ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၃
=================================
တောင်ငယ်တစ်လုံး၏ ထိပ်ဖျားပေါ်တွင် ရှောင်ယွင်သည် ဝမ်းလျားမှောက်၍ ပတ်ဝန်းကျင်အနေအထားကို အကဲခတ်ကြည့်နေသည်။ နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ စနက်ကြောင့် မှော်သားရဲကောင် တောင်တန်းအတွင်းမှ မှော်သားရဲကောင်တို့သည် ပုံမှန်ထက် လှုပ်ရှားသွားလာနေကြသည်။ ရှောင်ယွင်တို့ ကံကောင်းသွားသည်တစ်ခုမှာ ရွဲ့လော်၏ ဆေးမှုန့်တွေ၏ အစွမ်းထက်မှုပင်။ ၎င်းမှော်သားရဲကောင်တို့သည် ရှေုာင်ယွင်တို့ ရှိနေသည့် ဧရိယာအတွင်းသို့ ဝင်ခဲ့မိကြသည် ရှိသော်လည်း ဆေးမှုန့်အနံ့ကို ရသည့်နှင့် တစ်ပြိုင်တည်း တစ်ချိုးတည်း အနောက်လှည့် ပြေးကြလေသည်။ ထို့ကြောင့် အချိန်ကာလ နှစ်ရက်တာ ရှိပြီးဖြစ်သော်လည်း မှော်သားရဲကောင်တို့သည် ရှောင်ယွင်နှင့် ရွဲ့လော်တို့အား မတွေ့ကြသေးချေ။
“ ဟေ့.. မင်းဘေးနားမှာ ဟိုမိန်းမရှိနေရင် မင်းတော့ ဒုက္ခရောက်နေတော့မှာပဲ... ဒီအတိုင်းပဲ ဆက်သွားတော့မှာလား.. ”
ရွဲ့လော်သည် လက်စွပ်ကနေ ထွက်လာပြီးနောက် ရှောင်ယွင်ကို ပြုံးကြည့်ပြီး မေးလိုက်သည်။
“ ဟဲဟဲ.. သူက ဒိုဝှမ်းအဆင့်ကျင့်ကြံသူလေ.. ဒါက သူ့ဆီမှာ ကျေးဇူးအတင်ခံရဖို့ အခွင့်အရေးပဲ.. ဒါက ရေရှည်ရင်းနှီးမြုပ်နှံမှုပဲလေ.. ဒီလို အန္တရာယ်သေးသေးလေးနဲ့စာရင် ဘာအရေးလဲ.. ”
ရှောင်ယွင်သည် သူသွားရာလမ်းက သစ်ကိုင်းကို ဖယ်ရှားနေရင် ပြန်ဆိုလိုက်ချေသည်။
“ သူ ဒုက္ခဖြစ်နေတဲ့အချိန်မှာ မင်းက အမြတ်ထုတ်မယ်ပေါ့.. ဟား ဟား… ဒီပုံစံအတိုင်းတွက်မယ်ဆိုရင် မင်းက သူ့ရဲ့ ကိုယ်ရံတော် အစောင့်အရှောက် ဖြစ်သွားလိမ့်မယ်.. ပြီးရင် ဂျားမာအင်ပါယာမှာ မင်းလုပ်ချင်တာကို လုပ်ခွင့်ပေးလိမ့်မယ်ပေါ့..ဟုတ်လား ”
ရွဲ့လော်က ရယ်သံဆိုးဖြင့် ရယ်မောလိုက်ရင်း စနောက်ဆိုလိုက်သည်။
ထိုအခါ ရှောင်ယွင်က စိတ်ပျက်ဟန်ဖြင့် ရေရွတ်ပြောလိုက်သည်။
“ အဲလိုတော့ လုပ်ချင်တာပေါ့ ဒါပေမဲ့ သူ ပြန်နေကောင်းတာနဲ့ ကျနော်ကို အရင်ဆုံး သတ်မှာဗျ ”
“ ဟုတ်ပါပြီးလေ.. ကဲကဲ.. အပြင်ဘက်အခြေအနေကြည့်တာ တော်ပြီ .. ပြန်လှည့်ကြစို့.. ”
