Followers

Chapter 115

အပိုင်း ( ၁၁၅ ) - ဂူအဝင်ဝက အန္တရာယ်များ 

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

 မတ်စောက်သော ချောက်ကမ်းပါးအစွန်းတွင် လူပုံရိပ် နှစ်ခုက လရောင်အောက်မှာ ထွက်ပေါ်လို့ လာသည်။

“ စလိုက်တော့မလား.. ”

ရှောင်ယွင်က အရှေ့တိုးကာ ချောက်ကမ်းပါးအောက်က မဲမှောင်နေသော နေရာကို ကြည့်လိုက်ပြီး အနောက်ပြန် လှည့်၍ အနက်ရောင်ဝတ်စုံအား တင်းကျပ်စွာ ဝတ်ဆင် ထားသော နတ်မိမယ်သမားတော်မလေးကို မေးလိုက်၏

နတ်မိမယ်သမားတော်မလေးသည် ခေါင်းကို အသာ ညိတ်ပြလိုက်ပြီ ဒူးထောက်လိုက်ကာ တုတ်ခြောက် အနည်းငယ်ကို ကောက်ယူလိုက်ပြီး မီးတုတ်နှစ်ချောင်း ဖြစ်အောင် ကျွမ်းကျင်စွာ ပူးချည်လိုက်သည်။ ထို့နောက် အဝါရောင်ဖျော့ဖျော့အမှုန့်ကို ၎င်းမီးတုတ်ပေါ် ဖြူးပေး လိုက်သည်။ ထိုနောက် မီးတုတ်နှစ်ချောင်းကို မီးရှို့လိုက် သည်။ 

“ ယူထားလိုက်… ”

နတ်မိမယ်သမားတော်မလေးက ရှောင်ယွင်အား မီးတုတ် ကို ကမ်းပေးလိုက်သည်။ ပြီးလျှင် သူမသည် ကြိုးရှည် တစ်ခွေကို ထုတ်ယူလိုက်ပြီ ရှောင်ယွင်ကို ပစ်ပေးလိုက် ပြန်သည်။ သူမသည် ပြုံးလိုက်ရင်း

“ ယောင်္ကျားတစ်ယောက်အနေဖြင့် အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ဦးစီးခေါင်းဆောင် ပေး မလုပ်လောက်ပါဘူး… ဟုတ်တယ်မလား.. ”
ရှောင်ယွင်လည်း မီးတုတ်ကို ကိုင်ထားရင်း ကြိုးခွေကို ပြဿနာရှိမရှိ သိရန် အားကုန်ဆွဲကြည့်လိုက်သည်။ ထို့နောက် ပြုံးနေသော မျက်နှာနှင့် နတ်မိမယ်သမား တော်မလေးကို တချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ 

“ အတူတူဆင်းမယ်.. ငါ့နဲ့ ရင်းနှီးတာ သိပ်မကြာသေးတဲ့ လူတစ်ယောက်ကို ယုံကြည်ပေးဖို့က ငါ နောက်ကျော မလုံဘူး.. ”

“ နင်..  နင် ယောင်္ကျားမှ ဟုတ်ရဲ့လား.. ”

ရှောင်ယွင်၏ သံသယရှိသည့် စကားက နတ်မိမယ် သမားတော်မလေးကို မခံမရပ်နိုင် ဖြစ်သွားစေခဲ့သည်။ သူမနှင့် အမြဲ ပြောဆိုနေရသည့် ကြေးစားစစ်သည်တို့ က မကွယ်မဝှက် ပြောတတ်သူများဖြစ်သလို ရိုးသားကြ သူများလည်း ဖြစ်သည်။ သူမကဲ့သို့ ဒိုကျဲအဆင့်သာ ရှိသေးသည့် အားနည်းသော မိန်းကလေးတစ်ယောက် ကိုပင် သံသယရှိသည့် ရှောင်ယွင်ကဲ့သို့ လူမျိုးကို သူမ အမှန်ပင် မတွေ့ခဲ့ဖူးပါ။ 

“ ငါ့မှာ အသက်တစ်ချောင်းပဲ ရှိတယ်လေ.. မိန်းမလှ လေးတစ်ယောက်ရဲ့ အရှေ့မှာ လူစွမ်းကောင်း တစ်ယောက်လို လုပ်ပြဖို့ မစွန့်စားရဲပါဘူး.. ဟဟား.. မင်းမေ့ထားလိုက်တော ကောင်းပါတယ်.. ”

