Followers

Chapter 132

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Though The Heavens
အပိုင်း ၁၃၂

===================================
မှော်သားရဲကောင်များက ထူးခြားသည့်အမျိုးသမီးအား စတင်ရှာဖွေ သည့်အချိန်တွင် ရှောင်ယွင်မှာ ရွဲ့လော်၏ ကာကွယ်မှုအောက်တွင် ရှိနေသေးသည်။ သူတို့သည် တိတ်တဆိတ်ဖြင့် သူတို့ ပုန်းကွယ် နေထိုင်သည့် ဂူဆီသို့ မှော်သားရဲကောင်တို့အား ပေးမသိစေဘဲ အမြန်ပြန်လာခဲ့ကြသည်။   

“ အရမ်းကို စိတ်လှုပ်ရှားစရာပဲ.. ပြီးတော့ အမျိုးသမီးရဲ့ နောက်ဆုံး ထုတ်သုံးလိုက်တဲ့ တိုက်ကွက်ကလည်း တကယ့်ကို ကြောက်စရာ ပဲ.. တကယ်လို့ နီလာခရမ်းတောင်ပံခြင်္သေ့က အချိန်မီ မရှောင် လိုက်နိုင်ဘူးဆိုရင် သူ့ခေါင်းကတော့ ပေါက်ထွက်သွားမှာပဲ.. ”   

စိတ်လှုပ်ရှားစရာကောင်းလွန်းသည့် လှပသည့် တိုက်ပွဲမြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း ရှောင်ယွင်မှာ နှလုံးခုန် မြန်ဆန်လာပြန် သည်။ ဒီလို အစွမ်းထက်လွန်းသူတို့၏ တိုက်ပွဲကို ကြုံကြိုက် တွေ့မြင်ဖို့က အလွယ်တကူရသည့် အရာတစ်ခု မဟုတ်ပေ။  

ထို့နောက် ရှောင်ယွင်က ရေတံခွန်ဘက် နေရာဆီကို တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူ့၏ ဆေးမီးအိုးတွေနှင့် တခြားသော ပစ္စည်းများကို ပြန်လည် သိမ်းဆည်းယူလိုက်သည်။ အားလုံးပြီးစီး၍ ဂူဘက်သို့ ပြန်လှည့်ထွက်တော့မည်အချိန်တွင် သူ့ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားသည်။   တဖန် သူ့မျက်ဝန်းက ပြုးကျယ်သွားချေသည်။ 

ရေတံခွန်ကနေ စီးဆင်းလာသည့် ရေစီးကို မျက်တောင်ပင် မခတ်ဘဲ ငေးစိုက် ကြည့်နေမိသည်။ ထိုရေစီးတွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မျောပါလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူမ၏ မျက်ဝန်းက မှိတ်လျက်သား ရှိနေခြင်းနှင့် ဖြူဖျော့နေသည့် မျက်နှာအသွေးအရောင်ကြောင့် သူမသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိထားမှန်း သိသာသည်။   

“ ဂလု.. ” 

ရေစီးတွင် မျောပါလာသည့် အမျိုးသမီးကို မှတ်မိသွားသည့်အခါ တွင် ရှောင်ယွင်မှာ တံတွေးကို အသံမြည်အောင်ပင် မျိုချမိလေ သည်။ ထိုအမျိုးသမီးကား နီလာခရမ်းတောင်ပံခြင်္သေ့ကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် စွမ်းအားမြင့် ဒိုဝှမ်းအဆင့်ရှင် မဟုတ်လား။   သူမ၏ ပုံသဏ္ဍာန်အရ သူမသည် သတိမေ့လျော့နေဟန် ရှိသည်။

ရှောင်ယွင်မှာ တစ်ခဏတော့ တုံ့ဝေသွားမိပြန်သည်။   

သူမကို ကယ်တင်ရမှာလား မကယ်ရမှာလား.. တကယ်လို့ ကယ်တင်လိုက်မယ်ဆိုရင် ဒီနေရာတွင် နေထိုင်သူကို စော်ကား ရန်စရာ ရောက်ပေလိမ့်မယ်.. တကယ်လို့ မကယ်လိုက်ခဲ့ရင် သူမက နီလာခရမ်းတောင်ပံခြင်္သေ့လက်ထဲကနေ လွတ်မြောက် နိုင်မှာ မဟုတ်ဘဲ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရဖွယ်တောင် ရှိနိုင်တယ်..  

