွင်က မနာလိုဖြစ်နေမှန်း သူတို့ သဘောပေါက်လိုက်ကြသည်။ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ရှောင်ယွင်အား အပြစ်ပေးခြင်းနေမှန်းလည်း သိလိုက်ကြ သည်။ 

ရှောင်ယုမှာတော့ ထူးထူးခြားခြားပင် တိတ်ဆိတ်သွားသည်။ သူမ ခေါင်းကို စောင်းငဲ့ပြီး ရှောင်ယွင်ကို ကြည့်လိုက်သည်။ ရှောင်ယွင်၏ ခွန်းအားကို သူမထက် မနိမ့်ကျနေမှန်း သူမ ကောင်းကောင်းသိသည်။ ဒိုကျဲအဆင့် ကြယ်တစ်လုံးသမားတစ်ယောက်နှင့် ယှဉ်ပြိုင်ဖို့ သူ့အတွက် ခက်ခဲသောအရာတစ်ခု မဟုတ်မှန်း သူမ တွက်ဆလိုက်၏

ရှောင်ယု၏ အကြည့်အား လျစ်လျူရှုလိုက်ပြီး ရှောင်ယွင်သည် ပြုံးရွှင်နေသော လိုဘူ ကို အေးဆေးပဲ ကြည့်နေလိုကသ်ည်။ သူ့၏ နက်မှောင်နေသော မျက်ဝန်းတွင် အေးစက်ခြင်းများ ပြည့်နှက်လာ သည်။ ပထမတော့ ဒီလိုလူမျိုးနှင့် သူ မစွက်ဖက်လိုချေ။ သို့သောာ် လည်း ထိုသူက သူ့အား တွန်းအားပေးနေသည်။ 

“ ဟဲဟဲ.. လာပါ.. ကောင်းကလေး.. မင်းရဲ့ စီနီယာတွေကို ဘယ်လို လေးစားသမှု ပြုရမလဲဆိုတာကို သင်ပြပေးမယ်. မဟုတ်လို့ရှိရင် အကယ်ဒမီကျောင်းရောက်တဲ့အခါမှာ မင်းပိုပြီး ခံစားနေရဦးမယ်.. အဲအခါကျရင် မင်း ငါ့ကို အပြစ်တင်နေမှာပေါ့..”

ကီလား ဆိုသော လူငယ်က အရှေ့တိုးပြီး ရှောင်ယွင်ကို မကောင်းသော စိတ်ဆန္ဒဖြင့် ပြုံးလိုက်သည်။ 

ရှောင်ယွင်သည် အသက်ကို ဖြည်းဖြည်းလေး မှုတ်ထုတ်လိုက်ပြီး အားလုံးရဲ့ အကြည့်အောက်မှာပဲ ပခုံးတွန့်ပြလိုကသ်ည်။ အရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး ရှောင်ယုအနားရောက်သွားသည့်အခါတွင် ရုတ်တရက် ရှောင်ယု၏ ခါးသွယ်သွယ်လေးကို လှမ်းဖက်လိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ 

ရှောင်ယွင်၏ အံ့သြစရာ အပြုအမူကြောင့် ရှောင်ယုမှာ ရုတ်တရက် အံ့သြသွားကာ အသက်ရှုမှားသွားသည်။ သူမ၏ မျက်နှာပြင် တစ်ပြင်လုံးမှာလည်း မီးထတောက်သကဲ့သို့ နီရဲသွားသည်။ ဘေးနားတွင် လိုဘူ လည်းရှိနေသည်ကို စဉ်းစားမိလိုက်သည့်အခါ သူမသည် ရုန်းဖယ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ လူလယ်ခေါင်တွင် သူမကို ထိုကဲ့သို့ လုပ်လိုက်သော ရှောင်ယွင်ကိုသာ အံကြိတ်ရင်း ဆဲဆိုနေမိသည်။ 

ရှောင်ယွင်၏ အပြုအမူက ဘေးနားရှိ မိန်မပျိုတွေ အားလုံးကို မူးမေ့မတတ် ဖြစ်သွားစေခဲ့သည်။ လိုဘူ၏ မျက်နှာသည်လည်း မည်းမှောင်သွားတော့သည်။ ကီလားဘက်ကို လှည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ 

“ မင်း တိုက်တဲ့အခါ မညှာနဲ့တော့.. ”

ထိုစကားကို ကြားလိုက်သည့်အခါ ကီလားသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ 

ဘေးနားတွင် ရပ်နေသော ရှင်းအာနှင့် နောက်နှစ်ယောက်ကလည်း ရှောင်ယွင်၏ ထူးဆန်းသော အပြုအမူကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းနေကြသည်။ 

“ ဒါဆိုရင်..စိတ်ဝင်စားစရာကောင်းသွားပြီ.. ”

ရှောင်ယွင်က အေးစက်စွာ တိုးတိုးလေး ပြောလိုက်သလို ရှောင်ယု၏ ခါးကိုလည်း နှစ်ကြိမ်တိတိ ဆွဲညှစ်လိုက်သည်။ ကြည့်ရသည့်ပုံမှာ ခါးကို လွှတ်ပေးဖို့ အင်တင်တင် ဖြစ်နေပုံရသည်။ 

ထိုသို့ ပြောလိုက်ပြီးနောက် ရှောင်ယွင်သည် လက်ကို လွှတ်လိုက်ပြီး နောက် ရှောင်ယု၏ နီရဲနေသော မျက်နှာကိုလည်း တစ်ချက်မှ ပြန်မလှည့်တော့ချေ။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ဆွဲချိတ်ထားရင်း ခေါင်းကို လှည့်ကာ အကြောလျှော့လိုက်ပြီနောက် သူ့ကို ကောက်ကျစ်စွာ စိုက်ကြည့်နေသော ကီလားဆီကို အေးဆေး လျှောက်သွားလိုက်သည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...