ရှောင်ယွင်သည် နတ်မိမယ်သမားတော်မလေးကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားပြီး တည်ငြိမ်သော လေသံ ဖြင့် ပြောလိုက်သည်။ 

“ နင်.. နင်.. ”
“ ဘယ်လိုလဲ.. အောက်ဆင်းဖို့ အစီအစဉ်ရှိသေးလား.. ဒီလို ရစ်နေမယ်ဆိုရင် မိုးလင်းသွားလိမ့်မယ်.. ”

ရှောင်ယွင်က ခေါင်းလှည့်ပြီး သူမကို ပြုံးကာ မေးလိုက် သည်။ 

“ ဆင်းမယ်.. သွား.. ”

ရှောင်ယွင်၏ အမြင်ကပ်စရာ အပြုံးကို မျက်စောင်းထိုး ကြည့်လိုက်ပြီး နတ်မိမယ်သမားတော်က အံကိုကြိတ်၍ အမြင်ကပ်စွာဖြင့် သူမ၏ ခြေသေးသေးလေးကို နင်းဆောင့်လိုက်သည်။ 

ရှောင်ယွင်က ခပ်ဖွဖွလေးပဲ ပြုံးလိုက်ပြီ ကြိုးရှည်ကို ယူကာ သစ်ပင်ကြီးတစ်ပင်မှာ သွားချည်လိုက်သည်။ ပြီးလျှင် သေချာကို ကြိုးကို ဆွဲစမ်းကြည့်ပြီးနောက် သူ့ ရင်အုပ်ကို ဖြန့်ကားထားပြီး နတ်မိမယ်သမားတော်မလေး ကို လက်ဟန်ခြေဟန်ဖြင့် သူ့ရင်ခွင်ထဲလာဖို့ ပြသလိုက် သည်။ 

“ ဒီကိုလာ.. ”

“ ကျွန်မအတွက် ကြိုးအပိုပါလာတယ်.. ရှင့်အကူအညီ မလိုဘူး ..ရတယ်.. ရတယ်.. ”

ရှောင်ယွင်၏ အပြုအမူကို မြင်သည့်အခါ သူမသည် ချက်ချင်းပဲ အနောက်ကို ကမန်းကတန်းဆုတ်လိုက် သည်။ သူမ၏ ချောမောလှပသည့် မျက်နှာတွင် ရှက် သွေးများဖြင့် နီမြန်းသွားပြီး ဒေါသသံဖြင့် ကြောက်လန့် တကြား ငြင်းလိုက်သည်။  
“ ပြီးတာပဲလေ.. မင်းတစ်ယောက်တည်း သွားပေါ့..ဒါပေမဲ့ တစ်ခုတော့ သတိပေးလိုက်ဦးမယ်.. ချောက်ကမ်းပါးအောက်မှာ အဆိပ်ရှိတဲ့ မြွေတို့ ကင်းမြီကောက်တို့ ကြွက်တို့ ရှိနေလား မရှိဘူးလား ဆိုတာ ငါလည်း အာမခံဘူးနော် ”

ရှောင်ယွင်သည် ပြုံးလိုက်ရင်း  ခပ်တည်တည်ပဲ ပခုံးကို တွန့်၍ ပြောလိုက်သည်။ 

“ နင်.. ခွေးကောင်.. နင် သေချာပေါက် အသေဆိုးနဲ့ သေပါစေ.. ”

သူမသည် ဒေါသတကြီးဖြင့် အနက်ရောင်အရာတစ်ခု အား ရှောင်ယွင်ဆီကို ပစ်ပေါက်လိုက်ရာ ရှောင်ယွင်က လှမ်း၍ ဖမ်းလိုက်ရသည်။ ထိုအရာကို တစ်ချက်ကြည့် လိုက်ရာ ကြိုးခွေမှန်း သိလိုက်သည်။ ထိုကြိုးခွေမှာ စောစောက နတ်မိမယ်သမားတော်မလေး၏ လက်ထဲက ကြိုးခွေ ဖြစ်မှန်းလည်း သိလိုက်သည်။ 

“ နင်က ကပြောင်ကပျက်လုပ်ရဲရင်တော့ နင့်ကို တစ်ခါ တည်း  အဆိပ်မိအောင် လုပ်ပြီး သတ်လိုက်မယ်.. ”