ထိုသို့ ရှောင်ယွင် တွေဝေစဉ်းစားနေသည့်အချိန်တွင် မဝေးလှသည့် တောအုပ်မှ တုန်ခါမှုတစ်ရပ်နှင့်အတူ မှော်သားရဲကောင်တို့၏ ဟိန်းမြည်သံကိုပါ ကြားလိုက်ရချေသည်။   

“ ဟူး.. မင်းတော့ ကံကောင်းတယ်လို့ ဆိုရတော့မှာပေါ့ ”  

မှော်သားရဲကောင်တို့၏ ဟိန်းမြည်သံကို ကြားလိုက်ရသည့်အခါ ရှောင်ယွင်သည် အံကို ကြိတ်လိုက်ပြီးနောက် ရေထဲသို့ ဒိုင်ဗင် ထိုးဆင်းလိုက်ပြီး ရေများ ရွှဲရွှဲစိုနေသည့် အမျိုးသမီးကို ဆယ်တင်ဖို့ ကူးခတ်သွားလိုက်သည်။ ထို့နောက် ရှောင်ယွင်သည် လက်ကို သူမ၏ ဒူးဆစ်နေရာနှင့် လည်ပင်းနေရာတွင် ထား၍ ပင့်မလိုက် သည်။ သူမ၏ နူးညံ့ချောမွတ်သော အသားအရေကို ထိတွေ့လိုက်သည့်ခဏတွင် ရှောင်ယွင်မှာ ရင်ခုန်သွားမိသည်။   

သို့သော်လည်း ရှောင်ယွင် သူ့လျှာဖျားထိပ်ကို ဖိကိုက်လိုက်ပြီး ဖြစ်ပေါ်လာသည့် ခံစားချက်ကို ချိုးနှိမ်လိုက်သည်။ ပြီးလျှင် ထူးထူးခြားခြားကို လှနိုင်လွန်းသည့် ထိုအမျိုးသမီး၏ ကိုယ်လုံးကို သိမ်းကြုံးပင့်ကာ ဂူအပေါက်ဝဆီသို့ တက်သုတ်ရိုက်ပြီး ပြေးသွားလေသည်။ 

အသည်းအသန် တရကြမ်း ပြေးလာခဲ့လျှင် ဂူအဝင်ပေါက်မှ မီတာ ၅၀ အထိ ရောက်မှ ရှောင်ယွင် အသက်ပြင်းချနိုင်တော့သည်။ ရွဲ့လော်ကမူ ဆေးမှုန့်တစ်မျိုးကို ဂူပတ်လည်အနီးတဝိုက်တွင် လိုက်လံပက်ဖြူးလိုက်သည်။ 

ထိုဆေးမှုန့်သည် မှော်သားရဲကောင် တို့အတွက် ဓာတ်မတည့်ခြင်းကို ဖြစ်စေ၍ ထိုအနီးတဝိုက်ကို ဝင်လာဖို့ အခွင့်အရေးနည်းသွားစေသည်။ ထို့ကြောင့် ဆေးမှုန့် ပက်ဖြူးလိုက်ပြီးနောက်တွင် ထိုနေရာကို အတော်အသင့် လုံခြုံသွားစေသည်။ 

ရှောင်ယွင်သည် ထိုအမျိုးသမီးအား သယ်မ၍ ဂူအတွင်းသို့ ခပ်မြန် မြန် သယ်ဆောင်သွားပြီးနောက် ကျောက်ဖျာတစ်ခုတွင် ညင်သာစွာ ချထားလိုက်သည်။ သူမ အနားတွင် ထိုင်ချလိုက်ပြီးလျှင် အသက် ပြင်းကို အခါခါ ချလိုက်မိသည်။ 

ထိုသို့ အနားယူနေစဉ်တွင် ရှောင်ယွင်သည်  ထူးခြားသည့် အမျိုး သမီးကို အနီးကပ် ကြည့်ရှုဖို့ အချိန်ရသွားခဲ့သည်။ သူက အနီးကပ် ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။ တဖြည်းဖြည်းဖြင့် သူ့စိတ်ထဲတွင် အံ့သြခြင်းတို့ တဖြည်းဖြည်း မြင့်တက်လာသည်။ ပန်းချီကားတစ်ချပ်အလား လှပလွန်းသည်ဟု သူမကို စာဖွဲ့လိုက်မည်ဆိုလျှင် ချဲ့ကားပြောသည်ဟု မဆိုနိုင်ချေ။ သူမ၏ လှပကျက်သရေရှိမှုနှင့် တော်ဝင်ဆန်မှုတို့သည် ရှောင်ယွင်အား တကယ်ကို အံ့သြစေလောက်ခဲ့သည်။ 

