အခန်း ( ၁၅၀ ) ခရမ်းရောင်မီးတောက်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
သီးသန့်ဆန်စွာ ရှိနေသည့် ချိုင့်ဝှမ်းငယ်လေးတွင် ရှောင်ယွင်နှင့် ရှောင်ယိရှန်တို့မှာ အေးချမ်းစွာဖြင့် နေလာခဲ့ကြသည်။ တစ်ယောက်က ဒိုချီစွမ်းအင်ကို ကြိုးကြိုးစားစား လေ့ကျင့်နေသည့်အချိန်မှာ နောက်တစ်ယောက်က အဆိပ်စာအုပ်ကို စိတ်ဝင်တစား လေ့လာသည်။ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်လည်း မပေးကြဘဲ သာယာငြိမ်းချမ်းသော နေ့ရက်များက လွတ်လပ်ပြီး စိတ်ချမ်းသာဖို့ကောင်းလေ၏။
ဒိုချီအဆင့်ကို တက်လှမ်းနိုင်ဖို့ကိစ္စသည် ရှောင်ယွင် တွေးထင်ထားသည်ထက် ပို၍ ခက်ခဲနေလေ၏။ ချိုင့်ဝှမ်းငယ်နေရာတွင် လေ့ကျင့်လာခဲ့သည်မှာ လတစ်ဝက်နီးပါး ရောက်ရှိလာခဲ့သော်လည်း သူ့ကိုယ်ထဲက ဒိုချီစွမ်းအင်တို့သည်သာ များပြားလာပြီး အားကောင်းလာရုံသာ ရှိခဲ့သည်။ ဒိုရှိအဆင့်သို့ တက်လှမ်းချင်နေသည့် ခံစားချက်များက လုံးဝ မထွက်ပေါ်လာသေးချေ။ ထိုကိစ္စနှင့်ပတ်သတ်၍ ရွဲ့လော်က ကံကြမ္မာ၏ အလိုတိုင်းသာ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းဖို့သာ ပြောလေသည်။
လျှို့ဝှက်ပြီး အသိခက်သည့် ရွဲ့လော်စကားကြောင့် ရှောင်ယွင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ထိုနောက်ပိုင်းတွင် ရှောင်ယွင်သည် ဒိုချီစွမ်းအင်ကျင့်ကြံခြင်းကို တစ်ဖြည်းဖြည်း လျှော့ချလိုက်ပြီ ရံဖန်ရံခါ ဒိုသိုင်းပညာရပ်ကို လေ့ကျင့်ခြင်း၊ တစ်ခါတရံတွင် ရွဲ့လော်၏ သင်ကြားပြသမှုနှင့်အတူ ချိုင့်ဝှမ်းအတွင်းမှာ ရှိသည့် ထူးခြားသည့် ဆေးပင်အမျိုးမျိုးကို လေ့လာခွဲခြမ်းခြင်းတို့ကိုပါ လေ့လာခဲ့သည်။
ချိုင့်ဝှမ်းနေရာတွင် အင်မတန် တန်ဖိုးကြီး ရှားပါးသည့် ဆေးပင်အမျိုးမျိုးတို့၏ ပေါက်ရောက်နေခြင်းက ဆွဲဆောင်အားကောင်းလွန်းနေရာ ရှောင်ယွင်လည်း မှော်ဆေးပညာရပ်ကို ပြန်လေ့လာဖို့ စိတ်အားထက်သန်လာသည်။ ထို့နောက်မှာတော့ ရှောင်ယွင်သည် အချိန်တစ်ခု သက်သက်ခွဲလိုက်ပြီး မှော်ဆေးပညာရပ်ကို နေ့တိုင်းလေ့ကျင့်တော့သည်။
မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို မသိစေလို၍ မှော်ဆေးပညာရပ် လေ့ကျင့်ဖို့ နေရာကို ချိုင့်ဝှမ်းနေရာတွင် မြေပြင်ကနေ ခြောက်၊ ခုနှစ်မီတာလောက် မြင့်သည့် ဂူတစ်လုံးအား ရှာဖွေရွေးချယ်ထားလိုက်သည်။ နေ့တိုင်းတွင် နေပူပြင်းလာသည်နှင့် ဂူအတွင်းသို့ ခုန်ဝင်သွားလိုက်ပြီးနောက် စတင်လေ့ကျင့်အဆင့် ရှိသည့် ဆေးလုံးအမျိုးအစားများစွာကို တိတ်တဆိတ်ဖြင့် လေ့ကျင့်နေတော့သည်။
ထိုသို့ မှော်ဆေးဝါးဖော်စပ်သည့်အခါမှာလည်း ဆေးမီးအိုးအတွင်း လောင်ကျွမ်းစေသည့် အဝါရောင်မီးတောက်သည် အရင်တုန်းကထက် ပို၍ ပူပြင်းနေသည်ကို ရှောင်ယွင် အံ့သြစွာဖြင့် တွေ့ရှိခဲ့၏။ သေချာစွာ ထပ်လေ့လာကြည့်သည့်အခါမှာ ဆေးမီးအိုးအထဲက အဝါရောင်မီးတောက်မှာ ခရမ်းအရောင်ဖန့်ဖန့်လေးပါ ရောစွက်နေသည်ကို မြင်လိုက်ရ၏။
ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ခရမ်းရောင်မီးတောက်ကို ငေးကြောင်ကြည့်ရင်း ရှောင်ယွင်က ရန်ခုန်မြန်လာကာ “ ဒါ.. ဒါက နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ ခရမ်းမီးတောက်မလား..!! ” ဟု အံ့အားတကြီးဖြင့် မေးလိုက်သည်။
“ ဘယ်လိုလုပ်.. ငါ့ကိုယ်ထဲ ဝင်နေရတာလဲ.. ” ရှောင်ယွင်သည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်ကာ စဉ်းစားကြည့်သည်။ အတ်ကြာသည်အထိ မျက်မှောင်ကုတ် စဉ်းစားနေရင်းမှ “ ဒါက နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေအဆီအနှစ်တွေကြောင့်လား.. ” ဟူ၍ ရေရွတ်လိုက်သည်။
ထိုသို့ အဖြေကို ကောက်ချက်ချလိုက်ပြီးနောက် ရှောင်ယွင်သည် တစ်ဖြည်းဖြည်းနှင့် စိတ်က ပြန်တည်ငြိမ်လာခဲ့သည်။ နီလာခရမ်းအဆီအနှစ်သည် နီလာခရမ်းတောင်ပံခြင်္သေ့ငယ်နှင့် အရင်းအမြစ်တစ်ခုတည်းက ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း နီလာခရမ်းအဆီအနှစ်တွင် နီလာခရမ်းတောင်ပံခြင်္သေ့၏ ခရမ်းရောင်မီးတောက်က ပါဝင်နေတယ်ဆိုတာ အထူးအဆန်း မဟုတ်တော့ချေ။
ရှောင်ယွင် ခန့်မှန်းချက်က အတော်ပင် မှန်ကန်မှု ရှိ၏။ မိခင်သားရဲ၏ ဝမ်းကြာတိုက်တွင် နှစ်ပေါင်းများစွာ သန္ဓေယူလာခဲ့သည့် အချိန်ကာလအတွင်း နီလာခရမ်းခြင်္သေ့မွေးရာပါအမြုတေနှင့် နီလာခရမ်းတောင်ခြင်္သေ့တို့ အတူတူ ရှိနေခဲ့ရာ အမြုတေသည် ၎င်းထံမှ ခရမ်းရောင်မီးတောက်အနည်းငယ်ကို