ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ဆရာမရိုလင်း၏ သတ်မှတ်ချက်ကို ရှောင်ယွင်က လက်ခံလိုက်သည်ကို နားထောင်ရင်း အားလုံးက ရှောင်ယွင်ကို လေးစားသွားသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရှောင်ယွင်၏ တောင်းဆိုချက်ကို လိုက်လျောလိုက်သည် မှန်သော် လည်း သူနှင့် ဆရာမရိုလင်း၏ ကွာဟချက်က တော်တော်လေး ကွာဟနေရာ ဒါကို ကျော်ဖြတ်နိုင်ဖို့က ခဲယဉ်းလှသည်။ ဒိုကျဲအဆင့်နှင့် ဒဒိုရှီအဆင့် တို့ယှဉ်ပြိုင် သည့်နေရာမှာ အရည်အချင်းဆိုတာကိုပဲ အားကိုးလို့ မရတော့ပါဘူး။
ရှောင်ယွင်လက်ခံလိုက်ခြင်းကြောင့် ရှောင်ယုလည်း အထိတ်တလန့် ဖြစ်သွားသည်။ ထို့နောက်မှာသော စိတ်မသက်မသာဖြင့် အသက်ပြင်း ချလိုက်ပြန်သည်။ ဒီကောင်က နံရံကို သွားပြီး မဆောင့်မိမချင်း အနောက်ဆုတ်မည့်ပုံ မပေါက်ချေ။
" ဒီနေရာက နည်းနည်းကျဉ်းတယ်.. အပြင်ကို သွားရအောင်.. "
ရှောင်ယွင်ကို ပြုံးပြလိုက်ပြီး ဆရာမရိုလင်းက ရွက်ဖျင်တဲ အပြင်ဘက်ကို ထွက်သွားသည်။ မျက်စိတမှိတ်အတွင်း မှာပဲ သူမ၏ ပြည့်ဝန်းသည့် လက်ရာမြောက် ခန္ဓာကိုယ် ကနေ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် နှစ်လိုဖွယ် အရာတို့ ထွက်ပေါ် လာခဲ့သည်။
ရှောင်ယွင်က နှာခေါင်းကို ပွတ်လိုက်ပြီး ခေါင်းညိတ်၍ အနောက်ကနေ ထွက်လာခဲ့သည်။ ရွက်ဖျင်တဲအတွင်း မှာ လူတွေလည်း အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရွက်ဖျင်တဲအပြင်ကို အလောတကြီး လိုက်ပါထွက်လာ ခဲ့ကြသည်။
နေကတော့ စောင်းနေပြီး ဖြစ်သည်။ နေဝင်ချိန် အနီဖျော့ဖျော့အလင်း ရောင်က မြေကွက်လပ်ကို အနီရောင် ကော်ဇော ခင်းထားသလို လွှမ်းခြုံ ထားသည်။ တစ်နေကုန် နေပူပူအောက်မှာ မီးဖုတ်ခံထားရသော ကျောက်တုံးများနှင့်မြေပြင်ကြီးက ယခုအခါ အပူချိန်လျော့ပြီး အေးစပြုလာသည်။ ကွင်းအလယ်မှာ ရပ်ကြည့်လိုက်လျှင် ကွင်းအပြင်မှာ ပရိသတ်တွေ ကျဲပါးစပြုနေသည်ကိုလည်း မြင်နိုင် ပါသည်။
လတ်ဆတ်ပြီး အေးမြသော လေးအေးအေးက ကွင်အလယ်ကို ဖြတ်၍ တိုက်ခတ်နေလေရာ ရွက်ဖျင်တဲမှ ထွက်လာကြသော ရှောင်ယုနှင့် တခြားသူတို့ကို ပေါ့ပါးလန်းဆန်းစေသွားခဲ့၏။
လူပေါင်းများစွ၏ ကြည့်ရှုနေကြသော မျက်လုံးအောက် မှာပဲ ရှောင်ယွင်သည် ကွင်းအလယ်ကို လျှောက်ဝင် သွားပြီး ဆရာမရိုလင်း၏ ဆန့်ကျင့်ဘက် နေရာမှာ ရပ်နေလိုက်ပြီး ခြောက်ကပ်ကပ်လေသံဖြင့် ပြော လိုက်သည်။
" ဒါဆို ဆရာမကပဲ ညှာတာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. "
ရှောင်ယွင်စကားကို ကြားရတဲ့အခါမှာ ဆရာမရိုလင်း၏ နှုတ်ခမ်းက ညင်သာတဲ့ အပြုံးလေးတစ်ခုသို့ ကော့ညွတ်သွားသည်။ ဖြူဖွေးသော လက်ကိုလည်း ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူမ လက်ချောင်း ပေါ်က အစိမ်းရောင်သိုလှောင်လက်စွပ်က လက်ခနဲ ဖြစ်သွား၍ အပြာရောင် ကျာပွတ်ရှည်တစ်ခုက ထွက်လာခဲ့သည်။
ကျာပွတ်ရှည် ကိုယ်ထည်တစ်ခုလုံးက အပြာရင့်ရင့် ရှိသည်။ ကျာပွတ် အဖျားမှာ ပြည့်ဝနေသည့် စွမ်းအင် တွေက စုစည်းနေလျက် ရှိသည်။ ကျာပွတ်ရှည်၏ လက်ကိုင်မှာ လက်သီးဆုပ်လောက် အရွယ်အစား ရှိသော မှော်ကျောက်တုံးတစ်တုံးက နက်ရှိုင်းစွာ နစ်မြုပ်နေပြီး ၎င်း ကျောက်တုံးကိုလည်း မြွေခေါင်း သဏ္ဍာန် ထွင်းထုဆင်ယင်ထားသည်။ ကျာပွတ်ရှည် တစ်ခုလုံးမှာလည်း ဒိုချီစွမ်းအင် သင်္ကေတစာများဖြင့် ယင်းတို့က အလင်းဖျော့ဖျော့လေး လင်းထွက်နေသည်။
ကျာပွတ်အား ပုံစံသွင်းထားတာကို တစ်ချက်ကြည့် လိုက်ရုံဖြင့် ဘယ်သူမဆို တစ်ချက်ကြည့်ရုံဖြင့် ဆရာမရိုလင်းလက်ထဲက လက်နက်ဟာ မှော်အမြုတေ လက်နက်ဖြစ်ပြီး လက်ရာသေသပ်စွာ လုပ်ထားမှန်း သိနိုင်ပေသည်။ ထိုလက်နက်၏ ညင်သာသော အရှိန် အဝါ ကို သေသေချာချာ ကြည့်လျှင်လည်း လက်နက်၏ ဂုဏ်သတ္တိ သည်လည်း ဆရာမရိုလင်းနှင့် ဆင်တူဖြစ်နေ သည်ကို ထင်ထင်ရှားရှား မြင်နေရသည်။ ထိုကဲ့သို့ လက်နက်မျိုးကို အသုံးပြုလိုက်လျှင် ကိုင်ဆောင်သူ၏ ခွန်အားမှာ အနည်းဆုံး ၁ ဆင့်ကနေ ၂ ဆင့်အထိ တိုးမြင့်သွားနိုင်သည်။
( မှော်အမြုတေဆိုသည်မှာ မှော်သားရဲကောင်တို့၏ အမြုတေကို ဆိုလိုခြင်း ဖြစ်သည်။ )
ရှောင်ယွင်၏ မထိတထိ အပြုံးကြောင့် ဆရာမရိုလင်းသည် သူမကနေပဲ စတင်လှုပ်ရှားလိုက်သည်။
ငါ့ဆီကနေ မင်း ခွင့်တစ်နှစ်ရဖို့ ဘယ်တော့မှ မဖြစ်စေရဘူး..