ရှောင်ယွင်၏ အကြည့်သည် သူမ၏ မျက်နှာဆီကို ရောက်သွား သည်။ သူမ၏ မျက်နှာကား အလွန်ကို နုနယ်ချောမွတ်နေရာ လေတိုက်လျှင်ပင် ပဲ့ကြွေသွားစေလောက်သည်။ သူ့အကြည့်က အောက်ဘက်သို့ ရွေ့လျားသွားသည့်အခါ ရှောင်ယွင် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ သူမ၏ လည်ပင်းအောက်က ရင်အုံအထက်တွင် လက်သည်းကုတ်ရာ ငါးခုနှင့် သွေးများက ယိုစီး ကျနေကာ သူမ၏ အင်္ကျီကိုလည်း သွေးများဖြင့် ခြင်းခြင်းနီနေစေသည်။ သူမသည် သတိမေ့နေပါသော်လည်း သူမ၏ မျက်နှာတွင် အနည်းငယ် မျက်မှောင်တွန့်နေသလို နာကျင့်မှုကို ခံစားနေရဟန် အမူရာက တစ်ချက်ချက် ပေါ်ထွက်လာနေသည်။ သို့သော်လည်း သူမကား ထိုသို့ဖြစ်နေပါသော်လည်း သူမ၏ ယခုလက်ရှိသွင်ဟန် သည် အလွန်ချစ်စရာကောင်းလွန်းနေသည်။ 

“ သူ့ကို ကုသပေးဖို့ လိုနေတယ်.. ”

ထိုသို့ တွေးလိုက်ပြီးနောက် ရှောင်ယွင်က သူ့လက်ကို ပွတ်သပ် လိုက်ပြီးလျှင် သိုလှောင်လက်စွပ်ကနေ ကျောက်စိမ်းဆေးပုလင်း ဆယ်လုံးကို ထုတ်ယူလိုက်သည်။ ပြီးလျှင် ရှောင်ယွင် အနည်းငယ် တွေဝေစွာဖြင့် ဆုံးဖြတ်လိုက်ပြီးနောက် သူမ၏ အင်္ကျီကို ချွတ်ဖွင့် ဖို့အတွက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်သည် သူမ၏ အင်္ကျီကို ထိလုထိခင် ဖြစ်သွားသည့်အချိန်တွင် မှိတ်လျက်သားဖြစ်နေသည့် သူမ၏ မျက်လုံးက ရုတ်ချည်း ပွင့်လာခဲ့သည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူမ၏ မျက်လုံးက အေးစက်စက်ဖြင့် စိတ်မလုံမလဲသည့် အကြည့်ဖြင့် ဒေါသပြင်းစွာ ရှောင်ယွင်ကို ကြည့်လိုက်သည်။ 

“ အာ.. မင်းနိုးလာပြီးလား ”

အမျိုးသမီးက ရုတ်ချည်း မျက်လုံးဖွင့်လိုက်ခြင်းသည် ရှောင်ယွင်ကို အလန့်တကြားဖြင့် အနောက်ကို ခုန်ထွက်သွားစေသည်။ အနောက်သို့ ခြေလှမ်းထပ်ဆုတ်လိုက်ပြီးနောက် လက်ထဲက ဆေးပုလင်းကို မြှောက်ပြလိုက်ရင်း ကမန်းကတန်း ရှင်းပြလိုက်သည်။ 

“ မင်းရဲ့ ဒဏ်ရာကို ကုသပေးဖို့အတွက်ပါ။ ဘာမှ နာကျင်အောင် လုပ်တာ မဟုတ်ပါဘူး။ နောက်ပြီး မင်းက သတိမေ့နေတော့ ငါက ဆေးလူးပေးမလားလို့။ အခုတော့ မင်း သတိပြန်ရလာပြီးဆိုတော့ မင်းဘာသာ လူးလိုက်လို့ ရပြီး ”

ရှောင်ယွင်က ထိုသို့ ပြောလိုက်ပြီးသည်နှင့် ကျောက်စိမ်းဆေး ပုလင်းတို့ကို သူမ၏ နံဘေးနားတွင် ချထားလိုက်ပြီးနောက် အနောက်သို့ ဆုတ်လိုက်သည်။ ရှောင်ယွင်မှာ ထိုအမျိုးသမီး၏ အစွမ်းပကားတွေကို မျက်မြင်တွေ့ရှိထားပြီးဖြစ်လေရာ ထိုအမျိုးသမီးက စိတ်ရူးပေါက်ကာ သူ့ကား လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်လျှင် သူသေသွားနိုင်သည်ကို အနည်းငယ် စိုးရွံ့ နေမိသည်။ သူ မချိမဆန့်ဖြင့် သေသွားနိုင်သည်မဟုတ်လား။

