Followers

Chapter 90 91 92



==================

အပိုင်း ( ၉၀ ) –  အားလုံးကို ပြင်ဆင်ခြင်း 

ပြတင်းပေါက်အနားတွင် တစ္ဆေတစ်ကောင်လား ရုတ်တရက် ရောက်ချလာသော မိန်းမပျိုလေးအား ငေးကြည့်ရင်း ရှောင်ယွင် အသံတိတ် ရေရွတ်လိုက်မိသည်။ 

“ ရှင်းအာက ဒီကို ဘာလာလုပ်တာလဲ..”

“ ဟီဟီ.. ကြည့်ရတာ.. သူလည်း မင်းလိုပဲ နေမှာပေါ့.. ”

ရွဲ့လော်က ပြုံးပြီး ဖြေလိုက်သည်။

ရှောင်ယွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အမှောင်ကွယ်ထဲတွင် တစ်ကိုယ်လုံး ပုန်းနေလိုက်ပြီးနောက် ချက်ချင်းပဲ ရွဲ့လော်အား စိတ်ထဲကနေ မေးလိုက်သည်။ 

“ ရှင်းအားရဲ့ စွမ်းအားက ဘာလို အရမ်းထက်မြက်နေရတာလဲ.. သူဝင်လာတဲ့ အမြန်နှုန်းကလည်း ဒဒိုရှီတစ်ယောက်ရဲ့ အမြန်နှုန်း နဲ့တောင် ယှဉ်လို့ရနေတယ်.. ”

“ သူရဲ့ တကယ့်စွမ်းအားက မင်း အမြဲလိုလို မြင်နေရတာပဲ..ဒါပေမဲ့ သူမက အချိန်တိုအတွင်း ခွန်းအားကို ယာယီတိုးပေးတဲ့ လျှို့ဝှက် သိုင်းတစ်ခုကို သုံးလိုက်တာကတော့ သေချာတယ်.. ဒါပေမဲ့ ကောင်မလေးရဲ့ နောက်ခံအင်အားကို ကြည့်လိုက်ရင် ဒီလို လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကလည်း အံ့သြ စရာတော့ မဟုတ်ပါဘူး..”

ရွဲ့လော်က အေးဆေးစွာ ဖြေလိုက်သည်။

ဒီစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင် အနည်းငယ်တော့ အံ့အားသင့်သွားသည်။ အံ့သြစွာဖြင့်လည်း မချိတင်ကဲ ရယ်လိုက် မိသည်။ ရှင်းအား၏ ထူးခြားကြီးကျယ်သော နောက်ခံအင်အား ကို တွေးလိုက်မိရင်း စိတ်ပျက်စွာဖြင့် အသက်ပြင်းချလိုက်သည်။ ထို့နောက် တွေးတောခြင်းအား ရပ်ချလိုက်ပြီးနောက် ကန့်လန့်ကာ ပါးအား ကျော်လွန်၍ အထဲသို့ ချောင်းကြည့်လိုက်သည်။ 

အခန်းတွင်းတွင် ရှင်းအာက တစ္ဆေတစ်ကောင်လို ရုတ်တရက် ထွက်ပေါ်လာခဲ့ပေမဲ့ လျိုစီးက သတိမပြုလိုက်မိသေးချေ။ သူ့တစ်ကိုယ်လုံးက ရမ္မက်ဆန္ဒတွေသာ ပြည့်လွှမ်းလို့ နေသည်။ အိပ်ရာပေါ်မှာ အိပ်ပျော်နေသော မိန်းမလှလေးကိုသာ စူးစိုက် ကြည့်ရင်း သူ့ အဝတ်အစားအား ကမန်းကတန်း ဆွဲချွတ်လိုက် နေသည်။ 

ထိုခဏတွင် အဝတ်အစားချွတ်နေသော သူ့လက်မှာ တုံ့ခနဲ ရပ်တန့် သွားသည်။ ဒိုကျဲအဆင့် ကြယ်ခြောက်လုံးအထိ ရောက်နေသူမို့ တစ်ခုခု မူမမှန်လိုက်မှန်း ခံစားသိလိုက်သည်။ အနည်းငယ် ငြိမ် သက်တိတ်ဆိတ်သွားပြီးနောက် အနောက်ကို ခေါင်းလှည့်ပြီး ဟင်းလင်းပွင့်နေသာ ပြတင်းပေါက်အား လှမ်းကြည့်လိုက်သည်။ 

ပြတင်းပေါက်ဘောင်ပေါ်တွင် မိန်းမပျိုလေးတစ်ယောက်.. 
ရွှေရောင်အဝတ်အစားနှင့် ပြတင်းပေါက်ဘေးဘောင်အား ပျင်းရိစွာ မှီရပ်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းအစုံမှာ ရွှေရောင်မီးလျှံများက တောက်ပ၍နေသည်။ ထိုမျက်ဝန်းများက အခန်းအထဲက အဝတ်တစ်ပိုင်းတစ်စနှင့်ရှိနေသော သူ့အား ကြည့်နေလျက်ရှိနေသည်။ ထိုအတူ ပင့်မြှောက်ထားသော သူမ၏ လက်ပေါ်တွင် ရွှေရောင်မီးတောက်တစ်ခုက အသက်ဝင်သည့်ပမာ လှည့်ပတ်နေလျက် စိတ်ဝိညာဉ်ရှိသည့်အလား ပြုစားတတ်သည့် ပုံသဏ္ဍာန်ရှိနေသည်။ 

လရောင်ခြည်က ခစားနေလျက်ရှိသော သူမကိုအား လျိုစီးသည် မျက်လုံးများ ပြုးကျယ်စွာဖြင့် ကြည့်လိုက်မိသည်။ အေးဆေးသိမ်မွေ့ သော သူမ၏ မျက်နှာလေးထံသို့ သူ့အကြည့် ရောက်သွားသည်။ လျိုစီး၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေဟန် ရှိသည်။ ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်နေသော်လည်း လှပပြည့်စုံသည့် အလှမျက်နှာလေးကို သူ မငေးကြည့်ဘဲ မနေနိုင်ချေ။ 

အချိန်တိုအတွင်း ကြည့်နေမိပြီးမှ လျိုစီးသည် ချက်ချင်း အနောက်သို့ လှည့်လိုက်သည်။ ကြမ်းပြင်အား နင်းဆောင့်ပြီး မျှားတစ်စင်းလို ပြေးထွက်သွားလိုက်သည်။ သူ့ ဦးတည်ရာက အခန်းတံခါးဝသို့ ဖြစ်ပေသည်။ ထူးဆန်းသည့် အခြေအနေအရ အသက်ဘေးနှင့် ရင်ဆိုင်လိုက်ရမှန်း သူ ခံစားးသိလိုက်သည်။ ယင်းမိန်းမပျိုလေး ရုတ်တရက် ရောက်ရှိလာခြင်းက ကောင်းသော ရောက်ခြင်းမဟုတ်မှန်း စိတ်ထဲ အလိုလို သိလာခဲ့သည်။ 

အခန်းအကျယ်မှာ ကျယ်ဝန်းပေမဲ့လည်း လျိုစီး၏ အလျင်ဖြင့် အိပ်ရာကနေ အခန်းတံခါးဝအထိ ရောက်ရှိဖို့က စက္ကန့်ပိုင်းသာ လိုအပ်မည်။ သံသားတံခါးအနားနီးလာလေ လျိုစီး စိတ်ထဲ ပျော်ရွှင်လာသည်။ အခန်းတံခါးဝ အပြင်သို့ ရောက်လျှင် အော်ဟစ်ပြီး အကူအညီတောင်းလိုက်မည်။ ထိုအခါ အကူအညီ တောင်းသံကို ကြားလျှင် ဂျားလီဘီက ချက်ချင်း ရောက်လာပြီး သူ့အား ကူညီနိုင်ပေတာ့မည်။ 

သို့သော် မထင်မှတ်ထားသည့်အရာတစ်ခုက ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့၏။ လျိုစီးက တံခါးဝအနားရောက်မည့်ဆဲဆဲတွင် သူ့ခြေထောက်တွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ပြေးလာသည့်အရှိန်နှင့် ပေါင်းစပ်ကာ ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေး ကျသွားခဲ့သည်။ မှောက်လဲကျသွားသည့်အပြင် သွားချောင်းတွေလည်း ကျိုးပဲ့သွားသည်။ လျိုစီးမှာ မရှုနိုင်မကယ်နိုင် ဖြစ်ကာ သွေးတံတွေးများ ရောထွေးလျက် ကျိုးပဲ့သွားသော သွားအစများအား ထွေးအန်လိုက်ရသည်။ 
 
နာကျင်နေသော သူ့ခြေထောက်ကို ကြောက်လန့်တကြားဖြင့် ငုံ့ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်က လက်သီးဆုပ် လောက် ရှိသည့် ဒဏ်ရာတွင်းနက်နက်က သူ့ခြေထောက်မှာ သွေးများ ယိုစီးကျနေတာပဲ ဖြစ်သည်။ ဒဏ်ရာပေါက်၏ အနားသတ် မှာ မဲတူးနေသလို အသားတူးသည့် ညှော်နံ့လည်း ထွက်နေသည်။ 

“ ဘယ်သူကြားကြလဲ.. ဒီမှာ ငါ့ကို တစ်ယောက်ယောက်က သတ်ဖို့ လုပ်နေပါတယ်.. ”

ခြေထောက်ဆီက ရိုက်ခတ်လာသော ပြင်းထန်သည့် နာကျင်ခြင်း ဝေဒနာကြောင့် လျိုစီးမှာ မေ့လဲလုမတတ် ဖြစ်နေသည်။ သို့သော် အံကိုကြိတ်ပြီး ဝေဒနာကို တောင့်ခံကာ တတ်နိုင်သမျှ ကျယ်လောင် စွာ အော်ဟစ် အကူအညီတောင်းခံလိုက်သည်။ 

“ အော်နေလည်း ဘာမှမထူးဘူး.. ဒီအခန်းကို ငါ့ရဲ့ အရှိန်အဝါနဲ့ ပိတ်ဆို့ထားပြီးပြီ.. ရှင့်အသံကို ဘယ်သူမှ ကြားရမှာ မဟုတ်ဘူး.. ”

“ မင်း.. မင်း.. ဘာလို့ ဒီလိုလုပ်ရတာလဲ.. မင်း ဘာလိုချင်တာလဲ.. ပိုက်ဆံလား.. ဆေးလုံးတွေလား.. မင်း ငါ့ကို လွှတ်ပေးရင် အဲဒါတွေ အားလုံးကို ငါပေးနိုင်တယ်..”