လှပသိမ်မွေ့သော အမျိုးသမီးက ကျာပွတ်ရှည်ကို ကိုင်ဆောင်ပြီး လှလှပပ မတ်တတ်ရပ်နေတာကို ကြည့်ရင်း ရှောင်ယွင်သည် ခပ်ပြုံးပြုံးလေး လုပ်ပြီး ခေါင်းခါလိုက်သည်။
" ဟေ့.. ဒီလက်နက်ကို သုံးလိုက် "
ဆရာမရိုလင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ သူမ၏ သိုလှောင်လက်စွပ်ကနေ သံမဏိဓားတစ်ချောင်း ကို ဆွဲထုတ်လိုက်သည်။ လက်ချောင်းကို အသာအယာ တောက်ထုတ်လိုက်၍ ဓားအဖြစ်မှ အနက်ရောင်အရိပ်သို့ ပြောင်းလဲသွားပြီး ရှောင်ယွင်ဆီကို ပြေးဝင်သွား သည်။
ရှောင်ယွင်သည် လှုပ်ရှားခြင်း လုံးဝမပြုဘဲ ရပ်နေလျက် ကြောက်စရာကောင်းသော အလျင်နှုန်းဖြင့် ပြေးဝင် လာသော သံမဏိဓားအား စိုက်ကြည့်နေလိုက်သည်။ ထိုဓားမှာ သူ့အား ခုတ်ပိုင်းနိုင်သည့် အင်အားမျိုးနှင့် ပြေးဝင်လာနေခြင်းပါ။
သို့ပေမဲ့ သံမဏိဓားက သူနှင့် ၁ မီတာပင် မပြည့်တော့သည့်အကွာသို့ ရောက်သည့်အခါတွင် ရုတ်တရက် ရပ်တန့်သွားပြီး ပြုတ်ကျသွားသည်။ ထိုမျှသာမက အနက်ရောင်ကျောက်တုံးနှစ်ခုကြား ထဲကိုလည်း သူ့ဘာသာ ကျဝင်သွားခဲ့သည်။
ရှောင်ယွင်က ပခုံးတွန့်လိုက်ပြီး ကျောက်တုံးကြားထဲက သံမဏိဓား အား ဆွဲထုတ်လိုက်ပြီး ဦးတည်ချက်မရှိဘဲ ဝှေ့ယမ်းကြည့်လိုက်သည်။ ဓားဒိုသိုင်းတစ်ခုမှ မလေ့လာဖူးသောကြောင့် သူနှင့် ဓားမှာ ရင်းနှီးလှ သည် မရှိဘဲ အစိမ်းသက်သက်တော့ ဖြစ်နေသည်။
ရှောင်ယွင်၏ အေးတိအေးစက်အမူအရာကြောင့် ဆရာမရိုလင်၏ မျက်ခုံးက ပင့်တက်သွားသည်။ သူမ၏ လှပနေသည့် မျက်ဝန်းတွင် ချီးကျူးသည့် အငွေ့အသက်များ ပြည့်သွားသည်။ ဒီလို စိတ်ခွန်အား က အရွယ်ငယ်ငယ်နှင့် ကြံ့ခိုင်ပြီး ပင်ကိုယ်စွမ်းရည် ကလည်း ထက် မြက်နေသည်မို့ ဆရာမရိုလင်းသည် ရှောင်ယွင်ဟာ ပိုပိုပြီး အင်အား ကြီးမားလာလိမ့်မည် ဟုပင် စိတ်ထဲ တွေးလိုက်မိသည်။
" ကဲ.. စလိုက်တော့မလား.. "
ဆရာမရိုလင်းက ကျာပွတ်ဖြင့် မြေကြီးကို တရွှမ်းရွှမ်း ရိုက်ချနေရင်း ရှောင်ယွင်ကို ခေါင်းမော့ပြီး အပြုံးဖြင့် မေးလိုက်သည်။ ကျာပွတ်တွင် ကိန်းဝပ်နေသော စွမ်းအင်တို့မှာ ကျောက်သာမြေပြင်ပေါ် ရေစက်များ အဖြစ် ကြွင်းကျန်သွားသည်။
" အင်း.. "
ရှောင်ယွင်က ခေါင်းကို ဖြည်းလေးစွာ ညိတ်လိုက်ရင်း မျက်နှာမှာ လည်း ပိုပြီး လေးနက်လာသည်။ ဒါသည် ဒဒိုရှီတစ်ယောက်နှင့် ပထမဆုံး တိုက်ခိုက်ရသည့် ပွဲ ဖြစ်၏။ ရွဲ့လော်က လျှို့ဝှက်စွာ ကူညီ ပေးနိုင်သော် လည်း စွမ်းအားကြီးသူ တစ်ယောက်နှင့် ထိပ်တိုက်ရင် ဆိုင်နေရခြင်းက ရှောင်ယွင်အတွက် ဖိအားကြီးတစ်ခု ပါပဲ။
တိုက်ပွဲက စတင်တော့မည်ကို ကြည့်နေရင်း ရှောင်ယု သည် သူမလက် ကလေးကို စိတ်လှုပ်ရှားစွာ တင်းတင်း ဆုပ်နယ်ထားမိနေသည်။ သူမ၏ မျက်နှာပေါ်က စိုးရိမ်မှု တွေဟာ ဖုံးကွယ်ထားလို့ မရနိုင်အောင် ဖြစ်နေ သည်။
" ဟား.. ဘယ်လိုတောင် စိတ်ကြီးဝင်နေတဲ့ လူလဲ.. ဆရာမရိုလင်းလို ဒဒိုရှီအဆင့် ကြယ် ၅လုံးကိုတောင်မှ သူ့အစွမ်းသေးသေးလေးနဲ့ ယှဉ်ပြိုင်ရဲတယ်ပေါ့လေ.. တော်တော် ဘဝင်မြင့်တဲ့လူပေပဲ.. "
ရှောင်ယု၏ စိုးရိမ်ပူပန်သည့်အမူအရာကို ကြည့်ပြီး လိုဘူက ပြောလိုက်ခြင်းပါ။ လိုဘူမှာ အစပထမက ရှောင်ယွင်၏ အစွမ်းအစကို ကြည့်ပြီး ထိတ်လန့်နေရာမှ ပြန်လည်သက်သာရသွားပြီး၍ ယခုအခါ မနာလိုစွာဖြင့် ပြန်ပြီး လှောင်ရယ်နေနိုင်ပြီး ဖြစ်သည်။
" နင် ဘာစကား ပြောလိုက်တာလဲ.. "
ရှောင်ယုမှာ ပထမတော့ စိုးရိမ်နေရာမှ လိုဘူ စကား ကြောင့် ဒေါသ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး အနောက်လှည့်၍ ရန်ထောင်လိုက်သည်။
" ငါက အမှန်ကို ပြောပြတာပါ.. "
ရှောင်ယု၏ ဒေါသက လိုဘူ၏ မနာလိုမှုကိုပါ ထပ်တိုးသွားစေခဲ့သည်။
" နင့်မှာ ဘာအခွင့်ရှိလို့ သူ့ကို ဝေဖန်နေရတာလဲ.. နင်တောင်မှ ဒဒိုရှီတစ်ယောက်နဲ့ တိုက်ခိုက်ရဲလို့လား.. နင့်ရဲ့ ဟန်ဆောင်အပြုံးတွေကို ဘယ်လိုပြသရမလဲ ဆိုတာတစ်ခုပဲ နင်သိတာလေ.. ပြဿနာ တစ်ခုခု ကြုံလာတိုင်း နင်က ပထမဆုံး ပြေးပုန်းတတ်တယ်... ဒီလို စိတ်နှစ်ခွနဲ့ လူစားမျိုးကို ငါတကယ်ကို အော်ဂလီဆန်တယ်.. ငါသေရင်တောင် နင့်ကို ငါမကြိုက်ဘူး.. "
ရှောင်ယုရဲ့ မျက်နှာက အရမ်းကို တင်းမာနေသလို ပြောလိုက်သည့် စကားကလည်း အေးစက်လှသည်။ သူမ၏ အညှာတာမဲ့ ရက်ရက်စက် စက် ပြောလိုက်သည့် စကားကြောင့် အနားဝန်းကျင်ရှိ လူအားလုံး အံ့သြ မှင်တက်သွားသည်။ ယခုလို သူမ ပြောဆိုလိုက်သည့် အပြုအမူ မျိုးကို သူမနှင့် ခင်မင်ခဲ့သည့် ကာလ တစ်လျှောက်လုံးတွင် တစ်ခါမှ မတွေ့ဖူး သောကြောင့် ဖြစ်သည်။
လိုဘူ၏ မျက်နှာမှာ အိနြေ္ဒမဆယ်နိုင်လောက်အောင် ပျက်ယွင်းသွား ခဲ့သည်။ အတော်ကြာမှ မျက်မှောင် ချိုးထားသော အကြည့်ကို လွဲဖယ် လိုက်ပြီး ကွင်းအထဲ လူငယ်ကိုပဲ ပြန်ငေးကြည့်လိုက်သည်။ အဆိပ်လို ပြင်းထန်သည့် မုန်းတီးခြင်းက သူ့မျက်ဝန်းမှာ အရောင် တစ်ချက် ဖြတ်သန်းသွားသည်။
ကွင်းပြင်ပက လှောင်ပြောင်လိုက်သံနှင့် အေးစက်စက် စကားသံတို့က ကွင်းအထဲရှိ တင်းမာနေသော ပတ်ဝန်းကျင်ကို လုံးဝ ထိုးမဖောက်နေခဲ့ပါဘူး။ ရှောင်ယွင်သည် ဆရာမရိုလင်းကို စူးစိုက်စွာ ကြည့်နေရင်း ခန္ဓာကိုယ်ကိုလည်း အနည်းငယ် လှုပ်ကစားလိုက်သည်။ ဒဒိုရှီ တစ်ယောက်နှင့် တိုက်ခိုက်ရသည်က ပုံမှန် ရန်သူတစ်ယောက်ထက် အမြန်နှုန်း၊ ခွန်အားနှင့် အတွေ့အကြုံတို့မှာ များစွာ သာလွန်နေကြောင်း သူသိသည်။ ထို့ကြောင့် ရှောင်ယွင် က စိတ်အာရုံအားလုံးကို စုစည်းပြီး ဆရာမရိုလင်း၏ လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်ကာ သူမ၏ တိုက် ကွက် အား ရှောင်ရှားရမလဲဆိုတာကို စိတ်ကူးကြည့်လိုက်မိ၏။
ရှောင်ယွင် အဆင်သင့်ဖြစ်နေသည်ကို ကြည့်ပြီး ဆရာမရိုလင်းက တစ်ချက်ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ မြွေတစ်ကောင် က တွင်းပေါက် ကနေ တိုးထွက်လာသလိုမျိုး အပြာရောင်အလင်းလဲ့ လဲ့နှင့် ကျာပွတ်ရှည်က လေထဲတွင် ဖြောင့်တန်းစွာဖြင့် ရှောင်ယွင်အား ရိုက်နှက်ဖို့ ပြေးဝင်လာတော့သည်။