ရှောင်ယွင် အနောက်ဆုတ်သွားသည်ကို မြင်လျှင် ထူးခြားသည့် အမျိုးသမီးသည် စိတ်သက်သာရာ ရသွားသည်။ ရှောင်ယွင်ကို ကြည့်သည့် သူမအကြည့်သည်ကလည်း အေးစက်မှုတို့က အနည်း ငယ် ပြေလျော့သွားခဲ့သည်။ ထို့နောက်တွင် သူမ၏ ဒဏ်ရာကို ဆေး လူးဖို့အတွက်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျင်နေသည်ကို သူမဘာသာ သတိထားမိလိုက်သည်။ 

ထို့နောက်တွင် သူမသည် အနည်းငယ်လှုပ်ရှားလိုက်ပြီးနောက် သူမ မျက်လွှာကို အသာမှိတ်ချလိုက်သည်။ မကြာမီမှာပဲ သူမက မျက်လုံး ပြန်ဖွင့်လိုက်ပြီးနောက် အံကိုကြိတ်၍ ပြောလိုက်သည်။ 

“ ဒီ သားရဲကောင်ကတော့…။ ငါ သူ့ရဲ့ အချုပ်အနှောင်ကို မိသွားပြီး”

ရှောင်ယွင်မှာ ဂူထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ပြီး မလှုပ် မယှက်ဖြစ်နေဆဲသော ထူးခြားသည့်အမျိုးသမီးကို ရိုးသားသည့် မျက်နှာထားသည့် ထိုင်ကြည့်နေလိုက်သည်။ အရှေ့ကို လှမ်းပြီး သူမအား ကူညီပေးမည့် အမူအရာကို မပြသဘဲ နေနေလိုက်သည်။ 

ထူးခြားသည့် အမျိုးသမီးကား အတန်ကြာသည်အထိ ရုန်းကန် လှုပ်ရှားကြည့်နေပြီးမှ နောက်ဆုံးတွင် သူမသည် စိတ်အားပျက်စွာ အလျော့ပေးလိုက်ရသည်။ ထို့နောက် သူမသည် ခေါင်းကို စောင်း လိုက်ပြီး ဂူထောင့်တစ်နေရာမှာ ဆောင့်ကြောင့်ထိုင်နေလျက် မြေ ကြီးပေါ်တွင် ဝလုံးရေးဆွဲခြစ်နေသော ရှောင်ယွင်ကို လှမ်းကြည့် လိုက်သည်။  

သူမသည် ရှောင်ယွင်ကို သေချာစွာ အကဲခတ်ကြည့်လိုက်သည်။ ရှောင်ယွင်ရဲ့ နုနယ်ခန့်ချောသော မျက်နှာတွင် အကျင့်ယုတ်မာ တတ်သည့် စရိုက်လက္ခဏာမရှိသည်ကို သူမ ခံစားမိသည်။ နောက် ဆုံးတွင် သူမကပဲ လေသံတိုးတိုးဖြင့် 

“ ငါ့ကို ဆေးကူလိမ်းပေးလို့ ရမလား.. ”  ဟု အကူအညီတောင်းလိုက်ရတော့သည်။ 

သူမ၏ အသံကား ချိုမြကာ သာယာနာပျော်ဖွယ်ကောင်းလှသော်လည်း အထက်တန်းဆန်သည့်လေသံက ဖုံးကွယ်ထား၍ မရပေ။ ထိုအရာက သူမ၏ ဂုဏ်အင်္ဂါဖြစ်ဟန် ရှိသည်။ 

“ ကျွန်တော်က? ”  

ရှောင်ယွင်က ခေါင်းမော့လိုက်ကာ ထူးခြားသည့် အမျိုးသမီးကို ငေးကြည့်လိုက်သည်။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ တိုးတိုးလေး ရေရွတ်ပြောလိုက်သည်။ 