မိန်းမပျိုလေးအား လျိုစီးက အလွန်အမင်း တုန်လှုပ်ကြောက်လန့်စွာ ဖြင့် ပြောလိုက်သည်။ သူ့မျက်နှာမှာလည်း ကြောက်လန့်ခြင်းကြောင့် အသားအရေမှာ သွေးများမရှိတော့ဘဲ ဖွေးဆုတ်နေတော့သည်။ စောစောက ရှိနေသော တဏှာရမ္မက်တို့သည်လည်း ယခုအခါ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။ 

မိန်းမပျိုလေးက ကြမ်းပြင်တွင် မထနိုင်တော့သည့် လျိုစီးအား ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေရင်း ပြတင်းပေါက်ဘောင်ကနေ ပေါ့ပါးစွာ ခုန်ဆင်းလာခဲ့သည်။ ထို့နောက် ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် လျိုစီးဆီ နင်းလျှောက်လာခဲ့သည်။ 

ရှောင်ယွင်မှာ ပြတင်းပေါက်ကနေ ခုန်ဆင်းလာသော ရှင်းအာအား ကြည့်နေရင်း သူမ၏ ဆံပင်အရှည်က မူလတွင် ခါးအလယ်တွင် ရှိနေသည်မှ ယခုတွင် တင်ပါးအောက်အထိ ရှည်နေသည်ကို သတိထားမိလိုက်သည်။ ထိုသို့ ရှည်ရခြင်းက သူမ ထုတ်သုံးလိုက် သော လျှို့ဝှက်ကျင့်စဉ်ကြောင့် ဖြစ်ပေလိမ့်မည်။ 

တင့်တယ်လှပစွာသော ရွှေရောင်အဝတ်အစားအား ဝတ်ဆင်ထား သည့် မိန်းမပျိုလေးသည် လဲကျနေသာ လျိုစီးအရှေ့သို့ သွားနေ သည်။ လျိုစီးအရှေ့ရောက်သည့်အခါတွင် ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးပြလိုက်သည်။ ယင်းသို့ ရုတ်တရက် ပြုံးလိုက်ခြင်း က လျိုစီ၏ အသည်းနှလုံးအား ကြမ်းတမ်းစွာ ဆွဲကိုင်လှုပ်ဘိသကဲ့ သို့ တုန်လှုပ်သွားစေသည်။ 

“ ရှင်က ကျွန်မကို ဖမ်းခေါ်ချင်တယ်ပေါ့လေ.. ”
ခေါင်းငုံ့ကြည့်ရင်း ပြောလိုက်သော ရှင်းအာ၏ စကားလုံးတိုင်းမှာ အေးစက်ခြင်းတို့က ပြည့်နှက်လို့ နေသည်။ 

လျိုစီးမှာ ကြောက်လန့်စွာဖြင့် တံတွေးမျိုချလိုက်သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ချွေးများ ယိုစီးကျနေသည်။ 

“ တကယ်တော့ ငါက လူသတ်ရတာ မနှစ်သက်ပါဘူး.. ”

ကြောက်လန့်တုန်လှုပ်နေသော လျိုစီး၏ မျက်နှာအား ကြည့်ရင်း ရှင်းအာက ရုတ်တရက် အသက်ပြင်းချလိုက်မိသည်။ 

ထိုစကားကို ကြားလိုက်ရသည့်အခါ မျှော်လင့်ချက်ရောင်ခြည်က လျိုစီးမျက်နှာတွင် ရေးရေး ထွက်ပေါ်လာသည်။ သနားခံလိုက်မည် ကြံလိုက်သော်လည်း တဖန် ပြန်လည်အေးစက်လာသော မိန်းမပျိုလေး၏ မျက်နှာအမူအရာကြောင့် လျိုစီး၏ မျှော်လင့်ချက်မှာ တဖန် ပြိုလဲသွားသည်။ 

“ အပေါစားဆန်တဲ့ အကြည့်သရမ်းတာလောက်ကတော့ ရှင်းအာ စိတ်ထဲမှာတောင် မထည့်ထားဘူး.. ဒါပေမဲ့ ရှင်က ဘာလို့ သူ့ကို ရန်စစော်ကားရတာလဲ.. သူ့ကို ရန်စဖို့ ရှင့်မှာ ဘာအခွင့်ရှိလို့လဲ.. သူကတော့ ရှင်ရန်စတာကို စိတ်ထဲမှာတောင်မထားပေမဲ့ ရှင်းအာက ဒါကို လက်မခံနိုင်ဘူး.. လုံးဝကို လက်မခံနိုင်တာ.. ”

ပြောနေရင်း ရှင်းအာ၏ အသံက အေးစက်၍လာသည်။ သူမ၏ လက်ချောင်းထိပ်တွင်လည်း ရွှေရောင်မီလျှံဓားတစ်လက်က စွမ်းအင်ပြင်းထန်စွာဖြင့် ဖြစ်ပေါ်လာပြီး တစ်ဆက်တည်းမှာပဲ ဓားအား ပစ်လွှတ်လိုက်သည်။ ၎င်းဓားဟာ ရွှေရောင်လျှပ်စီးကြောင်း ပမာ ပြောင်းလဲသွားကာ လျိုစီး၏ ရင်ဘက်ကို ထိုးဖောက်သွားခဲ သည်။ ချက်ချင်းပင် လျိုစီး၏ ရင်ဘက်တွင် အပေါက်တစ်ခု သွေးပန်းထွက်သွားခဲ့သည်။ 

အသည်းခိုက်လုမတတ် နာကျင်ခြင်းကြောင့် လျိုစီး၏ ခန္ဓာကိုယ် သည် နာကျင်စွာ တွန့်လိမ်သွားသည်။ ဖြူဖွေးသော မျက်နှာသည် လည်း အနီမဲမဲအရောင်သို့ ပြောင်းလဲသွားသည်။ တဖြည်းဖြည်း ပြူးကျယ်လာသော မျက်လုံးမှာလည်း ကြောက်ဖို့ပင် ကောင်းတော့ သည်။ 

တဖြည်းဖြည်း အသက်မဲ့သွားသော အလောင်းကောင်အား အေးစက်တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရှင်းအာ ပြန်မတ်တတ်ရပ် လိုက်ကာ အသက်ပြင်းလည်း ချလိုက်သည်။ အေးစက်တင်းမာ နေသော သူမ၏ မျက်နှာမှာတွင်လည်း စိတ်မကောင်းဖြစ်နေဟန် လည်း ထွက်ပေါ်နေသည်။ 

“ အကိုရှောင်ယွင်က ငါ့ကို နေရာတကာစပ်စုတဲ့သူလို့ အပြစ်တင် မှာကို မကြောက်ဘူးဆိုရင် ဝူတန်မြို့ကနေ ဂျားလီကလန်က  အစောကြီးကတည်းက ပျောက်ကွယ်နေလောက်ပြီ.. ဒါဆိုရင် ဒီလို အရှုပ်ထုပ်ပြဿနာတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး.. ”

သူမသည် ခေါင်းကို ခါယမ်းလိုက်ပြီး အခန်းပတ်လည်ကိုလည်း ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် အနောက်လှည့်ပြီး ပြတင်းပေါက် အနားကို ပြန်ရောက်လာခဲ့သည်။ ပေါ့ပါးသော ခြေခုန်ချက်နှင့်အတူ ညအမှောင်ထဲ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ 

“ အင်း.. အမြဲလိုလို သိမ်မွေ့ချိုသာတဲ့ ကောင်မလေးက လူတစ်ယောက်ကို သတ်ဖို့ ဆုံဖြတ်ထားတာပဲ.. ဟိဟိ.. ရှောင်ယွင် မင်းကတော့ ရတနာတစ်ပါးကို ရှာတွေ့ထားတာပဲ.. ”

ရှင်းအာ ထွက်ခွာသွားပြီးသည်နှင့် မကြာချေ.. ရွဲ့လော်၏ စနောက်လိုက်သော အသံကို စိတ်ထဲမှာ ကြားလိုက်ရသည်။ 

မအီမအာဖြင့် ပြုံးလိုက်ပြီး ရှောင်ယွင် ခေါင်းခါလိုက်ပြီး အသက်ပြင်းဖွဖွလေးလည်း ချလိုက်မိသည်။ 

“ ကြည့်ရတာ ဒီညတော့ အလကားသက်သက် လာလိုက်မိသလို ဖြစ်သွားပြီးထင်တယ်.. ”

“ ဟီဟီ.. ပြောရခက်တယ်ကွ.. ကောင်မလေးက လုံးဝမညှာတာပဲ သတ်လိုက်တယ်ဆိုပေမဲ့ သူက ငယ်သေးတယ်.. အတွေ့အကြုံ ကလည်း မရှိဘူးဆိုတော့.. ”