ခြိမ်းခြောက်စကားဆိုရင် နတ်မိမယ်သမားတော်မလေးက လျှောက်လှမ်းလာရာ မွှေးပျံ့သော ကိုယ်သင်းရနှံ့က ရှောင်ယွင်ဆီကို ပျံလွင့်လာသည်။ ခဏအကြာတွင် နူးညံ့ပြီး သေးသွယ်သော ကိုယ်လုံးလေးတစ်ခုက ရှောင်ယွင်ရင်ခွင်ဆီကို ရောက်ရှိလာသည်။ 

နူးညံ့ပြီး သေးသွယ်သော ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲ တိုးဝင်ရောက်ရှိလာသည်ကို ရှောင်ယွင်သည် သူ့နှလုံး သားသို့ပင် တိုးဝင်လာသည်သကဲ့သို့ ခံစားလိုက်ရ၏။ သူ့နှလုံးသားသည်လည်း အထိန်းအကွပ်မဲ့စွာ တုန်ခါ သွားလေသည်။

“ ဟဲ့.. မဆင်းသေးဘူးလား.. ”

ရှောင်ယွင်က နှစ်သက်ဖွယ် နူးညံ့ပျော့ပြောင်းနေခြင်း အား နှစ်ခြိုက်မိန်းမောနေသည့်အခိုက်တွင် နတ်မိမယ် သမားတော်မလေး၏ စွာတာတာအသံက သူ့နားထဲကို စူးရှစွာ တိုးဝင်တာသည်။ 

“ တောင်းပန်ပါတယ်ဗျာ.. ”

ရှောင်ယွင် ရယ်မောရင်း တောင်းပန်စကား ဆိုလိုက်၏။ သို့သော် သူ့စကားသံထဲတွင် တကယ် တောင်းပန်လိုက် သည့် လေသံမျိုး မဖြစ်နေပါ။ တစ်ခါ မိန်းမပျိုလေးကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်ပြီးနောက် ခြေဖျား ထောက်၍ ချောက်ကမ်းပါးအစွန်းကနေ ခုန်ဆင်းလိုက် သည်။ နှစ်ယောက်စလုံးသည် ချောက်ကမ်းပါးအောက် က အမှောင်ထုထဲကို တိုက်ရိုက် ဆင်းကျသွားသည်။ 

ပြင်းထန်သော တိုက်ခတ်လေများက သူတို့၏ နားစည် ထဲကို ဆောင့်တိုးဝင်သွားကြသည်။ ကိုယ်ပေါ်က အဝတ် များသည်လည်း ပြဲဆုတ်သွားတော့မည်မတတ် ဆွဲဆန့် ခြင်း ခံနေရသည်။ ရှောင်ယွင်၏ ဘယ်လက်က နတ်မိမယ်သမားတော်မလေးကို ပွေ့ဖက်ထား၍ ညာ ဘက်လက်က ကြိုးထုံးကို ကိုင်ထားကာ လက်က ဆွဲဆွဲ တင်းလိုက်တိုင်း အရှိန်က တဖြည်းဖြည်း နှေးကျလာပြီး နောက်ဆုံးတွင် နှစ်ယောက်စလုံးသည် လေအလယ်တွင် ရပ်တန့်သွားသည်။ 

ရှောင်ယွင်မှာ အသက်ပြင်းရှည် ချလိုက်ပြီး နတ်မိမယ် သမားတော်မလေးကို ငုံ့ကြည့်လိုက်သည်။ သူမသည် ရှောင်ယွင်ကို တင်းတင်းကျပ်ကျပ်ဖက်ထားသည်ကို တွေ့၍ ရှောင်ယွင် လှောင်ပြုံး ပြုံးလိုက်မိသည်။ တဖန် ဘေးပတ်လည်က နက်မှောင်နေသော အမှောင်ထုကို အကဲခတ်ကြည့်လိုက်ပြီး ညင်သာသော လေသံဖြင့် မေးလိုက်သည်။ 

“ ဂူက ဘယ်နားမှာ ရှိနေတယ်ဆိုတာ ပြပေးပါလား ”

ရှောင်ယွင်က လေးနက်စွာ မေးမြန်းလာသည့် စကားကို ကြားလိုက်ရသည့်အခါ နတ်မိမယ်သမားတော်မလေး လည်း သည်းထိတ်ရင်ဖို ဖြစ်သွားတာ လျော့ပါးသွား သည်။ ဘေးပတ်လည်ကို ကြည့်ပြီး သူမကိုယ်သူ ရေရွတ်နေရင်း နောက်ဆုံးတွင် အမှောင်ထုထဲက တစ်နေရာဆီကို လက်ညိုးထိုးပြီး တိုးတိုတ်စွာ ပြောလိုက်သည်။ 

