အပိုင်း ( ၉၉ ) - ခြိမ်းခြောက်သည်။
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ရှောင်ယွင် လှမ်းထွက်လာသည်ကို မြင်သည့်အခါ ကီလားက အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ထိုကဲ့သို့ ကျောင်းသားသစ် များစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် တစ်ယောက်မှ အဆုံးသတ် မကောင်းခဲ့ကြချေ။ ကျောင်းသားသစ်စုဆောင်းခြင်းကာလအတွင်း ကျောင်းသားသစ်တို့ကို အပိုးကျိုးအောင် လုပ်ကြသည်မှာ ဂျားနန် အကယ်ဒမီကျောင်း၏ တရားမဝင် အလေ့အထတစ်ခု ဖြစ်လေသည်။ စုဆောင်းခြင်းမှာပါဝင်ခဲ့ရသော သူတိုသည် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ကျောင်းသားသစ်တွေက သူတို့အိမ်မှာ ပိုးမွေးသလို အလိုလိုက်ခြင်းလည်း ခံရမည်။ လှော်ပြောင်ခြင်း ရန်စခြင်းတို့ကိုလည်း ကြုံတွေ့ဖို့က ခဲယဉ်းလှမည်။ ထိုကဲ့သို့ အခြေအနေမျိုးဖြင့် ဂျားနန်အကယ်ဒမီကျောင်းကိုသာ ရောက်သွားခဲ့လျှင် ရန်ပွဲ ခဏခဏ ကြုံနေရပေလိမ့်မည်။ နောက်ဆုံးတွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်ပင် ကျောင်းသားသစ် စုဆောင်းသည့် အချိန်တွင် ကျောင်းသာသစ်များအား သူတို့၏ စွမ်းရည်အရည်အချင်း ကို ပြသပြီး အပိုးကျိုးအောင် လုပ်ဖို့က အရေးကြီးဆုံး ဖြစ်လေသည်။
ထိုကဲ့သို့ တရားမဝင် စည်းမျဉ်းမျိုးနှင့် ကြုံတွေ့ရသော်လည်း ဂျားနန် အကယ်ဒမီကျောင်းမှ ဆရာများ ကိုယ်တိုင် ကန့်ကွက်ခြင်း မပြုခဲ့ကြ ပါဘူး။ ထို့ကြောင့်မို့ ယင်အလေ့အထက မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာကြသည်။
လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး အားပျော့လှသော ဒိုချီစွမ်းအင် လှည့်ပတ်ခိုင်းနေရင်း ကီလား အေးစက်စွာ ပြုံးနေဆဲပါ။ သူ ပထမဆုံး ဂျားနန်အကယ်ဒမီကျောင်းကို ရောက်စဉ်က သူ့အရည်အချင်းနှင့် သူ ဝင့်ကြွားနေခဲ့သေးသည်။ သို့သော် ဒိုကျဲအဆင့် ကြယ်နှစ်လုံးသမား စီနီယာတစ်ယောက်က လက်သီးတစ်လုံးကိုသာ အသုံးပြုလိုက်ပြီး နောက်မှာတော့ သူ အသိတရားရသွားပြီး နေပူပူအောက်မှာ နာရီဝက် ရပ်ခဲ့ရသည်။
ယခုကဲ့သို့ အနိုင်ကျင့်ခြင်း ခံခဲ့ရ၍ ကျောင်းသားသစ် မြင်ရင်လည်း အပိုးကျိုးအောင် လုပ်ချင်စိတ်က သူ့ရင်ထဲမှာ ကြီးထွားလာခဲ့သည်။
အားလုံးက ကြည့်နေဆဲမှာပဲ. လူငယ်ဟာ ကီလားအရှေ့တွင် ရပ်တန့် သွားသည်။
" ယုအာ.. နင် သူ့ကို မတားဘူးလား.. နေပူအောက် ရပ်ရတာက ဒီလိုအရိုက်ခံရတာထက် ပိုသက်သာတယ်.. "