စုပ်ယူလိုက်ခဲ့မှာ သဘာဝကျသည်။ တဖန် ရှောင်ယွင်သည်လည်း အသည်းအသန်လုပ်ဆောင်ရမည့် အခြေအနေမျိုးမှာ နီလာခရမ်းအဆီအနှစ်ကို မတော်တဆဖြင့် မျိုချခဲ့မိသည်။ ထို့ကြောင့်မို့ ရှောင်ယွင်က ဆေးမီးအိုးအား အပူပေးသည့်အချိန်မှာ သူ့၏ ဒိုချီမီးတောက်ထဲတွင် ခရမ်းရောင်မီးလျှံအနည်းငယ်က ရောစွက်ပါဝင်နေခြင်း ဖြစ်၏။
ခရမ်းရောင်မီးတောက်က အနည်းငယ်မျှသာ ပါဝင်နေသော်လည်း ရှောင်ယွင်၏ ပုံမှန် ဒိုချီမီးတောက်ထက် ပိုအစွမ်းထက်နေ၏။ ထို့ကြောင့် ခရမ်းရောင်မီးတောက် ရသွားခြင်းကလည်း ကံကောင်းမှုတစ်ခုဟုပင် ဆိုနိုင်လေသည်။
ထို့နောက် ရှောင်ယွင်သည် သူ့၏ စိတ်အာရုံသိမြင်စွမ်းကို ဆေးမီးအိုးအတွင်း ထိုးသွင်းလိုက်ကာ တစ်ဖြည်းဖြည်းဖြင့် ခရမ်းရောင်မီးတောက်ကို စုယူလိုက်ပြီး အဝါရောင်မီးတောက်များ ဝန်းရံထားရာကနေ ဖယ်ထုတ်လိုက်သည်။
ဆေးမီးအိုးအထဲတွင် တစ်သီးတခြားတည်းဖြစ်သွားပြီးနောက် အလင်းတောက်ပနေသည့် ခရမ်းရောင်မီးတောက်ကို အဖန်ဖန် လေ့လာကြည့်ရင်း ရှောင်ယွင် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် စိတ်အာရုံသိမြင်အစွမ်း၏ အင်အားကို ထပ်တိုးလိုက်ကာ မီးတောက်အပူချိန်ကို ထိန်းညှိဖို့ လုပ်ဆောင်လိုက်သည်။
မီးတောက်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်နှင့် ခရမ်းရောင်မီးတောက်ငယ်က ခုခံရုန်းထွက်လိုသည့် စိတ်သဘာဝကို ထုတ်ဖော်ပြသလေ၏။
ထိန်းချုပ်လို့ မရလိုက်ခြင်းကြောင့် ရှောင်ယွင်မှာ အံ့အားသင့်သွားသည်။ သို့သော် မျက်မှောင်ကြုတ်ပြီး ခရမ်းရောင်မီးတောက်ကို အသေစိုက်ကြည့်ထားလိုက်သည်။ စိတ်အာရုံသိမြင်အစွမ်းကို ထပ်တိုးလိုက်ကာ ခရမ်းရောင်မီးတောက် ခုခံနိုင်စွမ်း၏ ဂိတ်ဆုံးအမှတ်ကို စမ်းသပ်ဖို့ ကြိုးစားလိုက်ပြန်သည်။
ခရမ်းရောင်မီးတောက်သည် အကြမ်းပတမ်းဆန်ကာ သန်မာလှသလို ခေါင်းလည်း မာလွန်းနေသော်လည်း ရှောင်ယွင်မှာ စိတ်မပူမိပေ။ ခရမ်းရောင်မီးတောက်သည် ဘယ်လိုပင် ငြင်းဆန်နေပေမဲ့ ၎င်းသည် သခင်မဲ့မီးတောက်ဖြစ်နေရာ တစ်ဖြည်းဖြည်းဖြင့် သိမ်းသွင်း၍ ရနိုင်မည်ဟု ရှောင်ယွင် ယုံကြည်၏။
ဆေးမီးအိုးအတွင်း ရှောင်ယွင်နှင့် ခရမ်းရောင်မီးတောက်တို့ အားစမ်းပွဲ ဖြစ်ပွားနေလေ၏။ နှစ်ဖက်စလုံးကလည်း ပထမအချီမှာပဲ အရှုံးမပေးလိုကြချေ။