ရှောင်ယွင် ဇဝေဇဝါဖြစ်သွားကာ ချက်ချင်းပဲ ပြန်မေးလိုက်သည်။ 

“ ဆရာ ဆိုလိုချင်တာက.. ”

“ စောင့်ကြည့်နေလိုက်ဦး.. ”

ရွဲ့လော်က ထူးဆန်းစွာ ပြောလိုက်ပြီး တိတ်တိတ်လေး နေလိုက်သည်။ 

ရွဲ့လော်၏ ထူးဆန်းသော စကားကြောင့် ရှောင်ယွင်လည်း ခေါင်းညိတ်လိုက်ပြီး.. အမှောင်ထဲမှာပဲ မထွက်ကာ ဆက်ပြီး ပုန်းကွယ်နေလိုက်သည်။ မျက်စိကလည်း တစ်ခန်းလုံးကို လိုက်ကြည့်နေလိုက်သည်။ 

ဆယ်မိနစ်ကျော်သည့်အထိ ငြိမ်သက်စွာ စောင့်နေလိုက်ပြီးနောက် ရှောင်ယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အကြည့်က ငြိမ်သက်စွာ လဲကျနေသာ လျိုစီးထံ ရောက်သွားခဲ့သည်။ 

တံခါးအနားတွင် အသက်မဲ့စွာ မလှုပ်မယှက် လဲကျနေသော လျိုစီးသည် သူ့လက်က အနည်းငယ်လှုပ်လာခဲ့သည်။ ခဏအကြာတွင် မျက်လုံးက တဖြည်းဖြည်း ပွင့်လာခဲ့ပြီး လူသေ ကောင်လို ဖြူဖျော့နေတာကလည်း ပြန်လည် ပျောက်ကွယ်သွား သည်။ 

“ အာ့.. ”

ရင်ဘက်မှာ ဒဏ်ရာအပေါက်အား ကြည့်လိုက်ရင်း လျိုစီးက အေးစက်စွာ ပင့်သက်ရှိုက်လိုက်မိသည်။ သူ့မျက်နှာဖြင့် အမုန်းတရားဖြင့် ပြည့်နှက်လာခဲ့သည်။ 

“ အားပါးပါး.. ငါ ဒီကိုလာတုန်းက ဆရာဆီကနေ လိပ်လို အသက်ရှုခြင်းဆေးကိုသာ မခိုးလာခဲ့ရင် ငါတော့ ဒီနေရာမှာပဲ အသတ်ခံလိုက်ရပြီ.. ”

လက်ကို ခက်ခဲစွာ မြှောက်လိုပြီး အင်္ကျီအိတ်ထဲကနေ ကျောက်စိမ်း ပုလင်းတစ်လုံးအား ဆွဲထုတ်ယူလိုက်သည်။ ဒဏ်ရာအထဲကို အဖြူရောင်ဆေးမှုန့်အား လောင်းထည့်လိုက်ပြီး အစိမ်းနုနုရောင် ဆေးလုံးတစ်လုံးကိုလည်း ကမန်းကတန်း မျိုချလိုက်သည်။ ထိုအရာများအား ဆက်တိုက်လုပ်သွားပြီးနောက် လျိုစီး၏ မျက်နှာအသွေးရောင်မှာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ 

“ ဒီလောက် ဒဏ်ရာကြီးက ပြန်ကောင်းလာဖို့ကို နှစ်တစ်ဝက် လောက်ကြာမှ ပြန်ကောင်းလိမ့်မယ်.. မနက်ကျရင် ဂျားလီကလန် ကို ပြောပြီး ငါ့ကို ပြန်ပို့ခိုင်းရမယ်.. ပြီးရင် ဆရာကို ခေါ်လာခဲ့မယ်.. ဆရာရဲ့ အကူအညီနဲ့ဆိုရင် ရှောင်ကလန်တော့ ကောင်းသောနေ့ တွေ ရှိလာမှာ မဟုတ်တော့ဘူး.. အဲဒီအခါကျရင် ဒီကောင်မကို သေတဲ့အထိ နှိပ်စက်ညှင်းပန်းရမယ်.. ”

လျိုစီးက အံကို ကြိတ်ပြီး ယုတ်မာကောက်ကျစ်စွာဖြင့် ကြုံးဝါးလိုက်သည်။ 

“ အဟမ်း.. အနှောင့်အယှက်ပေးရတာ စိတ်မကောင်းပါဘူး… မင်းတော့ ပြန်ဖို့ကို အခွင့်အရေး မရှိတော့ဘူး.. ”

လျိုစီး စိတ်ကူးယဉ်ကြုံးဝါးနေဆဲမှာပဲ ရယ်သံစွက်သော စကားသံက အခန်းထဲမှာ ပေါက်ကွဲလိုက်သလို ထွက်ပေါ်လာခဲ့သည်။ 

လျိုစီးသည် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး အမူအရာကလည်း ပြောင်းလဲသွားသည်။ အသံလာရာဘက်ကို ခက်ခဲစွာဖြင့် လှည့် ကြည့်လိုက်သည်။ 

လူရိပ်တစ်ခုက တနည်း အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က အမှောင်ရိပ်ကနေ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ 

“ တော်တော်ပေါ့ဆတဲ့ ကောင်မလေးပဲ.. နောက်ဆုံးတော့ ငါကပဲ လက်စသတ်ပေးရတာပေါ့.. ”

လူငယ်တစ်ယောက်၏ အသံက အနက်ရောင်ဝတ်ရုံအောက်ကနေ ထွကပေါ်လာခဲ့သည်။ လက်ဝါးကို ဖြန့်လိုက်သည့်အခါ အဖြူရောင် ကောင်းကင်ဘုံမီးတောက်က ဖြည်းနှေးစွာ ပေါင်းစည်းထွက်ပေါ် လာခဲ့သည်။ 

“ ကောင်းကင်ဘုံမီးတောက်ပါလား.. ” 

ထူးဆန်းသော အဖြူရောင်မီးတောက်အား မြင်လိုက်လျှင် လျိုစီး၏ အကြည့်တွေက စူးရဲသွားသလို တုန်လှုပ်စွာဖြင့် ရေရွက်လိုက်မိ သည်။ 

“ ဂုဏ်ယူပါတယ်… မင်းပြောတာ မှန်တယ်ဟေ့.. ကဲ.. ရော့.. မင်းအတွက် ဆုပေးရတာပေါ့ကွာ.. ”

အနက်ရောင်ဝတ်ရုံနှင့်လူဟာ အပြုံးလေးနှင့်ဆိုရင် လက်ကိုပါ တစ်ခါတည်း ဝှေ့ယမ်းပစ်လိုက်သည်။ ထိုအခါ ဖြူဖျော့ဖျော့ မီးလျှံက လက်ကနေ ဖျတ်ခနဲ ထွက်သွားပြီး အလင်အလျင်နှုန်းအလား လျိုစီးဆီကို ရောက်သွားကာ သူ့တစ်ကိုယ်လုံးအား ဝါးမျိုပစ်လိုက် သည်။ တစ်ခဏချင်းအတွင်းမှာပဲ ပြာပုံအတိ ဖြစ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်း  ပြာပုံဖြစ်သွားသည်မို့ လျိုစီးမှာ အော်ဟစ်အကူအညီတောင်းလိုက်ချိန်ပင် မရလိုက်ချေ။

ယခုအချိန်မှစ၍ လျိုစီးဟူသော မှော်ဆေးပညာရှင်တစ်ယောက် ဤလောကမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီး.. 

အေးစက်သော အမူအရာဖြင့် လက်နှစ်ဖက်အား ပွတ်ခါလိုက်ပြီး နောက် နောက်တစ်ကြိမ် လက်ကို ဝှေ့ယမ်းခါလိုက်သည်။ ထိုအခါ လေပြင်းတစ်ခုက ဖြစ်ပေါ်လာပြီး  ကြမ်းပြင်အား တိုက်ခတ်သွားရာ အလောင်းပြာပုံမှာ ပြောင်တလင်းရှင်းသွားလေသည်။ ထို့နောက် အေးအေးဆေးဆေးပင် ပြတင်းပေါက်ကန ခုန်ဆင်းလိုက်ပြီး လေထဲ ဝဲပျံကာ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။ 

မည်သူမှ သတိမထားမလိုက်ဘဲ အနက်ရောင်ဝတ်ရုံနှင့် ရှောင်ယွင် သည် ဂျားလီကလန်ကနေ လျင်မြန်စွာ ထွက်ခွာနိုင်ခဲ့သည်။ ရှောင်ယွင်က အိမ်ခေါင်မိုးတွေအား ပေါ့ပါးစွာ နင်းပြီး ခုန်ထွက် ပြေးလိုက်တိုင်း မီတာ နှစ်ဆယ်ကျော်အထိ ရောက်သည်။ ပြေးနေ ရင်း ရုတ်တရက် ပြေးနေခြင်းအား ရပ်လိုက်ပြီး စိတ်မသက် မသာ ဖြင့် အသက်ပြင်းချလိုက်ကာ ခေါင်းကို မော့ပြီး ကြည့်လိုက်၏

ဘေးဘက်ခြမ်းရှိ မျှော်စင်တစ်ခု၏ အနားစွန်းတစ်ခုပေါ်တွင် မိန်းမပျိုလေးတစ်ယောက်  ရွှေရောင်ဝတ်စုံနှင့်.. လုံးဝန်းဖြူဖွေးသော ခြေထောက်အား လှုပ်ရမ်းကာဖြင့် ထိုနေရာတွင် ရှိနေသည်။ ကြည်လင်သော သူမမျက်ဝန်းတွင် ရွှေရောင်မီးလျှံများဖြင့် သူမ၏ အကြည့်သည် ခေါင်မိုးပေါ်တွင် ရပ်နားနေသော အနက်ရောင်ဝတ်ရုံနှင့် သူ့ကိုအား ပျင်းရိစွာ ကြည့် နေသည်ကို မြင်လိုက်သည်။ 