ကီလား၏ ကောက်ကျစ်သော အပြုံးကို မြင်သည့်အခါ ရှောင်ယု ဘေးနားက မိန်းကလေးများသည် သူမကို အပြစ်တင်တိုက်တွန်း ကြတော့သည်။
ရှောင်ယုဘေးနားတွင် ရပ်နေသော ရွှယ်နီသည် ရှောင်ယုပြောခဲ့တာကို ပြန်အမှတ်ရလိုက်သည်။ ထို့နောက် ပြုံးယောင်ယောင် ဖြစ်နေသော လူငယ်ကို စူးစိုက်စွာ ကြည့်နေလိုက်သည်။ ရှောင်ယု ပြောသွားသည် က မှန်သလားဆိုတာကိုပါ သူမ သိချင်မိသည်။
ရွှယ်နီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမရင်ဘက်ပေါ်တွင် လက်ကို ဖိထားရသည်။ မျှော်လင့်စောင့်စားခြင်းက သူမ၏ မျက်ဝန်းတွင် တောက်ပနေသည်။
သူမ၏ မျက်နှာပေါ်တွင် နီမြန်းနေတာ လျော့သွားသည့်အခါ ရှောင်ယု သည် ပိုပိုပြီး လှပလာသလို ဖြစ်သွားသည်။ သူမ၏ နဖူးပြင်ပေါ်မှာ ကျဝဲနေသော ဆံပင်အား ဘေးဘက် ဖယ်လိုက်သည်။ ရှောင်ယွင်၏ နောက်ကျောပြင်ကို ငေးကြည့်ပြီ သူမက စိတ်ပေါ့ပါးစွာ တိုးတိုးလေး ပြောလိုက်သည်။
" ဘယ်သူက အရိုက်ခံထိမလဲဆိုတာ ပြောဖို့က ခက်တယ်.. "
ရွက်ဖျင်တဲအနားမှာ လူနှစ်ယောက်က တိုက်ခိုက်ဖို့ ဟန်ပြင်နေသည် ကို မြင်သည့်အခါ နေပူအောက်တွင် ထိုင်နေရသော ကျောင်းသား အသစ် နှစ်ဆယ်ကျော်တို့သည် သူတို့ဆီကို အကြည့်ရောက်လာ ကြသည်။ သူတို့လည်း နေပူထဲ မထိုင်ချင်၍ ငြင်းဆန်ခဲ့ကြပါသေး သည်။ သို့သော် ပိုပြီး သန်မာသော စီနီယာတွေကြောင့် လွယ်လွယ်ကူကူပဲ ရှုံးနိမ့်ခဲ့ရသည်။ ယခုလည်း ထိုစီနီယာနှင့် ထပ်ပြီး ယှဉ်ပြိုင်လာသော တစ်ယောက်ကို မြင်သည့်အခါ စိတ်မကောင်းလည်း ဖြစ်သွားကြကာ ဘယ်လို အရှက်ရသွားမည်ကိုလည်း အကဲခတ်စောင့် ကြည့်နေကြတော့သည်။
" အဆင်သင့် ဖြစ်ပြီးလား.. "
အားလုံးကလည်း အာရုံစိုက် ကြည့်နေကြသည်မို့ ကီးလာ၏ အပြုံးက ပိုပိုပြီး တောက်ပဝင့်ကြွားလာသည်။ သူ့၏ သေးငယ်ကျဉ်းမြောင်းသော မျက်လုံးက ရှောင်ယွင်ကို ကြည့်ပြီး ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
" စလိုက်တော့.. "
ရှောင်ယွင်က ပေါ့ပေါ့ပါးပါးပဲ မေးဆတ်ပြလိုက်ပြီး စဖို့ ပြောလိုက်သည့်အခါ အားလုံးက ကြောင်အသွားသည်။
" ဟီဟီ.. ကောင်လေး.. မင်းရဲ့ စိတ်ဓာတ်က မဆိုးဘူးကွ.. "
အေးဆေးတည်ငြိမ်သော ရှောင်ယွင်ကို မြင်သည့်အခါ ကီလားသည် အနည်းငယ်တော့ အံ့သြသွားသည်။ ချက်ချင်းပင် ရင်ထဲကနေ ဒေါသအား ခံစားလိုက်ရသည်။
အသက်ကို ဖြည်းဖြည်းပဲ မှုတ်ထုတ်လိုက်သည်.. နောက်ထပ် အပိုစကားလည်း ထပ်မပြောတော့ချေ။ ဒေါသထွက်နေသော ကီလား၏ မျက်နှာကိုသာ ပျင်းရိစွာပဲ ငေးကြည့်နေလိုက်သည်။
" အရမ်းကောင်းတယ်.. "