“ ကျနော် ကူညီပေးလို့တော့ရတယ်။ ဒါပေမဲ့ မစခင်မှာ တစ်ခုတော့ သဘောတူညီမှုတစ်ခုတော့ လုပ်ရမယ်။ အဲဒါက ခင်ဗျား စိတ်လွတ် ထွက်ပြီး မစဉ်းစားပဲ အလောတကြီး မလုပ်လိုက်ဖို့ဘဲ။ ဥပမာ ခင်ဗျား ခန္ဓာကိုယ်ကို ကြည့်လိုက်မိလို့ ခင်ဗျားက ကျနော်ကို စိတ်ဆိုးပြီး ကျနော့်မျက်လုံးကို ဖောက်ထုတ်ပစ်လိုက်မဲ့ ကိစ္စမျိုးပေါ့.. ”

ရှောင်ယွင်၏ စကားကို ကြားလိုက်ရသည့်အခါ သူမသည် ရယ်ရမလို လို ငိုရမလိုလိုပင် ခံစားလိုက်ရသည်။ သူမက ခေါင်းကို ခါယမ်းလိုက် သည်။ ထိုအချိန်တွင် အတွေးတစ်ခုက သူမခေါင်းထဲတွင် ဖြစ်ပေါ်လာသည်။ သူမ၏ အရှေ့တွင် ထိုကဲ့သို့ တစ်စုံတစ်ယောက်က ပြောရဲသည့်အဖြစ်မျိုး မကြုံရတာ  အတော်ကြာသွားပြီးဆိုသည့် အတွေး ပင် ဖြစ်သည်။

“ ငါက အဲ့လောက် ဆိုးသွမ်းတဲ့သူ မဟုတ်ပါဘူး။ မင်းရဲ့ လက်နဲ့ ပါးစပ်ကိုသာ ကောင်းကောင်း စောင့်စည်းထားပါစေ။ ငါကလည်း မင်းရဲ့အကူအညီကို နှိပ်စက်ပြီးတော့ ပြန်ဆပ်ရတာမျိုး မဖြစ်စေရဘူး..  ”

သူမ၏ ကတိစကားကြောင့် ရှောင်ယွင်လည်း နောက်ဆုံး သူမဆီကို တဖြည်းဖြည်း လျှောက်လာခဲ့သည်။ 

သူ့အကြည့်က သူမ၏ လှပချော မောသည့် မျက်နှာထက်မှာ ရစ်ဝဲသွားပြန်သည်။ ထို့နောက် ချောင်း တစ်ချက်ဟန့်လိုက်ပြီး သူမ၏ ရင်ဘက်အထက်က အင်္ကျီအပိုင်းကို ညင်သာစွာ ဆွဲဖယ်လိုက်သည်။ 

အဖြူရောင်အင်္ကျီအထည်ကို ဆွဲဖယ်လိုက်သည့်အခါ အတွင်းတွင် အပြာနုရောင်ရှိပြီး သံနှင့်ပြုလုပ်ထားသည့် အတွင်းကိုယ်ကျပ်အင်္ကျီ ကို မြင်လိုက်ရသည်။ ထိုအရာကား အလင်းအလှိုင်းများ စီးဆင်းနေ လေရာ သာမန်ပစ္စည်းမဟုတ်မှန်း သိသာထင်ရှားသည်။ ထိုကိုယ် ကျပ်အင်္ကျီထက်တွင် ခြေသည်းကုတ်ရာ အစင်းကြောင်း ၅ကြောင်း က နက်ရှိုင်းစွာ ကုတ်ခြစ်ထားထားသလို သွေးများသည်လည်း အိုင်ထွက်နေသည်။ 

“ တော်တော် မာကျောလှတဲ့ အတွင်းခံကိုယ်ကျပ်အင်္ကျီပါလား.. ဒီအင်္ကျီသာ မကာကွယ်ထားရင် နီလာခရမ်းတောင်ပံခြင်္သေ့ကြီးရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကိုယ်အထက်ပိုင်းတောင် ပြတ်ထွက်သွား နိုင်ရဲ့.. ”

ရှောင်ယွင်မှာ အပြာနုရောင် ကိုယ်ကျပ်အင်္ကျီကို ကြည့်ပြီ အံ့သြသွား သလို စိတ်ထဲမှာလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။ 

“ အဟမ်းးး.. ဒဏ်ရာက အတွင်းထဲမှာ ဖြစ်နေတယ်.. ဆေးလူးဖို့ဆို ရင် အတွင်းခံကိုယ်ကျပ်အင်္ကျီကို ချွတ်ပစ်မှ ရမယ်.. ”

ထိုအမျိုးသမီး၏ ချစ်စဖွယ်ကောင်းလွန်းသည့် ကိုယ်လုံးကို ပတ်လွှမ်း ထားသည့် အပြာနုရောင်ကိုယ်ကျပ်အင်္ကျီကို ကြည့်ပြီးနောက် တဖန် အမျိုးသမီး၏ အနည်းငယ်နီမြန်းနေသည့် မျက်နှာကို ပြန်ကြည့်လိုက် ပြီးလျှင် ရှောင်ယွင် အနည်းငယ် ရွက်ရွံ့စွာဖြင့် ပြောလိုက်သည်။ 