ထိုအခါ ရှောင်ယွင်လည်း သာယာလှပသည့် ပတ်ဝန်းကျင်အနေအထားကို တစ်ချက်လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ရွဲ့လော်နှင့်လည်း အကျိုးမရှိတာတွေ ဆက်မငြင်းချင်တော့။ သူတို့ ပုန်းခိုနေသည့် နေရာမှ ခုန်ထွက်လာပြီးနောက် တက်ကြွမှုအပြည့်ဖြင့် တခြား တောင်ထွတ်တစ်ခုဆီကို ခုန်ဆင်းလိုက်သည်။ ရွဲ့လော်လည်း လက်စွပ်အတွင်းသို့ ပြန်ဝင်လိုက်သည်။ ရှောင်ယွင်လည်း ခပ်ရွရွ ပြေးဆင်းသွားလိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သူတို့ ဂူဆီကို ပြန်လည့်ပြန်သွားခဲ့သည်။
ရှောင်ယွင်တို့ ဂူထဲ ပြန်ရောက်သွားသည့်အချိန်တွင် ထူးခြားသည့်အမျိုးသမီးမှာ အစက လဲလျောင်းနေရာမှာ ယခုအခါတွင် သူမသည် ကျောက်တုံးတစ်တုံးအပေါ်တွင် မေးထောက်ထိုင်နေသည့်ကို မြင်လိုက်ရသည်။ သူမသည် ရှောင်ယွင်ကို မြင်သည့်အခါတွင် သူမ၏ မျက်နှာထွက် အပြုံးရေးရေးလေး ဖြစ်ပေါ်လာခဲ့ပြီးနောက် “ ပြန်ရောက်လာပြီးလား ” ဟု မေးလိုက်လေသည်။
ရှောင်ယွင်လည်း ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဂူအထဲသို့ ဆက်ဝင်လာပြီးနောက် သူ ရေတံခွန်အောက်ကနေ ဖမ်းလာခဲ့သည့် ငါးအကောင်ကြီးကြီးတို့ကို သိုလှောင်လက်စွပ်အထဲကနေ ထုတ်ယူလိုက်သည်။ ပြီးလျှင် မြေကြီးပေါ် ထိုင်ချလိုက်ကာ မီးဖိုတစ်ခုကို စတင်မွှေးနေလိုက်ရင်း သူမကိုလည်း အခြေအနေမေးကြည့်လိုက်သည်။
“ ဘယ်လိုလဲ.. နေရတာ သက်သာပြီးလား ”
ထိုအခါ ထူးခြားသည့်အမျိုးသမီးသည် ဖြည်းလေးစွာ ထလိုက်ကာ ရှောင်ယွင်အနားဆီကို ရောက်ရှိလာသည်။ ခပ်သင်းသင်း ကိုယ်သင်းရနှံ့သည်ကလည်း ကပ်ပါလာခဲ့သည်။ သူမသည် မျက်မှောင်ကြုတ်ရင်း အသက်ပြင်းချကာ
“ ဒဏ်ရာက အကြောင်းမဟုတ်ပါဘူး.. ဒါပေမဲ့ အချုပ်အနှောင်ကို ပြန်ဖြည်ဖို့က ရက်နည်းနည်းလောက် ကြာဦးမယ်ထင်တယ်.. ”
“ ဒါဆို ဒီနေရာမှာပဲ ပုန်းနေဦးပေါ့.. ဒီနေရာကို မှော်သားရဲကောင်တွေ တွေ့ဖို့ မလွယ်ပါဘူး.. ”
ထိုသို့ ပြောလိုက်ပြီးနောက် ရှောင်ယွင်သည် ငါးကို သစ်တံစို့တံတွင် ထိုးစိုက်လိုက်ကာ မီးဖိုအထက်တွင် စင်လေးလုပ်ပြီး ကင်ထားလိုက်သည်။ ပြီးလျှင် ဘေးနားက ထူးခြားသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
ထူးခြားသည့်အမျိုးသမီးမှာ သူမ၏ ပိုးသားအင်္ကျီက စုတ်ပြတ်သွားပြီဖြစ်၍ ယခုမှာ ရှောင်ယွင်၏ ဝတ်ရုံနက်ကို ဝတ်ဆင်ထားရသည်။ တစ်ခြားသူများက ထိုဝတ်ရုံကို ဝတ်ဆင်ထားပါလျှင် ကြည့်ရတာ အဆင်ပြေချင်မှ ပြေမည်ဖြစ်သော်လည်း ယခု သူမဝတ်ဆင်ထားပုံမှာ သူမ၏ ကိုယ်လုံးနှင့် အလွန် ကြည့်ကောင်းလွန်းနေသည်။ သူမ၏ ဟန်ပန်ရွေ့လျားပုံမှာ ကြာပွင့်များ ရေပြင်ထက်ဝယ်ရွေ့သည်နှယ် တဖန် ကျောက်စိမ်းကဲ့သို့ ကြည်လင်သည့်အသားရေ၊ နှင်းပွင့်ကဲ့သို့ ဖြူနုသည့် ခြေသလုံးသား.. အားလုံးဟာ ထင်ရှားပေါ်လွင်စွာဖြင့် အလွန်ပင် မျက်စိပသာဒ ရှိလွန်းလှပေသည်။