မတိုးသာ မဆုတ်သာ အခြေအနေက ဆယ်မိနစ်အထိ ကြာမြင့်သွားသည်။ ရှောင်ယွင်လည်း မောပန်းလာလေကာ အရှုံးပေးတော့မည့်ဆဲဆဲတွင် သူ့၏ စိတ်အာရုံသိမြင်စွမ်းဖြင့် ဝိုင်းရံထားသည့် ခရမ်းရောင်မီးတောက်သည် ရုတ်တရက် တုန်ခါလာသည်။ ထို့နောက်တွင် မီးတောက်အတွင်း ရုတ်ချည်းဆိုသလို လှိုင်းရေကြီးသလို တိုးထွက်လာကာ အရာအားလုံးအား လျင်မြန်စွာ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်လာသည်။
ခရမ်းရောင်မီးတောက်အား စိတ်အာရုံသိမြင်စွမ်းဖြင့် ထိန်းချုပ်နေသည့် ရှောင်ယွင်မှာ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ခါသွားသည်။ ထိုတုန်ခါမှုက စိတ်ဝိညာဉ်အတွင်း အနက်ရှိုင်းဆုံးနေရာမှ ထွက်ရှိလာခြင်းဖြစ်ကာ တစ်ကိုယ်လုံးထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားလေ၏။ ထိုအခိုက်အတန့်တွင် သူ့စိတ်ဝိညာဉ်က အဆင့်တိုးတက်သွားသလို ခံစားလိုက်ရပြီ တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များ အကုန်ပွင့်ထွက်သွားကုန်သည်။ ထိုခံစားချက်မှာ အလွန်ကို ထူးခြားကာ သက်တောင့်သက်သာ ရှိလှသည်။
ကောင်းမွန်သည့် ခံစားချက်ကြောင့် ရှောင်ယွင်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ခါသွားပြီးနောက် မျက်လုံးက ပိတ်ထားရာမှ တဖြည်းဖြည်း ဖွင့်လိုက်၏။ သူ့ မျက်ဝန်းနက်နက်တွင် ခရမ်းရောင်အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားကာ ပြန်လည်ပျောက်ကွယ်သွားသည်။ ရှောင်ယွင်လည်း ဆေမီးအိုးထံ အကြည့်ရွှေ့လိုက်၏။ စိတ်အာရုံသိမြင်စွမ်းကလည်း ဖရိုဖရဲဖြစ်သွားခဲ့ခြင်းကြောင့် ဆေးမီးအိုးအထဲက အဝါရောင်မီးတောက်လည်း ယခုတွင် အစအနပင် မရှိတော့ချေ။ သို့သော် ခရမ်းရောင်မီးတောက်ငယ်လေးတစ်ခုမှာတော့ ဆက်လက်ကျန်ရှိနေကာ တောက်ပစွာဖြင့် လင်းလက်နေလေ၏။
ခရမ်းရောင်မီးတောက်ကို စိုက်ကြည့်လိုက်ရင်း ရှောင်ယွင် လျင်မြန်စွာ အမိန့်ပေးစေခိုင်းလေရာ ၎င်းမီးတောက်သည် လျှပ်တပြက်အတွင်း ဆေးမီးအိုးပြောင်းဝကနေ ထွက်ရှိလာကာ လက်ဖဝါးကနေတစ်ဆင့် ရှောင်ယွင်ကိုယ်တွင်းသို့ ဝင်ရောက်သွားလေ၏။