ရန်သူ၏ တည်ငြိမ်ခြင်းက ကီလား၏ မာနကို ထိခိုက်စေသည်။ အေးစက်စက်အပြုံဖြင့် တဟုန်ထိုး ပြေးထွက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လာခဲ့သည်။ ဒိုချီစွမ်းအင်တွေကလည်း လက်သီးမှာ တောက်ပစွာ ရစ်ပတ်ဖွဲ့လာခဲ့သည်။ ချက်ချင်းပင် ထိုလက်သီးသည် လေခွင်းသံနှင့်အတူ ရှောင်ယွင်၏ ခေါင်းဆီကို တရစပ် ထိုးချလိုက်သည်။
ကီလား၏ ကျောင်းသာအသစ်ပေါ် အင်အားကြီးစွာ ထုတ်သုံးလိုက် သည်ကို ကြည့်ြုပီး ပွဲကြည့်ပရိသတ်တို့သည် မျက်နှာပျက်သွားကြ သည်။
မျက်လွှာလေးကို အေးအေးစွာ ဖွင့်ပြီး သူ့ဆီကို ဝင်လာနေသော လက်သီးကို ကြည့်ပြီး ရှောင်ယွင် သူ့ခေါင်းကို ခါလိုက်သည်။ ထို့နောက် သူ့လက်ဝါးကို မြှောက်ပြီး တိုးဝင်လာသော လက်သီး
ကို ဖမ်းကာလိုက်ပြီး ကီလာ၏ လက်သီးကို ရပ်တန့်ပစ်လိုက်သည်။
လက်သီးအား ဖမ်းကိုင်လိုက်သော်လည်း သူ့လက်ဝါးပြင်အား တစ်စက်ကလေးမှပင် မရွှေ့သွားစေချေ။ လက်သီးမှာ ကြီးမားသော စွမ်းအင်များနှင့် ခွန်းအားတွေများ ပါဝင်သော်လည်း လေထဲ ထိုးလိုက်ရသလို ဖြစ်နေသည်။ နည်းနည်းလေးပင် သက်ရောက်မှု မရှိလိုက်ခဲ့၏
" အမြန်နှုန်း..နှေးတယ်. ခွန်အား .. အရမ်းအားနည်းတယ်.. မင်းက ဂျားနန်အကယ်ဒမီကျောင်းက ကျောင်းသားဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား.. "
ရှောင်ယွင်မှာ ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
ရှောင်ယွင်၏ လှောင်ပြောင်လိုက်သော စကားကို ကြားသည့်အခါ လူအားလုံးတို့မှာ အံ့အားသင့်ပြီး မှင်တက်သွားသည် အားလုံးကလည်း လက်သီးကို လက်ဝါးက ဆုပ်ကိုင်ထားသည်ကို ကြည့်ပြီး ကြက်သေသေသွားခဲ့သည်။ ကျောင်းသားအသစ်တစ်ယောက်က ဒိုကျဲအဆင့် ကြယ်တစ်လုံးသမား၏ လက်သီးကို အလွယ်တကူ ဖမ်းလိုက်နိုင်သည်ကို တွေးကြည့်ဖို့ရန်ပင် ခက်ခဲလှသည်။
မူလပြုံးနေသော လိုဘူ၏ မျက်နှာသည် ထိုမြင်ကွင်းအား ကြည့်ရင်း တဖြည်းဖြည်း မျက်နှာက မည်းမှောင်လာသည်။ ပြုံးသယောင် ရှိနေသော လူငယ်အား ကြည့်နေရင်း သူ့အကြည့်က အေးစက်လာခဲ့ သည်။ ကြည့်ရသည်က သူအမှားလုပ်ခဲ့မိပြီး.. ဒီလိုမှန်းသိရင် ပိုပြီး သန်မာသည့်တစ်ယောက်ကို လွှတ်လိုက်မှာ ဖြစ်သည်။
" မင်း.. သေချင်နေပြီးလား.. "
လူပုံအလယ်မှာ လှောင်ပြောင်ခြင်းခံရ၍ ကီလား၏ မျက်နှာက လုံးဝ နီရဲသွားပြီး အော်ဟစ်လိုက်သည်။ သူ့ညာခြေထောက်က ရှောင်ယွင်၏ ဝမ်းဗိုက်သားကို လှမ်းကန်လိုကသည်။
အေးဆေးနေသေးသော မျက်နှာထားဖြင့် ရှောင်ယွင်သည် မသုံးရသေး သော ဘယ်လက်ဖြင့် ကီလား၏ ညာခြေထောက်က ခြေချင်းဝတ်ကို လှမ်းထိုးလိုက်သည်။ ချက်ချင်းပဲ ဒဏ်ရာတစ်ခုက ဖြစ်ပေါ်သွားသည်။
" အား.."