၁၀ မီတာအကွာလောက်ကနေ ပျံသန်းလာသော ကျာပွတ်ရှည်ကို မြင်လျှင် ရှောင်ယွင်က မျက်လုံးကို ကျဉ်းမြောင်းကြည့်လိုက်ပြီး လေကို ဖြည်းဖြည်းလေး မှုတ်ထုတ်လိုက်သည်။ ၎င်းကျာပွတ်ကို မျက်နှာကို ရိုက်ခတ်တော့မည့်အပြုတွင် ရှောင်ယွင်က ကိုယ်ကို ဘေးဘက် အသာလေး ယိမ်း၍ ရှောင်ရှားလိုက်သည်။
ကျာပွတ်ရှည်ဟာ လေကို ဖြတ်သန်း၍ ရှောင်ယွင် အဝတ်နားကနေ ပွတ်ကာသီကာဖြင့် ဖြတ်ဆွဲသွားကာ ကျောက်သားမြေပြင်ပေါ် ပြင်းထန်စွာ ရိုက်သွားသည်။ ထိရိုက်သွားသော နေရာမှာတွင်လည်း ရေအများအပြား လည်း ထွက်ကျလာသည်။
ဆရာမရိုလင်း၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်နှင့် ရှောင်ယွင်၏ မျက်နှာထားသည် တင်းမာသွား၏။ မြေကို နင်းဆောင့်၍ ကိုယ်ကို ကျုံ့ကာ အရှိန်ယူလိုက်ပြီး ဆရာမရိုလင်းဆီသို့ လေးမှ ပစ်လွှတ်သော မျှားတစ်စင်း လို ပြေးဝင်သွားသည်။
၁၀ မီတာ ဆိုသော အကွာအဝေးက မျက်စိ တစ်မှိတ် အတွင်းမှာပဲ ရှောင်ယွင်သည် သူ့အတွက် အနီးကပ် တိုက်ခိုက်လို့ရသည့်အကွာအရောက်မှာ သူ့နောက် ကျောကနေ ပြင်းထန်လှသော အားတစ်ခု ဝင်လာ နေသည်ကို ခံစားသိလိုက်သည်။
ရှောင်ယွင် မျက်နှာ တစ်ချက် ပျက်သွားသလို ချက်ချင်းပဲ မြေပြင်ပေါ် ဝပ်ချလိုက်သည်။အပြာရောင်အရိပ်တစ်ခုက သူ့နောက်ကျောအထက်ကနေ ခေါင်းကို အလျားလိုက် ဖြတ်သန်းသွားသည်။
မြေကြီးပေါ် အလျားလိုက် ဝပ်ချနေရင်း ရှောင်ယွင် မြေကြီးကို ခပ်ပြင်းပြင်းလေး ထိုးချလိုက်သည်။ အားကောင်းသော အဝါရောင် ပုံသဏ္ဍာန်မဲ့ အားတစ်ခု က မြေကြီးပေါ်ကို သက်ရောက်သွားသည်။ ချက်ချင်းပင် ပြန်ကန်ထွက်လာသော အားက ပြန်တွန်းတင်လိုက်၍ ရှောင်ယွင်ခန္ဓာကိုယ်က လေအပေါ်သို့ ပြန်ကန်ထွက် သွားသည်။
လေထဲမှာ ရောက်နေစဉ်အချိန်တွင် တစ်ကိုယ်လုံးကို ခပ်မြန်မြန်လေး လှည့်ပစ်လိုက်သည်။ လက်ထဲက သံမဏိဓားကလည်း လှည့်အားအရှိန်ကို ယူ၍ ဆရာမရိုလင်းဆီကို တစ်ခါတည်း ပစ်ပေါက်လိုက်သည်။
ရှောင်ယွင်လက်ထဲမှ ပြေးထွက်သွားသော သံမဏိဓား သည် လေကို ထိုးခွဲ၍ သွားလေရာ ပြင်းထန်သော ထက်ရှမှုနှင့်အတူ အနက်ရောင်ဓားပုံရိပ်သည် လျှပ်စီးလက်သည့်အလား မြန်ဆန်လွန်းလှသည်။
လေကို ထိုးဖောက်၍ အရှိန်အဟုန်နှင့် ပြေးဝင် လာနေသော သံမဏိ ဓားအား မျက်နှာအမူအရာ မပြောင်းလဲဘဲ ကြည့်နေရင်း ဆရာမရိုလင်းသည် လက်ကို အသာအယာ လှုပ်ရှားလိုက်သည်။ သူမဆီ ပြန်ရောက်ရှိလာသော အပြာရောက် ကျာပွတ်ရှည်သည် ထူခြားစွာ လေထဲမှာပဲ သူ့ဟာနှင့်သူ အပြာရောင် တံတိုင်းသဏ္ဍာန် ဖွဲ့တည်ပုံဖော်လိုက်သည်။
" ဒိန်း.. "
သံမဏိဓားနှင့် အပြာရောင်တံတိုင်းတို့ ထိတွေ့မိသည့် အချိန်တွင် ကြည်လင်ပြတ်သားသော ထိခတ်သံက ထွက်ပေါ်လာသည်။ ကြီးမားသော လှိုင်းတွန့်များ ဓားကိုယ်ထည်ပေါ်တွင် ဖြစ်လာပြီး ဓားအပိုင်းတိုများ အဖြစ်သို့ တစ်ခါတည်းကျိုးပဲ့သွားသည်။
ဓားက အပို်င်း ဆယ်ခုကျော်အထိ ကျိုးပဲ့သွားတာကို ကြည့်ပြီး ဆရာမရိုလင်းသည် ပါးစပ်ဟသွားကာ တိုက်ခိုက်မှု ပြန်စတင်ရန် ပြင်လိုက်သည့်အချိန်တွင် သူမ၏ မျက်နှာက တစ်ချက်ပြောင်းလဲသွားသည်။
လေထဲတွင် ရှိနေဆဲသော ဓားအပိုင်း ဆယ်ခုကျော် တို့အား သဏ္ဍာန်မဲ့အားတစ်ခုကနေ ရုတ်တရက် ဆွဲငင်ခံလိုက်ရသလိုဖြစ်ကာ ရှောင်ယွင်ရှိရာသို့ ပြန်ပြေးဝင်သွားသည်။
ဓားအပိုင်းတိုတို့ဟာ အရှိန်ပြင်းစွာဖြင့် ရှောင်ယွင်ဆီ သွားနေခြင်းပါ။ လေကို ဖြတ်သန်း၍ သွားနေခြင်းက ပထမ ရှောင်ယွင် ပစ်လွှတ်လိုက်သည်ထက်ပင် ပို၍ အားကောင်းနေသည်။
ထို ဓားအပိုင်းတိုတို့ဟာ လမ်းတစ်ဝက်ရောက်နေသည့် အချိန်တွင် ပြင်းထန်အားကောင်းသော တွန်းကန်အား ကလည်း ရှောင်ယွင် လက်ဝါးပြင်ကနေ ရုတ်ချည်းပင် တိုးထွက်လာခဲ့သည်။ ရှောင်ယွင်၏ လက်ဝါးရိုက်ချက် ကြောင့် မြေပြင်က ဖုန်မှုန့်တွေပင် လေထဲကို လွင့်ခါဝဲပျံ သွားတော့သည်။
" ရွှီး.. ရွှီး.. ရွှီး.. "
ပြင်းထန်အားကောင်းသော လေအားက ဓားအပိုင်းတို တွင်ရှိနေသေည့် အားကို ကျော်လွန်၍ သက်ရောက် သွားခဲ့သည်။ ထို့နောက်မှာတော့ ဓားအပိုင်းတို ဆယ်ခု ကျော်တို့သည် ရုတ်တရက် ဦးတည်ရာက ပြောင်းပြန် လှည့်သွားခဲ့သည်။ ပိုပိုပြီး အစွမ်းတိုးလာသော အလျင် နှင့်အားအရှိန်တို့ ကြောင့် ဆရာမရိုလင်းဆီကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ.. ဓားအပိုင်းတိုတို့သည် အနောက် ပြန်လှည့်ကာ တဟုန်ထိုး ပြန်ပြေးဝင်သွားလေ၏။
" ဒီကောင်လေးမှာ အစွမ်းတော့ ရှိသားပဲ.. "
ဒဒိုရှီတစ်ယောက်၏ ခွန်အားမျိုးမှ တတ်နိုင်မည့် လေထဲက အရာဝတ္ထူကိုဆွဲငင်တွန်းထုတ်နိုင်သည့် အရာတစ်ခုအား ဒိုကျဲတစ်ယောက်၏ ခွန်အားပဲ ရှိသည့် ရှောင်ယွင်က လုပ်ပြသွားကို မြင်သည့်အခါ ဆရာမ ရိုလင်းက မနေနိုင်ဘဲ အံ့သြစွာဖြင့် ချီးမွမ်းလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ ဆရာမရိုလင်းသည် လက်ဝါးပြင် ထုတ်၍ ကာလိုက်သည်။ သူမ၏ခန္ဓာကိုယ်ထဲရှိ ဒိုချီစွမ်းအင်များ အတွင်းစွမ်းအင်လမ်းကြောင်းအတိုင်း စတင်၍ လျင်မြန်စွာ လည်ပတ်လာတော့သည်။
" အားနည်းစေသောရေမှန်လွှာ "
ဆရာမရိုလင်း၏ အသံနှင့် တစ်ပြိုင်နက် သူမ၏ လက်ဝါးပြင်ကနေ အပြာရောင်ဖျော့ဖျော့ ဒိုချီစွမ်းအင် အခဲကြီးက အန်ထွက်လာပြီး သူမအရှေ့မှာပဲ ဝိုင်းဝန်း သည့် ရေပြာပြာမှန်လွှာတစ်ချပ်လို ဖွဲ့စည်းပြောင်းလဲ သွားသည်။
အားနည်းစေသောရေမှန်လွှာ ဆိုသည်က ခံစစ် ဒိုသိုင်းတစ်ခု ဖြစ်ပြီး ရေဒိုချီစွမ်းအင်ကို လေ့ကျင့်ကြ သည့် သူများကသာလျှင် အသုံးပြုနိုင်သည့် ဒိုသိုင်းတစ်ခုလည်း ဖြစ်သည်။ အရမ်းကြီး အဆင့်မြင သည့် သိုင်းတစ်ခု မဟုတ်ပါဘူး။ အဆင့်မြင့် ဟွာင်း အဆင့်သိုင်းတစ်ခုသာ ဖြစ်သော်လည်း အရမ်းကို အသုံးဝင်လှသည်။
ဒိုချီကုန်းမြေဒေသတွင် ရေဓာတ် ဒိုချီစွမ်းအင်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော စွမ်းအားကြီးသူ များစွာ ရှိကြပြီး ၎င်းတို့သည် ရေဒိုချီစွမ်းအင်ဖြင့် စွမ်းအားမြင့်သောရေမှန်လွှာကို ဖန်တီးနိုင်ပြီး ယင်း ရေမှန်လွှာတို့သည် ရန်သူ၏ တိုက်ခိုက်မှုအားကို လျှော့ချပေးနိုင်စွမ်း ရှိသည်။