ရှောင်ယွင်လည်း ဆေးမီးအိုးကို ဆုပ်ကိုင်ထားရာမှ လက်ဖဝါးကို ပြန်လွှတ်လိုက်ပြီးနောက် အသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ့ညာဘက်လက်ကိုလည်း တစ်ဖြည်းဖြည်းဖြင့် ကွေးထားလိုက်ပြီ လက်ခလယ်တစ်ချောင်းကို ညွန်ထုတ်လိုက်ကာ အသံတိုးတိုးဖြင့် “ ထွက်လာစမ်း.. ”
ရှောင်ယွင် အသံထွက်လာသည်နှင့် လက်ခလယ်က စတင်တုန်ခါလာသည်။ ခဏအကြာတွင် ခရမ်းရောင်မီးတောက်ငယ်တစ်ခုက လက်ထိပ်ဖျားကနေ ပွင့်ထွက်လာကာ တောက်တောက်ပပဖြင့် လင်းလက်နေလေသည်။
တကယ့်မီးပဲ.. ဒါ တကယ့်မီးတောက်ပဲ..၊ ရှောင်ယွင်သည် အဆင့်၁ မှော်ဆေးပညာရှင်စွမ်းရည် ရှိသော်လည်း အဆင့်၎ မှော်ဆေးပညာရှင်အဆင့်လောက်မှ လုပ်နိုင်မည့် တကယ့်မီးအစစ်အမှန်ကို ဖန်တီးနိုင်ခဲ့ပြီး။
မှော်ဆေးပညာရှင် အဆင့်၎ ထက် နည်းသည့် မှော်ဆေးပညာရှင်တို့မှာ ကိုယ်တွင်းက မီးဓာတ် ဒိုချီစွမ်းအင်ကို ထုတ်ယူကာ တကယ့်မီးတောက်သို့ ပြောင်းလဲပစ်နိုင်ဖို့အတွက် ဆေးမီးအိုးကို အသုံးပြုရသည်။ အဆင့်၎နှင့်အထက်ကို ရောက်မှ ဆေးမီးအိုးကို အသုံးပြုစရာမလိုပဲ မီးတောက်ကို ချက်ချင်း ထုတ်သုံးနိုင်သည်။
မှော်ဆေးပညာရှင်အများစုသည် ထိုအဆင့်သို့ ရောက်သွားခဲ့သည့်အခါမှာ တိုက်ပွဲယှဉ်ပြိုင်စဉ်အတွင်း မီးတောက်ကို ဆင့်ခေါ်၍ တိုက်ခိုက်နိုင်ကြသည်။ ထို့အပြင် မှော်ဆေးပညာရှင်တို့၏ မွေးရာပါ ဓာတ်သဘာဝဖြစ်သည့် မီးဓာတ်နှင့်အတူ သစ်သားဓာတ်ကြောင့်လည်း အဆင့်တူသိုင်းပညာရှင်များနှင့် ယှဉ်သည့်အခါ သူတို့၏ မီးတောက်က ပို၍ စွမ်းအားကောင်းကာ ပို၍လည်း ပူပြင်းသည်။
ထို့ကြောင့်မို့ ပြင်ပအကူအညီမပါဘဲ မီးတောက်ကို ဆင့်ခေါ်နိုင်ခြင်းက အဆင့်၎ မှော်ဆေးပညာရှင် ဟုတ်သလား မဟုတ်သလားဆိုတာကို ခွဲခြားနိုင်သည့် အရေးကြီး အချက်တစ်ချက် ဖြစ်ခဲ့သည်။
သို့သော် ထိုအချက်မှာ ခြွင်းချက်တော့ ရှိသည်။ အပေါ်က ပြောသွားသည့် အချက်များသည် သာမန်အခြေအနေတွင် မှော်ဆေးပညာရှင်အဆင့်ကို ခွဲခြားခြင်း ဖြစ်သည်။ တကယ်၍ တစ်စုံတစ်ဦးက ကံကောင်း၍ ကောင်းကင်ဘုံမီးတောက်ကို ပိုင်ဆိုင်နိုင်ခဲ့လျှင် မှော်ဆေးပညာရှင် မဖြစ်သော်ငြားလည်း မီးတောက် ဆင့်ခေါ်နိုင်သည်။ တဖန် ဆင့်ခေါ်လိုက်သည့် မီးတောက်ကလည်း သာမန်မှော်ဆေးပညာရှင် ဆင့်ခေါ်သည့် မီးတောက်ထက် သာလွန်နေပြန်သည်။ အချုပ်ဆိုရလျှင် ကောင်းကင်ဘုံမီးတောက်သည်သာ အဖျက်စွမ်းအားအကောင်းဆုံး မီးတောက် ဖြစ်လေ၏