“ အဲဒီနေရာ ဖြစ်မယ်.. ”

ရှောင်ယွင်လည်း သူမညွန်ပြလိုက်သော နေရာဆီကို ကြည့်လိုက်ပြီ ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး နောက် သူမကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ 

“ တင်းတင်းဖက်ထား.. ”

ထိုစကားကို ကြားရစဉ် နတ်မိမယ်သမားတော်မလေးက တစ်ချက်တော့ တွေဝေသွားသည်။ သို့သော် ရှောင်ယွင် က ချောက်ကမ်းပါးနံရံအား ခြေထိပ်ဖြင့် ကန်လိုက်၍ သူတို့က နောက်တကြိမ် အဝေးသို့ လွှဲယမ်းသွားသည့် အခါ သူမသည် ရှောင်ယွင်၏ ခါးကို ထိတ်လန့်တကြား ဖြင့် အမြန်ဖက်လိုက်ပြီး သူမ၏ မျက်နှာကိုလည်း ရှောင်ယွင်၏ရင်ခွင်ထဲ နစ်မြုပ်ထားလိုက်တော့သည်။  

ရှောင်ယွင်၏ ခြေထိပ်ဖျားက ချောက်ကမ်းပါးနံရံအား ဆက်တိုက် ကန်လာခဲ့ပြီး ကြိုးဆွဲအားကြောင့် တဖြည်း ဖြည်းဖြင့် သူတို့နှင့် ဂူပေါက်တို့ နှစ်ခုကြားထဲက အကွာ အဝေးသည် နီးကပ်လာခဲ့သည်။ 

“ မီးတုတ်ကို အဲဒီကို ပစ်ထည့်လိုက်.. ”

အကွာအဝေးက နီးကပ်လာသည့်အခါတွင် ရှောင်ယွင်က အသံနိမ့်ကာ ပြောလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရှိနေသည့် မှောင်မည်းနေသော နေရာဆီကို မေးဆတ်ပြလိုက် သည်။ 

“ အင်း.. ”

သူမလည်း နားလည်သည့်ဟန်ဖြင့် ခေါင်းကို အသာ ညိတ်လိုက်ပြီ မှောင်မည်းနေသော နေရာဆီကို ချိန်ရွယ် ၍  မီးတုတ်အား လွှဲယမ်းပစ်လိုက်သည်။ 

မီးတုတ်က ချောက်ကမ်းပါးနံရံအား ထိမှန်သွားပြီး မီးစများက ပြန်ပြီး လွင့်စင်ပြန့်ကျဲသွားသည်။ ရရှိလာ သော အလင်းရောင်ဖျော့ဖျော့ဖြင့် ရှောင်ယွင်သည် ဂူပေါက်ဝနေရာကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ 

“ ဟူး.. ”

ပန်းတိုင်နေရာနှင့် သိပ်မဝေးတော့သည့်ကို သိလိုက်ရ သောကြောင့် ရှောင်ယွင် အသက်ပြင်းချလိုက်သည်။ ထိုစဉ် သူ့တစ်ကိုယ်လုံးတွင် ကြက်သီးများ တဖြန်းဖြန်း ထလာပြီး သတိပေးသံများ စိတ်ထဲတွင် ထမြည်လာခဲ့ သည်။ ထိုအခါ ရှောင်ယွင်သည် ချောက်ကမ်းပါးနံရံကို ဆောင့်ကန်လိုက်၍ ရှောင်ယွင်တို့နှစ်ယောက်က ကြိုးကို ဆွဲထားရင်း အပြင်ဘက်ကို လွှဲယမ်းထွက်သွားသည်။ 

“ ရှီးးး ”

လေကို ခွဲဖြတ်လာသော အသံက ညကောင်းကင်ဆီ ပျံလွင့်သွားသည်။ ရှောင်ယွင်က မီးတုတ်က မီးရောင် အားကိုးဖြင့် အလစ်ဝင်တိုက်ခိုက်လာသောအရာကို အမျိုအစားခွဲ ကြည့်လိုက်သည်။ 

“ ချောက်ကမ်းပါးမြွေတွေ.. ”
ရှောင်ယွင် အမူအရာ ပျက်ယွင်းသွားသလို ထိုနာမည်ကို လည်း အော်လိုက်သည်။ ရှောင်ယွင်၏ မျက်နှာအမူ အရာက ဒေါသဘက်ကို ကူးပြောင်းသွားသည်။ 