ရေမှန်လွှာမှာ မီတာတဝက်မျှထူပြီး နေရောင်အောက် တွင် အပြာရောင် နှင့် အနီရောင် အလင်းမှာ မျက်နှာပြင် နှစ်ဖက်ဆီမှ ဖြာထွက်နေသည်။
" ဒုန်း.. ဒုန်း.. "
လေကို ဖြတ်သန်းလာကြသော ဓားအပိုင်းအတိုအစ ဆယ်ခုတို့သည် ရေမှန်လွှာကို ထိသွာသည်နှင့် ချက်ချင်းပဲ ထိုးဖောက်သွားသည်။ သို့ပေမဲ့ ရေမှန်လွှာ အတွင်းပိုင်း အား ဖြတ်သန်းသွားနေရင်း ရေအတားအဆီး ကြောင့် ၎င်းတို့၏ ပြင်းအားကို တစစ ဖယ်ရှားပစ်ခြင်းကို ခံလိုက်ရ၏။
" ဘန်း.. "
အားအင်ကုန်ခမ်းသွားသော ဓားအပိုင်းအစများသည် ရေမှန်လွှာမှ ထွက်လာပြီးပြီချင်းမှာပဲ ကျောက်သား မြေပြင်ပေါ် အားမရှိစွာ ပြုတ်ကျ ကုန်တော့သည်။
ကွင်းအတွင်းက လျင်မြန်စွာ တိုက်ကွက်များ ထုတ်ဖော် အသုံးပြုနေသည်ကို ကြည့်ပြီး ဘေးပတ်လည်ရှိ ကျောင်းသားပရိသတ်တို့မှာ ရှောင်ယွင်ကို အံ့သြလေးစားမိသောအကြည့်ဖြင့် ကြည့်ရှုမိကြလေ၏။ စွမ်းအားကြီးသော ဒဒိုရှီတစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရဲသည့်အပြင် သူကပဲ စတင်ပြီး တိုက်ခိုက် မယ်မှန်း မထင်မှတ်ထားမိသောကြောင့် ဖြစ်သည်။
သူ၏ တိုက်ခိုက်မှုက အကျိုးသက်ရောက်မှု များစွာ မရှိသော်လည်း ရှောင်ယွင် စိတ်မပျက်မိသလို ယုံကြည်မှု လည်း မလျော့သေးချေ။ ပြီးတော့ လေဟာနယ်လက်ဝါး နှင့် မီးလက်ဝါးနှစ်ခု၏ ထူးခြားသည့် ပေါင်းစပ်မှုကိုလည်း မှီခိုအားထားနေလို့မရမှန်းလည်း သိနေသည်။ မဟုတ်လျှင် သရဲတစ္ဆေလို တိုက်ခိုက်လာသော ကျာပွတ်ရှည်နှင့် အရိုက်ခံနေရဦးမည်။ ရှောင်ယွင်သည် လေထဲတွင် အရှိန်ကုန်သွားသည်နှင့် မြေပြင်ပေါ် ချက်ချင်းဆင်းလိုက်သည်။ ဒါပေမဲ့ အပြာရောင် ကျာပွတ်ရှည်က မြေပြင်မှာ ဝပ်တွားနေရာမှ အဆိပ်ပြင်း သော မြွေတစ်ကောင်ကဲ့သို့ ထောင်မတ်သွားပြီး တစ်ခါတည်း ရှောင်ယွင်ဆီ လွန်ထိုးပြေးဝင်လာသည်။
ရှောင်ယွင်က လက်ဝါးကို ကွေးချပြီး မြေပြင်ကို ထောက်ကာ စုပ်ယူအားသုံးလိုက်ခြင်းဖြင့် မြေကြီးပေါ်သို့ ချက်ချင်း ကျရောက်သွားစေသည်။ လေဟာနယ် လက်ဝါးကို အားကိုးပြီး ရှောင်ရှားလိုက်ခြင်း ဖြစ်သည်။ ခြေထောက်က မြေပြင်ကို ထောက်မိပြီးချင်းမှာပဲ အားအပြည့်သုံးပြီး ဆောင့်ကန်၍ အရှေ့ကို တဟုန်ထိုး ပြေးဝင်သွားသည်။ နောက်ဆုံးတွင် သူ့အတွက်အနီးကပ် တိုက်ခိုက်လို့အကောင်းဆုံး အကွာအဝေးအတွင်း ရောက်အောင် သွားနိုင်ခဲ့လေသည်။
ရှောင်ယွင်သည် မည်သည့်လက်နက်ကိုမှ ကောင်းကောင်းသုံးတတ်သည်မဟုတ်၍ သူ့လက် သူ့ခြေကိုသာ အသုံးပြပြီး တိုက်ခိုက်မည်ဟု ကြံရွယ် ထားခြင်း ဖြစ်သည်။ နီးကပ်စွာ တိုက်ခိုက်၍ရသော အကွာအဝေးကို ရောက်လျှင် သူ့ရဲ့ လက်သီး၊ ခေါင်း၊ တံတောင်း အစသဖြင့် သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးအား အစွမ်းထက်သည့် လက်နက်အဖြစ်သို့ ပြောင်းလဲအသုံးချလို့ရသွားမည်။ လျင်မြန်သော အရှိန်နှုန်းဖြင့် မုန်တိုင်းတိုက်ခတ်သလို အချိန်တိုအတွင်း တရစပ် လက်သီးတွေ ပစ်သွင်းလို့ ရနိုင်သွားမည်။
ဆရာမရိုလင်းအနား နီးကပ်စွာ ရောက်သွားလေ ရှောင်ယွင်၏ မျက်နှာက တည်ငြိမ်လေးနက်လာသည်။ သူ့၏ လက်သီး ၊ တံတောင်းနှင့် ခြေထောက်တို့ကို လိုသလို ပြောင်သုံးပြီး တရစပ် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်လိုက်သည်။ သို့သော် အကြိမ်တိုင်းမှာပဲ ဆရာမရိုလင်းက လွယ်လွယ်ကူကူပဲ ရှောင်တိမ်းပြီး ချေဖျက်ခံထိသွားသည်။
" အသည်းခွဲ လက်ဝါး.. "
" ကျောက်ကွဲ ခြေကန်ချက်.. "
" တံတောင် အပြင်းရိုက်ချက်.. "
အပြင်းအထန်ကြိုးစားပြီးမှ အနီးကပ်တိုက်ခိုက်ခွင့် ရသွားသည်နှင့် ရှောင်ယွင် သူလေ့လာထားသမျှ ဒိုသိုင်းတို့အား အကုန်လုံးနီးပါးကို ထုတ်ဖော်တိုက်ခိုက် လေသည်။ သို့ပေမဲ့ ကြိုးစားသမျှ အရာမထင်လိုက် ပါချေ။
ရှောင်ယွင်၏ အမြင်အာရုံအရ ဆရာမရိုလင်သည် သူမ၏ ခန္ဓာကိုယ် အာ အလွှာပါးတစ်ခုဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်ထားသကဲ့သို့ရှိနေသည်အား မြင်လိုက်သည်။ သူ့၏ ထိုးနှက်ချက်က ဆရာမ၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျရောက်သွားသည့်အခါတွင် ထူးဆန်စွာဖြင့် ဘေးကို ချော်သွားမြဲ.. သူ့၏ အားထုတ်မှုက ထိရောက်မှု မရှိသလို ဖြစ်နေ၏။
တိုက်ခိုက်နေစဉ်အတွင်း ရှောင်ယွင်၏ အကြည့်သည် ဆရာမရိုလင်း၏ အကြည့်နှင့် တည့်တည့်ဆုံမိသွား သည်။ ဆရာမ၏ မျက်ဝန်းနှစ်စုံထဲတွင် လှောင်ပြောင် နေသည့် အကြည့်ကို ရှာတွေ့မိသည့်အခါ သူ့ခန္ဓာကိုယ် က အနည်းငယ်တုန်ခါသွားသည်။
မသိစိတ်၏ နှိုးဆော်မှုက မြင့်တက်လာနေရင်း ရှောင်ယွင်သည် သူ့ခြေထောက်အား ရွေ့မည်အပြုတွင် မြေကြီးတွင် စွဲကပ်နေသည့်အရာတစ်ခုက ခြေထောက် အား ဖမ်းဆွဲထားပြီး မလှုပ်နိုင်လောက်အောင် ဖြစ်နေသည်ကို ရုတ်တရက် သိလိုက်သည်။
မထင်မှတ်ထားသော အဖြစ်ကြောင့် ရှောင်ယွင်၏ မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။ မျက်လုံးကို လှန်ကြည့်လိုက်၍ ဆရာမရိုလင်း၏ ပြုံးသယောင် ရှိနေသည့် အမူအရာကို ဖျတ်ခနဲ မြင်လိုက်သည်။ ရွေ့လျားခြင်း မပြုနိုင်တော့၍ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည်။ ရှိသမျှ ဒိုချီစွမ်းအင်အား စုစည်းပြီး ဆရာမရိုလင်းကို ဦးတည်၍ ပြင်းထန်လှသော လက်သီးကို ထိုးချလိုက်သည်။
" ရှစ်ဆပြင်းထန်.... "
ရင်ထဲက ပေါက်ကွဲထွက်လာသော အော်ကြွေးသံ နှင့် အတူ လက်သီးပေါ်က အကြောများ ထောင်ထသွား သည်။ အဝါရောင်ဖျော့ဖျော့ ဒိုချီ စွမ်းအင်များ လက်သီး တွင် လွှမ်းခြုံသွားပြီး စူးရှသော လေခွင်းသံများ ထွက်ပေါ်လာကာ ဆရာမရိုလင်းအား ရက်စက် ပြင်းထန်စွာ ထိုးနှက် လိုက်သည်။
" ဘုန်း.. "
မိုးခြိမ်းသံအလား ပေါက်ကွဲသံက ကွင်းပြောင်ပြောင် ကနေ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာသည်။ ယင်းအသံကြောင့် ပွဲကြည့် ပရိသတ်တို့သည် နှစ်ခါပြန် ဘယ်ညာ စောင်းငဲ့ကြည့်သွားစေခဲ့သည်။
လက်သီးနှင့် လက်ဝါး ထိတိုက်သွားသည့်နှင့် မကြာချေ.. ဆရာရိုလင်း သည် ခြေတစ်လှမ်း အနောက်ဆုတ်လိုက် သည်။ သူမမျက်နှာမှာလည်း အပြုံးတစ်ခုက လှပစွာ ထွက်ပေါ်လာပြီး..