သူမသည် လှပကျက်သရေရှိစွာဖြင့် သူ့ဘေးနားတွင် ထိုင်လိုက်ကာ သူမ၏ လှပသည့် မျက်ဝန်းလှလှလေးတွက အရောင်တောက်ပလျက် ရှောင်ယွင်ကင်နေသည့် ငါးကင်ထံတွင် ရစ်ဝဲနေပြန်သည်။ ထို့နောက် သူမသည် ပြုံးလိုက်ကာ
“ ဒိုကျဲအဆင့်လောက်နဲ့ မှော်သားရဲကောင်တောင်တန်းကြီးရဲ့ အတွင်းဘက်ဧရိယာအထဲကိုတောင် ဝင်ရဲတယ်ဆိုတော့ မင်းက သတ္တိသိပ်ရှိတာပဲ ”
“ မတတ်နိုင်ဘူးလေ.. ဒီအထဲထိကို ရောက်သွားအောင် အလိုက်ခံခဲ့ရတာကိုး.. ”
ရှောင်ယွင်က ထိုသို့ ဖြေလိုက်ပြီးနောက် သူမကို လှည့်ကြည့်ကာ
“ ဒါနဲ့ .. မင်းနာမည်က ဘာလဲ.. ”
“ ယွင်ချီ.. ” ထူးခြားသည့် အမျိုးသမီးက ပြုံးလျက် ဖြေလိုက်သည်။ သူမ၏ မျက်ဝန်းတွင် ကြယ်လေးများ တဖျတ်ဖျတ် လင်းလက်တောက်ပသွားပြန်သည်။
“ ကျနော်နာမည်ကလည်း ရွဲ့ယွင်ပါ.. ”
ရှောင်ယွင်လည်း အတွေ့အကြုံနည်းနည်း များလာပြီးဖြစ်ရာ ထိုနာမည်ကို ပုံမှန်လေသံဖြင့် ပြန်ဖြေပေးလိုက်သည်။
ယွင်ချီ?? ဂျားမားအင်ပါယာအတွင်းမှာ ရှိသည့် ဒိုဝှမ်းအဆင့်သမားထဲတွင် ထိုနာမည်ကို သူ မကြားဖူးချေ။ သူမကား သူမ၏ မူလအစစ်အမှန်ကို ဖုံးကွယ်ထားဟန် ရှိသည်။
ယွင်ချီဟု သူမ၏အမည်ကို မိတ်ဆက်လိုက်သည့် ထူးခြားသည့် အမျိုးသမီးကား ရှောင်ယွင်၏ နာမည်ကို အလေးထားဟန်ပင် မပြချေ။ သူမ၏ စွမ်းအားကို အချုပ်နှောင်မိထားသည်ဖြစ်သော်လည်း ထိုလူငယ်မှာ ဒိုကျဲအဆင့်သာ ဖြစ်၍ သူမအတွက် အန္တရာယ်မရှိတော့တာက သေချာနေပြီး ဖြစ်သည်။
နှစ်ယောက်သား၏ စကားစမြည်က တဖြည်းဖြည်း အရှိန်ကုန်သွားပြန်သည်။ ပြောစရာစကား ခေါင်းစဉ်တပ်စရာမကျန်တော့၍ နှစ်ယောက်သား တိတ်ဆိတ်သွားပြန်လေရာ ရှောင်ယွင်က ငါးကင်ကို သူမကို ကမ်းပေးလိုက်မှ သူမလည်း အပြံးတစ်ခုဖြင့် ခေါင်းညိတ်လက်ခံလိုက်သည်။
ယွင်ချီသည် ငါးကင်ကို တစ်ဖဲ့ယူလိုက်ပြီးကာ စားလိုက်သည်။ သူမ၏ နီထွေးသော နှုတ်ခမ်းက ဖြည်းဖြည်သာသာလေးသာ လှုပ်သည်။ သူမ၏ အထက်တန်းဆန်သည့် စားသောက်ပုံကြောင့် အားပါးတရစားတတ်သူ ရှောင်ယွင်မှာ အနည်းငယ် သိမ်ငယ်စိတ်ပေါက်သွားရသည်။
“ ရှင်က မှော်ဆေးပညာရှင်လား.. ”
ရှောင်ယွင် ဘေးနားမှာ ရှိနေသည့် ကျောက်စိမ်းပုလင်းငယ်တို့ကို မြင်သည့်အခါ သူမသည် အံ့သြသွားရသည့် လေသံဖြင့် မေးလိုက်သည်။