ချောက်ကမ်းပါးမြွေဆိုသည့် နာမည်အတိုင်း မြွေအမျိုး အစား မှော်သားရဲကောင်တို့သည် ကျောက်သားဆန် သော ချောက်ကမ်းပါးတွင် နေထိုက်ကြကာ ခွန်အား အဆင့်မှာလည်း အဆင့်၁ သတ္တဝါ ဖြစ်ကြသည်။ ၎င်း မြွေအမျိုးအစား သားရဲကောင်သည် ရှည်လျားပြီး တောင်ပံပါရှိသော ခန္ဓာကိုယ်ကလည်း သိမ်းငှက်ကဲ့သို့ လေထဲ ထိုးခွဲသွားနိုင်သည်။ ပြီးနောက် ၎င်း မှော်သားရဲကောင်သည် ကျောက်သားသဘာဝ ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၎င်းတို့ ခန္ဓာကိုယ်သည်လည်း ကျောက်သားတမျှ မာကျော၍ သာမန်ရိုးရိုးလက်နက်က သူတို့ကို ထိခိုက်သွားစေဖို့က ခဲယဉ်းစေသည်။ 

နေ့အလင်းရောင်မှာ ရှောင်ယွင်တစ်ယောက်တည်းဖြင့် ချောက်ကမ်းပါးမြွေကို ရင်ဆိုင်အနိုင်ယူဖို့ ခဲယဉ်းနေရာ ယခုတွင် လေထဲ တန်းလန်းဖြစ်နေသည့်အပြင် နတ်မိမယ်သမားတော်မလေးကိုလည်း ပွေ့ချီထားရ၍ သူ့အနေဖြင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ချေ။ ထိုကြောင့် ရှောင်ယွင်၏ အမူအရာက ပျက်ယွင်းသွား ခြင်း ဖြစ်သည်။ 

“ ဟင်.. ချောက်ကမ်းပါးမြွေ.. ဒါဆို ဘာလိုလုပ်ကြမှာလဲ ဟင်.. ”

ရှောင်ယွင်၏ အထိတ်တလန့် အော်လိုက်သည့် အသံကို ကြားလျှင် နတ်မိမယ်သမားတော်မလေး၏ ကိုယ်လုံးမှာ တုန်ရီသွားပြီ ရှောင်ယွင်ကို အလောတကြီးဖြင့် မေး လိုက်သည်။ သူမသည်လည်း ချောက်ကမ်းပါးမြွေ အကြောင်းကို ကြားဖူးထားသည်။ 
ရှောင်ယွင်က လေထဲမှာ ရစ်ပတ်ခွေနေသော အဝါရောင် မြွေကိုသာ မျက်လုံးကို မှေးကျဉ်းထားပြီး ကြည့်နေလိုက် သည်။ ယင်းမြွေသည် သူတို့ကို တြိဂံပုံမျက်လုံးဖြင့် အေးစက စွာဖြင့် ပြန်လည် စိုက်ကြည့်နေသည်။ ရှောင်ယွင်သည် အချိန်ခဏအကြာ သူ့ကိုယ်သူ ရေရွတ်နေရင်း အကြံတစ်ခုက ရုတ်တရက် ထွက်လာပြီး နတ်မိမယ် သမားတော်မလေးကို ခပ်တိုးတိုး  မေးမြန်း လိုက်သည်။

“ မင်းမှာ လူကို သတိလစ်စေတဲ့ပေါင်ဒါအမှုန့်တွေ ရှိသေးလား ”

နတ်မိမယ်သမားတော်မလေးသည် မျက်လုံးကို လှန်ကာ စဉ်းစားလိုက်သည်။ မကြာချေ.. သူမက ခေါင်းညိတ် လိုက်ပြီ သူမ၏ ရင်ဘက်အင်္ကျီထဲကနေ ပေါင်ဒါအမှုန့် အိတ်တစ်အိတ်ကို ထုတ်ပြီး ရှောင်ယွင်ကို ကမ်းပေး လိုက်သည်။ 

“ ကျန်သမျှ ဒါအကုန်ပဲ.. ချွေတာသုံးမှရမယ်.. ”