“ ရှင် ဘယ်သူလဲ.. ”

မိန်းမပျိုလေးက သူမ၏ ဆံနွယ်နက်နက်လေးကို လက်ချောင်းဖြင့် ပင့်သပ်လိုက်ရာ ညလေညှင်းက တလူလူလွင့်အောင် တိုက်ခတ်ပေး လိုက်ပြန်သည်။ ထိုအခါ ချောမောလှပသောာ သူမ၏ မေးဖျားလေး က ပို၍ ပေါ်လွင်လာခဲ့သည်။ သွက်လက်စွာ မေးလိုက်သော သူမ၏ အသံက သူတို့နှစ်ယောက်ကြားထဲက လေထုထဲမှာ အပြန်ပြန် ပဲ့တင်ထပ်လို့နေသည်။ 

အပိုင်း ( ၉၁ ) –  ညသန်းခေါင်ယံတွင် တွေ့ဆုံခြင်း

“ ရှင်က ဘယ်သူများလဲ.. ”

ငယ်ရွယ်သော မိန်းကလေးအသံကို ကြားလိုက်ရသည့်အခါ အနက်ရောင်ဝတ်ရုံနှင့်လူက ပခုံအား တွန့်ပြလိုက်သည်။ ခဏတာ တိတ်နေပြီးနောက် အသက်ကြီးကြီး စကားပြောသံက ဖြည်းလေးစွာ ထွက်ပေါ်လာခဲ့၏

“ ရှောင်ကလန်မှာတုန်းက ငါတို့ ဆုံဖူးလိမ့်မယ်လို့ ငါထင်တယ်.. ”

နှင်းပွင့်လို ဖြုဆွတ်သော သူမ၏ ခြေထောက်အား အသာအယာ လွှဲလိုက်ပြီးနောက် ရှင်းအာက ဘေးပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်လိုက်ပြန်သည်။ ထိုနောက် နူးညံ့သော အသံဖြင့် မေးလိုက်၏

“ ဘာဖြစ်လို့ ဂျားလီကလန်ကို လာရတာလဲ.. ”

“ တချို့ပြဿနာတွေ ဖြေရှင်းဖို့ တစ်စုံတစ်ယောက်က ငါ့ကို အကူအညီတောင်းထားလို့လေ.. ”

“ တစ်ယောက်ယောက်က အကူအညီတောင်းထားတယ်.. ?? ”
ရှင်းအား ကမန်းကတန်း ပြန်မေးလိုက်သည်။ မျက်မှောင်လည်း ကုတ်ထားလျက် ရှိသည်။

“ အာ.. အဲဒါက ပြောပြလို့ မရဘူး.. ”

ရွဲ့လော်က လက်ကို ယမ်းခါလျက် ငြင်းလိုက်သည်။ 

“ ဒါပေမဲ့ ကျွန်မက သိချင်နေတယ်လေ.. ”

သူမ၏ မျက်နှာနုနုလေးတွင် အပြုံးယောင်ယောင်လေးတစ်ခု ဖြစ်ပေါ်လျက် အရှေ့ ခုန်ပျံလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် လေထဲမှာ ဝဲပျံနေသကဲ့သို့ ထင်ရသည်။ သူမ၏ လက်ချောင်းထိပ် ပေါ်တွင် နွယ်လိမ်နွယ်ရစ်တစ်ခုလို အလိပ်လိပ်ဖြစ်နေသော ရွှရောင်မီးတောက်တစ်ခုက အနားအစွန်းများ ချွန်မြနေသည့် ပုံသဏ္ဍာန်က တစ်ပါတည်း ဖန်တီးဖြစ် ပေါ်လာခဲ့သည်။ 

“ ဟီဟီ.. ကလေးမလေး.. မင်းက စွမ်းအားရှိမှန်း ငါသိပါတယ်. ဒါပေမဲ့ ငါ အဘိုကြီးကို တားဆီးဖို့က မလုံလောက်သေးပါဘူးလေ. ”

ရွဲ့လော်က အပြုံးဖြင့် ပြောလိုက်သည်။ 

ရှင်းအား၏ မျက်ခုံးများက တွန့်ခနဲ ဖြစ်သွားသည်။ ဒါပေမဲ့လည်း စကားတစ်ခွန်းမှ တုံပြန်မဆိုတော့ချေ။ သူမ၏ လက်ချောင်းများအား 

မြှောက်လိုက်ရာ တစ်ရစ်ပြီးတစ်ရစ်လိမ်နေသည့် များစွာသော ရွှေရောင်မီးလျှံဓားများက ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ 

ရှင်းအား၏ အလျှော့မပေးလိုသည်ကိုမြင်ရသည့်အခါ ဝတ်ရုံနက် ထဲက လူနှစ်ယောက်တို့ဟာ ခေါင်းကိုက်ချင်ပင် ဖြစ်သွားသည်။ နောက်တစ်ခါ အသက်ပြင်းချလိုက်ပြီး ရွဲ့လော်က ကူရာကင်းမဲ့ သော ခံစားချက်မျိုးဖြင့် ပြောလိုက်သည်။ 

“ ငါ မင်းနဲ့ မတိုက်ချင်ဘူး.. တကယ်လို့ မင်းကို မတော်တဆ ဒဏ်ရာရအောင် လုပ်လိုက်မိရင် လူတစ်ယောက်ကတော့ အသဲကွဲသွားလိမ့်မယ်.. ”

“ ဟုတ်ပြီ ဟုတ်ပြီး.. ရပ်ရပ်.. ငါမင်းကို ကြောက်ပါတယ်ကွာ.. 
ကောင်လေးတစ်ယောက်က သူ တန်ဖိုးထားတဲ့ မိန်းကလေး တစ်ယောက်ကို ဒီနေ့မှာ အသုံးမကျတဲ့လူတစ်ယောက်က  ထိကပါးရိကပါးလုပ်လိုက်လို့ဟေ့.. အဲဒီကောင်လေးက ငါ့ကို ကိစ္စတစ်ခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်. အိုး.. 
ငါလို အိုကြီးအိုမတစ်ယောက် ညသန်းခေါင်မှာ ဟိုပြေးဒီပြေး လုပ်နေရတာ ဘာကြောင့်လို့ မင်းထင်သလဲ.. မှန်းစမ်း..  ”

ရှင်းအား၏ ကော့ညွတ်ရှည်လျားသော မျက်တောင်များ တဖျတ်ဖျတ် ခတ်လိုက်ရင်း နောက် သူမ၏ မျက်နှာသည် 
တဖြည်းဖြည်း ဝင်းပလာခဲ့သည်။ သူမ၏ လက်ချောင်းအား တွတ်လိုက်သည့်နှင့် မီးလျှံဓားများအာ တဖြည်းဖြည်း ပျောက် ကွယ်သွားခဲ့သည်။  အနက်ရောင်ဝတ်ရုံနှင့် လူပုံရိပ်အား ငေးကြည့်ရင်း ပြုံးရွှင်စွာဖြင့် စကားပြောလိုက်သည်။ 

“ ထင်ထားတဲ့အတိုင်းပဲ.. အကိုရှောင်ယွင်နဲ့ ဆရာကြီးတို့က ဆက်ဆံရေးတစ်ခု ရှိနေတာကိုး.. ”

“ ဟားဟား.. အခေါ်အဝေါ်ပြောင်းလိုက်ပုံများ မြန်ဆန်တယ် ”

ရွဲ့လော်က ပြုံရင်းဆိုလိုက်သည်။ 

“ ဒါဆို ငါနဲ့ ရှောင်ယွင်နဲ့ အချိန်အကြာကြီးကတည်းက သိနေတာကို လည်း ရိပ်မိနေလောက်ရောပေါ့.. ”

“ အရင်တုန်းကပါ.. အဲ့ဒီတုန်းက ခန့်မှန်းချက်သက်သက်ပါ.. မသေချာဘူးလေ.. ”

ရှင်းအာက ခေါင်းခါလိုက်ရင်း အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။ 

ထို့နောက် လေထက်တွင် ရှိနေသော ရွဲ့လော်အား ဦးညွတ်လိုက် ရင်း ပြောလိုက်သည်။ 

“ ဆရာကြီးရဲ့ နောက်ခံအကြောင်းကို သေချာမသိပေမဲ့ အကိုရှောင်ယွင်နဲ့ ပတ်သတ်ပြီး ကိစ္စတစ်ခုခု ရှိလိမ့်မယ်လို့ တွေးမိပါတယ်.. ဒါကြောင့်မို့ပဲ အကိုရှောင်ယွင်က ဒိုချီအဆင့်တွေ တိုးတက်လာတာပဲ ဖြစ်ရမယ်.. ”

ရွဲ့လော်က ရယ်လိုက်မိသည်။ သူမ၏ စကားအား ငြင်းလည်း မငြင်းသလို ခေါင်းလည်း မညိတ်လိုက်ချေ။ 

လှပရွှန်းလဲ့သော မျက်လုံးဖြင့် ရှင်းအာသည် အနက်ရောင်ဝတ်ရုံနှင့် လူအား ချိုသာစွာ ကြည့်ရင်း လေသံတိုးတိုးဖြင့် ထပ်ပြောပြန်သည်။ 

“ အကိုရှောင်ယွင်နဲ့ ပတ်သတ်ပြီး ဆရာကြီးရဲ့ စိတ်သဘောထားက ဘယ်လို ရှိနေလဲဆိုတာ မသိပေမဲ့..ဆရာကြီးရဲ့ စိတ်ထဲမှာ တခြား ရည်ရွယ်ချက်တွေ မကြံစည်ဖို့ကို မျှော်လင့်ပါတယ်. အကိုရှောင်ယွင် ကို မကောင်းကြံစည်တဲ့သူတွေကို ရှင်းအာက သတိထားပြီး စောင့်ကြည့်နေမှာပါ.. ဆရာကြီးက အစွမ်းမြင့်တယ်ဆိုတာ ရှင်းအာ သိပါတယ်.. ဒါပေမဲ့ ဒီလိုပြောနိုင်တယ်ဆိုတာ ရှင်အာမှာလည်း ပြောနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ ယု့ထားလိုက်ပါ ”

“ အင်း စိတ်ဓာတ်တော်တော်ပြင်းထန်တဲ့ မိန်းကလေးပဲ..”