“ အာ.. သမားတော်ပါ.. ” ရှောင်ယွင် ပါးစပ်ထဲက ငါးကင်ကို မျိုချလိုက်ပြီးနောက် သူသည် မှော်ဆေးပညာရှင်ပါဟု အမှန်တိုင်းမဖြေဘဲ ဖုံးကွယ်ကာ ပြန်ဖြေလိုက်သည်။ အမှန်တိုင်းဖြေလိုက်ခြင်းက ကောင်းသည်ဟုလည်း သူ မခံစားမိသောကြောင့်လည်း ဖြစ်သည်။
“ အော်.. ” သူမသည် နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ ထို့အတူ သူမ၏ မျက်ဝန်းမှာ ဖြစ်ပေါ်နေသည့် အံ့သြခြင်းအငွေ့အသက်လည်း ပြန်လည် လျော့ပါးသွားသည်။ တကယ်တမ်းတွင်လည်း သမားတော်နှင့် မှော်ဆေးပညာရှင်ဆိုသည့် အမည်နာမနှစ်ခုသည် သိပ်မကွာခြားပေမဲ့ ထိုအလုပ်နှစ်ခု၏ အဆင့်အတန်းနှင့် အဆင့်ြ့မင့်မှုတို့မှာ ကောင်းကင်နှင့်မြေကြီးအလား ကွာခြားချက် ကြီးလွန်းလှသည်။
“ ငါ့မှာ မှော်ဆေးပညာရှင်မိတ်ဆွေတစ်ယောက်ရှိတယ်.. ဒီမှာ ငါ့အလုပ်ပြီးသွားခဲ့ရင်ပေါ့.. မင်း ဆန္ဒရှိခဲ့ရင် ငါ သူနဲ့မင်းကို မိတ်ဆက်ပေးလို့ရတယ်.. ”
ယွင်ချီမှာ ငါးကင်ဆီဝေ့နေသည့် သူမ၏ နှုတ်ခမ်းကို စူထားနေရင်းမှ ပြောလိုက်သည်။
သူမ၏ စကားကြောင့် ရှောင်ယွင်မှာ အနည်းငယ်တော့ အံ့သြသွားမိသည်။ သို့သော် မကြာမီမှာပဲ သူ ခေါင်းကို ခါယမ်းလိုက်သည်။ ယွင်ချီထံမှ အံ့သြသွားသည့် အကြည့်ကို ခံယူလျက်မှ
“ ကျေးဇူးတော့ တင်ပါတယ်.. ဒါပေမဲ့ ကျနော် ဒီကိစ္စကို မေ့ထားရလိမ့်မယ်လို့ ထင်မိပါတယ်… ဘာလို့ဆိုတော့ ကျနော်မှာ ဆရာရှိနေပြီးသားလေ.. ” ဟု ငြင်းလိုက်သည်။
သူမ၏ စေတနာကို ရှောင်ယွင်က တန်းငြင်းလိုက်၍ ယွင်ချီ အံ့သြသွားသည်။ သူမ ကိုယ်တိုင်မိတ်ဆက်ပေးတာကို တကယ်ပဲ ငြင်းလိုက်တာလား? ဒါက သူမအတွက် နှစ်အတော်ကြာအထိ ပထမဆုံး ကြုံလိုက်ရတဲ့ အဖြစ်တစ်ခု ဖြစ်သွားခဲ့ပြီး။ ယွင်ချီ သူမ၏ မေးခွန်းတွေကို ပြန်မျိုသိပ်လိုက်ရသည်။ ငါ ဘယ်သူနဲ့ မိတ်ဆက်ပေးမလဲဆိုတာ မင်း သိရောသိရဲ့လား..
ထိုအခါ ယွင်ချီလည်း သူမ၏ စိတ်ထဲတွင် တစ်ချက်တော့ စိတ်ပျက်သွားသလို ဖြစ်သွားခဲ့သည်။ သို့သော် သူမ၏ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုနှင့် ဂုဏ်သိက္ခာကြောင့် ရှောင်ယွင်ကို ထပ်မံ၍ မေးခွန်းများ မမေးတော့ချေ။ ထို့အစား သူမသည် ခေါင်းကိုသာ ခါယမ်းလိုက်ရင်း စိတ်ရှုပ်ထွေးလာသလိုလို ဖြစ်လာခဲ့မိသည်။
“ ဒါဆို မင်း ဒဏ်ရာက ပြန်ကျက်သွားခဲ့ရင် ဟို နီလာခရမ်းတောင်ပံခြင်္သေ့ကြီးကို ပြန်တိုက်ဖို့ အစီအစဉ်ရှိသေးတယ်ပေါ့.”