" ကြည့်ရတာ မင်းတော့ ခွင့်ရက်မရနိုင်တော့ဘူး ထင်တယ်.. "
ဟု ပြောလိုက်သည်။
ရှောင်ယွင်သည် သူ့ခန္ဓာကိုယ်အား ပြင်းထန်စွာ လှုပ်ခါလိုက်ပြီးနောက် တိုက်ကွက်ဖလှယ်ခြင်းရာမှ ဖြစ်ပေါ်လာသော တုန်ခါမှုအား ချေဖျက်လိုက်သည်။ ခေါင်းကိုငုံ့ပြီး သူ့ခြေထောက်ကို ကြည့်လိုက်လျှင် အပြာရောင်ကျာပွတ်ဖြင့် ဖန်တီးထားသော ရေထောင်ချောက်ထဲ နင်းမိနေပြီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
" ငါ တိုက်ခိုက်နေတာကို သူ အလျော့ပေးနေတာ အံ့သြစရာတော့ မဟုတ်ဘူး.. သူ ဆင်ထားတဲ့ ထောင်ချောက်နေရာကို ဝင်စေခြင်းလို့ကိုး.. "
ရှောင်ယွင်က ပြန်လှန်စဉ်းစားကြည့်လိုက်လျှင် ဆရာမရိုလင်း၏ လှုပ်ရှားမှုကို သဘောပေါက် လိုက်ပြန်သည်။ လျှပ်စီးလက်သလို မြန်ဆန်လှသော သူ့၏ တိုက်ကွက်ကို တန်ပြန်ခုခံဖို့ သူမ စဉ်းစား ထားသည့် နည်းလမ်းပေပဲ.. ။
" ဒီအမျိုးသမိးတော့ ပေါ့သေးသေးတော့ မဟုတ်ဘူး.. "
ရှောင်ယွင်က ရှိသမျှ ခွန်အားကို အသုံးပြုပြီး ခြေထောက်ကို ပင့်မြှောက်ကြည့်သည်။ သို့သော် ဒဒိုရှီတစ်ယောက်က သေသေချာချာ လုပ်ထားသော ထောင်ချောက်ကနေ ဒိုကျဲတစ်ယောက်၏ ခွန်အားမျိုး နှင့် သူ မည်ကဲ့သို့ ရုန်းထွက်နိုင်မည်နည်း။
" ဟားဟား.. ရှောင်ယွင်.. အားလုံးက ပြီးဆုံးတော့မယ်.. ဒါက နောက်ဆုံးအကြိမ်ပဲ.. "
ရှောင်ယွင် အခက်တွေ့နေသည်ကို အပြုံးဖြင့် ကြည့်ရင်း ဆရာမရိုလင်း က ရယ်မောလိုက်၏ လက်ကို ဆန့်တန်း ပြီး အပြာရောင် ကျာပွတ်ကို သူမ၏ လက်မောင်းတွင် ရစ်ခွေထားလိုက်သည်။
ထို့နောက် အပြာရောက်ကျာပွတ်ရှည်၏ လက်ကိုင်တွင်ရှိ မြွေခေါင်း၏ ပါးစပ်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း ဆရာမရိုလင်းက ပါးစပ်ဟ၍ စွမ်းအားပြင်းထန်သော အပြာရင့်ရင့်ဒိုချီစွမ်းအင်အား ကျာပွတ်ရှည်ဆီကို အန်ထုတ်လိုက်သည်။
များပြားလှသော အပြာရောင် ဒိုချီစွမ်းအင်တွေဟာ ကောင်းကင်ထက်ကို ရေပန်းကဲ့သို့ ရိုက်ခတ်ထကြွ လာသည်။ တစ်စက္ကန့်အကြာတွင် လှုပ်ရှားထကြွလာ သော ဒိုချီစွမ်းအင်တွေသည် သုံးမီတာမှ လေးမီတာ အထိ ရှည်လားသော ရေမြွေကြီးပုံသဏ္ဍာန်သို့ စုဖွဲ့လာခဲ့ သည်။ ယင်းရေမြွေကြီးသည် ကောင်းကင်ကို မျက်နှာမူ ၍ အသံမဲ့တွန်သံပြုနေသည်။ သူ့ခန္ဓာကိုယ်မှသည် ကြီးမားသော ရေစက်များ တတောက်တောက် ယိုစီး ကျနေကာ ကွင်းတစ်ခုလုံးကို ရွှဲရွှဲစိုသွားစေသည်။
ထိုသို့ တွန်သံပြုနေပြီးနောက် ရေမြွေကြီးသည် ဆရာမရိုလင်း၏ ထိန်းချုပ်မှုအောက်တွင် ကြောက်စရာကောင်းသောအင်အားကို ပြသကာ မလှုပ်ရှားနိုင်သော ရှောင်ယွင်ဆီသို့ အနိုင်ထက်စီးနင်း သည့် အသွင်မျိုးဖြင့် ခုန်ပေါက်လိုက်သည်။
ရေမြွေကြီးက လေထဲ တွန့််လိမ်နေသည်ကို ကြည့်နေကြ သော ဂျားနန်အကယ်ဒမီကျောင်းမှ ကျောင်းသူ ကျောင်းသားတို့သည် အံ့အားသင့်စွာဖြင့် အော်ဟစ် လိုက်ကြသည်။
" ဒါ.. ဒါက အလယ်လတ်အဆင့် ရွှင်းသိုင်းဖြစ်တဲ့ ရေမြွေကြီးလား.. "
" အိုး.. ဘုရားရေ... ဆရာမရိုလင်းက ဒီသိုင်းကိုတောင် ထုတ်သုံးလိုက် ပြီးလား.. ရှောင်ယွင်တော့ အထိနာ တော့မှာပဲ.. "
ရွှယ်နီက အံ့အားသင့်စွာဖြင့် မြည်တမ်းမိသလို ခေါင်းကိုလည်း ခါလိုက်မိသည်။ မလှုပ်ရှားနိုင်သော ရှောင်ယွင်ကိုလည်း စိတ်ပူပန်စွာ လှမ်း ကြည့်လိုက် မိပြန်သည်။
" ဆရာမကတော့ ဘယ်သူက ပိုစွမ်းအားကြီးသလဲ ဆိုတာ ပြသနေပြီး.. ဒီလို စည်းကမ်းမလိုက်နာတဲ့ အကျင့်မျိုးနဲ့ နောက်ဆို ဆရာမရိုလင်းက သူ့ကို ဆုံးမဖို့ ခက်လိမ့်မယ်.. "
ရှောင်ယုက စိတ်မသက်မသာဖြင့် အသက်ပြင်း ချလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဆရာရိုလင်း၏ ရည်ရွှယ်ချက်ကိုလည်း သူမ သိလိုက်သည်။
ဆရာမရိုလင်းက အလယ်လတ်အဆင့် ရွှင်းသိုင်းကို အသုံးပြုလိုက်တာ မြင်ပေမဲ့ ရှောင်ယု အရမ်းကြီး မစိုးရိမ်မိချေ။ ရှောင်ယွင်ကို တကယ်နာကျင်အောင် မလုပ်ဘူးဆိုတာ သူမ သိနေသည်။ တဖန် ဆရာမ အသုံးပြုလိုက်သည့် စွမ်းအားကြောင့်လည်း ရေမြွေသိုင်း မှာ စွမ်းအားကို လျော့သုံးထားမှန်း သူမ သိလိုက်ပြန် သည်။
အဘယ်ကြောင့်ဆိုသော် အကယ်ဒမီကျောင်းတွင် ရှိစဉ်အခါက ဆရာမရိုလင်းသည် ခွန်အားအပြည့်ဖြင့် ရေစပါးအုံးသိုင်းကို အသုံးပြုခဲ့လိုက်ခြင်းကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ရေမြွေကြီးမှာ ခုနှစ်မီတာကနေ ရှစ်မီတာအထိ ရှည်လျားပြီး ယခု ရေမြွေထက် အများကြီး ပိုရှည်လျားနေခဲ့သည်။
လိုဘူသည် အကျပ်အတည်းထဲ ရောက်နေသော ရှောင်ယွင်ကို အေးစက်စွာ ကြည့်နေရင်း သူ၏ နှုတ်ခမ်းထောင့်က လှောင်ရယ်လိုသော အမူအရာဖြင့် ပြုံးလိုက်သည်။ စိတ်ထဲမှာတော့ ရှောင်ယွင်ကို ဆရာမရိုလင်း၏ တိုက်ခိုက်မှုအောက်မှာ ရှုံးနိမ့်ပါစေ ဟုသာ အပြင်းအထန် ကျိန်ဆဲနေသည်။