ရှင်းအာ၏ ခြိမ်းခြောက်သည့် အဓိပ္ပါယ်ပါဝင်သော စကားကြောင့် ရွဲ့လော်မှာ အနည်းငယ် အံအားသင့်သွားသလို မှတ်ချက်စကား လည်း ဆိုလိုက်သည်။ 

“ ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒက အကိုရှောင်ယွင်ကို တခြားသူတွေက လှည့်စားမှာ နာကျင်အောင် လုပ်မှာ အဲဒါတွေကို  မလုပ်စေချင်တာပါပဲ.. ”

ထို့နောက် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီ ရွဲ့လော်အား ဦးတည်ကာ နှုတ်ဆက်စကား ဆိုလိုက်သည်။ 

“ ညဉ့်တော်တော်နက်နေပြီး.. အိမ်ပြန်ရတော့မယ်.. ဒီည ဖြစ်သွားတဲ့ ကိစ္စတွေကို အကိုရှောင်ယွင်ကို ပြန်မပြောပြဖို့ တောင်းဆိုချင်ပါတယ်.. ”

“ ဘာမှ မပူပါနဲ့ စိတ်အေားအေားသာထားပါ.. သူ့ကို ပြန်မပြောပြပါဘူးကွယ်.. ”

ရွဲ့လော်က ခေါင်းညိတ်လိုက်သည်။ စိတ်ထဲမှာတော့ ရယ်ချင်ပက်ကျိဖြစ်ကာ စိတ်ထဲမှာပဲ ရယ်မောလိုက်သည်။ 

“ ပြောပြစရာတောင် မလိုပါဘူးကွယ်.. သူကိုယ်တိုက်က မင်းအရှေ့မှာပဲ ရှိနေတာပဲလေ..ဟီဟီ ”
ရွဲ့လော်၏ ကတိစကားကို ကြားလိုက်ရတော့ ရှင်းအာ ပြုံးလိုက်၏ ထို့နောက် ထွက်ခွာသွားဖို့ ပြန်လှည့်လိုက်သည့်အခါတွင် အစိမ်းရောင်အရိပ်တစ်ခုက ရုတ်တရက် သူမအရှေ့ကို ရောက်ရှိ လာခဲ့သည်။ ခဏတော့ ကြောင်သွားပေမဲ့ အထိုအရာအား လက်လှမ်းယူလိုက်ပြီး လက်ဝါးပြင်ထက် တင်ကြည့်လိုက်သည်။ 

အစိမ်းရောင်ပုလင်းအာ ကြည့်ရင်း သူမ တုန်လှုပ်သွားသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူကြီးအား ပြန်လှည့်ကြည့်လိုက် သည်။ 

“ လျှို့ဝှက်သိုင်းကို သုံးလိုက်ပြီးဆိုတော့ နောက်နေ့တွေမှာ အားနည်းနေပါလိမ့်မယ်.. ဒီပုလင်းထဲမှာ စွမ်းအင်ဖြည့်တင်းဆေးမှုန့် ပါတယ်.. ဆေးကို သုံးပြီး အားမြန်မြန်ဖြည့်လိုက်ပေါ့.. ဒါမှမဟုတ်ရင် အားနည်းနေတဲ့ မင်းမျက်နှာလေးကို ကြည့်ပြီး လူတစ်ယောက်က နာကျင်ခံစားနေရလိမ့်မယ်.. ”  

ဟု ရွဲ့လော်က ရှင်းပြပေးလိုက်သည်။

ယင်းစကားကြောင့် ရှင်းအာမှာ မျက်နှာက နှင်းဆီသွေးဖြန်းလိုက်ဘိ သကဲ့သို့ နီမြန်းသွားသည်။ ဆေးပုလင်းအား ကိုင်ထားပြီ ရွဲ့လော်အား အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လေထဲကို တစ်ချက် နင်းခုန်တက်သွားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အမှောင်ထုထဲကို လျင်မြန်စွာ တိုးဝင်သွားပြီး မြင်ကွင်းမှာ ပျောက်ကွယ်သွားသည်။ 

ခေါင်မိုးထိပ်စွန်းတွင် ရပ်၍ ပျောက်ကွယ်သွားသော ပုံရိပ်အား ကြည့်နေရင်း ရွဲ့လော်သည် ရုတ်တရက် အသက်ပြင်းချကာ ရေရွတ်ပြောဆိုလိုက်သည်။

“ အရင်တုန်းက ကောင်မလေးအခန်းထဲကို မင်းခိုးဝင်ခဲ့ဖူးတယ်.. ပြီးတော့ အသုံးမကျတဲ့ နည်းလမ်းနဲ့ ကောင်မလေးရဲ့ သွေးကြော ကို သန်စွမ်းအောင် လုပ်ပေးခဲ့ဖူးတယ်.. အဲဒီကတည်းက ကောင်မလေးရဲ့ အသည်းနှလုံးကို မင်း မတော်တဆ သိမ်းပိုက် လိုက်မိတာပဲ.. ဟေးဟေး.. ပြန်တွေးကြည့်လိုက်ရင် မင်းကံကောင်း တာကလည်း မနာလိုစရာကောင်းတယ်ဟ.. ”

ဝတ်ရုံအတွင်းမှာ ရှောင်ယွင်လည်း သူ့နှာခေါင်းကို ပွတ်သပ်လိုက် သည်။ ဟုတ်တော့ ဟုတ်သည်။ ဒါကို သူ ကောင်းကောင်း သိထားသည်။ တကယ်၍ ငယ်စဉ်ကလေးဘဝက ဒီကိစ္စမျိုး မရှိခဲ့ဘူးဆိုရင် ရှင်းအာလည်း ကြီးပြင်းလာခဲ့ရင် သူ့ကို ရှောင်နင်ကို ဆက်ဆံသလိုမျိုး ဆက်ဆံပြောဆိုမှာ သေချာသည်။ 

  ဟုတ်တယ်.. စိတ်ကူးယဉ်တာက လက်တွေ့ဘဝမှာ မမှန်ဘူး.. အဟား.. ငါတော့ ရှင်းအာရဲ့ နှလုံးသာနုနုကို တိတ်တိတ်လေး ဖမ်းစားထားတယ်ပေါ့.. ငါနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ သူ့နှလုံးသားထဲမှာ ထင်ကျန်နေခဲ့တာပေါ့.. ဟိဟိ

 ရှောင်ယွင်မှာ တွေးရင်းတွေးရင်း ဂုဏ်ယူစွာဖြင့် ရယ်မောလိုက် သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အား လွှတ်ချလိုက်ကာ ရွဲ့လော် အား ထိန်းချုပ်ခွင်ပြုလိုက်သည်။ ထို့နောက် ရှောင်ယွင်၏ ခန္ဓာကိုယ်က ရှောင်ကလန်ရှိရာသို့ လျင်မြန်စွာ ပြေးထွက်သွား တော့သည်။ 

ရှောင်ကလန်အိမ်ဝင်းသို့ ရောက်သည့်အခါ ရှောင်ယွင်မှာ သေချာ ဂရုစိုက်ကာ ရှင်းအာ၏အခန်းကို ကွေ့ဝိုက်သွားလိုက်သည်။ ထိုသို့ မလုပ်လျှင် သူမက သူ့အား ရိပ်မိသွားလိုက်မည်။ အခန်းနား ရောက် သည့်အခါတွင် သူ့အခန်းထဲသို့ တဟုန်ထိုး ပြေးဝင်သွားပြီး အခန်းတံခါးအား တိုးတိတ်စွာ အသံမထွက်အောင် ပိတ်လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံအား ကမန်းကတန်း ချွတ်ချကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ ကိစ္စအဝဝ ပြီးသည့် အခါ ရှောင်ယွင် စိတ်လက်ပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ အိပ်ရာပေါ်ကို အားမရှိစွာ လှဲချလိုက်ပြီးနောက် အသံဖျော့ဖျော့ဖြင့် သူ့ကိုယ်သူ ရေရွတ်ပြောလိုက်မိသည်။ 

“ သာယာလှပလိုက်တဲ့ ညတစ်ညပါပဲကွာ.. ”

နောက်တစ်နေ့ မနက်ဝေလီဝေလင်းအချိန်တွင် ဂျားလီကလန်တွင် ဖြစ်သည်။ 

ဂျားလီဘီ၏ မျက်နှာအမူအရာက မည်းမှောင်နေကာ ကြောက်စရာ ကောင်းနေသည်။ အေးစက်သော အရှိန်အဝါကလည်း သူ့ကိုယ်က နေ ဖြာထွက်နေသည်။ ဒူးထောက်နေသော လှပသည့် အစေခံ မိန်းမပျိုလေးမှာ ကြောက်ရွံ့စွာဖြင့် တုန်ရီနေလျက် ရှိသည်။ 