ရှောင်ယွင်သည် ငါးကင်အသားလက်ကျန်ကို ပါးစပ်ထဲ ထည့်ဝါးလိုက်ရင်းမှ ပလုပ်ပလောင်းလေသံဖြင့် မေးကြည့်လိုက်သည်။
“ အင်း.. ငါ နီလာခရမ်းဝိညာဉ်သလင်းကျောက်ကို ရမှ ဖြစ်မှာ.. ” ယွင်ချီလည် အသက်ပြင်းအသာချပြီးမှ ပြန်ဖြေလိုက်သည်။
ရှောင်ယွင် ခေါင်းကို ခါယမ်းမိသည်။ သူမနှင့် နီလာခရမ်းတောင်ပံခြင်္သေ့ကြီးတို့၏ တိုက်ပွဲကို ကြည့်ထားပြီးပြီရာ ယွင်ချီ၏ အောင်မြင်မှုရာခိုင်နှုန်းနည်းချေ ရှိသည်ကို သူ ကောင်းကောင်း သဘောပေါက်ထားလေပြီး ဖြစ်သည်။
“ ငါနဲ့ အဲဒီခြင်္သေ့ကြားထဲက ခွန်းအားက အများကြီး မကွာဟဘူး.. ဒါပေမဲ့ သူက အချုပ်အနှောင်နည်းစနစ်ကို သိလိမ့်မယ်လို့ ငါလည်း မထင်မှတ်ထားခဲ့မိဘူးလေ.. အခု ပထမအခေါက် ရှုံးနိမ့်တာဟာ အဲဒီနည်းစနစ်ကို မကာကွယ်နိုင်ခဲ့လို့ပဲ.. နောက်တိုက်ပွဲကျရင် ငါ့ရဲ့ အကြမ်းဆုံး ဥက္ကာပျံကို သတ်ဖြတ်ခြင်း သိုင်းက ရှုံးနိမ့်စေမှာ မဟုတ်တော့ဘူး.. ”
ရှောင်ယွင်အမူအရာကို မြင်မိတဲ့အခါမှာတော့ သူမသည် မျက်မှောင်တွန့်ချိုးထားပြီးတော့ ရှောင်ယွင်ကို ရှင်းပြလို့နေသည်။ သူမစိတ်ထဲမှာတော့ နည်းနည်းတော့ မကျေနပ်သလို ဖြစ်နေသည်။
“ ဒါပေမဲ့ ဟိုတိုက်ကွက် အရမ်းကို ကြမ်းတာပဲလေ..”
နီလာခရမ်းတောင်ပံခြင်္သေ့ကြီးရဲ့ အမာကျောဆုံးဖြစ်တဲ့ ဦးချိုကိုတောင် ဖြတ်ပစ်နိုင်ခဲ့တဲ့ ယွင်ချီရဲ့ အလင်းတန်းရဲ့ အစွမ်းပကားကိုတော့ ရှောင်ယွင် သံသယတော့ မရှိချေ။
ထိုနောက် ရှောင်ယွင် ငါးကင်ကို စားသောက်ပြီးနောက် မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်သည်။ ပြီးလျှင် ကျောက်ပြင်ညီတစ်ခုမှာ သွားပြီ တင်ပလ္လင်ချိတ်ပြီး ထိုင်လိုက်သည်။ လက်နှစ်ဖက်ကိုလည်း လေ့ကျင့်ခြင်းအနေအထားအတိုင်းထားလိုက်ကာ မျက်လုံးကိုလည်း တဖြည်းဖြည်း မှိတ်ချလိုက်သည်။
ရှောင်ယွင်က စတင်လေ့ကျင့်နေသည်ကို ကြည့်ပြီး ယွင်ချီလည်း ထိုင်ရာမှ ထလိုက်သည်။ ဆီပေကျံနေသည့် သူမ၏ ကျောက်စိမ်းအသွေးနှယ် လက်နှစ်ဖက်ကို ဆေးကြောလိုက်ပြီးနောက် ရှောင်ယွင်အရှေ့ဆီကိုလှမ်းလာခဲ့သည်။ တရားကျင့်ကြံခြင်းထဲ မျောပါသွားပြီးဖြစ်တဲ့ ရှောင်ယွင်ကို သူမ၏ အကင်းပါးသော မျက်လုံးဖြင့် စိုက်ကြည့်လိုက်မိသည်။ ခဏအကြာတွင် သူမ၏ မျက်တောင်နက်နက်သည် တွန့်ကွေးသွားရကာ တိုးတိတ်စွာဖြင့် ရေရွတ်လိုက်သည်။
“ ဘယ်လိုဖြစ်လို့ အဆင့်နိမ့် ဟွာင်းအဆင့် ချီကျင့်စဉ် ဖြစ်နေရတာလဲ? ဒီကောင်လေးရဲ့ ဆရာက ကြည့်ရတာ အင်မတန်ကို ကပ်စီးကော်တရာကြီး ဖြစ်မယ်ထင်တယ်.. စတင်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သင့်တော်ကောင်းမွန်တဲ့ ချီကျင့်စဉ် လိုအပ်တယ်ဆိုတာ မသိဘူးလား.. ”