ရှောင်ယွင်က အိတ်ကို ယူလိုက်ပြီ အားလုံးကို လက်ထဲ တွင် ကျစ်ကျစ်ပါအောင် ဖမ်းဆုပ်ထားလိုက်သည်။ ပြီးနောက် တိုက်ခိုက်တော့မည့်ဟန်ပြင်နေသော ချောက် ကမ်းပါးမြွေကို မျက်တောင်မခတ်ဘဲ  ကြည့်နေလိုက် သည်။ 

“ ရွှီးးး ”
 
မြွေတွန်သံတစ်ချက်နှင့်အတူ ချောက်ကမ်းပါးမြွေက သေးငယ်သော တောင်ပံကို ပိုပြီး ခတ်လိုက်သည်။ မကောင်းသည့် အငွေ့အသက်က မြွေ၏ မျက်ဝန်းတွင် တစ်ချက်ဖြတ်သန်းသွားပြီး ရှောင်ယွင်ဆီကို ဒိုင်ဗင်ထိုး ဝင်လာသည်။ ၎င်း၏ ကြီးမားသော ပါးစပ်တွင် ထက်မြ သော အစွယ်က အေးစက်သောအလင်းရောင်များ တောက်ပနေသေည်။ 

တဖြည်းဖြည်း နီးကပ်လာသော ချောက်ကမ်းပါးမြွေကို အေးစက်စွာ ကြည့်နေရင်း ရှောင်ယွင်က လက်သီးကို ပို၍ ပို၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သသည်။ 

“ မြန်မြန် တိုက်တော့လေ.. အရူးကောင်ရဲ့.. ”

နတ်မိမယ်သမားတော်မှာ ရှောင်ယွင်က စတင်ဟန်ပြင် နေသည်ကို မြင်လျှင် အလောတကြီးဖြင့် အော်ပြော လိုက်မိသည်။ 
သို့သော် ရှောင်ယွင် သူမ၏ အော်သံအား ဂရုမစိုက်ပါ။ စကားမပြောဘဲ နေနေရင်း သူ့ခန္ဓာကိုယ်ထဲက ဒိုချီစွမ်း အင်ကို သွေးလွှတ်ကြောများနှငင့် သွေးပြန်ကြောများ အနှံ့တစ်လျှောက် လှည့်ပတ်ထားပြီးပြီ ဖြစ်သည်။ 

ချောက်ကမ်းပါးမြွေကိုသာ စိုက်ကြည့်နေရင်း မြွေမျာ ဆယ်မီတာအနားသို့ပင် ရောက်လာသည့်အချိန်တွင် နတ်မိမယ်သမားတော်မလေးသည် ရှောင်ယွင်၏ နောက်ကျောကို ကုတ်ခြစ်၍ ဒေါသထွက်ထွက်နှင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ 

“ အရူးကောင်.. နင့်ကြောင့် ငါသေရတော့မယ်ဟဲ့.. ”

သို့သော် ချောက်ကမ်းပါးမြွေသည် ဆယ်မီတာအတွင်း သို့ ဝင်လာသည့်အချိန်တွင် ရှောင်ယွင် နောက်ဆုံး စတင်လှုပ်ရှားလိုက်သည်။ တင်းကျပ်စွာ ဆုပ်ထားသော လက်သီးကို ရုတ်တရက်ဖွင့်လိုက်ပြီ သူ့လက်ဝါးအတွင်း ကနေ ချီစွမ်းအင်တို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာ သည်။  အဖြူရောင်ပေါင်ဒါအမှုန့်တို့ကိုပါ တစ်ပါတည်း သယ် ဆောင်သွားပြီ အဖြူရောင်မျှားတစ်ချောင်းလို ပြေး ထွက်သွားကာ ချောက်ကမ်းပါးမြွေဆီကို ပြေးဝင်သွား သည်။ 

အဖြူရောင်ပေါင်ဒါအမှုန့်က ချောက်ကမ်းပါးမြွေကို ထိမှန်သွားသည့်အချိန်တွင် ရုတ်တရက် အဖြူရောင် တိမ်တိုက်အသေးစားတစ်ခုလို ပေါက်ကွဲထွက်သွားပြီ ချောက်ကမ်းပါးမြွေတစ်ကိုယ်လုံးကို ဖုံးအုပ်သွားချေ သည်။ 

“ ဘုန်းးး ”

အဝါရောင်မြွေက အဖြူရောင်ပေါင်ဒါအမှုန့်ကြားတွင် တွန့်လိမ်နေပြီးမှ ခဏအကြာတွင် လေထဲကနေ ပြုတ် ကျလာပြီ နက်ရှိုင်းသော ချောက်ကမ်းပါးအောက်သို့ အရှိန်ပြင်းပြင်းဖြင့် မြေပြင်ကို ဆောင့်ကျသွားတော့ သည်။ 