 လျိုစီး၏ အခန်းပတ်လည်ကို အေးစက်သော အကြည့်အား ဝေ့ဝဲ ကြည့်လိုက်ပြီးနောက် ဂျားလီဘီက အသံပြတ်ပြတ်ဖြင့် မေးလိုက် သည်။ 

“ မင်းပြောတာက လျိုစီးက ပျောက်နေတယ် ဟုတ်လား. ”

“ ဟုတ်တယ် ကလန်ခေါင်းဆောင်.. မနေ့က ကျွန်မ ဘာကြောင့် မှန်း မသိလိုက်ဘဲ  ရုတ်တရက် မေ့လဲသွားခဲ့တယ်.. နောက်နေ့ မနက်ကျမှ နိုးလာခဲ့သည်။ ဆရာလျိုစီးလည်း ပျောက်သွားခဲ့တယ်.. ကျွန်မက အပြင်က အစောင့်တွေကို လိုက်မေးပေမဲ့ သူတို့လည်း ဆရာလျိုစီးကို မတွေ့ဘူးလို့ ပြောတယ်.. ”

အစေခံမလေးက ဖြစ်ကြောင်းကုန်စင်အား ကြောက်လန့်စွာဖြင့် ပြောပြလိုက်သည်။ 

“ သူ ပြန်ရောက်လာတဲ့အချိန်က မနေ့ညကပေါ့.. သူ ထွက်သွားတာ ကိုလည်း သတိမပြုမိပါဘူး.. ပြီးတော့ ဒိုကျဲအဆင့် လုံခြုံရေး အစောင့်နှစ်ယောက်ကလည်း ဝင်ပေါက်နှစ်ခုမှာ တာဝန်ကျပါတယ် ဆရာလျိုစီးရဲ့ အစွမ်းနဲ့ဆို ဘယ်သူမှ မသိဘဲ ထွက်သွားဖို့က မဖြစ် နိုင်ပါဘူး.. ”

“ ကျွန်မလည်း ဒီထက် မသိတော့ပါဘူးရှင်..”

အစေခံမလေး၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဂျားလီဘီ က သူမအား အပြစ်တင်ကြိမ်းမောင်းမှာကို စိုးရိမ်နေသည်။ 

ဂျားလီဘီက မျက်ထောင့်နားမှာ တွန့်ခနဲ ဖြစ်သွားသည်။ သူ့အတွေး တွေက ရှုပ်ယှက်ခတ်နေသည်။ အသက်ပြင်းတစ်ချက် ရှုရှိုက်လိုက် ပြီးနောက် တုန်ယင်နေသော အစေခံမလေးအား လျစ်လျူရှုလိုက် သည်။ အခန်းထောင့်အားလုံးကို လျှောက်သွားပြီး စေ့စေ့စပ်စပ် လိုက်ကြည့်လိုက်သည်။ 

ဂျားလီဘီ၏ လုပ်ဆောင်ပုံအား ကြည့်ပြီး အစေခံမလေးလည်း ပါးစပ် မဟရဲတော့ချေ။ ဒူးထောက်ထားသော သူမက တစ်လက်မ လေးပင် မလှုပ်ရဲချေ။ 

အခန်းပတ်လည်အား တိတ်ဆိတ်စွာ လျှောက်လှမ်းရင်း အခန်း ထောင့်တစ်နေရာတွင် ဂျားလီဘီ ရုတ်တရက် ခြေလှမ်းရပ်လိုက် သည်။ အခန်းထောင့်တွင် ပြာပုံသေးသေးလေးအား သူ မြင်လိုက် ခြင်းဖြစ်သည်။ 

ဂျားလီဘီသည် ရင်ခုန်နှုန်းမြန်ဆန်စွာဖြင့် ဒူးထောက်ထိုင်လိုက် သည်။ ပြာပုံကို လက်ချောင်းဖြင့် ထိုးဖွလိုက်ပြီး နှာခေါင်ထိပ်ဝတွင် တေ့ပြီး အနံ့ခံလိုက်သည်။ ထိုအခါ ချက်ချင်းပင် ဂျားလီဘီ၏ အေးစက်နေသောအမူအရာ က ကြောက်လန့်တကြားအမူအရာသို့ ရုတ်ချည်း ပြောင်းလဲ သွားသည်။ 

ဂျားလီဘီက အသက်ပြင်းရှည် ချလိုက်သည်။ သူ့ခြေထောက်က ရုတ်တရက် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ အေးစက်သော ခံစားချက်တစ်ခုကလည်း  သူ့နှလုံးသားထဲကနေ တဖြည်းဖြည်း တိုးထွက်လာခဲ့သည်။ 

“ လျိုစီးက တကယ်ပဲ ငါ့မျက်စိအောက်မှာ အသတ်ခံလိုက်ရပါလား ”

 
 

 

အပိုင်း ( ၉၂ ) - ဓားပြတိုက်သည်။

ရှောင်ယွင် အိပ်ယာထလာတော့ မိုးပင် အတော်လေး လင်းနေပြီး ဖြစ်သည်။ နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်ကြားထဲကနေ ကျဆင်းနေပြီး ကြမ်းပြင်မှာ အလင်းပြောက်များ ဖြစ်နေသည်။ 

အိပ်ရာမှာ ထကာစ ဖြစ်၍ အိပ်ချင်မူးတူးဖြစ်နေကာ အမြင်ကလည်း မသဲမကွဲဖြင့် အိပ်ရာကနေ ထထိုင်လိုက်သည်။ အချိန်အတော်ကြာ အထိ ငိုင်တိုင်တိုင်ဖြင့် ထိုင်နေပြီးနောက် ထပ်အိပ်ချင်စိတ်ကိုအား အောင်မြင်စွာ ချိုးနှိမ်လိုက်နိုင်ခဲ့သည်။ ခေါင်းအား ဘယ်ညာလှုပ်ကာ အကြောဆန့်လိုက်ရင်း မျက်နှာသွားသစ်လိုက်သည်။

မျက်နှာကို သစ်ပြီးသည့်အချိန်တွင် အခန်းတံခါးကနေ တံခါးခေါက် တစ်ခုအား ကြားလိုက်ရသည်။ တဖန် မိန်းမပျိုလေးတစ်ယောက်က နူးညံ့ညင်သာသော အသံဖြင့် နှစ်ခါတိတိ မေးလိုက်သည်ကိုလည်း ထပ်ကြားလိုက်ရပြန်သည်။ 

“ အကိုရှောင်ယွင် နိုးပြီးလား.. အကိုရှောင်ယွင် နိုးပြီးလား.. ”

ထိုအသံကြောင့် ရှောင်ယွင် မျက်ခုံးက တစ်ချက်တွန့်သွားခဲ့သည်။ စိုနေသေးသော မျက်နှာအား မြန်မြန်သုတ်လိုက်ပြီး တံခါးဆီကို လျှောက်သွားလိုက်သည်။ ကျွီခနဲ အသံနှင့်အတူ တံခါးအား ဖြည်းလေးစွာ ဆွဲဖွင့်လိုက်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် တောက်ပစူးရှသော အလင်းက အခန်းထဲ ထိုးကျလာ၍ ရှောင်ယွင်မှာ မျက်လုံးအား ချက်ချင်း မှိတ်ချလိုက်ရသည်။ ခဏအကြာမှ မျက်လုံးအား ဖြည်းဖြည်း ဖွင့်လိုက်နိုင်ကာ တံခါးအဝတွင် ငြိမ်သက်စွာ စောင့်နေသော အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးကိုလည်း မြင်လိုက်သည်။ 

 ဒီကနေ့တော့ ရှင်းအာသည် အစိမ်းရောင်ကို ဝတ်ဆင်ထားသည်။ လှပနေသည့် ဝတ်စုံက ကြာပွင့်လို တင့်တယ်သည့် သူမ၏ရုပ်သွင် နှင့် လိုက်ဖက်လွန်းလှသည်။ ရှောင်ယွင်မှာ စိတ်ထဲတွင် မချီးမွမ်းဘဲ မနေနိုင်ချေ။

လှပသွယ်လျသည့် ရှင်းအာ၏ ကိုယ်လုံးအား သေချာကြည့်လိုက်ပြီး နောက်ဆုံးတွင် အနည်းငယ်ဖြူဖျော့နေသည့် ရှင်းအာ၏ မျက်နှာဆီ ကို ကြည့်လိုက်သည်။ မျက်မှောင်အား အနည်းငယ်ကြုတ်လိုက်မိပြီး နောက် မေးလိုက်သည်။ 

“ အဲဒါက ဘာဖြစ်တာလဲ..  ”

ရှင်းအာက ကြည်လဲ့နေသော မျက်လုံးဖြင့် ရှောင်ယွင်၏ အမူအရာ ကို အကဲခတ်လိုက်သည်။ အပြစ်တင်လိုသည့် ပုံစံကိုသာ မြင်ရ သည်။ ချက်ချင်းပဲ သူမက အပြုံးဖြင့် ပြောလိုက်၏ 

“ နည်းနည်း နေမကောင်းဖြစ်တာပါ..အရေးမကြီးပါဘူး. ”

“ နေလို့မကောင်းဘူးလား. ? ”

ရှောင်ယွင်က မျက်မှောင်ကြုတ်ရင်း အခန်းအပြင်ကို ထွက်လာခဲ့ သည်။ အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ရှင်းအား၏  လက်ကလေးအား ချက်ချင်းပဲ ဆွဲကိုင်လိုက်သည်။ အားနည်းပြီး နွေးထွေးသော ဒိုချီစွမ်းအင်ကို သူ့ရဲ့ စိတ်အာရုံအမြင်ခံစားမှု၏ ထိန်းချုပ်မှုအောက်မှာပဲ ရှင်းအာ၏ ခန္ဓာကိုယ်အတွင်း ဖြည်းဖြည်း လှည့်ပတ်ပေးလိုက်သည်။ 