ကွင်းလယ်က တိုက်ပွဲမှာတော့ ရေမြွေကြီးကတော့ ရှောင်ယွင်ဆီကို ဒိုင်ဗင်ထိုး ဝင်လာနေသည်။ ပြင်းထန်လှသော လေအဟုန်ကြောင့်လည်း ရှောင်ယွင် ၏ အင်္ကျီအဝတ်မှာ ဆွဲခွာ၍ မရအောင်ပင် ကိုယ်မှာ ကပ်တွယ်နေတော့သည်။
သူ့အကိုယ်ပေါ် သက်ရောက်နေသော အလွန်တရာ အားကောင်းသည့် ဖိအားများကြောင့် ရှောင်ယွင် မတတ်သာစွာ အသက်ပြင်းချလိုက်မိ၏ ဒဒိုရှီတစ်ယောက်၏ အင်အားက တကယ့်ကို ကြောက်စရာကောင်းလှသည်။ ဆရာမရိုလင်းက သူမ၏ ခွန်အားကို တစ်ဝက်ပင် အပြည့် မထုတ်သုံးသေးပေမဲ့ ရှောင်ယွင်မှာတော့ မောဟိုက်နေပြီး ဖြစ်သည်။
ရှောင်ယွင်သည် ခေါင်းကို ဖြည်းဖြည်းမော့လိုက်ပြီး နေရောင်အောက် မှာ တောက်ပစွာဖြင့် သရဲတဘက်ဆန် လှသော ရေမြွေကြီးကို မျက်နှာမူကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကို မှိတ်ချလိုက်ပြီး ရင်ထဲမှာလည်း ခါးသက်စွာ ရယ်မောလိုက်ပြီးနောက် လေသံတိုးတိုး ဖြင့်..
" အိုး.. ဆရာရွဲ့လော်.. လုပ်လိုက်တော့.. ဒဒိုရှီဆိုတာ ကျွန်တော့်ခွန်အားနဲ့ ဘယ်လိုမှ ဖက်ယှဉ်လို့ မရနိုင်တဲ့ လူတွေပဲ.. "
" ဟားဟား.. ချာတိတ်လေး... အခုတော့ မင်းအဆင့်ကို မင်းနားလည် သွားပြီးပေါ့.. တကယ့်စွမ်းအားကြီးတဲ့ လူတွေရဲ့ မျက်လုံးထဲမှာ မင်းက ဘာမှမဟုတ်ဘူး.. စွမ်းအားကြီးဖို့ လမ်းခရီးကို မင်းက အခုမှ ခြေလှမ်း လှမ်းရုံလေးပဲ ရှိသေးတယ်.. "
ခပ်ပေါ့ပေါ့လေး ပြောလိုက်သော လူကြီးအသံက ရှောင်ယွင် နှလုံးသား ထဲမှာ ပဲ့တင်ထပ်သွားသည်။
" ဆရာမက အရမ်းကို စွမ်းအားကြီးလွန်းတယ်... "
ရှောင်ယွင်က ခေါင်းညိတ်လိုက်ပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏ သူ့ရဲ့ အကြည့်စူးစူး က ရေမြွေကြီး၏ ဖောက်ထွင်းမြင်နိုင်သော ခန္ဓာကိုယ် ကို ကျော်လွန်၍ ခပ်ဝေးဝေးတွင် ရပ်နေသော ချိုသာ သည့်အပြုံးပိုင်ရှင် ဆရာမရိုလင်းကို ကြည့်လိုက်သည်။
" ဒါပေမဲ့ အနာဂတ်မှာ ငါက သူ့ထက် ပိုပြီး စွမ်းအား ကြီးမားလာရမယ်... "
" ဘုန်း... "
ရေမြွေကြီးသည် နောက်ဆုံးတွင်တော့ ရှောင်ယွင် ခေါင်းပေါ်ကို ရောက် လာခဲ့သည်။ ပြီးနောက် ရက်စက် ပြင်းထန်စွာဖြင့် ရှောင်ယွင် ကိုယ်လုံးကို ဝင် ဆောင့်ပစ် လိုက်သောကြောင့် မြေကြီးပင် တုန်ခါသွားပြီး မိုးပေါ်ကို ရေလုံးများ ပြန်ပြီး ပျံလွင့်စင်သွားသည်။
ထိုနေရာတွင် ရေများဖြင့် ဖုံးလွှမ်းနေကာ မြင်ကွင်းကို ပိတ်ဆို့ထားသကဲ့သို့ ရှိနေပါသော်လည်း ဆရာမရိုလင်း က ကြိုပြီးပြုံးထားလိုက်၏။ သူမအသုံးပြုလိုက်သော ခွန်အားအတိုင်းအတာကို ပြန်ချင့်ရလျှင် ရှောင်ယွင်ကို ကောင်းကောင်းလွင့်စင်စေနိုင်သည်။
" ဟေ့.. ယုအာ.. သူ့ကို သွားပြီး သယ်ထုတ်လိုက် ပါလား.. ရေအကြာကြီး စိုနေရင် သူ့အတွက်မကောင်း .. ဟမ်.. ဘာ.. "
ဆရာမရိုလင်းသည် ရှောင်ယုဆီကို ခေါင်းငဲ့ကြည့်ပြီး လှမ်းပြောနေရင်း စကားမဆုံးခင်မှာပဲ သူမ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားလေ၏။ ခေါင်းကို တဖြည်းဖြည်း ပြန်လှည့်ကာ လှပသော မျက်ဝန်းအစုံဖြင့် ရေဖုံးလွှမ်းနေသော ကွင်းဆီကို ပြန်ကြည့်နေမိသည်။ ကွင်းထဲက ထွက်ပေါ်လာသော ရေခိုးရေငွေ့ပါးပါးက ရှောင်ယုတို့ အုပ်စုဘက်ကို လေနှင့်အတူ ဖြတ်ဝင် တိုက်ခတ်သွားသည်။ ရေခိုးရေငွေ့အထဲကနေ ပေါ့ပါး သော ခြေသံကိုလည်း ကြားရပြီးနောက် အရပ်ရှည်ရှည် လူငယ်တစ်ယောက် ၏ ပုံရိပ်က ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။ နောက်ဆုံးတွင် ရှောင်ယွင်သည် ဆရာမရိုလင်းတို့ အုပ်စုအလယ်မှာ ရပ်လိုက်ပြီး ဆရာမရိုလင်း၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်နေလိုက်သည်။ ပြီး သူ့ခေါင်းကို ကုတ်လိုက်ပြီး ရယ်မောရင်း ဆရာမ ရိုလင်းအား ပြောလိုက်သည်။
" ဆရာမရိုလင်း.. ကျွန်တော်တောင်းပန်ပါတယ်.. ကြည့်ရတာ ဆရာမ က ခွင့်မပြုလို့ မရတော့ဘူး.. "
ရေမြူငွေ့ကြားထဲက ပြုံးနေသော ရှောင်ယွင်မျက်နှာကို သဲသဲကွဲကွဲ မြင်ရသောအခါ အားလုံး၏ မျက်နှာမှာ အကြီးအကျယ် ထိတ်လန့်သည့် အမူအရာက တံဆိပ်နှိပ် ထားလိုက်သလို ဖြစ်သွားသည်။
ရေခိုးမြူငွေ့ကြားထဲမှာ ရပ်နေသော်လည်း အဝတ်မှာ တစ်စက်မှ ရေမစိုသည့် ရှောင်ယွင်ကို မျက်လုံးချင်ဆိုင် ကြည့်နေရင်း ဆရာမရိုလင်း၏ အံ့သြနေသည့် မျက်နှာ သည် တဖြည်းဖြည်း ပြန်လည် ပြေလျော့လာခဲ့သည်။ ပြုံးနေသော လူငယ်ကို တစ်ခါပြန် အကဲခတ် ကြည့်ရှု လိုက်ပြီးနောက် ညင်သာစွာ စကားပြောလိုက်သည်။
" မင်းမှာ တချို့အစွမ်းအစတွေ ရှိနေတဲ့ပုံပဲ.. ငါတော့ မင်းကို လျှော့တွက်မိပြီးထင်တယ်.. "
" ဟားဟား ကံကောင်းသွားတာပါ.. ဆရာမရိုလင်း ကသာ အစွမ်းပြည့် ထုတ်သုံးရင်တော့ သုံးကွက်တောင် ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး.."