ချောက်ကမ်းပါးမြွေက အမှောင်ထုအောက် ပျောက် ကွယ်သွားသည်ကို ကြည့်ပြီ ရှောင်ယွင် စိတ်လက် ပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ မြွေ၏ ခန္ဓာကိုယ် က ကျောက်သားစိုင်တမျှ မာကျောသည်က မှန်သော် လည်း ချောက်၏အနက်နှင့်ဆိုလျှင် အသားစင်ကော ဖြစ်သွားမှာ သေချာသည်။ 

ရှောင်ယွင် ခေါင်းကို မော့ပြီ လေထဲမှာ ရစ်သိုင်းကျန်နေ ဆဲသော အဖြူရောင်ပေါင်ဒါအမှုန့်ကို ကြည့်လိုက်သည်။ လက်ဝါးကို နောက်တစ်ခါ ဝှေ့ယမ်းလိုက်လျှင် အားကောင်းသော ဒိုချီစွမ်းအင်က ရုတ်တရက် အရှေ့ကို ပြေးထွက်သွားပြီ လေထုထဲက အဖြူရောင်ပေါင်ဒါအမှုန့် ကို ချက်ချင်း ခါထုတ်ပစ်လိုက်သည်။ 

“ ရှင့်မှာ မိန်းမတစ်ယောက်ကို အနိုင်ကျင့်တတ်ရုံအပြင် နောက်ထပ်ပညာရပ်တွေ တတ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး.. ”

ရှောင်ယွင်မှာ ထိုတိုက်ပွဲတွင် မသမာသော နည်းလမ်း ဖြင့် အနိုင်ရလိုက်သည်ဟု ဆိုင်နိုင်သော်လည်း အန္တရာယ်ရှိသော တိုက်ပွဲအလယ်အခြေအနေမှာပင် သူ့ ၏ ရဲဝံ့တည်ငြိမ်မှုကို အထင်အရှားတွေ့လိုက်ရ၍ နတ်မိမယ်သမားတော်မလေးမှာ ရှောင်ယွင်ကို လေးစား ချင်သွားသလိုလိုပင် ဖြစ်သွားသည်။ 

ရှောင်ယွင် စိတ်မပါတပါဖြင့်သာ ပြုံးလိုက်ပြီးနောက် သူမကို ပွေ့ဖက်လိုက်ကာ ဂူအပြင်ဘက်နေရာဆီသို့ တဖြည်းဖြည်း ဆင်းသွားလိုက်သည်။ ဂူအဝင်ပေါက် အရှေ့ကို ရောက်သည့်အခါ ရှောင်ယွင် အထဲကို အကဲခတ် ကြည့်လိုက်သည်။ ဂူဝင်ပေါက်တွင် ကျောက် တုံးအုတ်ကျိုးများဖြင့် ခပ်စိပ်စိပ်ပိတ်ထားပြီ သစ်တုံးများ လည်း ပါသေးသည်။ ရှောင်ယွင်မှာ မျက်မှောင်ကို ကြုတ် ထားလိုက်ပြီ ခဏအကြာတွင် သူ့ခေါင်းကို စိတ်ပျက် လက်ပျက်ဖြင့် ခါယမ်းလိုက်သည်။ 

ရှောင်ယွင်သည် သူ့လက်ဝါးကို ဖြည်းဖြည်း ဖွင့်လိုက် သည်။ အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီးနောက် စိတ် ထဲကနေလည်း အော်ဟစ်လိုက်သည်။ 

“ မီးလက်ဝါး.. ”

စိတ်ထဲကနေ အော်ဟစ်သံက မြည်ဟီးသွားသလို ထုထည်ကြီးမားသော တွန်းကန်အားကလည်း သူ့၏ လက်ဝါးပြင်အလယ်ခွက်ကနေ အပြင်သို့ ဖောက်ထွက် လာသည်။ လေပြင်းမုန်တိုင်းတစ်ခုက ကြွေကျနေသာ သစ်ရွက်များကို လှည်းကျင်းသိမ်းကြုံးသွားသလို ယခုတွန်းကန်အားသည်လည်း ကျောက်တုံးပုံနှင့် သစ်တုံးများကို အဝေးသို့ အမှောင်ထုထဲ လွင့်ထွက်သွား စေခဲ့သည်။ 