ခဏအကြာတွင် ရှောင်ယွင်တွင် အမူအရာမပျက်စေဘဲ သူ့ရဲ့ ဒိုချီစွမ်းအင်အား ပြန်ရုတ်သိမ်းလိုက်သည်။ ပြီးတော့ ကျိတ်ပြီး အသက်ပြင်းချလိုက်သည်။ မနေ့ညကက ရှင်းအာ အသုံးပြုလိုက် သော လျှို့ဝှက်သိုင်းကြောင့် သူမ အလွန်အမင်း အားကုန်ခမ်းသွား ဟန်ရှိသည်။ သူမခန္ဒာကိုယ်တွင် အားနည်းပြီး အနည်းငယ်သော ဒိုချီစွမ်းအင်သာ စီးဆင်းနေသည်။ ဒါဟာ လျှို့ဝှက်သိုင်းကို သုံးလိုက် ပြီး ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်မည်မှာ သေချာ သည်။ 
မနက်စောစောစီးစီးအချိန်ဖြစ်၍  လေ့ကျင့်ခန်းလုပ်ဖို့ ထလာကြ သော မျိုးနွယ်စုသား များစွာတို့သည် တံခါးဝတွင် ရှင်းအာ၏ လက် အား ရှောင်ယွင်က ဆုပ်ကိုင်ပြီး ရပ်နေသည်ကို မြင်လျှင် မနာလို တာတွေ ဖြစ်ကုန်ကြသည်။ 

“ အကိုရှောင်ယွင်.. ”

မျက်နှာက နီရဲနေပြီး ရှင်းအာက လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ လက်ကိုလည်း ရုန်းထွက်လိုက်သည်။ 

“ မင်းဘာလုပ်လိုက်သလဲဆိုတာတော့ ငါမသိဘူး..ဒါပေမဲ့ မင်း ဘာလို့ ဒီလောက် အားနည်းနေရတာလဲ.. ”

ရှင်းအာ၏ လက်ငယ်လေးအား လွှတ်ချလိုက်ရင်း ရှောင်ယွင်က မျက်နှာ ခပ်တည်တည်ဖြင့် ညင်သာစွာ မေးလိုက်သည်။ 

ပါးနပ်သော မျက်လုံးအစုံက ရှောင်ယွင်မျက်နှာအား အကဲခတ် လိုကပြန်သည်။ သို့သော် ဘာထူးထူးခြားခြားမှ မတွေ့ရ။ ရှင်းအာ သည် စိတ်သက်သာရစွာဖြင့် ပြုံးလိုက်ကာ

“ မနေ့က ဒိုသိုင်းတစ်ခုကို လေ့ကျင့်ကြည့်တာ.. အဲဒီသိုင်းက ကိုယ့်ရဲ့အဆင့်ကို ဖိနှိပ်ပေးတယ်လေ.. ဒါကြောင့် ဒီလိုဖြစ်သွားတာ နောက်ထပ် ရက်နည်းနည်းလောက် နားလိုက်ရင် သက်သာသွားမှာ ပါ.. အကိုရှောင်ယွင် ဘာမှ စိတ်မပူပါနဲ့.. ”

ရှောင်ယွင် လယ်တယ်တယ် ဖြစ်သွားသည်။ ထို့နောက် ဘာမှ မတတ်နိုင်ဘဲ ခေါင်းတစ်ခုကိုသာ ခါနေမိတော့သည်။ ထို့နောက် ရှင်းအာနှင့်အတူ မနက်စာကို အတူလိုက်စားပေးသည်။ ထို့နောက် တွင်တော့ အကြောင်းပြချက်တစ်ခုရှာပြီး ကလန်ကနေ တိတ်တိတ် လေး လစ်ထွက်လာခဲ့သည်။ 

ရှောင်ယွင်သည် ဝူတန်မြို့တွင် ခြေဦးတည့်ရာ လျှောက်သွားပြီး ဂျားလီကလန်၏ သတင်းအား လိုက်စုံစမ်းတော့သည်။ လျိုစီး၏ ပျောက်ဆုံးခြင်းက ဂျားလီကလန်ကို လှုပ်လှုပ်ရွရွတော့ ဖြစ်စေလိမ့် မည်။ သို့သော် သူ ထင်ထားသလို မဖြစ်လာခဲ့ပေး။ ဂျားလီကလန် တွင် မူမမှန်ဖြစ်နေတာမျိုးတော့ လုံးဝမတွေ့လာခဲ့ချေ။ ဈေးဆိုင်တွေ က ဆက်လက်ဖွင့်လှစ်ထားမြဲ အနာကျတ်ဆေးတွေကလည်း ရောင်းချမြဲ ရောင်းချဆဲပင်။ ထူးထူးခြားခြား ပြောင်းလဲမှု မရှိချေ။ 

“ အင်း.. ဂျားလီဘီက ကလန်ခေါင်းဆောင် ဖြစ်နေတာ အံ့သြစရာ တော့ မဟုတ်ပါဘူး.. သတင်းမထွက်အောင် တကယ်တားနိုင်တာပဲ အေးပေါ့လေ.. တစ်ရက် နှစ်ရက်တော့ တားနိုင်တာပေါ.. အမြဲတမ်း တော့ ဘယ်တားနိုင်မလဲလေ.. လက်ကျန်အနာကျတ်ဆေးတွေ ကုန်သွားတာနဲ့ သူ ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့” 

ရှောင်ယွင်သည် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် မြို့လယ်ရှိ ပထမတန်းလေလံအိမ်ဆီကို ဦးတည်လိုက်သည်။ 

လေလံအိမ်သို့ မရောက်ခင် ခပ်လှမ်းလှမ်းနေရာတစ်နေရာတွင် ရှောင်ယွင်သည် အနက်ရောင်ဝတ်ရုံအား လုပ်နေကျအတိုင်း ဝတ် ဆင်လိုက်ပြီး လေလံအိမ်ထဲသို့ ဝင်သွားလိုက်သည်။ 

လေလံအိမ်ထဲသို့ ဝင်သွားသည့်အခါ လှပသည့် အစောင့်မိန်းမပျို လေးတစ်ယောက် သူ့အား အထူးဧည့်သည်အခန်းသို့ ပို့ဆောင်ပေး သည်။ အချိန်ခဏအကြာ စောင့်ဆိုင်းလိုက်ပြီးမှ ချောမောလှပနေမြဲ ဖြစ်သော ရဖေးက အပြုံးနှင့်အတူ ရောက်ရှိလာခဲ့သည်။ 

“ ဟဟ.. အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ.. မောင်လေးရှောင်ယွင်.. လေလံအိမ်ကို ဘာကိစ္စနဲ့လာတာလဲ.. ”

ရဖေးသည် ကိုယ်တိုင်ပင် ရေနွေးအိုးအား ယူပြီး ကိုယ်ကို ကိုင်းညွတ်ပြီး ရှောင်ယွင်အတွက် ရေနွေးကို ငှဲ့ထည့်ပေးရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။ 

တမင်ရည်ရွယ်ပြီး လုပ်သည်လား မလုပ်သည်လား မပြောတတ်ပေ။ ရေနွေးထည့်နေရင်း  နှင်းပွင့်လို ဖြူနုသော ဆွဲဆောင်မှုရှိလွန်းသည့် ရင်မြတ်သားက ပေါ်တချက် မပေါ်တချက်..။ ထိုမြင်ကွင်းက  လူတစ်ယောက်၏ အကြည့်အား ရင်မြတ်သားပေါ်တွင် ကော်ဖြင့် ကပ်ထားသည့်အလား မခွာနိုင်အောင် ခိုင်မြဲစွာ စွဲကပ်စေပါသည်။  

“ ဟူး.. ”

ရှောင်ယွင်သည် ထိုမြင်ကွင်းတွင် ငုတ်တုတ်ထိုင်ကြည့်နေလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ခိုင်မာသော စိတ်ခွန်းအားဖြင့် အကြည့်ကို လွှဲပယ်နိုင်ခဲ့ပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ 
ထို့နောက် အနီရင့်ရင့်အရောင် သိုလှောင်လက်စွပ်ကို အိတ်ကပ် ကနေ  ထုတ်ယူလိုက်ပြီးနောက် အစိမ်းရောင် ဆေးပုလင်း ၅ ပုလင်း ကို ထုတ်ယူလိုက်ပြီး အေးဆး တည်ငြိမ်သော ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ 

“ ဒီနေ့က ငါတို့ရဲ့ သဘောတူညီထားတာကို လာဆောင်ရွက်တာ ပါပဲ.. ”

ရဖေးက သူ မည်သူဖြစ်မှန်း သိနေပြီးသားဖြစ်နေ၍ ရွဲ့လော်က သူ့အစား အသံထွက် ပြောစရာမလိုသည်ဖြစ်ရာ ရှောင်ယွင်က လူငယ်အသံဖြင့်သာ ပြောလိုက်သည်။ 

ထိုဆေးပုလင်း၏ ပုံသဏ္ဍာန်ကို ရဖေးက ကောင်းကောင်း မှတ်မိ နေသည်ဖြစ်၍ ဆေးပုလင်းအား မြင်လိုက်သည်နှင့် ရဖေး ပျော်ရွှင် သွားတော့သည်။ 
ထို့နောက် ရှောင်ယွင်ဘေးနားတွင် ရှိနေသည့် ထိုင်ခုံတွင် ဝင်ထိုင် လိုက်ပြီး ဆေးပုလင်းတစ်လုံးအား ကောက်ယူလိုက်သည်။ အလေး ချိန်အား ချိန်ဆလိုက်ပြီးနောက် ပုလင်းအဖုံးကို ဖွင့်လိုက်သည်။ လက်ဝါးပြင်ထက် စောင်းထည့်လိုက်သည့်အခါ အစိမ်းရောင်ရှိပြီး လုံးဝန်းသော ဆေးလုံးတစ်လုံးက ပုလင်းထဲကနေ လှိမ့်ခနဲ ထွက်ကျလာသည်။