ရှောင်ယွင်စကားကို ကြားလိုက်သည့်အခါတွင် သူမသည် သိသာ ထင်ရှားစွာ တုန်ယင်သွားသည်။ သူမသည် အသက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူမ၏ ကော့ညွတ် ရှည်လျားသည့် မျက်တောင်ရှည်တွေဟာ အနည်းငယ် တုန်လှုပ်နေ သကဲ့သို့ ထင်ရသော်သည်။ သို့သော် သူမ၏ စကားလေသံမှာ  အတော်လေး တည်ငြိမ်ပေသည်။ 

“ ချွတ်လိုက်ပါ .. ကျေးဇူးပဲ.. ”

သူမက အတော်လေး ဆုံးဖြတ်ရသည်ကို မြင်သည့်အခါ ရှောင်ယွင် မှာ မသက်မသာ ခံစားလိုက်ရသည်။ ထို့နောက် ရှောင်ယွင်မှာ  သူ့ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ကျောက်ဖျာထက်တွင် လှဲလျောင်း နေသည့် သူမကို ထူမလိုက်ပြီးနောက် ထိုင်လိုက်စေသည်။ သူကား သူမ၏ နောက်ကျောပြင်ကို  မျက်နှာမူ၍ နေရာဝင်ယူလိုက်သည်။ 

သူမ၏ ပြေပြစ်လှသော နောက်ကျောပြင်ကောက်ကြောင်းကို ရှုစား မိသည့်အခါတွင် ရှောင်ယွင်မှာ သူ့လက်က အနည်းငယ်တုန်ယင် သွားမိလေသည်။ ထို့နောက် သူမ၏ အပေါ်ရုံလွှာကို တဖြည်းဖြည်း ဆွဲဖယ်လိုက်ကာ ဖြေချလိုက်သည်။ ထို့သို့ သူမ၏ အပေါ်ရုံလွှာကို ချွတ်ပေးသည့်အခါတွင် သူမ၏ အသားကို တစ်ချက်ချက် ထိမိလေသည်။ ထိုသို့ ထိသွားမိသည့်အခါတိုင်း သူမသည် တစ်ဆတ်ဆတ် တုန်ရီသွားမိသည်ကို ရှောင်ယွင် ခံစားလိုက်ရသည်။ ထိုမိန်းမကား ဒဏ္ဍာရီအဆင့်ဝင် အစွမ်းထက်သည့် ဒိုဝှမ်းအဆင့်သမား ဖြစ်သည်က မှန်သော်လည်း ယောင်္ကျားမိန်းမအရေးကိစ္စတွင် သူမသည်လည်း သာမန်မိန်းမသားတို့နှင့် သိပ်ပြီး မကွာခြားလှချေ။ ရှောင်ယွင်သည် သူမ၏ အဝတ်ကို သေးသွယ်သော ခါးအလယ်အထိ ဆွဲချလိုက်သည့် အခါတွင် အတွင်းခံကိုယ်ကျပ်အင်္ကျီ၏ သံမဏိကြယ်သီးတွေ ကို တွေ့လိုက်ရသည်။ ရှောင်ယွင်လည်း ကြယ်သီးများကို တစ်လုံး ချင်းစီ ဖြုတ်လိုက်သည်။ 

နောက်ဆုံး ကြယ်သီးကို ဖြုတ်လိုက်ပြီးနောက်တွင် ရှောင်ယွင်သည် ကိုယ်ကျပ်အကျီကို ဂရုတစိုက်ဖြင့် သူမ၏ ခန္ဓာကိုယ်မှ ဖယ်ခွာလိုက် သည်။ ရှောင်ယွင် မည်မျှပင် ဂရုတစိုက်ဖြင့် ဖယ်ခွာပေးသော်လည်း သံမဏိဖြင့် ပြုလုပ်ထားသည့် ကိုယ်ကျပ်အင်္ကျီဖြစ်လေရာ သူမ၏ ဒဏ်ရာကို ပွတ်ဆွဲသလိုဖြစ်သွားမိ၍ သူမသည် လေအေးအေးကို နှစ်ခါမျှ ရှုရှိုက်၍ အံကြိတ်တောင့်ခံလိုက်ရသည်။ 