ထို့ကြောင့်လည်း ကောင်းကင်ဘုံမီးတောက်သည် မှော်ဆေးပညာရှင်တွေအတွက် အစားထိုးမရသည့် ကြောက်မက်ဖွယ် နတ်ဘုရားအသုံးအဆောင်သဖွယ် ဖြစ်နေတော့သည်။ ထို့ကြောင့်လည်း ကောင်းကင်ဘုံမီးတောက်၏ အဖျက်စွမ်းအားသည် မရေတွက်နိုင်သော မှော်ဆေးပညာရှင်တွေအတွက် လိုချက်တပ်မက်ဖွယ် တနည်း မီးပုံထဲ တိုးဝင်ကြသော ပိုးဖလံသဖွယ် ငမ်းငမ်းတက် လိုချင်တပ်မက်ပျက်စီးကြလေသည်။
လက်ချောင်းထိပ်တွင်ရှိ ခရမ်းရောင်မီးတောက်သွယ်သွယ်လေးကို ကြည့်ရင်း ကြက်သေသေနေသည့် ရှောင်ယွင်သည် လေအေးတစ်ချက် ရှုသွင်းလိုက်ကာ တုန်ခါနေသည့် အသံဖြင့် “ ဆရာ..၊ မြန်မြန်လာကြည့်ပါဦး.. ”
“ ဟမ်! ” လက်စွပ်အတွင်းကနေ ရွဲ့လော်၏ သံသယအသံက ထွက်ပေါ်လာသည်။ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်စွပ်ကနေ လူပုံရိပ်တစ်ခုက ဖျတ်ခနဲ ထွက်ရှိလာကာ ရှောင်ယွင်အရှေ့တွင် မျောလွင့်နေရင်း ခရမ်းရောင်မီးတောက်ကို ငေးကြည့်လေ၏
“ ကောင်းကင်ဘုံမီးတောက်??.. မဟုတ်ဘူး.. ဒါက အားနည်းနေသေးတယ်..၊ အော်.. ဟုတ်တယ်..၊ ဒါက နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ ခရမ်းရောင်မီးတောက်ပဲ.. ” ဇဝေဇဝါအကြည့်နှင့် အံ့သြခြင်းများ ရောယှက်လျက် ကြည့်နေရင်းမှ ရွဲ့လော်သည် ထူးဆန်းစွာ ပြောလေသည်။
“ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာတောင် နီလာခရမ်းတောင်ပံခြင်္သေ့ မူလမီးတောက်ကို ဖြစ်တည်စေနိုင်တယ်ဆိုတာ့ နီလာခရမ်းအဆီအနှစ်က ဒီလောက်အထိ အစွမ်းရှိတယ်ပေါ့.. ”
“ ဒါကို ကောင်းကင်ဘုံမီးတောက်လို့ ပြောလို့ ရနိုင်လား.. ” အချိန်မရွေး ငြိမ်းသေသွားနိုင်သည့် ခရမ်းရောင်မီးတောက်ကို စိတ်လှုပ်ရှားစွာ အာရုံနှစ်၍ ငေးကြည့်နေရင်း ရှောင်ယွင်သည် အလျင်စလိုဖြင့် မေးလိုက်သည်။
“ ဟမ်…မဟုတ်ပါဘူး.. ” ပထမတစ်ချက်တော့ ကြောင်အမ်းသွားပေမဲ့ ရွဲ့လော်သည် ခေါင်းကို ခါယမ်းလိုက်ရင်း “ ဒါက ထူးခြားဆန်းပြားတဲ့ မီးတောက်တစ်ခုဆိုပေမဲ့ ကောင်းကင်ဘုံမီးတောက်နဲပ ယှဉ်ရင်တော့ အများကြီး လိုနေပါသေးတယ်..၊ အင်း.. သားရဲမီးတောက်လို့ ခေါ်ရင် ပိုသင့်တော်လိမ့်မယ်.. ”