ဆေးလုံးအား နှာခေါင်းထိပ်နား တေ့ပြီး ခပ်ပြင်းပြင်းလေး ရှုသွင်း လိုက်သည်။ သင်းပျံ့သော ဆေးရနှံ့က နှာခေါင်းထဲ သိမ်မွေ့စွာ ဝင်သွားလေရာ သူမ၏ မျက်တောင်လေးများပင် မှေးစင်းကျသွား သည်။ ထို့နောက်တော့ ဆေးပုလင်းထဲ ဂရုတစိုက် ပြန်ထည့်လိုက် သည်။ ပြီးနောက် ရှောင်ယွင်အား လှပချိုသာသော အပြုံးဖြင့် ပြုံးပြလိုက်ပြီးနောက်

“ ကြည့်ရတာ မောင်လေးရှောင်ယွင်က ဂျားလီကလန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးတဲ့ပုံပဲ.. မဟုတ်လို့ရှိရင် လေလံအိမ်ကို သတ်မှတ် ထားတဲ့အချိန်ထက် စောစောလာပြီး အပေးအယူကို ဘာလို့ မြန်မြန် လာရှင်းမှာလဲ.. ”

ရှောင်ယွင်မှာ ပခုံးကိုသာ တွ့န်ပြလိုက်သည်။ အငြင်းစကားလည်း မဆို ခေါင်းလည်း မညိတ်လိုက်ချေ။ ထို့နောက် ဆေးအမယ်စာရင်း ကို ရေးထားသော စာလိပ်တစ်လိပ်ကိုသာ ထုတ်ယူပြီးပေးလိုက်၏ ယင်းဆေးအမယ်တို့မှာ လူတစ်ယောက်၏ ခွန်းအားကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အစွမ်းရှိသည်။ ဒီဆေးတွေက ရှင်းအာ အတွက် ဖြစ်ပေသည်။ အားနည်းပြီ ဖြူဖျော့နေသည့် ရှင်းအာ မျက်နှာကို မြင်ရသည်မှာ ရှောင်ယွင်၏ နှလုံးသားက နာကျင်စွာ ခံစားနေရသည်။ 

ရဖေးသည် မည်သည့်စကားမှ မဆိုဘဲ ရှောင်ယွင်လက်ထဲက စာလိပ်ကိုသာ လှမ်းယူလိုက်သည်။ ထို့နောက် အစေခံမလေး တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး စာလိပ်ကို ပေးလိုက်ကာ စာရင်းထဲက ဆေးအမယ်များကို စုဆောင်းယူလာရန် မှာကြား လိုက်သည်။ 

တိတ်ဆိတ်နေသော အထူးဧည့်သည်အခန်းတွင် ထိုင်နေရင်း ရှောင်ယွင် ရုတ်တရက် ကောက်ကာငင်ကာ လှမ်းမေးလိုက်သည်။ 

“ ကြည့်ရတာ ဂျားလီကလန်က တခြားမြို့ကိုသွားပြီ ဆေးအမယ် တွေရဖို့အတွက် သွားရှာနေပြီထင်တယ်..”

“ အင်း.. ဂျားလီကလန်က အခု တီလန်မြို့က ဆေးကုန်သည် တစ်ယောက်နဲ့ အလုပ်လုပ်နေတယ်.. ဒါပေမဲ့ ဆေးအမယ်ဈေးနှုန်း က ဝူတန်မြို့က ဈေးနှုန်းထက် လေးဆ ပိုဈေးကြီးနေတယ်.. ”

ရဖေးက ခေါင်းညိတ်လိုက်ပြီး ပြောပြလိုက်သည်။ 

“ သူတို့လက်ခံလိုက်တယ်လို့ ပြောရမှာပေါ့.. ”

လှောင်ပြောင်သည့်ပုံစံဖြင့် ခေါင်းကို ခါရမ်းလိုက်ပြီး ရှောင်ယွင်က ပြုံးနေသော မျက်နှာဖြင့် ထပ်ပြောလိုက်သည်။ 

“ အဲဒိဆေးအမယ်တွေ ပို့ဆောင်နေတာတွေနဲ့ ပတ်သတ်ပြီး သတင်းတွေကို ပေးလို့ရမလား.. ”

ရှောင်ယွင်စကားကြောင့် လက်ဖက်ရည်ပန်းကန်ခွက် ကိုင်ထား သော ရဖေး၏ လက်မှာ တုန်ယင်သွားသည်။ အံ့အားသင့်ဟန်ဖြင့် ရှောင်ယွင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ ဘာလုပ်ဖို့ စိတ်ကူးထားလဲ.. ”

“ လုယက်မယ်..”

ရဖေးက ခါးသီးစွာ ပြုံးလိုက်ပြီး အသက်ပြင်းချလိုက်သည်။ 

“ ဂျားလီကလန်တော့ မင်းလို မကောင်းဆိုးဝါးလေး တစ်ယောက်နဲ့ ကြုံရတာ တော်တော် ကံဆိုးတာပဲ.. ”

ခေါင်းတစ်ခါခါဖြင့် ပြောပြီး ရဖေး တိတ်ဆိတ်သွားပြန်သည်။ နောက်ဆုံးတွင်တော့ သူမက မတ်တတ်ရပ်လိုက်ပြီး သူမ၏ အနောက်ဘက်က အခန်းတစ်ခုထဲကို ဝင်သွားလိုက်သည်။ အချိန်တစ်ခုကြာပြီးနောက် စာလိပ်တစ်လိပ်ဖြင့် ပြန်ထွက်လာပြီး ရှောင်ယွင်အား ကမ်းပေးလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် သူမသည် ရှောင်ယွင်အား ပြောလိုက်သည်။ 

“ တီလန်မြို့မှာ ရှိတဲ့ လေလံအိမ်ကနေ သတင်းအချို့ကို ရထား တယ်.. လွန်ခဲ့သော နှစ်ရက်က ဂျားလီကလန်ကနေ ရွှေဒင်္ဂါးအပြား လေးသိန်းဖိုးလောက်ရှိတဲ့ ဆေးအမယ်တွေ ဝယ်ယူသွားတယ်လို့ ကြားတယ်.. အဲဒီဆေးအမယ်တွေ ဒီနေ့ နေလယ်လောက်မှာ ဝူတန်မြို့ကို ရောက်လိမ့်မယ်.. ”

“ ဒါပေမဲံ..ဂျားလီကလန်က ရွှေဒင်္ဂါးအပြား တစ်သိန်းဖိုးလောက်ပဲ စရံချသွားတယ်.. ကျန်တဲ့ အပြားသုံးသိန်းက အကြွေးပေါ့.. ပြီးတော့ သယ်လာတဲ့ ဆေးအမယ်တွေကို စောင့်ရှောက်လာမယ့် သူတွေက ဂျားလီကလန်ကပဲ.. ဒိုရှီသုံးယောက်နဲ့ ဒဒိုရှီတစ်ယောက်ပါတယ်.. ပြီးတော့ ဒိုကျဲအဆင့်က နောက်ထပ် ၁၂ ယောက်လောက် ပါမယ် ”

“ လေးသိန်းဖိုးတောင်..? တော်တော်များတာပဲ.. ”

ရှောင်ယွင်က စာလိပ်ကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက် ပြီး ပြုံးကာ ဆိုလိုက်သည်။ သူ့ရယ်သံက အနည်းငယ်တော့ အေးစက်နေသည်။ 

“ တကယ်လို့ ဒီဆေးအမယ်တွေက ပျောက်သွားခဲ့ရင် သူတို့တွေ ဆေးကုန်သည်ကို ဘယ်လို ပိုက်ဆံပြန်သွင်းမလဲဆိုတာ တွေးချင် စရာပဲ.. အခု ဂျားလီကလန်ရဲ့ ဘဏ္ဍာရေးအခြေအနေ မကောင်း နေတာနဲ့ဆိုရင် သုံးသိန်းဆိုတဲ့ ရွှေဒင်္ဂါးအမောက်က နောက်ဆုံး ထိုးနှက်ချက် ဖြစ်လိမ့်မယ်..”

ထို့နောက် အခန်းထဲဝင်လာသော အစေခံမလေးအား ရှောင်ယွင် ခေါင်းမော့ကြည့်လိုက်သည်။ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ရဖေးကို ကျေးဇူးတင်လိုက်ပြီးနောက် ဆေးအမယ်ကို လက်ခံယူလိုက်ပြီး တစ်ခါတည်း အနောက်ကိုပင် မလှည့်တော့ပဲ အခန်းထဲကနေ ထွက်သွားလိုက်သည်။ 

ထိုင်ခုံမှာ ထိုင်နေရင်း ပြတ်သားသော အမူအရာဖြင့် ထွက်သွား သော ရှောင်ယွင်ကို ကြည့်ကာ ရဖေးသည် မအီမသာဖြင့် ရယ်မော လိုက်မိသည်။ ခေါင်းကို ခါလိုက်ပြီး အသက်ပြင်းဖွဖွလေး ချလိုက် သည်။

“ ဒီကောင်လေး အပြုအမူက အသက်အရွယ်နဲ့ ဘယ်လိုမှကို  မလိုက်ဖက်ဘူး.. အင်း.. ဟိုအဖိုးကြီး ဂျားလီဘီကတော့ ဒုက္ခ အကြီးအကျယ်တော့ ရောက်တော့မယ်.. ”

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...