ခြေချင်းဝတ်တွင် မပြောပြတတ်လောက်အောင် နာကျင်သွား၍ ကီလားမှာ အသက်ကို အငမ်းမရ ရှုလိုက်ရသည်။ သူ့မျက်နှာက ဒေါက ကလည်း ပိုပိုပြီး ပြင်းထန်လာသည်။ အနောက်ကို ခပ်မြန်မြန် ဆုတ်လိုက်ပြီးနောက် ရှောင်ယွင် လက်ဝါးကနေ ရုန်းထုတ်လိုက်သည်။ ခြေထောက်ကို မြေပေါ်ကန်ပြီး လေထဲ ခုန်တက်လိုက်သည်။ လေထဲ တစ်ပတ်လည်သွားပြီးနောက် အစိမ်းဖျော့ဖျော့ ဒိုချီစွမ်းအင်က ညာခြေထောက်တွင် ထွက်ပေါ်လာသည်။ လေဓားတစ်ချောင်းလို စိတ်ကူးယဉ်အလင်းများက ညာခြေထောက်ကို အပြည့်အဝ ဖုံးအုပ်သွားပြီး ရှောင်ယွင်၏ ငယ်ထိပ်ဆီကို ဖြတ်ကန်လိုက်သည်။
" ရှက်မရှိလိုက်တာ.. လေအလင်းအသွား သိုင်းကိုတောင် သုံးလိုက်တယ်.. ဒါက အဆင့်မြင့် ဟွာင်းသိုင်းတစ်ခုပဲ .. ဒီကောင်က တကယ့်ကို အရှက်မရှိတာပဲ.. "
ကီလား ခြေထောက်မှာ ဖြစ်ပေါ်နေသော အဖြူရောင်ဓားအသွား ကို ကြည့်ပြီ မိန်းကလေးကျောင်းသူတွေက စိတ်ဆိုးဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ကီလာ၏ သိုင်းကွက်ကို ကြည့်ပြီး ရှောင်ယွင် တစ်ချက်တော့ မျက်မှောင်ကြုတ်လိုက်သည်။ မကြာခင်မှာပဲ အေးဆေး ပြန်ဖြစ်သွား သည်။ ဂျားလီယောင်လို လူမျိုးက အဆင့်မြင့် ရွှင်းအဆင့်သိုင်းကို ထုတ်သုံးပြီ တိုက်ခိုက်လိုက်တာတောင်မှ ရှောင်ယွင်က ပြန်ပြီ သူ့လက်ကို ကျိုးသွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်လား။ ဒိုကျဲအဆင့် ကြယ်တစ်လုံးတည်းနှင့် ရှောင်ယွင်ကို ဒဏ်ရာရအောင် မလုပ်နိုင်ဟု သူမ ယုံကြည်လိုက်သည်။
ရှောင်ယွင် သူ့ခေါင်းကို မော့ကြည့်လိုက်သည့်အခါ တိုးဝင်လာသော စူးရှသည့် လေပြင်းက ရှောင်ယွင် မျက်နှာကို အနည်းငယ် တုန်ခါသွားစေသည်။ ရှောင်ယွင်က လက်ဝါးပြင်ကို ထုတ်ပြီး လေထဲနေ ထိုးဆင်းလာသော ကီလားကို ထိုးချိန်လိုက်သည်။
" သွားစမ်း.. "
ရှောင်ယွင်က အော်ဟစ်လိုက်သည်။
အော်သံ ပြီးသည်နှင့် ပြင်းထန်ပြီး ပုံဏ္ဍာန်ကင်းမဲ့သော အားတစ်ခုက ရှောင်ယွင် လက်ဝါးပြင်ကနေ ထိုးထွက်သွားသည်။ ကျဆင်းလာသော ကီလား၏ ရင်ဘက်ဆီသို အညှာတာမဲ့စွာ သက်ရောက်သွားသည်။
" ဘုန်း.. "
သူ့ရင်ဘက်ကို အမည်မဖော်ပြနိုင်သော အလေးတစ်ခု ရိုက်ခတ်လိုက်သလို ခံစားလိုက်ရသည်။ ကီလား၏ အေးစက်နေသော မျက်နှာသည် ချက်ချင်းပဲ ဖြူဖျော့သွားသည်။ သူ့ခန္ဓာကိုယ်သည်လည်း အနောက်သို့ ပြန်လန်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ချလိုက်သည်။