ရှောင်ယွင်က ခေါင်းကို ခါရင်း ပြောလိုက်သသည်။
"ဒိုကျဲအဆင့် ကြယ် ၄ လုံးပဲ ရှိသေးတဲ့ ကျောင်းသား အသစ်ကို အစွမ်းပြည့် ထုတ်သုံးပြီး တိုက်ခိုက်လိုက်ရင် အကယ်ဒမီကျောင်းမှာ ငါဘယ်လို တာဝန်ထမ်းဆောင် လို့ ရတော့မှာလဲ.. "
သူ့စကားကို ကြားရသည့်အခါမှာ ဆရာမရိုလင်းက ရှောင်ယွင်ကို မသိရကောင်းလားဟန်ဖြင့် ကြည့်လိုက်ရင်း မကျေမချမ်းဖြင့် ဆိုလိုက် သည်။
" ငါပြောတဲ့အတိုင်း မင်းလုပ်နိုင်သွားပြီးဆိုတော့.. မင်းအတွက် ငါ ခွင့်တစ်နှစ်ပေးရတောမှာပေါ..ဟူးးး.. "
ဆရာမရိုလင်းသည် အကူအညီမဲ့သွားဟန်ဖြင့် ဆိုလိုက်ရင်း အသက်ပြင်းလေး ခပ်ဖွဖွလေး ချလိုက်ကာ ခေါင်းကိုခါရင်း ဆိုလိုက်ချေသည်။ ရှောင်ယွင်က သူမ၏ တိုက်ကွက်ကို ခုခံနိုင်ပေမဲ့ လည်း ခွင့်ရက်အကြာကြီး မပေးချင်နေဆဲပါပဲ။
" ဟားဟား.. ဆရာမက ကူညီပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ် ဆရာမရိုလင်း.. "
ဆရာမရိုလင်၏ ခွင့်ပြုချက်ကို ရလိုက်သည့်အခါတွင် ရှောင်ယွင်သည် ကျိတ်ပြီး အသက်ပြင်းရှည် ချနိုင်တော့သည်။ မျက်နှာမှာလည်း ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။
" အင်း.. တခြားလူတွေက အကယ်ဒမီကျောင်းမှာပဲ အချိန်တွေ ကုန်ဆုံးချင်ကြတာ.. မင်းကတော့ ဘာလို့ ခွင့်ရက်အကြာကြီး ယူချင်နေရတာလဲ.. လူတွေကို ခေါင်းကိုက်အောင် မင်းလုပ်တတ်တယ်.. အကယ်ဒမီ ကျောင်းကို ပြန်ရောက်ရင် ငါတော့ မင်းခွင့်ယူတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အလုပ်ရှုပ်ဦးမှာပဲ.."
ပျော်ရွှင်နေသည့် ရှောင်ယွင်ကို ကြည့်ပြီး ဆရာမရိုလင်းက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
ရှောင်ယွင်က အားတောင့်အားနာဖြစ်သွားကာ ပြုံးလိုက်ပြီး စကား တစ်ခွန်းမှ မဟတော့ဘဲ အသံတိတ်နေလိုက်သည်။ ဒီလိုကိစ္စနှင့် ပတ်သတ်၍ နောက်ထပ်အများကြီးလည်း ထပ်မဆိုချင်တော့ပေ။
" ကောင်းပြီလေ.. ဒီနေ့ ကျောင်းသားအသစ်လက်ခံတာ နားလိုက်တော့မယ်.. နောက်ထပ် ခုနှစ်ရက်နေ့မှာ ကျောင်းသားအသစ် စာရင်းသွင်းတာ ပြန်စကြတာပေါ့ "
ရှောင်ယွင်က ရှင်းပြဖို့ ရည်ရွယ်ရင်း မရှိသည်ကို မြင်သည့်အခါ ဆရာမ ရိုလင်းက ခေါင်းကို ခါလိုက်ပြီးနောက် သူမ၏ ကျာပွတ်ရှည်ကို ပြန်သိမ်းလိုက်ရင်း ညင်သာစွာ ပြောလိုက်ခြင်း ဖြစ်သည်။
ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်မှာ သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးလည်း လုံးဝ ပေါ့ပါးသွားပြီး ဖြစ်သည်။ ဝူတန်မြို့မှာ လုပ်စရာာ ရှိသည်များကိုလည်း ဖြေရှင်းထားခဲ့ပြီးပြီ။ သူ့အတွက် ပြင်ဆင်ချိန် နှစ်ရက် သုံးရက်သာ လိုတော့သည်။ ပြီးလျှင် ရွဲ့လော်နှင့် အတူ လေ့ကျင့်ရေးခရီးကို စိတ်အေးအေးနှင့် ထွက်ခွာနိုင် တော့မည်။
" ဆရာမ.. ဝူတန်မြို့မှာ ရှိနေတုန်း.. သမီးတို့ ရှောင်ကလန်မှာ လာတည်းပါလား.. "
ဆရာမရိုလင်းကို ကြည့်နေသော ရှောင်ယုမှာ ဆရာမလှည့်ထွက်တော့မည်ကို မြင်လျှင် ကမန်းကတန်းဖြင့် အရှေ့ပြေး၍ လက်ကို ဆွဲကာ အပြုံးဖြင့် မေးလိုက်သည်။
" ရှောင်ကလန်မှာ တည်းဖို့.. ?? "
ဆရာမရိုလင်းသည် အနည်းငယ်အံ့သြသွားကာ မျက်မှောင်ကုတ်၍ တွန့်ဆုတ်စွာဖြင့် ပြန်မေးလိုက်သည်။
" ဝူတန်မြို့မှာလည်း ဂျားနန်အကယ်ဒမီကျောင်းအတွက် နေထိုင်ဖို့ နေရာကောင်းကောင်း ရှိပါတယ်.. ပြီးတော့ ရှောင်ကလန်အိမ်တော်ထဲ မှာ တည်းမယ်ဆိုတော့.. အနှောင့်အယှက်ပေးရာမကျဘူးလား.. "
" ဟားဟား.. ပြဿနာမရှိပါဘူး.. ဂျားနန်အကယ်ဒမီ ကျောင်းက ဆရာ တစ်ယောက်ကို ဖိတ်ခွင့်ရတာလည်း ကျွန်မတို့ ကလန်အတွက် ဂုဏ် ယူစရာပါပဲ.. ဆရာမရိုလင်းသာ ဧည့်သည်အဖြစ် လာနေမယ်ဆိုရင် ရှောင်မျိုးနွယ်အားလုံး ပိုပြီး ပျော်ရွှင်ကြမယ်လို့ ထင်မိပါတယ်.. "
ရှောင်ယွင် အရှေ့ကို တိုးလာနေရင်း ထိုစကားအား ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
ဒိုချီကုန်းမြေဒေသမှာ နာမည်ကြီးအကယ်ဒမီကျောင်း ဖြစ်သည်မို့ ဂျားမာအင်ပါယာမှာ ဂျားနန်အကယ်ဒမီ ကျောင်း၏ ဂုဏ်သတင်းက အထူးကျော်ကြားလှသည်။ ယင်းကျောင်း၏ အင်အားနှင့်စွမ်းရည်တို့ဖြင့် ယှဉ်ကြည့် လိုက်လျှင် ပထမတန်းလေလံအိမ်ကပင် အပြတ် အသတ် နိမ့်ကျနေမည်။
အလွန်တရာ အင်အားကြီးလွန်းလှသည်ဖြစ်၍ ဂျားနန် အကယ်ဒမီ ကျောင်းအနေဖြင့် ဝူတန်မြို့က ဘယ်အင်အားစုကိုမဆို မတူမတန်ဖြင့် အပေါ်စီးက ဆက်ဆံလေ့ရှိသည်။ ထိုသို့သော သဘောထားကြောင့် ဝူတန်မြို့ကို လာဖူးသော ကျောင်းသားအသစ် စုဆောင်းသည့် အဖွဲ့များသည် မည်သည့်အင်အားစု ကိုမဆို ခပ်ကင်းကင်းဖြင့် ဆက်ဆံ တတ်ကြသလို မည်သည့်ကလန်တွင်မှာ တည်းခိုဖို့ကို လက်ခံလေ့ မရှိကြပါဘူး။
ဒီလိုအကြောင်းများကြောင့် ဝူတန်မြို့တွင်ရှိ အင်အားစုများသည်လည်း သူတို့၏ အကန့်အသတ် ကိုလည်း သိထားခဲ့ရသည်။ ကွာဟချက်ကြီးမားတာ ကိုလည်း နားလည်ထားရသည်။ အင်အားကြီးသူက အင်အား နည်းသူကို စာနာတတ်ဖို့ကို မျှော်လင့်၍ ရနိုင်မည်လော။