သူမသည် ခေါင်းကို ခါယမ်းလိုက်ကာ အသက်ပြင်းချလိုက်သည်။ သူမစိတ်ထဲမှာတော့ ရွဲ့လော်သည် တပည့်ဖြစ်သူကို ဆိုးကျိုးဖြစ်စေသည့် ဆရာတစ်ဦးအဖြစ် ရွဲ့လော်ကို မမြင်ရသေးခင်ကတည်းက သတ်မှတ်လိုက်ပြီး ဖြစ်သည်။
“ ဒီမှာ ငါ့ရဲ့ အလုပ်တာဝန်တွေ ပြီးတာနဲ့ ငါ သူ့ကို ခေါ်ထုတ်သွားမယ်.. ဒီလို အညွန့်တလူလူနဲ့လူက ဒီလောက် အဖြစ်မဆိုးသင့်ဘူး.. ”
ယွင်ချီသည် ခေါင်းကို ယမ်းလိုက်သည်။ သူမသည်လည်း ထိုင်ချလိုက်ကာ မျက်လုံးကို မှိတ်၍ သူမကိုယ်ထဲက နီလာခရမ်းအချုပ်အနှောင်ကို စတင်ကုစားလိုက်သည်။
ရက်အနည်းငယ်အတွင်း ယွင်ချီက အချုပ်အနှောင်ကို ဖြေရှင်းနေခဲ့သည်။ နောက်ပြီး ရှောင်ယွင်၏ ဧည့်ဝတ်ကျေပွန်မှုကြောင့် သူမတို့ နှစ်ယောက် တဖြည်းဖြည်း ရင်းနှီးလာသည်။ သူမ၏ တော်ဝင်ဆန်သော လေသံ တနည်း အဆင့်မြင့်နေရာတွင် အချိန်ကြာမြင့်စွာ နေလာခဲ့ရ၍ အထက်ဆန်သော လေသံမျိုးကလည်း တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။ ထို့ကြောင့် ရှောင်ယွင်လည်း အနည်းငယ် အဆင်ပြေသလို ဖြစ်လာခဲ့သည်။ နောက်ပြီး ဂုဏ်ယူဝင့်ကြားသယောင်ရှိသည့် လေသံကိုလည်း ရှောင်ယွင် မနှစ်သက်ခဲ့သည် မဟုတ်လား။
ဂူထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိန်နှစ်ရက် ကုန်ဆုံးသွားသည်။ သို့သော် သုံးရက်မြောက်နေ့တွင် ရုတ်တရက် ရောက်ရှိလာသည့် ဝံပုလွေတစ်ကောင်၏ အူသံကြောင့် တိတ်ဆိတ်ခြင်းတို့ ပျက်စီးသွားရသည်။
ဂူထဲမှာ နေ့လယ်စာ စားသောက်ပြီးစီးသည့်အချိန်တွင် ဂူအပြင်ဘက်က ထွက်ပေါ်လာခဲ့သည့် ဝံပုလွေအူသံများကြောင့် ရှောင်ယွင် မျက်နှာအမူအရာ ပြောင်းလဲသွားရသည်။ ရုတ်ချည်း မတ်တတ်ရပ်လိုက်မိသလို မျက်မှောင်ကြုတ်လိုက်ကာ ယွင်ချီနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
“ ငါတို့ကို ဘယ်လို ရှာတွေ့သွားရတာလဲ.. ” ရှောင်ယွင် စဉ်းစားကြည့်မိသည်။ နေ့တိုင်းပဲ သူ့ကိုယ်ကို ဆေးမှုန့်တွေနှင့် သုတ်လူးထားသေးသည်မလား။ လူသားအနံ့ကို ဖျောက်ထားသည်မို့ မှော်သားရဲကောင်တွေက သူ့နေရာကို သိဖို့ အကြောင်း မရှိသည်မဟုတ်လား။
ရှောင်ယွင် မျက်မှောင်ကြုတ်ပြီး စဉ်းစားနေရင်းမှ ရုတ်တရက် ယွင်ချီ၏ အားနာနေသည့်မျက်နှာကို ကြည့်မိသွားသည်။ သူမ၏ မျက်နှာကို မြင်သည့်အခါ ရှောင်ယွင် အတွေးတစ်ခုကို တွေးမိသွားသည်။ ချက်ချင်း အပြုံးတစ်ခုကို အတင်းပြုံးလိုက်ပြီး သူမကို မေးလိုက်သည်။