အသံမဲ့ ခေါင်းကို ခါယမ်းလိုက်ရင်း ရှောင်ယွင် ထပ်မေးလိုက်သည်။ “ ဒါက ကောင်းကင်ဘုံမီးတောက်ပဲ ဖြစ်ဖြစ် သားရဲမီးတောက်ပဲဖြစ်ဖြစ်.. မေ့ထားလိုက်ဦး..၊ မေးချင်တာက ဒီမီးတောက်က ကျနော် ဆေးမီးအိုးကို သုံးပြီး ဆင့်ခေါ်တဲ့ ဒိုချီမီးတောက်ထက် ပိုအစွမ်းထက်တယ်မလား.. ”
“ ဒါပေါ့..၊ ငြင်းလို့ မရတဲ့ အချက်ပဲ.. ”
“ ဒါဆို.. ကျနော်က ဒီမီးတောက်ရဲ့ သခင်ဖြစ်နေပြီးမလား..၊ ဒီမီးတောက်ကြောင့် ကျနော် မလောင်ကျွမ်းနိုင်ပါဘူးနော်.. ” ရှောင်ယွင်က စေ့စပ်စွာဖြင့် ထပ်မေးလိုက်သည်။
“ ဒီမီးတောက်က အရမ်းငယ်တာ..၊ မင်းကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး.. ”
“ ဒါဆိုရင်.. ဒီမီးတောက်ကို ဝါးမျိုလိုက်မယ်ဆိုရင်တော့ ကျနော်ရဲ့ မီးတောက်မန္တရားကျင့်စဉ်က အဆင့်တက်သွားနိုင်မလား.. ” အသက်ပြင်းတစ်ချက် ရှိုက်လိုက်ပြန်ကာ ရှောင်ယွင် အလျင်စလိုဖြင့် ထပ်မေးလိုက်၏။
“ အာ.. ” အကျပ်ရိုက်သွားဟန်ဖြင့် ရွဲ့လော် မျက်မှောင်တွန့်သွားသည်။ အတန်ကြာအထိ တွေဝေနေရင်းနောက် မသေချာစွာဖြင့် ဖြေလိုက်သည်။ “ ရကောင်း ရနိုင်လိမ့်မယ်..ဒါပေမဲ့ အဆင့်တက်မယ်ဆိုရင်တောင် အများကြီး တက်လိမ့်မှာ မဟုတ်ဘူး..၊ နောက်ပြီး ခရမ်းရောင်မီးတောက်က ကောင်းကင်ဘုံမီးတောက်နဲ့ အဆင့်အများကြီးကွာတာ..၊ ပြီးတော့ ခရမ်းရောင်မီးတောက်က အရမ်းကို သေးလွန်းနေတယ်..၊ ဝါးမျိုးလိုက်မယ်ဆိုရင်လည်း အများကြီး ရမှာ မဟုတ်ဘူးလို့ ငါထင်တယ်.. ”
ရှောင်ယွင် ခေါင်းကို ခပ်လေးလေး ညိတ်ချလိုက်သည်။ အားမလို အားမရသည့် အမူအရာကလည်း သူ့မျက်နှာတွင် ထွက်ပေါ်နေ၏။ မီးတောက်မန္တရား ကျင့်စဉ်ည် အလွန်ကို ထူးခြားသည့် ကျင့်စဉ်ဖြစ်သော်လည်း စတင်ရမည့်အဆင့်ကလည်း အလွန်ကို ခက်ခဲလွန်းသည်။ ဒိုချီစွမ်းအင် သန့်စင်ယူခြင်းနှင့် သိုလှောင်ထားနိုင်သည့် စွမ်းရည်တို့က ရှောင်ယွင်အတွက် စိတ်ကျေနပ်မှု မရနေသေးချေ။ ထို့အပြင် ရှောင်ယွင် တတ်ကျွမ်းသည့် ဒိုသိုင်းပညာရပ်တို့မှာလည်း ရွှင်းအဆင့်ဖြစ်နေလေရာ ထိုသိုင်းပညာတို့ကို ထုတ်သုံးလိုက်တိုင်း စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးတို့ကို မြန်မြန်သောက်သုံးရသည်။ ထိုသို့ ဆေးလုံး မသောက်သုံးဘဲ ဟွာင်းအဆင့်သာ ရှိသည့် ချီကျင့်စဉ်၏ စွမ်းအင်ဖြည့်တင်းပေးနိုင်သည့် အမြန်နှုန်းကိုသာ မှီခိုနေပါက ဒိုချီစွမ်းအင် မလောက်မငသည့် အဖြစ်မျိုးကို ခဏခဏ ကြုံနေရလိမ့်မည်။