" ဘုန်း "
သူ့ခန္ဓာကိုယ်သည် အနောက်သို့ ဆယ်မီလောက် လွှင့်စင်သွားပြီး နေပူအောက်မှာ မီးဖုတ်ထားသလို ဖြစ်နေသော ကျောက်တုံးတစ်တုံးအပေါ်ကို ပြင်းထန်စွာ ကျသွားခဲ့သည်။ ကီလား၏ ခန္ဓာကိုယ်သည် တွန့်လိမ်သွားသလို အရှေ့က လက်ဝါးကို ဆန့်ထုတ်ထားသော လူငယ်ကိုလည်း ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
သူ့ရင်ဘက်က နာကျင်စွာဖြင့် အမြင်အာရုံက မှောင်မိုက်လာကာ နောက်ဆုံး မူးမေ့သွားတော့သည်။
ကီလား၏ တိုက်ခိုက်မှု စတင်လိုက်သည့်အချိန်နှင့် အနောက်သို့ ပြန်လွှင့်စင်သွားသည့် အချိန်က ဆယ်စက္ကန့်လောက်သာ ရှိသည်။
အချိန်တိုအတွင်း ပွဲမြန်မြန် ပြီးပြတ်သွား၍ ပရိသတ် နှစ်ဖွဲ့စလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
နေပူအောက်တွင် ကျောင်းသားသစ်များသည် သူတို့အနားထိ ပြုတ်ကျလာသော ကီလားအား ငေးကြောင် ကြည့်မိကြသည်။ ထို့နောက် ရွက်ဖျင်တဲ အရိပ်တွင် ရပ်နေသော လူငယ်ကို တဖန် ပြန်ကြည့်လိုက်သည်။ အသစ်ဝင်လာတဲ့သူက ကျောင်းသားဟောင်းတစ်ယောက်ကို အနိုင်ယူလိုက်သည် မြင်ရသည်က သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ပြီးတော့ ထိုကျောင်းသားအသစ်ကလည်း သူတို့ထက် အသက်ငယ်ပုံရသည်။
ကျောင်းသားအသစ်ထဲမှာ ချောမောလှပသည့် ကောင်မလေးတို့ဟာ တည်ငြိမ်သော မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထာသော လူငယ်လေးကို စိတ်အားထက်သန်စွာ ငေးကြည့်မိကြသည်။ သူတို့၏ အကြည့်တွေမှာ လေးစားကြည်ညိုခြင်းများ ပြည့်နှက်လာသည်။ မသင့်တော်သည့် ပတ်ဝန်းကျင့် အခြေအနေ ဖြစ်နေ၍သာ.. သို့မဟုတ်ပါက တစ်ကြိမ် နှစ်ကြိမ်လောက်ကို အသံကုန် အော်ဟစ်မိမှာ သေချာသည်။
" တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ စွမ်းရည်တစ်ခုပဲ "
ရှောင်ယွင်ကို ငေးကြည့်နေသော ရွှယ်နီသည် အံသြစွာဖြင့် မှတ်ချက်ချလိုက်ပြီး ခေါင်းခါနေလျက် ရှိသည်။ သူမမြင်တွေ့လိုက်ရသော ရှောင်ယွင် ခွန်အားနှင့် စွမ်းအားတို့မှာ ရှောင်ယုပြောထားသည့်အတိုင်း ဟုတ်မှန်နေ၏
" ယု.. ယုအာ.. အဲဒီကောင်လေးက ဘယ်..ဘယ်အဆင့်ထိ ရောက်နေပြီးလဲ.. သူ့အဆင့်က ဒိုကျဲအဆင့်ကိုတောင် ရောက်နေပြီးမလား.. ?? "