အတွင်းခံကိုယ်ကျပ်အင်္ကျီကို ဖယ်ခွာလိုက်သည့်အခါ သူမ၏ အဝတ် မပါသည့် နောက်ကျောပြင်ကိုယ်လုံးသည် ရှောင်ယွင်အရှေ့တွင် တစ်စစ ပေါ်ထွက်လာခဲ့သည်။ ရှောင်ယွင်မှာ စေ့စေ့ပင် မကြည့်ရဲချေ။

ယောင်္ကျားပျိုတစ်ယောက်၏ အရှေ့တွင် မိမွေးတိုင်းဖမွေးတိုင် ကိုယ်လုံးဖြင့် နောက်ကျောထိုင်နေရသည်ဖြစ်ရာ သူမသည် ဒိုဝှမ်း အဆင့်သမားဖြစ်နေပါသော်လည်း သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူဆွတ် သည့် အသားအရေမှာ ပန်းနုရောင်ပြေးပြေးလေး နီမြန်းလာခဲ့သည်။ သူမ၏ နှစ်လိုဖွယ်ကောင်းသည့် ကိုယ်လုံးမှာလည်း ညင်သာစွာ တုန်ရီလို့နေသည်။ 

“ မင်းရဲ့ လက်နဲ့ မျက်လုံးကို ကောင်းကောင်း စောင့်စည်းထားပါ.. ”

ထိုအချိန်တွင် သူမသည် နောက်တစ်ကြိမ် သတိပေးနေမိပြန်သည်။ 

ရှောင်ယွင်သည် မချိတရိဖြင့် ပြုံးလိုက်ခါ သူ့၏ သိုလှောင်လက်စွပ်ကနေ အနက်ရောင်ဝတ်ရုံကို ထုတ်လိုက်ပြီး သူမကို လွှမ်းခြုံပေးလိုက် သည်။ ထို့သို့ ခြုံပေးလိုက်ပြီးနောက် သူမအနားကို တိုးကပ်လာပြီး နောက် သူမကို ကျောက်ဖျာထက်တွင် လှဲအိပ်လိုက်စေသည်။ 

သူမ၏ အနားကို တိုးကပ်သွားသည့်အခါတွင် သူမ၏ မျက်နှာမှာ အရှက်သည်းဟန်ဖြင့် နီမြန်းနေကာ ညို့ငင်ဆွဲအားကောင်းနေသည်ကို ရှောင်ယွင် သတိထားမိသည်။ ထို့အပြင် သူမ၏ အကြည့်သည်လည်း သိပ်မအေးစက်တော့သည်ကိုလည်း သတိထားမိသည်။ ရှောင်ယွင်က သူမကို ဝတ်ရုံ လွှမ်းခြုံပေးလိုက်ခြင်းက သူမ၏ မသက်မသာခံစားနေရမှုကို လျော့ကျသွားစေပုံရကာ သူ့အပေါ်တွင် အကောင်းမြင်စိတ် ဖြစ်သွားစေဟန် ရသည်။ 

“ အခု ဒဏ်ရာကို ဆေးကြောပေးမယ်.. ”

ရှောင်ယွင် သတိပေးလိုက်ပြီးနောက် သူမဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံကို တဖြည်းဖြည်း ဆွဲချလိုက်သည်။ သူမ၏ ရင်ဘက်က ဒဏ်ရာမှာ အပြည့်ပေါ်သွားသည့်အခါတွင် ရှောင်ယွင် ချက်ချင်း ရပ်တန့်လိုက်သည်။ ထိုအနေအထားတွင် သူမ၏ ရင်နှစ်မြွာအလယ်ကြားနှင့် ရင်မြတ်အထက်ပိုင်းလေးကိုပင် မြင်နေ ရသည်။ ထိုမြင်ကွင်းက ယောင်္ကျားသားတို့ကို ကောင်းကောင်း ရူးသွပ်သွားစေလောက်သည်။ 

ရှောင်ယွင်သည် သူ့၏ သိုလှောင်လက်စွပ်ကနေ သန့်ရှင်းသည့် အဝတ်အပိုင်းအချို့ကို ထုတ်ယူလိုက်ပြီးနောက် အစိမ်းနုရောင် ရှိသည့် ဆေးရည်ဖြင့် အဝတ်ပေါ်ကို လောင်းချလိုက်သည်။ ပြီးလျှင် ထိုအဝတ်ဖြင့် သူမ၏ ဒဏ်ရာက သွေးခြောက်တွေကို ညင်သာစွာ ပွတ်သပ်သုတ်ပေးလိုက်သည်။ 