ဒီလိုအတွေး ကိုယ်စီနှင့်မို့ ဝူတန်မြို့မှ အင်အားစုများ သည်လည်း တမင်တကာ စေတနာကို အရေးမစိုက် သည့်အဖြစ်မျိုး ရနိုင်သည့်အလုပ်မျိုး မလုပ်ကြတော့ သည်။ ထို့ကြောင့် ဂျားနန်အကယ်ဒမီကျောင်းမှ ကျောင်းသား အသစ် စုဆောင်းသည့် အဖွဲ့လာရောက် တိုင်း ခပ်ခွာခွာသာ နေပြီး အဝေးကနေသာ လေးစားသည့်သဘောထားသာ ပြသကြသည်။ သွားပြီး မစော်ကားကြသလို မျက်နှာပြောင်တိုက်ပြီး အတင်းမိတ်ဖွဲ့ခြင်းလည်း မလုပ်ကြပေ။
ဝူတန်မြို့တွင် ဆယ်နှစ်ကျော် နေထိုင်လာခဲ့ပြီးပြီမို့ ဂျားနန်အကယ်ဒမီ ကျောင်း၏ ကျောင်းသားအသစ် စုဆောင်ရေးအဖွဲ့က တစ်သီးတခြား နေတတ်မှန်းလည်း ရှောင်ယွင် ကောင်းကောင်းသိနေသည်။ တကယ်၍ ဆရာမရိုလင်းကိုသာ ရှောင်ကလန်ဆီကို ရောက်အောင် ခေါ်သွား နိုင်ခဲ့လျှင် ဝူတန်မြို့မှာ ပထမတန်းလေလံအိမ် ထက် နိမ့်ကျမည် မဟုတ်သော ဂုဏ်အရှိန်အဝါမျိုးကို ရှောင်ကလန်က မြှင့်တင်ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ဆရာမရိုလင်း၏ ထူးခြားသော ဂိုဏ်အရှိန်အဝါနှင့် တဖန် သူမက မျက်နှာသာပေးသည့် သဘောထားများ ပြသလိုက်မည်ဆိုလျှင် ထိုသို့ဆက်ဆံခံရသည့် အင်အားစုမှာ မည်မျှပင် သေးငယ်သည့် အင်အားစု ဖြစ်နေပါစေ ထိုကလန်မှာ နောက်တစ်နေ့တွင် အတောမသတ်နိုင်သော မိတ်ဖွဲ့လာသူများနှင့် ကြုံရပေလိမ့်မည်။
ဒီလိုပြောလိုက်ခြင်းက ပုံကြီးချဲ့ပြောသလို ဖြစ်နေသော်လည်း အားလုံးဟာ ထိုအတိုင်းပင် ဖြစ်သည်။ ပြီးနောက် ဆရာမရိုလင်းသည် အကယ်ဒမီ ကျောင်းဝင်ခွင့်အတွက် ဆုံးဖြတ်ချက်ချနိုင်သောအာဏာ ကို ရယူထားသူ ဖြစ်နေ၍ သူတို့၏ ကလေးများကို အကယ်ဒမီကျောင်း ပို့ချင်ကြသော မိဘများအနေဖြင့် ထိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမည် မဟုတ်။
ထို့ကြောင့် တကယ်၍ ဆရာမရိုလင်းက ရှောင်ယု၏ ဖိတ်ကြားချက်ကို လက်ပြီး ရှောင်ကလန်အိမ်တော်တွင် တည်းခိုနေလိုက်ပါက ဝူတန်မြို့ မှ မည်သည့်အင်အားစု မဆို ရှောင်ကလန်ကို ထိုအကြောင်းကြောင့် မျက်နှာသာ ပေးပြီး ဆက်ဆံကြပေလိမ့်မည်။ အနာကျတ်ဆေး ရောင်းချခြင်းမှ အကျိုးအမြတ်များစွာ ရရှိထားသည့် အပြင် ယခု ဆရာမရိုလင်း သာ ရှောင်ကလန်ကို အလေးပေးဆက်ဆံပုံပြသလိုက်မည်ဆိုပါက ရှောင်ကလန်၏ မကြာသေးမီက စီးပွားရေးကြီးထွား လာစဉ်က ဖြစ်ပွား ခဲ့သော ပြဿနာများအား လှလှပပဖြင့် နိဂုံးချုပ်နိုင်ပေတော့မည်။ ရက်သတ္တပတ် အနည်းငယ် တည်းခိုရုံဖြင့် ရှောင်ကလန်ကို အကျိုးအမြတ်များစွာ ဖြစ်ပွားစေနိုင်သည်ဖြစ်လေရာ ထို့ကြောင့် ရှောင်ယွင်ကပါ ဆရာမ ရိုလင်းအား ဖိတ်ခေါ်စကား ဝင်ပြောလိုက်သည်က အံသြစရာတော့ မဟုတ်ချေ။
ရှောင်ယု၏ ဖိတ်ခေါ်စကားကို ကြားလိုက်ရသည့်အချိန် မှာ ဆရာမရိုလင်းသည် သူမ၏ နီထွေးပြီး စွတ်စိုသော နှုတ်ခမ်းကို တင်းတင်း စေ့ထားမိသည်။ သူမ၏ အတွေ့အကြုံအရ ဝူတန်မြို့မှာ သူမ၏ ဂုဏ်အရှိန်အဝါ က သက်ရောက်မှုရှိတာကို သူမ ကောင်းကောင်း နားလည်ထားသည်။ ပုံမှန်အတိုင်းဆိုလျှင် အရင်နှစ်ကာလအချိန်က ဝူတန်မြို့ကို ရောက်ကျသည့် ကျောင်းသားအသစ်စုဆောင်းသည့် အဖွဲ့တိုင်း မြို့ထဲက ကလန်တစ်ခုခု၏ မည်သည့်ဖိတ်ကြားခြင်းကမဆို ငြင်းပယ်မြဲပင်။
သို့ပေမဲ့ ရှောင်ယွင်ကိုယ်တိုင်ကပါ ဖိတ်ခေါ်နေလေရာ ဆရာမရိုလင်း သည် ငြင်းပယ်ဖို့ကို အခက်ကြုံသွား ရတော့သည်။ ဂျားနန်အကယ်ဒမီ ကျောင်းသမိုင်းတွင် နှစ်တစ်ရာအတွင်း ကြောက်စရာအကောင်းဆုံး အလားလာရှိသော ကျောင်းသားဖြစ်၍ သူ့၏ စကား ကိုလည်း သူမ ပေါ့ပေါ့တန်တန် သဘောထား၍ မရချေ။ ရှောင်ယွင်လို ကျောင်းသား မျိုးကို သူမအနေဖြင့် နောက်ထပ်တစ်ယောက် ရှာတွေ့ဖို့က ခဲယဉ်းလှသည်။
ဆရာမရိုလင်းသည် မျက်မှောင်ကြုတ်စဉ်းစားနေရင်း သူမကိုယ် သူမ တီးတိုးဆိုနေပြီးနောက် နောက်ဆုံးတွင် တော့ သူမ ခေါင်းကို ညိတ်လိုက်ကာ ပြုံးပြီးဆိုလိုက်၏။
" အင်း.. ကောင်းပြီလေ.. ဒါဆို ဒီရက်ပိုင်းမှာ ရှောင်ကလန်မှာပဲ အပြုအစု သွားခံရတာပေါ့.. "
ဆရာမရိုလင်း ခေါင်းညိတ်တာကို မြင်သည်နှင့် ရှောင်ယုမှာ မျက်နှာက ချက်ချင်း ဝင်းပသွားပြီ ဆရာမရိုလင်း၏ နူးညံ့ညင်သာသော ခါးကို ပွေ့ဖက်လိုက်တော့သည်။
ဆရာမရိုလင်းက ရှောင်ယုခေါင်းကို ချစ်စနိုးဖြင့် ပုတ်ပေးလိုက်ရင်း လိုဘူဘက်ကို ခေါင်းလှည့်ပြီး ညွန်ကြားပေးလိုက်သည်။
" လိုဘူ.. ကီလာနဲ့ တခြားသူတွေကို ခေါ်ပြီး ကျောင်းသားလက်ခံတဲ့ နေရာဆီကို ပြန်သွားလိုက်တော့.. မနက်ဖြန်ကျရင် ငါတို့ ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်မယ်.. မှတ်ထားနော်.. ဘာပြဿနာမှ မဖြစ်ရဘူးနော်.. "
" ဟုတ်.. "
မျက်နှာက မသာမယာဖြင့် လိုဘူက ခေါင်းကို ညိတ်လိုက်သည်။ ထို့နောက် ချစ်ခင်စွာ စနောက်ရင်း တွန်းတွန်းတိုက်တိုက်ဖြင့် ထွက်ခွာသွားကြသော မိန်းမပျိုတသိုက်၏ နောက်ကျောအား ငေးကြည့်ရင်း လိုဘူမှာ စိတ်အားလျော့စွာဖြင့် ခေါင်းကို ခါယမ်း နေမိသည်။ ရှောင်ယုဆီက ဖိတ်ကြားခြင်းကိုလည်း မခံရ၍ ဘယ်သူမှ မျက်နှာပြောင်တိုက်ပြီး အတင်းမလိုက် သွားရဲကြချေ။ ထို့ကြောင့် ကျောင်းသားအုပ်စုတို့သည် စိတ်မချမ်းမြေ့စွာဖြင့် သိမ်းဆည်း ထုပ်ပိုးလိုက်ပြီး အလှပျိုလေးတွေ အဖော်မပါဘဲ လေးတိလေးကန်ဖြင့် ကွင်းပြင်ပဆီသို့ ဦးတည် ထွက်ခွာသွားတော့သည်။
=========
တော်တော်ရှည်လွန်းတဲ့အပိုင်း။ ပုံမှန် အပိုင်းရဲ့ နှစ်ဆခွဲ ရှိပါတယ်။
No comments:
Post a Comment