ရှောင်ယွင်ကို ကျောက်ရုပ်လို ငေးကြည့်နေပြီးမှ မိန်းကလေးများဟာ ရှောင်ယုကို အထစ်ထစ်အငေါ့ငေါ့ ဖြင့် မေးလိုက်ကြသည်။
ဟာသပဲ ဒိုကျဲအဆင့် ကြယ်တစ်လုံးကိုတောင် လွယ်လင့်တကူ အနိုင်ယူခဲ့ပြီးမှတော့ သူ့ရဲ့ ခွန်အားက ဒီမှာ ရှိတဲ့ လူတွေအများစုထက် သာလွန်နေပြီး မဟုတ်လား
ရှောင်ယုသည် ချိုသာစွာ ပြုံးလိုက်ရင်း တိုက်ခိုက်သည့် နေရာတွင် မတ်တတ်ရပ်နေသော လူငယ်ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။ သူမ၏ မျက်ဝန်းမှာ အမျိုးအမည် မသိရသော အလင်းတစ်ခု တောက်ပသွားသည်။ ခဏအကြာတွင် သူမသည် ရှောင်ယွင် အပြုအမူကို အတုခိုးကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးရွှင်စွာ စကားပြောသည်။
" ငါနဲ့ တိုက်ခိုက်မယ်ဆိုရင် ငါလည်း မနိုင်တဲ့ဟာကို နင်တို့က သူကို ဒိုကျဲအဆင့် ရောက်ပြီးလား လို့ မေးနေတုန်းပဲ "
" ကျွတ်.. ကျွတ်.. အသက်ငယ်ငယ်လေးနဲ့ ဒိုကျဲအဆင့်ရောက်နေပြီး.. ဒီလိုမျိုးက ဂျားနန်အကယ်ဒမီကျောင်းမှာတောင် ထိပ်သီးအရည်အချင်းရှိသူလို့ သတ်မှတ်မှာပဲ.. ဟားဟား ယုအာ... ကြည့်ရတာ နင့်မှာ အရသာကောင်းကောင်း ရှိနေပြီးပေါ့.. ဒါပေမဲ့ သူက နင့်ဝမ်းကွဲမောင်လေး မဟုတ်လား.. ဘာဖြစ်လို့ ငါတို့ကို မမျှဝေချင်ရတာလဲ "
လှပတဲ့ မိန်းကလေးများဟာ ရှောင်ယုကို ရယ်မောရင်း စနောက်လိုက်ကြသည်။
" သွားစမ်းပါ.. မြေခွေးမတွေရဲ့ "
မျက်နှာက နီရဲစွာဖြင့် ရှောင်ယုသည် ထိုမိန်းကလေးတို့အား မောင်းထုတ်လိုက်သည်၊
သို့သော် သူမရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ တိုးတိုးလေးတော့ ပြောနေမိသည်။
" ငါပြောပြီးသားပါ.. သူနဲ့ ငါနဲ့ ဘာမှ သွေးမတော်စပ်ဘူးဆိုတာ.. "
ရုတ်တရက် သူမ နှလုံးသားက ဖြစ်ပေါ်လာသော ခံစားချက်ကြောင့် သူမ၏ နားရွက်ထိပ်က ရှိန်းတိန်းတိန်း ဖြစ်သွားစေခဲ့သည်။ ချက်ချင်းပဲ သူမကိုယ် သူမ အပြစ်တင်လိုက်ရင်း ခံစားချက်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ အတွေးရိုင်းများ မတွေးမိစေရန် ထိန်းချုပ်လိုက်ရသည်။
ရှောင်ယုတို့ဘက်ခြမ်းက ရယ်မောသံတွေ သောသောညံသလောက် တဖက်က လိုဘူ၏ မျက်နှာသည်လည်း တဖြည်းဖြည်း မည်းမှောင်လာနေသည်။ နှုတ်ခမ်းထောင့်က တွန့်ကွေးလျက် ရှောင်ယွင်အား အေးစက်စွာ စိုက်ကြည့်နေလိုက်၏
" နေပူထဲ သွားဖို့ လိုသေးလား "