ရှောင်ယွင်က ညင်သာစွာ သုတ်ပေးသော်လည်း ထူးခြားသည့် အမျိုးသမီးမှာ အနည်းငယ် မျက်မှောင်တွန့်သွားရသည်။ သူမ၏ ဦးခေါင်းထက်တွင် ထိုးစိုက်ထားသည့် ဇာမဏီငှက်သဏ္ဍာန် ဆံထိုးလေးက ယိုင်လဲလို့နေရာ သူမသည် အနည်းငယ် ကပိုကရို ဆန်စွာဖြင့် တော်ဝင်ဆန်စွာ လှပမှုက အနည်းငယ်လျော့ကျနေ သယောင်ပင်။

တဖန် သူမ၏ လှပလွန်းသည့် မျက်ဝန်းသည် သူမ၏ ဒဏ်ရာအား ခေါင်းငုံ့ကာ အသေအချာ ဆေးကြောပေးနေသည့် ရှောင်ယွင်ကို ငေးကြည့်လို့နေသည်။ သူမ၏ အကြည့်သည် ကျေးဇူးတင်သည့် အကြည့်ကဲ့သို့ ဖြစ်နေသည်။ 

ရှောင်ယွင်သည် သူမ၏ ဒဏ်ရာကို သေချာစွာ ဆေးကြောပေးလိုက် ပြီးနောက် နောက်ထပ်ကျောက်စိမ်းပုလင်းထဲနေ အဖြူရောင်ဆေးမှုန့် တချို့ကို သူမ၏ ဒဏ်ရာတွင် ဖြူးထည့်ပေးလိုက်သည်။ ဆေးမှုန့်၏ အစွမ်းကြောင့် သူမ၏ မျက်ခုံးနှစ်ဖက်က တွန့်ကွေးသွားသလို ညည်းသံသဲ့သဲ့လေးပါ ထွက်ကျလာမိသည်။ 

“ စိတ်အေးအေးထားနော်.. ခနနေဆို ပြီးပြီ ”

ရှောင်ယွင်က ပြုံးလျက် ဆိုလိုက်ပြီးနောက် သူမ၏ ဒဏ်ရာပေါ်ကို ဆေးမှုန့်များ ထပ်မံဖြူးလိုက်သည်။ ထို့နောက် သွေးယိုစီးကျနေတာ ကို သုတ်ဖို့ သိုလှောင်လက်စွပ်ကနေ အဝတ်ကို ထပ်မံ ထုတ်လိုက် ပြီး သူမ၏ဒဏ်ရာပတ်လည်ကို သေချာစွာ ထပ်မံသုတ်လိုက်သည်။ 

သူမ၏ ဒဏ်ရာကို ပတ်တီးစည်းသည့်အခါတွင်လည်း ရှောင်ယွင်မှာ သူ့အကြည့်ကို စောင့်စည်းထားလေသည်။ သို့သော် သူမ၏ မမြင် သင့်သည့်အရာကို မမြင်ချင်သား မြင်နေရဆဲပင်။ ကံကောင်း ထောက်မစွာဖြင့် သူ့အကြည့်တွေကို ကောင်ေးကာင်းဖုံးကွယ်နိုင်ခဲ့ သည်။ သို့မဟုတ်လျှင် ထူးခြားသည့်အမျိုးသမီးက သဘောထား ပျော့ပျောင်းနေရာကနေ အခြေအနေဆိုးသွားနိုင်သည်။ 

“ ပြီးပြီ.. ဒဏ်ရာကို ဒီပတ်တီးနဲ့ပဲ ထားထားဦး.. အတွင်းဒဏ်ရာက တော့ ကိုယ့်ဘာသာကို အနာကျက်သွားအောင် လုပ်လို့ရပါတယ်.. ပြီးတော့ အချုပ်အနှောင်ကလည်း ကိုယ့်ဘာသာပြန်ဖြည်ကြည့်ပေါ့ ”

ရှောင်ယွင်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီးနောက် အနောက် ကို ဆုတ်ပြီ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ 

“ ကျေးဇူးတင်ပါတယ်.. ”   

ကျောက်ဖျာထက်က အမျိုးသမီးသည် လဲလျောင်းနေရာမှ ရှောင်ယွင်ကို ပြီးပြည့်စုံသည့် အပြုံးတစ်ခုဖြင့် ပြုံးပြကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမ၏ အပြုံးကား တုနှိုင်းမဲ့အပြုံးဟုပင် တင်စားဆိုရလောက်ပေသည်။ 
====================================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...