“ ဒီနေ့ မင်း အပြင်ကို ထွက်မိသေးလား… ”
ရှောင်ယွင်ရဲ့ အကြည့်ကို ပြန်ငေးကြည့်မိတဲ့အခါ ယွင်ချီရဲ့ ကြည့်ကောင်းလှသည့် မျက်နှာက နောင်တရမှုနဲ့ နီရဲသွားခဲ့သည်။ ရှက်သယောင်ရှိသည့်လေသံဖြင့် ခပ်တိုးတိုးလေး သူမ ဝန်ခံလိုက်သည်။
“ တောင်းပန်ပါတယ်.. ဒီနေ့ ငါ အပြင်ထွက်ပြီး ရေသွားချိုးမိတယ်.. ”
ရှောင်ယွင် ဘာပြောရမှန်းမသိတော့သည်။ အသက်ပြင်းချလိုက်ပြီးနောက် သူ့နောက်ကျောက ပေတံဓားကြီးကို ကျစ်ကျစ်ဆုပ်ကိုင်ထားလိုက်သည်။ အံကို တစ်ချက်ကြိတ်လိုက်ပြီးနောက် ယွင်ချီကို လှမ်းပြောလိုက်သည်။
“ မင်း ဒီမှာ နေနေလိုက်.. ပျော်စရာမဟုတ်တဲ့ဟာတွေ ဘာဆို ဘာမှ မလုပ်နဲ့.. ငါ အပြင်ထွက်ပြီးတော့ မှော်သားရဲကောင်တွေကို အပြင်ခေါ်ထုတ်သွားလိုက်မယ်.. ”
“ မင်း.. မင်းရဲ့ ခွန်းအားက.. ငါပဲ သွားလိုက်တာ ပိုကောင်းမယ်.. ”
အပြင်ကို ထွက်သွားတော့မည့် ရှောင်ယွင်ကို ကြည့်ပြီး ယွင်ချီ ရင်ထဲက နောင်တတွေ ပိုပြီး ဖြစ်လာခဲ့သည်။ သူမသည် အလျင်စလို ထရပ်လိုက်ပြီး ရှောင်ယွင်ကို ဖျောင်းဖျလိုက်သည်။
“ မင်း ဘာမှ မလုပ်ဘဲ ဒီနေရာမှာ နေတာ ပိုကောင်းတယ် ”
ရှောင်ယွင် ရုတ်တရက် ရပ်လိုက်ပြီး သူမကို ခပ်ထန်ထပ်လေး ပြောလိုက်သည်။
“ မင်း အပြင်ကို ထွက်သွားရင် နောက်ထပ်မှော်သားရဲကောင်တွေ ရောက်လာလိမ့်မယ်.. ”
ရှောင်ယွင် ယခုလို အော်လိုက်တော့ ယွင်ချီလည်း အနည်းငယ် ကြောင်အသွားပြီး အထိတ်တလန့်လည်း ဖြစ်သွားခဲ့သည်။ အရှေ့က လူငယ်ကိုလည်း အရူးတစ်ယောက်လို ကြည့်လိုက်မိသည်။ ဘာတွေ ဖြစ်ပျက်သွားသလဲဆိုတာ သူမဦးနှောက်က ရုတ်တရက် လိုက်မမှီသွားသလို ဖြစ်သွားခဲ့ရသည်။ ဒီကောင်လေးက သူမကို တကယ်ပဲ ပြန်အော်လိုက်သလား။
“ ဒီဂူကနေ ခြေတစ်လှမ်းမှ မထွက်နဲ့.. နို့မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး ဒီနေရာမှာ သေသွားရလိမ့်မယ်.. ”
ဒီအချိန်မှာ ရှောင်ယွင်ဟာ သူ့အနောက်က အမျိုးသမီးက ဒိုဝှမ်းအဆင့်ရှင်တစ်ယောက်ဆိုတာကို ဂရုမစိုက်ဘဲ ရှိနေတော့သည်။ အဆိုပါစကားကိုလည်း ပြင်းပြင်းထန်ထန် ပြောလိုက်ပြီးနောက် ဂူအပြင်ဘက်ကို ခပ်မြန်မြန် ထွက်လာခဲ့လိုက်သည်။
ယွင်ချီက ခြေစုံရပ်ပြီးတော့ ဂူပေါက်ဝကနေ ပျောက်ကွယ်သွားခဲ့တဲ့ လူငယ်လေး၏ နောက်ကျောကို ငေးကြည့်နေခဲ့သည်။ ကျောက်စိမ်းလို လှပသည့် သူမ၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်နယ်နေမိသည်။ ယခုအခြေအနေအရ ဘယ်လိုဆုံးဖြတ်ချက်ကို အကောင်းဆုံးချရမလဲဆိုတာကို သူမ ကောင်းကောင်း မတွေးတတ်အောင် ဖြစ်နေမိသည်။ အချိန်အတန်ကြာမှ သူမ စိတ်လျော့လိုက်သည်။ သူမ ခြေထောက်ကို နင်းဆောင့်ပြီး စိတ်တိုသည့်လေသံဖြင့်