ရှောင်ယွင်သည် အင်္ကျီလက်က အေးဆေးစွာ ဆွဲဆန့်လိုက်ပြီး လိုဘူကို ကြည့်လိုက်ရင်း ခပ်ပြုံးပြုံးလေး မေးလိုက်သည်။
" ဟားဟား.. မင်းမှာ လျှို့ဝှက်လက်နက်တွေ ဖွက်ထားတာပဲ.. "
မျက်နှာက အေးစက်မှုကို သိုဝှက်လိုက်ပြီး လိုဘူးက တောက်ပသော အပြုံးဖြင့် ပြန်ပြုံးလိုက်သည်။ အရှေ့ကို လျှောက်လှမ်းလာပြီး ရှောင်ယွင်၏ ပခုံးကို သူငယ်ချင်းတစ်ယောက်လို ပုတ်လိုက်ပြီး အေးစက်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
" ကောင်လေး.. မင်း အရမ်းကို မရိုင်းစိုင်းရင် ပိုကောင်းမယ်.. မင်းမှာ အရည်အချင်းရှိတာက မှန်ပေမဲ့ ဂျားနန်အကယ်ဒမီကျောင်းမှာ မင်းထက် ပိုတော်တဲ့ သူတွေ အများကြီးပဲ.. မင်းရဲ့ စိတ်ဓာတ်နဲ့ဆိုရင် ဂျားနန်အကယ်ဒမီကျောင်းမှာ အခြေအနေဆိုးတွေ ကြုံ့တွေ့ရလိမ့်မယ် "
" သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. "
ရှောင်ယွင် ခေါင်းကို ပြုံးရင်း ညိတ်လိုက်သည်။
" ဒါပေမဲ့ ခင်ဗျားမှာ အဲလို အရည်အချင်းမရှိတာ ကျွန်တော်သိပါတယ် "
ရှောင်ယွင်က အရူးတစ်ယောက် မဟုတ်၍ လိုဘူက သူ့ကို ဘယ်လိုသဘောထားသည်ဆိုတာကို ကောင်းကောင်း သိသည်။ အကယ်၍ သူတို့နှစ်ယောက် တိုက်ခိုက်မည်ဆိုရင်တောင် လိုဘူ ကို သူမကြောက်ပါဘူး။
လိုဘူ၏ သူ့အပေါ် ရန်လိုမှုက နားလည်မှုလွဲခြင်းမှ ဖြစ်ပေါ်လာသည်ကို သိသော်လည်း ရှောင်ယွင်မှာ ရှင်းပြချင်စိတ် မရှိချေ။
ပြီးတော့ ရှောင်ယုသည် သူနှင့် နေ့တိုင်း ရန်ဖြစ်နေရသူ ဖြစ်သော်လည်း မျက်နှာဖုံးနှစ်ခုနှင့် ကြောင်သူတော်၏ အနှောင့်အယှက်ကို သူမအား ပေးမခံစားချင်ခဲ့သည်။
ရှောင်ယွင်၏ မယဉ်ကျေးသည့် စကားကြောင့် လိုဘူး၏ ပြံးရွှင်နေသည့် မျက်နှာမှာ ပြန်လည်ကာ အေးစက်သွားသည်။ ရှောင်ယွင်ကို စိုက်ကြည့်လိုက်ပြီး မျက်နှာက ပျက်နေသည်။ အေးစက်သည့် အရိပ်အယောင် ထွက်ပေါ်နေသော သူ့မျက်လုံးတွင် ရှောင်ယွင်အား အပိုင်းပိုင်းအထစ်ထစ် ခုတ်ပိုင်းချင်သည့် အငွေ့အသက်ကို ခံစားရသည်။
ရှောင်ယွင်က ထိုအကြည့်အား လျစ်လျူရှုလိုက်သည်။ငယ်ရွယ်ချောမောသည့် သူ့မျက်နှာပေါ်က အးဆေးတည်ငြိမ်သော အပြုံးသည် လိုဘူမျက်နှာက အပြုံးထက် တစ်ဖက်သားအား ပိုပြီး နှစ်လိုဖွယ် ဖြစ်စေသည်။