တကယ်၍ မီးတောက်မန္တရားကျင့်စဉ်၏ အဆင့်သည် ရွှင်းအဆင့်သို့ တိုးတက်သွားနိုင်ခဲ့လျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ဆီကို သွားဖို့အတွက် ရှောင်ယိရှန်၏ အကူအညီကို လိုအပ်မှာ မဟုတ်ပေ။ သူတစ်ယောက်တည်းဖြင့် လူအယောက်တစ်ရာကျော်ကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်။
ထိုအရာသည် ရွှုင်းအဆင့် ချီကျင့်စဉ်နှင့် ဟွာင်းအဆင့်ချီကျင့်စဉ်တို့၏ ကြီးမားသော ကွာခြားချက် ဖြစ်လေသည်။ ထို့ကြောင့်ပဲ ရှောင်ယွင်သည် သူ့ရဲ့ ချီကျင့်စဉ်ကို မြန်မြန်အဆင့်တက်နိုင်ဖို့ အကြီးအကျယ် မျှော်လင့်နေခြင်းဖြစ်သည်။ ကောင်းကင်ဘုံမီးတောက်မှာလည်း ရှားပါးသည့်အပြင် ၎င်း၏ အဖျက်စွမ်းအားကြောင့်လည်း ရှောင်ယွင်အတွက် အောင်မြင်စွာ မဝါးမျိုစေနိုင်ပါဘူး။
ထို့ကြောင့်လည်း ခရမ်းရောင်မီးတောက် ထွက်ပေါ်လာခြင်းသည် ရှောင်ယွင်အတွက် သဲကန္တာရအတွင်းဝယ် ရေတွင်းတစ်တွင်း တွေ့ရှိခြင်းနှင့် တူနေသည်ဖြစ်ရာ သူအတွက် အလွန်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရသည်။
“ တကယ်လို့ ခရမ်းရောင်မီးတောက်ကို ဝါးမျိုပြီး မီးတောက်မန္တရားကျင့်စဉ်ကို အဆင့်တက်စေချင်ရင်တော့ နည်းလမ်းတစ်ခုတော့ ရှိတယ်.. ” အချိန်အတန်ကြာအထိ ငြိမ်နေရင်းမှ ရွဲ့လော်က ရုတ်တရက် ပြောလိုက်လေ၏။
“ ဘာနည်းလမ်းလဲ.. ” ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင်သည် ပြန်လည်တက်ကြွလာပြီး အလျင်စလိုဖြင့် မေးလိုက်သည်။
ထိုအခါ ရွဲ့လော်သည် ခရမ်းရောင်မီးတောက်ငယ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“ မီးတောက်သစ်စေ့ဖြစ်တဲ့အထိ သန့်စင်မယ်.. ၊ တစ်ဖြည်းဖြည်းနဲ့ ကြီးထွားစေမယ်..၊ သင့်တော်တဲ့ အဆင့်အထိ ရောက်ရင် မီးတောက်မန္တရားကျင့်စဉ်ကို သုံးပြီး ဝါးမျိုပြီးတော့ အဆင့်တက်ရမယ်.. ”
No comments:
Post a Comment