ရှင်းထုတ်ပြီးသွားသည့်အခါ ရှောင်ယွင်၏ နဖူးပြင်တွင် ချွေးပြန်လာကာ အသက်ရှုသံသည်လည်း မောဟိုက် သလိုဖြစ်လာသည်။ အနက်ရောင်ဓားကြီး၏ ဖိနှိပ်မှု ကြောင့် သူ အသုံးပြနိုင်သော ဒိုချီစွမ်းအင်ပမာဏမှာ ဒိုချီဝဲကတော့၏ ရာခိုင်နှုန်း ၆၀ ၇၀ ပင် မပြည့်ချေ။ 
ခဏလောက် အမောဖြေလိုက်ပြီးနောက် ဂူအဝင်ပေါက် ဆီကို လှမ်းကြည့်လိုက်သည်။ 

သစ်တုံးနှင့် ကျောက်တုံးလည်း မရှိတော့၍ ရှေးလူတို့ ချန်ထားခဲ့သော ဂူကို လရောင်မှိန်မှိန်အောက်တွင် ကောင်းစွာ မြင်လိုက်ရတော့သည်။ 

ဂူ၏အဝင်ပေါက်သည် အရမ်းမကျယ်ချေ။ လူနှစ်ယောက် သုံးယောက် တစ်ခါတည်း ပြိုင်တူ ဝင်သာရုံလောက်သာ ကျယ်သည်။ ဂူအတွင်းမှာ မဲမှောင်နေသော်လည်း အတွင်းမှ အလင်းဖျော့ဖျော့ ရှိနေသည်ကို သတိထားမိ သည်။ ဂူမှာ ထူးခြားဆန်းကြယ်သည့် ပုံသဏ္ဍာန်လည်း ရှိနေသည်။ 

ဂူအဝင်ပေါက်အနားတွင် ဓားခုတ်ရာများစွာ ရှိနေသည်။ သို့သော် ခပ်မှိန်မှိန်သာ ရှိတော့သည်။ အချိန်ကြာမြင့်စွာ ကတည်းက ရှိလာပုံရသည်။ ရှောင်ယွင်၏ စူးရှသော အမြင်အာရုံကြောင့်သာ မဟုတ်လျှင် ဒါကို တွေ့မြင်နိုင် မှာ  မဟုတ်ချေ။ 

“ နောက်ဆုံးတော့ ငါတို့ ရောက်ခဲ့ပြီးကွ.. ”

ရှောင်ယွင်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်ပြီး နတ်မိမယ်သမားတော်ကို ထွေးဖက်လိုက်သည်။ ချောက်ကမ်းပါးကနေ ခုန်ဆင်းလာရပြီ လေထဲ တွဲလွဲ ခိုဆင်းလာရသလို နောက်ဆုံးတွင်တော့ ဂူအပေါက်ဝ အထိ ခြေချနိုင်ခဲ့ပြီး။ 

နတ်မိမယ်သမားတော်မလေးလည်း ဂူအပေါက်ဝက မြေကြီးပေါ်ကို ခြေချမိလျှင် ရှောင်ယွင် ရင်ခွင်ကနေ ပြေးဆင်းသွားပြီ မျက်နှာက ပြုံးရွှင်စွာ ဂူအပေါက်ဝကို အနီးကပ်ကြည့်လေတော့သည်။

“ ဝင်ကြစို့.. အထဲမှာ ဘာပစ္စည်းတွေ ချန်ထားလဲဆိုတာ ကြည့်ရအောင်.. စိတ်ပျက်စရာတွေ မဖြစ်လာဖို့ကို ဆုတောင်းရမှာပဲ.. ”

ရှောင်ယွင်က နတ်မိမယ်သမားတော်မလေးကို ပေါ့ပါးစွာ ပြုံးပြလိုက်ပြီ မီးတုတ်တစ်ချောင်းကို ဆွဲထုတ်လိုက် သည်။ ရှောင်ယွင်ကပဲ ဂူအတွင်းထဲကို ဦးဆောင်ဝင်သွား လိုက်သည်။ 

ဂူအတွင်းက မဲမှောင်နေတာကို ကြည့်ပြီး နတ်သမီး သမားတော်မလေးသည် အနည်းငယ် တုံ့ဆိုင်းနေမိ သည်။ ခဏအကြာတွင် ခြေကိုဆောင့် အံကိုကြိတ်၍ အနောက်ကနေ ပြေးလိုက်သွားလေသည်။
=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...