“ အရွယ်က ငယ်ငယ်နဲ့ ဒေါသထွက်လာရင် မညှာတာတတ်ဘူးပဲ ။ ငါက မင်းကို ကူညီမလို့ကို..။ မင်းက သတ္တိရှိပြီး ကြွားတတ်ဆိုတော့ မင်းဘာသာပဲ ကိုယ်တိုင် ဖြေရှင်းလိုက်တော့.. ”
သူမက ဒီစကားကို ပြောလိုက်ပေမဲ့လည်း သူမ၏ ခြေလှမ်းကတော့ လင်းထိန်နေသည့် ဂူပေါက်ဝဆီကို ခြေလှမ်းအနည်းငယ်လောက် လှမ်းသွားခဲ့သည်။ သို့ပေမဲ့ ရှောင်ယွင်၏ စကားကို ပြန်သတိရသွား၍ သူမ ခြေလှမ်းကို ရပ်လိုက်ခဲ့သည်။ သူမ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုက ဝဲခိုလို့လာသည်။
ရှောင်ယွင် ထွက်သွားပြီးသည်နှင့်မကြာချေ.. ဝံပုလွေအူသံတို့က ခပ်စိပ်စိပ်ထွက်ပေါ်လို့လာသည်။ ထို့အတူ ဝံပုလွေအူသံတို့ကလည်း တဖြည်းဖြည်း ဝေးသွားလေပြီး။ လူငယ်လေးတော့ မကြာခင် ပြန်လာတော့မည်။
ယွင်ချီ နောက်ထပ် စောင့်လို့ နေပြန်သည်။ သူမ စိတ်မရှည်သလို ဖြစ်လာကာ အံကို ကြိတ်လိုက်ကာ လက်ဖျောက်တစ်ချက် တွက်လိုက်သည်။ ထိုအခါ ထူးခြားဆန်းကြယ်သည့် ဓားရှည်တစ်ချောင်း ထွက်လာခဲ့သည်။ သူမသည် အေးစက်စွာဖြင့်
“ နီလာခရမ်းတောင်ပံခြင်္သေ့.. သတ္တဝါစုတ်.. ရှေင်ယွင်သာ တစ်ခုခု ဖြစ်ကြည့်.. ဒီမှော်သားရဲကောင်တောင်တန်းကြီးတစ်ခုလုံးကို လှန်ပစ်လိုက်မယ်.. ”
ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူမသည် ဂူအပြင်ဘက်သို့ ပြေးထွက်လို့ သွားသည်။ သို့သော် ထိုအချိန်တွင် လူပုံရိပ်တစ်ခုက ဂူအတွင်းထဲကို ယိုင်တိယိုင်တိုင် ဝင်လာခဲ့သည်။
“ ရှောင်ယွင်လား.. အဆင်ပြေရဲ့လား.. ”
လူပုံရိပ်ကို မြင်လိုက်ရသည့်အခါ ယွင်ချီ၏ မျက်နှာက ဝင်းပလို့ သွားခဲ့သည်။ သူမသည် ရှောင်ယွင်အခြေအနေကို မေးစမ်းဖို့ အပြေးကလေး သွားလိုက်သည်။
“ မိန်းကလေး.. နောက်ဆို အပြင်မသွားပါနဲ့တော့.. နောက်ထပ် မှော်သားရဲကောင်တွေ ပိုများလာမယ်ဆိုရင် ငါ တကယ်သေသွားလိမ့်မယ်.. ”
သွေးတွေ ပေလူးနေသည့် ရှောင်ယွင်ဟာ ခပ်မဲ့မဲ့ ပြုံးလိုက်ပြီးနောက် သူ့အမြင်အာရုံက မှောင်မိုက်လို့ သွားခဲ့ပြီး။ မြေကြီးပေါ်ကိုလည်း လဲကျသွားခဲ့သည်။
လဲကျသွားသည့် အခိုက်တွင် နူးညံ့ပြီး နွေးထွေးသည့် ရင်ခွင်ထဲကို လဲကျသွားသလို ရှောင်ယွင် နောက်ဆုံး ခံစားလိုက်ရသည်။
=============================
No comments:
Post a Comment