" ဘဝင်ကြီးတဲ့ ကောင်လေး.. မင်း ဂျားနန်အကယ်ဒမီကျောင်းကို တက်တဲ့အခါကျရင် မင်းရဲ့ စီနီယာတစ်ယောက်အနေနဲ့ ငါမင်းကို ကောင်းကောင်း ဂရုစိုက်ပေးရမှာပေါ့.. "
လိုဘူက အံကိုကြိတ်ပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
ရှောင်ယွင်က မျက်နှာကို ပွတ်သတ်ရင်း အသံတိုးဖြင့် ပြန်ပြောလိုက်သည်။
" တခြားဟာတွေ မသိဘူး.. ဒါပေမဲ့ ဒီလိုပဲ လုပ်နေမယ်ဆိုရင် ဝူတန်မြို့ကနေတောင် ခင်ဗျားထွက်သွားလို့ မရဘူးဆိုတာ ယုံထားလိုက်ပါ.. "
လိုဘူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသလို နှုတ်ခမ်းထောင့်ကလည်း တွန့်ကွေးသွားပြီး ရှောင်ယွင်ကို စိုက်ကြည့်လိုက်သည်။ ရှောင်ယွင်၏ မျက်ဝန်းနက်နက်တွင် နက်ရှိုင်းသော စူးရဲခြင်းကို တွေ့ရသည်။
လိုဘူး၏ ခန္ဓာကိုယ်သည် တချက်တုန်ခါသွားသည်။ ထိုကဲ့သို့ အေးစက်နက်မှောင်သော မျက်ဝန်းအားကြည့်လိုက်တိုင်း လိုဘူသည် ကြောက်လန့်ဖွယ် အေးစိမ့်ခြင်းအား ခံစားရသည်။ သူ့၏ နောက်ဆုံးတာဝန်ယူခဲ့စဉ်က ရင်ဆိုင်ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေနှင့် ကြုံစဉ်က ခံစားခဲ့ရသော ခံစာချက်မျိုးနှင့် ထပ်တူညီသည့် ခံစားချက်ကို ရှောင်ယွင်၏ မျက်လုံးကနေ သူ ခံစားလိုက်ရသည်။
လိုဘူးသည် တံတွေးအား ခက်ခဲသွာ မျိုချလိုက်သည်။ သူ့ပါးစပ်က ထွက်ကျတော့မည့် ရန်စကားတို့ကိုလည်း ပြန်မျိုချလိုက်ရသည်။
" ကောင်းတယ်ကွာ "
လိုဘူ သည် အသက်ရှုထုတ်လိုက်ပြီး သူခံစားနေရသော အေးစက်သည့် ခံစားချက်အား ဖြေလျော့လိုက်သည်။ အံကို ကြိတ်လိုက်ပြီးနောက် ခေါင်းကို ညိတ်လိုက်သည်။ ပြီးတော့ သူ ဆုံးဖြတ်ချက်တစ်ခုလည်း ချလိုက်သည်။ ထိုကောင်လေးနှင့် ရင်းနှီးအောင် လုပ်ပြီး အတူတူလေ့ကျင့်လိုသည့် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
ထို့အတူပင် ရှောင်ယွင်သည်လည်း လိုဘူအား ကြည့်ရင်း အနာဂတ်မှာ ဘေးအန္တရာယ်ဖြစ်လာမည့်အရေးကို ရှောင်ရှားဖို့အတွက် လိုဘူးအား ဝူတန်မြို့မှ အပျောက်ရှင်းနိုင်မည့် အခွင့်အရေးကို ရှာဖွေဖို့ စဉ်းစားနေချိန်တွင် တဲအတွင်းကနေ အမျိုးသမီးတစ်ယောက်၏ စကားသံက ထွက်ပေါ်လာခဲ့သည်။
" ဟင်းဟင်း.. ဒီကောင်လေးက အရည်အချင်း တော်တော်ကောင်းလှချည်းလား.. ဒီတစ်ခေါက် ငါတော့ ရတနာတစ်ပါးကို တွေ့လိုက်ပြီး ထင်တယ် "
====================================
No comments:
Post a Comment